အခန်း ၈၆
Vol. 6 Ch. 86
အပိုင်း (၈၆)
နန်ကုန်းလင် ပြိုင်ပွဲမှ ရုတ်တရက် နုတ်ထွက်သွားသဖြင့် အရှေ့တိုင်း လက်ဖက်ရည်ဆိုင်၏ မီးပုံးပွဲတော် ပထမဆုကို ရှီးမန်ကျဲက ရရှိသွားပြီး ငွေ ၂၀၀ လျန်နှင့် ဖန်ကြာပန်းမီးပုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ရှီးမန်ကျဲ၏ မျှော်မှန်းချက်အရ မီးပုံးပွဲတော် ပထမဆုကို ရရှိလိုက်ပါက သူ့ဂုဏ်သတင်း ပိုမို ကျော်ကြားလာမည် ဖြစ်သည်။
လက်တွေ့တွင်တော့ သူ့ဂုဏ်သတင်း ကျော်ကြားလာသည်မှာ မှန်သော်လည်း "ရှီးမန်ကျဲရဲ့ ဂုဏ်သတင်းက ပိုက်ဆံပေးပြီး လူငှားမြှောက်ပင့်ထားတာ"၊ "နန်ကုန်းလင်က တကယ်တော့ မိန်းမတစ်ယောက်" စသည့် အတင်းအဖျင်းကြီးများနှင့် တွဲဖက် ပါလာခဲ့သည်။
ရှီးမန်ကျဲ: "..."
သူ့နောက်ကွယ်ကနေ တမင် လုပ်ကြံတဲ့ကောင် ဘယ်သူလဲ ဆိုတာ မသိစေနဲ့။ သိရင်တော့ သေချာပေါက် ပညာပေးရမယ်။
ဒီလောက် အသေးစိတ်ကျပြီး လျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေကို ကလေးတစ်ယောက် စုဆောင်းနိုင်မယ် ဆိုတာ သူ မယုံဘူး။ နောက်ကွယ်က လူတစ်ယောက်က အရာအားလုံးကို စောစောစီးစီး သိထားပြီး မီးပုံးပွဲတော်မှာ လူစုဝေးနေတဲ့ အချိန်ကို အခွင့်ကောင်းယူကာ ကလေးပါးစပ်ကနေ တဆင့် ပြောခိုင်းလိုက်တာ သေချာတယ်။
သူ ရန်စမိခဲ့တဲ့ ရန်သူတွေထဲက ဘယ်ကောင်လဲ ဆိုတာ မသိရပေမဲ့ ဒီနည်းလမ်းက တကယ် ရက်စက်လွန်းတယ်။
ချူဟွားကတော့ system အတင်းပြောခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ဂရုမစိုက်နိုင်ပေ။ မီးပုံးပွဲတော် ပြီးသည်နှင့် သူမနှင့် ပဉ္စမမင်းသား တို့သည် အရင်က စာသင်ချိန်ဇယားအတိုင်း ပြန်လည် စတင်ရတော့မည်။
ထို့အပြင် သူမအတွက် သင်ရိုးညွှန်းတမ်း နှစ်ခု ထပ်တိုးလာသေးသည်။
လပြက္ခဒိန် ၁၆ ရက်နေ့တွင် သူမ မနက်စာ စားနေစဉ် ချင်းကျူက ဝင်လာပြီး သတင်းပို့လေသည်။
"သခင်မလေး၊ စစ်သူကြီးရွှမ်ဝေ ရောက်နေပါတယ်။ သခင်မလေးကို စာသင်ပေးဖို့ လာတာပါတဲ့"
ချူဟွား: ???
