အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
အခန်း (၂၉၁)
ဆိုဆောင်း အီလက်ထရောနစ်က CarOS ရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး ဆောင်း SB ကတော့ OTK ဘတ္ထရီတွေကို ထုတ်လုပ်တဲ့ TS ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဒီရှယ်ယာနှစ်ခုကို ဝယ်ယူတာက တကယ်တော့ CarOS နဲ့ TS ကုမ္ပဏီတို့မှာ သွယ်ဝိုက်ပြီး ရင်းနှီးမြှုပ်နှံတာနဲ့ အတူတူပါပဲ။
CarOS က လူမဲ့ ထရပ်ကားတွေကို မိတ်ဆက်ဖို့ အစီအစဉ်ရှိကြောင်း ကြေညာလိုက်တဲ့အခါ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာစျေးနှုန်းက နောက်တစ်ကြိမ် စံချိန်တင် မြင့်တက်သွားတယ်။ ထရပ်ကားတွေမှာ တပ်ဆင်ထားတဲ့ အမျိုးမျိုးသော အီလက်ထရောနစ် ပစ္စည်းအများစုကို ဆိုဆောင်း အီလက်ထရောနစ်ကပဲ ပံ့ပိုးပေးထားတာမလို့ အဲ့လို ရှယ်ယာစျေး တက်တာက သဘာဝကျပါတယ်။ အလိုအလျောက် မောင်းနှင်မယ့် မော်တော်ကားတွေ အသုံးပြုမှုက မျှော်လင့်ထားတာထက် ပိုမြန်လာတာကြောင့် Semiconductor စျေးကွက် အထွတ်အထိပ် ရောက်ပြီး ပြန်ကျသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။
ဆိုဆောင်း အီလက်ထရောနစ်ရဲ့ စျေးကွက်တန်ဖိုးက ဆက်တိုက် တိုးတက်နေပြီး ဆောင်း SB ကလည်း CL Chemical ကို ကျော်တက်ကာ ထိပ်တန်း ၅ ခုစာရင်းထဲ ဝင်လာခဲ့ပါတယ်။
ဒီရှယ်ယာနှစ်ခုကို စောစောစီးစီး ဝယ်ထားခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဝမ်းသာပျော်ရွှင်နေကြပြီး မဝယ်ဖြစ်ခဲ့တဲ့ သူတွေကတော့ နောင်တရပြီး သက်ပြင်းချနေကြပါပြီ။
စာရင်းဝင်ကုမ္ပဏီတွေရဲ့ တန်ဖိုးကို စျေးကွက်ထဲမှာ ပါဝင်သူတွေက သတ်မှတ်ကြတာပါ။ (ဒါက အမြဲတမ်း မှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး) တခြားတစ်ဖက်မှာတော့ စာရင်းမဝင်သေးတဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးကိုတော့ အခြေအနေ အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီး ခန့်မှန်းရုံပဲ တတ်နိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ အနီးစပ်ဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏကို စံနှုန်းအဖြစ် သတ်မှတ်လေ့ရှိတာပါ။ တကယ်လို့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်က ရှယ်ယာ ၅ ရာခိုင်နှုန်းကို ဒေါ်လာ ၁ သိန်းနဲ့ ဝယ်ခဲ့ရင် အဲဒီကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးကို ဒေါ်လာ ၂ သန်းလို့ သတ်မှတ်လိုက်တာမျိုးပါ။
ဒါပေမဲ့ CarOS ကတော့ မိခင်ကုမ္ပဏီဖြစ်တဲ့ OTK COMPANYကလွဲလို့ ပြင်ပက ဘာရင်းနှီးမြှုပ်နှံမှုမှ လက်မခံခဲ့ပါဘူး။ သူတို့ လက်ခံခဲ့တဲ့ တစ်ခုထဲသော ပြင်ပရင်းနှီးမြှုပ်နှံမှုက ဆိုဆောင်း အီလက်ထရောနစ်နဲ့ ရှယ်ယာချင်း လဲလှယ်ခဲ့တာပဲ ဖြစ်တာပါ။
ရန်ပုံငွေ မန်နေဂျာတွေက ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာစျေးနှုန်းကတစ်ဆင့် CarOS ရဲ့ တန်ဖိုးကို ခွဲခြမ်းစိတ်ဖြာခဲ့ကြတယ်။
နှစ်စပိုင်းတုန်းက CarOS ရဲ့ ခန့်မှန်းခြေ စျေးကွက်တန်ဖိုးက ဒေါ်လာ သန်းပေါင်း ၁၅၀,၀၀၀ ဝန်းကျင် ရှိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒေါ်လာ သန်းပေါင်း ၃၀၀,၀၀၀အထိ မြင့်တက်သွားပါပြီ။
ဒီပမာဏက Toyota၊ Nikola၊ GM၊ Ford နဲ့ Daimler AG တို့ရဲ့ စျေးကွက်တန်ဖိုး အားလုံးကို ပေါင်းထားတာထက် တောင် ပိုများနေပါတယ်။ ဒါက တန်ဖိုးဖြတ်လွန်းတာ ဒါမှမဟုတ် ဖောင်းပွနေတာလို့ ပြောတာတွေ ရှိပေမဲ့ အများစုရဲ့ တုံ့ပြန်မှုကတော့ ဒီလောက်ဆိုရင်တောင် တန်ပါသေးတယ်ဆိုတာပါပဲ။ AD1 နဲ့ AD2 တို့က အကြီးအကျယ် အောင်မြင်ခဲ့ပြီး လူမဲ့ ထရပ်ကားတွေကလည်း စီးပွားဖြစ် အသုံးပြုမယ့် အဆင့်ကို ရောက်ရှိနေပြီဖြစ်သလို လျှပ်စစ်ကားအသစ်တွေကိုလည်း နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
တခြားကုမ္ပဏီတွေနဲ့ မတူတာက CarOS မှာ ကိုယ်ပိုင်စက်ရုံတွေနဲ့ လက်အောက်ခံ ကုမ္ပဏီတွေကတစ်ဆင့် အလိုအလျောက် မောင်းနှင်မှု ဆော့ဖ်ဝဲလ်၊ လျှပ်စစ်ကားတွေနဲ့ ဘတ္ထရီတွေအထိ အရာအားလုံးကို တစ်ပါတည်း ထုတ်လုပ်နိုင်စွမ်း ရှိနေတာပါ။ ကျွမ်းကျင်သူတွေကတော့ လာမယ့်နှစ်မှာ CarOS ရဲ့ ရောင်းအားက ကားအစီးပေါင်း ၄ သန်းကျော်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
မော်တော်ကားလုပ်ငန်းဆိုတာ နိုင်ငံတိုင်းရဲ့ အဓိက လုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင် အများကြီး ဖန်တီးပေးထားတာပါ။ ဒါကြောင့် လူတိုင်းက နောက်ကျမကျန်ခဲ့အောင် အမြန် လှုပ်ရှားနေကြပါတယ်။
ဂျာမနီ၊ ဂျပန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ သူတို့ရဲ့ ပြည်တွင်း မော်တော်ကား ထုတ်လုပ်သူတွေကို လူမဲ့ကား မောင်းနှင်ခွင့် ယာယီပါမစ်တွေ ထုတ်ပေးခဲ့ကြတယ်။
ဒါပေမဲ့ CarOS ကို ယှဉ်နိုင်မယ့် ပြိုင်ဘက်ကတော့ ထင်ထင်ရှားရှား မရှိသေးပါဘူး။ ကျိုးမော်တာက နည်းပညာ ခိုးယူခံရမှု ဖြစ်စဉ်ပြီးနောက် ကားအသစ် မိတ်ဆက်ပွဲအားလုံးကို ရွှေ့ဆိုင်းထားခဲ့ရပြီး တချို့ကုမ္ပဏီတွေကတော့ ပထမဆုံး ဦးဆောင်သူဖြစ်မယ့် မဟာဗျူဟာကို စွန့်လွှတ်လိုက်ပြီး နောက်ကနေ အမြန်လိုက်မယ့် မဟာဗျူဟာကိုပဲ ရွေးချယ်လိုက်ကြတယ်။
CarOS ရဲ့ တန်ဖိုးကို ပြန်လည် သတ်မှတ်လိုက်တာနဲ့အမျှ OTK COMPANYရဲ့ စီအီးအို ကန်ဂျင်ဟူရဲ့ ချမ်းသာကြွယ်ဝမှုကလည်း အကြီးအကျယ် တိုးပွားလာခဲ့တယ်။ သူရဲ့ ခန့်မှန်းခြေ ပိုင်ဆိုင်မှုက ဒေါ်လာ သန်းပေါင်း ၃သိန်းခန့် ရှိနေပြီး ဒါက AMZ ရဲ့ စီအီးအို ဂျိတ်ဘိုင်ရွန်ထက် သုံးဆကျော် ပိုများနေသလို သမိုင်းဝင် သူဌေးကြီးတွေဖြစ်တဲ့ ဂျွန် ရော့ခ်ဖဲလား နဲ့ အင်ဒရူး ကာနက်ဂီ တို့နဲ့ ယှဉ်နိုင်မယ့် ပမာဏလည်း ဖြစ်ပါတယ်။
– ရူးစရာပဲ။ လူတစ်ယောက်ထဲက ဒီလောက် ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေတာ အဆင်ပြေလို့လား။
– ဒီလောက်ဆိုရင် အမေရိကန်က ဝင်ပါပြီး သူ့ကို နိုင်ငံသား ပြောင်းခိုင်းသင့်ပြီ။
– ဘာလို့ အဲလို လုပ်မှာလဲ။ ကန်ဂျင်ဟူရဲ့ ပိုင်ဆိုင်မှုတွေက တကယ်တော့ အမေရိကန်မှာပဲ ရှိနေတာလေ။
– သူ့ကို နာမည်ကလွဲရင် အမေရိကန်လူမျိုးလို့ပဲ သတ်မှတ်ရမယ်။
– ဒါပေမဲ့ သူက စစ်မှုထမ်းခဲ့တယ် မဟုတ်လား။
– ဒီအတိုင်းဆိုရင် ကန်ဂျင်ဟူ တစ်ယောက်ထဲနဲ့တင် ကိုရီးယားကို ထောက်ပံ့ထားနိုင်လောက်တယ်။
