အခန်း ၁၉၇၃
Vol. 132 Ch. 1973
အခန်း (၁၉၇၃) နောက်ဆုံးတော့ လီချန်းယွမ်သေသွားပြီ
“မင်းမှာရှိတာ ဒါအကုန်ပဲလား။ အခု ငါမင်းကို သတ်လိုက်ရင်တောင် နောင်တမရှိဘဲ သေသင့်နေပြီ”
လီချန်းယွမ်ဖြင့် မျက်နှာချင်းဆိုင်သောအခါတွင် ချူးယွင်ဖန်းသည် အလျင်မလိုဘဲဖြင့် သူအ့ား ရိုက်ချလိုက်သည်။ ကြည်လင်နေသောလက်ဝါးဖြူပေါ်လာပြီး ထိုလက်ဝါးက ဓားအလင်းကို ရိုက်ချပစ်လိုက်လေ၏။
ဘုန်း. . . .
ဓားအလင်းတန်းများဆီမှ ဝုန်းကနဲ ပွင့်ထွက်လာသော မီးပင်လယ်နှင့် လက်ဝါးပြင်ပေါ်ရှိ ဆူပွက်နေသော လျှပ်စီးစွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်တိုက်မိကြရာ တစ်လောကလုံး ပြိုလဲတော့မည့်အလား ခံစားရစေသည်။ ယခင်ကနှင့်ယှဉ်လျှင် နှစ်ဦးနှစ်ဖက်၏တိုက်ပွဲမှာ သိသိသာသာ အရှိန်မြင့်တက်လာခဲ့ပြီး စွမ်းအားကလည်း အနည်းဆုံး အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။
"တကယ်ကို အစွမ်းထက်လွန်းတယ်။ ဒါဟာ တကယ့်ကို ကမ္ဘာ့နံပါတ်တစ်နေရာအတွက် ပြိုင်ပွဲပဲ။ ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး ဒီလူနှစ်ယောက်ရဲ့ စွမ်းအားက တခြားသူတွေထက် အဆင့်တစ်ခု ပိုမြင့်နေတာတော့ ငြင်းလို့မရဘူး"
ကြည့်ရှုနေသူအားလုံးသည် ရင်ဘတ်ထဲတွင် လေပင် မရှိတော့သကဲ့သို့ အသက်ရှူရပ်မတတ် ခံစားနေကြရသည်။ ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှုမျိုးမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ သူတို့နှစ်ဦး၏ ထိတွေ့မိသံမှာ နတ်ဘုရားတို့၏ စည်တော်ကြီးကို တီးခတ်လိုက်သကဲ့သို့ ဟိန်းထွက်နေပြီး ထိတ်လန့်ဖွယ်ရာ အသံဗလံတို့မှာ ကောင်းကင်ယံမှ မိုးခြိမ်းသံများအလား ဆူညံနေတော့သည်။ ထိုနေရာတွင် ရှိနေသော မည်သည့်ပါရမီရှင်မျိုးမှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
ဤသည်မှာ ပါရမီရှင်စာရင်း၏ ပထမနေရာအတွက် တိုက်ပွဲတစ်ခုတည်း မဟုတ်ဘဲ သူတို့နှစ်ဦးကြားရှိ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည့် တိုက်ပွဲလည်း ဖြစ်သည်။ နှစ်ရှည်လများ စုဆောင်းလာခဲ့သော သူတို့၏ ရန်ငြိုးရန်စများကို ဤနေရာတွင်ပင် အဆုံးသတ်ကြတော့မည် ဖြစ်သည်။
လူအများကို ပို၍ပင် အံ့အားသင့်စေသည်မှာ ဤမျှအထိ စွမ်းအားမြင့်တက်လာသော လီချန်းယွမ်ကို ချူးယွင်ဖန်းက အမှီလိုက်နိုင်နေခြင်းပင်။ သူသည် အရာအားလုံးကို အလွန်တရာ လွယ်ကူချောမွေ့စွာ ပြုလုပ်နေခဲ့သည်။
