အခန်း ၈၇
Vol. 6 Ch. 87
အပိုင်း (၈၇)
Systemကတော့ အစတုန်းက ပျင်းစရာကောင်းလေခြင်းဟု ထင်ပြီး အတင်းသွားနားထောင်တော့မည် ပြင်လိုက်၏။ သို့သော်ငြား စစ်သူကြီးရွှမ်ဝေ၏ သင်ခန်းစာက ပျင်းစရာကောင်းပြီး နားလည်ရခက်သည့် စစ်ရေးမဟာဗျူဟာ သက်သက် မဟုတ်ဘဲ သူ ဦးဆောင်ခဲ့ဖူး၊ ပါဝင်ခဲ့ဖူးသော တိုက်ပွဲတွေနှင့် ပေါင်းစပ်ပြီး ပြောပြနေခြင်းဖြစ်လေသည်။
ချူဟွားနှင့် systemတို့မှာ လူကြီးများ ပုံပြင်ပြောပြနေသည်ကို နားထောင်နေသည့် ကလေးနှစ်ယောက်လိုပင်။ တဖြည်းဖြည်းနှင့် စစ်မီးလျှံများ တောက်လောင်နေသော ကမ္ဘာကြီးထဲ ဆွဲခေါ်ခံလိုက်ရလေသည်။
ထိုနေရာတွင် လှပသေသပ်သော မီးပုံးများ မရှိ။ ငြိမ်းချမ်းသော မီးပုံးပွဲတော် မရှိ။ နေ့ရောညပါ စောင့်ကြပ်နေရသော မြို့များ၊ သွေးနှင့် ကိုယ်ခန္ဓာကို ရင်းပြီး ကာကွယ်ထားရသော နယ်စပ်များသာ ရှိသည်။
မြား ကုန်သွားလျှင် ကျောက်တုံးကို သုံး။ မြို့ရိုးပေါ်ကနေ ရန်သူ့ခေါင်းကို ချိန်ပြီး ထုချ။ ရန်သူ့ ခေါင်းကွဲပြီး သေသွားမှ ကျေနပ်သည်။
ဆီပူတွေ ကုန်သွားလျှင် ရေအေးကို သုံးသည်။ ဆောင်းတွင်းကြီး လောင်းချလိုက်လျှင် ခဏလေးနှင့် ရေခဲ ဖြစ်သွားသည်။ မစင်ရည်များလည်း သုံးရသည်။ ရန်သူ့ ဒဏ်ရာက မစင်ရည် ပေသွားလျှင် ပိုးဝင်လွယ်ပြီး နေရာမှာတင် မသေရင်လျှင်ပင် အသက်ရှင်ဖို့ ခက်ခဲသည်။
ဓား တုံးသွားလျှင် ဓားကျိုး၊ မြားကျိုးများကို သုံးသည်။ မိမိတို့ ရရှိသမျှတိုင်းကို အသုံးချသည်။ ရန်သူကို သတ်နိုင်သရွေ့ ပါးစပ်နှင့် ကိုက်လည်း ရသည်။
စစ်ပွဲဆိုတာ "ဒီပွဲမှာ ဘယ်လို မဟာဗျူဟာ သုံးမယ်" လို့ ပြောလိုက်ရုံနဲ့ တိုက်လို့ ရတာ မဟုတ်ဘူး။ နိုင်ပွဲတိုင်းက စစ်သည် အားလုံး အရာအားလုံး ရင်းပြီး တိုက်ခိုက်မှ ရတာ။ အနိုင်ရတာက အရာအားလုံး မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စစ်ပွဲတိုင်းရဲ့ နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ ပေးဆပ်မှုတွေ ရှိလို့ပဲ။