CarOS က လူမဲ့ ထရပ်ကားတွေကို စီးပွားဖြစ် အသုံးပြုတော့မယ့် သတင်းက ကမ္ဘာ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို တုန်လှုပ်သွားစေခဲ့တယ်။
အထူးသဖြင့် ကိုရီးယား တက္ကစီလုပ်ငန်းကတော့ အကြီးအကျယ် ပရမ်းပတာ ဖြစ်သွားခဲ့တာပါ။
Uberကနေ စတင်ခဲ့တဲ့ ကားမျှဝေစီးနင်းတဲ့ စနစ်က ကမ္ဘာ့ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ Uberအပြင် Left၊ Didi Chuxing နဲ့ Grab လိုမျိုး ကုမ္ပဏီ မြောက်မြားစွာက နိုင်ငံအသီးသီးမှာ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြတာပါ။
ကိုရီးယားမှာလည်း အလားတူ ကြိုးပမ်းမှု အမျိုးမျိုး ရှိခဲ့ဖူးပါတယ်။ Uberက ကိုရီးယားစျေးကွက်ထဲကို တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးပေမဲ့ တက္ကစီဒရိုင်ဘာတွေရဲ့ ကန့်ကွက်မှုနဲ့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေကြောင့် ပြန်ထွက်သွားခဲ့ရတယ်။
ဒါပေမဲ့ ဒါနဲ့ တင်ပြီးမသွားပါဘူး။ Startup ကုမ္ပဏီတွေက သယ်ယူပို့ဆောင်ရေး လုပ်ငန်းအက်ဥပဒေရဲ့ ချွင်းချက်တွေကို အသုံးချပြီး ကားမျှဝေစီးနင်းတဲ့ စျေးကွက်ထဲကို ခုန်ဝင်လာခဲ့ကြတယ်။
၁၁ ယောက်စီး ဒါမှမဟုတ် အဲဒီထက် ပိုများတဲ့ ငှားရမ်းကားတွေအတွက် ဒရိုင်ဘာ ပွဲစားလုပ်ပိုင်ခွင့် ပြုထားတဲ့ အချက်ကို အသုံးချပြီး ၁၁ ယောက်စီး ဗန်ကားတွေနဲ့ ဝန်ဆောင်မှု ပေးတာမျိုးတွေ လုပ်လာကြတာပါ။ တချို့ကုမ္ပဏီတွေကတော့ ရုံးတက်ရုံးဆင်းချိန်တွေမှာ အခကြေးငွေယူပြီး သယ်ယူပို့ဆောင် ခွင့်ပြုတဲ့ ချွင်းချက်ကို အသုံးချကာ ကားအတူစီးတဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးခဲ့ကြတယ်။
ဒီဝန်ဆောင်မှုတွေက ဥပဒေနဲ့ ညီညွတ်ပေမဲ့ တက္ကစီဒရိုင်ဘာတွေကတော့ ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြတာပါ။ NextK က ကားအတူစီးတဲ့ လုပ်ငန်းထဲ ဝင်ဖို့ ကြိုးစားတုန်းက တက္ကစီဒရိုင်ဘာတစ်ယောက်က ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြတဲ့အထိ ပြင်းထန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့ဖူးတယ်။
အစိုးရက အကြိမ်ကြိမ် စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ တက္ကစီလုပ်ငန်းဘက်က ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့တောင် ငြင်းဆန်ခဲ့ပါတယ်။ သူတို့က ကားမျှဝေစီးနင်းတာ၊ ကားအတူစီးတာ ဒါမှမဟုတ် တခြား ဘာကိုမဆို လုံးဝ လက်မခံနိုင်ကြပါဘူး။
နောက်ဆုံးတော့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြောင့် ဖိအားပေးခံရပြီး NextK က သူတို့ရဲ့ လုပ်ငန်းကို လောလောဆယ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ရတယ်။
အနည်းဆုံးတော့ နိုင်ငံရေးသစ်ပါတီက ဆွေးနွေးဖို့ ကြိုးစားတဲ့ ပုံစံမျိုး ဟန်ဆောင်ခဲ့ပေမဲ့ လေဘာပါတီက လွှတ်တော်အမတ်တွေကတော့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး တက္ကစီဒရိုင်ဘာတွေဘက်က ရပ်တည်ပေးခဲ့ကြတယ်။ ဒါတင်မကသေးဘဲ ကားအတူစီးခွင့် ပြုထားတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအက်ဥပဒေ ပုဒ်မ ၃၄၊ အပိုဒ်ခွဲ ၂ ကို လုံးဝ ပယ်ဖျက်ဖို့ ဥပဒေကြမ်းကို တင်သွင်းခဲ့ကြတာကြောင့် တက္ကစီဒရိုင်ဘာတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်။
တကယ်လို့ ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားရင် သက်ဆိုင်ရာ Startup တွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို လုံးဝ ပိတ်သိမ်းရတော့မှာပါ။
တစ်ကမ္ဘာလုံးကသာ ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုကို ခွင့်မပြုထားဘူးဆိုရင် ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများက ဒါကို ခွင့်ပြုထားပြီး တချို့ဆိုရင် ကုမ္ပဏီကြီးတွေအဖြစ် ကြီးထွားလာကာ သူတို့ စုဆောင်းထားတဲ့ အချက်အလက်တွေနဲ့ အရင်းအနှီးတွေကို သုံးပြီး အနာဂတ် မော်တော်ကား ပြိုင်ပွဲထဲကို ခုန်ဝင်နေကြပါပြီ။
ဒီလိုအခြေအနေမျိုးမှာ ကိုရီးယား တစ်နိုင်ငံထဲကပဲ Galapagosကျွန်း လိုမျိုး သီးခြား ကမ္ဘာကြီးအဖြစ် ကျန်ရစ်နေရမှာလား။
Didi Chuxing ကတော့ တရုတ်အသိုင်းအဝိုင်း ရှိတဲ့ ဒေသတွေကို အဓိကထားပြီး လုပ်ငန်းချဲ့ထွင်ဖို့ ရည်ရွယ်ချက်ကို ကြေညာထားပြီးပါပြီ။ တရုတ်ကမ္ဘာလှည့် ခရီးသွားတွေကို ပစ်မှတ်ထားပြီး ကိုရီးယားမှာပါ Didi Chuxing မောင်းနှင်ခွင့် ပါမစ်တောင်းဖို့ သူတို့ရဲ့ သဘောထားကို ပြောကြားခဲ့တယ်။
သူတို့ရဲ့ ရည်ရွယ်ချက်က တရုတ်ခရီးသွားတွေကတစ်ဆင့် ကိုရီးယားစျေးကွက်ထဲ ဝင်ဖို့ပါပဲ။ အစပိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်ခရီးသွားတွေကို ပစ်မှတ်ထားမှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ တခြားနိုင်ငံခြားသား ခရီးသွားတွေနဲ့ ကိုရီးယားမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေဆီ ဝန်ဆောင်မှု ချဲ့ထွင်ပြီး နောက်ဆုံးမှာတော့ ပြည်တွင်းလူမျိုးတွေအထိ တဖြည်းဖြည်း ချဲ့ထွင်သွားမှာပါ။
လက်ရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအက်ဥပဒေအရ နိုင်ငံခြားသားတွေအတွက် ဒရိုင်ဘာ ပွဲစားလုပ်တာက ဥပဒေနဲ့ ညီညွတ်ပါတယ်။ ဒါကြောင့် သူတို့ကို တားဆီးဖို့ ဥပဒေကြောင်းအရ မဖြစ်နိုင်ပါဘူး။
သက်ဆိုင်ရာ အပိုဒ်ခွဲကို ပယ်ဖျက်လိုက်ရုံပဲလို့ တွေးကောင်းတွေးနိုင်ပေမဲ့ တကယ်လို့ တရုတ်အစိုးရက ကလဲ့စားချေတဲ့အနေနဲ့ ကိုရီးယားကို အုပ်စုလိုက် ခရီးသွားလာခွင့် ပိတ်ပင်လိုက်ရင်ကော ဘာတွေဖြစ်ကုန်မလဲ။ အဲဒီအချိန်ကျရင်လည်း ဆက်ပြီး ကန့်ကွက်နေနိုင်ဦးမလား။
ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကြားထဲမှာပဲ အခုတော့ လူမဲ့ကားတွေပါ ပေါ်လာခဲ့ပါပြီ။ တက္ကစီတွေအတွက် ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုက ပြိုင်ဘက်ဆိုရင် လူမဲ့ကားတွေကတော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မယ့် သုတ်သင်သူတွေပါ။
သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မောင်းနှင်ပြီး အဝေးပြေးလမ်းမကြီးတွေကို အဓိက သုံးတဲ့ ထရပ်ကားတွေနဲ့ နှိုင်းယှဉ်ရင် တက္ကစီတွေက ခရီးသည် အတင်အချကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို လူရှုပ်တဲ့ မြို့ပြဒေသတွေနဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြားတွေထဲမှာ မောင်းနှင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အစပိုင်းမှာ ပြဿနာတချို့ ရှိရင်တောင် မကြာခင်မှာ ဖြေရှင်းနိုင်မှာဖြစ်ပြီး လူတွေကလည်း အမြန် အသားကျသွားကြမှာပါ။