စွပ်ပြုတ်သောက်နေရင်း ရပ်တန့်သွားပြီး မျက်နှာတစ်ခုလုံး အံ့ဩသွားတော့သည်။
ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ။
စောစောပိုင်းတုန်းက system ပြောဖူးတာတော့ ရှိတယ်။ အရှင်မင်းကြီးက သူမကို သိုင်းသင်စေချင်တယ်တဲ့။ ဒါပေမဲ့ သူမ သင်ရိုးညွှန်းတမ်းတွေ များလွန်းလို့ လက်လျှော့လိုက်ပြီ မဟုတ်ဘူးလား။
[ထုံအာရေ]
System: [မနေ့က နင် မီးပုံးပွဲတော် သွားတုန်းက နန်းစောင့်တပ်သားတွေက နင့်ကို ကာကွယ်ပေးရင်း သံသယဖြစ်ဖွယ် လူ ၃၇ ယောက်ကို ဖမ်းဆီးခဲ့တယ်။ စစ်ဆေးမေးမြန်းပြီးတဲ့အခါ အဲဒီအထဲမှာ လူကုန်ကူးသမားတွေ၊ သူခိုးတွေ၊ လူသတ်သမားတွေ ပါနေတာ တွေ့ရတယ်။ ဒါကြောင့် သူတို့က နင် ကိုယ်တိုင် သိုင်းသင်ထားတာ ပိုကောင်းမယ်လို့ ထင်ကြတာ]
သိုင်းပညာ သင်ယူခြင်းသည် ကျန်းမာရေး ကောင်းမွန်စေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သဖြင့် သူများ အကာအကွယ်ကို အမြဲတမ်း မှီခိုနေရသည်ထက် ပိုကောင်းသည်။
ဒီအကြောင်းပြချက်ကို လူတိုင်း နားလည်ပါတယ်။ ဒါပေမဲ့ ချူဟွားက ဒီနှစ် ၁၄ နှစ် ရှိနေပြီ။ သိုင်းသင်ဖို့ အကောင်းဆုံး အရွယ်ကို ကျော်လွန်သွားပြီလေ။
တကယ်လို့ လူလွှတ်ပြီး သင်ပေးမယ် ဆိုရင်တောင် စစ်သူကြီးရွှမ်ဝေ လာသင်ပေးတာမျိုး မဖြစ်သင့်ဘူးလေ။
Systemက စစ်သူကြီးရွှမ်ဝေဟာ အရင်တုန်းက သုံးဖက်လှည့် သူလျှို လုပ်ခဲ့ဖူးတယ်လို့ ဖော်ထုတ်ခဲ့လို့ အရှင်မင်းကြီးက စာရင်းရှင်းရင်း လအနည်းငယ် ကြာမှ သူမဆီ လွှတ်လိုက်တာတော့ မဖြစ်နိုင်ပါဘူးနော်။ ဒါဆို အရမ်း ကြာလွန်းတယ်။
ချင်းကျူက ဆက်ပြော၏။ "သခင်မလေး၊ တော်ဝင်ဆေးဌာန သမားတော်ချုပ် လည်း ရောက်နေပါတယ်။ သခင်မလေးရဲ့ ခန္ဓာကိုယ်က သိုင်းသင်ဖို့ သင့်တော်လား ဆိုတာ စမ်းသပ်ပေးမလို့ပါတဲ့"
ချူဟွား: "..."
ဘယ်လို ပြောရမလဲ။ ဆင်ခြေက တော်တော် ညံ့တယ်။
သူမက အကျိုးခံစားခွင့် ရရှိသူ ဖြစ်နေတော့ ငြိမ်ငြိမ်လေး နေပြီး လက်ခံလိုက်တာ ပိုကောင်းပါတယ်လေ။
ချူဟွားက ချင်းကျူကို တော်ဝင်ဆေးဌာန သမားတော်ချုပ်နှင့် စစ်သူကြီးရွှမ်ဝေ တို့အား ဧည့်ခန်းမသို့ ဖိတ်ခေါ်ခိုင်းလိုက်တော့သည်။ မနက်စာ မြန်မြန် စားပြီး အနည်းငယ် ပြင်ဆင်ကာ ထွက်သွားလိုက်၏။
တော်ဝင်ဆေးဌာန သမားတော်ချုပ်သည် ချူဟွားကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်ရာ တွေ့လိုက်သည်နှင့် အလွန် ကြင်နာသော အပြုံးဖြင့် နှုတ်ဆက်လာသည်။ "လူကြီးမင်းချူ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
