အခန်း ၁၉၇၇
Vol. 132 Ch. 1977
အခန်း (၁၉၇၇) အကုန်လို့သေနိုင်တယ်၊ ဒါပေမဲ့ ချူးယွင်ဖန်းတော့သေလို့မဖြစ်ဘူး
"မင်းသမီးကြီး တရားမျှတမှုကို ဖော်ဆောင်ပေးတော်မူပါ”
လူတိုင်းက တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြသည်။ ဤအခိုက်အတန့်တွင်မှ အမှန်တကယ် အသက်သေမိန့်ပေးနိုင်သူမှာ မင်းသမီးကြီးသာလျှင် ဖြစ်သည်ဟူသော အချက်ကို သူတို့ သတိရသွားကြခြင်းဖြစ်သည်။
"ဒီနေ့ တိုက်ပွဲမှာ သေခြင်းရှင်ခြင်းဟာ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်။ ဒီနေရာကို လာတဲ့သူမှန်သမျှဟာ သေဖို့အသင့်ပြင်ထားရမယ်"
ထူထပ်သော မြူခိုးများအတွင်းမှ မင်းသမီးကြီး၏ အသံ ထွက်ပေါ်လာသည်။ သူမ၏အသံမှာ တည်ငြိမ်အေးစက်လှပြီး လောကီလူသားတို့နှင့် မသက်ဆိုင်သကဲ့သို့ပင်။
ထိုစကားကြောင့် နတ်ဒေဝါဂိုဏ်းသားများ၏ မျက်နှာတွင် စိတ်လှုပ်ရှားဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း သူမ၏ နောက်ထပ်စကားတစ်ခွန်းက သူတို့ကို ရေခဲတွင်းထဲသို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"ငါ့ရဲ့ အေးချမ်းမသေမျိုးနတ်တောင်တော်ထဲမှာတော့ တစ်ကိုယ်တော် ရန်ငြိုးရန်စတွေကြောင့် တိုက်ခိုက်တာမျိုးကို ခွင့်မပြုဘူး။ အခု မွေးနေ့ပွဲလည်း ပြီးပြီဆိုတော့ မင်းတို့ ဆက်နေမလား၊ ထွက်သွားမလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီ။ အပြင်လူတွေကိုတော့ ဒီမှာ သုံးရက်ထက်ပိုပြီး နေခွင့်မပေးဘူး"
ဤစကားကို ကြားလိုက်ရချိန်တွင် ဂိုဏ်းကြီးအသီးသီးမှ ပညာရှင်များ၏ မျက်ဝန်းများမှာ အရောင်တောက်သွားကြတော့သည်။ မင်းသမီးကြီးဆိုလိုသည်မှာ အေးချမ်းမသေမျိုးနတ်တောင်တော်နယ်မြေအတွင်း၌သာ သူမချမှတ်ထားသော စည်းမျဉ်းများရှိသဖြင့် ရမ်းကား၍မရသော်လည်း တောင်ခြေမှ ကျော်လွန်သွားသည်နှင့် ထိုကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
အပြင်လူများအတွက် ပြင်ဆင်ရန် သုံးရက်အချိန်ရမည်ဖြစ်ပြီး ချူးယွင်ဖန်းတစ်ယောက် တောင်ပေါ်မှ ဆင်းလာသည်နှင့် သူသည် အိုးထဲကပုစွန်သဖွယ် ဖြစ်သွားတော့မည် မဟုတ်ပါလား။
"မင်းသမီးကြီးရဲ့ အမိန့်ကို နာခံပါ့မယ်"
လူအုပ်ကြီးက ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်ကြသည်။
