← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅)

ပြီးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အောင်မြင်မှုတွေကြောင့် သူတို့လက်ထဲမှာ အပိုငွေတွေ အလုံအလောက် ရှိနေတာပါ။ ဒါကြောင့်

K COMPANYမှာ တက္ကစီလောကတစ်ခုလုံးကို လွှဲပြောင်းယူနိုင်လောက်တဲ့အထိ ရန်ပုံငွေ အပြည့်အဝ ရှိနေတာပေါ့။

အဓိကသော့ချက်ကတော့ Poolriding ကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို အကျိုးရှိရှိ အသုံးချဖို့ပါပဲ။ သူတို့က တက္ကစီ အစီးများတဲ့ အချိန်တွေနဲ့ နေရာတွေကို အဓိကထားပြီး အမြတ်အစွန်း အများဆုံးရအောင် တက္ကစီတွေကို ထိရောက်စွာ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါက တခြားတက္ကစီကုမ္ပဏီတွေ တစ်ခါမှ မစမ်းသပ်ဖူးသေးတဲ့ နည်းလမ်းပါပဲ။

ဒါ့အပြင် ခရီးသည်တွေရဲ့ ရာဇဝတ်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့အတွက် ဖုန်းစခရင်ကို သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ထိလိုက်တာနဲ့ ရဲစခန်းကို ချက်ချင်းအကြောင်းကြားပြီး မိမိရဲ့ ဂျီပီအက်စ်တည်နေရာကို ပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း အက်ပလီကေးရှင်းထဲမှာ ထည့်သွင်းပေးခဲ့တယ်။

ဒီလိုမျိုး မြန်ဆန်ပြီး ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဖွဲ့စည်းပုံက startup ကုမ္ပဏီတစ်ခုရဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် K Mobility ဟာ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှု သိပ်မကောင်းတဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်ပြီး လိုအပ်တဲ့ ဝန်ဆောင်မှုအသစ်တွေကို ချက်ချင်း ထည့်သွင်းပေးရင်း စားသုံးသူတွေရဲ့ လိုအပ်ချက်ကို အမြန်ဆုံး တုံ့ပြန်ပေးခဲ့တယ်။

ကံကောင်းချင်တော့ Lost Fantasy M ဂိမ်းက အကြီးစား Update တစ်ခု ထွက်လာတာနဲ့ အချိန်ကိုက်ဖြစ်သွားပြီး K Mobility ဟာ OTK Games ဆီကနေ ကြော်ငြာတွေ ရရှိခဲ့ကာ သူတို့ရဲ့ တက္ကစီတွေမှာ Lost Fantasy M ရဲ့ ဆိုင်းဘုတ်တွေကို လိုက်တပ်ကြတော့တယ်။

တက်ဂယူက ပြောတယ်။

"ငါတို့လည်း ကြော်ငြာနေရတာပဲဆိုတော့ တက္ကစီစီးတဲ့သူတွေကို character cardတွေ လက်ဆောင်ပေးရင် မကောင်းဘူးလား။ လတိုင်း ကတ်အသစ်တွေ ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ အကြိမ်ရေအထိ စီးတဲ့သူတွေကို ပေးမယ်လေ။ ဒါဆို အဲဒီကတ်တွေ လိုချင်လို့ပဲ တက္ကစီကို ခဏခဏ စီးကြလောက်မယ်ကွ"

ကျွန်တော် ကြောင်အမ်းအမ်းဖြစ်သွားပြီး ပြန်မေးလိုက်တယ်။

"တကယ်ကြီး character cardရဖို့အတွက်နဲ့ တက္ကစီ စီးမယ့်လူ ရှိလို့လား"

"ငါ့ကိုသာ ယုံပြီး စမ်းကြည့်လိုက်စမ်းပါ”

တက်ဂယူက သူ့အိုင်ဒီယာကို ဇွတ်အတင်း တွန်းအားပေးနေတော့တယ်။

ကဲ... ဒုတိယဥက္ကဌကမှ လုပ်ချင်နေမှတော့လည်း လုပ်ပေးရရုံပေါ့။

K Mobility ကနေ Lost Fantasy character cardတွေ ပေးမယ့် အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်တဲ့အခါ ဂိမ်းဆိုဒ်တွေအကုန် ပွက်လောရိုက်သွားတော့တယ်။

– ဟာ… အိုတာကူ ကုမ္ပဏီပီသပါပေတယ်။ အိုတာကူ တက္ကစီကြီးပါလား။

– ငါက ဂိမ်းပဲဆော့နေလို့ အပြင် သိပ်မထွက်တော့ တက္ကစီတောင် မစီးဖြစ်ဘူး…

– ဒါပေမဲ့ character cardတွေ စုဖို့ဆိုရင်တော့ စီးရတော့မှာပဲ။ အိမ်ကနေ ထွက်ပြီး အိမ်ကိုပြန်ပို့ခိုင်းရမယ်။

– ဒီနေ့ကစပြီး K TAXIပဲ စီးတော့မယ်။

– အရင်ဆုံး K Mobility မှာ အကောင့်ဖွင့်ရမှာလား။

"……"

character card ရဖို့အတွက်နဲ့ တက္ကစီ စီးမယ့်လူတွေ ဒီကမ္ဘာပေါ်မှာ တကယ်ရှိနေတာပဲ။

အကောင့်ဖွင့်သူ အရေအတွက် အဆမတန် များပြားလာတာကြောင့် K Mobility က လုပ်ငန်းအသေးလေးတွေကို ဆက်လက်ဝယ်ယူပြီး တက္ကစီအရေအတွက်ကို တဖြည်းဖြည်း တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့တယ်။

အမှန်အတိုင်းပြောရရင် ကိုရီးယားစျေးကွက်ရဲ့ ပမာဏကို ထည့်တွက်ရင် ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်ရင် အမြတ်အစွန်းအများကြီး ထွက်ဖို့က မလွယ်ကူလှပါဘူး။ ဒီနှစ်တစ်နှစ်ထဲတင် သူတို့ရဲ့ အရှုံးပေါ်မှုက ဝမ် သန်း ၅သောင်း ကျော်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံရကျိုး နပ်ပါတယ်။ ချက်ချင်းရမယ့် အမြတ်အစွန်းထက် platformကို စိုးမိုးထားနိုင်ဖို့နဲ့ Big Data တွေကို ပိုင်ဆိုင်ထားနိုင်ဖို့က ပိုအရေးကြီးလို့ပါပဲ။

မျှဝေသုံးစွဲတဲ့ စီးပွားရေးစနစ်နဲ့ သွားလာရေးလုပ်ငန်း စျေးကွက်ဟာ နောက်ထပ် ၁၀ နှစ်အတွင်းမှာ အခုထက် အဆပေါင်းများစွာ ကြီးထွားလာမှာပါ။ ဒါပေမဲ့ စျေးကွက်ကြီးထွားလာရင်တောင် လူတိုင်းကတော့ ရှင်သန်ကျန်ရစ်မှာ မဟုတ်ပါဘူး။

တက္ကစီကုမ္ပဏီတွေကတော့ ကန့်ကွက်နေတုန်းပါပဲ။ ဒါပေမဲ့ ဘာကြောင့်လဲမသိ နိုင်ငံရေးလောကကတော့ ငြိမ်သက်နေပါတယ်။

လာဘ်ပေးလာဘ်ယူမှု စာရင်းတွေ ပေါက်ကြားသွားခဲ့တဲ့ "Taxi-gate" လို့ ခေါ်တဲ့ အရေးအခင်းပြီးကတည်းက အာဏာရပါတီရော၊ အတိုက်အခံပါတီပါ တက္ကစီအကြောင်း ပြောဆိုတာကို တတ်နိုင်သမျှ ရှောင်လွှဲနေကြပုံရပါတယ်။

တရားမဝင်တာ ဒါမှမဟုတ် ဥပဒေဟာကွက်ကို သုံးတာမျိုး မဟုတ်ဘဲနဲ့ တက္ကစီကုမ္ပဏီတွေကို တရားဝင်ဝယ်ယူပြီး စျေးကွက်ထဲ ဝင်ရောက်လာတဲ့ ကုမ္ပဏီတစ်ခုကို သူတို့ ဘယ်လိုနည်းနဲ့ တားဆီးနိုင်မှာလဲ။

စားသုံးသူတွေက သဘောကျကြပြီး တက္ကစီဒရိုင်ဘာတွေကလည်း ကြိုဆိုကြတယ်။ လက်ရှိ တက္ကစီကုမ္ပဏီတွေပဲ ကန့်ကွက်နေကြတာပါ။

ဒါတောင်မှ အပြောင်းအလဲရဲ့ လှုပ်ရှားမှုတချို့ ရှိနေပါသေးတယ်။ ဒရိုင်ဘာတွေရော၊ ဖောက်သည်တွေပါ ဆုံးရှုံးနေရတဲ့ တက္ကစီကုမ္ပဏီတွေကတော့ ပျာယာခတ်နေကြပါပြီ။ စီမံခန့်ခွဲမှု အခြေအနေ မကောင်းတဲ့ ကုမ္ပဏီတချို့ ပိတ်လိုက်ရတာ ဒါမှမဟုတ် တခြားကုမ္ပဏီတွေရဲ့ ဝယ်ယူခြင်းကို ခံလိုက်ရတာမျိုးတွေ ရှိသလို၊ အတိုင်းအတာတစ်ခုအထိ ရှိတဲ့ ကုမ္ပဏီတွေကတော့ ထွက်သွားမယ့် ဒရိုင်ဘာတွေကို ဆွဲထားဖို့ လစာတပိုင်းစနစ်ကို အမြန်ဆုံး ပြောင်းလဲကျင့်သုံးခဲ့ကြတယ်။ ဒေသတွင်း တက္ကစီကုမ္ပဏီတွေ စုပေါင်းပြီး အငှားယာဉ်ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖန်တီးတာ ဒါမှမဟုတ် ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်တာမျိုး လုပ်လာကြတယ်။

