← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း (၃၁၁) အရာအားလုံး အဆင်သင့်ဖြစ်ပြီ... ချမ်းသာကြွယ်ဝခြင်းနှင့် ဂုဏ်ကျက်သရေ

ကျန်းချဲ့၏ အကြည့်များက ရုတ်တရက် စူးရှသွားပြီး သူ၏ ကိုယ်ပေါ်ရှိ ပျင်းရိနေသော အရှိန်အဝါများကလည်း မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားလေသည်။

ယခင်က နွေဦးလေပြင်းလို နူးညံ့နေခဲ့သော်လည်း ယခုအခါတွင်မူ ကြီးမားကျယ်ပြန့်လှသော ဖိအားကြီးအဖြစ် ပြောင်းလဲသွားခဲ့ရာ ဘေးရှိ ချီနင်ပင်းကိုပင် ရင်ထဲ၌ လေးလံသွားစေခဲ့လေသည်။

ကျန်းချဲ့ထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ဖိအားကို သူမ ခံစားလိုက်ရပြီး အိပ်မောကျနေသော သားရဲကြီးတစ်ကောင် ဖြည်းညင်းစွာ နိုးထလာသကဲ့သို့ ပင်ဖြစ်သည်။

ချီနင်ပင်းနှင့် ချီဟွမ်းတို့၏ မျက်နှာပေါ်ရှိ အမူအရာ ပြောင်းလဲသွားမှုကို သူ ဂရုမစိုက်တော့ချေ။ ထိုအရာမှာ နဂါးအရှိန်အဝါ ပင်ဖြစ်ကြောင်း သူ သိထားလေသည်။ အစစ်အမှန် နဂါးအရှိန်အဝါ အငွေ့အသက်လေးတစ်ခု ဖြစ်ပြီး ဤဖိအားက အရှိန်အဝါတစ်ခုတည်း အနေဖြင့် သက်ရောက်မှု ရှိနေခြင်း မဟုတ်ချေ။

ဤကိစ္စများနှင့် ပတ်သက်၍ ကျန်းချဲ့သည် ယခင်က ချီရွှယ်မိစ္ဆာသခင်ကို မေးမြန်းခဲ့ဖူးလေသည်။ ယခုနောက်ပိုင်းတွင် သူသည် မိန်းမကိစ္စများ၌ အလွန် စိတ်အားထက်သန်လာပြီး ရင်ထဲတွင် အမြဲတမ်း ဆန္ဒတစ်ခု ဖြစ်ပေါ်နေတတ်ကြောင်းကို သူ ခံစားနေရလေသည်။

ချီရွှယ်မိစ္ဆာသခင် ဖြေကြားခဲ့သည်မှာ...

နဂါးဟူသည် မူလကတည်းက ကာမဂုဏ်ကို မက်မောတတ်သော သဘာဝရှိလေသည်။

သူက နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ကိုယ်ပေါ်တွင် နဂါးအရှိန်အဝါ ပါရှိသည့်အပြင် နဂါးဟိန်းသံ ခန္ဓာကိုယ်လည်း ရှိနေသေးရာ ယောက်ျားမိန်းမ ကိစ္စများနှင့် ပတ်သက်လာလျှင် အထူးသဖြင့် ဆန္ဒပြင်းပြလေ့ ရှိမည်ဖြစ်သည်။

ထို့အပြင် သူ၏ နဂါးအရှိန်အဝါက သူနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည့် မိန်းမတိုင်းကို တဖြည်းဖြည်းချင်း သက်ရောက်မှု ရှိလာစေမည် ဖြစ်သည်။

သူမတို့၏ ကျင့်ကြံမှုက သူ့ထက် နိမ့်ကျလေလေ နဂါးအရှိန်အဝါ၏ သက်ရောက်မှုကို ပိုမို ခံရလေလေ ပင်ဖြစ်သည်။

"စစ်တပ်က ဘယ်နေရာကို ရောက်နေပြီလဲ..."