အရာအားလုံးထက် ပိုဆိုးတာက လူမဲ့တက္ကစီတွေက ဒရိုင်ဘာ လုပ်အားခ ကုန်ကျစရိတ် မရှိတော့တာကြောင့် တက္ကစီခကို အကြီးအကျယ် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ လူမဲ့တက္ကစီတွေက လက်ရှိ တက္ကစီခရဲ့ ထက်ဝက်ပဲ ရှိတော့မယ်ဆိုရင် ဘယ်သူက လက်ရှိ တက္ကစီတွေကို စီးတော့မှာလဲ။
ဒါက တက္ကစီလုပ်ငန်း ပျက်သုဉ်းသွားမယ့် သဘောပါပဲ။
ဒါက တက္ကစီတွေတင် မကပါဘူး။ ထရပ်ကား၊ ဘတ်စ်ကား၊ ပါဆယ်ပို့ဆောင်ရေး စတဲ့ မောင်းနှင်ခြင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြတဲ့ နယ်ပယ်အားလုံးမှာ ဖြစ်လာမယ့်အရာပါ။ မြေအောက်ရထားတွေနဲ့ အမြန်ရထားတွေတောင် စိတ်မချရပါဘူး။
တက္ကစီလုပ်ငန်းကတော့ အထွေထွေ သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကားမျှဝေစီးနင်းတာနဲ့ လူမဲ့ကားတွေကို ဆန့်ကျင်ဖို့ အစိုးရကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြေညာခဲ့တယ်။
တက်ဂယူက ကျွန်တော့်ကို မေးတယ်။
“လူမဲ့ကားတွေကို CarOS တင်မကဘဲ တခြားကုမ္ပဏီတွေလည်း စမ်းသပ်မောင်းနှင်နေတာ ကြာပြီပဲ။ ဘာလို့ အခုမှ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာလဲ”
“အခုအချိန်ထိတော့ သူတို့က ဒီအပြောင်းအလဲကို တားဆီးနိုင်မယ် ဒါမှမဟုတ် ရှောင်လွှဲနိုင်မယ်လို့ ထင်ခဲ့ကြလို့ပေါ့ကွာ”
ဒါက ရေနွေးအိုးကို မီးဖိုပေါ် တင်ထားမှန်း အားလုံး သိနေကြပေမဲ့ ဘာမှ မပြင်ဆင်ထားဘဲ ရေဆူလာတော့မှ ပြာပြာသလဲ ဖြစ်နေကြတာနဲ့ တူတူပါပဲ။
တစ်နည်းအားဖြင့်ပြောရရင် တက္ကစီလုပ်ငန်းရဲ့ ကန့်ကွက်မှုက လူမဲ့ကားတွေရဲ့ ခေတ်က ရောက်ရှိနေပြီဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
ကိုရီးယားမှာ တက္ကစီလောက် ဖြေရှင်းရခက်တဲ့ ပြဿနာ မရှိပါဘူး။
လိုအပ်တာထက် ပိုများနေတဲ့ ပမာဏ၊ နိမ့်ကျတဲ့ တက္ကစီခ၊ တက္ကစီကုမ္ပဏီတွေရဲ့ စနစ်၊ အသက်ကြီးနေတဲ့ တက္ကစီဒရိုင်ဘာတွေ၊ ပြီးတော့ တက္ကစီကို အစားထိုးမယ့် ပြည်သူ့သယ်ယူပို့ဆောင်ရေး တိုးတက်လာမှု စတာတွေ ရှိနေပါတယ်။
အွန်လိုင်းမှာတော့ တက္ကစီ သပိတ်မှောက်မှုအပေါ် အမြင်တွေ ကွဲပြားနေကြတယ်။
– တခြားနိုင်ငံတွေမှာ ကားမျှဝေစီးနင်းတာတွေ လုပ်နေပြီး အလိုအလျောက် မောင်းနှင်တဲ့ လူမဲ့ကားတွေ သွားနေပြီပဲ။ ကိုရီးယား တစ်နိုင်ငံထဲကပဲ ပိတ်ပင်ထားတာက ကျိုးကြောင်းဆီလျော်ရဲ့လား။
– ဒါဆို တက္ကစီဒရိုင်ဘာတွေကို ဒီအတိုင်း သေခိုင်းလိုက်ရမှာလား။
– ဒါဆို နည်းပညာ တိုးတက်မှုကို ရပ်တန့်ထားရမှာလား။
– လက်ရှိ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့က ပထမဦးစားပေးပဲ။
– ဒါဆို Nokiaကို ကာကွယ်ဖို့အတွက် NPL ရဲ့ NPhone မိတ်ဆက်တာကို ပိတ်ပင်သင့်တာပေါ့။ စမတ်ဖုန်းတွေ ပေါ်လာပြီးနောက် ခလုတ်ဖုန်းအဟောင်းတွေ လုံးဝ ပျက်စီးသွားတာပဲလေ။
ကိုရီးယားရဲ့ တက္ကစီလုပ်ငန်းက လူဦးရေနဲ့ စီးပွားရေး အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် တော်တော်ကြီးမားပါတယ်။ တက္ကစီဒရိုင်ဘာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ မဲကို ထည့်တွက်ရင် မဲပေါင်း ၁ သန်း ရှိပါတယ်။
နိုင်ငံရေးသမားတွေက မဲကို ငဲ့ကွက်ပြီး ဝင်ပါကြတာကြောင့် ပြဿနာကို ဖြေရှင်းဖို့ ပိုလို့တောင် ခက်ခဲသွားစေပါတယ်။
တက္ကစီဒရိုင်ဘာတွေက ကြေညာထားတဲ့အတိုင်း အထွေထွေ သပိတ်မှောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြခဲ့ကြတယ်။ လေဘာပါတီက လွှတ်တော်အမတ်တွေကတော့ ဆန္ဒပြတဲ့နေရာတွေကို အပြေးအလွှား ရောက်လာခဲ့ကြတယ်။
“ကျွန်တော်တို့ပါတီက ကားအတူစီးခွင့်ပြုထားတဲ့ ချွင်းချက်ပုဒ်မကို အသေအချာ ပယ်ဖျက်ပေးပါမယ်”
“ကျွန်တော်တို့ပါတီက တက္ကစီဒရိုင်ဘာတွေနဲ့အတူ အဆုံးအထိ ရပ်တည်သွားမှာပါ”
“လေဘာပါတီက တက္ကစီလုပ်ငန်းကို ဖျက်ဆီးနေတဲ့ ဟိုချန်မင်း အစိုးရကို ရှုတ်ချပါတယ်။ အာဏာရပါတီက သာမန်ပြည်သူတွေကို သတ်ဖြတ်နေတာကို ချက်ချင်း ရပ်တန့်ရမယ်”
လွှတ်တော်အမတ် လီဂျောင်ဟွန်းက မိုက်ကရိုဖုန်းကို ကိုင်ပြီး စိတ်အားထက်သန်စွာနဲ့ အော်ဟစ်လိုက်တယ်။
“လူမဲ့ကားတွေက Hackလုပ်ခံရမယ့် အန္တရာယ်နဲ့ စက်ချို့ယွင်းမှု အန္တရာယ်တွေ အမြဲတမ်း ရှိနေတာပါ။ စက်ရုပ်က မောင်းတဲ့ကားကို ဘယ်လိုလုပ် ယုံကြည်လို့ရမှာလဲ။ တကယ်လို့ လူမဲ့ကားတွေ လမ်းပေါ်မှာ သွားလာနေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အဖိုးတန်တဲ့ သားသမီးတွေနဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလိမ့်မယ်”
တက္ကစီဒရိုင်ဘာတွေက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြပေမဲ့ လူအများစုရဲ့ တုံ့ပြန်မှုကတော့ မယုံကြည်နိုင်စရာ ဖြစ်နေပါတယ်။
– နေပါဦး၊ သူက သူ့ရဲ့ မဲဆန္ဒနယ်မြေမှာ မောင်းသူမဲ့ရထား ဆောက်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
– လူမပါဘဲ စက်ချည်းနဲ့ မောင်းတဲ့ ရထားကိုလည်း ဘယ်လိုလုပ် ယုံကြည်လို့ရမှာလဲ။
– မောင်းသူမဲ့ရထား ဆောက်တာကကော သူ့မဲဆန္ဒနယ်မြေက သားသမီးတွေနဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို မခြိမ်းခြောက်ဘူးလား။
– သမ္မတရွေးကောက်ပွဲတုန်းက အစိုးရက အလိုအလျောက် မောင်းနှင်မှု နည်းပညာ တိုးတက်ဖို့အတွက် ဝမ် သိန်းပေါင်း ၁ ကုဋေ ရင်းနှီးမြှုပ်နှံရမယ်လို့ ပြောခဲ့တာက ဘယ်သူလဲ။
– ကိုရီးယားက အနာဂတ် မော်တော်ကားကဏ္ဍကို ဦးဆောင်ရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
– ဒါက ‘လီဂျောင်ဟွန်းရဲ့ ရန်သူက လီဂျောင်ဟွန်း’ လို့ ပြောတာမျိုးပဲ။ သူ့ရဲ့ အကြီးဆုံး ရန်သူက သူကိုယ်တိုင်ပဲ။
– အခုကျတော့ လူမဲ့ကားတွေကို ဝေဖန်ပြီး တားဆီးဖို့ ကြိုးစားနေပြန်ပြီ။
တီဗီမှာ ဆန္ဒပြပွဲရဲ့ တိုက်ရိုက်မြင်ကွင်းတွေကို ထုတ်လွှင့်ပြသနေပါတယ်။ တက္ကစီဒရိုင်ဘာ အယောက် ၁ သိန်းကျော် စုဝေးပြီး ကြွေးကြော်သံတွေကို အော်ဟစ်နေကြတာပါ။ သူတို့ရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတာမလို့ လူတိုင်းက စိတ်အားထက်သန်နေကြပုံပါပဲ။
“စတူဒီယို အခန်းပိုင်ရှင်တွေတုန်းကလည်း စားဝတ်နေရေးနဲ့ သက်ဆိုင်နေခဲ့တာပဲလေ”
