← Chapters

အခန်း ၁၉၇၉

Vol. 132 Ch. 1979

အခန်း ၁၉၇၉

Vol. 132 Ch. 1979

အခန်း (၁၉၇၉) နောက်လိုက်စုဆောင်းခြင်း

ဟူသင်းထျန်၏စကားကို ကြားလိုက်ရသည့်အခါတွင် ချူးယွင်ဖန်းသည် အခြေအနေတစ်ခုလုံးကို ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။ ဟူသင်းထျန်ကဲ့သို့သော ဝါရင့်အကြီးအကဲတစ်ဦးက သူ့ဘက်မှ အပြည့်အဝ ရပ်တည်ပေးရန် ဆုံးဖြတ်ခြင်းမှာ သူပြသခဲ့သည့် ထူးကဲလှသော ပါရမီကြောင့်ပင် ဖြစ်သည်။ အကယ်၍သာ သူသည် သာမန်တပည့်ရင်းတစ်ဦးသာ ဖြစ်ခဲ့ပါက ဟူသင်းထျန်အနေဖြင့် မိမိအသက်ကို ရင်းပြီး ဤမျှအထိ စိုးရိမ်ပေးနေမည် မဟုတ်ပေ။

သို့သော် ဤသည်မှာ လက်တွေ့ဆန်သော အမှန်တရားတစ်ခုသာ ဖြစ်သည်။ ချူးယွင်ဖန်းကိုယ်တိုင်လည်း ထိုနေရာတွင်ဆိုလျှင် ဤရွေးချယ်မှုကိုသာ ပြုလုပ်မည် ဖြစ်သည်။ ထို့အပြင် ဟူသင်းထျန်သည် သူ့အနီးသို့ ကပ်ရန် ကြိုးစားနေသည့် ဆန္ဒကိုလည်း သူ ခံစားမိသည်။ ဟူသင်းထျန်မှာ အကြီးအကဲအဆင့်သို့ ရောက်ရှိနေပြီး ရာထူးတိုးရန် လမ်းမရှိတော့သော်လည်း သူ၏ ကျင့်စဉ်အဆင့်ကို ထပ်မံဖောက်ထွက်ရန်နှင့် သူ၏ သားစဉ်မြေးဆက်များအတွက် အကျိုးအမြတ်များ ရရှိရန် မျှော်လင့်ချက်များ ရှိနေဆဲပင်။

ထိုမျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်သူမှာ ချူးယွင်ဖန်းတစ်ဦးတည်းသာ ရှိတော့သည်။

အတိတ်ကာလတုန်းက ယန်တန့်ရှန်တစ်ဦးတည်းသာ ဂိုဏ်းအတွင်း၌ အပြတ်အသတ် သာလွန်နေခဲ့ပြီး လီချန်းယွမ်က ကမ္ဘာ့လူငယ်မျိုးဆက်များကြားတွင် ဩဇာကြီးမားသလိုမျိုး ယန်တန့်ရှန်ကလည်း ဂိုဏ်းအတွင်း စိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ဂိုဏ်းသားများမှာ မိမိတို့အလိုရှိရာကို ရရှိရန်အတွက် ယန်တန့်ရှန်အပေါ်၌သာ မှီခိုအားထားခဲ့ကြရသည်။

ယခုမူ ချူးယွင်ဖန်းပေါ်ထွက်လာခြင်းသည် လူတိုင်းအတွက် အခွင့်အရေးသစ်တစ်ခု ဖြစ်လာခဲ့သည်။ ယခင်က ချူးယွင်ဖန်းသည် မည်သူမျှ ခန့်မှန်း၍မရသော ဝှက်ဖဲတစ်ခုသာ ဖြစ်ခဲ့သည်။ နတ်ဒေဝါဂိုဏ်းက သူ့ကို ကူညီခဲ့သည်မှာ မှန်သော်လည်း သူ၏ လက်ရှိကြီးထွားမှုနှင့် နှိုင်းယှဉ်လျှင် ထိုအကူအညီများမှာ ပြောပလောက်သည့်အရာများ မဟုတ်ပေ။

