အခန်း ၈၅
Vol. 6 Ch. 85
အပိုင်း (၈၅)
System ဖွင့်ချလိုက်သည့် အတင်းအဖျင်းတွင် နာမည်များ ပါရှိပြီး အတော်ပင် ယုတ္တိတန်သည်ဟု ထင်ရသောကြောင့် ယခင်က ရှီးမန်ကျဲသည် စွပ်စွဲခံရခြင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်သူများပင် နားမထောင်ဘဲ မနေနိုင်ကြတော့ပေ။
တစ်စုံတစ်ခု မှားယွင်းနေသလား။ မသေချာသေးဘူး။ နားထောင်ကြည့်လိုက်ဦးမယ်။
Systemသည် သူ့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ကို အလွန် ကျေနပ်အားရနေလေသည်။ သူသည် အတင်းအဖျင်း system တစ်ခု ဖြစ်လေရာ မူလက မယုံကြည်သူများ၊ ဆန့်ကျင်သူများကိုပင် အတင်းနားထောင်အောင် ဆွဲဆောင်နိုင်ခြင်းသည် သူ့၏ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ကြောင်း သက်သေပြနေခြင်းပင်။
ပြန်ရောက်သည့်အခါ systemချုပ်၏ သီးသန့် ချီးကျူးဂုဏ်ပြုခြင်းကို ခံရပြီး system လောကတစ်ခုလုံး၏ အတောက်ပဆုံး systemလေး ဖြစ်လာမည်မှာ သေချာသည်။
[ရှီးမန်ကျဲက ဆောင်းပါးတွေ၊ ကဗျာတွေ ရေးစပ်ရာမှာ သိပ်မတော်ပေမဲ့ သူ့မှာ အရမ်း စူးရှတဲ့ မျက်လုံးတစ်စုံ ရှိတယ်။ ဆောင်းပါးတစ်ပုဒ် ကောင်းမကောင်း၊ ပြင်ဆင်မွမ်းမံနိုင်ခြင်း ရှိမရှိ၊ ဘယ်လို ပြင်ဆင်ရင် ပိုကောင်းမလဲ ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်]
[သူ့အဖေကလည်း အရမ်း ချမ်းသာပြီး သူ့အတွက် သုံးစွဲရတာ မနှမြောတတ်ရှိဘူး။ ဒါကြောင့် သူက နဂိုကတည်းက ထူးချွန်တဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ ဒါမှမဟုတ် ပြင်ဆင်မွမ်းမံပြီးရင် ပိုမို တောက်ပလာမဲ့ ဆောင်းပါးတွေကို ဆင်းရဲတဲ့ စာသင်သားတွေဆီကနေ ဝယ်ယူတယ်။ ပြီးမှ သင့်တော်တဲ့ အချိန်ကျရင် ထုတ်ပြလိုက်တယ်]
[အဲဒီ လက်ရာတွေက သူများ လက်ရာတွေ ဖြစ်ပေမဲ့ သူက ပိုက်ဆံပေး ဝယ်ထားတာလေ။ ပေးရတဲ့ ဈေးကလည်း မနည်းဘူး။ တစ်ဖက်လူကလည်း လိုလိုလားလား ရောင်းချခဲ့တာ။ အတင်းအကျပ် ဝယ်ယူတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စကို ဝေဖန်ဖို့ နည်းနည်း ခက်ခဲတယ်]
ဒီအပြုအမူက ခေတ်သစ်မှာ သီချင်းဝယ်တာနဲ့ တူတယ်။ သီချင်းရောင်းသူက ပိုက်ဆံ ရပြီးရင် နာမည်ကြီးသွားတဲ့ သီချင်းက သူရေးတာပါလို့ လိုက်အော်နေမှာ မဟုတ်ဘူး။ သီချင်းဝယ်သူက မူရင်းပိုင်ရှင် ဖြစ်သွားတာပေါ့။
System: [သူ့မှာ စာပေအဆီအနှစ် မရှိဘဲ ဟန်ဆောင်နေတယ်။ မွဲနေရက်နဲ့ ကြွယ်ချင်ယောင်ဆောင်တယ် လို့ ပြောလို့ ရပေမဲ့ သူများ လက်ရာကို ခိုးယူတယ်လို့တော့ ပြောလို့ မရဘူး]
ဘာပဲဖြစ်ဖြစ် သူကလည်း အရည်အချင်း— ငွေကြေးစွမ်းအားနဲ့ လမ်းဖောက်ထားတာပဲလေ။ နှစ်ဦးသဘောတူ ကိစ္စပဲ။
ချူဟွား: [စာရေးကိရိယာတွေက ဈေးမပေါဘူး။ စာသင်ချင်ရင်၊ စာကို ကောင်းကောင်း သင်ချင်ရင် ငွေအမြောက်အမြား ရင်းနှီးရတယ်။ တချို့လူတွေမှာ လုံလောက်တဲ့ စာပေအဆီအနှစ် ရှိပေမဲ့ ငွေကြေး အခက်အခဲ ရှိနေတတ်တယ်။ ကိုယ်နဲ့ ကိုယ့်မိသားစု ဘဝ အဆင်ပြေစေဖို့ ဆောင်းပါးတချို့ ရောင်းချတာကလည်း နားလည်ပေးလို့ ရပါတယ်]
ယခုအခါ လူတိုင်း အာရုံစိုက်နေသည်မှာ အရှေ့တိုင်း လက်ဖက်ရည်ဆိုင်မှ မီးပုံး စကားထာ မဟုတ်တော့ဘဲ ရှီးမန်ကျဲ၏ အတင်းအဖျင်းသာ ဖြစ်နေတော့သည်။
ချူဟွား၏ စကားကို တချို့က သဘောတူပြီး တချို့က သဘောမတူကြပေ။
"ကျွန်တော့် အစ်မအိမ်က ပညာတတ်တစ်ယောက် ထွက်ပေါ်လာဖို့ အိုးခွက်ပန်းကန်တွေပါ ရောင်းထုတ်ပြီး ထောက်ပံ့ခဲ့ရတာ"
"ကျွန်တော့် ယောက်ဖသာ အဲဒီလို စာပေအဆီအနှစ် ရှိရင် ကဗျာပုဒ်ရေ အနည်းငယ်လောက် ရောင်းလိုက်မှာ။ ဒါဆို အိမ်က ဒီလောက် ကျပ်တည်းနေမှာ မဟုတ်ဘူး"
"ဒီစကား မဟုတ်သေးပါဘူး။ ဆောင်းပါးတွေကို ငွေကြေးသက်သက်နဲ့ တိုင်းတာလို့ မရဘူးလေ"
"ကဗျာတွေ၊ လင်္ကာတွေက ငွေကြေး အနံ့အသက် ရသွားရင် ရိုင်းစိုင်းသွားပြီပေါ့"
ကျားယီနှင့် ချိုက်ကန်းတို့၏ နားက သာမန်လူထက် ပိုကောင်းသဖြင့် ဘေးပတ်ဝန်းကျင်မှ ပြည်သူများ၏ ဆွေးနွေးသံများကို ရှင်းလင်းစွာ ကြားနေရလေသည်။ သူတို့၏ ထိတ်လန့်နေသော မျက်နှာထားကို မထိန်းချုပ်နိုင်တော့ပေ။ သွားပြီ။ ကိစ္စ ပျက်တော့မယ်။
နှစ်ယောက်သား ချူဟွားကို အလျင်အမြန် ကြည့်လိုက်ရာ သူမနှင့် systemသည် ရောက်လာသော ရှန်လုကြောင့် အာရုံ အပြည့်အဝ ရောက်နေသည်ကို တွေ့လိုက်ရသည်။ မကြားလိုက်ဘူးလား။