တက္ကစီလုပ်ငန်းအဖွဲ့ကတော့ ခရီးသည် ငြင်းဆန်တာနဲ့ မဆင်မခြင် မောင်းနှင်တာတွေကို ပပျောက်အောင် ကိုယ်တိုင် ထိန်းကျောင်းသွားမယ်လို့ ကြေညာခဲ့တယ်။

"သူတို့သာ စိတ်ကူးရှိရင် ဒီလောက်လွယ်လွယ်လေး လုပ်နိုင်တာကို ဘာလို့ အစကတည်းက မလုပ်ခဲ့ကြတာလဲ မသိဘူး”

"ပြိုင်ဘက်မရှိတော့ ဘာမှမမှုဘဲ အေးအေးဆေးဆေး နေနေကြလို့ပေါ့”

ကိစ္စတွေအားလုံးက အကုန်အစင် ရှင်းလင်းသွားတာမျိုး မဟုတ်ဘဲ ရှုပ်ထွေးမှုတွေ ရှိနေသေးပေမဲ့ ယာဉ်မျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုအတွက် လမ်းစပွင့်သွားတာကတော့ တကယ့်ကို ကံကောင်းတဲ့ အချက်ပါပဲ။

ကျွန်တော် ရုံးတက်ပြီး လုပ်ငန်းတစ်ခုလုံးရဲ့ အခြေအနေ အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က အစည်းအဝေးတွေနဲ့ မတူတာက ခုံတစ်ခုံ လွတ်နေတာပါပဲ။ ဟင်နရီ မရှိတာက အလုပ်ကိစ္စတွေမှာ တော်တော်လေး သိသာစေပါတယ်။ သူ့နေရာကို ဆက်ခံမယ့်သူ ရှာနေကြပေမဲ့ သင့်တော်မယ့်သူကို ရှာဖို့က မလွယ်ကူပါဘူး။

ကလေးထိန်းဖို့ အချိန်ပေးထားတဲ့လူကိုလည်း အတင်းပြန်ခေါ်လို့ မရဘူးလေ။

အစည်းအဝေး ပြီးခါနီးမှာ စီနီယာ ဆန်းယော့က ပြောတယ်။

"မကြာသေးမီက ကမ္ဘာ့စီးပွားရေးက ကျဆင်းမယ့် လက္ခဏာတွေ ပြနေသလိုပဲ”

လူတိုင်းက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြကြတယ်။ စီးပွားရေး ပျက်ပြားလာတာက ညွှန်းကိန်းအမျိုးမျိုးမှာ အထင်အရှား ပေါ်လွင်နေတာပါ။

"ဒီနေ့အတွက် ဒီလောက်နဲ့ပဲ သိမ်းကြရအောင်”

ကျွန်တော် ခုံကနေ ထလိုက်မယ့်အချိန်မှာပဲ ခေါင်းထဲ မူးခနဲ ဖြစ်သွားတယ်။ မလဲကျအောင် စားပွဲကို လက်နဲ့ အမြန်လှမ်းကိုင်လိုက်ရတယ်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ ခေါင်းနည်းနည်း မူးသွားလို့ပါ”

ဂျောင်ကီဟုမ်က ပြောတယ်။

"စဉ်းစားကြည့်မှ စောစောကတည်းက မင်း ချွေးတွေ နည်းနည်း ထွက်နေတာပဲ”

ကျွန်တော် နဖူးကို စမ်းကြည့်လိုက်တယ်။ နည်းနည်း ပူနေသလိုပဲ။ ဘာလို့ ချက်ချင်းကြီး ဒီလို ဖြစ်သွားရတာလဲ။

တက်ဂယူက ကျွန်တော့်ပုခုံးကို လှမ်းကိုင်ပြီး အော်တော့တယ်။

"သူငယ်ချင်း။ မင်း သေလို့မဖြစ်ဘူးနော်"

"အအေးမိရုံတင်ပါဟ”

"……အေးပါ”

ရာသီအကူးအပြောင်းမလို့ အအေးမိတဲ့ လူနာတွေ တော်တော်များများ တိုးလာပုံရတယ်။

"ပြင်းထန်တာမျိုး မဟုတ်လို့ ဆေးထိုး၊ ဆေးသောက်ပြီး တစ်ရက်၊ နှစ်ရက်လောက် နားလိုက်ရင် သက်သာသွားမှာပါ”

ကျွန်တော် အခု လှဲနေတဲ့နေရာက ဆိုဆောင်း ဆေးရုံရဲ့ VIP အခန်းပါ။ ဒါက အုပ်စုကြီးတွေရဲ့ ဥက္ကဌတွေအတွက် သီးသန့်မလို့ အထဲမှာ ရေချိုးခန်းရော၊ ဧည့်ခန်းပါ ရှိပါတယ်။

သီးသန့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အနီးအနားမှာ အဆင်သင့်ရှိနေပြီး အခန်းအပြင်မှာလည်း သက်တော်စောင့်တွေက စောင့်ကြပ်နေကြပါတယ်။

အအေးမိရုံတင်တင်ပဲကို ဒီလိုမျိုး ဆေးရုံတက်ရတဲ့ အကြောင်းရင်းကတော့ ဘေးနားကလူတွေရဲ့ စိုးရိမ်မှုနဲ့ အမေရဲ့ ပွစိပွစိ ပြောတာတွေကို မငြင်းဆန်နိုင်တာကြောင့်ရယ်၊ ဒီတစ်ခေါက်မှာ တစ်ကိုယ်လုံး အထွေထွေ ကျန်းမာရေး စစ်ဆေးမှုပါ လုပ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့်ပါ။

[(သတင်းထူး) OTK COMPANY စီအီးအို ဆိုဆောင်းဆေးရုံတွင် တက်ရောက်ကုသနေရ]

[ယခင်ကလည်း အမေရိကန် လေဆိပ်တစ်ခုတွင် မူးလဲ၍ ဆေးရုံတက်ခဲ့ဖူး….]

[(သတင်းဦး) ဘေးနားကလူတွေရဲ့ ပြောပြချက်အရ သူဟာ ခဏခဏ ချောင်းဆိုးပြီး မောပန်းနွမ်းနယ်နေပုံရ]

[ဦးနှောက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်နိုင်ချေ ရှိမလား]

[ကန်ဂျင်ဟူရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆိုဆောင်းဆေးရုံ ဝန်ထမ်းများ နှုတ်ဆိတ်နေဆဲ]

[အလုပ်ကြိုးစားလွန်းခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် အသက် ၂၀ ကျော် အရွယ်များ သေဆုံးမှု မြင့်တက်လာ….]

ကျွန်တော် ဆေးရုံတက်ရုံတင်ရှိသေးတယ်။ ဒီလို သတင်းအမှိုက်တွေက ချက်ချင်း ထွက်လာတာပဲ။

"ကိုရီးယား သတင်းထောက်တွေရဲ့ ညစ်ပတ်တဲ့ အဆင့်အတန်းကတော့ တက်နေတုန်းပဲ”

တက်ဂယူက ခေါင်းညိတ်ပြတယ်။

"သူတို့ကို ကြော်ငြာတွေ နည်းနည်းလောက် ပေးလိုက်ရမလား"

ကျွန်တော်က ရှေးရိုးစွဲ မီဒီယာတွေနဲ့လည်း မတည့်သလို၊ တိုးတက်ပြောင်းလဲရေး မီဒီယာတွေနဲ့လည်း သိပ်မရင်းနှီးပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်ဘက်ကိုမှ ကြော်ငြာမပေးလို့ပါပဲ။

ပုံမှန်ဆိုရင် အုပ်စုကြီးတွေက မီဒီယာကုမ္ပဏီတွေကို ကြော်ငြာခတွေ အများကြီး ပေးကြတယ်။ အသားလိုချင်တဲ့ မြေခွေးတွေလိုပဲ ကြော်ငြာခရတဲ့ မီဒီယာတွေကတော့ ကောင်းကွက်တွေကိုပဲ ရေးပေးလေ့ရှိကြတာပါ။

ဒါကြောင့်မလို့ ကိုရီးယား မီဒီယာတွေက ကြီးမားတဲ့ လူမှုရေးပြဿနာတစ်ခုခု မဖြစ်မချင်းတော့ အုပ်စုကြီးတွေအကြောင်း အပုပ်ချပြီး မရေးကြပါဘူး။

မင်းက 'ဒါဆိုလည်း ကြော်ငြာပေးလိုက်ပေါ့' လို့ တွေးမိနိုင်ပေမဲ့ ကျွန်တော်က ကြော်ငြာချင်ရင်တောင် ကြော်ငြာစရာ ဘာမှမရှိဘူးလေ။ ရန်ပုံငွေ မလောက်ငှလို့ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေကို စည်းရုံးနေရတာမျိုးလည်း ကျွန်တော်တို့ ကြုံနေရတာ မဟုတ်ပါဘူး။

ဒါက ကိုရီးယားမှာ အကြီးဆုံး private equity fund ဖြစ်တဲ့ RCK Bros အတွက်လည်း တူတူပါပဲ။ Temasek၊ ABP နဲ့ GPFG တို့လို အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ တန်းစီနေတာမလို့ ကျွန်တော်တို့ နာမည်ကို လူသိရှင်ကြား ကြေညာနေဖို့ မလိုပါဘူး။