"သမားတော်ချုပ် နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ" ချူဟွားက ဆုတောင်းစကား ပြန်ပြောပြီးနောက် အားနာစွာ ပြောလိုက်သည်။ "ကျွန်မမှာ ရာထူး မရှိပါဘူး"
ဒါကြောင့် သူမကို "လူကြီးမင်း" လို့ ခေါ်တာ နည်းနည်း မသင့်တော်ဘူး။
တော်ဝင်ဆေးဌာန သမားတော်ချုပ်က ပြုံးနေသော်လည်း စကားမပြောပေ။ ဒါက အနှေးနဲ့ အမြန် ဖြစ်လာမဲ့ ကိစ္စပဲလေ။
ဒီ့အပြင် "လူကြီးမင်း" ဆိုတာ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပြီး အရာရှိ အချင်းချင်း ခေါ်ဝေါ်တာမှ မဟုတ်တာ။
"လူကြီးမင်း" ဟု ခေါ်ခြင်းက ချူဟွား ကဲ့သို့ လူငယ်တစ်ယောက်အတွက် ဖိအား ပိုများစေမည်ကို ထည့်သွင်းစဉ်းစားပြီး တော်ဝင်ဆေးဌာန သမားတော်ချုပ်က ထပ်မံ ရှင်းပြမနေတော့ပေ။ ထိုအစား ချူဟွားကို မိတ်ဆက်ပေးလိုက်လေသည်။ "ဒါက စစ်သူကြီးရွှမ်ဝေ ပါ။ ဒီနေ့က စပြီး လူကြီးမင်းချူရဲ့ သိုင်းပညာနဲ့ စစ်ရေးမဟာဗျူဟာ ဆရာ ဖြစ်သွားပါပြီ"
ချူဟွားတစ်ယောက် ကြောင်သွားတော့သည်။ ရုတ်တရက်ကြီး သင်ရိုးညွှန်းတမ်း နှစ်ခု တိုးလာတာလား။
ဒီကိစ္စက အတည်ပြုပြီးသား ဖြစ်နေတော့ ညှိနှိုင်းစရာ မလိုတော့ဘူး။ သူမလည်း ထပ်မမေးတော့ဘဲ ချက်ချင်း ဂါရဝပြုလိုက်တော့သည်။ "တပည့် ချူဟွား ဆရာ့ကို ဂါရဝပြုပါတယ်"
စစ်သူကြီးရွှမ်ဝေသည် စစ်သည်များစွာကို ဦးဆောင်ခဲ့ဖူးပြီး တပည့်များစွာကို လက်ခံခဲ့ဖူးသော်လည်း အမျိုးသမီး တပည့်ကို လက်ခံခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်သဖြင့် မျက်နှာထားနှင့် လေသံက အနည်းငယ် တောင့်တင်းလို့နေသည်။
"သမားတော်ချုပ်ကို အရင် စမ်းသပ်ခိုင်းလိုက်ဦး။ ခန္ဓာကိုယ်မှာ ပြဿနာ မရှိဘူး ဆိုရင် ခဏနေ စာသင်မယ်"
ချူဟွား: "ဟုတ်ကဲ့ပါ"
သုံးယောက်သား ဧည့်ခန်းမတွင် ထိုင်လိုက်ကြသည်။ တော်ဝင်ဆေးဌာန သမားတော်ချုပ်သည် ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ပြီးနောက် နိဂုံးချုပ်လိုက်သည်။
"လူကြီးမင်းချူ ရဲ့ ခန္ဓာကိုယ်က အအေးဓာတ် များပြီး အားနည်းနေတယ်။ ကျွန်တော် ဆေးနည်းတစ်ခု ပေးခဲ့မယ်။ အကြိမ်ရေ အနည်းငယ် သောက်ပြီး စစ်သူကြီးနဲ့ နှစ်အနည်းငယ်လောက် သိုင်းသင်လိုက်ရင် ပြန်ကောင်းသွားမှာပါ။ ပြဿနာ မရှိပါဘူး"
ချူဟွားက လက်ပြန်ရုပ်လိုက်ကာ "ကျေးဇူးတင်ပါတယ် သမားတော်ချုပ်"
တော်ဝင်ဆေးဌာန သမားတော်ချုပ်သည် မည်သည့် ဆေးနည်း ပေးရမည်ကို စဉ်းစားပြီး ဖြစ်လေသည်။ ဆေးအာနိသင် ပိုမို နူးညံ့စေရန် ဆေးဖက်ဝင် အပင် အနည်းငယ်ကို ပြုပြင်သင့်မသင့် စဉ်းစားလိုက်သည်။