“သူတို့နဲ့ကတော့ နည်းနည်း ကွာခြားတာပေါ့”
အဲဒီလူတွေမှာ အဆောက်အဦးဆိုတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေပါသေးတယ်။ ပြီးတော့ အဆောင်တွေကို ကျောင်းသားအားလုံး ဆန့်အောင် ဆောက်တာ မဟုတ်တာကြောင့် အိမ်လစာ နည်းနည်းကျသွားရင်တောင် သူတို့တွေ ခံနိုင်ရည်ရှိမယ့် အဆင့်ပါပဲ။
ဒါပေမဲ့ တက္ကစီဒရိုင်ဘာတွေရဲ့ ဝင်ငွေကတော့ အခုကတည်းက နိမ့်ကျနေတာပါ။ တကယ်လို့ ကားမျှဝေစီးနင်းတာ ဒါမှမဟုတ် လူမဲ့ကားတွေကို ခွင့်ပြုလိုက်ရင် သူတို့ရဲ့ ဝင်ငွေက အဆိုးရွားဆုံး ဖြစ်သွားပါလိမ့်မယ်။
နည်းပညာ တိုးတက်မှုက လူသားတွေရဲ့ အလုပ်အကိုင်တွေကို လုယူသွားမှာကို စိုးရိမ်ပြီး အလုပ်သမားတွေဘက်က ကန့်ကွက်ခဲ့ကြတာက ရှေးယခင်ကတည်းက ရှိခဲ့တာပါ။
“Luddite movementတို့၊ ဂျွန်ဟင်နရီရဲ့ ပုံပြင်တို့လိုမျိုးပေါ့”
“Luddite movementဆိုတာတော့ ကြားဖူးသလိုပဲ။ ဒါနဲ့ ဂျွန်ဟင်နရီက ဘယ်သူလဲ။ ငါ့ယောက်ဖ ဟင်နရီနဲ့ ပတ်သက်နေလို့လား”
“…ပတ်သက်စရာလားဟ”
ဂျွန်ဟင်နရီရဲ့မိသားစုနာမည်က ဟင်နရီလေ။ တက်ဂယူရဲ့ယောက်ဖ ဟင်နရီရဲ့နာမည်က ဟင်နရီကတော့ မိသားစုနာမည်မဟုတ်တဲ့ နာမည်သက်သက်ပဲ။
“ဂျွန်ဟင်နရီဆိုတာက ၁၈၇၀ ပြည့်လွန်နှစ်တွေတုန်းက စက်ပစ္စည်းနဲ့ ပြိုင်ခဲ့တဲ့ လူမည်းအလုပ်သမားတစ်ယောက်ပဲ”
ဂျွန်ဟင်နရီက တခြားအလုပ်သမားတွေနဲ့အတူ ဥမင်လိုဏ်ခေါင်း တူးတဲ့အလုပ်ကို လုပ်ခဲ့တာပါ။ အလုပ်ရှင်က အသစ်ထုတ်လုပ်ထားတဲ့ လွန်ပူစက်ကို လုပ်ငန်းခွင်ထဲ သွင်းဖို့ ကြိုးစားတဲ့အခါ အလုပ်သမားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
အလုပ်သမားတွေက လူသားတွေက စက်ပစ္စည်းထက် ပိုမြန်ပြီး ပိုမိုပြည့်စုံအောင် လုပ်နိုင်တယ်လို့ အခိုင်အမာ ပြောခဲ့ကြပြီး ဒါကို သက်သေပြဖို့ စက်ပစ္စည်းနဲ့ ပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ပြိုင်ပွဲကတော့ တစ်နေရာထဲကနေ ဥမင်လိုဏ်ခေါင်းကို အတူတူ စတူးရမှာဖြစ်ပြီး ဘယ်ဘက်က အရင် ဖောက်ထွက်နိုင်မလဲဆိုတာ ပြိုင်ရတာပါ။ ဂျွန်ဟင်နရီက အလုပ်သမားတွေကို ကိုယ်စားပြုပြီး ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
လူတွေက တစ်ဖက်မှာ စောင့်ဆိုင်းရင်း သူတို့ကို အော်ဟစ်အားပေးခဲ့ကြတယ်။ နာရီဝက်ကြာ တိုက်ပွဲအပြီးမှာတော့ ဂျွန်ဟင်နရီက လွန်ပူစက်ထက် အရင် တောင်ကို ဖောက်ထွက်နိုင်ခဲ့တယ်။
ဒါကို မြင်ရတဲ့ အလုပ်သမားတွေက ဝမ်းသာအားရ လက်ခုပ်တီး အော်ဟစ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒါက သူ့ရဲ့ နောက်ဆုံး အခိုက်အတန့် ဖြစ်သွားခဲ့တာပါ။ ဂျွန်ဟင်နရီက သူ့ရဲ့ ခွန်အားအားလုံးကို သုံးလိုက်ရတာကြောင့် အဲဒီနေရာမှာတင် လဲကျ သေဆုံးသွားခဲ့တယ်။
တက်ဂယူက မျက်တောင်ခတ်ရင်း မေးတယ်။
“အဲ့ဒါက တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာလား”
“မူကွဲတွေ အများကြီး ရှိနေတာကို ကြည့်ရင် ဒါက ပုံပြင်တစ်ပုဒ် ဖြစ်ဖို့ ပိုများပါတယ်”
ဒါက နည်းပညာ တိုးတက်မှုကြောင့် ဖြစ်လာတဲ့ အလုပ်အကိုင် ပြဿနာတွေကို ဆွေးနွေးတဲ့အခါ မပါမဖြစ် ပါလာတတ်တဲ့ နာမည်ကြီး ပုံပြင်တစ်ပုဒ်ပါ။
ဒါက ပုံပြင်ပဲဖြစ်ဖြစ်၊ အမှန်တရားပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းကတော့ လူသားနဲ့ စက်ပစ္စည်းက အနည်းဆုံးတော့ ယှဉ်ပြိုင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ ဒါက လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဘယ်သူမှ မြေတူးစက်ထက် မြန်အောင် တူးဖို့ ဒါမှမဟုတ် ကွန်ပျူတာထက် မြန်အောင် တွက်ချက်ဖို့ စိန်မခေါ်ကြပါဘူး။
အရင်တုန်းကတော့ လူသားတွေပဲ လုပ်နိုင်တဲ့ သီးသန့် နယ်ပယ်တွေ ရှိသေးတယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ နည်းပညာ တိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းတွေက ဒီနယ်ပယ်တွေထဲကိုပါ ဝင်ရောက်လာနေပါပြီ။
မောင်းနှင်ခြင်း၊ ဆေးပညာ၊ ဥပဒေ၊ ဘဏ္ဍာရေး၊ ဖန်တီးမှု၊ ဘာသာပြန် စတာတွေပေါ့။
ဒါဆိုရင် ဆရာဝန်တွေရဲ့ အလုပ်အကိုင်ကို ကာကွယ်ဖို့အတွက် ဥာဏ်ရည်တု AI က ဆေးကုသပေးတာကို ပိတ်ပင်ထားရမှာလား။ သူတို့ရဲ့ ရောဂါရှာဖွေမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှု တိကျချက်က အထူးကု ဆရာဝန်တွေထက် အများကြီး ပိုမြင့်မားနေရင်တောင်မှ ပိတ်ပင်ရမှာလား။
လူမဲ့ကားတွေ တိုးပွားလာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေး ပတ်ဝန်းကျင်က အများကြီး ပိုကောင်းလာမှာဖြစ်ပြီး မတော်တဆမှု ဖြစ်နိုင်ခြေလည်း ပိုနည်းသွားမှာပါ။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလည်း အကြီးအကျယ် လျော့နည်းသွားပါလိမ့်မယ်။
ဒါတောင်မှ ကျွန်တော်တို့က လူမဲ့ကားတွေကို မိတ်မဆက်ဘဲ နေရမှာလား။
သူတို့တွေ ဘယ်လောက်ပဲ ကန့်ကွက်ပြီး တားဆီးပါစေ၊ တစ်ယောက်ယောက်ကတော့ ဒါကို အသေအချာ လုပ်ရမှာပဲလေ။
အင်္ဂလန်က ရေနွေးငွေ့အင်ဂျင်နဲ့ မော်တော်ကားကို တီထွင်ခဲ့ပေမဲ့ မြင်းလှည်းလုပ်ငန်းကို ကာကွယ်ဖို့အတွက် Red Flag Act (Red Flag Act - မော်တော်ကားတွေကို မြင်းလှည်းတွေထက် မြန်အောင် မမောင်းရတဲ့ ဥပဒေ) ကို ပြဋ္ဌာန်းခဲ့တယ်။
ရလဒ်က ဘာဖြစ်သွားခဲ့လဲ။ မော်တော်ကား တီထွင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အားလုံး ပြည်ပကို ထွက်ခွာသွားခဲ့ကြပြီး ဂျာမနီနဲ့ အမေရိကန်ရဲ့ မော်တော်ကား လုပ်ငန်းတွေက အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့တယ်။
အင်္ဂလန်က နောက်ကျမှ ဒီဥပဒေကို ပယ်ဖျက်ခဲ့ပေမဲ့ မော်တော်ကားလုပ်ငန်းရဲ့ ဦးဆောင်မှုက တခြားနိုင်ငံတွေဆီ ရောက်သွားခဲ့ပါပြီ။ ဗြိတိန် ကားအမှတ်တံဆိပ်တွေ အားလုံးက ပြည်ပကုမ္ပဏီတွေဆီ ရောင်းချလိုက်ရပြီး အင်္ဂလန်က ဥရောပမှာ မော်တော်ကား တင်သွင်းမှု အများဆုံး နိုင်ငံ ဖြစ်လာခဲ့တယ်။
သူတို့တွေ အသည်းအသန် ကာကွယ်ပေးခဲ့တဲ့ မြင်းလှည်းလုပ်ငန်းကလည်း ပျက်စီးသွားခဲ့ပြီး မြင်းလှည်းမောင်းသမားတွေ အားလုံး အလုပ်ပြုတ်သွားခဲ့ကြတယ်။
တက်ဂယူက လက်ပိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
“ဒီကိစ္စက ခက်ခဲတဲ့ ပြဿနာပဲ။ ဒါဆို ဘယ်လိုဖြေရှင်းမလဲ”
“ငါလည်း မသိဘူး”
ကျွန်တော် ခေါင်းခါပြလိုက်တဲ့အခါ တက်ဂယူက အံ့ဩသွားတယ်။
“ဘာလဲဟ။ မင်းမှာ ဖြေရှင်းချက် အားလုံး အဆင်သင့် ရှိနေတာ မဟုတ်ဘူးလား”
“……”