ဟုတ်သားပဲ။ သူတို့နှစ်ယောက်က အစကတည်းက နားပါးတဲ့အပြင် အထူးလေ့ကျင့်ထားသူတွေလေ။ ချူဟွားက သာမန်လူပဲ။
ဒီ့အပြင် ဘေးပတ်ဝန်းကျင်မှာ လူတွေ အရမ်း များလွန်းတယ်။ ဟိုလူက တစ်ခွန်း၊ ဒီလူက တစ်ခွန်းနဲ့ လူအများကြီး တစ်ပြိုင်နက် ပြောနေကြတာ။ အသံတွေကလည်း ကျယ်လောင်တော့ တခြားသူတွေရဲ့ အသံကို ဖုံးလွှမ်းသွားတာပေါ့။ ဘယ်သူ ဘာပြောနေလဲ ဆိုတာ ခွဲခြားဖို့ ခက်ခဲတယ်။
ကျားယီ၊ ချိုက်ကန်း : ကယ်တင်လို့ ရသေးတယ်။
ရှန်လု၏ နားကလည်း မဆိုးလှပေ။ တချို့လူများ၏ စကားကို ကြားလိုက်ရသော်လည်း ထိုလူများက နာမည်တပ် ပြောဆိုခြင်း မရှိသဖြင့် တိုက်ရိုက် ဆက်စပ်ဖို့ မလွယ်ကူပေ။
ချူဟွားက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "ဆရာလည်း ပွဲလာကြည့်တာလား"
Systemက ရွံရှာသွားသည်။ [ဆရာ။ ဘာ ဆရာ လဲ။ အလှလေးလို့ ခေါ်လေ။ နင် ကွယ်ရာမှာ ခေါ်နေတာ ပျော်နေတာ မဟုတ်ဘူးလား]
ချူဟွားက ပြုံးလိုက်သည်။ [ပါးစပ် ပိတ်ထား]
System ချက်ချင်း ငြိမ်ကျသွားသည်။ [ဟုတ်ကဲ့ပါ။ နင်တို့ရဲ့ ပန်းပွင့်ချိန် လသာချိန်လေးကို ငါ မနှောင့်ယှက်တော့ပါဘူး]
ရှန်လုသည် တချို့လူများ၏ အတွေးအမြင် မှန်ကန်ကြောင်း ခံစားလိုက်ရသည်။ Systemသည် သင်တန်း အနည်းငယ် တက်ရောက်သင့်သည်။ မဟုတ်လျှင် နေရာဒေသ မရွေး စကား လျှောက်ပြောနေလိမ့်မည်။
"ဒီမှာ မီးပုံးပွဲတော် အကြီးကြီး ကျင်းပနေတယ် ကြားလို့ လာကြည့်တာပါ"
စကားပြောနေစဉ် ရှန်လုက လျှောက်လာပြီ ဖြစ်ရာ ကျားယီနှင့် ချိုက်ကန်းတို့က အလိုအလျောက် လမ်းဖယ်ပေးပြီး ရှန်လုကို ဝင်လာခိုင်းလိုက်လေသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးကို ကာကွယ်ရေး စက်ဝန်းထဲ ထည့်သွင်းလိုက်သည်။
ချူဟွားက မျက်လုံးထောင့်မှ ကြည့်လိုက်ရာ လူအုပ်ကြီး တိုးဝှေ့နေသည့် အခြေအနေမျိုးမှာပင် သူမနှင့် ရှန်လုကြား အကွာအဝေးက လက်တစ်ကမ်း အကွာအဝေး ရှိနေဆဲ ဖြစ်နေသည်။ စိတ်အနှောင့်အယှက် မဖြစ်စေသော အကွာအဝေးပင်။
ရှန်လုသည် လူများနှင့် အကွာအဝေး တစ်ခု အမြဲ ထားရှိပုံရသည်။ စကားပြောခြင်း၊ အလုပ်လုပ်ခြင်းတို့တွင် အတိုင်းအတာ ရှိသည်။ ထို အတိုင်းအတာများသည် မသိမသာပင် သူနှင့် ဘေးလူများကို ပိုမို ဝေးကွာသွားစေပြီး သာမန်လူများ ချဉ်းကပ်ရန် ခက်ခဲစေသည်။
မြင့်မားတဲ့ တောင်ပေါ်က ပန်းတစ်ပွင့်၊ အေးစက်စက် နတ်သားတစ်ပါးလို အရှိန်အဝါမျိုးက ဒီလို ဖြစ်လာတာများလား။
ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် လူအုပ်ကြီးက ရုတ်တရက် လှုပ်ရှားသွားပြီး ရှန်လုသည် ဝင်တိုက်ခံလိုက်ရလေသည်။ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး ချူဟွား ရင်ခွင်ထဲသို့ ပြိုကျလာခဲ့သည်။
Systemသည် ရုပ်ရှင် ဇာတ်ကားထဲမှ မင်းသားနှင့် ချူဟွားတို့ ရင်းနှီးစွာ ထိတွေ့တော့မည့် အချိန်ကို ကြည့်နေသော ပရိသတ်တစ်ဦးကဲ့သို့ မိန်းကလေးဆန်ဆန် အော်ဟစ်လိုက်သည်။ [ဖက်တော့မယ်။ အား... အား... အား]
ထိုအသံကို ကြားလိုက်သည်နှင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
အသံလာရာကို မတွေ့လျှင်တောင် ဖက်တော့မည့် အမျိုးသားနှင့် အမျိုးသမီး ရှိမရှိ နေရာအနှံ့ လိုက်ကြည့်ကြသည်။
ချူဟွားသည် system၏ အသံကြောင့် ခေါင်းကိုက်သွားပြီး မျက်မှောင်ကြုတ်ကာ ရှန်လုကို တွဲကူပေးလိုက်သည်။
ရှန်လု၏ နားသည်ကတော့ အသံကျယ်ကျယ်ဖြင့် တိုက်ခိုက်ခံလိုက်ရသော်လည်း မျက်နှာထားက တည်ငြိမ်နေဆဲပင်။ ဘာမှ မကြားလိုက်ရသည့် အတိုင်း။ သူသည် ချူဟွား၏ လက်မောင်းကို အနည်းငယ် အားပြုပြီး ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းလိုက်လေသည်။ ထို့နောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး လက်တစ်ကမ်း အကွာအဝေးကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။
"ကျေးဇူးပါ"
ချူဟွား: "ရပါတယ်"
နှစ်ယောက်သား ယဉ်ကျေးနိုင်သမျှ ယဉ်ကျေးနေကြပြီး စကားလုံးများကို ရွှေကဲ့သို့ တန်ဖိုးထားနေကြသည်။ နဖူးပေါ်တွင် "မရင်းနှီးပါ" ဟူသော စာလုံးကြီးကြီး ရေးထွင်းထားရုံသာ လိုတော့သည်။ သူစိမ်းထက်ပင် ပိုဆိုးနေသေးသည်။
System: [???]