ရန်ပုံငွေတွေအတွက်တော့ အကျိုးအမြတ် ကောင်းနေရင် ရင်းနှီးမြှုပ်နှံသူတွေက ပိုက်ဆံတွေနဲ့ အလိုလို ရောက်လာကြမှာပဲ။

တက်ဂယူနဲ့ စီနီယာ ဆန်းယော့က ဆေးရုံခန်းကို ကြည့်ပြီး အထင်ကြီးနေကြတယ်။

"ဒီဆေးရုံခန်းက တကယ် မိုက်တာပဲ”

"ဥက္ကဌ လင်အီကွမ်လည်း ဒီအခန်းမှာ ဆေးရုံတက်ဖူးတယ်”

"တစ်ရက်ကို အခန်းခ ဘယ်လောက်လဲ"

ကျွန်တော် စီနီယာ ဆန်းယော့ကို ကြည့်ပြီး မေးလိုက်တယ်။

"စီနီယာက ဘာလို့ ဒီရောက်နေတာလဲ"

"စီအီးအိုက ဆေးရုံတက်နေတာပဲ၊ ရောက်လာရမှာပေါ့။ ငါ ဖျော်ရည်တောင် ဝယ်လာသေးတယ်၊ သောက်လိုက်ဦး။ ဒါက ဘာမှမရောထားတဲ့ သစ်သီးအရည်စစ်စစ်နော်”

ဆေးထိုးပြီး ဆေးသောက်လိုက်တော့ ခေါင်းက နည်းနည်း ရီဝေဝေ ဖြစ်လာတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျောင်ကီဟုမ် ဆီကနေ ကြားခဲ့ရတဲ့ အကြောင်းအရာကို သတိရမိသွားတယ်။

"စီနီယာ အခုတလော ဩစတြေးလျ မော်ဒယ်တစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတယ်။ အဲ့ဒါအမှန်ပဲလား"

စီနီယာ ဆန်းယော့က လက်ခါပြတယ်။

"ငါတို့က လေ့လာနေဆဲ အဆင့်ပဲ ရှိသေးတာပါကွာ”

အဲဒီကောင်မလေးကရော ဒီလိုပဲ တွေးပါ့မလား။

"ဘယ်လို စဆုံကြတာလဲ"

"ငါ ကြော်ငြာရိုက်ကွင်းတစ်ခုကို သွားကြည့်ရင်း တိုက်တိုက်ဆိုင်ဆိုင် ဆုံမိတာ။ သူက မဲဘုန်းကလို့ ပြောတယ်၊ ငါ ငယ်ငယ်တုန်းက ဩစတြေးလျမှာ နေခဲ့တာ မင်းသိသားပဲ”

ကျွန်တော် အံ့ဩသွားပြီး ပြောလိုက်တယ်။

"စီနီယာက ဆစ်ဒနီမှာ နေခဲ့တာလေ”

ပြောရရင် အဲဒီမြို့နှစ်မြို့က ကီလိုမီတာ ၁,၀၀၀ လောက် ဝေးတာပါ။

"အဲတော့ ဘာဖြစ်တုန်း။ အဓိကက ငါတို့က ကျွန်းတစ်ကျွန်းထဲမှာ နေခဲ့တာပဲလေ”

"……"

ဩစတြေးလျက တိုက်ကြီး မဟုတ်ဘူးလား။

"ဩစတြေးလျက မိန်းကလေးတွေအကုန် ကန်ဂျင်ဟူကို သိကြတယ်။ ငါ့ကို မိတ်ဆက်ပေးဖို့ ပြောနေတဲ့ မော်ဒယ်တွေ အများကြီးပဲ”

"ကျွန်တော့်ကိုတော့ မိတ်မဆက်ပေးပါနဲ့။ တက်ဂယူကိုပဲ မိတ်ဆက်ပေးလိုက်ပါ”

"ငါတို့ ဒုတိယဥက္ကဌဆိုရင်တော့ မော်ဒယ်တွေ တန်းစီနေမှာပဲ။ မင်းရော တစ်ယောက်လောက်နဲ့ တွေ့ကြည့်ချင်သေးလား"

တက်ဂယူက ခေါင်းခါပြတယ်။

"တော်ပါပြီဗျာ”

ကျွန်တော် တက်ဂယူကို မေးလိုက်တယ်။

"ဒါနဲ့ မင်ဟာယောင်းနဲ့ ကိစ္စက ဘယ်လိုဖြစ်သွားလဲ"

"ဘာဖြစ်ရမှာလဲ"

တက်ဂယူရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော် ဟာယောင်းဟာ တစ်ခါက multi-level coin marketing လမ်းမှားထဲ ရောက်သွားဖူးတယ်။ ဒါပေမဲ့ တက်ဂယူရဲ့ အကူအညီကြောင့် ဘေးကင်းကင်းနဲ့ လွတ်မြောက်လာခဲ့ပြီး အခုတော့ Lost Fantasy လောကကို အခြေခံထားတဲ့ webtoon တစ်ခုကို ဆွဲနေတာပါ။

သူတို့ကတော့ တစ်ခါတလေ တွေ့ဖြစ်ကြတုန်းပါပဲ။

"မင်းတို့တွေ အဆင်ပြေနေရဲ့လား"

"အင်း။ သူက ပုံဆွဲတော်တော့ ငါက ဇာတ်လမ်းပိုင်းကို နည်းနည်း ကူညီပေးရုံပဲ”

"……"

မဟုတ်ဘူးလေ။ webtoon အကြောင်း မေးတာမဟုတ်ဘူး။

မင်ဟာယောင်းကတော့ တက်ဂယူက OTK COMPANYရဲ့ ဒုတိယဥက္ကဌဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ သူက ရာထူးကြီးကြီးတစ်ခုမှာ ရှိနေတယ်ဆိုတာကိုတော့ ရိပ်မိလောက် ပါတယ်။

စီနီယာ ဆန်းယော့က ရုံးကို ပြန်သွားပြီး တက်ဂယူကတော့ စားစရာသွားဝယ်ဖို့ အပြင်ထွက်သွားတယ်။

မကြာခင်မှာပဲ အယ်လီ ဆေးရုံခန်းထဲ ရောက်လာတယ်။

"နေကောင်းရဲ့လား"

"အအေးမိရုံတင်ပါ”

အယ်လီက ဆူသလိုမျိုး ပြောတယ်။

"နေမကောင်းရင် အောင့်မခံဘဲ ဆေးရုံကို စောစောလာရမှာပေါ့”

"ခဏလောက် နားလိုက်ရင် သက်သာသွားမယ် ထင်လို့ပါ”

ပုံမှန်ဆိုရင် ကျွန်တော့်အသက်အရွယ်က တောင့်ခံထားရင် အလိုလို သက်သာသွားတတ်တာပဲလေ။

အယ်လီက ကျွန်တော့်ဘေးမှာ ဝင်ထိုင်ပြီး နဖူးကို လက်နဲ့ လာစမ်းတယ်။

"ကိုယ်ပူနေတုန်းပဲ”

"အလုပ်ကို ဘယ်အချိန် ပြန်သွားရမှာလဲ"

"နင့်ကို ပြုစုဖို့ နေ့တစ်ဝက်ခွင့် ယူထားတယ်”

"နင်က လူနာပြုစုတတ်လို့လား"

အယ်လီက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

"ဟွန်း… အရင်ဆုံး နာ့စ်ဝတ်စုံ ဝတ်ကြည့်လိုက်ရမလား"

"အာ"

ဒါက တကယ့်ကို ကောင်းတဲ့ အကြံပဲ။

ကျွန်တော်က စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်တော့ အယ်လီက ကျွန်တော့်ကို စိုက်ကြည့်လာတယ်။

"နောက်နေတာ။ နေမကောင်းရင် သေချာနားပါ၊ တခြားအရာတွေ လျှောက်မတွေးနဲ့”

"……ဟုတ်ကဲ့”

သူက အလုပ်ကနေ တန်းလာပုံရတယ်၊ ပုံမှန်ဝတ်နေကျ အနက်ရောင် စကတ်ဝတ်စုံဝတ်ထားပြီး ဆံပင်ကို စည်းထားပါတယ်။ မိတ်ကပ်ပါးပါးလေးပဲ ပြင်ထားတာတောင် သူ့ရဲ့ အလှက ထင်ရှားနေတုန်းပဲ။

"နင့်ကို ခဏလောက် ဖက်ထားရုံနဲ့ ချက်ချင်း သက်သာသွားသလိုပဲ”

အယ်လီက ပြတ်ပြတ်သားသား ခေါင်းခါပြတယ်။

"မဖြစ်နိုင်တာ”

"နေမကောင်းတဲ့အချိန် ဖက်ထားပေးရင် မြန်မြန်သက်သာတယ်လို့ ပြောကြတာပဲလေ”

"ပေါက်ကရတွေ မပြောနဲ့”

"တကယ်ပြောတာ။ ဒါကြောင့်မလို့ အမေတွေက ကလေးတွေ နေမကောင်းရင် ဖက်ပြီး ချော့ကြတာပေါ့။ လူသားတွေရဲ့ ကိုယ်အပူချိန်က စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ကုသမှုမှာ ကူညီပေးတယ်ဆိုတဲ့ သုတေသန ရလဒ်တွေလည်း ရှိတယ်”

"အဲဒီ သုတေသနကို ဘယ်မှာ လုပ်တာလဲ"

ကျွန်တော် စိတ်ထဲပေါ်လာတာကိုပဲ လျှောက်ပြောလိုက်တယ်။

"ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ် ထင်တာပဲ”

