အခန်း ၈၈
Vol. 6 Ch. 88
အပိုင်း (၈၈)
ချူဟွား: [ဒီကိစ္စရဲ့ အကျိုးကျေးဇူးက ဒါတင် မကသေးဘူး]
Systemတစ်ယောက် အံ့ဩသွားခဲ့သည်။ [ရှိသေးတယ်လား]
ချူဟွား: [ပေးဆပ်မှုနဲ့ ရရှိမှုက အမြဲတမ်း ညီမျှနေရမှာလေ။ ငါက ရုံးတော်ကို ပစ္စည်းကောင်းတွေ အများကြီး ပေးခဲ့တာတောင် ပြန်ရတာ ဘာမှ မရှိဘူး။ ရာထူး တစ်ခု ပေးဖို့တောင် ဒီလောက် တွန့်တိုပြီး အမျိုးမျိုး ဖိနှိပ်နေတာ။ နင်လည်း ငါ့အတွက် မတန်ဘူးလို့ ထင်နေတာ မဟုတ်လား]
[သူတို့လည်း ဒီလိုပဲ တွေးကြလိမ့်မယ်။ တချို့က ငါ့အတွက် မတန်ဘူးလို့ မထင်ရင်တောင် နောင်တစ်ချိန် ငါ့ဆီမှာ ပစ္စည်းကောင်းတွေ ရှိနေပြီး ရုံးတော်ကို မပေးတော့မှာ ကြောက်ကြလိမ့်မယ်။ ဒါကြောင့် မူလက သဘောမတူနိုင်တဲ့ ကိစ္စတချို့မှာ မကျေနပ်ရင်တောင် လိုက်လျောပေးရတော့မှာပေါ့]
Systemက သဘောပေါက်သွားသည်။ [နန်ကုန်းလင် ကိစ္စလား]
[ငါ ပြောသားပဲ။ နန်ကုန်းလင် ဘာတွေ ကြုံတွေ့နေရလဲ ဆိုတာ နင် သိရက်နဲ့ ဘာလို့ ဘာမှ မလုပ်သလဲလို့။ ဒီအချိန်ကို စောင့်နေတာကိုး]
အဲဒီလိုတော့ မဟုတ်ပါဘူး။
ချူဟွားသည် စစ်သူကြီးရွှမ်ဝေက ရောက်လာလိမ့်မယ်လို့ မထင်ခဲ့သလို စစ်သူကြီးရွှမ်ဝေက စင်ခိုးနားအမှုန့် သတင်းကို သူမဆီ ပေါက်ကြားလိမ့်မယ်လို့လည်း မထင်ခဲ့ချေ။
သူမက အခွင့်အရေးကောင်း တစ်ခုကို စောင့်နေရုံ သက်သက်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှာ အခွင့်အရေး ရလာတာပေါ့။
ယခုအချိန်တွင် ညနေခင်း စာသင်ချိန် ပြီးဆုံးသွားပြီ ဖြစ်ရာ ချူဟွားနှင့် ပဉ္စမမင်းသားတို့သည် စာကြည့်ခန်းထဲ၌ မင်းဆရာအိုကြီး ပေးထားသော အိမ်စာများကို လုပ်နေကြလေသည်။
ချူဟွားက ရုတ်တရက် ပြောလိုက်သည်။ "အရှင်မင်းသား၊ စာသင်ဖော် တစ်ယောက်တည်း ဆိုတော့ အထီးကျန်မနေဘူးလား"
စာရေးဖို့ အသည်းအသန် ကြိုးစားနေသော ပဉ္စမမင်းသားသည် မေးခွန်းပင်လယ်ကြီးထဲမှ ကြောင်တောင်တောင် မော့ကြည့်လိုက်ရာ ကြင်နာသယောင် ရှိသော်လည်း အန္တရာယ် များသော ချူဟွား၏ မျက်နှာကို တွေ့လိုက်ရသည်။
အသက် ၁၀ နှစ်သာ ရှိသေးသော လူငယ်လေးသည် မသိစိတ်က တုန်လှုပ်သွားသည်။ ဒါက အကြံအစည် တစ်ခုခု ခံရတော့မဲ့ ခံစားချက်မျိုးပဲ။
သူက ချက်ချင်း ပြန်မေးလိုက်သည်။ "ဘယ်သူ့ကို စာသင်ဖော် အဖြစ် ဆွဲခေါ်ချင်လို့လဲ"
သူ့ရဲ့ စာသင်ဖော်လား၊ ချူဟွားရဲ့ စာသင်ဖော်လား ဆိုတာတော့ ထပ်မေးနေရင် ဝမ်းနည်းစရာ ကောင်းနေလိမ့်မယ်။
ချူဟွား: "မြို့တော် သခင်လေး ၄ ဦး ထဲက နန်ကုန်းလင် ဆိုတာ အရှင်မင်းသား ကြားဖူးလား"
မီးပုံးပွဲတော် ပြီးဆုံးတာ ရက်အနည်းငယ် ကြာပြီ ဆိုတော့ ရှီးမန်ကျဲ နဲ့ နန်ကုန်းလင် တို့ အကြောင်း မြို့တော် တစ်ခုလုံး ဆူညံနေတာ ပဉ္စမမင်းသား ဘယ်ကြားဖူးဘဲ နေမလဲ။
တခြားလူတွေက ဒီလောက် အစွမ်းထက်တဲ့ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်း ဘယ်သူ့မှာ ရှိလဲ ဆိုတာ စူးစမ်းနေကြပေမဲ့ ပဉ္စမမင်းသား ကတော့ တရားခံက သူ့ဘေးနားက လူမှန်း သိနေတယ်။
"ကြားဖူးပါတယ်။ စာပေအဆီအနှစ် ပြည့်ဝတဲ့ အမျိုးသမီး တစ်ယောက်တဲ့" လိင်အမျိုးအစားကို ထည့်ပြောလိုက်သည်နှင့် ပဉ္စမမင်းသားက ချူဟွား၏ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။
"မင်းက သူ့ကို စာသင်ဖော် လုပ်စေချင်တာလား။ မင်းဆရာကြီး သဘောတူပါ့မလား"