System: [!!!]
နောက်ဆုံးတော့ တစ်စုံတစ်ရာကို သတိထားမိသွားသည်။ [ငါ့အမှားပါ။ ငါ မအော်ခဲ့သင့်ဘူး။ အီး... ဟီး... ဟီး]
အသက်အောင့်ပြီး ပါးစပ်ပိတ်ကာ system တစ်ယောက်တည်း အနီးကပ် တိတ်တဆိတ် စောင့်ကြည့်ခဲ့ရင် ကောင်းသား။
သူ ဒီလို အော်လိုက်တော့ ချူဟွားနဲ့ ရှန်လုမှာ အဲဒီလို စိတ်ဆန္ဒ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဒီလို အခြေအနေမျိုးမှာ သူများ အခွင့်ကောင်း ယူတာမျိုး လုံးဝ အဖြစ်ခံချင်ကြမှာ မဟုတ်ဘူးလေ။
သောက်ကျိုးနဲ။ တွက်ချက်မှု မှားသွားပြီ။
ဒီလို ဖြစ်မယ်မှန်း သိရင် မထွက်လာခင် အချစ်ရေး နည်းပြ systemဆီကနေ အခြေခံ အတွေ့အကြုံတချို့ တောင်းခဲ့ပါတယ်။ ဒါဆိုရင် အခုလို ရိုးရှင်းတဲ့ အကူအညီလေးတောင် မပေးနိုင်တဲ့ အဖြစ်မျိုး ရောက်မှာ မဟုတ်ဘူး။
ချူဟွားမှာ ခေါင်းကိုက်ရတော့သည်။ [မငိုနဲ့တော့။ ပျော်အောင် ဖရဲသီး တစ်လုံးလောက် စားလိုက်]
Systemက သနားစဖွယ် ပြောလိုက်သည်။ [အင်း]
ချိုမြိန်သော ဖရဲသီး မစားရသဖြင့် system စိတ်မကောင်း ဖြစ်နေမိသည်။ ဖရဲသီး ရှာဖွေသည့် လှုပ်ရှားမှုပင် နှေးကွေးသွားခဲ့သည်။ အတော်ကြာမှ သူ စောစောက ဘယ်ရောက်နေမှန်း ပြန်သတိရသွားတော့သည်။
[တခြားသူတွေက ပဝါတွေ၊ ဆန်တွေ စုဆောင်းရတာ ကြိုက်ကြတယ်။ ရှီးမန်ကျဲကတော့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ လင်္ကာတွေ စုဆောင်းရတာ ကြိုက်တယ်။ ရောင်းချင်တဲ့သူ ရှိရင် မရောင်းချင်တဲ့သူလည်း ရှိမှာပဲ။ တချို့ မာနကြီးတဲ့သူတွေက ကဗျာတွေ၊ လင်္ကာတွေ ရောင်းတာ မကောင်းဘူးလို့ ထင်ကြတယ်။ ရှီးမန်ကျဲက ငွေထပ်တိုးပေးလိုက်တယ်]
[တစ်ခါတုန်းက ပုံမှန်အချိန်မှာ သူ့ကို ကြည့်မရတဲ့ လူတစ်ယောက် ရေးထားတာကို သူ သဘောကျသွားပြီး သွားဝယ်တယ်။ တစ်ဖက်လူက သူ့ကို လှောင်ပြောင်ပြီး စာပေအဆီအနှစ် မရှိဘူး၊ ကြွားဝါစရာ ပိုက်ဆံ နည်းနည်းပဲ ရှိတဲ့ကောင်လို့ ဆဲဆိုတယ်။ ရှီးမန်ကျဲက မျက်နှာတစ်ချက် မပျက်ဘဲ တစ်ခွန်း ဆဲတိုင်း ငွေတစ်ခါ တိုးပေးတယ်။ တစ်ဖက်လူရဲ့ မျက်နှာက တဖြည်းဖြည်း ပြာနှမ်းလာပြီး နောက်ဆုံးတော့ ငွေကြေး တိုက်ခိုက်မှုအောက်မှာ ဒူးထောက်သွားရတာပဲ]
[ပြောရရင် စကားမပြောဘဲ ငွေနဲ့ ပေါက်လိုက်တဲ့ သူ့ရဲ့ လုပ်ရပ်ကို ငါ တော်တော် သဘောကျတယ်။ ပြတ်သားတယ်။ မိုက်တယ်။ အမိုက်ဆုံးကတော့ ရှီးမန်ကျဲက သူ့ရင်ဘတ်ထဲက လုံလောက်တဲ့ ငွေစက္ကူတွေကို ထုတ်ပြလိုက်ပြီး နောက်ဆုံးကျမှ မဝယ်တော့ဘူး ဆိုပြီး ပြောလိုက်တာ။ "မင်းရဲ့ ကဗျာက ဒီဈေးနဲ့ မတန်သေးပါဘူး" တဲ့။ ဟိုလူ့ကို လှောင်ပြောင်လိုက်တာများ]
[ရှီးမန်ကျဲက မအဘူး။ သူ့အဖေ ပိုက်ဆံတွေက လေထဲက ပါလာတာမှ မဟုတ်တာ။ ကောင်းမွန်တဲ့ ကဗျာတွေ၊ လင်္ကာတွေ ဝယ်ဖို့ ငွေတိုးပေးတာက လိုအပ်တဲ့ အသုံးစရိတ်ပဲ။ စာပေအဆီအနှစ် ရှိတဲ့သူတွေကို အသိအမှတ်ပြုတာ။ ဒါပေမဲ့ အကန့်အသတ် မရှိ တိုးပေးလို့ မရဘူး။ အဲဒါက တချို့ လောဘကြီးတဲ့ လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရာ ရောက်သွားလိမ့်မယ်။ ဒါကြောင့် သူ သဘောကျတဲ့ စာတွေ အကုန်လုံးကို ဝယ်ယူခဲ့တာ မဟုတ်ဘူး]
