အခန်း ၁၉၇၂
Vol. 132 Ch. 1972
အခန်း (၁၉၇၂) သေခြင်းတရားအဆုံးသတ်သို့ ဖိအားပေးခြင်း
လီချန်းယွမ် အဝေးသို့ လွင့်စင်သွားသည်ကို မြင်သောအခါတွင် လီမျိုးနွယ်ဝင်သခင်အများစုက ထိုင်ကြည့်မနေနိုင်ကြတော့ပေ။ တစ်ချိန်တည်းတွင်ပင် လီချန်းယွမ်အပေါ်တွင် ယုံကြည်ချက်ရှိလျှင်ပင် ချူးယွင်ဖန်း၏အင်အားက လီချန်းယွမ်ထက်သာသည်ကို မြင်တွေ့လိုက်ကြရသည်။ အေးဆေးထိုင်ကြည့်မနေနိုင်ကြတော့ပေ။ အစပိုင်းက လီချန်းယွမ်သည် ကျော်လွှား၍မရနိုင်သောသူမျိုးဟု ထင်ခဲ့ကြသည်။ ပါရမီရှင်စာရင်း၌ အမြင့်တွင်ရှိသောသခင်အချို့ရှိလျှင်ပင် ပြဿနာနည်းနည်းသာ တက်စေနိုင်သည်။ လီချန်းယွမ်ကို ခြိမ်းခြောက်နိုင်သည်အထိ အားမကောင်းကြပေ။
သို့သော်လည်း ချူးယွင်ဖန်းက လီချန်းယွမ်အတွက် ခြိမ်းခြောက်မှုကြီးဖြစ်နေမည်ဟု မည်သူထင်မည်နည်း။
လီချန်းယွမ်က သူ၏ ဂုဏ်ယူဖွယ် မီးနတ်ဘုရားခန္ဓာကိုယ် ထုတ်သုံးလျှင်ပင် ချူးယွင်ဖန်း၏ပြိုင်ဘက် မဟုတ်သေးပေ။
ထိုသူများ၏မျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင်တို့ ထင်ဟပ်နေသည်။ ဤသည်မှာ မိမိတို့ ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေသည်။ သူတို့၏အမြင်တွင် မဖြစ်နိုင်ဟုထင်သောအရာကို ချူးယွင်ဖန်းက လုပ်ပြလိုက်သဖြင့် ထိုင်ကြည့်မနေနိုင်ကြတော့ပေ။ တိုက်ပွဲကို ဝင်ပါချင်သောလူများ ပေါ်လာသည်။ အရူးအချို့ကသာ စစ်မှန်သည့်မျှတမှုကို ယုံကြည်နေကြပေလိမ့်မည်။ သို့သော်လည်း ထိုသူများမှာ သည်းခံထားရသည်။ ဝင်စွက်ဖက်ရန် အကြောင်းရင်းမရှိသောကြောင့်ပင်။ အဘယ့်ကြောင့်ဆိုသော် စောနက စည်းကမ်းချိုးဖောက်လိုက်သော ကျားပျံမျိုးနွယ်အကြီးအကဲသုံးဦး၏ အဆုံးသတ်ကို မျက်မြင် မြင်တွေ့လိုက်ရသောကြောင့်သာ ဖြစ်၏။
ရိုးရှင်းသောတိုက်ခိုက်မှုနှင့်ပင် ကျားပျံမျိုးနွယ်မှ အကြီးအကဲအချို့သည် သေသည်အထိ ကြေမွသွားကြသည်။ မင်းသမီးကြီးကို တရှတော်ဝင်မိသားစု၏ နံပါတ်တစ်ပြိုင်ဘက်ကင်း ကျွမ်းကျင်သူဟု သတ်မှတ်ထားကြသည်။ အမှန်ဟုတ်မဟုတ်ကို မသိသော်လည်း အနည်းဆုံးတွင် သူမ၏အင်အားက မိမိတို့ယှဉ်နိုင်သောအရာမျိုး မဟုတ်ပေ။ မင်းသမီးကြီး၏မျက်လုံးထဲတွင်မူ ထိုသူများသည် ပုရွက်ဆိတ်များဖြင့် မခြားပေ။
သို့သော်လည်း သူတို့၏ မျက်ဝန်းများထဲတွင် ခိုအောင်းနေသော စိုးရိမ်ပူပန်မှုများက အခြေအနေမှန်ကို သက်သေပြနေဆဲပင် ဖြစ်သည်။
"နတ်ဒေဝါဂိုဏ်းတွေက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ ငါတို့မျိုးနွယ်စုနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ချင်နေတာလား။ မြန်မြန် ချူးယွင်ဖန်းကို တားကြစမ်း"
လီမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"ဟားဟားဟား”