စောစောပိုင်းတုန်းက မင်းဆရာအိုကြီးက နန်ကုန်းလင် ဟာ မိန်းကလေး ဖြစ်နေလို့ တပည့် အဖြစ် လက်မခံခဲ့တာ။ အခုလည်း အဲဒီလောက် လွယ်ကူမှာ မဟုတ်ဘူး။ တချို့ အယူအဆတွေက ပြောင်းလဲဖို့ ခက်ခဲတယ်။
ချူဟွား သူ့ကို သတိပေးလိုက်သည်။ "အဲဒါ အရှင်မင်းသားရဲ့ စာသင်ဖော်လေ"
မင်းဆရာကြီးမှာ အရှင်မင်းသားရဲ့ စာသင်ဖော် ဘယ်သူ ဖြစ်သင့်တယ် ဆိုတာ ဆုံးဖြတ်ဖို့ အရှင်မင်းကြီးကို ကျော်လွန် လုပ်ဆောင်ပိုင်ခွင့် မရှိဘူး။ အကြံပြုချက်လောက်ပဲ ပေးလို့ ရမယ်။ လက်ခံ မခံ ဆိုတာ အရှင်မင်းကြီး သဘောပဲ။ အများအားဖြင့် မင်းသားက ဇွတ်တောင်းဆိုပြီး အကျိုးရှိမယ် ဆိုရင် အရှင်မင်းကြီးက သဘောတူတတ်တယ်။
မင်းသား တစ်ပါးစီမှာ စာသင်ဖော် နှစ်ယောက် ရှိတယ်။ ပဉ္စမမင်းသား မှာလည်း အစက ရှိခဲ့တယ်။ ဒါပေမဲ့ သူ့ဆရာတွေက မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး ဖြစ်သွားပြီး သူက ချူမိသားစု အိမ်ကို ပြောင်းရွှေ့ နေထိုင်ရတဲ့ အခါကျတော့ အဲဒီ စာသင်ဖော် နှစ်ယောက်ကို ပြန်ပို့လိုက်ရတယ်။
လူအများကြီးက ကျန်နေတဲ့ စာသင်ဖော် နေရာကို လိုချင်လို့ ခေါင်းကွဲမတတ် ကြိုးစားနေကြတယ်။ ဒါပေမဲ့ ပဉ္စမမင်းသား ဆိုတာ မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီးတို့က ချူဟွားကို သင်ပေးရင်း အပိုဆောင်း သင်ပေးနေတာလေ။ သင်တဲ့ နေရာကလည်း ချူမိသားစု အိမ်မှာ ဆိုတော့ အရှင်မင်းကြီးက နောက်ထပ် တစ်ယောက် ထပ်ထည့်ဖို့ ဘယ်ကောင်းမလဲ။
ဒါပေမဲ့ ချူဟွားက စတင် တောင်းဆိုလာရင်တော့ မတူတော့ဘူး။
ပဉ္စမမင်းသားက ကူညီပေးနိုင်လေသည်။ သို့သော်ငြား... "ကျွန်တော့်အတွက် ဘာအကျိုးရှိမှာလဲ"
ချူဟွား: "အရှင်မင်းသား ဘာလိုချင်လို့လဲ"
ပဉ္စမမင်းသားမှာ တကယ် လိုချင်တာ သိပ်မရှိပါဘူး။ သူ ဘာမှ မလိုဘူး။ မဖြစ်မနေ ပြောရမယ် ဆိုရင်တော့...
"မင်းရဲ့ ဓာတ်ခွဲခန်းကို သွားကြည့်လို့ ရမလား"
ပင်နီစလင် ထုတ်လုပ်နိုင်တဲ့ ဓာတ်ခွဲခန်းကို သူ စိတ်ဝင်စားနေတာ ကြာပြီ။
ချူဟွားက ဒီဝမ်းတွင်းမည်းလေး ဘာတွေများ တောင်းဆိုမလဲဟု တွေးနေသည်။ ဒီလောက် ရိုးရှင်းသည့် တောင်းဆိုမှုလေးကို ကြားလိုက်ရသဖြင့် အံ့ဩသွားတော့သည်။ "ရတာပေါ့"
ဓာတ်ခွဲခန်းထဲမှာ ရှုပ်ထွေးတဲ့ ကိရိယာတွေ မရှိဘူး။ လျှို့ဝှက်ထားရမဲ့ စီမံကိန်းတွေလည်း မရှိဘူး။ ချင်ဟောက်စူး (အာတီမီဆီနင်) ထုတ်လုပ်တာလည်း ခဏခဏ ကျရှုံးနေတော့ အရေးကြီး ပစ္စည်း မရှိပါဘူး။
"တော်ဝင်ဆေးဌာန မှာ အလားတူ ဓာတ်ခွဲခန်း တစ်ခု ရှိတာပဲ။ မင်းသား သွားမကြည့်ဖူးဘူးလား"
ပဉ္စမမင်းသား: "...မကြည့်ဖူးဘူး"
သူ အကြောင်းရင်းကို မပြောသလို ချူဟွားလည်း ဆက်မမေးတော့ချေ။ ယနေ့ အိမ်စာများ ပြီးသွားသောအခါ ပဉ္စမမင်းသားကို ဓာတ်ခွဲခန်းသို့ လိုက်ပြလိုက်သည်။
ပဉ္စမမင်းသား၏ စိတ်ကူးထဲတွင်တော့ အသက်ကယ်ဆေး ထုတ်လုပ်နိုင်သော ဓာတ်ခွဲခန်းသည် တိုင်းပြည့်ဘဏ္ဍာတိုက်ကဲ့သို့ အန္တရာယ်ရှိသော ယန္တရားများ အများကြီး ရှိမည်။ လျှို့ဝှက်အခန်းများ ရှိမည်။ ဓာတ်ခွဲခန်း အစစ်နှင့် အတုများ ရှိမည်။ အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ ရတနာသိုက်ထဲ ရောက်နိုင်မည်ဟု ထင်ထားခြင်းပင်။