သွေးထွက်လွန်တာ၊ ဆေးဝါး ပြတ်လပ်တာ၊ ပိုးဝင်ပြီး အဖျားတက်တာ... သန်မာတဲ့ လူက နောက်ဆုံးအထိ အသက်ရှင်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ အသက်ရှင်တဲ့ လူကမှ သန်မာတာ။
"မင်းရဲ့ ပင်နီစလင် နဲ့ အရက်ပြန် က အများကြီး အထောက်အကူ ပြုခဲ့တယ်" ဒီအကြောင်းကို ပြောတော့ စစ်သူကြီးရွှမ်ဝေ၏ မျက်နှာအမူအရာက နူးညံ့သွားသည်။ " အဲဒီတုန်းက တိုက်ပွဲဝင်ရင်း သေသွားမဲ့ လူအများကြီး အသက်ရှင်ကျန်ရစ်ခဲ့တယ်"
တကယ်တော့ ဒါက စစ်သူကြီးရွှမ်ဝေ သူ့ကိုယ်ကျိုးအတွက် ပြောနေတာပါ။
စစ်ရေးမဟာဗျူဟာ စသင်တာနဲ့ စစ်မြေပြင်ရဲ့ ရက်စက်မှု၊ စစ်ပွဲရဲ့ သွေးထွက်သံယို ဖြစ်မှုတွေကို ဘယ်သူမှ တပည့်ကို ပြောပြမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ရှေ့တန်းမှာ မှန်ပြောင်း အသုံးပြုပြီးတဲ့နောက် ဘယ်လောက် အကျိုးရှိလဲ ဆိုတာ သိနေပြီ။ ဒါကြောင့် ချူဟွား ထုတ်ပေးနိုင်မဲ့ ပစ္စည်းတွေကို မက်မောနေတာ။
မှန်ပြောင်းက စရန်ငွေပဲ ရှိသေးတယ်။
ချူဟွား လက်ထဲမှာ သေချာပေါက် ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိဦးမှာ။ သူ လိုချင်နေတာ ကြာပြီ။
"ဒါဆို ကောင်းတာပေါ့" ချူဟွား ချွေးတွေ ရွှဲနေပြီး ခြေထောက်နှစ်ဖက် တုန်ယင်နေသော်လည်း နူးညံ့သော အပြုံးတစ်ခု ပြုံးလိုက်သည်။ "ရုံးတော် အနေနဲ့ စင်ခိုးနားအမှုန့်ကို စောစော ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
ဒီခေတ်မှာ ငှက်ဖျားရောဂါကို ကုသဖို့ ထိရောက်တဲ့ နည်းလမ်း မရှိသေးဘူး။ စစ်တပ်က ငှက်ဖျားရောဂါ ဒဏ်ကို အကြီးအကျယ် ခံစားနေရတယ်။ တစ်ခါ ဖြစ်ပွားရင် တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားတတ်တယ်။
စစ်သူကြီးရွှမ်ဝေက ခဏ စဉ်းစားလိုက်သည်။ Systemက လူတိုင်း သိအောင် အော်ပြောနေမဲ့အစား သူက ချူဟွား တစ်ယောက်တည်းကို ပြောပြလိုက်တာ ပိုကောင်းမယ်။
"နှစ်မကူးခင်တုန်းက နိုင်ငံခြားသားတွေဆီကနေ စင်ခိုးနား အမှုန့် တချို့ ရခဲ့တယ်။ ဆေးစမ်းသပ်ဖို့ လူရှာနေပြီ။ တကယ် အစွမ်းထက်တယ် ဆိုရင် နိုင်ငံခြားသားတွေဆီကနေ အများကြီး ဝယ်ယူသွားမှာပါ"
တကယ့်ကို သတင်းကောင်းပဲ။