ချူဟွား၏ ကျေးဇူးတင်စကားကို ကြားပြီး ချင်းကျူက ဆေးဖိုးပေးရန် ပိုက်ဆံအိတ် ထုတ်လိုက်သည်ကို မြင်သောအခါ အလျင်အမြန် လက်ကာပြပြီး ငြင်းဆန်လိုက်သည်။ လက်နှစ်ဖက် ဆုပ်ကိုင်ကာ အထက်သို့ ဦးညွှတ်လိုက်ပြီး "ဒါက အရှင်မင်းကြီးရဲ့ အမိန့်မို့ လာခဲ့တာပါ။ အားနာစရာ မလိုပါဘူး"
ချင်းကျူက ချူဟွားကို ကြည့်လိုက်ရာ သူမ ခေါင်းညိတ်ပြသဖြင့် ပြန်သိမ်းလိုက်တော့သည်။
တော်ဝင်ဆေးဌာန သမားတော်ချုပ်သည် ဆေးနည်းရေးပြီး ပြန်သွားသောအခါ စစ်သူကြီးရွှမ်ဝေက စကားပို မပြောဘဲ တန်းပြီး စာသင်တော့သည်။
"မနက်ဖြန်က စပြီး နေ့တိုင်း သတ်မှတ်ချိန်ထက် နှစ်နာရီ စောထရမယ်။ မြင်းစီးဟန် ပြင်ရင်း စစ်ရေးမဟာဗျူဟာ သင်ရမယ်"
ချူဟွား၏ တည်ငြိမ်သော မျက်နှာထားလေးမှာ ဖြည်းဖြည်းချင်း ပျက်ယွင်းသွားတော့သည်။
မနက် ၃ နာရီထပြီး လေတိုက်ခံရတာကို ရှောင်နိုင်ခဲ့ပေမဲ့ မနက် ၅ နာရီထပြီး မြင်းစီးဟန် ပြင်ရတာကိုတော့ မရှောင်နိုင်ခဲ့ပါလား။
သူမ... တကယ် ခက်ခဲတာပဲ။
ချူဟွားက ရုန်းကန်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ "ဆရာ... ရမလား..."
စစ်သူကြီးရွှမ်ဝေ: "မရဘူး"
ချူဟွား: "...ကျွန်မ ပြောတာတောင် မဆုံးသေးဘူးလေ"
စစ်သူကြီးရွှမ်ဝေသည် မျက်တောင်ပင် မခတ်ဘဲ ရက်စက်စွာ ပြောလိုက်သည်။ "ပျင်းလို့ မရဘူး။ နောက်ကျလို့ မရဘူး။ ထွက်ပြေးလို့ မရဘူး။ ကဲ... ပြော"
ချူဟွား: "..."
System: "..."
နောက်ဆုတ်လမ်းတွေ အကုန် ပိတ်လိုက်ပြီးမှ ဘာပြောခိုင်းနေတာလဲ။
Systemသည် ချူဟွားနှင့် ချိတ်ဆက်ထားသည့် ကာလအတွင်း သူမ၏ အိပ်ရာထရန် ခက်ခဲမှု ရောဂါ မည်မျှ ပြင်းထန်ကြောင်း ကောင်းကောင်း သိနေသည်။
မနှစ်က ချူချင်း ကိုယ်စား ယောက်ျားလို ဝတ်ပြီး ညီလာခံ တက်ခဲ့ရစဉ်က ညဘက် စောစော အိပ်ပြီး ၈ နာရီ ပြည့်အောင် အိပ်သည်။ နောက်နေ့ မနက်ကျလျှင် ချင်းကျူနဲ့ ဟုန်မေ တို့က အလှည့်ကျ နှိုးရသေးသည်။
အခု ညဘက်ကျရင် ကြယ်တာရာ ကြည့်တဲ့ သင်တန်း ရှိသေးတယ်။ အရင်လို စောစော အိပ်လို့ မရတော့ဘူး။ စောစော ထရမယ် ဆိုရင် သနားစရာကောင်းတဲ့ အိပ်ချိန်ကို လျှော့ချရုံပဲ ရှိတော့တယ်။
Systemက သက်ပြင်း အကြီးကြီး ချလိုက်ကာ [ဟင်း... ငါ့ဘဝကြီးက ခက်ခဲလိုက်တာ]
ချူဟွား: ?
လူအများ: ?
ချူဟွား: [နင်က ဘာခက်ခဲတာလဲ။ ငါကမှ ခက်ခဲတာပါ]
System: [ဟုတ်တယ်။ ဒါပေမဲ့ နင်က ပြောလို့ မဖြစ်ဘူးလေ။ ငါက နင့်အစား ပြောပေးတာ]
ချူဟွား: "..." ကျေးဇူးပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် သင်ရိုးညွှန်းတမ်းက ချမှတ်ပြီးသွားပြီ။ ပြီးတော့ ဒီအချိန်က ညီလာခံ တက်ရမဲ့ အချိန်လေ။
စစ်သူကြီးရွှမ်ဝေက ညီလာခံ မတက်ဘဲ သူမကို လာသင်ပေးတာ။ သူမ ဘာမကျေနပ်စရာ ရှိသေးလဲ။ သူမ ထင်တာကတော့...