ကျွန်တော်လျှောက်ပြောတာက ယုတ္တိရှိသလိုလို ဖြစ်နေတော့ အယ်လီက သံသယအကြည့်နဲ့ ဖြစ်သွားပေမဲ့ အလွယ်တကူတော့ မငြင်းနိုင်ခဲ့ဘူး။

"ကဲပါ… ခဏလေးပဲနော်။ ပြီးတော့ ထူးဆန်းတာတွေ မလုပ်နဲ့”

အယ်လီက သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး ကျွန်တော့်ဘေးမှာ လာလှဲတယ်။ ရေမွှေးမဆွတ်ထားရင်တောင် သူ့ဆီကနေ အနံ့မွှေးမွှေးလေး ရနေပါတယ်။

ကျွန်တော်တို့ ခဏလောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထားပြီး ငြိမ်နေကြတယ်။

"ဘာတွေ တွေးနေတာလဲ"

"အရင်တုန်းက နေမကောင်းဖြစ်ခဲ့တဲ့ အချိန်အကြောင်းပါ။ အဲဒီတုန်းက နင် ငါ့ကို ဟိုတယ်အထိ လိုက်ပို့ပေးခဲ့တာ မှတ်မိလား"

စဉ်းစားကြည့်တော့မှ ကျွန်တော်တို့ရဲ့ ပထမဆုံး အနမ်းက အဲဒီနေ့ကပဲ။ အဲဒီအချိန်ကစပြီး အများကြီး ပြောင်းလဲခဲ့ပြီလေ။ ကျွန်တော်တို့တွေ အတိတ်အကြောင်းတွေကို ပြောရင်း ရယ်မောမိကြတယ်။

ရယ်သံတွေ တိတ်သွားတဲ့အခါ အယ်လီက ပြောတယ်။

"နမ်းချင်လား"

"ငါ့ဆီကနေ အအေးမိတာ ကူးသွားဦးမယ်”

"ဒါဆို နင်က ငါ့ကို ပြန်ပြုစုပေးပေါ့”

"အင်း… ဒါဆိုလည်း…"

ကျေးဇူးတင်ရမှာပေါ့။

ကျွန်တော်တို့ ဖက်ထားရင်း နမ်းတော့မယ့် အချိန်မှာပဲ ဆေးရုံခန်း တံခါးက ဝုန်းခနဲ ပွင့်လာတော့တယ်။

"သူငယ်ချင်း။ ငါ ပြန်လာပြီ။ ဧည့်သည်တွေလည်း ခေါ်လာသေးတယ်”

သူ့နောက်ကနေ အစ်မ ဟျွန်းဂျူး၊ ဟင်နရီ၊ ဥက္ကဌ လင်ဂျင်ယုံနဲ့ ဒါရိုက်တာ လင်ဆိုမီတို့ တရုန်းရုန်း ဝင်လာကြပါတယ်။

အစ်မ ဟျွန်းဂျူးက ကျွန်တော်တို့ကို ကြည့်ပြီး အံ့ဩတုန်လှုပ်တဲ့ မျက်နှာထားနဲ့ ပြောတယ်။

"နေမကောင်းဘူးဆိုပြီး လုပ်ချင်တာတွေအကုန် လုပ်နေတာပဲ”

အယ်လီက လန့်သွားပြီး ချက်ချင်း ထထိုင်လိုက်တယ်။

"မ…မဟုတ်ပါဘူး၊ အဲလို မဟုတ်ပါဘူး။ ဂျင်ဟူက ခဏလောက် ဖက်ထားပေးဖို့ ပြောလို့ပါ”

တက်ဂယူရဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။

"ဘာပြောတယ် ဖက်ထားပေးဖို့ ပြောတယ် ဟုတ်လား"

"မ…မဟုတ်ဘူး၊ အဲဒါက…"

"ကဲ… အားလုံး အပြင်ထွက်ကြရအောင်။ သူတို့တွေ လုပ်လက်စကို ဆက်လုပ်နိုင်ဖို့ မိနစ် ၃၀ လောက် အချိန်ပေးလိုက်ကြရအောင်”

ပြီးတော့ သူက ကျွန်တော်တို့ကို မျက်စိမှိတ်ပြတယ်။ 'ငါ တော်တယ်မလား' ဆိုတဲ့ မျက်နှာပေးနဲ့ပေါ့။ လူတွေက အပြင်ကို ပြန်ထွက်သွားကြပြီး ဆေးရုံခန်းတံခါး ပိတ်သွားပါတယ်။

အယ်လီက တုန်တုန်ရင်ရင်နဲ့ ကျွန်တော့်ကို စိုက်ကြည့်ပြီး ဒေါသတကြီးနဲ့ ခေါင်းအုံးကို လှမ်းယူလိုက်တော့တယ်။

"နေ…နေဦး၊ ငါက လူနာလေ”

"နင်က အအေးမိရုံပဲမလား။ သေဖို့သာ ပြင်ပေတော့"

ကျွန်တော် ဆေးရုံတက်နေတဲ့ အတောအတွင်း လူအများကြီး လာတွေ့ကြပြီး နေရာအနှံ့ကနေ ဖုန်းခေါ်ဆိုမှုတွေ ဝင်လာခဲ့တယ်။ အိမ်ဖြူတော်ကနေတောင် ဖုန်းလာသေးတာပါ။

[နိုဘယ်ဆု မရမချင်း မင်းရဲ့ ကျန်းမာရေးကို သေချာ ထိန်းသိမ်းထားရမယ်။ ကြားလား]

"……ဟုတ်ကဲ့”

အဲဒီ နိုဘယ်ဆုဆိုတာကြီးကလည်းကွာ။

[အသက်ငယ်သေးတယ်ဆိုပြီး ပေါ့ဆလို့မရဘူး။ ကျန်းမာရေးအတွက် အရေးကြီးဆုံးက အစားအသောက်ပဲ။ ဒါကြောင့်မလို့ ငါက Diet Coke ပဲ သောက်တယ်]

"……"

ကျန်းမာရေးကို တွေးရင် ရေသောက်တာက ပိုမကောင်းဘူးလား။ ဝါရင် ဘတ်ဖတ်ရော၊ ရိုနယ်ရော… အမေရိကန်တွေက ဘာလို့ ကိုကာကိုလာကို ဒီလောက်တောင် ကြိုက်ကြတာလဲ မသိဘူး။

အထွေထွေ ကျန်းမာရေး စစ်ဆေးမှု ရလဒ်အရ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က လုံးဝ ဥဿုံ ကျန်းမာနေပါတယ်။

ဒါပေါ့… ကျွန်တော်က အသက် ၂၀ ကျော် အရွယ်ပဲ ရှိသေးတာလေ။ အထူးစုံစမ်းစစ်ဆေးရေးမှူးရုံးကို သွားတဲ့ အုပ်စုဥက္ကဌတွေလို ဝှီးချဲစီးဖို့ဆိုရင်တော့ နောက်ထပ် ဆယ်စုနှစ်တချို့လောက် စောင့်ရဦးမှာပါ။

ကျွန်တော့်ရဲ့ အအေးမိတာက နှစ်ရက်အတွင်း လုံးဝ ပျောက်ကင်းသွားပြီး ဆေးရုံကဆင်းကာ ရုံးကို တန်းသွားခဲ့တယ်။

ဝန်ထမ်းတွေက ကျွန်တော့်ကို လက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ မသိရင် ကုလို့မရတဲ့ ရောဂါဆိုးကြီး ပျောက်ကင်းပြီး ပြန်လာတဲ့အတိုင်းပါပဲ။

အခန်း (၂၉၆)

ကျွန်တော် ကျန်းမာရေး အကောင်းကြီးနဲ့ ဆေးရုံက ဆင်းလာတာကို ကြည့်ပြီး တချို့ မီဒီယာတွေက တော်တော်လေး စိတ်ပျက်သွားကြပုံရတယ်။ သူတို့က နာရေးသတင်း ကြေညာချက်မျိုးကို မျှော်လင့်နေခဲ့ကြတာလားတောင် မသိပါဘူး။

ဒါပေမဲ့ နာရေးသတင်းအစစ်ကတော့ တခြားနေရာကနေ ထွက်ပေါ်လာခဲ့တယ်။

[(အရေးပေါ်သတင်း) ဥက္ကဌဟောင်း ဟန်မင်းဂူ ကွယ်လွန်]

[(သတင်းဦး) အွန်ဆောင်း မော်တာ ရဲ့ ဥက္ကဌဟောင်း ဟန်မင်းဂူ ဟာ ကျန်းမာရေး အခြေအနေ ပိုမိုဆိုးရွားလာတာကြောင့် ဒီနေ့မနက် ၇ နာရီမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်]

[အွန်ဆောင်း အုပ်စု တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွား]

[သေတမ်းစာကိုတော့ လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်...]