[သူ သဘောကျတဲ့ ဆောင်းပါးကောင်းတွေ များလာတယ်။ မြို့တော် သခင်လေး ၄ ဦး ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖန်တီးပေးဖို့ လူငှားပြီး မြှောက်ပင့်ခိုင်းရသေးတယ်။ ကုန်ကျစရိတ်တွေ များလာပြီး သူ့အဖေ ပေးတဲ့ ပိုက်ဆံ မလောက်တော့ဘူး။ ပထမဆုရှင်က ငွေ ၂၀၀ လျန် ရမယ်လို့ ကြားတာနဲ့ ပြိုင်ပွဲ ဝင်ဖို့ အမြန် ရောက်လာတော့တာပဲ]
လူတိုင်း၏ မျက်နှာအမူအရာမှာ ထုံထိုင်းသွားလေသည်။ ပါးရိုက်ခံလိုက်ရသလိုပင်။
ရှီးမန်ကျဲ၏ မိသားစု အခြေအနေနှင့် ပြုမူပုံအရ ပိုက်ဆံ မလိုဘူး၊ ပထမဆုရှင် ရမဲ့ ငွေ ၂၀၀ လျန်ကို မျက်လုံးထဲ ထည့်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာ။ ဘယ်သူက သိမှာလဲ။ သူက ကွယ်ရာမှာ ဒီလို လှုပ်ရှားမှု သေးသေးလေးတွေ လုပ်ပြီး သူ့ကိုယ်သူ ပိုက်ဆံ ပြတ်သွားအောင် လုပ်လိုက်မယ်လို့။
လူအများသည် မျက်နှာပျက်နေကြပြီး တီးတိုး ပြောဆိုနေကြလေသည်။ ငါ မတွေးမိတာကို မပြောနဲ့၊ ရှီးမန်ကျဲ အဖေတောင် တွေးမိမှာ မဟုတ်ဘူး။
Systemက ဆက်ပြောလိုက်သည်။ [ရှီးမန်ကျဲမှာ စာပေအဆီအနှစ် မရှိဘူးလို့ ပြောကြပေမဲ့ တကယ်တော့ သူ ရေးစပ်တဲ့ ကဗျာတွေ၊ လင်္ကာတွေမှာ လက်ရာမြောက်လွန်းပြီး သဘာဝကျမှု အားနည်းနေတာ။ လူတွေကို မျက်စိကျယ်သွားစေမဲ့ ခံစားချက်မျိုး ပေးဖို့ ခက်ခဲတယ်။ သူက မှတ်ဉာဏ်ကောင်းတယ်။ ဦးနှောက် ပြေးတယ်။ ပြင်ဆင်မွမ်းမံတာတွေ ကောင်းကောင်း လုပ်နိုင်တယ်။ စကားထာဝှက်တာ၊ စာပေအချိတ်အဆက် လုပ်တာတွေက သူ့ကို အခက်တွေ့အောင် မလုပ်နိုင်ဘူး]
[အင်း... သူ မီးပုံး ၇၀ ဖြေပြီးသွားပြီ။ ကြည့်လိုက်။ အဲဒီအထဲမှာ စကားထာဝှက်တာ၊ စာပေအချိတ်အဆက် လုပ်တာ၊ ကဗျာနာမည် ဝှက်တာတွေ ပါတယ်။ အကုန်လုံးက သူ ကျွမ်းကျင်တဲ့ အပိုင်းတွေချည်းပဲ]
လူတိုင်းက မော့ကြည့်လိုက်ကြသည်။ ဟုတ်သားပဲ။ တကယ်ကြီး။
ဒီကလေး မပြောခင်တုန်းက သူတို့ သတိမထားမိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလို ပြောလိုက်တော့...
ရှီးမန်ကျဲ ဖြေလိုက်တဲ့ စာပေအချိတ်အဆက်တွေက ကြည့်ရတာ တကယ်ပဲ ပုံသေဆန်ပြီး သပ်ရပ်လွန်းနေတယ်။ သဘာဝကျမှုနဲ့ ခံစားချက် နည်းနည်း လိုနေတယ်။ လူတိုင်းရဲ့ အာရုံက မီးပုံး အရေအတွက်အပေါ်မှာပဲ ရောက်နေတော့ အကြောင်းအရာကို သေသေချာချာ မကြည့်မိကြဘူး။
အခမ်းအနားမှာ ရှိနေတဲ့ စာပေပညာရှင် တချို့ကတော့ ရှီးမန်ကျဲရဲ့ စာပေအချိတ်အဆက် တချို့က သိပ်မကောင်းဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ တိုတောင်းတဲ့ အချိန်အတွင်း ဒီလောက်များများ ဖြေနိုင်တာဆိုတော့ အရည်အသွေး ကောင်းတာ ရှိသလို ဆိုးတာ ရှိတာလည်း ပုံမှန်ပဲ ဆိုပြီး ဘာမှ မပြောကြတော့ဘူး။
မြို့တော် သခင်လေး ၄ ဦးရဲ့ ဂုဏ်သတင်းနဲ့ ဆိုရင် သူတို့ တကယ် အဲဒီလို ပြောလိုက်ရင် လူအများရဲ့ လှောင်ပြောင်တာ ခံရနိုင်တယ်။ စကားတစ်ခွန်း ပိုပြောမိလို့ ပြဿနာ တက်မဲ့အတူတူ ဘာလို့ ပြောနေဦးမှာလဲ။