ထို့ကြောင့်လည်း ချူးယွင်ဖန်းသည် အချိန်မရွေး၊ နေရာမရွေး ဂိုဏ်းကို စွန့်ခွာသွားနိုင်သည့် အနေအထားတွင် ရှိနေသည်။ သူ၏ တိုးတက်မှုမှာ ဂိုဏ်းအပေါ်တွင် အခြေမခံဘဲ ကိုယ်ပိုင်အစွမ်းဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။ နတ်ဒေဝါဂိုဏ်းသည် သူ့အတွက် အတိုင်းအတာတစ်ခုအထိသာ အကာအကွယ်ပေးနိုင်ခဲ့ခြင်းသာဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် ဟူသင်းထျန်၏အမြင်၌ ချူးယွင်ဖန်းသည် အနာဂတ်အတွက် အလွန်တန်ဖိုးရှိသည့် ရွှေအိုးကြီးတစ်လုံးသဖွယ် ဖြစ်လာတော့သည်။ ချူးယွင်ဖန်းတွင် ကိုယ်ပိုင်အင်အားစုအချို့ ရှိနေပြီဖြစ်သော်လည်း ဟူသင်းထျန်တို့ကဲ့သို့ ဝါရင့်ပညာရှင်များအတွက်မူ ထိုအင်အားစုမှာ ကလေးကစားစရာအဆင့်သာ ရှိသေး၏။ ၎င်းတို့မှာ အတွင်းစည်းတပည့်များနှင့် ထိပ်တန်းတပည့်အချို့သာဖြစ်ပြီး တပည့်အရင်းအဆင့်ပင် မရှိကြသေးပေ။

အကယ်၍ ချူးယွင်ဖန်းသည် သာမန်တပည့်ရင်းတစ်ဦးသာဆိုလျှင် ထိုအင်အားစုမှာ လုံလောက်သည်ဟု ဆိုနိုင်သော်လည်း၊ ယခုမူ သူ၏ပါရမီမှာ ကမ္ဘာကျော်သွားခဲ့ပြီဖြစ်သည်။ နောင်တွင် နတ်ဒေဝါဂိုဏ်းကြီးက သူ့ကို အစွမ်းကုန် ပျိုးထောင်ပေးမည်မှာ အသေအချာပင်။ အနည်းဆုံး ရရှိမည့် အရင်းအမြစ်များမှာ ယန်တန့်ရှန်ထက် လျော့နည်းမည်မဟုတ်ပေ။

ဤကဲ့သို့သောအခြေအနေတွင် ချူးယွင်ဖန်းအတွက် အကြီးအကဲများ၏ ထောက်ခံမှုနှင့် စကြာဝဠာအဆင့်ရှိ တပည့်ရင်းများ၏ ဝန်းရံမှုမှာ မရှိမဖြစ် လိုအပ်လာသည်။ အင်အားတောင့်တင်းသော အစုအဖွဲ့တစ်ခုကို တည်ဆောက်နိုင်မှသာ သူသည် ယန်တန့်ရှန်ကို ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဂိုဏ်းချုပ်ရာထူးအတွက်ပါ အားပြိုင်နိုင်မည်ဖြစ်သည်။

ဟူသင်းထျန်၏ အတွေးတွင်မူ ယခုအချိန်မှာ အလောင်းအစားပြုလုပ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ အောင်မြင်နေသူကို ဝိုင်းဝန်းချီးမြှောက်ခြင်းထက် ဒုက္ခရောက်နေချိန်တွင် ကူညီပေးခြင်းက ပို၍ အမှတ်ရစရာကောင်းသည် မဟုတ်ပါလား။ ယခုအခြေအနေက လုံးဝကြီး ဒုက္ခရောက်နေခြင်းမဟုတ်သော်လည်း ယန်တန့်ရှန်ဘက်သို့ ကပ်သည်ထက်စာလျှင် ချူးယွင်ဖန်းဘက်မှ ရပ်တည်ခြင်းက ပို၍ အလားအလာရှိနေသည်။