သို့သော်ငြား တကယ့် ဓာတ်ခွဲခန်းတွင် တံခါး တစ်ချပ်သာ ရှိလေသည်။ ဖွင့်လိုက်သည်နှင့် ပုလင်းများ၊ အိုးများကို အများကြီး တွေ့လိုက်ရသည်။
ယန္တရားလား။ မရှိပါဘူး။
လျှို့ဝှက်အခန်းလား။ ရယ်ရတယ်။ လုံးဝ မရှိဘူး။
ထိုအခိုက်မှာပင် ဓာတ်ခွဲခန်း၏ ဆန်းကြယ်မှုနှင့် ပဉ္စမမင်းသား၏ မျှော်လင့်ချက်များမှာ တပြိုင်နက် ကွဲကြေသွားတော့သည်။
လူငယ်လေး၏ မျက်လုံးများမှာ သေနေပြီး ခြေလက်များ တောင့်တင်းသွား၏။
ဒါက ဒဏ္ဍာရီထဲက ဓာတ်ခွဲခန်း ဆိုတာလား။ အင်း... ကောင်းပါတယ်။ အနည်းဆုံးတော့ တံခါးတွေ၊ ပြတင်းပေါက်တွေ ရှိပြီး မိုးလုံလေလုံပါပဲလေ။
ကတိပေးပြီးသား ဖြစ်နေသဖြင့် ပဉ္စမမင်းသားသည်လည်း အချိန်ဆွဲမနေတော့ဘဲ ချန်ဟွားကျွီက ထွက်လာသည်နှင့် နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို ချူဟွား၏တောင်းဆိုချက်ကို ပြောလိုက်တော့သည်။
"မီးပုံးပွဲတော် မတိုင်ခင်တုန်းက ချူဟွားနဲ့ နန်ကုန်းလင် တို့ ဘာပတ်သက်မှုမှ မရှိခဲ့ဘူး။ အဲဒီနေ့က စကားပြောကြတုန်းကလည်း နန်ကုန်းလင်ကို ဂရုစိုက်တဲ့ ပုံစံ မပြခဲ့ဘူး။ ဒီ တောင်းဆိုမှုက နည်းနည်း ထူးဆန်းပေမဲ့ တခြား အမျိုးသမီးတွေကို ကူညီပေးခဲ့တာ ပြန်စဉ်းစားကြည့်ရင် သိပ် အံ့ဩစရာတော့ မဟုတ်ပါဘူး"
ဒုတိယမင်းသားရဲ့ အနောက်ဆောင်က အမျိုးသမီးတွေကို ဘဏ္ဍာရေး ဝန်ကြီးဌာန ခေါ်သွားတာပဲ ဖြစ်ဖြစ်၊ တရားရေး ဝန်ကြီး သမီး ကျန်းရှီ ကို သိပ္ပံနည်းကျ ဝိတ်ချနည်း ကူညီပေးတာပဲ ဖြစ်ဖြစ်၊ စစ်ဘက် အရာရှိတွေရဲ့ ဖိနှိပ်မှု ခံနေရတဲ့ နျဲ့ရွှေ ကို ဂရုစိုက်ပေးတာပဲ ဖြစ်ဖြစ်၊ အဆင်မပြေတဲ့ ချူရှူး ကို လူယုတ်မာ လှည့်စားတာ မခံရအောင် ကာကွယ်ပေးတာပဲ ဖြစ်ဖြစ် သူမက အမျိုးသမီးတွေကို ဂရုစိုက်ကြောင်း ပြသနေတာပါပဲ။
"သူက အမျိုးသမီးတွေအပေါ် ထူးဆန်းတဲ့ ကာကွယ်လိုစိတ် ရှိတယ်။ ထိခိုက်နစ်နာနေတဲ့ အမျိုးသမီးတွေ၊ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေကို တွေ့ရင် အမြဲတမ်း ကာကွယ်ပေးချင်တယ်၊ ကူညီပေးချင်တယ်"
ယခုအချိန်တွင်တော့ ပဉ္စမမင်းသားသည် အရှင်မင်းကြီး ရှေ့တွင် ယုံကြည်မှု အပြည့်နှင့် ပြောဆိုနေလေသည်။ ချူဟွား ရှေ့မှာကဲ့သို့ ကြောင်တောင်တောင် လူငယ်လေး မဟုတ်တော့ချေ။
"ချူဟွားက နန်ကုန်းလင်ကို ကူညီတာဟာ နန်ကုန်းလင်က မိန်းကလေး ဖြစ်နေလို့၊ ပြီးတော့ အရည်အချင်းတွေ အများကြီး ရှိရက်နဲ့ ထုတ်မသုံးနိုင်တာကို မကြည့်ရက်လို့ပါ။" ပြောရင်းနှင့် ပဉ္စမမင်းသားသည် နည်းနည်း ဝမ်းနည်းလာပြီး လေသံ ပြောင်းသွားလေ၏။ "ဒီနေ့ အရည်အချင်း ရှိရက်နဲ့ နေရာမရတဲ့သူက ယောက်ျားလေး ဖြစ်နေရင် ဒီကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး"
အရှင်မင်းကြီးက ပဉ္စမမင်းသား၏ လေ့လာနိုင်စွမ်းကို သံသယ မဖြစ်ချေ။ ဒီကောင်လေးက တခြားသူ ဟန်ဆောင်တာ ဝါသနာပါသူလေ။ ဟန်ဆောင်ဖို့အတွက် လေ့လာရမယ်၊ အတုခိုးရမယ်။ လေးလလောက် အတန်းတူတူ တက်ခဲ့တာ ချူဟွားအကြောင်း နားလည်ဖို့ လုံလောက်ပါတယ်။
"ယောက်ျားလေး ဆိုရင် သူ ဘယ်လို လုပ်မယ် ထင်လဲ"
ပဉ္စမမင်းသားက ချက်ချင်း ဖြေလိုက်သည်။ "၉၉ ရာခိုင်နှုန်းက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး"
အရှင်မင်းကြီး: "ကျန်တဲ့ ၁ ရာခိုင်နှုန်းကရော"
ပဉ္စမမင်းသား: "ရှန်လု လို မျက်နှာ၊ ကိုယ်လုံး၊ အရှိန်အဝါမျိုး ရှိမှ ရမယ်"