ကုမ္ပဏီတစ်ခုထဲအနေနဲ့ လုပ်နိုင်တာက အကန့်အသတ် ရှိတာကြောင့် အစိုးရနဲ့ ကုမ္ပဏီတွေ ပူးပေါင်းပြီး ပြဿနာကို အတူတူ ဖြေရှင်းရမှာပါ။
ကံကောင်းတာက အမေရိကန်ကတော့ ဒီပြဿနာအတွက် အမြဲတမ်း ပြင်ဆင်နေခဲ့တယ်။ CarOS က အလုပ်ပြုတ်သွားမယ့် ထရပ်ကားဒရိုင်ဘာတွေကို ကူညီဖို့ ရန်ပုံငွေတစ်ခု ဖန်တီးမယ့် အစီအစဉ်အပြင် အလုပ်လက်မဲ့ဖြစ်သွားသူတွေကို ဦးစားပေး ခန့်အပ်မယ့် အစီအစဉ်ကို ကြေညာခဲ့တယ်။ ပြီးတော့ ရိုနယ် ကလည်း ဖက်ဒရယ်အဆင့် အလုပ်အကိုင်ဆိုင်ရာ အစီအမံတွေကို ညွှန်ကြားထားပါတယ်။
ဒါပေမဲ့ ကိုရီးယားမှာတော့ ဘာအစီအမံမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးလောကက အခုထိ မဲတွက်တဲ့ ကစားပွဲကိုပဲ ကစားရင်း လူတွေရဲ့ အခြေအနေကိုပဲ စောင့်ကြည့်နေခဲ့ကြလို့ပါ။
(Luddite movement ဆိုတာ ၁၉ ရာစုအစောပိုင်း (၁၈၁၁-၁၈၁၆ ခုနှစ်ဝန်းကျင်) က အင်္ဂလန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ စက်မှုတော်လှန်ရေးကို ဆန့်ကျင်တဲ့ အလုပ်သမားလှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။
အဲဒီခေတ်က အထည်အလိပ်စက်ရုံတွေမှာ ရက်ကန်းစင်တွေ၊ စက်ကိရိယာတွေ အကြီးအကျယ် စတင်အသုံးပြုလာတဲ့အတွက် လက်မှုပညာသည်တွေနဲ့ အလုပ်သမားတွေဟာ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်ကြပြီး လုပ်ခလစာတွေလည်း အနှိမ်ခံခဲ့ရတယ်။ ဒါကြောင့် စိတ်ဆိုးဒေါသထွက်နေတဲ့ အလုပ်သမားတွေဟာ အုပ်စုဖွဲ့ပြီး စက်ရုံတွေကို ဝင်ရောက်စီးနင်းကာ စက်ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတဲ့ လှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြတာပါ။)
ဆန္ဒပြပွဲ ပြီးဆုံးသွားတဲ့အခါ တက္ကစီဒရိုင်ဘာတွေက ဆိုဂန်းတံတားဆီကို ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြတာမှာ ရုန်းရင်းဆန်ခတ်မဖြစ်ရအောင် လမ်းတစ်လမ်းကို လုံးဝ ပိတ်ဆို့ထားခဲ့ရတယ်။
ဒါပေမဲ့ ရုတ်တရက် မျှော်လင့်မထားတဲ့ အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တချို့ တက္ကစီဒရိုင်ဘာတွေက ဘာလုံခြုံရေး ပစ္စည်းမှမပါဘဲ တံတားရဲ့ လက်တန်းအခုံးပေါ်ကို တက်သွားကြပြီး နဖူးစည်းတွေကို ဖြန့်ကာ အော်ဟစ်ခဲ့ကြတယ်။
“ကန်ဂျင်ဟူကို ခေါ်ပေး။ မဟုတ်ရင် ကျွန်တော်တို့ တံတားပေါ်ကနေ ခုန်ချပစ်မယ်”
အခန်း (၂၉၂)
တက္ကစီဒရိုင်ဘာ သုံးယောက်က ဆိုးဂန်းတံတားရဲ့ လက်တန်းအခုံးပေါ်ကို တက်သွားကြတယ်။
သူတို့ ဖြန့်ချလိုက်တဲ့ နဖူးစည်းစာတန်းမှာတော့ ‘တက္ကစီလုပ်ငန်း ရှင်သန်ပိုင်ခွင့်ကို ကာကွယ်ပေးကြ။ ကားမျှဝေစီးတဲ့စနစ်ကို မောင်းထုတ်ကြ။ မောင်းသူမဲ့ယာဉ်တွေကို ဖျက်သိမ်းကြ’ လို့ ရေးထားပါတယ်။
သူတို့ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက် ဒရိုင်ဘာတွေနဲ့ ရဲတွေကပါ ဆင်းလာဖို့ ဖျောင်းဖျကြပေမဲ့ သူတို့ကတော့ ဆက်ပြီး အော်ဟစ်နေတုန်းပါပဲ။
"ကန်ဂျင်ဟူကို ခေါ်ပေး။ ကန်ဂျင်ဟူနဲ့ မျက်နှာချင်းဆိုင် စကားပြောမယ်”
ဆန္ဒပြပွဲကို ထိန်းသိမ်းနေတဲ့ ရဲတွေက သူတို့ဆီ တက်သွားဖို့ ကြိုးစားပေမဲ့ မြစ်ထဲ ခုန်ချမယ်လို့ ခြိမ်းခြောက်တာကြောင့် ရပ်လိုက်ရတယ်။
တချို့ မီဒီယာတွေဆိုရင် ဒရုန်းတွေလွှတ်ပြီး အခြေအနေကို တိုက်ရိုက်ထုတ်လွှင့်နေကြတာပါ။
သတင်းကို ကြည့်ရင်း တက်ဂယူက လက်ပိုက်ပြီး ပြောလိုက်တယ်။
"ဒါနဲ့ သူတို့က ဘာလို့ မင်းကို ဒီလိုလာလုပ်နေကြတာလဲ။ မင်းက ကိုရီးယားမှာ မောင်းသူမဲ့ တက္ကစီတွေကို ချက်ချင်းမိတ်ဆက်မယ်လို့ ကြေညာထားတာလည်း မဟုတ်ဘဲနဲ့”
"ဟင်”
သူတို့က ပြဿနာတစ်ခု ဖန်တီးဖို့ ကျွန်တော့်ကို ဆွဲသွင်းချင်နေကြတာလား။ စဉ်းစားကြည့်ရင် ကိုရီးယားမှာ ကျွန်တော့်လောက် အဆဲခံရတဲ့သူ မရှိသလောက်ပါပဲ။ တံတားလက်တန်းအခုံးပေါ်မှာ ဆန္ဒပြနေတဲ့သူတွေက ကျွန်တော်မလာရင် ခုန်ချမယ်လို့ အော်နေကြတုန်းပါပဲ။ အဲလိုပြောနေပေမဲ့လည်း ဘာမှမဖြစ်ဘဲ ပြီးသွားမှာပါ၊ ဟုတ်တယ်မလား။
အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲကို တစ်ခုခု ဖျတ်ခနဲ ဝင်လာတယ်။
– ကန်ဂျင်ဟူက ဆိုးဂန်းတံတားပေါ်ကနေ သေကြောင်းကြံစည်မယ့်သူကို ကယ်တင်လိုက်သည် –
"……"
ဒါက ဘာလဲ။ သေကြောင်းကြံစည်မယ့်သူ ရှိလာတော့မှာမလို့ ကျွန်တော့်ကို သွားကယ်စေချင်တာလား။ ကျွန်တော် သွားမကယ်ရင် ဘာဖြစ်မှာလဲ။
ကျွန်တော် သတိပြန်ဝင်လာတော့ တက်ဂယူက မေးတယ်။
"နတ်မျက်စိက ဘာပြောလဲ။ သူက မင်းကို ဘယ်မှာ ရင်းနှီးမြှုပ်နှံစေချင်လို့လဲ”
ကျွန်တော် ကုတ်အင်္ကျီကို ကောက်ကိုင်လိုက်တယ်။
"ခဏနေ ပြန်လာခဲ့မယ်”
"ဘယ်သွားမလို့လဲ”
ကျွန်တော် တီဗီဖန်သားပြင်ကို ညွှန်ပြလိုက်တယ်။
"ဟိုနေရာကိုသွားမလို့”
တက်ဂယူက မယုံနိုင်သလို မေးတယ်။
"မင်းက အဲ့ဒီတံတားဆီကို ဘာလို့ သွားမှာလဲ”
"ငါမလာရင် ခုန်ချမယ်လို့ ပြောနေကြတာလေ။ လူအသက်ကို အရင် ကယ်ရမယ်”
"ဟေ့ကောင်ရေ။ သူတို့က တကယ်ကြီး အဲဒီအမြင့်ကြီးကနေ ခုန်ချမှာ မဟုတ်ပါဘူးဟ”
"သူတို့ တကယ် ခုန်ချကြလိမ့်မယ်”
ကျွန်တော် သက်ပြင်းချပြီး အခုလေးတင် မြင်လိုက်ရတဲ့ အနာဂတ်နိမိတ်အကြောင်း ပြောပြလိုက်တော့ တက်ဂယူ လန့်သွားတယ်။
"မင်း သူတို့ကို ဘယ်လို ကယ်မှာလဲ။ ဘယ်လိုလုပ်မှာလဲ”
"ငါ သူတို့ကို ဖျောင်းဖျနိုင်မလား ကြိုးစားကြည့်မယ်လေ”
မထွက်ခွာခင်မှာ ကျွန်တော် ဖုန်းကိုယူပြီး အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ကို ညွှန်ကြားလိုက်တယ်။
"အခု သတင်းထဲက လူတွေအကြောင်းကို ကျေးဇူးပြုပြီး စုံစမ်းပေးပါ”
ကျွန်တော် ကားမောင်းရင်း စဉ်းစားနေမိတယ်။
နည်းပညာတွေ တိုးတက်လာရင် လူတွေက အလုပ်ကနေ လွတ်မြောက်ကြလိမ့်မယ်လို့ အရင်က ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို နည်းပညာတွေ ထွန်းကားနေတဲ့ ကမ္ဘာကြီးမှာ လွတ်မြောက်ဖို့ နေနေသာသာ လူတွေက ပိုပြီးတောင် ကြိုးစားပမ်းစား အလုပ်လုပ်နေကြရတာပါ။
စက်မှုခေတ်ရဲ့ ပြိုင်ဆိုင်မှုတွေလိုပဲ ဒီနေ့ခေတ် အလုပ်သမားတွေကလည်း စက်ပစ္စည်းတွေထက် ပိုတော်ကြောင်း သက်သေပြဖို့ ရုန်းကန်နေကြရပါတယ်။
Fast food ဆိုင်က အချိန်ပိုင်းအလုပ်သမားတွေက အလိုအလျောက်ငွေချေစက်တွေနဲ့ ပြိုင်နေရပြီး၊ စက်ရုံအလုပ်သမားတွေက ထုတ်လုပ်ရေး ရိုဘော့တွေနဲ့၊ သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေကတော့ မောင်းသူမဲ့ယာဉ်တွေနဲ့ ပြိုင်ဆိုင်နေကြရတယ်။ ဘဏ္ဍာရေးကဏ္ဍကလည်း ချွင်းချက်မဟုတ်ပါဘူး။ ကုမ္ပဏီတန်ဖိုး သတ်မှတ်တာနဲ့ ဘဏ္ဍာရေးရှင်းတမ်း ဆန်းစစ်ချက်တွေမှာ ဉာဏ်ရည်တု AI ကို မိတ်ဆက်နေတာကြောင့် Analyst တွေနဲ့ Fund Manager တွေရဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေပါပြီ။