ဟူသင်းထျန်သာမက ကျန်ရှိနေသော အကြီးအကဲများနှင့် တပည့်ရင်းများကလည်း ဤအချက်ကို ရိပ်မိကြသည်။ ချူးယွင်ဖန်းသည် ယခုမှ စတင်တောက်ပလာသူဖြစ်သဖြင့် သူ့အနီးအနားတွင် လူယုံတော် များများစားစား မရှိသေးပေ။ ယခုအချိန်မှာ သူ၏ လှေပေါ်သို့ တက်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး အကျိုးအမြတ်အများဆုံးရမည့် နေရာကို ဦးနိုင်မည့် အခွင့်အရေးပင်။

အကယ်၍ ချူးယွင်ဖန်းသာ တန်ခိုးအာဏာ အထွတ်အထိပ်သို့ ရောက်သွားလျှင် သူ၏နောက်လိုက်များမှာ ဂိုဏ်းအတွင်း၌သာမက တရှအင်ပါယာတစ်ခုလုံး၊ အပြင်လောကတစ်ခုလုံးအထိ ပြန့်နှံ့သွားမည်ဖြစ်သည်။ ယခင်က လီချန်းယွမ်ရရှိခဲ့သော ဩဇာအာဏာနှင့် ခန့်ညားထည်ဝါမှုမျိုးကို ချူးယွင်ဖန်းလည်း မကြာမီ ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။

ဤသို့တွေးမိသောအခါတွင် လူတိုင်း၏ အကြည့်များသည် တောက်လောင်လာတော့သည်။ သူတို့သည် အမွေအနှစ်ကို ဆက်ခံမည့်သူများ သို့မဟုတ် သက်တမ်းရှည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့တွင်လည်း ကိုယ်ပိုင်ရည်မှန်းချက်နှင့် လောဘများ ရှိကြသည်မှာ သဘာဝပင်။ ထိုဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည့်သူမှာ ချူးယွင်ဖန်းတစ်ဦးတည်းသာ ရှိတော့သည်။

သို့သော် ဤအရာအားလုံး ဖြစ်လာနိုင်ရန်မှာ ချူးယွင်ဖန်းတစ်ယောက် အပြင်ဘက်ရှိ ပိတ်ဆို့မှုများကြားမှ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်ရန်သာ လိုတော့သည်။

ချူးယွင်ဖန်းသည်လည်း ဟူသင်းထျန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သည်။ သူသည် လီချန်းယွမ်ကို သတ်ဖြတ်ပြီး ကမ္ဘာ့အခြေအနေကို ပြောင်းလဲနိုင်ခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်မှာ အားနည်းနေဆဲဖြစ်ကြောင်း သူသိသည်။ သူသည် လီချန်းယွမ်ကဲ့သို့ လီမျိုးနွယ်စုကြီးတစ်ခုလုံး၏ ပံ့ပိုးမှုကို ရရှိထားသူမဟုတ်ပေ။

လီချန်းယွမ်အတွက်မူ များစွာသော ကိစ္စရပ်များကို ပူပန်နေစရာမလိုဘဲ ငယ်စဉ်ကတည်းက ရွေးချယ်ခံထားရသော နောက်လိုက်များက ဝေယျာဝစ္စအားလုံးကို ဆောင်ရွက်ပေးကြသည်။ ချူးယွင်ဖန်းတွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့သဖြင့် သူကိုယ်တိုင်ပင် နောက်လိုက်ကောင်းများကို ရှာဖွေစုဆောင်းရတော့မည် ဖြစ်တော့သတည်း။

လူတိုင်း၏ အတွေးများကို ချူးယွင်ဖန်းရိပ်မိသည်။ သူတို့သည် သူ့ကို အထွတ်အထိပ်သို့ တွန်းပို့ကာ ယန်တန့်ရှန်နှင့် ယှဉ်ပြိုင်စေပြီး နတ်ဒေဝါဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ရယူစေချင်ကြခြင်း ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းသာ ဂိုဏ်းချုပ်ဖြစ်လာပါက သူတို့အားလုံးသည်လည်း အာဏာစက်ဝန်းအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး နောင်အနာဂတ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်ရန် လွယ်ကူသွားမည် မဟုတ်ပါလား။

