← Chapters

အခန်း ၁၉၆၉

Vol. 132 Ch. 1969

အခန်း ၁၉၆၉

Vol. 132 Ch. 1969

အခန်း (၁၉၆၉) လီချန်းယွမ် အခုငါတို့ကြားက ကွာဟချက်ကို နားလည်ပြီလား

ဘုန်း. . . .

လီချန်းယွမ်၏အငွေ့အသက်က ချူးယွင်ဖန်းဆီသို့ ဒီရေလှိုင်းလုံးနှယ် ရောက်ရှိလာသည်။ တစ်ချိန်တည်းတွင်ပင် ချူးယွင်ဖန်း၏ခန္ဓာကိုယ်တွင်းမှ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။ သူကလည်း လုံးဝမလျှော့ပေ။ ထိုအငွေ့အသက်နှစ်ခု တိုက်မိသောအခါတွင်မူ အဆုံးအစမရှိသောအလင်းတန်းကြီး ထွက်ပေါ်လာလေသည်။

လီချန်းယွမ်၏စွမ်းအားများက မီးတောက်ကဲ့သို့ ရဲရဲနီနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏စွမ်းအားများက အဆုံးအစမရှိသောမိုးကြိုးကို သယ်ဆောင်လာကာ လျှပ်စစ်မြွေများ ရစ်ပတ်နေသကဲ့သို့ပင်။ ထိုအရာများသည် ထူးခြားသောခန္ဓာကိုယ်များ၏ အားကောင်းသောစွမ်းအားများ ဖြစ်လေသည်။

အားလုံးက လီချန်းယွမ်ကို ကြည့်နေကြသည်။ ချူးယွင်ဖန်းက မီးနတ်ဘုရားခန္ဓာကိုယ်အကြောင်း ပြောခဲ့သည်မှာ တကယ်မှန်ပေသည်။ ထိုသို့မီးစွမ်းအားမျိုးက စိတ်ကူးကြည့်၍ပင်မရပေ။

ချူးယွင်ဖန်း၏နတ်စွမ်းအား ပါဝင်သော မိုးကြိုးစွမ်းအားသည်လည်း အားလုံးကို အမြင်ပွင့်သွားစေသည်။ သို့သော်လည်း ယခင်က ကြားသိထားသည့်သတင်းများအရ သူသည် ဘုရင်အဆင့် မိုးကြိုးခန္ဓာကိုယ်ရှိသည်ဟု ကြားထားကြသည်။ မဟုတ်လျှင် လက်ရှိပါရမီလောက်ဖြင့် ထိပ်တန်းပါရမီရှင်များကို မည်သို့နှိပ်ကွပ်နိုင်မည်နည်း။ ဟာသသာ ဖြစ်ပေလိမ့်မည်။

ဘုန်း. . . .

လီချန်းယွမ်သည် မြေပြင်ကို အားကုန်နင်းချလိုက်ရာ တစ်လောကလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ သူ၏ ခြေဖဝါးအောက်မှ ကြီးမားလှသော စွမ်းအားတို့သည် မြေပြင်ကို လောင်ကျွမ်းမတတ် ပျံ့နှံ့ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် လီချန်းယွမ်သည် အေးစက်သော မျက်နှာထားဖြင့် မြေပြင်မှ ဟုန်းခနဲ ပျံတက်သွားသည်။ သူ၏ ပုံရိပ်မှာ ရွှေတောင်ပံလင်းယုန်တစ်ကောင်အလား လျှပ်စီးတန်းတစ်ခုအလား အရှိန်အဟုန်ပြင်းစွာဖြင့် ချူးယွင်ဖန်းရှိရာဆီသို့ တစ်ရှိန်ထိုး ပြေးဝင်သွားတော့သည်။

ထိုစဉ် သူ၏လက်အတွင်း၌ ရှေးဟောင်းဓားနက်ကြီးတစ်လက် ရုတ်တရက် ပေါ်ပေါက်လာ၏။ ဓားပုံသဏ္ဌာန်မှာ ရိုးရှင်းလှသော်လည်း ထိုမှထွက်ပေါ်လာသော ဓားအလင်းတန်းတို့သည် အံ့မခန်းပင်။ ပေရာချီထူ၍ ပေထောင်ချီရှည်လျားသော ဓားအလင်းတန်းကြီးသည် ကောင်းကင်ယံအထိ ထိုးတက်သွားပြီး လေထုကြီးကို နှစ်ခြမ်းခွဲကာ အပေါ်မှ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်လေသည်။

"ကြောက်စရာကောင်းလိုက်တဲ့ ဓားအလင်းတန်းပါလား။ ဒါ ဘယ်လိုအတတ်မျိုးလဲ"

ဘေးမှ ကြည့်နေသူများထံမှ အံ့အားသင့်တုန်လှုပ်သော အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

သို့သော် ချူးယွင်ဖန်းကမူ အရှိန်ဖြင့် ကျဆင်းလာသော ဓားအလင်းတန်းကြီးကို လက်သီးတစ်ချက်တည်းဖြင့်သာ တုံ့ပြန်လိုက်၏။ ထိုလက်သီးချက်သည် မိုင်ပေါင်းသောင်းချီသော အလင်းတန်းတို့ကို အမှုန့်ခြေပစ်လိုက်သလိုပင်။ လက်သီး၏ အရှိန်အဟုန်ကလည်း လုံးဝလျော့ပါးမသွားဘဲ မည်သူမျှ မတားဆီးနိုင်လောက်အောင် ရှေ့သို့ ဆက်လက်တိုးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းတွင်ပင် ထိုစွမ်းအားတို့သည် အရာအားလုံးကို ကြေမွပျက်စီးသွားစေတော့၏။

ဝုန်း. . . .