ရှန်လုလို ထူးခြားတဲ့ အရှိန်အဝါမျိုး ရှိတဲ့ အလှပဂေးက ရှားပါးလွန်းတော့ ကျန်တဲ့ ၁ ရာခိုင်နှုန်းက သုညနဲ့ အတူတူပါပဲ။
ဆိုလိုရင်းမှာ အလားတူ အကျပ်အတည်းမျိုး အမျိုးသားများအပေါ် ကျရောက်လာပါက ချူဟွားသည် လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
အဖြေ ထွက်လာသည်နှင့် တော်ဝင်စာကြည့်ဆောင်တစ်ခုလုံးရှိ အမျိုးသားများသည် တိတ်ဆိတ်သွားကြတော့၏။
မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့က ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်နေလိုက်ကြသည်။ ငါတို့ သင်ပေးထားတာ မဟုတ်ဘူး၊ သူက မွေးကတည်းက ဒီလိုပဲ၊ ပြုပြင်လို့ မရတော့ဘူး။
စစ်သူကြီးရွှမ်ဝေက ခေါင်းကို တိတ်တဆိတ် လွှဲလိုက်လေ၏။ ငါ သင်ပေးတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ဘာပဲဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး၊ ငါ့အပေါ် လာပုံချဖို့ မစဉ်းစားနဲ့။
အရှင်မင်းကြီးသည် အောက်ဘက်တွင် အပြစ်လွှဲချရန် လျင်မြန်နေကြသော ဆရာသုံးယောက်ကို ကြည့်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်လေသည်။ "ခင်ဗျားတို့လည်း ဒီနေ့မျိုး ကြုံရတာပဲကိုး"
“စာဖတ်ဖော် တစ်ယောက်တည်းပဲလေ။ သူ လိုချင်ရင် ပေးလိုက်ပါ”
မင်းဆရာအိုကြီးနှင့် မင်းဆရာကြီးတို့တွင် ကန့်ကွက်စရာ မရှိကြသလို အခြားသူများကလည်း ဝင်ရောက်စွက်ဖက်ရန် အဆင်မပြေကြသဖြင့် စာဖတ်ဖော်ကိစ္စသည် ထိုကဲ့သို့ပင် အတည်ပြုလိုက်ကြ၏။
သည်အချိန်တွင် အရှင်မင်းကြီးက မှူးမတ်များကို ဆင့်ခေါ်ပြီး ဆွေးနွေးသည့်အရာမှာ ပိုမို အရေးကြီးသော ကိစ္စဖြစ်လေသည်။ မင်းသား ၅ လည်း ရောက်ရှိနေပြီး လမ်းခုလတ်တွင် ထွက်ခွာခိုင်းရန် သဘောထားမရှိသဖြင့် ထိုနေရာတွင်ပင် အတူတကွ နားထောင်နေလိုက်သည်။
“ချူဟွားနဲ့ မုန့်ဟန်တို့ ပြုလုပ်တဲ့ မှန်ပြောင်းတွေကို စစ်မြေပြင်ဆီ ပို့ဆောင်လိုက်တာ အချိန်အတိုင်းအတာ တစ်ခု ရှိသွားပြီ။ ဒီတစ်ခေါက် ပထမမင်းသားက အောင်ပွဲရ သတင်းလွှာ ပေးပို့လာတယ်။ မကြာသေးခင်က မှန်ပြောင်းကို အားကိုးပြီး တိုက်ပွဲအချို့ အနိုင်ရခဲ့တယ်။ ပေတိတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကို အကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့ပြီး ပေတိမြင်း အကောင် ၅၀၀ ကိုလည်း လုယူနိုင်ခဲ့တယ်”
သည်အကြောင်းကို ထည့်ပြောလိုက်သည်တွင် အရှင်မင်းကြီးနှင့် မှူးမတ်များသည် ပေတိမြင်းများကို လုယူရာတွင် ဆရာတစ်ဆူဖြစ်သည့် ဖူရွေ့ချင်းဝမ်ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့၏ အကြည့်များထဲတွင် “ဆရာထက် တပည့်လက်စွမ်းထက်တယ်” ဟူသော အရိပ်အမြွက်များ ပါဝင်လို့နေသည်။
ပေတိတွေ အထိနာသွားပြီ။
အလကားရတဲ့ ပေတိမြင်း အကောင် ၅၀၀ တောင်လေ။
ဖူရွေ့ချင်းဝမ်သည် ဝမ်းသာအားရ ဖြစ်ရမည့်အစား သူတို့ ဘယ်လိုကြည့်ကြည့် ဂရုမစိုက်ဘဲ အနည်းငယ် မကျေမနပ်ပင် ဖြစ်နေလေ၏။
“ဘာလို့ ၅၀၀ တည်း ရတာလဲ၊ ကျုပ်ခေတ်တုန်းကဆိုရင် ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေသာ အကူအညီ ရှိခဲ့ရင် ၇ ထောင်၊ ၈ ထောင်လောက် မလုယူနိုင်ရင်တောင် နှမြောစရာ ကောင်းနေဦးမှာ”
အရှင်မင်းကြီး: “...”
မှူးမတ်များ: “...”