အခုတော့ ကောင်းသွားပြီ။ ကလေးတစ်ယောက်က ထုတ်ပြောလိုက်တော့ လူအတော်များများက ဝမ်းသာအားရ ဖြစ်နေကြတယ်။
သူတို့မှာ ရှီးမန်ကျဲလို ဂုဏ်သတင်း မရှိရင်လည်း မရှိ၊ ရှီးမန်ကျဲလို ချမ်းသာတဲ့ အဖေ မရှိရင်လည်း မရှိ ဖြစ်နေတော့ ရှီးမန်ကျဲ အမြင့်ကနေ ပြုတ်ကျပြီး အရိုးကြေမွသွားတာကို ကြည့်ချင်နေကြတာ။
ချူဟွားက မျှတသော စကားတစ်ခွန်း ပြောလိုက်သည်။ [ဒီလို အရေအတွက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမျိုးမှာ လူတိုင်းက ကိုယ် အကျွမ်းကျင်ဆုံး အပိုင်းကို ရွေးချယ်ကြတာ လူ့သဘာဝပါပဲ]
[ထူးထူးခြားခြား ထူးချွန်တဲ့ လူတွေ၊ ဗဟုသုတ အများကြီး ရှိတဲ့ လူတွေ၊ အရမ်း လျင်မြန်တဲ့ တုံ့ပြန်နိုင်စွမ်း ရှိတဲ့ လူတွေ မဟုတ်ရင် ရေးစပ်လိုက်တဲ့ ကဗျာတိုင်း လူကြိုက်များဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး]
System: [ဥပမာ ရှန်လု လိုမျိုးလား]
ရှန်လုကတော့ ဖြည်းဖြည်းချင်း မေးခွန်းထုတ်လိုက်လေသည်။ သူ ကိုယ်တိုင်တောင် သူ့စာပေအဆီအနှစ် ကောင်းတယ်လို့ မထင်ဘူး။ Systemက ဘာလို့ သူ့ကို ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ။
ချူဟွားလည်း မထင်ပေ။ [မင်းဆရာကြီး၊ မင်းဆရာအိုကြီး တို့လို လူမျိုးပေါ့]
လူတစ်ယောက်မှာ စာပေအဆီအနှစ် ရှိမရှိ ဆိုတာ သူ့ရဲ့ လက်ရာတွေကို ကြည့်ရမှာ။ ရှန်လုရဲ့ လက်ရာတွေကို သူမ မမြင်ဖူးတော့ ဆုံးဖြတ်ဖို့ ခက်တယ်။ ဒါပေမဲ့ ရှန်လုဆီမှာ မင်းဆရာကြီး၊ မင်းဆရာအိုကြီး တို့လို ဗဟုသုတ ကြွယ်ဝသူတွေဆီက ထွက်ပေါ်လာတဲ့ ယဉ်ကျေးသိမ်မွေ့မှုမျိုး မရှိဘူး။
ရှန်လုက လောကကြီးကို ထွင်းဖောက်မြင်ပြီး လောကီအာရုံ ကာမဂုဏ်တွေကို မမက်မောဘဲ တောထွက်ပြီး တစ်သီးပုဂ္ဂလ နေထိုင်ချင်တဲ့ ရသေ့တစ်ပါးနဲ့ ပိုတူတယ်။
System: [အဲဒီ ပုဂ္ဂိုလ်ကြီး နှစ်ဦးက ဘယ်လောက်တောင် ဂုဏ်သရေ ရှိလိုက်လဲ။ ဒီလို ပွဲမျိုးကို ဘယ်လာပါဝင်မှာလဲ]
ကျားယီနှင့် ချိုက်ကန်းတို့က တိတ်တဆိတ် အကြည့်လွှဲလိုက်ကြသည်။ အဲဒီ ပုဂ္ဂိုလ်ကြီး နှစ်ဦးက ချူဟွား မီးပုံးပွဲတော် လာမယ်ဆိုတာ သိလိုက်ရတော့ အရှေ့တိုင်း လက်ဖက်ရည်ဆိုင် ပွဲကျင်းပမဲ့ အချိန်ကို တွက်ချက်ပြီး အရင် ပြေးလာကာ ရှင်းလင်းထားချင်ကြတာ။ လူတွေ စုဝေးပြီး ပြဿနာ ဖြစ်မှာ စိုးလို့လေ။
ဒါပေမဲ့ သူတို့နှစ်ယောက်က မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးတို့ ဒီအခွင့်အရေးကို သုံးပြီး ထပ်ပြိုင်ချင်နေကြတယ်လို့ သံသယ ရှိနေကြတယ်။
ချူဟွား: [ဒီလို ပွဲမျိုးက လူငယ်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တာလေ။ ကြည့်လိုက်။ ပထမဆုက ဖန်ကြာပန်းမီးပုံး။ အဲဒါက မိန်းကလေးတွေရဲ့ အကြိုက်ကို ခန့်မှန်းပြီး လုပ်ထားတာ။ သခင်လေး တစ်ယောက်ယောက်က နိုင်ပြီးရင် မိန်းကလေးကို လက်ဆောင်ပေးဖို့ ရည်ရွယ်တာပေါ့]
Systemက သက်ပြင်းချလိုက်၏။ [နှမြောစရာပဲ]
ချူဟွား: [?]
System: [ရှန်လု အလှလေးသာ အဲဒီ ဖန်ကြာပန်းမီးပုံးကို နိုင်ပြီး နင့်ကို လက်ဆောင်ပေးရင် အဲဒါက ချစ်သက်လက်ဆောင်...]