[ဈာပန အခမ်းအနားကို အွန်ဆောင်း ဆေးရုံမှာ ကျင်းပသွားမည်]

အွန်ဆောင်း အုပ်စု ကို တည်ထောင်သူ ဟန်ယောင်ဂျူ ရဲ့ သားကြီးအဖြစ် မွေးဖွားခဲ့တဲ့ ဟန်မင်းဂူ ဟာ မွေးချင်းတွေကြားထဲမှာ စီမံခန့်ခွဲမှု အာဏာလုပွဲတွေ ဖြစ်ပွားခဲ့စဉ်တုန်းက အွန်ဆောင်း မော်တာ ကို အွန်ဆောင်း အုပ်စု ကနေ ခွဲထုတ်ပြီး သူ့ရဲ့ ဝေစုအဖြစ် ယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ သူဟာ ကားတွေရဲ့ အရည်အသွေးကို မြှင့်တင်ပြီး ပို့ကုန်ကဏ္ဍကို တိုးချဲ့ခဲ့ကာ အွန်ဆောင်း မော်တာ ကို အွန်ဆောင်း MD၊ အွန်ဆောင်း Steel၊ အွန်ဆောင်း RT၊ Glomas၊ Renotion စတာတွေအပါအဝင် စီးပွားရေးလောကမှာ ဒုတိယအကြီးဆုံး အုပ်စုကြီးတစ်ခုဖြစ်အောင် အရှိန်အဟုန်နဲ့ ကြီးထွားလာစေခဲ့တယ်။

ကိုရီးယားရဲ့ မော်တော်ကား စက်မှုလုပ်ငန်းကို ကမ္ဘာ့အဆင့်မီ ဖြစ်အောင် သူကပဲ ဦးဆောင်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ အနာဂတ် ကားစျေးကွက်ဆီကို ကူးပြောင်းမယ့်အချိန်မှာ အချိန်ကိုက် မတုံ့ပြန်နိုင်ခဲ့တာကတော့ နှမြောဖို့ကောင်းတဲ့ အချက်တစ်ခုအဖြစ် အကဲဖြတ်ခံခဲ့ရတယ်။

ဥက္ကဌ ဟန်မင်းဂူ ဟာ လေအိတ် ချို့ယွင်းချက်ကို ဖုံးကွယ်ထားခဲ့တဲ့ အရှုပ်တော်ပုံ ပေါက်ကြားသွားတဲ့အချိန်မှာ တာဝန်ယူတဲ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး အဲဒီနောက်ပိုင်းကစလို့ လူမြင်ကွင်းနဲ့ မီဒီယာတွေဆီမှာ တစ်ခါမှ ထပ်မပေါ်လာတော့ပါဘူး။

သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကတော့ ဦးနှောက် အကျိတ် ဖြစ်ပြီး အဲဒီရောဂါကို ခံစားနေရတာ ကြာပြီဖြစ်သလို စကားတောင် သေချာမပြောနိုင်တော့တာ ကြာပြီမလို့ ဘေးနားကလူတွေကတော့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြပြီးသားပါ။

ကျွန်တော် သူနဲ့ နောက်ဆုံးဆုံခဲ့တဲ့ အချိန်ကို ပြန်တွေးမိတယ်။ အဲဒီတုန်းကတည်းက သူဟာ ဒီရောဂါနဲ့ တိုက်ပွဲဝင်နေရတာ ဖြစ်လောက်မလား။

ကိုရီးယား မော်တော်ကား စက်မှုလုပ်ငန်းကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုဟ်ကြီးတစ်ယောက် ကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးရော စီးပွားရေးလောကပါ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်။ ချေဘော တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့ စွမ်းဆောင်ချက်တွေက ကြီးမားသလို အမှားတွေကလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကွယ်လွန်သူအကြောင်းကိုတော့ ကောင်းတာပဲ ပြောကြတာ ထုံးစံပဲလေ။

အွန်ဆောင်း မော်တာ ဌာနချုပ် အပါအဝင် နေရာအနှံ့အပြားမှာ လွမ်းသူ့ပန်းခွေတွေ ချိတ်ဆွဲထားကြပြီး လူတွေကလည်း တောက်လျောက်ကို တဖွဲဖွဲ ဂါရဝလာပြုကြတယ်။ ကွယ်လွန်သူ နောက်ဆုံး ဆေးရုံတက်ခဲ့တဲ့ အွန်ဆောင်း ဆေးရုံမှာပဲ နာရေးခန်းမကို ပြင်ဆင်ထားတာပါ။

တက်ဂယူက မေးတယ်။

"မင်း ဈာပနကို သွားမှာလား"

"သွားရမှာပေါ့”

စီးပွားရေးနဲ့ နိုင်ငံရေးလောကက လူတွေလည်း အများကြီး ရောက်နေကြပါပြီ။ အရင်တုန်းကဆိုရင်တော့ တစ်မျိုး ဖြစ်နိုင်ပေမဲ့ အခုက CarOS နဲ့ အွန်ဆောင်း မော်တာ တို့က ပူးပေါင်းလုပ်ဆောင်နေကြတာဆိုတော့ မသွားလို့ မဖြစ်ဘူးလေ။

ကျွန်တော့်စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေနဲ့ ရှုပ်ထွေးနေမိတယ်။

အွန်ဆောင်း မော်တာ ဆိုတာ ကျွန်တော့်မိသားစု စီးပွားရေးပျက်ပြားပြီး အဖေ ကွယ်လွန်သွားရတဲ့ အကြောင်းရင်းပါပဲ။ အဲဒီအချိန်တုန်းက ဥက္ကဌ ဖြစ်ခဲ့တဲ့ ဟန်မင်းဂူ က တိုက်ရိုက် အမိန့်မပေးခဲ့ရင်တောင် သူ့မှာ တာဝန်မရှိဘူးလို့တော့ ပြောလို့မရပါဘူး။

ပြီးတော့ ကျွန်တော်က အွန်ဆောင်း မော်တာ ဆီကနေ CarOS ကို ဝယ်ယူခဲ့ပြီး အွန်ဆောင်း မော်တာ ကိုတောင် ကျော်တက်နိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွားအောင် လုပ်ခဲ့တယ်။ တခြားတစ်ဖက်မှာတော့ အွန်ဆောင်း မော်တာ ဟာ သူတို့တွေ ရည်မှန်းချက်ကြီးကြီးထားခဲ့တဲ့ ဟိုက်ဒရိုဂျင်ကား စီမံကိန်း ကျရှုံးမှုနဲ့ တခြားပြဿနာတွေကြောင့် အခက်အခဲကြီးစွာ ကြုံတွေ့ခဲ့ရတယ်။

အဲဒီလိုဖြစ်နေတဲ့ အွန်ဆောင်း မော်တာ ကို ကယ်တင်ခဲ့တာကလည်း CarOS ပါပဲ။ ဆိုးရွားတဲ့ အချက်တွေကြောင့် အဆမတန် ထိုးဆင်းသွားခဲ့တဲ့ အွန်ဆောင်း မော်တာ ရဲ့ ရှယ်ယာစျေးနှုန်းတွေဟာ CarOS နဲ့ လက်တွဲပြီးနောက်ပိုင်းမှာ ပြန်လည်ဦးမော့လာနိုင်ခဲ့တယ်။ ဒါပေမဲ့ အရင်က အမြင့်ဆုံးစံချိန်ကိုတော့ ပြန်မရောက်သေးပါဘူး။

အွန်ဆောင်း မော်တာ က CarOS ရဲ့ နည်းပညာကို လိုအပ်ပြီး CarOS ကတော့ အွန်ဆောင်း မော်တာ ရဲ့ အခြေခံအဆောက်အဦးတွေကို လိုအပ်ပါတယ်။ အစီးရေ သန်းနဲ့ချီ ထုတ်လုပ်နိုင်တဲ့ စွမ်းရည်၊ ကမ္ဘာလုံးဆိုင်ရာ အရောင်းကွန်ရက်၊ ပြီးတော့ ကုန်ပစ္စည်း စီမံခန့်ခွဲမှုနဲ့ After-sales serviceဆိုင်ရာ အတွေ့အကြုံ စတာတွေကို လိုအပ်တာပါ။

CarOS အနေနဲ့ အွန်ဆောင်း မော်တာ မဟုတ်ဘဲ တခြားပါတနာတွေကို ရှာလို့ရပေမဲ့ အွန်ဆောင်း မော်တာ အတွက်ကတော့ CarOS က မရှိမဖြစ်ပါပဲ။ အတူတူ တည်ဆောက်နေတဲ့ လျှပ်စစ်ကား စက်မှုဇုန်ကလည်း CarOS ရဲ့ နည်းပညာကိုပဲ အဓိက ဗဟိုပြုထားတာပါ။

နည်းပညာအပေါ် မှီခိုမှု မြင့်မားလွန်းတာကြောင့် အွန်ဆောင်း မော်တာ ဟာ လက်တွေ့မှာတော့ CarOS ရဲ့ လက်အောက်ခံ ဖြစ်နေသလိုပါပဲ။

ဒါကို အဖေသာ မြင်ရင် ဘာပြောလောက်မလဲ။ ပြီးတော့ ဥက္ကဌ ဟန်မင်းဂူ ကရော ဒါကို ကြည့်ပြီး ဘာတွေ တွေးသွားခဲ့လောက်မလဲ။

ဥက္ကဌ လင်အီကွမ် ကွယ်လွန်ပြီးနောက်ပိုင်း ဟန်မင်းဂူ ရဲ့ ကွယ်လွန်မှုကတော့ ကိုရီးယားစီးပွားရေးကို ဦးဆောင်ခဲ့တဲ့ ချေဘော ဒုတိယမျိုးဆက်တွေရဲ့ ခေတ်ကုန်ဆုံးသွားပြီဆိုတာကို ကြေညာလိုက်သလိုပါပဲ။

ကျန်ရှိနေတဲ့သူ အများစုကလည်း အာဏာလွှဲပြောင်းပေးနေတဲ့ အဆင့်မှာ ရှိနေကြပြီး တချို့ဆိုရင် လွှဲတောင်လွှဲပြောင်းပြီးသား ဖြစ်နေကြပါပြီ။