လူအများက တစ်ဦးပြီးတစ်ဦး သဘောတူညီချက်ပေးလိုက်ကြသည်။ နတ်ဒေဝါဂိုဏ်းသားများမှာမူ စိတ်ဓာတ်ကျဆင်းသွားကြသော်လည်း မင်းသမီးကြီး၏ အမိန့်ကို မည်သူမျှ မလွန်ဆန်ဝံ့ကြပေ။ သူတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ မင်းသမီးကြီးမှာ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။
"မင်းသမီးကြီး ထွက်ခွာသွားတာကို ငါ လုံးဝ အာရုံမခံမိလိုက်ဘူး။ ဒါ ဟင်းလင်းပြင်ကူးပြောင်းခြင်းအတတ်လား”
ချူးယွင်ဖန်းသည် မြူခိုးများကြားမှ ပျောက်ကွယ်သွားသော ပုံရိပ်ကို ငေးကြည့်နေမိသည်။ အခြားသူများနှင့်မတူဘဲ သူသည် ထိုပုဂ္ဂိုလ်ကြီး၏ အံ့မခန်းလှသော စွမ်းရည်များကိုသာ ချီးကျူးနေမိ၏။ သူမသည် ဟင်းလင်းပြင်ဆိုင်ရာ အသိဉာဏ်အဆင့်အတန်းကိုပင် ထိတွေ့နေပြီဖြစ်ရာ ဤသည်မှာ လက်ရှိ ချူးယွင်ဖန်းအနေဖြင့် လုံးဝ မမှီနိုင်သေးသော အဆင့်တစ်ခုပင် ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းပညာရှင်ဆိုသည့် ဘွဲ့ထူးနှင့် အမှန်တကယ် ထိုက်တန်လှပေသည်။
"ဟင်း... စောင့်နေလိုက်စမ်းပါ။ နောက်သုံးရက်နေရင် မင်း အသက်ပျောက်စေရမယ် ချူးယွင်ဖန်း"
လီမျိုးနွယ်စု၏ အစောင့်အရှောက်က သူ့ကို စိုက်ကြည့်ရင်း ကြိမ်းဝါးလိုက်သည်။
"ဟားဟား... ကောင်းကင်ဘုံက တရားပါတယ်။ သုံးရက်နေရင် မင်း ဘယ်ကို ပြေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"မင်းသမီးကြီးရဲ့ ကာကွယ်မှုသာ မရှိရင် မင်း သေတွင်းကနေ လွတ်မှာမဟုတ်ဘူး”
ချူးယွင်ဖန်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေကြသော ပညာရှင်အများအပြားမှာ သူ့ကို တစ်စစီ ဆွဲဖြဲပစ်ချင်သည့် အကြည့်များဖြင့် ကြည့်ကာ ထွက်ခွာသွားကြတော့သည်။ နတ်ဒေဝါဂိုဏ်းသားအားလုံးမှာမူ စိုးရိမ်ပူပန်နေကြ၏။ မကြာခင်ပင် ထိုသူများသည် အေးချမ်းမသေမျိုးနတ်တောင်တော်မှ ထွက်ခွာသွားကြသော်လည်း တောင်ခြေတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ထားကြမည်မှာ အသေအချာပင်။
မျိုးနွယ်စုတစ်ခုတည်း၏ အင်အားဖြင့် ဤသို့လုပ်ရန် မလွယ်ကူသော်လည်း အင်အားစုအားလုံး ပူးပေါင်းလိုက်သည့်အခါတွင်မူ ဖြစ်နိုင်ခြေရှိသွားပြီဖြစ်သည်။ ထို့ပြင် အခြားသော နောက်ကွယ်မှ အင်အားစုများကလည်း ချူးယွင်ဖန်းကျဆုံးသွားသည်ကို မြင်လိုကြသည် မဟုတ်ပါလား။