တကယ်လို့ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် အလုပ်လက်မဲ့ ဖြစ်ရမယ့် ပြစ်ဒဏ်က စောင့်ကြိုနေမှာပါ။
ဒါက ကိုရီးယားမှာ ရှိနေတဲ့ ပြဿနာတွေကို အထင်အရှား ပြသနေတာပါပဲ။
ပထမတစ်ခုက လူမှုဖူလုံရေး ကာကွယ်မှုစနစ် အားနည်းတာဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ အလုပ်အကိုင် ရှားပါးမှုပါပဲ။ အလုပ်လက်မဲ့ဖြစ်ရင် အကာအကွယ်ပေးမယ့် စနစ်မရှိတော့ အလုပ်ပြုတ်တာနဲ့ ချက်ချင်း ဆင်းရဲမွဲတေမှုဒဏ်ကို ခံရနိုင်ပြီး အလုပ်ရှာရတာလည်း ခက်ခဲတာကြောင့် အလုပ်အသစ် ပြန်ရဖို့က မလွယ်ကူပါဘူး။
လူတိုင်း ဘာကြောင့် ဒီလောက်အထိ အသည်းအသန် တိုက်ပွဲဝင်နေကြရလဲဆိုတာ မဆန်းပါဘူး။
မူလကတော့ ဆန္ဒပြပွဲပြီးရင် ကားလမ်းတွေကို ပြန်ဖွင့်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ အမြင့်ပေါ်တက်ပြီး ဆန္ဒပြနေတာကြောင့် လမ်းပိတ်ဆို့မှုက ဆက်ရှိနေတုန်းပါပဲ။
ရုံးဆင်းချိန်လည်း နီးလာပြီဖြစ်လို့ ဒီအတိုင်းသာ ဆက်သွားရင် ပတ်ဝန်းကျင် သွားလာမှုတွေ အကုန်လုံး ပိတ်ကုန်ပါလိမ့်မယ်။
ကျွန်တော် ကားပေါ်က ဆင်းလိုက်တော့ ပတ်ဝန်းကျင်က လူတွေ လန့်သွားကြတယ်။
"ခ-ခဏနေဦး။ ဟိုလူက…"
"ကန်ဂျင်ဟူ ထင်တယ်နော်”
"ဘာလဲဟ။ သူ တကယ်ကြီး ဒီကို ရောက်လာတာလား”
သတင်းယူနေတဲ့ မီဒီယာတွေ အားလုံးက ကင်မရာတွေကို ကျွန်တော့်ဆီ လှည့်လာကြတယ်။
"စီအီးအို ကန်ဂျင်ဟူခင်ဗျာ။ စကားတစ်ခွန်းလောက် ပြောပေးပါဦး”
"ကိုရီးယားမှာ မောင်းသူမဲ့ယာဉ်တွေ မိတ်ဆက်ဖို့ အစီအစဉ် ရှိပါသလား”
"တက္ကစီလုပ်ငန်းရဲ့ ကန့်ကွက်မှုအပေါ် ဘာများပြောချင်ပါသလဲ”
သက်တော်စောင့်တွေက တိုးဝှေ့လာတဲ့ သတင်းထောက်တွေကို လူကိုယ်တိုင် ပိတ်ဆို့ပေးထားရတယ်။ ကျွန်တော် လူတွေ့မေးမြန်းမှုတွေကို လျစ်လျူရှုပြီး တံတားဆီ ဦးတည်လိုက်တယ်။
တီဗီမှာ အခုလေးတင် မြင်ခဲ့ရတဲ့ မြင်ကွင်းက ကျွန်တော့်မျက်စိရှေ့မှာတင် ဖြစ်ပျက်လာပါတယ်။
ကျွန်တော် မိုက်ခရိုဖုန်းကနေ ပြောလိုက်တယ်။
"မင်္ဂလာပါ၊ ကျွန်တော် ကန်ဂျင်ဟူပါ။ ခေါ်လို့ ကျွန်တော် ရောက်လာပါပြီ”
တံတားလက်တန်းအခုံးပေါ်မှာ ဆန္ဒပြနေတဲ့ တက္ကစီဒရိုင်ဘာတွေ ယောင်ချာချာ ဖြစ်သွားကြတယ်။ ကျွန်တော် တကယ်ကြီး ရောက်လာလိမ့်မယ်လို့ သူတို့ မထင်ထားကြတာ နေမှာပါ။
အလုပ်သမားတွေ ဆန္ဒပြပြီး အလုပ်ရှင်ကို ထွက်လာဖို့ အော်ဟစ်တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိပေမဲ့ အလုပ်ရှင်က တကယ်ကိုယ်တိုင် ပေါ်လာတာမျိုးက ရှားပါတယ်။
ခဏအကြာမှာတော့ အပေါ်ကနေ အော်သံထွက်လာတယ်။
"ကျွန်တော်တို့ ဘာဆွေးနွေးမှုမှ လုပ်မှာမဟုတ်ဘူး”
ကျွန်တော့်ကို လာဖို့ အော်နေပြီးတော့ အခုရောက်လာတော့လည်း ဒါက ဘာသဘောလဲ။
စိတ်အနှောင့်အယှက် ဖြစ်မိပေမဲ့ ဒေါသထွက်ရင် သူတို့ တကယ် ခုန်ချနိုင်တာမလို့ ကျွန်တော် တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
"မျက်နှာချင်းဆိုင် စကားပြောချင်တာမလား။ အရင် ဆင်းလာခဲ့ပါ၊ ပြီးမှ စကားပြောကြတာပေါ့”
"ကျွန်တော်တို့ တောင်းဆိုချက်တွေကို မလိုက်လျောမချင်း ဘယ်တော့မှ ဆင်းမှာမဟုတ်ဘူး”
သူတို့တွေက လွယ်လွယ်နဲ့ ဆင်းလာမယ့်ပုံ မပေါ်ဘူး။
"ခင်ဗျားတို့ရဲ့ တောင်းဆိုချက်က ဘာလဲ”
"တက္ကစီလုပ်ငန်းရဲ့ ရှင်သန်ခွင့်ကို အာမခံဖို့အတွက် မောင်းသူမဲ့ယာဉ်ကို တီထွင်ထားတဲ့ CarOS ကို စတော့ဈေးကွက်ကနေ ချက်ချင်း ပယ်ဖျက်ပေးရမယ်”
ကျွန်တော် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။
"CarOS က စတော့ဈေးကွက်မှာ စာရင်းသွင်းထားတာ မဟုတ်ပါဘူး။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုပါ။ စာရင်းတောင် မသွင်းရသေးတဲ့ ကုမ္ပဏီကို ဘယ်လိုလုပ် ပယ်ဖျက်လို့ ရမှာလဲ”
"အာ… ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ တောင်းဆိုချက်ကို လက်မခံရင် ခုန်ချမယ်”
သူတို့နဲ့ စကားပြောဖို့က မဖြစ်နိုင်တော့ပါဘူး။
ရဲအရာရှိတစ်ယောက်က အနားကို ကပ်လာပြီး ပြောတယ်။
"ကျွန်တော်တို့ သူတို့ကို ဖျောင်းဖျနေတာ နှစ်နာရီရှိပြီ၊ ဒါပေမဲ့ မထူးခြားဘူးဗျ။ သူတို့က စိတ်လိုက်မာန်ပါ တက်သွားတာဆိုတော့ အားကုန်သွားရင် ဆင်းလာကြလိမ့်မယ်”
အဲလိုပဲ မျှော်လင့်ရမှာပဲ၊ ဒါပေမဲ့ အဲဒါမတိုင်ခင် တစ်ယောက်ယောက် ခုန်ချမှာကို စိုးရိမ်ရပါတယ်။
စကားပြောရုံနဲ့ သူတို့ကို တကယ် ကယ်တင်နိုင်ပါ့မလား။
ကျွန်တော့်ပတ်ဝန်းကျင်က ကင်မရာအမြောက်အမြားက ကျွန်တော့်ဆီ ဦးတည်နေကြတယ်။ ကျွန်တော့်မျက်နှာကို အခု တိုက်ရိုက်ထုတ်လွှင့်နေလောက်ပါပြီ။ ဖုန်းကလည်း စောစောကတည်းက မရပ်မနား မြည်နေတာပါ။ ဖုန်းခေါ်ဆိုမှုတွေကို နောက်မှ ဖြေရှင်းဖို့ ဆုံးဖြတ်ပြီး အသံပိတ်ထားလိုက်တယ်။
ကျွန်တော် သူတို့ကို ကယ်နိုင်မှာပါ၊ ဟုတ်တယ်မလား။
"ခင်ဗျားတို့ မဆင်းရင် ကျွန်တော် တက်လာခဲ့မယ်။ အပေါ်မှာပဲ စကားပြောကြတာပေါ့”
ကျွန်တော့်စကားကြောင့် ပတ်ဝန်းကျင်က လူတွေ အံ့ဩသွားကြတယ်။
သက်တော်စောင့် အဖွဲ့ခေါင်းဆောင် လီချောဂျင်က ပြောတယ်။
"အဲလိုလုပ်လို့မဖြစ်ပါဘူး။ စီအီးအို”
"သူတို့ ကျွန်တော့်ကို တွန်းချလိမ့်မယ်လို့ ခင်ဗျား ထင်လို့လား”
"သူတို့ အဲလိုလုပ်မှာ မဟုတ်ပေမဲ့ ဘာမဆို ဖြစ်သွားနိုင်ခြေ အနည်းငယ်တော့ ရှိပါတယ်။ အဲလို အခြေအနေမျိုးမှာ စီအီးအိုကို ကာကွယ်ဖို့က ကျွန်တော့်အလုပ်ပါ”
"ဒါပေမဲ့ တစ်ယောက်ယောက် တကယ် ခုန်ချမှာကိုတော့ တားရမယ်မလား”
ကျွန်တော့်ကို တားဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ကျွန်တော်က လုံးဝ အလျှော့မပေးတာကြောင့် အဖွဲ့ခေါင်းဆောင် လီချောဂျင်က မတတ်သာတဲ့အဆုံး ပြောလိုက်တယ်။
"ဒါဆို ကျွန်တော်ပါ အတူတူ လိုက်ခဲ့ပါ့မယ်”
"သေချာလို့လား။ ခင်ဗျားမှာ မိသားစု ရှိတယ်လေ”
သူက ခပ်ဖွဖွ ရယ်ပြီး ပြန်ပြောတယ်။
"သူတို့က ကျွန်တော့်ကို တွန်းချလိမ့်မယ်လို့ စီအီးအို ထင်လို့လား”
ကျွန်တော်လည်း ရယ်လိုက်မိတယ်။
"မထင်ပါဘူး”
"ပြီးတော့ ကျွန်တော့်ကို လစာပေးတဲ့ အလုပ်ရှင်ကို ကာကွယ်ခြင်းအားဖြင့် ကျွန်တော့်မိသားစုကိုလည်း ကာကွယ်နိုင်တာပဲ မဟုတ်ဘူးလား”
"ဒါဆို အတူတူ သွားကြတာပေါ့”