ထိုစကားကို ကြားသောအခါတွင် နတ်ဒေဝါဂိုဏ်းမှ လူများက ရယ်မောရုံသာ တုံ့ပြန်လိုက်ကြသည်။ နတ်ဒေဝါဂိုဏ်းဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် သာမာန်ဟု သတ်မှတ်ခံရသော်လည်း ၎င်းမှာ အခြားသော ထိပ်တန်းဂိုဏ်းကြီးများနှင့် ယှဉ်မှသာ ထိုသို့ဖြစ်ခြင်း ဖြစ်သည်။ လီမျိုးနွယ်စုသည် စစ်ဘက်ဆိုင်ရာ ဂုဏ်သရေရှိ မိသားစုဖြစ်ပြီး စစ်တပ်အတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့်တိုင်အောင် နတ်ဒေဝါဂိုဏ်းဂိုဏ်းနှင့် ယှဉ်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေဆဲပင်။
လီမျိုးနွယ်စု၏ အကြီးအကဲသည်လည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ခုနက စိုးရိမ်စိတ် လွန်ကဲသွားသောကြောင့်သာ ထိုကဲ့သို့သောစကားမျိုးကို ပြောထွက်သွားခြင်း ဖြစ်၏။ သူသည် ချူးယွင်ဖန်း၏ အရှိန်အဝါအောက်တွင် မတတ်သာသည့် အခြေအနေသို့ ရောက်နေခဲ့ရသည်။
နောက်တစ်ခဏတွင် လီချန်းယွမ်သည် ရပ်နေသည့်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်း၏ ခြေတစ်ချက် နင်းလိုက်မှုကြောင့် သိုင်းစင်၏ ကြမ်းပြင်ပေါ်တွင် ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
"သေခါနီး အသည်းအသန် ရုန်းကန်နေတာပဲ။ မင်းက ထောင်ချောက်ထဲမှာ ပိတ်မိနေပြီး အသည်းအသန် ပြန်တိုက်ခိုက်နေတဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ တူနေပြီ"
ချူးယွင်ဖန်းက လီချန်းယွမ်ကို အေးစက်စွာ ကြည့်ရင်း ဆိုလိုက်သည်။
လီချန်းယွမ်ကမူ ထိုဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားပြီး အသက်ကို မနည်းလုရှူနေရရှာသည်။ သူသည် ချူးယွင်ဖန်း၏ ခြေထောက်အောက်တွင် အနင်းခံရပြီး သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း၊ သူ၏ ဒဏ်ရာများမှာမူ အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် ပြန်လည်သက်သာလာနေသည်။ သူ သောက်ခဲ့သော ဆေးလုံးမှာ အစွမ်းပြနေခြင်းပင်။
"ချူးယွင်ဖန်း မင်း ငါ့ကို သတ်ချင်တာလား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီနေ့ ငါ့လက်နဲ့ပဲ မင်းကို အပြတ်ရှင်းပြမယ်။ ငါတို့ကြားက ရန်ငြိုးတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ”
လီချန်းယွမ်သည် ဟိန်းဟောက်လိုက်ရင်း လေဟာလာနယ်ထဲမှ စိမ်းဖန့်ဖန့်ဆေးလုံးတစ်လုံးကို ဆွဲယူကာ ချက်ချင်းပင် ဝါးမျိုချလိုက်သည်။ ထိုစိမ်းရောင်ဆေးလုံးမှာ ခဏချင်းမှာပင် ပြင်းထန်သော စွမ်းအင်အဟုန်အဖြစ် ပြောင်းလဲသွားပြီး သူ၏ဆဲလ်တိုင်း၊ အကြောတိုင်းဆီသို့ ပျံ့နှံ့စီးဝင်သွားတော့သည်။
ဘုန်း. . . .