ကျန်းချဲ့က တိုက်ရိုက်ပင် မေးလိုက်လေသည်။

"ချန်ဟယ်ကုန်း အနီးကို ရောက်နေပါပြီ အရှင် ထျန်းနန်မြို့နဲ့ဆိုရင် မိုင်တစ်ရာ့ငါးဆယ်လောက် ကွာဝေးပါသေးတယ် ဒီတစ်ကြိမ် စစ်တပ်ကို ဦးဆောင်လာတာက တောင်ပိုင်းယွဲ့ စစ်သူကြီး ကျန်းဖျင် ဖြစ်ပြီး စစ်သည် နှစ်သောင်းကျော်ကို ဦးဆောင်လာတာပါ သူ့ဘေးမှာ တခြား အစွမ်းထက် သိုင်းပညာရှင်တွေ ပါလာသလား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး..."

"အဲ့ဒါအပြင် လွှတ်ထားတဲ့ လျှို့ဝှက်သတင်းပေးတွေရဲ့ တင်ပြချက်အရ တောင်ပိုင်းယွဲ့ စစ်တပ်က လီချန်မြို့မှာ တပ်ခွဲလိုက်ပြီး ရှေ့ပြေးတပ် နှစ်ဖွဲ့က တခြား စစ်စခန်း နှစ်ခုကို တိုက်ရိုက် ဦးတည်သွားတယ်လို့ သိရပါတယ် ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရသေးပေမဲ့ တခြား စစ်စခန်း နှစ်ခုကနေ အကူအညီ လာပေးမှာကို ကာကွယ်ဖို့ ဖြစ်နိုင်တယ်လို့ ကျွန်တော်မျိုး ခန့်မှန်းမိပါတယ်..."

ကျန်းချဲ့ ရာထူး မတက်မီ ကတည်းက ထောက်လှမ်းရေး လုပ်ငန်းများကို အလွန် အလေးထားခဲ့လေသည်။ ထျန်းယာ မဟာမိတ်အဖွဲ့နှင့် မြို့စောင့်တပ်ဖွဲ့မှ လူများကို ပူးပေါင်းစေကာ ထျန်းနန်မြို့ အနီးတစ်ဝိုက်တွင် သူလျှိုမြောက်မြားစွာ ချထားခဲ့ပြီး အချို့မှာ တောင်ပိုင်းယွဲ့ နိုင်ငံ အထိပင် ရောက်ရှိနေကြလေသည်။

သို့သော် အခြေခံအားဖြင့် နက်ရှိုင်းမှု မရှိသေးသဖြင့် လောလောဆယ်တွင် အများကြီး အသုံးမဝင်သေးချေ။

ကျန်းချဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကျန်းဖျင်၏ ရည်ရွယ်ချက်ကို စဉ်းစားနေလေသည်။ ဤတစ်ကြိမ် သူတို့ လာရောက်ခြင်းမှာ သေချာပေါက် သူ့ကို ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း အခြား စစ်စခန်း နှစ်ခုကို တပ်ခွဲလွှတ်ရခြင်းမှာ အဘယ်ကြောင့်နည်း။ ရှေ့ပြေးတပ်ဖွဲ့ နှစ်ဖွဲ့က စစ်ကူများကို လုံးဝ တားဆီးနိုင်မည် မဟုတ်ချေ။

တစ်စုံတစ်ယောက်နှင့် ကြိုတင် သဘောတူညီမှု ရယူထားပြီး မျက်နှာပန်းလှအောင် အကြောင်းပြချက် တစ်ခု ရှာထားခြင်းမှလွဲ၍...

"စစ်တပ်ကို လေ့ကျင့်ပေးထားတာ ဘယ်လိုနေပြီလဲ..."

ကျန်းချဲ့က ချီဟွမ်းကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"တိုက်ပွဲဝင်နိုင်တဲ့ စစ်သည်က ရှစ်ထောင်ကျော် ရှိပါတယ် အတင်းအကျပ် စုဆောင်းမယ်ဆိုရင်တော့ စစ်သည် တစ်သောင်းခွဲလောက် အထိ ရနိုင်ပါတယ်..."

"လက်ရွေးစင် စစ်သည်တွေရော..."