"လီချန်းယွမ်ကတော့ ထားပါတော့။ သူက လျှို့ဝှက်နည်းလမ်းတွေနဲ့ ဆေးလုံးတွေ အများကြီး သုံးထားတာပဲ။ ဒီလောက် စွမ်းဆောင်နိုင်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ချူးယွင်ဖန်းက ဒါတွေကို ဘယ်လိုများ လုပ်နေတာလဲ”
"ချူးယွင်ဖန်းက ဘယ်ပါရမီရှင်ကိုမှ မကြောက်တာ မဆန်းတော့ပါဘူး။ လီချန်းယွမ်တစ်ယောက်ပဲ သူ့ကို အပြန်အလှန် တိုက်ခိုက်နိုင်တာ။ တခြားသူတွေသာဆိုရင် သိုင်းစင်ပေါ်တက်လာတာနဲ့ အသက်ပျောက်သွားမှာ သေချာတယ်"
တိုက်ပွဲသည် ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာခဲ့သည်။ ချူးယွင်ဖန်း၏ ဖြူဖွေးသောလက်ဝါးချက်သည် လေထုကိုခွင်း၍ ကျဆင်းလာရာ လီချန်းယွမ်၏ ဓားအလင်းတန်းများကို ဖန်သားပြင်ပမာ အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပစ်လိုက်သည်။ ထိုလက်ဝါးရိုက်ချက်၏ အရှိန်အဟုန်မှာ လျော့ပါးသွားခြင်းမရှိဘဲ ကြီးမားသောဘီးလုံးကြီးတစ်ခုပမာ လီချန်းယွမ်ထံသို့ တရိပ်ရိပ်ကျဆင်းလာတော့သည်။
ဤရိုက်ချက်သည် အလင်းနှင့်အမှောင်ကို ခွဲခြားနိုင်ပြီး သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့်အစွမ်း ရှိနေသည်။ လီချန်းယွမ်သည် သူ၏အင်အားရှိသမျှ အစွမ်းကုန်ထုတ်သုံးနေရသော်လည်း ချူးယွင်ဖန်း၏ လှုပ်ရှားမှုများမှာမူ အရာရာကို သူ၏လက်ဖဝါးပေါ်တွင် တင်ကစားနေသကဲ့သို့ အလွန်ပင် လွယ်ကူချောမွေ့နေ၏။ တစ်ခါတစ်ရံတွင် သူသည် နတ်ဘုရားတို့၏ တန်ခိုးစွမ်းအားများကို အသုံးပြုပြီး တစ်ခါတစ်ရံတွင်မူ သိုင်းပညာရပ်များကို အသုံးပြုသည်။ အများအားဖြင့်မူ သူ၏အမှတ်မထင် တိုက်ခိုက်မှုတစ်ခုချင်းစီမှာပင် ပြင်းထန်သောစွမ်းအားများ ပါဝင်နေသဖြင့် လီချန်းယွမ်မှာ အစွမ်းကုန်ခုခံနေရရှာသည်။
မည်သူက ပိုမိုသာလွန်ပြီး မည်သူက အားနည်းသည်ဆိုသည်မှာ ထင်ရှားလှပေသည်။ အဆက်မပြတ် တိုးပွားလာနေသော လီချန်းယွမ်၏ စွမ်းအားများရှေ့တွင်ပင် ချူးယွင်ဖန်းအတွက်မူ ဘာမှမဟုတ်သကဲ့သို့ ရှိနေတော့သည်။
လီချန်းယွမ်၏ မျက်နှာမှာ ပို၍ပင် မှောင်မည်းလာသည်။ ဤမျှအဆင့်ထိ ရောက်နေပြီဖြစ်သော်လည်း သူသည် ချူးယွင်ဖန်းကို မယှဉ်နိုင်သေးပေ။ သူသည် လျင်မြန်စွာ နောက်သို့ဆုတ်ခွာလိုက်ပြီး ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်မှ မျက်တောင်တစ်ခတ်အတွင်း တိမ်းရှောင်လိုက်သည်။
ဘုန်း. . . .