ခင်ဗျားကတော့ လေလုံးထွားလိုက်ပါတော့။
ပါးစပ်က နားရွက်တက်ချိတ်လုနီးပါး ပြုံးဖြီးနေပြီးတော့ ဒီမှာလာပြီး အရှက်မရှိ ပြောနေသေးတယ်။
ပထမမင်းသားရဲ့ လုပ်ရပ်အပေါ် ခင်ဗျား ဘယ်လောက် ကျေနပ်နေလဲဆိုတာ ကျုပ်တို့ မသိဘူးများ မှတ်နေလား။
တကယ်တမ်းတွင် သူတို့၏ ကိုယ်ပိုင်ဆန္ဒအရ မြင်းအကောင် ၅၀၀ သည် နည်းပါးသည်ဟု ခံစားရပြီး ၁၀ ဆ၊ ၈ ဆလောက် ပိုများလျှင် ပိုကောင်းမည်ဟု တွေးမိကြသည်။ အဟမ်း။
အရှင်မင်းကြီးသည် လူဟူသည် အလွန်အကျွံ မလိုလားသင့်ကြောင်း၊ အလွန်အကျွံ လိုလားပါက ကျရှုံးတတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်လေသည်။
“ဒီနှစ်တွေအတွင်း သာ့ရှန်းနဲ့ ပေတိက အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးရဲ့ အရည်အချင်းက သိပ်မကွာခြားဘဲ အမြဲတမ်း တင်းမာနေတဲ့ အခြေအနေမှာ ရှိခဲ့တယ်။ မကြာသေးခင်က တိုက်ပွဲတွေ အနိုင်ရတာ များလာတော့ ပေတိဘက်က သေချာပေါက် သံသယဝင်လာလိမ့်မယ်။ မှန်ပြောင်းကိစ္စက သိပ်ကြာကြာ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး”
“ဒါတင် မကသေးဘူး” စစ်သူကြီးရွှမ်ဝေသည် အတိတ်က သာ့ရှန်းနှင့် ပေတိ နယ်စပ်ကို စောင့်ကြပ်ခဲ့ဖူးသူဖြစ်ရာ ပေတိလူမျိုးများ၏ လုပ်ပုံကိုင်ပုံကို မည်သူထက်မဆို ပိုမို နားလည်လေ၏။ “၃ လ အတွင်း ပေတိတွေဆီမှာလည်း မှန်ပြောင်း ရှိလာလိမ့်မယ်”
သာ့ရှန်း၏ မှန်ပြောင်းများ ပေတိလက်ထဲသို့ ကျရောက်သွားခြင်းလား၊ သို့မဟုတ် သာ့ရှန်းတွင် မှန်ပြောင်းရှိသည်ဟု ကြားပြီးနောက် ပေတိက အတုခိုး ပြုလုပ်ခြင်းလား ဆိုသည်မှာတော့ အချိန်တန်မှ သိရှိရပေမည်။
ဘဏ္ဍာရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကို ကြည့်လိုက်သည်။ “နယ်စပ်ကို ပို့လိုက်တဲ့ မှန်ပြောင်းတွေကို အထူးစီမံထားပြီး ဖြုတ်လိုက်တာနဲ့ သူ့အလိုလို ပျက်စီးသွားမဲ့ ကိရိယာတွေ တပ်ဆင်ထားလို့ အတုခိုးဖို့ မလွယ်ကူဘူးလို့ ပြောထားတယ် မဟုတ်လား”
ပြည်ထဲရေးဝန်ကြီးသည် မှန်ပြောင်း အများအပြား ထုတ်လုပ်မှုတွင် ပါဝင်ခဲ့ဖူးသဖြင့် အတွင်းပိုင်း ဖွဲ့စည်းပုံနှင့် လှည့်ကွက်များကို ကောင်းစွာ နားလည်ထားလေသည်။
“မှန်ပြောင်း ပြုလုပ်ရတာ မခက်ခဲဘူး၊ ချူဟွားနဲ့ မုန့်ဟန်တို့က အဲဒီအပေါ်မှာ အတတ်နိုင်ဆုံး ဟန်ပြတွေ လုပ်ထားပေမဲ့ ဒီပစ္စည်းရဲ့ သဘောတရားက မခက်ခဲလှဘူး၊ အကုန်လုံးကို မဖြုတ်နိုင်ရင်တောင် အပြင်ဘက်ကနေ လေ့လာနိုင်တယ်၊ ပါဝင်ပစ္စည်း တစ်စိတ်တစ်ပိုင်းကို မြင်ရရုံနဲ့ အတုခိုး ပြုလုပ်နိုင်တယ်”
“ကျွန်တော်တို့က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တခြားအရာရှိတွေကို ဖြုတ်ပစ်ဖို့နဲ့ အတုခိုးဖို့ စမ်းသပ်ခိုင်းကြည့်ပြီးပြီ၊ နောက်ဆုံး ထွက်လာတဲ့ ပစ္စည်းက မူရင်းလောက် ကြည်လင်ပြတ်သားပြီး အဝေးကြီးကို မမြင်နိုင်ပေမဲ့ အကွာအဝေး နီးကပ်ရင်တော့ ကြည့်ရှုလို့ ရနေသေးတယ်၊ အချိန်ကြာလာတာနဲ့အမျှ သဘောတရားကို နားလည်သွားပြီး ပိုကောင်းတဲ့ မှန်ပြောင်းတွေကို ပြုလုပ်နိုင်လိမ့်မယ်”
ဤသည်မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အနည်းငယ် ထုတ်လုပ်ပြီးနောက် အချောထည်များကို ရှေ့တန်းသို့ အမြန်ဆုံး ပို့ဆောင်ရသည့် အကြောင်းရင်း ဖြစ်လေသည်။
ကြာကြာ ဖုံးကွယ်ထားလို့ မရမည့်အတူ အစောကြီး အသုံးပြုလိုက်ပြီး တိုက်ပွဲများများ အနိုင်ရအောင် လုပ်ခြင်းက ပိုကောင်းပေသည်။
မှန်ပြောင်းသည် အဝေးမှ လှုပ်ရှားမှုများကို ကြည့်ရှုနိုင်ပြီး မြင့်မားသော နေရာနှင့် အမြင်အာရုံ အားသာချက်ကို ရယူထားနိုင်သမျှ ကာလပတ်လုံး သူတစ်ပါး၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ရှောင်ရှားနိုင်ကာ ရန်သူကို ပြန်လည်၍ပင် ချောင်းမြောင်းတိုက်ခိုက်နိုင်သည်။
သာ့ရှန်းနှင့် ရှီးရုံ၊ ပေတိတို့၏ နယ်စပ်များမှ အောင်ပွဲရ သတင်းလွှာများ ဆက်တိုက် ရောက်ရှိလာပြီး တိုက်ပွဲများစွာကို အနိုင်ရရှိခဲ့ပြီး ဖြစ်လေသည်။