ချူဟွား: [ထုံအာရေ... ညီလာခံ တက်ရမဲ့ အချိန်ကို ရွေးပြီး ငါ့ကို လာသင်ပေးတာ... စစ်သူကြီးရွှမ်ဝေက...]
စစ်သူကြီးရွှမ်ဝေ စိတ်ထဲ အော်ဟစ်လိုက်သည်။ ငါ မဟုတ်ဘူး။ ငါ မလုပ်ဘူး။ ဆက်မမေးနဲ့တော့။
သို့သော် systemသည် သူ့စိတ်ထဲက အော်ဟစ်သံကို မကြားရဘဲ ရိုးသားစွာ ဖရဲသီး ခွဲလိုက်သည်။
[ဟုတ်တယ်။ စစ်သူကြီးရွှမ်ဝေက ညီလာခံ မတက်ချင်လို့လေ]
[သူက မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး တို့ရဲ့ သင်တန်းချိန်ကို မလုချင်ဘူး။ ညဘက်ကြီး နင့်ကို သိုင်းသင်ပေးဖို့လည်း အဆင်မပြေဘူး။ ဒါကြောင့် သူက ဒုတိယ အကောင်းဆုံး နည်းလမ်း အနေနဲ့ မင်းဆရာကြီး မသင်ခင် အချိန်ကို ရွေးလိုက်တာ။ ပြီးတော့ အကြောင်းပြချက် ကောင်းကောင်းနဲ့ ညီလာခံ မတက်တော့ဘူးပေါ့]
[ဒီလိုဆိုရင် သူက နေ့တိုင်း နောက်ထပ် တစ်နာရီလောက် ပိုအိပ်လို့ ရမယ်။ အိမ်သာ တက်မယ်။ သိုင်းကစားမယ်။ ဓားကစားမယ်။ မုန့်ပြား နှစ်ချပ်လောက် စားပြီးမှ အေးအေးဆေးဆေး နင့်ကို လာသင်ပေးလို့ ရတာပေါ့]
[ဒါကတော့ သူ့ရဲ့ ဒီနေ့မနက် အချိန်ဇယားပဲ]
လူတိုင်း: "..."
စစ်သူကြီးရွှမ်ဝေတစ်ယောက် မျက်နှာသေ ဖြစ်သွားရသည်။ Systemက သူ မနက် အိမ်သာတက်တဲ့ အသေးစိတ်လေးတောင် မချန်ဘူး။ စစ်သူကြီးကို မျက်နှာမပေးဘူး။
ချူဟွားက ရယ်လိုက်၏။ [သဘောပေါက်ပြီ]
[စစ်သူကြီးရွှမ်ဝေက ဘာလို့ ညီလာခံ မတက်ချင်တာလဲ]
System: [ဘာလို့လဲဆိုတော့ သူက ညီလာခံ တက်တာဟာ အရပ်ဘက် ဝန်ကြီးတွေနဲ့ စကားနိုင်လုရတာလို့ ထင်လို့လေ။ သူက စကားပြော မကောင်းတော့ စိတ်ဓာတ်မကောင်းတဲ့ အရပ်ဘက် ဝန်ကြီးတွေကို မနိုင်ဘူး]
ချူဟွားကတော့ မယုံကြည်ပေ။ [ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။ သူက သုံးဖက်လှည့် သူလျှို လုပ်ဖူးတဲ့ လူတော်ကြီးလေ]
System: [မမကြီးဟွား၊ နင် သိလား။ တချို့လူတွေက ငယ်ငယ်တုန်းက စိတ်ကူးယဉ်ဆန်တဲ့ အကြံဉာဏ်တွေ ထုတ်တတ်ပေမဲ့ ကြီးလာတော့ စည်းကမ်းတကျ ဖြစ်သွားပြီး ဘာလို့ အရမ်း ပျင်းစရာ ကောင်းသွားတာလဲ ဆိုတာလေ]
[ဘာလို့လဲဆိုတော့ သူတို့ ကြီးပြင်းလာတဲ့အခါ လက်တွေ့ အခြေအနေ ကန့်သတ်ချက်တွေကြောင့် ကိစ္စအတော်များများကို လုပ်လို့ မရဘူး ဆိုတာ သိလာကြလို့လေ။ ဒါကြောင့် တစ်ခါတလေ ဖြစ်နိုင်ခြေ တစ်ခုခု တွေးမိရင်တောင် အလိုလို စွန့်လွှတ်လိုက်ပြီး လက်တွေ့ကျတာကို ရွေးချယ်ကြတာ]