သို့သော် ချူးယွင်ဖန်း၏ ရည်မှန်းချက်မှာ ဤနေရာ၌သာ ရှိနေသည်မဟုတ်ပေ။ သူတို့၏ အစီအစဉ်ကို နားလည်သော်လည်း သူ လုံးဝသဘောမတူ။ သို့သော်လည်း သူသည် ထိုအတွေးများကို ဖွင့်ဟမပြောခဲ့ပေ။ သူသည် ဂိုဏ်းချုပ်ဖြစ်ချင်သည်ဖြစ်စေ၊ မဖြစ်ချင်သည်ဖြစ်စေ ဤကဲ့သို့ အစွမ်းထက်သော နောက်လိုက်အုပ်စုတစ်စု ရှိနေခြင်းက ကိစ္စရပ်များစွာကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ အားလုံးရဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်ဆီကို မကြာမကြာ လာလည်ကြပါဦး"

ချူးယွင်ဖန်းက ဆိုလိုက်သည်။

ထိုစကားကို ကြားရသောအခါတွင် လူတိုင်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားတော့သည်။ ချူးယွင်ဖန်းက လမ်းဖွင့်ပေးလိုက်ပြီဖြစ်ရာ သူတို့သည် သူ၏ ပထမဆုံးသော နောက်လိုက်အုပ်စု ဖြစ်လာကြတော့မည်။

ချူးယွင်ဖန်းသည် ဂိုဏ်း၏ အထူးပြုစုပျိုးထောင်မှုကိုပင် မရရှိသေးခင်မှာပင် ကမ္ဘာ့နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့ပြီးဖြစ်သည်။ အကယ်၍သာ ဂိုဏ်း၏ အရင်းအမြစ်များကိုပါ ရရှိလာမည်ဆိုလျှင် သူသည် မည်မျှအထိ အစွမ်းထက်လာမည်နည်းဆိုသည်ကို မည်သူမျှ မခန့်မှန်းရဲကြပေ။ ထိုကဲ့သို့သော အလားအလာရှိသူနောက်သို့ လိုက်ပါရခြင်းမှာ သူတို့အတွက် မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

ဟူသင်းထျန်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်တော့ ငါတို့ မင်းကို မနှောင့်ယှက်တော့ပါဘူး။ ဂိုဏ်းကို သတင်းပို့နိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာကြည့်လိုက်ဦးမယ်။ အကယ်၍ သတင်းပို့လို့ရသွားရင်တော့ မင်း အသက်စွန့်ပြီး ထွက်သွားစရာ မလိုတော့ဘူးပေါ့"

ဟူသင်းထျန်သည် ချူးယွင်ဖန်းကို အန္တရာယ်မကျရောက်စေချင်ပေ။ အကယ်၍ ဂိုဏ်းမှ ပညာရှင်များကိုသာ ဆက်သွယ်နိုင်ခဲ့လျှင် ပြဿနာအားလုံးမှာ အကောင်းဆုံး ပြေလည်သွားမည် ဖြစ်သည်။

ထို့နောက် လူတိုင်းမှာ ကိုယ်စီအတွေးများဖြင့် ဟူသင်းထျန်နောက်သို့ လိုက်ပါကာ အေးချန်းမသေမျိုးနတ်တောင်တော်က ပြင်ဆင်ပေးထားသော တည်းခိုဆောင်များဆီသို့ ထွက်ခွာသွားကြတော့သည်။ ချူးယွင်ဖန်းလည်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မင်းသမီးကြီး၏ အစေခံမလေး ‌ရော့ရှီရောက်ရှိလာခဲ့သည်။

"မိန်းကလေးရော့ရှီ ကျွန်တော့်ကို ဘာကိစ္စရှိလို့လဲခင်ဗျာ"

ချူးယွင်ဖန်းက ပြုံး၍ မေးလိုက်သည်။

"မင်းသမီးလေးကူရှဲ့က ရှင်ကို ပစ္စည်းလေးပေးခိုင်းလို့ပါ”

ရော့ရှီက ဆိုသည်။

"စစ်ယု...."

ချူးယွင်ဖန်းတစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူသည် မဆိုင်းမတွပင် ‌ရော့ရှီ၏ လက်ထဲမှ ကျောက်စိမ်းသေတ္တာလေးကို လှမ်း၍ ယူလိုက်လေသည်။

--

All Chapters