ချူဟွားက သူ ပြောတော့မည့်စကားကို ကြိုသိနေသည်။ [ပါးစပ် ပိတ်ထား]
Systemက ပြောချင်တာ ပြောပြီးပြီမို့ အတင်းအကျပ် ပါးစပ်ပိတ်ခိုင်းလည်း ဝမ်းမနည်းတော့ဘဲ ငြိမ်ငြိမ်လေး ပွဲထိုင်ကြည့်နေလိုက်သည်။
သူ၏ ဆူညံသံများ မရှိတော့သဖြင့် ချူဟွားနှင့် ရှန်လုကြားက လေထုက ပုံမှန် ပြန်ဖြစ်သွားသည်။
"ဆရာ မီးပုံး မဖြေဘူးလား"
ရှန်လု: "ကျွန်တော် စကားထာဝှက်တာ မကျွမ်းကျင်ပါဘူး"
ချူဟွားက ရှေးခေတ်လူတွေရဲ့ ဝေ့လည်ကြောင်ပတ် လုပ်တတ်သည့် အကျင့်ကို ယဉ်ပါးနေပြီ ဖြစ်ရာ ရှန်လုလိုမျိုး ကိုယ့်အားနည်းချက်ကို တဲ့တိုး ဝန်ခံတတ်သူမျိုး တွေ့ရခဲသည်။ ပေါင်းသင်းရတာ ပိုသက်သောင့်သက်သာ ရှိလာသည်။
"အခွင့်အရေး ရတုန်းလေး ကျွန်မတို့လည်း ဝင်ပါရအောင်။ ကောင်းကင်မှာ မီးပုံးခုနစ်လုံး၊ ဇွန်းပုံစံ စီထားတယ်"
ရှန်လုက ချက်ချင်း ဖြေသည်။ "ခုနစ်စင်ကြယ်”
ချူဟွား ထပ်မေးသည်။ "မီးမပါဘဲ ညဘက်လမ်းလျှောက်တယ်"
ရှန်လုက ချက်ချင်း ဖြေပြန်သည်။ "မြောက်ယဉ်စွန်းတန်းကြယ်”
ချူဟွားက နောက်ထပ် တစ်ခုလောက် ထပ်မေးချင်သော်လည်း ခဏအတွင်း ခက်ခဲသည့် စကားထာကို စဉ်းစားမရ ဖြစ်နေလေသည်။
"ကြယ်တွေနဲ့ ပတ်သက်တဲ့ စကားထာ ဆိုရင်တော့ ဆရာ့ကို အခက်တွေ့အောင် လုပ်နိုင်မှာ မဟုတ်ဘူး ထင်တယ်"
ရှန်လုက ပြုံးလိုက်၏။ "စမ်းကြည့်လို့ ရပါတယ်"
စကားပြောပုံက နှိမ့်ချသလို ရှိပေမဲ့ စကားလုံးတွေထဲမှာ ပါဝင်တဲ့ ယုံကြည်မှုက ကြယ်တွေရဲ့ နယ်ပယ်မှာ သူ့ကို ကျော်နိုင်မဲ့သူ မရှိဘူး ဆိုတာ သိသာစေတယ်။
ချူဟွားက ရယ်မောလိုက်မိသည်။ ကိုယ့်ရဲ့ အတန်းပိုင် ဆရာကို အခက်တွေ့အောင် လုပ်တယ် ဆိုတာ နေ့တိုင်း ပေးတဲ့ အိမ်စာတွေ နည်းလွန်းလို့လား။ ဒါမှမဟုတ် ညဘက် စောစော အိပ်ရတာကို မကြိုက်လို့လား။ သူမက မအပါဘူး။
[ထုံအာရေ။ ဟို သခင်လေး နန်ကုန်းရဲ့ ဖရဲသီး မစားရသေးဘူး]
Systemက စိတ်ထဲ တွေးလိုက်လေသည်။ အခုမှ လာရှာနေတယ်။ စောစောက ဘာလုပ်နေလဲ။
ဒါပေမဲ့ ဖရဲသီးစားတာက သူ့ရဲ့ ပင်မ အလုပ်လေ။ သခင်က ဘယ်လောက်ပဲ အားမကိုးရပါစေ သူက အလုပ်လုပ်ရမှာပဲ။
လူတိုင်းက နားစွင့်လိုက်ကြ၏။ အသံ လာရာကို မတွေ့လည်း ကိစ္စ မရှိဘူး။ ဖရဲသီး စားရရင် ပြီးတာပဲ။
အရှေ့တိုင်း လက်ဖက်ရည်ဆိုင်ထဲတွင် အလုပ်များနေသည့် ရှီးမန်ကျဲနှင့် သခင်လေး နန်ကုန်းတောင် နားစွင့်လိုက်ကြသည်။
ရှီးမန်ကျဲက တွေးလိုက်၏။ အဲဒီလူက ငါ့အကြောင်း ဒီလောက် သိနေမှတော့ နန်ကုန်းရဲ့ ဖရဲသီးကလည်း အမှန် ဖြစ်ဖို့ များတယ်။ နောက်ထပ် မြို့တော် သခင်လေး ၄ ဦးထဲက တစ်ယောက်ရဲ့ အတင်းအဖျင်းကို သေသေချာချာ နားထောင်ရမယ်။
သခင်လေး နန်ကုန်းကတော့ စိုးရိမ်နေလေသည်။ အဲဒီလူက တကယ်ကြီး အကုန် ထုတ်ပြောလိုက်မှာလား။
System: [နန်ကုန်းလင်၊ မြို့တော် သခင်လေး ၄ ဦးထဲက တစ်ယောက်၊ သူ့မှာတော့ ဖရဲသီး အကြီးကြီး မရှိပါဘူး]
ဒီစကား ကြားတော့ ရှီးမန်ကျဲနဲ့ လူအများ စိတ်ပျက်သွားကြတယ်။ သခင်လေး နန်ကုန်းကတော့ သက်ပြင်း အကြီးကြီး ချလိုက်မိတယ်။
ချူဟွားလည်း အံ့ဩသွားလေသည်။ Systemနဲ့ ချိတ်ဆက်ပြီးကတည်းက Systemက ဖရဲသီး အကြီးကြီး မရှိဘူးလို့ ပြောတာ ရှားတယ်။
[နင်က သက်တမ်းတစ်လျှောက် ပထမဆုံး အကြိမ် ရှုံးနိမ့်ခြင်းနဲ့ ကြုံတွေ့လိုက်ရတာပဲ]
[ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ] Systemက သူ့အရည်အချင်းကို သံသယ ဝင်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံးက ပုန်ကန်ချင်စိတ်တွေ ထကြွလာသည်။ [နင် စောင့်နေ။ ငါ ဖရဲသီး သေချာပေါက် ရှာတွေ့အောင် လုပ်ပြမယ်]
သခင်လေး နန်ကုန်း: "..."
ဒါက လူတိုင်းအတွက် အလွန် ခက်ခဲတဲ့ ၁၀ စက္ကန့်ပါပဲ။
၁၀ စက္ကန့် ကြာပြီးနောက် systemသည် ခါးထောက်ပြီး ပြန်ရောက်လာခဲ့သည်။ [ငါ ပြောသားပဲ။ လူတစ်ယောက် ဒီလောက် ကြီးပြင်းလာတာ ဖရဲသီး အကြီးကြီး မရှိဘဲ ဘယ်နေပါ့မလဲ။ ဟား... ဟား... ဟား]
ချူဟွား: [ပြောလေ။ လူတွေကို မျှော်လင့်ချက် ပေးပြီး မထားခဲ့နဲ့]
လူတိုင်းက ခေါင်းတညိတ်ညိတ် လုပ်လိုက်ကြ၏။ ဟုတ်တယ်။ ဟုတ်တယ်။ မျှော်လင့်ချက် ပေးပြီး ထားခဲ့တာ ကိုယ်ကျင့်တရား မကောင်းဘူး။
System: [ဒီလူက နန်ကုန်းလင် ဆိုတဲ့ နာမည်ကို သုံးထားတယ်။ နန်ကုန်း မိသားစုရဲ့ တတိယ သခင်လေး လို့ ပြောတယ်။ ဒါပေမဲ့ နန်ကုန်း မိသားစုမှာ သား နှစ်ယောက်ပဲ ရှိတာ။ ဘယ်က တတိယ သခင်လေး လဲ။ အဲဒါက တတိယ သခင်မလေး နန်ကုန်းလင် ပါ။ ဉာဏ်ကောင်းတဲ့ လင် (လင်းလက်) ပါ]
ချူဟွား: ???