သန်းခေါင်ကျော်မှ ကျွန်တော် တက်ဂယူနဲ့အတူ နာရေးခန်းမဆီကို ထွက်လာခဲ့တယ်။ ကျွန်တော်တို့ လာမယ့်အကြောင်း ကြိုပြောထားလို့ထင်တယ်၊ နာရေးရှင်ဖြစ်တဲ့ ဥက္ကဌ ဟန်ချန်ယောင်း ဟာ ညဉ့်နက်နေပြီဖြစ်ပေမဲ့ ရှိနေတုန်းပါပဲ။

"ဆုံးပါးသွားခဲ့တာကို ဝမ်းနည်းပါတယ်ခင်ဗျာ”

"လာပေးလို့ ကျေးဇူးတင်ပါတယ်"

သူ့ကို ပထမဆုံး ဆုံတုန်းကတော့ တော်တော်လေး ထွားကြိုင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ တစ်မျိုး ဖြစ်ပြီး လူက သေးသွားသလိုပါပဲ။ ဒါက အမြင်ချင်း ကွာခြားသွားလို့ ဖြစ်လောက်မှာပါ။

ကျွန်တော်တို့ ဂါရဝပြုပြီး ယွတ်ဂဲဂျန်း (အမဲသားစွပ်ပြုတ်စပ်စပ်) စားဖို့ ထိုင်လိုက်ကြတယ်။

တက်ဂယူက ဆိုဂျူနဲ့ ဘီယာကို လက်ညှိုးထိုးပြပြီး မေးတယ်။

"ဘယ်ဟာ သောက်မလဲ"

"ဆိုဂျူပဲ သောက်ရအောင်”

ကျွန်တော်တို့ နှစ်ယောက် ဆိုဂျူတစ်ပုလင်း ကုန်အောင် သောက်လိုက်ကြတယ်။ စားသောက်ပြီး ထတော့မယ့် အချိန်မှာပဲ ဥက္ကဌ ဟန်ချန်ယောင်း က အနားကို လျှောက်လာပြီး စာအိတ်တစ်အိတ် ကမ်းပေးတယ်။

"အဖေ ကွယ်လွန်မသွားခင်က ဒီစာကို စီအီးအို ကန် ဂျင်ဟူ ဆီ ပေးခိုင်းခဲ့လို့ပါ”

ကျွန်တော် အဲဒါကို လက်ခံယူပြီး အိမ်အပြန်လမ်းမှာ ဖွင့်ဖတ်လိုက်တယ်။

[စီအီးအို ကန်ဂျင်ဟူ ဆီသို့...

ပထမဆုံးအနေနဲ့ ဥက္ကဌ ကန်ဒေါင်ဟျွန်း နဲ့ ပတ်သက်တဲ့ ကိစ္စအတွက် ထပ်ပြီး တောင်းပန်ချင်ပါတယ်။ အားလုံးက ငါ့ရဲ့ အမှားတွေပါ၊ တာဝန်အားလုံးက ငါ့အပေါ်မှာပဲ ရှိပါတယ်။

ရာထူးက အနားယူပြီးကတည်းက ငါ့ဘဝကို ပြန်လည်သုံးသပ်ခဲ့တယ်။ ငါက ကိုယ်ပိုင်ဂုဏ်ဒြပ်ကိုပဲ ရှာဖွေခဲ့တာ မဟုတ်ဘူးလို့တော့ မပြောနိုင်ပေမဲ့ အွန်ဆောင်း မော်တာ နဲ့ ကိုရီးယား မော်တော်ကား စက်မှုလုပ်ငန်းကို ဒီအဆင့်အထိ ကြီးထွားအောင် လုပ်ခဲ့ရတာကိုတော့ ဂုဏ်ယူမိပါတယ်။

ဒါပေမဲ့ ငါ့ရဲ့ အခန်းကဏ္ဍက ဒီလောက်အထိပါပဲ။ ငါ့ရဲ့ အခန်းကဏ္ဍ ကုန်ဆုံးသွားပြီဆိုတာ သိရဲ့သားနဲ့ အဲဒီနေရာမှာ ဆက်ပြီး ရှိနေခဲ့တာကတော့ အသက်ကြီးလို့ ဖြစ်ပေါ်လာတဲ့ လောဘကြောင့် ဖြစ်ပါလိမ့်မယ်။

ကိုရီးယားရဲ့ မော်တော်ကားတွေကတော့ ဒီလိုမျိုး ပြိုလဲသွားလို့ မဖြစ်ပါဘူး။ အခုကစပြီး အရာအားလုံးက စီအီးအို ကန်ဂျင်ဟူ အပေါ်မှာပဲ မူတည်ပါတော့တယ်။]

ကျွန်တော် ဧည့်ခန်းမှာ ထိုင်ပြီး ဘီယာကို တစ်ယောက်ထဲ သောက်နေမိတယ်။

ခေါင်းထဲမှာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေတာပေါ့။ ကျွန်တော့်ဖုန်းခေါ်သံကို လက်ခံရရှိပြီးနောက် အယ်လီ က ဟိုတယ်ကနေ ချက်ချင်း ကားမောင်းပြီး ရောက်လာခဲ့တယ်။

"ဒီလောက် ညဉ့်နက်မှ ခေါ်လိုက်ရလို့ အားနာပါတယ်၊ တစ်ယောက်ထဲ သောက်ရတာ ပျင်းလို့ပါ”

"ရပါတယ်၊ တက်ဂယူကော ဘယ်မှာလဲ"

"သူ အိပ်ပျော်နေပြီ”

"ဘီယာပဲ ထပ်သောက်နေတာလား။ ဝိုင်စင်ပေါ်မှာ ဝိုင်ကောင်းကောင်းတွေ အများကြီး ရှိတယ်လေ”

မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ရှိတဲ့ ဝိုင်စင်ထဲမှာ တစ်ပုလင်းကို ဝမ် သန်းနဲ့ချီတန်တဲ့ ဝိုင်တွေ ပြည့်နေတာပါ။ အများစုကတော့ နေရာအနှံ့ကနေ ရထားတဲ့ လက်ဆောင်တွေပေါ့။

လူတွေကတော့ ဝိုင်က အရက်တွေထဲမှာ အကောင်းဆုံးလို့ ပြောကြပေမဲ့ ကျွန်တော်ကတော့ အခုထိ ဝိုင်အရသာကို သေချာ မခံစားတတ်သေးပါဘူး။ အသက်ကြီးလာရင် ပြောင်းလဲ သွားမလားတော့ မသိဘူး။

ကျွန်တော်နဲ့ မတူတာကတော့ အယ်လီ က ဝိုင်ကို နှစ်သက်ပါတယ်။

"ဝိုင်တစ်ပုလင်းလောက် ထုတ်လိုက်ရမလား"

"နေပါစေ၊ ဒီနေ့လည်း ဘီယာပဲ သောက်မယ်”

အယ်လီ က ကျွန်တော့်ဘေးမှာ ဝင်ထိုင်ပြီး ဘီယာတစ်ဗူးကို လှမ်းယူလိုက်တယ်။

"ဘာတွေ တွေးနေတာလဲ"

"ငယ်ငယ်တုန်းက အကြောင်းကို တွေးနေတာ။ အဲဒီတုန်းကတော့ ငါက စီအီးအို ဖြစ်လာပြီး ဒီလောက် ပိုက်ဆံအများကြီး ရှာနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး”

လက်ရှိ ချေဘော တွေကတော့ မွေးကတည်းက ချေဘော တွေပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ မဟုတ်ပါဘူး။ တစ်ရက်မှာ အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်း စပြီး ရလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရင်းနဲ့ ဘယ်လိုနည်းနဲ့ ဒီနေရာကို ရောက်လာမှန်း မသိတော့ပါဘူး။

ဝမ် သန်းပေါင်း သိန်းနဲ့ချီ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး လူသားဖြစ်နေရင်တောင် အရှိန်အဝါကို တကယ်လက်တွေ့လို့ မခံစားရသေးဘူး။ ပြီးတော့ ကျွန်တော်ပိုင်ဆိုင်ထားတာတွေက လက်ထဲမှာ အခုချက်ချင်း ရှိနေတဲ့ ငွေသားလည်း မဟုတ်သလို၊ အခုကစပြီး သုံးရင်တောင် မသေခင်အထိ အကုန် သုံးနိုင်မှာ မဟုတ်ဘူးလေ။

"ဂျင်ဟူ ရဲ့ ငယ်ငယ်တုန်းက အိပ်မက်က ဘာလဲ"

"ငယ်ငယ်တုန်းကလား။ အင်း... အဲဒါကတော့..."