လက်သီး၏ အရှိန်ကြောင့် ပြိုင်ကွင်းတစ်ခုလုံး တုန်ဟီးသွားကာ လီချန်းယွမ်တစ်ယောက် လွင့်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာလေသည်။ သူ၏ ရင်ဘတ်ရှိ ရွှေရောင်ချပ်ဝတ်ပေါ်တွင် ထင်ကျန်နေသော ကြီးမားလှသည့် လက်သီးရာကြီးကို မြင်လိုက်ရသည့်အခါမှသာ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လူတိုင်း သိရှိသွားကြလေသည်။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်း၏ လက်သီးချက် မည်မျှပြင်းထန်သည်ကို မည်သူမဆို ခန့်မှန်းကြည့်နိုင်ပေသည်။ ဂိုဏ်းကြီးတစ်ခု၏ အကြီးအကဲဖြစ်သူပင်လျှင် မအောင့်နိုင်တော့ဘဲ သက်ပြင်းချကာ ရေရွတ်လိုက်မိ၏။

"လက်သီးတစ်ချက်တည်းနဲ့ ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ လီချန်းယွမ်ကို သွေးအန်ပြီး လွင့်ထွက်သွားအောင် လုပ်နိုင်တယ်ပေါ့။ ဒီမျိုးဆက်သစ်လူငယ်တွေကတော့ တကယ်ကို ကြောက်စရာကောင်းလှချည်လား။ ဒီ ချူးယွင်ဖန်းရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုးများ ဖြစ်နေလို့လဲ?"

လူအများအပြားမှာလည်း အံ့အားသင့်နေကြရသည်။ ချူးယွင်ဖန်းသည် လီချန်းယွမ်နှင့် အဆင့်တူရုံတင်မကဘဲ အသာစီးပင် ရနေသယောင် ရှိနေသောကြောင့် ဖြစ်၏။

ဒါက ဘယ်လိုဟာသမျိုးလဲ။

ယခင်ကဆိုလျှင် မည်မျှပင် ရူးသွပ်သောသူဖြစ်စေကာမူ ယခုကဲ့သို့ မယုံနိုင်စရာကောင်းသော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ချူးယွင်ဖန်းသည် တကယ်ပင် အဆင်သင့်ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ရဲတင်းမှုနောက်ကွယ်တွင် ခိုင်မာသော ခွန်အားများ ရှိနေ၏။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဘယ်တုန်းကမှ မာန်တက်နေခဲ့ခြင်း မဟုတ်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေခြင်းသာ ဖြစ်သည်။ သူ့တွင် ထိုသို့သော စွမ်းအားမျိုး အမှန်တကယ် ရှိနေသည် မဟုတ်ပါလား။

ချူးယွင်ဖန်းသည် ကျားပျံကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီးနောက်မှာပင် လူအများစုက သူ၏ခွန်အားသည် လီချန်းယွမ်အောက် အနည်းငယ် နိမ့်ကျလိမ့်ဦးမည်ဟုသာ ထင်မြင်နေခဲ့ကြသေးသည်။ အလွန်ဆုံး သူတို့နှစ်ဦးမှာ ယှဉ်နိုင်ရုံလောက်သာ ရှိလိမ့်မည်ဟု ယူဆခဲ့ကြ၏။ ထိုသို့ ယှဉ်နိုင်ခြင်းကပင်လျှင် အလွန်ပင် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။

သို့သော်လည်း ချူးယွင်ဖန်းကမူ သူတို့၏ အတွေးများ မှားယွင်းကြောင်းကို ခိုင်မာသော အချက်အလက်များဖြင့် ရိုက်ချိုးပြလိုက်သလိုပင်။ သူ၏ခွန်အားသည် လီချန်းယွမ်ထက် အမှန်တကယ် သာလွန်နေပြီး သူသည် အစဉ်အမြဲပင် ယုံကြည်ချက် အပြည့်ရှိနေခဲ့ခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် လီချန်းယွမ်ကို ထောက်ခံသူများ၏ မျက်နှာမှာ ပျက်ယွင်းသွားကြတော့သည်။ သူတို့၏ ရွယ်တူများကြား ပြိုင်ဆိုင်မှုတွင် ယခုကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ အတိတ်ကာလများ၌ သူသည် အခြားသူများနှင့် တိုက်ခိုက်သည့်အခါတိုင်း အခြားသူများအပေါ် လူတို့၏ အမြင့်မားဆုံး မျှော်လင့်ချက်မှာ လီချန်းယွမ်၏ တိုက်ကွက်ပေါင်းသုံးရာကို အသာစီးမရလျှင်တောင် ခံနိုင်ရည်ရှိဖို့သာ ဖြစ်သည်။ ထိုမျှလောက်အထိ တောင့်ခံနိုင်သူသည်ပင်လျှင် ရွယ်တူချင်းကြားတွင် အလွန်ထူးချွန်သူဟု သတ်မှတ်ခံရခြင်း ဖြစ်သည်။

ယခုမူ လီချန်းယွမ် အရေးနိမ့်နေပြီဖြစ်သဖြင့် ဤသည်မှာ ရွယ်တူချင်းကြား ပြိုင်ဆိုင်မှုသမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော အဖြစ်အပျက်ပင် ဖြစ်လေ၏။

“လီချန်းယွမ် အခု ငါတို့ကြားက ကွာဟချက်ကို နားလည်ပြီလား”

ချူးယွင်ဖန်းက တစ်ဖက်သူကို လက်တစ်သီးချက်တည်းဖြင့် နောက်ဆုံးသွားစေသော်လည်း ဇွတ်အတင်း အနိုင်ရရန် မကြိုးစားပေ။ ထို့အစား လက်နောက်ပစ်၍သာ ရပ်နေလိုက်သည်။

--

All Chapters