ဘဏ္ဍာရေးဝန်ကြီးက ထပ်မေးလိုက်၏။ “ပိုပြီး အစွမ်းထက်တဲ့ မှန်ပြောင်းတွေ လုပ်နိုင်သေးလား”
“လုပ်နိုင်တယ်” ပြည်ထဲရေးဝန်ကြီးက ခေါင်းညိတ်လိုက်သည်။ “အရင်တုန်းက မုန့်ဟန် ပြောတာ ကြားဖူးတယ်၊ ချူဟွားနဲ့ သူ မှန်ပြောင်း အတူတူ လုပ်တုန်းက တခြား နက္ခတာရာကြည့် မှန်ပြောင်း တစ်မျိုး ရှိသေးတယ်လို့ ပြောဖူးတယ်၊ အခက်အခဲက မြင့်မားပေမဲ့ လုပ်နိုင်ခဲ့ရင် ရှန်လုကို ကြယ်အစစ်တွေကို မြင်ခွင့်ပေးနိုင်တယ်တဲ့”
“အဲဒီတုန်းက မုန့်ဟန်က သိချင်စိတ်ပြင်းပြပြီး မေးခွန်းတွေ အများကြီး မေးခဲ့ပေမဲ့ ချူဟွားက မဖြေခဲ့ဘူး၊ မေးပါများတော့မှ ချူဟွားက အဲဒီပစ္စည်းက ရှန်လုကို ပေးချင်တဲ့ လက်ဆောင်အစစ်ပါ၊ လောလောဆယ် မလုပ်နိုင်သေးလို့ပါလို့ ပြောခဲ့တယ်”
အရှင်မင်းကြီး: “...”
မှူးမတ်များ: “...”
မှန်ပြောင်းရဲ့ စရန်ငွေ ဆိုတာ ဒီသဘောကိုး။
သူတို့ သံပုရာသီး စားရသလို ဖြစ်သွားသည်ဟု ဝန်ခံရပေမည်။
ဘာလို့ ရှန်လုပဲ လက်ဆောင် ရတာလဲ။
မှန်ပြောင်းကလည်း ဟုတ်တယ်၊ ကန်စွန်းဥကလည်း ဟုတ်တယ်၊ ချူဟွားက ပစ္စည်းကောင်း ရတာနဲ့ ဘာလို့ ရှန်လုဆီ ပြေးပြီး ပေးရတာလဲ။
သူ့ရဲ့ မျက်နှာကြောင့်လား။
အရှင်မင်းကြီးနှင့် မှူးမတ်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ထိုနေရာရှိ လူအများစုမှာ အသက် ၄၀၊ ၅၀ ကျော် အရွယ်များ ဖြစ်ကြရာ ရှန်လု၏ ပျိုမြစ်နုနယ်ပြီး ချောမောမှုကို မယှဉ်နိုင်သည်မှာ အမှန်ပင် ဖြစ်လေသည်။
လျစ်လျူရှုခံထားရသော မင်းသား ၂ မှာ...
"ငါလည်း ရုပ်မဆိုးပါဘူး" ဟု ပြောချင်သော်လည်း သူနှင့် ချူဟွားက ရင်းနှီးမှု မရှိသဖြင့် တကယ်တမ်း ကိစ္စရှိလာလျှင် မင်းသား ၂ ကြင်ရာတော်နှင့် ဝူချဲ့ဖေး တို့ကို လွှတ်လိုက်ခြင်းက ပိုမြန်ဆန်ပေလိမ့်မည်။
—— ကန်စွန်းဥ ရရှိပြီးနောက် ချူဟွားသည် မင်းသား ၂ ၏ အိမ်တော်သို့ တချို့ ပို့ပေးခဲ့လေသည်။
မင်းသား ၅ မှာ သဝန်တိုလွန်းသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လုနီးပါး ဖြစ်နေပြီး နောင်တရစွာ သက်ပြင်းချလိုက်၏။ “သူ့လက်ထဲမှာ ဒီလို ပစ္စည်းကောင်းတွေ ရှိမှန်း စောစောကတည်းက သိရင် ကျွန်တော် သူ့ကို ဓာတ်ခွဲခန်း ပြခိုင်းမနေဘဲ လက်ဆောင် တောင်းလိုက်မှာ”
ခဏချင်းတွင် လူတိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။
သူတို့မှာ အခွင့်အရေး မရှိလို့ ထားလိုက်တော့။ မင်းမှာ အခွင့်အရေး ရှိရက်နဲ့ ပစ္စည်းကောင်းကို လက်လွှတ်ခံလိုက်တာလား။ ဓာတ်ခွဲခန်းကို ဘယ်အချိန် ကြည့်ကြည့် ရတာပဲ မဟုတ်လား။ အခွင့်အရေး တစ်ခုကို ဖြုန်းတီးပစ်ဖို့ တန်လို့လား။
မင်းသား ၅ က အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများဖြင့် ပေကလပ် ပေကလပ် လုပ်နေလေသည်။
“ဒါပေမဲ့ သူ့မှာ ဘာရှိမှန်း ကျွန်တော်မှ မသိတာ၊ ကျွန်တော် အကုန်လိုချင်တယ်လို့ ပါးစပ်အရသာခံပြီး ပြောလို့မရဘူးလေ”
အရှင်မင်းကြီးနှင့် မှူးမတ်များသည် ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်ကြ၏။ အဲဒီလို ပြောလို့ မရတာလည်း မဟုတ်ပါဘူးလေ။
မင်းသား ၅ မှာ မျက်ဖြူဆိုက်ချင်သွားတော့သည်။ "ခင်ဗျားတို့ကတော့ ရတာပေါ့၊ ဒါပေမဲ့ ကျွန်တော်သာ အဲဒီစကား ပြောလိုက်ရင် ချူဟွားရဲ့ ရိုက်သတ်တာ ခံရမှာ သေချာတယ်"
ဒီလောက် ပစ္စည်းကောင်း တစ်ခုကို လွဲချော်ခဲ့ရသဖြင့် မှူးမတ်များမှာ နှလုံးနာလွန်းလို့ အသက်ရှူပင် ကြပ်လာကြသည်။
“သတင်းအချက်အလက် မညီမျှမှုရဲ့ အပြစ်ပဲ”
“မဖြစ်ဘူး၊ စကားနှိုက်မဲ့လူ ရှာမှ ဖြစ်မယ်”
“သူ့လက်ထဲမှာ ပစ္စည်းကောင်း ဘယ်လောက် ကျန်သေးလဲ ဆိုတာ အရင် သိအောင် လုပ်ရမယ်”
“မဟုတ်ရင် အခွင့်အရေး ရောက်လာတဲ့အခါ ဘာတောင်းရမှန်း ငါတို့ သိမှာ မဟုတ်ဘူး”
မင်းသား ၅ က စိတ်နှလုံးကို ထိခိုက်စေသော မေးခွန်းကို ထုတ်မေးလိုက်လေသည်။ “ဒါပေမဲ့ ခင်ဗျားတို့က သူ့ကို ရာထူးတစ်ခု ပေးဖို့တောင် နှမြောနေကြတယ်လေ”
သူတောင်မှ လွန်လွန်းတယ်လို့ ခံစားနေရပြီ။
မှူးမတ်များ: “...”