အယ်လီ က စိတ်ဝင်တစားနဲ့ မေးလာတယ်။

"ဘာလဲ။ မြန်မြန်ပြောပြ”

"ကြားရင် မရယ်နဲ့နော်”

"မရယ်ပါဘူး၊ ကတိပေးတယ်”

"ငါက စီးပွားရေးပညာရှင် ဖြစ်ချင်ခဲ့တာ”

အယ်လီ ရဲ့ မျက်လုံးတွေက အံ့ဩသွားတဲ့ပုံစံနဲ့ တောက်ပသွားတယ်။

"စီးပွားရေးပညာရှင်ဟုတ်လား။ ငယ်ငယ်တုန်းက ဘာလို့ အဲဒီလို အိပ်မက်မျိုး ရှိခဲ့တာလဲ"

ကျွန်တော် ရှက်ကိုးရှက်ကန်းနဲ့ ပါးကို ကုတ်ရင်း ပြောလိုက်တယ်။

"လူကြီးတွေက အမြဲတမ်း စီးပွားရေးက ခက်ခဲတယ်၊ ရှုပ်ထွေးတယ်လို့ ပြောကြတာကိုး။ အဲဒါကို ရှာဖွေပြီး ခွဲခြမ်းစိပ်ဖြာနိုင်တာက မိုက်တယ်လို့ ထင်ခဲ့တာ။ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးကျုံ့ဝင်မှုလိုမျိုး သဘောတရားတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပြီး စီးပွားရေးပညာရှင် ဖြစ်လာရင် ဟောပြောပွဲတွေလည်း လုပ်ချင်ခဲ့တာ။ အင်း... နောက်ပိုင်းမှာတော့ အဖေ့ရဲ့ စီးပွားရေးကို ဆက်ခံဖို့ဆိုပြီး အိပ်မက်ကတော့ ပြောင်းလဲသွားခဲ့တယ်”

အယ်လီ က ခေါင်းညိတ်ပြတယ်။

"ဂျင်ဟူ သာ စီးပွားရေးပညာရှင် ဖြစ်ခဲ့ရင်လည်း ကောင်းကောင်း လုပ်နိုင်မှာပါ။ တကယ်လို့ အဲလိုသာ ဖြစ်ခဲ့ရင် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုတောင် ရရင်ရဦးမှာ”

ကျွန်တော် ထရယ်မိသွားတယ်။

"ကဲ... စီးပွားရေးဆိုင်ရာ နိုဘယ်ပေးရင်တော့လည်း ငါ မငြင်းပါဘူး”

အတိအကျပြောရရင် စီးပွားရေးဆိုင်ရာနိုဘယ်ဆုဆိုတာက စစ်မှန်တဲ့ နိုဘယ်ဆုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဆုက ဆုပဲလေ။

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပညာက ပိုပြီး ဖွံ့ဖြိုးတိုးတက်ပြီး ဆုရွေးချယ်ရေးအဖွဲ့က ပင်မစီးပွားရေးပညာရှင်တွေကိုပဲ ပေးလေ့ရှိကြတာမလို့ ဆုရရှိသူ အများစုက အမေရိကန်တွေနဲ့ ဥရောပတိုက်သားတွေပဲ ဖြစ်ကြပါတယ်။

တကယ်လို့ အာရှသားတစ်ယောက် ရခဲ့ရင်တော့ ကိစ္စအကြီးကြီး တစ်ခုခု လုပ်ခဲ့လို့သာ ရတာဖြစ်မှာပါ။

ကျွန်တော် ဘီယာသောက်ရင်း ပြန်မေးလိုက်တယ်။

"အယ်လီ ရဲ့ ငယ်ငယ်တုန်းက အိပ်မက်ကရော ဘာလဲ"

"အင်း... အဲဒါကတော့ လျှို့ဝှက်ချက်ပဲ”

ကျွန်တော် ပိုပြီး သိချင်သွားတယ်။

"ငါ့အကြောင်းလည်း ပြောပြပြီးပြီပဲ။ ကဲ... ပြောပြပါဦး”

အယ်လီ က မတတ်နိုင်တဲ့အဆုံး ဖြည်းဖြည်းချင်းပြောပြတယ်။

"ငါ ငယ်ငယ်တုန်းက အိပ်မက်က ဘဲလေးကချေသည် အရမ်း ဖြစ်ချင်ခဲ့တာ”

ကျွန်တော် အဲဒီစကားကြောင့် လန့်သွားတယ်။

"ဘဲလေးကချေသည်ဟုတ်လား။ နင်က ဘဲလေးအက သင်ခဲ့ဖူးလို့လား"

" မိန်းကလေးတိုင်း အသက်ငယ်သေးတဲ့အချိန်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ သင်ဖူးကြတာပဲလေ”

ဒါက ယောက်ျားလေးတွေ ငယ်ငယ်တုန်းက တိုက်ကွမ်ဒို သင်တန်းကျောင်း သွားကြတာနဲ့ တူတူပဲလား။ ဒါကြောင့်လည်း နင့်ခန္ဓာကိုယ်က တစ်မျိုးလေး ပျော့ပျောင်းတယ်လို့ တွေးမိခဲ့တာ။ ဒီလို လျှို့ဝှက်ချက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။

"အဲ့အိပ်မက်ကို ဘယ်တုန်းက ရပ်လိုက်တာလဲ။ ဘာလို့ ရပ်လိုက်တာလဲ"

"ငါ့ထက် ပိုတော်ပြီး ပိုကြိုးစားတဲ့ ကလေးတွေ အများကြီး ရှိလို့လေ။ ပြီးတော့ အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်မှာ ငါ့ရဲ့ ခန္ဓာကိုယ် ပုံစံကလည်း ပြောင်းလဲလာခဲ့တယ်”

"ခန္ဓာကိုယ် ပုံစံ ပြောင်းလဲလာတယ် ဆိုတာက ဘယ်လိုမျိုးလဲ"

ကျွန်တော့်ရဲ့ အကြည့်က သဘာဝအတိုင်း နေရာတစ်ခုဆီကို ရောက်သွားခဲ့တယ်။

အဲဒီတော့ အယ်လီ က ကျွန်တော့်ကို စိုက်ကြည့်လာတော့တာပဲ။

"နင် အခု ဘယ်ကို ကြည့်နေတာလဲ"

"မ...မကြည့်ပါဘူး။ ဘာမှမဟုတ်ပါဘူး”

"ပြီးတော့ ငါက တခြားလုပ်ချင်တာတွေလည်း အများကြီး ရှိခဲ့တယ်။ အားကစားရော၊ စာသင်တာရောပေါ့”

"နင်က တခြားအိပ်မက်တွေကိုပဲ ဆက်ပြီး အကောင်အထည် ဖော်ခဲ့တာပေါ့လေ”

"ဟုတ်တယ်။ ငါကတော့ အခုထိ ဘဲလေး ဖျော်ဖြေပွဲတွေ ကြည့်ရတာ ကြိုက်တုန်းပဲ။ တစ်ခါတလေကျရင် ငါသာ စင်ပေါ်မှာ ရပ်နေခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ တွေးမိတတ်တယ်”

"နင် အဲ့အိပ်မက်ကို ရပ်လိုက်တာ ကံကောင်းတာပဲ”

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ နင်သာ ဘဲလေးကချေသည် ဖြစ်သွားရင် ငါက နင်နဲ့ ဆုံမှာ မဟုတ်တော့ဘူးလေ”

အယ်လီ က လက်လှမ်းပြီး ကျွန်တော့်ပါးကို ပွတ်သပ်ပေးတယ်။

"အဲဒါကတော့ မသိနိုင်ဘူးလေ။ နင်က စီးပွားရေးပညာရှင် ဖြစ်ပြီး ငါက ဘဲလေးကချေသည် ဖြစ်ခဲ့ရင်တောင် ငါတို့ တစ်နေရာရာမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြလောက်မှာပါ"

စဉ်းစားကြည့်မှ ၂၁ ရာစုရဲ့ အကျော်ကြားဆုံး စီးပွားရေးပညာရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျွန် မေနတ် ကိန်းစ်ဟာ ရုရှား ဘဲလေးကချေသည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ။ သူတို့မှာ သားသမီး မရှိခဲ့ပေမဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ကြတာလေ။

အယ်လီ က ကျွန်တော့်ပုခုံးပေါ် ခေါင်းမှီလိုက်ပြီး ပြောတယ်။

"နင် ဘာတွေ စိုးရိမ်နေလဲဆိုတာ ငါ အတိအကျ မသိပေမဲ့ နင် လုပ်ချင်တာကိုပဲ လုပ်ပါ။ တစ်နေ့ကျရင် အားလုံးက ဂျင်ဟူ ရဲ့ စေတနာမှန်ကို နားလည်လာကြမှာပါ”

တချို့အရာတွေက ကိုယ် ရှောင်ချင်ရုံနဲ့ ရှောင်လို့မရပါဘူး။

"ကြီးမားတဲ့ စွမ်းအားနဲ့အတူ ကြီးမားတဲ့ တာဝန်ဝတ္တရားတွေ ပါလာတတ်တယ်" ဆိုတဲ့ စကားလိုပဲ၊ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့အတူ ကြီးမားတဲ့ တာဝန်တွေလည်း ပါလာတာပါ။ အခု ကျွန်တော့်မှာ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှု ရှိနေပြီမလို့ အဲဒီတာဝန်ကိုလည်း လက်ခံရရှိထားပါပြီ။ ပြီးတော့ ကျွန်တော် အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒီတာဝန်က ကျွန်တော့်နောက်ကို ဆက်ပြီး လိုက်နေဦးမှာပါ။

ဒါကြောင့်မလို့လည်း ဥက္ကဌ ဟန်မင်းဂူ က ကျွန်တော့်ဆီ အဲဒီစကားတွေကို ချန်ထားခဲ့တာ ဖြစ်ပါလိမ့်မယ်။

ကျွန်တော် သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

နောက်နေ့မနက် အိပ်ယာနိုးရင် ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို သိသွားလိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော် နောက်ရက်ရုံးတက်တော့ စီနီယာ ပတ်ဆန်းယော့ ကို ပြောလိုက်တယ်။

"နောက်သုံးရက်နေရင် အိမ်ပြာတော်မှာ စီးပွားရေး ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ရှိတယ်မလား"

"အင်း။ တက်ရောက်မယ့်သူတွေရဲ့ စာရင်းလည်း အကုန် ထွက်လာပြီ”

စီနီယာ ပတ်ဆန်းယော့ ကလည်း K ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်မှာပါ။

K ကုမ္ပဏီက အတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့ပေမဲ့ ထိပ်သီး အုပ်စုကြီး ၁၀ ခုနဲ့တော့ မယှဉ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဖိတ်ကြားခံရသူတွေရဲ့ စာရင်းထဲမှာ ပါဝင်နေတာကတော့ ကျွန်တော့်အစား သူ့ကို ခေါ်လိုက်တာကြောင့် ဖြစ်မှာပါ။