ချူဟွား၏မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း ပြောလိုက်၏။ "စင်ခိုးနားအမှုန့်က တကယ်တော့ စင်ခိုးနားပင်ရဲ့ အခေါက်ကနေ ထုတ်ယူရရှိတဲ့ ဆေးပါ"
"ရုံးတော်က နိုင်ငံခြားသားတွေဆီကနေ စင်ခိုးနား အမှုန့်ကို အကြီးအကျယ် ဝယ်ယူရင် ရောင်းသူဈေးကွက် ဖြစ်သွားပြီး သူတို့က ဈေးကို မိုးခါးအောင် တောင်းလိမ့်မယ်။ အဲဒီအစား သူတို့ဆီက စင်ခိုးနားပင် တောင်းလိုက်တာ ပိုကောင်းတယ်။ ဒေသခံ အရာရှိ တစ်ယောက်က အရှင်မင်းကြီးကို အဆန်းတကြယ် အဖြစ် ဆက်သချင်လို့ ဆိုပြီး ပြောလိုက်ပေါ့"
"ကမ်းရိုးတန်းက မြို့တော်နဲ့ ဒီလောက် ဝေးတာ။ သစ်ပင်ကြီး၊ သစ်ပင်ငယ်၊ ပျိုးပင် အကုန် တောင်းလို့ ရတယ်။ စိုက်လို့ ရှင်မရှင် ကြည့်ရအောင်လေ။ အရှင်မင်းကြီးကို ဆက်သမဲ့ ပစ္စည်း ဆိုတော့ ရောဂါပါနေတဲ့ အပင်တွေ မဖြစ်ရဘူးပေါ့။ ဒီ အကြောင်းပြချက်နဲ့ နိုင်ငံခြားသားတွေဆီကနေ စိုက်ပျိုးရေး နည်းပညာပါ ရအောင် ယူနိုင်ရင် အကောင်းဆုံးပဲ"
"စင်ခိုးနားပင်ကိုသာ သာ့ရှန်းမှာ အကြီးအကျယ် စိုက်ပျိုးနိုင်ရင် ကျွန်မတို့ နောက်နောင် ငှက်ဖျားရောဂါကို ကြောက်စရာ မလိုတော့ဘူး"
စစ်သူကြီးရွှမ်ဝေ: !!!
ကျားယီ၊ ချိုက်ကန်း: !!!
သူတို့သည် ချူဟွား ပြောသော အကြောင်းအရာကို စိတ်ဝင်စားသွားပြီး သူမ ရေးဆွဲပြသော အနာဂတ်ပုံရိပ်ကြောင့် အသက်ရှူမှားသွားကြလေသည်။
အဲဒါက ငှက်ဖျားရောဂါလေ။
သမိုင်းတစ်လျှောက် မင်းအဆက်ဆက်ကို နတ်ရွာစံစေခဲ့တဲ့၊ နှစ်ထောင်ပေါင်းများစွာ သမားတော် မျိုးဆက်ပေါင်းများစွာ လက်မှိုင်ချခဲ့ရတဲ့ ငှက်ဖျားရောဂါ။
သူမက သာ့ရှန်း အနေနဲ့ ငှက်ဖျားရောဂါကို နောက်နောင် ကြောက်စရာ မလိုတော့ဘူးလို့ တပ်အပ် ပြောလိုက်တာ။
သူမက စင်ခိုးနားအမှုန့်ဟာ ငှက်ဖျားရောဂါကို အပြည့်အဝ နှိမ်နင်းနိုင်တယ်လို့ ဒီလောက် ယုံကြည်မှု ရှိနေတာ။
ဒီအချိန်မှာ စစ်သူကြီးရွှမ်ဝေသည် ညီလာခံ မတက်ဘဲ ချူဟွားကို လာသင်ပေးခဲ့မိလို့၊ စောစောက လျှို့ဝှက်ထားရမဲ့ သတင်းကို သူမကို ထုတ်ပြောလိုက်မိလို့ အလွန် ဝမ်းသာသွားသည်။