[စစ်သူကြီးရွှမ်ဝေ အနေနဲ့ကတော့ ငယ်ငယ်တုန်းက သူက မင်းသားရဲ့ စာသင်ဖော်လေ။ အခုတော့ အဲဒီလူက အရှင်မင်းကြီး ဖြစ်သွားပြီ။ ကျားရဲ့ဘေးမှာ နေရသလိုပဲ။ ကိစ္စအတော်များများကို သူ့သဘောအတိုင်း လုပ်လို့ မရတော့ဘူး။ အရှင်မင်းကြီး မျက်နှာပျက်သွားရင် အကျိုးဆက်က ပြင်းထန်တယ်]
စစ်သူကြီးရွှမ်ဝေ: "...ကန့်ကွက်စရာ မရှိရင် စကြစို့"
Systemက ထပ်ပြီး အတင်းပြောလာမှာ၊ အရှင်မင်းကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ လှောင်ပြောင်ကြမှာကို သူ မလိုလားတော့ဘူး။ မျက်နှာထား တင်းတင်းနှင့် ချူဟွားကို မြင်းစီးဟန် ချက်ချင်း ပြင်ခိုင်းတော့သည်။
နှစ်သစ်ကူး အစောပိုင်း ဖြစ်သဖြင့် အပြင်ဘက်တွင် နှင်းကျနေသည်။ စစ်သူကြီးရွှမ်ဝေသည် ချူဟွားကို နှင်းကျနေသော ခြံဝင်းထဲတွင် လေတိုက်ခံ၊ နှင်းစိုခံပြီး မြင်းစီးဟန် ပြင်ခိုင်းခြင်း မရှိပေ။ ထိုအခြေအနေက သိုင်းသင်တာ မဟုတ်ဘဲ သေအောင် လုပ်တာ ဖြစ်သွားလိမ့်မည်။
ဒီနေ့တော့ ကျယ်ဝန်းသော ဧည့်ခန်းမထဲတွင်ပဲ ခဏလောက် အဖြစ်သဘော သင်လိုက်မည်။
"ငါက စာသင်နေတုန်း တပည့်တွေ စိတ်လွင့်တာ မကြိုက်ဘူး။ မင်း အာရုံစိုက် သင်ယူတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းက မိန်းကလေး ဖြစ်လို့ ဆိုပြီး ငါ ညှာတာမှာ မဟုတ်ဘူး"
ချူဟွား: "တပည့် မှတ်သားထားပါ့မယ်"
Systemက သီးသန့် စကားပြောခန်းသို့ ပြောင်းလိုက်သည်။ [သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူများ သိသွားမှာ မလိုလားဘူးလို့ ငါ သံသယ ဖြစ်စရာ အကြောင်း ရှိတယ်]
ချူဟွား: [ကိစ္စ မရှိပါဘူး။ စာသင်ရင် အာရုံစိုက်သင့်တာပဲ]
သူမသည် မြင်းစီးဟန် တစ်ခါမှ မပြင်ဖူးသလို ခန္ဓာကိုယ် အောက်ပိုင်းကိုလည်း တမင် လေ့ကျင့်ပေးခြင်း မရှိခဲ့ဖူးပေ။ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန်သာ ရှိသည်။ သို့သော်ငြား အလွန် တင်းကျပ်သည့် ဆရာတစ်ယောက် ရှိနေသည်။ ခြေထောက် ကွေးသွားလျှင်၊ ခါး ကုန်းသွားလျှင် မြင်းစီးကြာပွတ်နှင့် တို့ခံရသည်။ ခဏနေတော့ သူမမှာ မြင်းစီးဟန် ပြင်ရင်း လဲကျလုနီးပါး ဖြစ်သွားတော့သည်။
အဆိုးဆုံးကတော့ နောက်ကျမှ စသင်ရခြင်း၊ အချိန် နည်းခြင်း၊ တာဝန် များခြင်းကြောင့် သူမက တစ်ချိန်တည်းမှာ နှစ်မျိုး လုပ်နေရသည်။ မြင်းစီးဟန် ပြင်ရင်း ခန္ဓာကိုယ် အောက်ပိုင်း လေ့ကျင့်ရသလို စစ်သူကြီးရွှမ်ဝေ၏ စစ်ရေးမဟာဗျူဟာ သင်ပြခြင်းကိုလည်း နားထောင်ရသည်။
...