“သူက အ,တာမှ မဟုတ်တာ၊ ပစ္စည်းတွေ ခင်ဗျားတို့ကို ပေးလိုက်ရင် ပြန်မရနိုင်ဘူး ဆိုတာ သိရက်နဲ့ ခဏခဏ ပေးနေတာပဲ”
မင်းသား ၅ သည် ချူဟွားကို နားလည်ပြီး သူမ အများကြီး ပေးဆပ်ခဲ့သော်လည်း ဘာမှ မပြောသည်ကို သိသောကြောင့် သူမအတွက် မကျေမနပ် ဖြစ်ရလေသည်။ “ဒီလို အကျိုးဆောင်မှုတွေ အကုန်လုံးက ချူချင်းဆီ ရောက်သွားမှာ၊ သူ အခုဆို အဆင့် ၃ တောင် ရောက်နေပြီမလား”
မှူးမတ်များ: “...”
အရှင်မင်းကြီးနှင့် မင်းသား ၂ တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးထဲတွင် ရယ်မောမှုကို တွေ့လိုက်ရသည်။ "ပြောတာ ကောင်းတယ် ညီလေး ၅။ ထပ်ပြောလိုက်ဦး"
မင်းသား ၅ ၏ လူများကို ပြန်လည်ချေပသော အံ့မခန်း မြင်ကွင်းကို စိတ်လှုပ်ရှားနေသော system က ချူဟွားထံသို့ အကုန်အစင် ထုတ်လွှင့်ပြသပေးလိုက်သည်။
ချူဟွားသည် ရှန်လု၏ အိမ်တွင် ကြယ်ကြည့်ခြင်းကို လေ့လာနေရင်း အသံထွက် ရယ်မောလုနီးပါး ဖြစ်သွားတော့သည်။
"ကြည့်ရတာ ဝမ်းတွင်းမည်းလေးက ငါ့အပေါ် သဘောထား တော်တော် ကောင်းသားပဲ၊ ငါ့ဘက်ကနေတောင် ဝင်ပြောပေးနေတယ်"
သည်ကိစ္စကြောင့် system သည်လည်း မင်းသား ၅ အပေါ် သဘောကျမှု မြင့်တက်လာလေသည်။
[ညီလေး ၅ တော်လိုက်တာ]
[သူနဲ့ နင့်ရဲ့ ဆက်ဆံရေး၊ နင့်အပေါ် သူ့ရဲ့ သဘောထားနဲ့ဆိုရင် တစ်နေ့နေ့ကျရင် သူတို့ မင်းသားတွေ ထီးနန်းလုကြတဲ့အခါ ငါ သေချာပေါက် သူ့ကို ထောက်ခံမှာ]
"နင် ထောက်ခံတော့ရော ဘာအသုံးဝင်မှာလဲ"
"System မျက်နှာပြင်မှာ သူ့အတွက် ပန်းကြဲပြီး လက်ခုပ်တီးပေးရင်း စိတ်ဓာတ်ခွန်အား ပေးမှာလား"
ချူဟွားက တိတ်တဆိတ် ခေါင်းခါလိုက်ပြီး ဆက်လက် လေ့လာနေလိုက်သည်။
System ကတော့ စိတ်ပျော်ရွှင်နေသဖြင့် ဖရဲသီး သွားရှာလေသည်။
[ဟင်]
ချူဟွား: [ဘာဖြစ်လို့လဲ]
Systemက ချူဟွားကို သတိပေးလိုက်ပြီး မျှဝေခြင်းပုံစံသို့ ပြောင်းလိုက်သည်။ [မမကြီးဟွား၊ ဒီမှာ ရှီးမန်ကျဲရဲ့ ဖရဲသီး တစ်လုံး ရှိတယ်၊ နင် စားမလား]
ချူဟွား: ?