သူသာ မပြောခဲ့ရင် စင်ခိုးနားအမှုန့်က စင်ခိုးနားပင်ကနေ ရတယ် ဆိုတာ ဘယ်သိမလဲ။ စင်ခိုးနားပင်ကို သာ့ရှန်းမှာ စိုက်ပျိုးလို့ ရတယ် ဆိုတာ ဘယ်သိမလဲ။
စစ်သူကြီးရွှမ်ဝေသည် နန်းတော်ထဲ ချက်ချင်း ဝင်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး တံခါးဝက ကျားယီကို မျက်စပစ်ပြလိုက်၏။
ကျားယီလည်း သဘောပေါက်ပြီး ချက်ချင်း ထွက်သွားတော့သည်။ အမြန်ဆုံး အရှိန်ဖြင့် နန်းတော်သို့ သွားလေသည်။
ဒီအချိန်တွင် အရှင်မင်းကြီးနှင့် မှူးမတ်များက ညီလာခံ ကျင်းပနေဆဲ ဖြစ်သည်။
ကျားယီ ပေးပို့လိုက်သည့် သတင်းက လင်ယိုဆီ အရင် ရောက်သည်။ လင်ယိုက ဒီကိစ္စ၏ အရေးပါမှုကို သိလို့ထားသဖြင့် အရှင်မင်းကြီးဆီ တိတ်တဆိတ် ပို့ပေးလိုက်၏။
အရှင်မင်းကြီးမှာ နဂါးပလ္လင်ပေါ်ကနေ ခုန်ဆင်းမိမတတ် ဖြစ်သွားရတော့သည်။ အဲဒါက ငှက်ဖျားရောဂါလေ။
ပင်နီစလင်နဲ့ ကျောက်ရောဂါ ကာကွယ်ဆေး ရှိပြီးသား ဆိုတော့ သူက ချူဟွား ပြောတဲ့ စင်ခိုးနားအမှုန့်ကို အထင်မသေးဘူး။ ချက်ချင်းပဲ လူလွှတ်ပြီး ရှာခိုင်းလိုက်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေရဲ့ ဆေး၊ မရင်းနှီးတဲ့ ဆေး ဆိုတော့ သူက စိတ်ထဲမှာ မေးခွန်းထုတ်မိတယ်။ ဒီပစ္စည်းက တကယ်ပဲ အဲဒီလောက် ကောင်းလို့လား။
စင်ခိုးနားအမှုန့်ကို ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့တာ။ စိတ်ချရအောင် အနီးအနားမှာ ငှက်ဖျားရောဂါသည်တွေ ရှာပြီး ဆေးစမ်းသပ်ခိုင်းတယ်။ လူအများကြီး ရှာတယ်။ မတူညီတဲ့ လူတွေကို ရှာပြီး စမ်းသပ်တယ်။ ဆေးစမ်းသပ်မှု ရလဒ် အတိအကျက မြို့တော်ကို ပြန်မရောက်သေးဘူး။
မဖြစ်ဘူး။ သတင်း ပြန်ရောက်လာမှ စင်ခိုးနားပင် သွားဝယ်ရင် နောက်ကျသွားမယ်။
သက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ငွေကြေးကို အမြန်ဆုံး စီစဉ်ရမယ်။ ရှီးရုံနဲ့ ပေတိ မသိလိုက်ခင် စင်ခိုးနားပင်ကို ဝယ်ယူနိုင်ဖို့ သေချာ လုပ်ရမယ်။
ငှက်ဖျားရောဂါက တိုင်းပြည် ရွေးတာ မဟုတ်ဘူး။ သာ့ရှန်း ဒုက္ခရောက်သလို ရှီးရုံ နဲ့ ပေတိ လည်း ဒုက္ခရောက်တာပဲ။