ပတ်ဝန်းကျင်က လူတွေနဲ့ ရဲတွေရဲ့ တားဆီးမှုကြားကပဲ အဖွဲ့ခေါင်းဆောင် လီချောဂျင်နဲ့ ကျွန်တော်က တံတားလက်တန်းအခုံးပေါ်ကို တက်ခဲ့ကြတယ်။
ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် သေချာမသိတော့ပါဘူး။
ဟန်မြစ်တံတားတွေကို အကြိမ်ကြိမ် ဖြတ်သန်းဖူးပေမဲ့ ဒီလောက်အမြင့်ကြီးအထိ တက်ဖူးတာ ဒါပထမဆုံးပါပဲ။
လူတွေက ရေမရှိရင် မရှင်သန်နိုင်သလိုပဲ၊ အဓိက မြို့ကြီးအများစုကလည်း မြစ်တွေကို အမှီပြုပြီး ဖြစ်တည်လာကြတာပါ။ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ မြစ်ရှိတဲ့ မြို့မျိုးကတော့ ရှားပါတယ်။ အတိအကျ ပြောရရင် ဂန်နမ်က အရင်တုန်းက ဆိုးလ်မြို့ရဲ့ အပြင်ဘက်မှာ ရှိခဲ့တာ ဖြစ်ပေမဲ့ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြို့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာပါ။
နေဝင်ခါနီးအချိန်မလို့ ဟန်မြစ်က တဖြည်းဖြည်း ရဲရဲနီလာတယ်။ တံတားပတ်ဝန်းကျင်မှာ ဖြန့်ကျက်နေတဲ့ ဂန်နမ်နဲ့ ဂန်ဘတ်ရဲ့ ရှုခင်းက ပန်းချီကားတစ်ချပ်လိုပါပဲ။
ဒီအပေါ်ကနေ ကြည့်ရင် တကယ်ကို လှပလွန်းပါတယ်။ ဒါပေမဲ့ အောက်ကို ငုံ့ကြည့်လိုက်တာနဲ့ အဲဒီအတွေးက အကုန်ပျောက်သွားတယ်။ အဝေးကြီးမှာ ရှိနေတဲ့ မြစ်ရေပြင်က လှိုင်းထနေတာ မြင်နေရတယ်လေ။
ကျွန်တော့်မှာ အရင်က မရှိခဲ့ဖူးတဲ့ အမြင့်ကြောက်ရောဂါတောင် ဝင်လာသလိုပါပဲ။ ဒါမှမဟုတ် ဒီလောက်အမြင့်မှာ ကြောက်စိတ်ဝင်တာက သဘာဝပဲလား။
အမြင့်ပေါ်တက်ပြီး ဆန္ဒပြနေတဲ့ တက္ကစီဒရိုင်ဘာတွေက အံ့ဩသွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြတယ်။
"ဒါ-ဒါက ဘာလုပ်တာလဲ”
"သူ တကယ်ကြီး တက်လာတာလား”
ကျွန်တော် သူတို့ကို ကြည့်ပြီး ပြောလိုက်တယ်။
"ပထမဆုံး အချက်တစ်ခု မေးပါရစေ။ ဒီအပေါ်ကို တက်လာတာ ခင်ဗျားတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် ကုမ္ပဏီက ခိုင်းတာလား”
သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က မျက်နှာနီမြန်းပြီး အော်တယ်။
"ခ-ခင်ဗျား ဘာတွေ ပြောနေတာလဲ”
ဒီကို မလာခင်မှာ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်ဆီက ဖုန်းလက်ခံရရှိခဲ့တာ ဖြစ်ပြီး ဒီလူတွေအားလုံးက တက္ကစီကုမ္ပဏီတစ်ခုထဲက ဖြစ်နေကြတာပါ။ နဖူးစည်းစာတန်းကိုပါ ယူလာတယ်ဆိုကတည်းက စိတ်လိုက်မာန်ပါ လုပ်တာမဟုတ်ဘဲ ကြိုတင်စီစဉ်ထားတာ ထင်ရှားပါတယ်။
အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်က အဲဒီအချိန်တိုလေးအတွင်းမှာ ဒီနဖူးစည်းစာတန်းကို ပြုလုပ်တဲ့ ကုမ္ပဏီကို ရှာဖွေတွေ့ရှိခဲ့တယ်။ မေးမြန်းကြည့်တဲ့အခါမှာတော့ အံ့ဩစရာကောင်းလောက်အောင် ကုမ္ပဏီဥက္ကဌကိုယ်တိုင် အော်ဒါမှာခဲ့ပြီး စာသားတွေကိုပါ ကိုယ်တိုင် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ကျွန်တော့်စကားကြောင့် ကျန်တဲ့နှစ်ယောက်က အကွက်ထဲ ကွင်းကွင်းကွက်ကွက် တိုးသွားသလိုမျိုး ဆင်ခြေပေးကြတယ်။
"ကုမ္ပဏီက ခိုင်းတယ်ဆိုတာထက်…"
"အဲဒါထက်… သူတို့က ဒီလိုလုပ်ရင် OTK COMPANYက သိပ္ပံလောကကို ထောက်ပံ့သလိုမျိုး တက္ကစီလုပ်ငန်းကိုလည်း ထောက်ပံ့ ပေးနိုင်တယ်လို့ ပြောလို့ပါ…"
ဒါဆို ကုမ္ပဏီက သူတို့ကို တကယ် ခိုင်းလိုက်တာပေါ့။
တက္ကစီကုမ္ပဏီတွေရော၊ တက္ကစီဒရိုင်ဘာတွေပါ အကျိုးအမြတ် လျော့နည်းလာမှာကို စိုးရိမ်နေကြတာ ဖြစ်မှာပါ။
"သူတို့တွေ ခင်ဗျားတို့ကို ခုန်ချဖို့အထိတော့ မခိုင်းထားပါဘူး၊ ဟုတ်တယ်မလား”
"အဲဒါကတော့… ဥက္ကဌက လူတွေသတိထားမိအောင် ဒီလောက်အထိတော့ သရုပ်ဆောင်ပြရမယ်လို့ ပြောတာပဲ”
"ရေထဲကို ခုန်ချတာဆိုတော့ ဘာပဲဖြစ်ဖြစ် ဘေးကင်းတယ်၊ ပတ်ဝန်းကျင်မှာလည်း လူတွေအများကြီးဆိုတော့ ချက်ချင်း လာကယ်ကြလိမ့်မယ်တဲ့”
ဒါက ဘယ်လို ရူးကြောင်ကြောင် စကားလဲ။
ကျွန်တော် မယုံနိုင်သလို ပြောလိုက်တယ်။
"ခင်ဗျားတို့ ရေပြင်ရဲ့ ရိုက်ခတ်မှုအားကို ထည့်မတွက်ထားဘူးလား။ ဒီလောက်အမြင့်ကနေ ခုန်ချရင် ရေပြင်နဲ့ ထိမိတဲ့အချိန်မှာ ခန္ဓာကိုယ် အရိုးကျိုးတာ ဒါမှမဟုတ် အတွင်းကလီစာတွေ ပေါက်ပြဲတာမျိုး ဖြစ်သွားနိုင်တယ်။ ခန္ဓာကိုယ် ဒဏ်ရာမရရင်တောင် ရိုက်ခတ်မှုကြောင့် သတိလစ်သွားရင် ချက်ချင်း ရေနစ်သွားလိမ့်မယ်။ ဟန်မြစ်တံတားပေါ်ကနေ ခုန်ချတဲ့သူတွေထဲက နှစ်ယောက်မှာ တစ်ယောက်က အသက်ဆုံးရှုံးရတယ်ဆိုတဲ့ သတင်းတွေကို ခင်ဗျားတို့ မတွေ့ဖူးဘူးလား”
"လိ-လိမ်မနေနဲ့”
ခုန်ချသူတွေ သေနှုန်းများတာကတော့ သူတို့က သေကြောင်းကြံစည်ဖို့ ရည်ရွယ်ချက်နဲ့ ခုန်ချကြလို့လည်း ပါပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက တကယ် အန္တရာယ်များတယ်လေ။
ကျွန်တော့်စကားကြောင့် သူတို့ မျက်နှာတွေ ဖြူဖျော့သွားကြတယ်။
ရိုးရိုးဆန္ဒပြရင် မအောင်မြင်မှာ စိုးလို့ OTK COMPANYနဲ့ အစိုးရဆီကနေ အမြင့်ဆုံး ထောက်ပံ့မှုတွေရအောင် သေကြောင်းကြံစည်တဲ့ ပုံစံမျိုး သရုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြတာလား။
မဟုတ်သေးပါဘူး၊ တကယ်လို့ အဲလိုလုပ်ချင်ရင် ဥက္ကဌကိုယ်တိုင် ခုန်ချရမှာပေါ့၊ ဘာလို့ သူ့ဝန်ထမ်းတွေကို ခိုင်းရတာလဲ။
ဒီကမ္ဘာမှာ ဘာလို့ ဒီလောက် ရူးသွပ်တဲ့လူတွေ အများကြီး ရှိနေရတာလဲ။
အဖွဲ့ခေါင်းဆောင် လီချောဂျင်ရဲ့ အိတ်ထဲမှာ ရဲတွေဆီက ရလာတဲ့ ထုတ်လွှင့်ရေး မိုက်ခရိုဖုန်းနဲ့ စကားပြောစက် ရှိနေပါတယ်။ ကုမ္ပဏီက သူတို့ကို ခိုင်းစေခဲ့တဲ့ အကြောင်းအရင်းက အခုလောက်ဆို တိုက်ရိုက် ထုတ်လွှင့်နေလောက်ပါပြီ။
"ခင်ဗျားတို့ရဲ့ သဘောထားကို ကျွန်တော် နားလည်ပါပြီ၊ ဒါကြောင့် အောက်ဆင်းပြီး စကားပြောကြရအောင်”
နဖူးစည်းစာတန်းကို ကိုင်ထားတဲ့ နှစ်ယောက်က ကျွန်တော့်စကားကို နားထောင်မယ့်ပုံ ပေါ်လာတယ်။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ ကျွန်တော့်ကို စိုက်ကြည့်ပြီး အော်လိုက်တယ်။
"ပါးစပ်ပိတ်ထားစမ်း။ ဘာပဲဖြစ်ဖြစ် ငါတို့အားလုံး အလုပ်ပြုတ်ကြတော့မှာ။ မောင်းသူမဲ့ကားတွေ ပေါ်လာရင် မင်းကတော့ ပိုက်ဆံပုံပေါ်မှာ ထိုင်နေမှာ ဖြစ်ပေမဲ့ ငါတို့ မိန်းမနဲ့ ကလေးတွေကတော့ ငတ်သေကြရတော့မှာ”
သူ ပြောတာ မမှားပါဘူး။
အဆုံးစွန်အထိပြောရရင် ရေရှည်မှာ လူတိုင်းအတွက် အကျိုးရှိနေရင်တောင် စက်မှုအသွင်ကူးပြောင်းရေး ကာလအတွင်းမှာတော့ အကျိုးအမြတ်ရတဲ့သူနဲ့ ဆုံးရှုံးရတဲ့သူက အထင်အရှား ကွဲပြားသွားတတ်တာပဲလေ။
"ဒါတွေ အားလုံးက မင်းကြောင့်။ မင်းသာ မရှိရင်….”