လူအများ: ???
ဟမ်...
ရှီးမန်ကျဲမှာ မျက်လုံး ပြူးကျယ်သွာပြီး မျက်လုံးအိမ်ပင် လှုပ်ခါသွားတော့သည်။ သူနဲ့အတူ ယှဉ်တွဲပြီး နာမည်ကြီးနေတာ ကြာပြီဖြစ်တဲ့ လူက မိန်းမတစ်ယောက် ဖြစ်နေတာလား။
နန်ကုန်းလင်သည် လက်ထဲက စုတ်တံကို ချလိုက်သည်။ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ဖောက်သည်ချခံလိုက်ရပြီ။ ဒီပွဲကို ဆက်ပါဝင်လို့ မရတော့ဘူး။
System: [နန်ကုန်းလင်က ငယ်ငယ်ကတည်းက အရမ်း ဉာဏ်ကောင်းတယ်။ သူ့အဖေက ရှေ့က သားနှစ်ယောက် ဦးနှောက် မကောင်းလို့ နောင်တစ်ချိန် နန်ကုန်း မိသားစု ဘယ်လို လုပ်မလဲ ဆိုပြီး စိတ်ပူနေတာ။ သမီးဖြစ်သူ ဒီလောက် ဉာဏ်ကောင်းတာ တွေ့တော့ တစ်ရက်လောက် စိတ်ပူပြီးတာနဲ့ ပျော်သွားရော။ ထမင်း သုံးပန်းကန် ဆက်တိုက် စားလိုက်တယ်]
[သမီးဖြစ်တော့ ဘာဖြစ်လဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရင်သွေးပဲလေ။ ဟို သားဆိုး နှစ်ယောက်ထက်တော့ သာပါသေးတယ်။ သူ့အဖေက သားနှစ်ယောက်ရဲ့ စံနှုန်းအတိုင်း စီစဉ်လိုက်တယ်။ သားတွေ ဘာသင်ရလဲ၊ သမီးလည်း အဲဒါ သင်ရတယ်]
[တစ်ပြေးညီ ဖြစ်အောင် သူများ အတင်းပြောစရာ မဖြစ်အောင် နန်ကုန်း မိသားစုက ကလေးတိုင်း ဒီလို အခွင့်အရေး ရကြတယ်။ နန်ကုန်းလင်က ကိုယ်တိုင် ကြိုးစားပြီး ရွယ်တူတွေရဲ့ ပညာရေး အဆင့်အတန်းကို မြှင့်တင်ပေးလိုက်တယ်။ ရွယ်တူတွေရဲ့ ကလေးဘဝကို ဖျက်ဆီးပစ်လိုက်တာပေါ့]
နန်ကုန်းလင်သည် ရှက်ရွံ့စွာဖြင့် မျက်နှာကို အုပ်လိုက်တော့သည်။ သူမ တမင် လုပ်တာ မဟုတ်ပါဘူး။
ချူဟွား: [ရှီးမန်ကျဲ ရဲ့ မြို့တော် သခင်လေး ၄ ဦး ဂုဏ်သတင်းက ရေရောထားတာ များတယ်။ နန်ကုန်း သခင်မလေးရဲ့ ဂုဏ်သတင်းကတော့ အစစ် ဖြစ်မှာပေါ့]
System: [ဟုတ်တယ်။ နန်ကုန်းလင်ရဲ့ ပညာအရည်အချင်းက စစ်မှန်တယ်။ သူ့ဂုဏ်သတင်း ထွက်လာတာ ရှီးမန်ကျဲ ထက်တောင် စောသေးတယ်]
["မြို့တော် သခင်လေး ၄ ဦး" ဆိုတာ ရှီးမန်ကျဲက သူ့အဆင့်အတန်း မြင့်လာအောင်၊ သူ့ဂုဏ်သတင်း ကျော်ကြားလာအောင် သူ့ကိုယ်သူ တခြား သုံးယောက်နဲ့ အတင်း ဆွဲချိတ်လိုက်တာ။ နယ်ကျော်ပြီး ပြဿနာ ရှာတာပေါ့]
[နန်ကုန်းလင်က တကယ်ပဲ လူအများကြီးထက် ပို ဉာဏ်ကောင်းတယ်။ သူ ရေးစပ်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေက အရမ်း သဘာဝကျပြီး ခံစားချက် ပါတယ်။ မင်းဆရာကြီးက သူ့ကဗျာကို ဖတ်ပြီး ချီးကျူးဖူးတယ်လေ။ တစ်ခုတည်းသော နှမြောစရာက သူက မိန်းကလေး ဖြစ်နေပြီး နန်းတွင်းစာမေးပွဲ ဝင်ဖြေလို့ မရတာပဲ]
လူအားလုံးလည်း တိတ်ဆိတ်သွားကြတော့သည်။
သူတို့ထဲက လူအများအပြားသည် နန်ကုန်းလင်၏ ပညာအရည်အချင်းကို လေးစားခဲ့ကြပြီး သူ ဘာလို့ နန်းတွင်းစာမေးပွဲ မဖြေတာလဲ ဆိုတာ သိချင်ခဲ့ကြသည်။ အရပ်ထဲမှာတော့ သခင်လေး နန်ကုန်းက ဂုဏ်သိက္ခာ ကြီးမားပြီး အရာရှိ လုပ်ရတာ မကြိုက်ဘူးလို့ ကောလာဟလ ထွက်ခဲ့ဖူးတယ်။ ဘယ်သူက သိမှာလဲ။ အကြောင်းရင်းအမှန်က သူက မိန်းကလေး ဖြစ်နေလို့ ဆိုတာ။
နန်ကုန်းလင်ကိုယ်တိုင်ကတော့ သိပ် နှမြောစရာ မကောင်းဘူးဟု ထင်သည်။ တခြား မိန်းကလေးများနှင့် ယှဉ်ကြည့်လျှင် သူမက အများကြီး ကောင်းနေပြီဖြစ်သည်။
အဖေက သူမကို အစ်ကိုတွေနဲ့အတူ စာသင်ခွင့် ပေးခဲ့တယ်။ ကျင့်ဝတ်၊ ဂီတ၊ မြားပစ်၊ မြင်းစီး၊ စာပေ၊ သင်္ချာ ဘာတစ်ခုမှ မလွတ်စေရဘူး။ ဒါတွေက ရွယ်တူ မိန်းကလေးတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာတွေလေ။ သူတို့ သင်ရတာက စောင်း၊ ကျား၊ စာ၊ ပန်းချီ၊ ခင်ပွန်းနဲ့ ယောက္ခမတွေကို ဘယ်လို ပြုစုရမလဲ၊ အိမ်နောက်ဖေးကို ဘယ်လို စီမံရမလဲ ဆိုတာတွေပဲ။