သိုင်းစင်တစ်ခုလုံးမှာ ချူးယွင်ဖန်း၏ လက်ဝါးချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားတော့သည်။ ကြည့်ရှုနေသူအားလုံးသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြရ၏။ သိုင်းစင်တစ်ခုလုံးကို တည်ဆောက်ထားသည့် အခြေခံပစ္စည်းများမှာ အလွန်တရာ ခိုင်မာရုံတင်မကဘဲ အလွှာလိုက်အားဖြည့်ထားသော မန္တန်အစီအရင်များစွာ ရှိနေသည့်တိုင် ယခုမူ လက်ဝါးတစ်ချက်တည်းနှင့်ပင် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
လီချန်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမြင်ကွင်းက သူ့ကို သေချာပေါက် ထိတ်လန့်သွားစေ၏။ အကယ်၍သာ သူ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပါက အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည်မဟုတ်ပေ။ သူ၏အကြည့်တို့မှာ အလွန်အေးစက်သွားပြီး ချက်ချင်းပင် ချူးယွင်ဖန်းထံသို့ နောက်ထပ်တစ်ကြိမ် ဓားဖြင့် အစွမ်းကုန် ခုတ်ပိုင်းလိုက်ပြန်သည်။
ဘုန်း. . . .
ကောင်းကင်ယံကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသကဲ့သို့ ခံစားရသည်။ ဤသည်မှာ သိုင်းစင်တည်ရှိရာ ဟင်းလင်းပြင်တစ်ခုလုံး ပြိုလဲတော့မည့် လက္ခဏာပင်။ သူတို့နှစ်ဦး၏ စွမ်းအားများသည် သိုင်းစင်၏ ခံနိုင်ရည်ထက် များစွာကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ချူးယွင်ဖန်း၏ လက်ဝါးချက်က သိုင်းစင်ကို ရိုက်ခွဲလိုက်ပြီး လီချန်းယွမ်၏ ဓားချက်က ကောင်းကင်ယံတွင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ရွှပ်. . . .
လီချန်းယွမ်သည် ရှေ့သို့ နောက်တစ်ကြိမ် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာပြန်သည်။ သူ၏အရှိန်မှာ မီးတောက်တစ်ခုပမာ အလွန်လျင်မြန်လှရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီး ဓားဖြင့် အားကုန်လွှဲ၍ ခုတ်ချလိုက်တော့သည်။
ဓားအလင်းတန်း နှစ်ခုမှာ ချူးယွင်ဖန်းကို ဝန်းရံသွားလေသည်။
ချူးယွင်ဖန်းမှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနေသော ဓားအလင်းတန်းများကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ လီချန်းယွမ်၏ စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့သော်လည်း သူသည် ချူးယွင်ဖန်းကို ခဲခဲယဉ်းယဉ်းသာ ခုခံတိုက်ခိုက်နေနိုင်တော့သတည်း။
သို့သော်လည်း ကွာဟချက်မှာ ရှိနေဆဲပင်။ အမှန်တွင် သူတို့နှစ်ဦးကြားရှိ စွမ်းအားကွာခြားမှုမှာ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိခဲ့ပေ။
ချူးယွင်ဖန်းသည် သူ၏လက်မောင်းကို မြှောက်လိုက်ပြီး ကိုယ်ကိုတစ်ချက် လှည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုးနှက်လိုက်သည်။
ဘုန်း. . . .