[နင် ဘာလို့ သူ့ ဖရဲသီး သွားစားနေတာလဲ]
System: [ရှီးမန်ကျဲ ကဗျာဝယ်တဲ့ ကိစ္စက မြို့တော်တစ်ခုလုံး ပျံ့နှံ့နေပြီလေ၊ ငါက သူ့ဇာတ်သိမ်း ဘယ်လို ဖြစ်မလဲ သိချင်လို့ပါ]
ရှန်လု၊ ကျားယီနှင့် ချိုက်ကန်းတို့၏ စိတ်နှလုံးများမှာ တုန်လှုပ်သွားကြသည်။ System သိသွားပြီလား။
System: [ရလဒ်ကတော့ အဲဒီလူတွေက ရှီးမန်ကျဲမှာ အရမ်း စူးရှတဲ့ မျက်လုံးတစ်စုံ ရှိတယ်လို့ ကြားသိသွားကြတယ်၊ စာကောင်းပေကောင်း မဟုတ်ရင် မလိုချင်ဘူးတဲ့၊ တချို့လူတွေက လက်ရာတွေကို ယူပြီး သူ့ဆီ သွားပြကြတယ်၊ သူတို့ရဲ့ စာပေအဆင့်အတန်း ဘယ်လောက် ရှိလဲ၊ ရှီးမန်ကျဲ ငွေပေးမလား ဆိုတာ သိချင်ကြလို့လေ]
[တချို့လူတွေဆိုရင် နှစ်အတော်ကြာ စုဆောင်းထားတဲ့ ကဗျာ၊ လင်္ကာ၊ ဂီတနဲ့ စာတွေကို ယူပြီး ရှီးမန်ကျဲဆီ သွားပြကြတယ်၊ ရှီးမန်ကျဲ သဘောကျပြီး ငွေပေး ဝယ်မလားလို့လေ၊ ဒါမှ သူတို့ တခြားပစ္စည်း ဝယ်ဖို့ ငွေရမှာကိုး၊ ရှီးမန်ကျဲက တကယ်ပဲ စာကောင်းပေကောင်း အများကြီး လက်ခံရရှိခဲ့တယ်]
ချူဟွား: “...”
ရှန်လုနှင့် အခြားသူများ: “...”
တကယ့်ကို... လွန်လွန်းတယ်။
Systemက သီးသန့်စကားပြောသည့် ပုံစံသို့ ပြောင်းပြီး ညည်းတွားလိုက်သည်။ [ငါ ဖရဲသီး စားတာ သက်သက်ပဲကို ရှီးမန်ကျဲအတွက် ကြော်ငြာပေးသလို ဖြစ်နေပြီ၊ သူ ငါ့ကို ကြော်ငြာခ ပေးဖို့ အကြွေးတင်နေပြီ]
ထို့နောက် မျှဝေခြင်းပုံစံသို့ ပြန်ပြောင်းပြီး အုပ်စုလိုက် ဖရဲသီး စားကြလေသည်။ [ရှီးမန်ကျဲရဲ့ ကိစ္စက သူ့အဖေ နားထဲ ရောက်သွားတယ်၊ ဘယ်လို တွေးတွေး ဒါက ဝါးရင်းတုတ်နဲ့ ရိုက်ခံရမဲ့ ကိစ္စပဲ မဟုတ်လား]
[ရလဒ်ကတော့ သူ့အဖေက စာကောင်းပေကောင်းတွေကို အရမ်း နှစ်သက်တာကြောင့် ရိုက်နှက် ဆူပူတာမျိုး မလုပ်တဲ့အပြင် ရှီးမန်ကျဲ အရင်က လက်ခံထားတဲ့ စာတွေကို ယူဖတ်ပြီး ရှီးမန်ကျဲကို ငွေတွေ အများကြီး ပြန်ပေးလိုက်တယ်၊ စာကောင်းတွေ များများ ထပ်လက်ခံဖို့၊ ငွေမလောက်ရင် အဖေ့ကို လာတောင်းဖို့ ပြောလိုက်တယ်၊ နင် ပြောကြည့်၊ ဒါက မလွန်လွန်းဘူးလား]
ချူဟွား: [… တော်တော် လွန်တာပဲ]
ရှန်လုနှင့် အခြားသူများ: “...”
System၏ လေသံက ထူးဆန်းစွာ တက်ကြွလာလေသည်။ [ပြီးတော့ ပိုပြီး လွန်တဲ့ ကိစ္စ လာဦးမယ်]
[ရှီးမန်ကျဲရဲ့ ကိစ္စက သတင်းကြီးသွားပြီး စာပေပညာရှင် အများအပြားက သူတို့ရဲ့ စာတွေကို ရှီးမန်ကျဲ သဘောကျပြီး ဝယ်ယူတာကို ဂုဏ်ယူစရာ အဖြစ် မှတ်ယူလာကြတယ်၊ "ရှီးမန်ကျဲတောင် မင်းရဲ့စာကို မျက်လုံးထဲ မထည့်ဘူး" ဆိုတဲ့ သတင်းစကားတွေတောင် ထွက်လာပြီး သူ့ကို အကဲဖြတ် စံနှုန်း တစ်ခုလို ဖြစ်လာစေခဲ့တယ်]
[အစက လူတိုင်းက ဒါကို အတင်းအဖျင်း တစ်ခု အနေနဲ့ နားထောင်ပြီး ရယ်စရာ အဖြစ် သဘောထားခဲ့ကြပေမဲ့ အရှင်မင်းကြီးက ကြားသွားပြီးတဲ့နောက် ကဗျာတစ်ပုဒ် ရေးစပ်ပြီး လူတစ်ယောက်ကို တိတ်တဆိတ် ရှီးမန်ကျဲဆီ ယူသွားပြခိုင်းခဲ့တယ်]
[အရှင်မင်းကြီးက ယုံကြည်မှု အပြည့် ရှိနေတာ၊ ငါကိုယ်တော်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ငွေ ၁၀၀ လောက်တော့ တန်မှာပါပေါ့၊ ရလဒ်ကတော့ ရှီးမန်ကျဲက လုံးဝ မျက်လုံးထဲ မထည့်ဘဲ စာလုပ်သားလေးကိုတောင် ညည်းညူ ပြောဆိုလိုက်သေးတယ်၊ "ဒီလောက် အဆင့်အတန်းနဲ့များ ငါ့ထက်တောင် ညံ့သေးတယ်၊ ဘယ်လိုလုပ်ပြီး ငွေနဲ့ လာရောင်းရဲတာလဲ" တဲ့]
ချူဟွား: [ခွီး]
ရှန်လုနှင့် အခြားသူများ: ခွီး.. ဟားဟားဟား။
...