လီချန်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများမှာ အပြင်သို့ ပေါက်ကွဲထွက်လာတော့သည်။ သူသည် မီးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုပြီးနောက်တွင် ဖန်ဆင်းရှင်အဆင့်၏ စတုတ္ထအဆင့် အထွတ်အထိပ်ကို ကျော်လွန်ကာ ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ယခုမူ သူ၏စွမ်းအားမှာ ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်လာရုံတင်မကဘဲ စက္ကန့်နှင့်အမျှ ပိုမိုတိုးပွားလာနေ၏။
"ချူးယွင်ဖန်း ဒီဆေးလုံးက ငါ့သက်တမ်း နှစ်သုံးဆယ် နဲ့ လဲထားရတာကွ။ တစ်နေ့နေ့မှာ ဒါကို သုံးရလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ သက်တမ်းနှစ်သုံးဆယ် ကို မင်းရဲ့အသက်နဲ့ လဲရတာ တန်ပါတယ်"
လီချန်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုနေရာတွင် ရှိနေသော မျိုးဆက်သစ်လူငယ်များထဲ၌ ကျင့်စဉ်အမြင့်ဆုံးဖြစ်သည့် မုန့်ပေါ်ထျန်း၊ မုန့်ထျန်းယန်နှင့် မင်းသမီးယွင်ယန်တို့ သုံးဦးစလုံး မျက်နှာပျက်သွားကြသည်။ သူတို့၏ ကျင့်စဉ်အဆင့်သည် လီချန်းယွမ်နှင့် အလားတူသဖြင့် ဤကဲ့သို့ သက်တမ်းကို စတေးရသည့် နည်းလမ်းမျိုးမှာ အလွန်အန္တရာယ်ရှိသော အခြေအနေမျိုးတွင်မှသာ အသုံးပြတတ်ကြသည်ကို သူတို့ ကောင်းစွာသိကြသည်။
ဤသို့ အစားထိုးမရနိုင်သော သက်တမ်းကို အသုံးပြုခြင်းသည် မိမိ၏ အနာဂတ်အလားအလာနှင့် ပါရမီကို ဝါးမျိုပစ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ရာ၊ မိမိရောက်ရှိနိုင်မည့် အထွတ်အထိပ်အဆင့်သို့ မရောက်နိုင်တော့သည့်သဘောလည်း ဖြစ်သည်။
ပါရမီရှင်စာရင်း၏ နံပါတ်တစ်ဖြစ်သော လီချန်းယွမ်ပင်လျှင် ဤမျှအထိ အကျပ်ရိုက်သွားရသည်ဆိုလျှင် ချူးယွင်ဖန်း၏ စွမ်းအားမှာ မည်မျှအထိ မှန်းဆရခက်မည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
"နှစ်သုံးဆယ်လား။ မင်းမှာ အဲဒီနှစ်သုံးဆယ် ကျန်နေသေးတယ်လို့ တကယ်ထင်နေတာလား"
ချူးယွင်ဖန်းက လှောင်ပြုံးလေးဖြင့် ပြောလိုက်သည်။
လီချန်းယွမ်သည် ဒေါသအဟုန်ဖြင့် ခုန်တက်လိုက်ကာ သူ၏ဓားကို အစွမ်းကုန် လွှဲယမ်းလိုက်သည်။ သူ၏ ဓားအလင်းတန်းသည် ယခင်ကထက် နှစ်ဆမက ပိုမိုပြင်းထန်လာလေတော့သည်။
ဘုန်း. . . .
ဓားအလင်းက ချူးယွင်ဖန်းရှိရာသို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ကျဆင်းလာလေ၏။
--