ဤလက်သီးချက်သည် ကောင်းကင်ယံကိုပင် အက်ကွဲသွားစေပြီး ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ကာ လီချန်းယွမ်၏ နံဘေးသို့ ရုတ်တရက် ကျရောက်သွားတော့သည်။
လီချန်းယွမ်မှာ ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူသည် နတ်ဘုရားမီးတောက်တစ်ခုအဖြစ် အသွင်ပြောင်းကာ နောက်သို့ ဆုတ်ခွာသွား၏။ သူ ပြန်လည်ပေါ်လာသည့်အချိန်တွင် ချူးယွင်ဖန်းနှင့် မီတာထောင်ချီ ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ အစိမ်းလိုက် အနင်းခံလိုက်ရသလို ကြေမွပျက်စီးနေလေပြီ။
သူ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။ အကယ်၍သာ ခုနက သေစေနိုင်သော တိုက်ကွက်ကို မရှောင်တိမ်းနိုင်ခဲ့ပါက သူသည် အပြတ်အသတ် ဇာတ်သိမ်းသွားပေလိမ့်မည်။ တိုက်ရိုက်အထိမခံရခြင်းမှာ သူ၏ကံကောင်းမှုပင် ဖြစ်၏။ အကယ်၍သာ ချူးယွင်ဖန်း၏ လက်သီးနှင့် တည့်တည့်ထိမှန်ခဲ့လျှင် သူ၏ကိုယ်တစ်ခြမ်းလုံး ပေါက်ကွဲထွက်သွားမည် သို့မဟုတ် တစ်ကိုယ်လုံး အမှုန့်ဖြစ်သွားနိုင်ပြီး ပြန်လည်ကုသရန် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ပေ။
"အသက်ရှင်နေသေးတာလား"
ချူးယွင်ဖန်းက ပြုံးလျက် ဆိုလိုက်သည်။
နောက်တစ်ခဏတွင် သူသည် လီချန်းယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြန်သည်။ သူ၏အရှိန်မှာ မြန်လွန်းလှသဖြင့် လီချန်းယွမ်မှာ အချိန်မီ တုံ့ပြန်ရန်ပင် မတတ်နိုင်တော့ပေ။ ချူးယွင်ဖန်းသည် ကောင်းကင်ယံမှ နတ်သားတစ်ပါးကဲ့သို့ပင်။ သူ၏ အင်္ကျီစများမှာ လေတွင်လွင့်ပျံနေသော်လည်း သူ၏လက်နှစ်ဖက်မှာမူ ကြောက်မက်ဖွယ်ကောင်းသော တူကြီးများပမာ ရှိနေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူးယွင်ဖန်းသည် နောက်ထပ် ရိုးရှင်းလှသော လက်သီးချက်တစ်ခုဖြင့် ကောင်းကင်ယံကို ဖြိုခွင်းလိုက်ပြန်သည်။
ယခုအချိန်တွင် လီချန်းယွမ်အဖို့ အခြားရွေးချယ်စရာ မရှိတော့ပေ။
"လာစမ်းပါဂ
လီချန်းယွမ် အော်ဟစ်လိုက်နိုင်သည်။
လီချန်းယွမ်သည် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ကာလျက် အလွှာပေါင်းတစ်ထောင်ရှိသော မန္တန်အကာအကွယ်အလွှာများကို စုစည်းလိုက်သည်။ သို့သော် ထိုအကာအကွယ်အလွှာများမှာ ချူးယွင်ဖန်း၏ လက်သီးချက်အောက်တွင် ခဏချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရ၏။ လီချန်းယွမ်၏ ခုခံမှုကို ချိုးဖျက်ပြီးနောက်တွင်လည်း ချူးယွင်ဖန်း၏ အရှိန်မှာ လျော့ကျမသွားဘဲ လီချန်းယွမ်၏ ရင်ဘတ်တည့်တည့်သို့ အားပြင်းစွာ ထိမှန်သွားတော့သည်။
ဘုန်း. . . .
လီချန်းယွမ်၏ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး ပြင်းထန်သော ရိုက်နှက်မှုကို ခံလိုက်ရသည့်အလား သိုင်းစင်အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်။
"လီချန်းယွမ် ဒီတစ်ခါတော့ အစားထိုးအရုပ်က မင်းကို ကယ်နိုင်ဦးမလားဆိုတာ ငါကြည့်ချင်သေးသား”
ချူးယွင်ဖန်းက သူနှင့် လီချန်းယွမ်နှစ်ဦးတည်းသာ ကြားနိုင်သည့် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"အဲဒါ မင်းလား...."
လီချန်းယွမ်၏ မျက်လုံးများမှာ ပြူးကျယ်သွားရသည်။
နောက်ဆုံးတွင်မူ သူနားလည်သွားလေသည်။ အော်ဟစ်ကာ ချူးယွင်ဖန်းက မည်သူဖြစ်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း ကောင်းကင်ထက်မှ ဓားအလင်းတန်းတစ်ခုကျလာသည်ကိုသာ တွေ့လိုက်ရပြီး သူ၏ဦးခေါင်းမှာ ပြတ်သွားရလေတော့၏။
--