စစ်တပ်မှာ ရောဂါကင်းရင် စစ်နိုင်မယ် ဆိုတာ သေချာတယ်။ စင်ခိုးနားအမှုန့် ဆိုတဲ့ အထူးဆေး ရှိရင် သာ့ရှန်းက ရှုံးနိမ့်မှု မရှိတဲ့ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်။
အရှင်မင်းကြီးသည် စိတ်ထဲက စိုးရိမ်မှုကို ထိန်းချုပ်လိုက်ပြီး ဒီနေ့ ညီလာခံ ပြီးဆုံးသည်အထိ သည်းခံလိုက်သည်။ မင်းဆရာကြီး၊ မင်းဆရာအိုကြီး စသည့် ပုဂ္ဂိုလ်ကြီးများကို တော်ဝင်စာကြည့်ဆောင်တွင် ဆွေးနွေးဖို့ ဆင့်ခေါ်လိုက်သည်။
ကျားယီသည် လူတိုင်းရှေ့တွင် ချူဟွားနှင့် စစ်သူကြီးရွှမ်ဝေတို့၏ စကားပြောခန်းကို ပြန်ပြောပြလိုက်လေသည်။ တခဏချင်းမှာပင် တော်ဝင်စာကြည့်ဆောင်ထဲက လေထုက ပါးလွှာသွားသည်။ သူတို့ အကုန် စုပ်ယူလိုက်ကြလို့လေ။
မင်းဆရာကြီးရဲ့ မျက်လုံးထဲမှာ အပြုံးတွေ ပြည့်နေတယ်။ စင်ခိုးနားအမှုန့်ရဲ့ အာနိသင်ကြောင့်တင် မဟုတ်ဘူး။ "ဒီရက်ပိုင်း သင်ကြားမှုက တော်တော် အကျိုးရှိတာပဲ။ သူက ဉာဏ်ဆင်ဖို့တောင် သိနေပြီ"
မင်းဆရာအိုကြီးကလည်း ကျေနပ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သေဘော်သေဖက် ဒီလောက် ဂုဏ်ယူနေတာကို မမြင်ချင်ဘူး။ ဒါကြောင့် ထိုးနှက်လိုက်တယ်။ "သူက ငယ်ငယ်ကတည်းက စီးပွားရေး လုပ်တတ်တာ။ ဒါကလည်း စီးပွားရေး ပညာရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ခင်ဗျားရဲ့ အကျိုးဆောင်မှု မဟုတ်ပါဘူး"
မင်းဆရာကြီး၏ အပြုံးက တောင့်တင်းသွားလေသည်။ သူက အော်ပြောချင်သွားသည်။ ငါ့အကျိုးဆောင်မှု မဟုတ်ရင် ခင်ဗျား အကျိုးဆောင်မှု ဖြစ်သွားရောလား။
အဘိုးကြီးက သူ့ကို ရန်တိုက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အသေခံပြီး တိုက်ခိုက်တာလား။ တန်လို့လား။
ထားလိုက်ပါတော့။ ပိုအရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်။ လောလောဆယ် သူနဲ့ မပြိုင်တော့ဘူး။
မင်းဆရာကြီးက ပြောလိုက်၏။ "အရှင်မင်းကြီး၊ ချူဟွားက တိုင်းပြည်နဲ့ ပြည်သူအတွက် ကြီးမားတဲ့ အကျိုးပြုမှု လုပ်ခဲ့ပါတယ်။ ဆုချသင့်ပါသလား"
သူက ချူဟွားအတွက် ရာထူး တောင်းပေးချင်နေတာ။