သူ စကားပြောရင်း ဒေါသတွေ ပေါက်ကွဲလာပြီး အော်ဟစ်ရုံတင်မကဘဲ ကျွန်တော့်ဆီ ပြေးဝင်လာဖို့ ကြိုးစားပါတယ်။ ကံကောင်းတာက အဖွဲ့ခေါင်းဆောင် လီချောဂျင် ဝင်မတားခင်မှာပဲ တခြားလုပ်ဖော်ကိုင်ဖက်က သူ့ကို လှမ်းဖမ်းလိုက်တယ်။
"စိတ်လျှော့ပါကွာ”
"ငါ့ကို လွှတ်”
သူက လုပ်ဖော်ကိုင်ဖက်ရဲ့ လက်မောင်းကို အတင်းရုန်းခါလိုက်တယ်။ အဲဒီခဏမှာပဲ သူ့ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီး ယိုင်နဲ့သွားတယ်။
"ဟင့်အင်း”
ကျွန်တော် အလိုအလျောက် ရှေ့ကို ပြေးဝင်ပြီး လက်လှမ်းလိုက်တယ်။ ကံကောင်းထောက်မစွာပဲ သူ မပြုတ်ကျခင်လေးမှာ လက်မောင်းကို လှမ်းဖမ်းမိလိုက်တယ်။
ကျွန်တော်ပါ အောက်ကို ဆွဲချခံရလောက်နီးနီး ဖြစ်သွားပေမဲ့ ဖြစ်လာနိုင်ခြေအတွက် ပြင်ဆင်ထားတာမလို့ လက်ရန်းရဲ့ အစွန်းတစ်နေရာကို အမိအရ ဆုပ်ကိုင်ထားလိုက်တယ်။
လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ အမျိုးသားက အောက်ကို ငုံ့ကြည့်ပြီး တုန်ရီတဲ့ အသံနဲ့ ပြောတယ်။
"ကယ်-ကယ်ပါဦး”
"မြဲမြဲ ကိုင်ထား”
ကျွန်တော် အဲဒီလူကို အပေါ်ရောက်အောင် အားကုန်သုံးပြီး ဆွဲတင်လိုက်တယ်။ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် ဖြစ်ပေမဲ့လည်း လူကြီးတစ်ယောက်ကို တစ်ယောက်ထဲ ဆွဲတင်ဖို့က မလွယ်ကူပါဘူး။
အဖွဲ့ခေါင်းဆောင် လီချောဂျင်က ချက်ချင်း ပြေးလာပြီး ကူညီပေးတယ်။ သူက အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ဖမ်းကိုင်ပြီး တစ်ချက်ထဲနဲ့ အပေါ်ကို မတင်ပေးလိုက်တယ်။
အောက်ကနေ စောင့်ကြည့်နေကြတဲ့ လူတွေက တညီတညွတ်ထဲ အော်ဟစ် အားပေးပြီး လက်ခုပ်တီးကြတယ်။
သေဘေးကနေ သီသီလေး လွတ်မြောက်လာတဲ့ အမျိုးသားက ငိုချလိုက်တော့တယ်။ ကျွန်တော်လည်း သက်ပြင်းချနိုင်သွားတယ်။
[ကန်ဂျင်ဟူက အမြင့်ပေါ်တက် ဆန္ဒပြနေသည့် တက္ကစီဒရိုင်ဘာကို ကယ်တင်လိုက်သည်]
(သတင်းဆောင်းပါး) ဆန္ဒပြပွဲအပြီး လမ်းလျှောက်ချီတက်စဉ် တက္ကစီဒရိုင်ဘာ သုံးယောက်က တံတားလက်တန်းအခုံးပေါ် တက်သွားပြီး ခုန်ချမည်ဟု အော်ဟစ်ခဲ့ကြသည်။ သူတို့က ကန်ဂျင်ဟူကို လာရန် အော်ဟစ်ခဲ့ကြပြီး သူတို့၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ကန်ဂျင်ဟူက အခင်းဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်လာရောက်ကာ အမိုးခုံးပေါ်တက်၍ ဖျောင်းဖျခဲ့သည်။ သို့သော် စကားပြောနေစဉ်အတွင်း တက္ကစီဒရိုင်ဘာတစ်ဦးက ကန်ဂျင်ဟူထံ ပြေးဝင်ရန် ကြိုးစားရာမှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ပြီး ကန်ဂျင်ဟူက ရှေ့သို့ တိုးကာ လှမ်းဖမ်းခဲ့သည်။ မိမိကိုယ်တိုင် အန္တရာယ်ရှိနိုင်သည့် အခြေအနေမျိုးတွင် တခြားသူ၏ အသက်ကို ကယ်တင်ရန်အတွက် မိမိအသက်ကို စွန့်စားခဲ့ခြင်း ဖြစ်သည်။
အံ့ဩစရာကောင်းသည်မှာ ဤကိစ္စသည် တက္ကစီကုမ္ပဏီဥက္ကဌ၏ ခိုင်းစေမှုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပြည်သူများ တုန်လှုပ်ခဲ့ကြရသည်။ ဥက္ကဌကို ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့သော်လည်း စွပ်စွဲချက်များကို လုံးဝ ငြင်းဆိုထားသည်။
– ဟားဟား။ ကန်ဂျင်ဟူကို ခေါ်လိုက်တာ တကယ်ကြီး ပေါ်လာတာပဲ။
– ဝိုး။ အဲဒီအပေါ်အထိ တက်ဖို့ စဉ်းစားတာကို မယုံနိုင်သေးဘူး။
– ကန်ဂျင်ဟူကလည်း ရူးတာပဲ။
– ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရတယ်။ တကယ်ကို လန်းတယ်။ အရမ်းမိုက်တယ်။
– သူ လူတစ်ယောက်ကို ကယ်ခဲ့တာနော်။
– ဒါမျိုးက နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်တဲ့အရာပဲ။
– တခြား ချေဘော ဥက္ကဌတွေ ကြည့်နေကြလား။ ခင်ဗျားတို့အားလုံးထက် သာတဲ့ ပါရမီရှင်တစ်ယောက် ဒီမှာ ရှိနေတယ်ဟေ့။
– ခုန်ချဖို့ ခိုင်းတဲ့ ဥက္ကဌက ဘယ်လိုကောင်လဲ။
– သေကြောင်းကြံစည်မှုကို အားပေးကူညီမှုနဲ့ သေဒဏ်ပေးလိုက်ပါ။
– သေကြောင်းကြံစည်မှုကို အားပေးကူညီမှုရဲ့ ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်အထိပဲ။
တက်ဂယူက မှတ်ချက်တွေကို တစ်ခုချင်းစီ လိုက်ဖတ်နေပါတယ်။
အယ်လီက တောက်ပစွာ ပြုံးပြီး လက်ခုပ်တီးတယ်။
ဖြောင်း။ ဖြောင်း။ ဖြောင်း
"တော်တယ် ဂျင်ဟူ။ နင့်အတွက် အရမ်း ဂုဏ်ယူတယ်ဟာ”
ကျွန်တော် အနေခက်စွာ ပြုံးလိုက်တယ်။
"အခု ငါ့ကို ချီးကျူးနေတာလား”
"ဒါပေါ့။ ဘာဖြစ်လို့လဲ”
"မဟုတ်ပါဘူး… နင့် ပါးစပ်ကသာ ပြုံးနေတာ။ မျက်နှာအမူအရာက ဒေါသထွက်နေသလိုပဲမလို့လေ”
ကျွန်တော် စကားပြောလို့ မဆုံးသေးခင်မှာပဲ အယ်လီက တကယ်ကြီး ဒေါသထွက်လာတော့တယ်။
"နင့်မှာ ဦးနှောက် ရှိရဲ့လား”
"ရှိတာပေါ့…"
"ဦးနှောက်ရှိရင် အဲဒီအပေါ်ကို ဘာလို့ တက်သွားတာလဲ။ အဲဒါ အန္တရာယ်ရှိမှန်း သိလား မသိဘူးလား”
"သိပါတယ်…”
"အဲဒါသိတဲ့သူက ဒါကို လုပ်ရဲသေးတယ်ပေါ့”
"……"
ကျွန်တော် အမေဆီမှာ အဆူခံနေရသလို ခံစားနေရပါတယ်။ ကျွန်တော့် စိတ်ထင်တာများလား။
အယ်လီက ကျွန်တော့်ကို ဆူပူနေတုန်းမှာပဲ ကျွန်တော့်အမေ ဝင်လာတယ်။
အမေက ကျွန်တော့်ကို မြင်တာနဲ့ နောက်ကျောကို လက်ဝါးနဲ့ ဖြတ်ရိုက်တော့တယ်။
ဖြန်း
"အား။ နာတယ်”
"နင်က အဲဒီကို ဘာလို့ သွားတာလဲ။ နင့်အမေ သွေးပျက်ပြီး လဲကျသွားတာကို တကယ် မြင်ချင်နေတာလား”
"မ-မဟုတ်ပါဘူး၊ အဲလို မဟုတ်ပါဘူး”
ကျွန်တော် တက်ဂယူကို အသည်းအသန် လှမ်းကြည့်လိုက်တယ်။
‘ကူညီပါဦး’
တက်ဂယူက အမေ့ကို ပြောလိုက်တယ်။
"ကျွန်တော် ထင်တာတော့ ဂျင်ဟူက ဒီထက်ပိုပြီး အဆူခံရဖို့ လိုသေးတယ်။ နို့မို့ဆို ကျွဲပါးစောင်းတီးပဲဖြစ်မှာနော်။ အန်တီ”
ဒီကောင်ကတော့ကွာ။
အယ်လီက လက်ပိုက်ပြီး ပြောတယ်။
"နေဦး။ တက်ဂယူ။ နင်က သူ့ဘေးမှာ ရှိနေပြီးတော့ ဘာလို့ မတားတာလဲ။ ဂျင်ဟူက ဒီလိုမျိုးလုပ်ရင် နင်က တားရမှာ မဟုတ်ဘူးလား”
"အဲဒါက…"
ဒီတစ်ကြိမ်မှာတော့ တက်ဂယူက ကျွန်တော့်ကို အသည်းအသန် လှမ်းကြည့်တယ်။
‘ကူညီပါဦး’
ကျွန်တော် မျက်လုံးချင်းဆုံပြီး ပြန်ပြောလိုက်တယ်။
‘အေး။ ခံလေ’