သူသည် တစ်ကမ္ဘာလုံး၏ ရန်သူသဖွယ် ဖြစ်နေရကား နတ်ဒေဝါဂိုဏ်းသားများ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေတော့သည်။ ဂိုဏ်းကြီးများ၏ အစီအစဉ်ကို သူတို့ ကြိုတင်ခန့်မှန်းနိုင်သလို ထိုအစီအစဉ်များက မည်မျှ ရက်စက်မည်ကိုလည်း သိနေကြသည်။
သို့သော်လည်း သူတို့သည် ချူးယွင်ဖန်းကို အလျှော့ပေးသွားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းသည် သူတို့ဂိုဏ်း၏ အနာဂတ်အတွက် သော့ချက်ဖြစ်ကြောင်း သိနေသောကြောင့် ဖြစ်သည်။ လီမျိုးနွယ်စုက လီချန်းယွမ်ကို အစွမ်းကုန် ကာကွယ်ခဲ့သလို ယခုအခါ နတ်ဒေဝါ၏ အလှည့်ရောက်လာခဲ့ပြီ ဖြစ်သည်။
ယခင်က ယန်သန့်ရှန်းသည် ပါရမီရှင်စာရင်း၏ အဆင့် (၂၀) တွင် ရှိခဲ့သဖြင့် ဂိုဏ်းက ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ယခု ချူးယွင်ဖန်းရရှိသည့် ဆက်ဆံမှုမျိုးနှင့်တော့ မနှိုင်းယှဉ်နိုင်ပေ။ အခြားသူအားလုံး သေချင်သေပါစေ၊ ချူးယွင်ဖန်းကိုမူ အထိခိုက်မခံနိုင်တော့ပေ။ ယခုမှသာ သူသည် ပါရမီရှင်တစ်ဦး၏ စစ်မှန်သော ဂုဏ်ဒြပ်နှင့် စောင့်ရှောက်မှုများကို ခံစားရတော့မည် ဖြစ်သည်။
လီမျိုးနွယ်စုအနေဖြင့်လည်း အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက အစောင့်အရှောက် ရှစ်ယောက်၊ ဆယ်ယောက်ခန့် သေဆုံးသွားရသည်မှာ လီချန်းယွမ်ကို ဆုံးရှုံးရသည်ထက် များစွာ သာလွန်ကောင်းမွန်မည်ဟု ယူဆပေလိမ့်မည်။
"ငါတို့ အခု ဘာလုပ်ကြမလဲ။ ရန်သူတွေက အေးချမ်းမသေမျိုးနတ်တောင်တော်တစ်ဝိုက်ကို အကုန်ပိတ်ဆို့ထားတော့မှာ။ ငါတို့ လွတ်အောင်ထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
တစ်ဦးက စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။
"ဟုတ်တယ်၊ ဒါတင်မကသေးဘူး။ အချိန်ကြာလာလေလေ၊ ဒီသတင်းကိုကြားပြီး ရောက်လာမယ့်သူတွေ ပိုများလာလေလေပဲ။ အဲဒီကျရင် ငါတို့ လွတ်ဖို့လမ်းက ပိုတောင်ခက်ခဲသွားဦးမယ်။"
"ခုချက်ချင်းပဲ ထိုးဖောက်ထွက်ကြရင်ကော"
အခြားတစ်ဦးက အကြံပြုသည်။
"အခုက ရန်သူတွေဘက်မှာ လူအင်အားအနည်းဆုံးပဲ။ အခုသာ အားကုန်သုံးပြီး ထွက်မယ်ဆိုရင် လွတ်ဖို့ အခွင့်အရေးရှိနိုင်သေးတယ်"
"ဒါလည်း ဖြစ်နိုင်တာပဲ"
နတ်ဒေဝါဂိုဏ်း၏ အကြီးအကဲသည်လည်း အခြေအနေအရင်းနှီးဆုံးဖြစ်လာလျှင် ထိုသို့လုပ်ရန် ဝန်လေးမည့်သူမဟုတ်ပေ။ သို့သော် အခြားအကြီးအကဲတစ်ဦးက ထောက်ပြလိုက်သည်။