အရှင်မင်းကြီးနဲ့ မှူးမတ်တွေ အကုန် နားလည်လိုက်ကြတယ်။
အရှင်မင်းကြီးက စိတ်ဝင်စားတဲ့ အမူအရာ နည်းနည်း ပြလိုက်တာနဲ့ အောက်က လူတွေ ချက်ချင်း ထိုင်မနေနိုင်တော့ဘူး။
"အရှင်မင်းကြီး၊ စင်ခိုးနားအမှုန့်က တကယ် အစွမ်းထက်လား ဆိုတာ မသိရသေးပါဘူး။ ဒီလောက် မလောသင့်ပါဘူး"
"အရှင်မင်းကြီး၊ စင်ခိုးနားအမှုန့်ကြောင့် သူ့ကို ဆုချလိုက်ရင် ရှီးရုံနဲ့ ပေတိကို သတင်း ဘယ်လို ပိတ်ပင်တော့မလဲ"
"အရှင်မင်းကြီး၊ အသေးအဖွဲ ကိစ္စကြောင့် အကြီးမားဆုံး အကျိုးစီးပွား မဆုံးရှုံးပါစေနဲ့"
ကန့်ကွက်သံတွေ အများကြီးပဲ။ တစ်ခုချင်းစီတိုင်းက အကြောင်းပြချက် ခိုင်လုံတယ်။
မင်းဆရာအိုကြီးက မင်းဆရာကြီးကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် ဆဲလိုက်တော့သည်။ မြေခွေးအိုကြီး။ ငါ့ကို ပူးပေါင်းခိုင်းပြန်ပြီ။
"အရှင်မင်းကြီး၊ ချူဟွားက ငယ်ပါသေးတယ်။ ဆုချတာ များလွန်းရင် သူ့အတွက် မကောင်းပါဘူး။ လောလောဆယ် ထားလိုက်ပါဦး။ စင်ခိုးနားအမှုန့်ရဲ့ အာနိသင် သေချာသွားမှ သူ နည်းနည်း ပိုကြီးလာမှ ဆိုရင်ရော"
ဒီစကားက ချက်ချင်း ထောက်ခံမှုတွေ ရရှိသွားတယ်။
"ဟုတ်ပါတယ်"
"မင်းဆရာအိုကြီး ပြောတာ မှန်ပါတယ်"
"ခဏလောက် စောင့်ပါဦး"
အရှင်မင်းကြီး: "ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့"
ဒီအချိန်မှာ systemက စစ်သူကြီးရွှမ်ဝေဆီက ပုံပြင် နားထောင်ဖို့ အလုပ်ရှုပ်နေပြီး အချိန်မီ အတင်းမစားလိုက်ရဘူး။ ရက်အနည်းငယ် ကြာမှ စင်ခိုးနားအမှုန့်ရဲ့ နောက်ဆက်တွဲကို သတိရပြီး သွားကြည့်လိုက်တော့ ဒေါသထွက်လွန်းလို့ သေတော့မလို ဖြစ်သွားတယ်။
[သူတို့ ဘယ်လို လုပ်နိုင်ရတာလဲ။ ကျေးဇူးတရားကို နည်းနည်းလေးမှ မသိတတ်ကြဘူး]
[နင်က သာ့ရှန်းကို ပစ္စည်းကောင်းတွေ အများကြီး တစ်ခုပြီး တစ်ခု ပေးခဲ့တာလေ။ သူတို့က နင့်ရဲ့ ကုသိုလ်တွေကို ဖိထားပြီး ဆုမချဘဲ နေကြတယ်]
[ရာထူး တစ်ခုတည်း မဟုတ်ဘူးလား။ နျဲ့ရွှေ ရာထူးတိုးသွားပြီ။ သူတို့က အမျိုးသမီး စစ်ဘက် အရာရှိကို မတားတော့ဘူး။ ဘာလို့ နင့်ကို တားနေရတာလဲ]