သူတို့နဲ့ ယှဉ်ရင် သူမက တကယ်ကို အများကြီး ကောင်းနေပါပြီ။
နန်ကုန်းလင်က ပြုံးလိုက်သော်လည်း ဘေးနားက အစေခံမ မျက်လုံးထဲမှာတော့ ထိုအပြုံးက မည်မျှ အားယူထားသည်ကို ချေ။
ချူဟွားက အဓိက အချက်ကို ဖမ်းမိလိုက်သည်။ [မင်းဆရာကြီး ချီးကျူးဖူးတယ်]
System: [ဟုတ်တယ်။ မင်းဆရာကြီးက အဲဒီတုန်းက နန်ကုန်း မိသားစုဆီ လူလွှတ်ပြီး မေးခိုင်းသေးတယ်။ နန်ကုန်းလင် အဖေက လက်ရာတွေ အကုန် ထုတ်ပြလိုက်တော့ မင်းဆရာကြီးက ဖတ်ပြီးတဲ့နောက် ဆောင်းပါးတွေက သဘာဝကျပြီး ခံစားချက် ပါတယ်။ လက်ရေးကတော့ သိပ်ပြီး ခန့်ညားမှု မရှိသေးဘူး။ တပည့် အဖြစ် လက်ခံပြီးရင် လက်ရေးမူ ကောင်းကောင်းတွေ ရှာပေးပြီး သေသေချာချာ သင်ပေးမယ်လို့ တွေးခဲ့တာ]
[နန်ကုန်းလင် အဖေက အဲဒီတုန်းက အရမ်း ပျော်သွားတယ်။ စားပွဲ ဘယ်နှဝိုင်း ကျင်းပမယ်။ ဘယ်သူတွေကို ဖိတ်ကျွေးမယ် ဆိုတာကအစ စီစဉ်ပြီးပြီ။ ဒါပေမဲ့ မင်းဆရာကြီးက ဆောင်းပါး ရေးတဲ့သူက မိန်းကလေးမှန်း သိလိုက်တော့ လက်လျှော့လိုက်တာ]
နန်ကုန်းလင်တစ်ယောက် အံ့ဩသွားလေသည်။ ဒီလို ကိစ္စမျိုး ဖြစ်ပျက်ခဲ့ဖူးမှန်း သူမ မသိခဲ့ဘူး။ အဖေက သူမ စိတ်ပျက်မှာ စိုးလို့ ဖုံးကွယ်ထားတာ နေမှာ။
ဒါပေမဲ့ စိတ်ပျက်စရာ ဘာမှ မရှိပါဘူး။ သူမက ဒီလောကကြီးက မိန်းကလေးတွေအပေါ် မတရားဘူး ဆိုတာ ကျင့်သားရနေပါပြီ။
ဒီအချိန်မှာ ချူဟွား၊ ကျားယီ၊ ချိုက်ကန်း၊ ရှန်လု တို့ အားလုံး မေးခွန်း တစ်ခုတည်းကို တွေးနေမိကြသည်။ တကယ်လို့ ချူဟွားသာ systemနဲ့ မချိတ်ဆက်ခဲ့ရင်၊ သူ့အရည်အချင်းတွေကို တစ်ကြိမ်ပြီး တစ်ကြိမ် မထုတ်ပြခဲ့ရင်၊ သာ့ရှန်းအတွက် အကျိုးကျေးဇူး အများကြီး မဆောင်ကြဉ်းပေးခဲ့ရင် သူမက ဒုတိယ နန်ကုန်းလင် ဖြစ်သွားနိုင်တယ်။
အရည်အချင်းနဲ့ သဘာဝကျမှု ဘယ်လောက်ပဲ ရှိရှိ ဘာလုပ်ရမှာလဲ။ မိန်းကလေး ဖြစ်နေရုံနဲ့ ကောင်းကင်ဘုံ တံခါးဝက နည်းနည်းလေး ပွင့်လာပြီးမှ သူမ မျက်စိရှေ့မှာတင် ရက်စက်စွာ ပိတ်သွားခဲ့တာ။
ချူဟွားသည် စိတ်ထဲတွင် လှုပ်ရှားသွားတော့သည်။ မင်းဆရာကြီးက အရင်တုန်းက နန်ကုန်းလင်ကို လက်မခံခဲ့ပေမဲ့ အခုလည်း လက်မခံဘူးလို့ မဆိုလိုပါဘူး။
သူမ အပေါ်မှာတောင် ခြွင်းချက် ထားခဲ့ပြီးပြီ။ ဒုတိယအကြိမ် ခြွင်းချက် ထားဖို့က ဝေးတော့မလား။
ပဉ္စမမင်းသားအတွက် စာသင်ဖော် တစ်ယောက် ထပ်တိုးပေးလိုက်ရုံပါပဲ။ ဒီလမ်း မဖြစ်နိုင်ရင် မင်းဆရာအိုကြီးနဲ့ သွားပြောကြည့်မယ်။
အစောပိုင်းတုန်းက မင်းဆရာကြီးက သူမကိုလည်း အထင်မကြီးခဲ့ပါဘူး။ နောက်ပိုင်းမှာ ပုဂ္ဂိုလ်ကြီး နှစ်ဦးက တစ်သက်လုံး ပြိုင်ဆိုင်လာကြပြီး ဘဝရဲ့ တစ်ဝက်ကျော်ကို တိုက်ခိုက်လာကြတော့ မင်းဆရာအိုကြီးက သူမကို လက်ခံမယ် ဆိုတာ မြင်လိုက်ရမှ မင်းဆရာကြီးက စိတ်ပါလာတာ။
အလားတူ နည်းလမ်းကို နောက်တစ်ခါ ထပ်သုံးလိုက်ရုံပဲ။
ဒီခေတ်က အမျိုးသမီးတွေ ပိုမို တောက်ပတဲ့ ဘဝကို ရှင်သန်နိုင်ဖို့အတွက် ဒီ ပုဂ္ဂိုလ်ကြီးတွေကို တစ်ခါ တွင်းတူးပြီး မြှုပ်တာလည်း မြှုပ်တာပဲ၊ နှစ်ခါ တွင်းတူးပြီး မြှုပ်တာလည်း မြှုပ်တာပါပဲလေ။
ချူဟွားသည် အလွန် "ကြင်နာတတ်သော" အပြုံးတစ်ခုကို ပြုံးလိုက်လေတော့သည်။
...