ကျန်းချဲ့ ရည်ညွှန်းသော လက်ရွေးစင် စစ်သည်များ ဆိုသည်မှာ မြို့စောင့်တပ်ဖွဲ့ အတွင်း အရိုးသန့်စင်ခြင်း အဆင့်နှင့် အထက်ရှိသော သိုင်းပညာရှင်များကို ဆိုလိုခြင်း ဖြစ်သည်။ ယခင်က ထိုက်အန်းဒေသ ဖုန်းတပ်ဖွဲ့ အတွင်း၌ ဆိုလျှင် တပ်မှူးငယ် တစ်ယောက်ပင် ဖြစ်လာနိုင်လေသည်။

"ထုတ်နုတ်လို့ရတဲ့ လက်ရွေးစင် စစ်သည် ရှစ်ရာကျော် ရှိပါတယ်..."

ဤလူများမှာ ထျန်းနန်မြို့စောင့်တပ် တစ်ခုလုံးတွင် အစွမ်းထက်ဆုံး စစ်သည်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက လူဆယ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း ရှိကြလေသည်။ ထို့အပြင် အစီအရင် ဖွဲ့စည်းရာတွင် ပိုမို ကျွမ်းကျင်ကြပြီး လက်ရွေးစင် စစ်သည် ရှစ်ရာ ဖွဲ့စည်းလိုက်သော အစီအရင်က ထုတ်လွှတ်လိုက်သည့် သွေးချီ စွမ်းအင်များနှင့် သတ်ဖြတ်လိုစိတ်များမှာ...

သာမန် စစ်သည် ရှစ်ထောင် ထက်ပင် မနည်းပါးချေ။ အကယ်၍ ရွှေအမြုတေအဆင့် သိုင်းသခင် အချို့သာ အစီအရင်၏ အသက်သွေးကြော အဖြစ် ပါဝင်မည် ဆိုပါက...

ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကိုပင် အချိန်ခဏမျှ ခုခံနိုင်စွမ်း ရှိလေသည်။

ယခင်က ချီရွှယ် လျှို့ဝှက်နယ်မြေ တိုက်ပွဲတွင် ကျန်းဖျင် ၏ လက်အောက်ရှိ စစ်သည် တစ်သောင်းမှာ လက်ရွေးစင်များဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုအထဲမှ လက်ရွေးစင် စစ်သည်များ သို့မဟုတ် အဓိက အင်အားစုများမှာ တစ်ထောင်ကျော်သာ ရှိလေသည်။

ကျန်သူများမှာ သာမန် စစ်သည်များသာ ဖြစ်ကြလေသည်။

"ဒီလက်ရွေးစင် စစ်သည် ရှစ်ရာကို မြို့ပြင်ကို လျှို့ဝှက် ခေါ်ထုတ်သွားပြီး အရင်က အစီအစဉ်အတိုင်း အသင့်စောင့်နေဖို့ ပြောလိုက်ပါ ကျန်တဲ့သူတွေကို ချက်ချင်း စုစည်းပြီး စစ်စခန်းကို သွားခိုင်းလိုက် မြို့စောင့် အစီအရင်ကို ဖွင့်ထားပြီး ဘယ်သူမှ ဝင်ထွက်ခွင့် မပြုနဲ့..."

ကျန်းချဲ့က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်လေသည်။

တောင်ပိုင်းယွဲ့ နိုင်ငံက မကြာမီ စစ်ချီလာမည် ဖြစ်ကြောင်းကို အစောကြီး ကတည်းက သိရှိထားပြီးဖြစ်ရာ ကျန်းချဲ့ အနေဖြင့် မည်သို့များ ကြိုတင် ပြင်ဆင်မှု မရှိဘဲ နေမည်နည်း။ တကယ်တမ်းတွင် သူ၏ ခေါင်းထဲ၌ အစီအစဉ် အများအပြားကို ကြိုတင် ရေးဆွဲထားပြီး ဖြစ်လေသည်။

တောင်ပိုင်းယွဲ့ နိုင်ငံကို အချိန်မရွေး ခုခံနိုင်ရန် အသင့်ပြင်ထားခြင်း ပင်ဖြစ်သည်။

ထျန်းနန် စစ်စခန်း၏ မြို့စောင့်တပ်မှူး တစ်ယောက် အနေဖြင့် တောင်ပိုင်းယွဲ့ နိုင်ငံက စစ်စခန်းကို ဖျက်ဆီးပစ်မည်ကို သူ လုံးဝ ခွင့်လွှတ်မည် မဟုတ်ချေ။ ဤသည်မှာ သူ၏ အရှက်ရမှု တစ်ခု ဖြစ်လာမည်သာမက သူ၏ နောင် အနာဂတ် ရာထူးတက်လမ်း ကိုပါ ထိခိုက်စေမည် ဖြစ်လေသည်။