[မင်းဆရာအိုကြီးက နင့်ဆရာလေ။ ကိုယ့်တပည့်ဘက် မပါတဲ့ ဆရာ ဘယ်မှာ ရှိလို့လဲ။ နင် သူ့ကို ဆရာတင်တာ အလကား ဖြစ်သွားပြီ]
ချူဟွားကတော့ systemလောက် ဒေါသ မထွက်ပေ။ Systemက ဒေါသထွက်လွန်းသဖြင့် CPUမှာ မီးခိုးထွက်တော့မလို ဖြစ်နေသည်ကို မြင်တော့ အလျင်အမြန် နှစ်သိမ့်ပေးလိုက်ရသည်။ [စိတ်မဆိုးပါနဲ့။ သူတို့ အခု ငါ့ကို ရာထူး ပေးရင်တောင် ငါ ဘာလုပ်နိုင်မှာလဲ]
[စာပေ မကျွမ်းကျင်ဘူး။ သိုင်းနဲ့ စစ်ရေးမဟာဗျူဟာကလည်း အခုမှ အစပဲ ရှိသေးတယ်။ စာမတတ်၊ ပေမတတ်နဲ့ ဘိုးဘွား အရှိန်အဝါကို မှီခိုပြီး ရုံးတော်လောကမှာ အချိန်ဖြုန်းနေတဲ့ လူချမ်းသာ သားသမီးတွေနဲ့ ဘာကွာခြားလို့လဲ]
Systemကတော့ မကျေနပ်ချေ။ [ဘယ်လို လုပ် တူမှာလဲ။ ငါ့ရဲ့ မမကြီးဟွားက အဲဒီလောက် တော်တာ။ အကောင်းဆုံးနဲ့ ထိုက်တန်ပါတယ်]
ချူဟွား တခစ်ခစ် ရယ်မောလိုက်သည်။ [ဒါကြောင့် ဆရာ နှစ်ယောက်က ငါ့ကို ကူညီနေတာလေ]
System: [???]
System: [ဘယ်မှာလဲ။ သူတို့ ဘယ်နေရာမှာ နင့်ကို ကူညီလို့လဲ။ နင့်ဘက်ကနေ ဝင်မပြောပေးကြဘူး]
ချူဟွားက systemကို ရှင်းပြလိုက်သည်။ [ဆရာ နှစ်ယောက်က ပြဇာတ် ကပြနေကြတာ]
[အမျိုးသမီး စစ်ဘက် အရာရှိ ကိစ္စက အခုမှ လမ်းကြောင်းလေး နည်းနည်း ပွင့်သွားတာ။ အမျိုးသမီး အရပ်ဘက် အရာရှိ ဘက်ကတော့ တိုတောင်းတဲ့ အချိန်အတွင်း ပါးစပ်ဟမှာ မဟုတ်ဘူး။ မင်းဆရာကြီးက ဒီအခွင့်အရေးကို သုံးပြီး စမ်းသပ်ကြည့်လိုက်တာ။ မှူးမတ်တွေက သူနဲ့ အရှင်မင်းကြီးရဲ့ သဘောထားကို မြင်တော့ ချက်ချင်း ထိတ်လန့်သွားကြတယ်။ မင်းဆရာအိုကြီးက ဆင်းရမဲ့ လှေကားထောင်ပေးလိုက်တော့ သူတို့ ဆင်းသွားကြတာပေါ့]
[ဒီ လမ်းကြောင်းက ဒီနေ့ မပွင့်ရင် မနက်ဖြန်၊ သန်ဘက်ခါ မပွင့်ဘူးလား။ နောက်နှစ်၊ နောက်တစ်နှစ်ကျရင်ရော မပွင့်ဘူးလား။ ဘယ်လောက် မာကျောတဲ့ အရာပဲ ဖြစ်ဖြစ် ရေစက်ကျရင် ကျောက်တုံးတောင် ပေါက်တာပဲ။ ငါ့ရဲ့ ကုသိုလ်တွေက များသထက် များလာမှာ။ အဲဒီအချိန်ကျရင် သူတို့ရဲ့ အားက နည်းသထက် နည်းသွားလိမ့်မယ်]