"ကျွန်တော်လည်း အဲဒီအစည်းအဝေးကို တက်လို့ရမလားဆိုတာ မေးပေးပါဦး”

ကျွန်တော့်စကားကြောင့် စီနီယာ ပတ်ဆန်းယော့ က အံ့ဩသွားတဲ့ မျက်နှာထား ဖြစ်သွားတယ်။

"တကယ်ကြီးလား"

"ဟုတ်တယ်။ ကျွန်တော်လည်း တစ်ခါလောက် သွားတက်ကြည့်မလို့ပါ”

"အိုကေလေ။ ငါ ချက်ချင်းပဲ သူတို့ကို ပြောလိုက်မယ်”

တက်ဂယူက မေးတယ်။

"ဒါပေမဲ့ သူတို့က ဘာလို့ စီးပွားရေး ခေါင်းဆောင်တွေနဲ့ အဲဒီလို အစည်းအဝေးမျိုး လုပ်ကြတာလဲ"

"ပြည်သူတွေကို ပြချင်လို့ပေါ့”

သမ္မတက စီးပွားရေး ခေါင်းဆောင်တွေကို ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပြီး စီးပွားရေး ခေါင်းဆောင်တွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါ့မယ်လို့ ကတိပေးရင်း တုံ့ပြန်ကြတာပါ။ အဲဒါက မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို အသစ်ဖန်တီးတာမျိုး မဟုတ်ဘဲ မူလကတည်းက လုပ်ဖို့ စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ ပိုပြီး ကြီးကြီးကျယ်ကျယ်ဖြစ်အောင် ချဲ့ကားပြီး ပြောကြတာပါ။

ဒါကြောင့်မလို့ အစည်းအဝေးဆိုတာက စီးပွားရေး အောင်မြင်မှုတွေကို ပြချင်တဲ့ နိုင်ငံရေးသမားတွေနဲ့ အဲဒါကို တုံ့ပြန်ပေးတဲ့ စီးပွားရေး ခေါင်းဆောင်တွေက ပြည်သူတွေကို ပြသဖို့အတွက် နေရာတစ်ခုပါပဲ။

"ဒါက မျက်နှာဖုံးစွပ် ကပွဲတစ်ခုလိုပဲ”

စဉ်းစားကြည့်ရင် မျက်နှာဖုံးစွပ် ကပွဲတွေကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မှူးမတ်တွေက ပိုက်ဆံတွေ အများကြီး သုံးပြီး ပါတီပွဲတွေ ကျင်းပခဲ့ကြတာက အကြောင်းမဲ့ မဟုတ်ဘူးလေ။

တက်ဂယူက လက်ပိုက်ပြီး ပြောတယ်။

"ဟမ်... မျက်နှာဖုံးစွပ် ကပွဲ ဟုတ်လား။ ဒါဆို ငါ Guy Fawkes မျက်နှာဖုံး စွပ်ပြီး သွားလို့ရမလား"

"……အဲ့လိုမျက်နှာဖုံးစွပ်ပြီးသွားလို့ရမယ်လို့ ထင်လို့လား"

မင်းက အိမ်ပြာတော်ကို ဗုံးခွဲဖို့ လာတယ်လို့ အထင်ခံချင်လို့လား။

တက်ရောက်မယ့်သူတွေရဲ့ စာရင်းက ဆုံးဖြတ်ပြီးသား ဖြစ်နေတာမလို့ ပြောင်းလဲဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့လည်း အိမ်ပြာတော်က ကန်ဂျင်ဟူ ရဲ့ နာမည်ကို ချက်ချင်း ထည့်သွင်းပေးခဲ့တယ်။

နိုင်ငံရေးလောကနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိကြတဲ့ သာမန် ချေဘော တွေနဲ့ မတူဘဲ ကန်ဂျင်ဟူ ဟာ နိုင်ငံရေးလောကနဲ့ အဆက်အသွယ်လုပ်တာကို တတ်နိုင်သမျှ ရှောင်လွှဲခဲ့တာပါ။

ဒါက သူ သမ္မတ ဦးဆောင်တဲ့ အစည်းအဝေးတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မှာလည်း ဖြစ်ပါတယ်။ မီဒီယာတွေကတော့ သူ ဘာကြောင့် တက်ရောက်ရတာလဲဆိုတဲ့ ရည်ရွယ်ချက်အပေါ် အမျိုးမျိုး ခန့်မှန်းတွေးဆနေကြပါပြီ။

လွတ်လပ်သောပြည်သူများပါတီ က လွှတ်တော်အမတ်တွေကတော့ မကျေမနပ် ဖြစ်နေကြပြီး အမတ် မာဆန်းထယ် က သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ထွက်လာကာ ဆူပူကြိမ်းမောင်းသလိုမျိုး ပြောဆိုခဲ့တယ်။

"ကန်ဂျင်ဟူ တစ်ယောက်ထဲကြောင့်နဲ့ ဆုံးဖြတ်ပြီးသား ဖြစ်နေတဲ့ တက်ရောက်မယ့်သူတွေရဲ့ စာရင်းကို ပြောင်းလဲလိုက်တာက ဒီအစိုးရဟာ ချေဘော တွေရဲ့ ရှေ့မှာ ဘယ်လောက်တောင် ဒူးထောက်နေရလဲဆိုတာကို ပြသနေတာပဲ။ အစိုးရက သူ့ကို လာပေးပါလို့ တောင်းပန်တိုးလျှိုးနေရတယ်ဆိုတဲ့ ကောလာဟလ တွေက ဘာလို့ ဒီလောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေရတာလဲ။ အစိုးရက မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာ ဖြစ်ပြီး လူကြိုက်များမှုကိုပဲ ရှေ့တန်းမတင်သင့်ဘူး။ သမ္မတက ချေဘော တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောပြီး အတူတူ စားသောက်နေတဲ့ အချိန်မှာ သာမန် ပြည်သူတွေရဲ့ စီးပွားရေးကတော့ အကြီးအကျယ် ခံစားနေရတယ်။ ငါတို့က သာမန်ပြည်သူတွေအတွက် နိုင်ငံရေးကို လုပ်ရမယ်"

– ငါတို့ရဲ့ အမတ် မာဆန်းထယ် ကတော့ နောက်တစ်ခါ စိတ်ကူးတွေယဉ်ပြန်ပြီ။

– သူ ဆေးရုံ မတက်ရသေးဘူးလား။

– လွတ်လပ်သောပြည်သူများပါတီ ရဲ့ ထောက်ခံသူ တစ်ယောက်အနေနဲ့ ပြောရရင် ကွန်ဆာဗေးတစ်ဝါဒီတွေ ပြန်လည် နိုးထလာဖို့အတွက် လီဂျောင်ဟွန်း နဲ့ မာဆန်းထယ် တို့ကို နိုင်ငံရေးသစ်ပါတီ ဆီ ပို့လိုက်ဖို့ အပြင်းအထန် တောင်းဆိုပါတယ်။

– အမတ် မာဆန်းထယ် ရဲ့ အိမ်နားမှာ တိုင်းရင်းဆေးရုံတစ်ခုလောက် ဆောက်ပေးသင့်တယ်။

– သူ ပြောတာလည်း တစ်ဖက်က ကြည့်ရင် မှန်ပါတယ်။ ကန်ဂျင်ဟူ ကြောင့်နဲ့တင် စာရင်းကို ပြောင်းလဲလိုက်တာက မှန်လို့လား

– သမ္မတ ပတ်ဆီဟျွန်း ရာထူးမှာ ရှိတုန်းကတော့ သူ အိမ်ပြာတော် နားတောင် မကပ်ခဲ့ဘူးလေ။ အခု လက်ဝဲယိမ်း သမ္မတ တက်လာတာနဲ့ ချက်ချင်း ပြေးသွားတာပဲ။

– ချီးပဲ... သူ့ရဲ့ လက်ဝဲယိမ်း သဘာဝကို ဖုံးကွယ်လို့ မရပါလား။

– မဟုတ်ဘူး။ သူတို့က ခေါ်လို့ သွားတာလေ။ မခေါ်ဘဲနဲ့ ဘယ်လို သွားမလဲ။

– သူက အိမ်ပြာတော် ရှေ့ကို ရုတ်တရက် ရောက်သွားရင် တံခါး ဖွင့်ပေးလိမ့်မယ်လို့ ထင်နေတာလား။ ဟားဟား။

– ဒါပေမဲ့ သူက ဘာလို့ ဟိုချန်မင်း နဲ့ တွေ့တာလဲ။ ကန်ဂျင်ဟူ မှာ သူ့ကို အကူအညီတောင်းစရာ ရှိလို့လား။

– အမှန်အတိုင်း ပြောရရင် ကန်ဂျင်ဟူ က အခု ကိုရီးယား သမ္မတနဲ့ တန်းတူ နေရမယ့် အဆင့် မဟုတ်တော့ဘူး။

– ဟုတ်တယ်။ သူက အနည်းဆုံးတော့ ရိုနယ် ရဲ့ အဆင့်လောက် ရှိမှ တန်းတူ ဖြစ်မှာ မဟုတ်ဘူးလား။

– ကန်ဂျင်ဟူ က အများကြီး ကြီးထွားလာခဲ့ပြီပဲ။

– တကယ်လို့ သူသာ အခုလို အနေအထားမျိုးမှာ ရှိနေခဲ့ရင် ပတ်ဆီဟျွန်း တောင် သူ့ကို ထိရဲမှာ မဟုတ်ဘူး။

All Chapters