ဤတစ်ကြိမ် တိုက်ပွဲတွင် အောင်နိုင်ရုံ သာမက အကြီးအကျယ် အောင်နိုင်ရမည် ပင်ဖြစ်သည်။

သူ့အတွက် ဆုတံဆိပ်များ စုဆောင်းရန် နှင့် ဆက်လက် ရာထူးတက်ရန် အတွက် ပင်ဖြစ်သည်။

ချီမိသားစု နှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း အဆင့်လေး စစ်တပ်အရာရှိ ရာထူးသို့ ရောက်လာချိန်တွင် အခြေခံအားဖြင့် ထိပ်ဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ ဆက်လက်၍ ရာထူးတက်ရန် ကျင့်ကြံမှု တစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ ဆုတံဆိပ်များ နှင့် အတွေ့အကြုံများ လိုအပ်လာလေသည်။

ဤသို့ ပေါင်းစပ်ပြီးမှသာ ချီမိသားစု ၏ အကူအညီ ဖြင့် အဆင့်သုံး စစ်တပ်အရာရှိ ရာထူးသို့ ဝင်ရောက်နိုင်မည့် မျှော်လင့်ချက် ရှိလာမည် ဖြစ်လေသည်။

ဤတစ်ကြိမ်သည် ကျန်းချဲ့ အတွက် အန္တရာယ် တစ်ခု ဖြစ်သော်လည်း အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်လေသည်။

"အမိန့်နာခံပါတယ် ကျွန်တော်မျိုး အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်..."

"ထျန်းနန် စစ်စခန်းကို အခုကစပြီး စစ်ရေး အသင့်အနေအထား သတ်မှတ်လိုက် ကျန်တဲ့ သိုင်းလောက အင်အားစုတွေကို ချက်ချင်း ခေါ်ယူပြီး လူနဲ့ အင်အား ထုတ်ခိုင်းလိုက် ဘယ်သူမှ မနာခံဘူးဆိုရင် စစ်ပွဲ မစခင်မှာ တိုက်ရိုက် မျိုးဖြုတ် သုတ်သင်ပစ်..."

"အမိန့်နာခံပါတယ်..."

"ဘဏ္ဍာတိုက်ကို ဖွင့်ပြီး အရင်က သိမ်းဆည်းထားတဲ့ တိုက်ပွဲဝင် ပစ္စည်းတွေကို ဆုလာဘ် အဖြစ် သုံးလိုက် နာမည်စာရင်းကို တိုက်ရိုက် ထုတ်ပြန်ပြီး အရာရှိတွေနဲ့ စစ်သည်တွေ အားလုံးကို ပြောလိုက် စွမ်းဆောင်ရည် ကောင်းတဲ့သူကို ဆုချမယ် နောက်ဆုတ်ပြီး ကြောက်ရွံ့တဲ့သူကို မိသားစုဝင်တွေပါ သတ်ပစ်မယ်လို့..."

"အမိန့်နာခံပါတယ်..."

"နောက်ပြီး တောင်ပိုင်းစောင့်တပ်က မကြာခင် ရောက်လာတော့မယ်လို့ သူတို့ကို ပြောလိုက်ပါ ရက်အနည်းငယ်လောက် တောင့်ခံထားနိုင်ရင် ဒီစစ်ပွဲက သေချာပေါက် နိုင်မှာပဲလို့..."

"အမိန့်နာခံပါတယ်..."

"သွားတော့လေ..."

"ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်..."

ချီဟွမ်း က ခါးညွှတ် အရိုအသေပေးကာ ထွက်သွားလေသည်။

"တောင်ပိုင်းစောင့်တပ် က တကယ် ရောက်လာမှာလား..."