[မင်းဆရာအိုကြီး ပြောတာ အမှန်ပဲ။ ငါက ၁၄ နှစ်ပဲ ရှိသေးတယ်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ လောစရာ မလိုပါဘူး။ ငါ ပညာတတ်သွားတဲ့ တစ်နေ့ကျရင် ထောက်ခံမဲ ပေးတဲ့ အရှင်မင်းကြီး၊ မင်းဆရာကြီး၊ မင်းဆရာအိုကြီး၊ စစ်သူကြီးရွှမ်ဝေ တို့ကို ရင်ဆိုင်ပြီး ငါ အရာရှိ ဖြစ်တာကို တားဆီးဖို့ သူတို့မှာ ဘာအကြောင်းပြချက် ရှိဦးမှာလဲ]
Systemက သက်ပြင်း အကြီးကြီး ချလိုက်တော့သည်။ [ဟူး... မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးက နှစ်ရှည်လများ သေဖော်သေဖက်တွေ လို့ ပြောကြတယ်။ သူတို့က ပြဇာတ် ကပြနေကြတာပဲကိုး]
ချူဟွားက ရယ်လိုက်မိတော့သည်။ [လူတိုင်းက သူတို့ နှစ်ယောက်ဟာ နှစ်ရှည်လများ သေဖော်သေဖက်တွေ၊ မတည့်ကြဘူးလို့ သိထားကြလို့ သူတို့ နှစ်ယောက် သဘောထား တိုက်ဆိုင်တဲ့ အခါကျရင် ကန့်ကွက်တဲ့သူ နည်းသွားတာပေါ့]
Systemပ အာမေဍိတ် ပြုလိုက်၏။ [အဲဒီ သဘောတရား ဖြစ်ပုံရတယ်]
ချူဟွား: [ကြည့်လေ။ မင်းဆရာကြီးက အမြဲတမ်း ငါ့ဘက် ယိမ်းတယ်။ မင်းဆရာအိုကြီးကတော့ မတူဘူး။ သူ ငါ့ကို သင်ပေးတာက မင်းဆရာကြီးဆီကနေ တပည့်လုချင်လို့။ ငါ့ကို ကောင်းကောင်း သင်ပေးတာက မင်းဆရာကြီးနဲ့ အသေအလဲ ပြိုင်ချင်လို့။ ငါ့ကို ဆုချတာ တားဆီးတာက မင်းဆရာကြီးရဲ့ ဆန္ဒ မပြည့်ဝစေချင်လို့]
[တူညီတဲ့ ကိစ္စက တစ်ကြိမ်ပြီး တစ်ကြိမ် ဖြစ်ပျက်လာတော့ လူတိုင်းက မင်းဆရာအိုကြီးဟာ ငါ့ဘက် မပါဘူး၊ မင်းဆရာကြီးကို ဒေါသထွက်အောင် လုပ်ချင်ရုံ သက်သက်ပဲ၊ သူတို့နဲ့ တစ်ဖက်တည်း ရပ်တည်နေတယ် လို့ ထင်သွားကြတယ်။ ဒါပေမဲ့ လက်တွေ့မှာရော]
Systemက သဘာဝကျကျ ဆက်ပြောလိုက်သည်။ [လက်တွေ့မှာတော့ မင်းဆရာအိုကြီးက နင့်ကို သင်ပေးတဲ့ အခါ အရမ်း ဂရုစိုက်တယ်။ သူက လူဆိုး ဇာတ်ရုပ် လုပ်နေတာ။ ယာယီအားဖြင့် နင့်ကို ဖိနှိပ်ထားတာက နင့်ရဲ့ စိတ်ဓာတ်ကို သွေးဖို့၊ အနာဂတ် အောင်မြင်မှုအတွက် လမ်းခင်းပေးဖို့ပဲ]
[တကယ်ပါပဲ။ အရပ်ဘက် ဝန်ကြီးတွေရဲ့ စိတ်က ညစ်ပတ်လိုက်တာ]
ချူဟွားမှာ ရယ်မောမိလေတော့သည်။ Systemရဲ့ စကားက သူမကိုပါ ထည့်ဆဲလိုက်တာများလား။
…