"မဖြစ်နိုင်ဘူး။ ရန်သူတွေဘက်က အားနည်းနေသလို ငါတို့ဘက်ကလည်း အားအနည်းဆုံးပဲ။ ငါတို့က မင်းသမီးကြီးရဲ့ မွေးနေ့ပွဲကို လာတာဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုး ဖြစ်လာမယ်မှန်း မသိခဲ့ကြဘူး။ ဒါကြောင့် ဂိုဏ်းထဲက ထိပ်တန်းပညာရှင်တွေ အများကြီး ပါမလာခဲ့ကြဘူးလေ”
လက်ရှိ နတ်ဒေဝါအဖွဲ့တွင် အကြီးအကဲ အနည်းငယ်နှင့် တပည့်ရင်းတစ်စုသာ ပါဝင်သည်။ ဤအင်အားမှာ သာမန်အားဖြင့် အလွန်တောင့်တင်းသည်ဟု ဆိုနိုင်သော်လည်း၊ အပြင်ဘက်တွင် ဝံပုလွေများ၊ ကျားများကဲ့သို့ စောင့်ဆိုင်းနေသော ရန်သူပေါင်းစုံကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်မှုမရှိပေ။
"အခုတစ်ခုတည်းသောနည်းလမ်းက ဂိုဏ်းဆီကနေ အကူအညီတောင်းဖို့ပဲ။ ဒါပေမဲ့ ရန်သူတွေရဲ့ အစီအစဉ်အရဆိုရင် သူတို့တွေ ဆက်သွယ်ရေးဖြတ်တောက်တဲ့ အစီအရင်တွေ လုပ်ထားပြီးလောက်ပြီ။ ငါတို့ဘက်က သတင်းပို့ဖို့ဆိုတာ မလွယ်ဘူး"
တစ်ဦးက ကောက်ချက်ချလိုက်သည်။ အချို့မှာလည်း သတင်းကို စောစောစီးစီး မပို့ခဲ့မိသည်ကို နောင်တရနေကြ၏။
"ဘာမှ လုပ်လို့မရတော့ဘူးဆိုရင်တော့ ငါတို့ အသက်ပေးပြီး တိုက်ရတော့မှာပဲ။ ငါက နောက်ဆုံးကနေ ခုခံပေးမယ်၊ မင်းတို့အားလုံးက ချူးယွင်ဖန်းကို အစွမ်းကုန် ကာကွယ်ပြီး ထွက်သွားကြ။ မင်းတို့အားလုံးကို အနစ်နာခံခိုင်းဖို့ ငါ စိတ်မပါပေမဲ့ မင်းတို့က ဂိုဏ်းရဲ့ စောင့်ရှောက်မှုကို ခံယူထားကြသူတွေဖြစ်တော့ ဂိုဏ်းအတွက် ပြန်လုပ်ပေးရမယ်ဆိုတာ မပြောလည်း သိကြမှာပါ”
အကြီးအကဲ၏ အကြည့်မှာ သိန်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်လှပြီး လူအုပ်ကြီးကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
လူတိုင်းမှာ အနည်းငယ် တွန့်ဆုတ်နေကြသော်လည်း ဤအခြေအနေတွင် ငြင်းပယ်ရန် အခွင့်အရေးမရှိကြောင်း သိကြသည်။ အကယ်၍ ဂိုဏ်း၏ အနာဂတ်အတွက် ချူးယွင်ဖန်းကို ကာကွယ်ရင်း သေဆုံးသွားခဲ့ပါက သူတို့၏ မိသားစုများမှာလည်း ဆုလာဘ်များစွာ ရရှိကြမည်ဖြစ်သည်။ အကြီးအကဲကိုယ်တိုင်ပင် နောက်ဆုံးမှ ခုခံပေးမည်ဟု ဆိုလာသောအခါတွင် သူတို့အတွက် ရွေးချယ်စရာ လမ်းမရှိတော့ပေ။
ထိုအခိုက်အတန့်တွင်....
"အားလုံးပဲ ကျွန်တော့်စကားကို ခဏလောက် နားထောင်ပေးပါဦး"
ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာဖြင့် စကားစလိုက်လေသည်။
--