ချီနင်ပင်း ၏ မျက်နှာပေါ်တွင် သံသယများ ပေါ်လွင်နေလေသည်။

"ကိုယ် ခန့်မှန်းတာ မမှားဘူးဆိုရင် တောင်ပိုင်းစောင့်တပ်က ရောက်လာမှာ မဟုတ်ဘူး ထျန်းနန် စစ်စခန်း ကျိုးပေါက်သွားတဲ့ အချိန်ကျမှ အေးအေးလူလူ ရောက်လာလောက်မယ် အခုလို ပြောတာက လူတွေကို စိတ်ဓာတ် တက်ကြွအောင် လုပ်ရုံ သက်သက်ပါပဲ..."

ယခင်က လီတုန်းရှန်း လူလွှတ်၍ ပြောကြားခဲ့သော စကားများနှင့် တောင်ပိုင်းစောင့်တပ်မှ ယခုအချိန်အထိ စစ်ကူ မလွှတ်သေးခြင်း တို့ကို စဉ်းစားကြည့်ရာ လျှို့ဝှက်ချက် အချို့မှာ သဘာဝကျကျပင် လျှို့ဝှက်ချက် မဟုတ်တော့ချေ။

"ဒီတိုက်ပွဲ အတွက် ယုံကြည်ချက် ရှိရဲ့လားဟင်..."

ချီနင်ပင်း ၏ မျက်ဝန်းများမှာ လေးနက်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။

"တောင်ပိုင်းယွဲ့ နိုင်ငံကိုတောင် ကိုယ်က လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့တာပဲ ကျူးကျော်လာတဲ့ စစ်တပ်လေးကို ဘာကြောက်စရာ ရှိလို့လဲ..."

ကျန်းချဲ့က ဖွဖွလေး ရယ်မောလိုက်ပြီး စိတ်ကူး တစ်ချက် တွေးလိုက်ရာ သူ၏ ကိုယ်ပေါ်တွင် အကြေးခွံများ လျင်မြန်စွာ ဖုံးလွှမ်းသွားလေသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော သံချပ်ကာ အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ထားသကဲ့သို့ အစစ်အမှန် နယ်စပ် စစ်သူကြီး တစ်ဦး အလား ပင်ဖြစ်သည်။

"အစ်ကိုကျန်း ကို ညီမ ယုံပါတယ်..."

ချီနင်ပင်း က ချိုမြိန်စွာ ပြုံးလိုက်လေသည်။

ယခုအချိန်တွင် ချုံခိုတိုက်ခိုက်မည့် အစီအရင်ကြီးကို ဦးဆောင်နေသူမှာ ချီရွှယ်မိစ္ဆာသခင် မဟုတ်ဘဲ မိစ္ဆာသားရဲဘုရင် အောက်ခွန်း ပင်ဖြစ်သည်။ ယခုအခါ ကျန်းချဲ့ ၏ လျှို့ဝှက် စစ်ကူ အဖြစ် ရှိနေသူကို ကျန်းချဲ့ အနေဖြင့် လောလောဆယ် ကိုယ်ထင်ပြခိုင်းရန် အစီအစဉ် မရှိသေးချေ။

ချီရွှယ်မိစ္ဆာသခင် ကတော့ အစောကြီး ကတည်းက ကိုယ်ထင်ပြထားပြီး ဖြစ်ရာ လူသိသွားလည်း ကိစ္စမရှိတော့ချေ။

အစီအရင် နှင့် ပတ်သက်သော ကိစ္စများမှာ အရေးကြီးသော အသက်သွေးကြော နေရာများကို ချမှတ်ပြီးပြီ ဖြစ်ရာ ကျန်ရှိနေသည်မှာ အဆုံးသတ် အပိုင်း အနည်းငယ် သာ ဖြစ်ပြီး အောက်ခွန်း ကိုယ်တိုင် ပြီးစီးအောင် လုပ်ဆောင်နိုင်လေသည်။

ကျန်းချဲ့၏ အမိန့်တစ်ခွန်း အောက်၌ ထျန်းနန် တစ်မြို့လုံး လှုပ်ရှားလာကြလေသည်။ စစ်သည်များ အားလုံး စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်နေကြပြီး ထျန်းနန် စစ်စခန်း၏ မြို့ရိုးပေါ်တွင်လည်း အစီအရင် အမှတ်အသားများ အဆက်မပြတ် တောက်ပနေလေသည်။

နယ်စပ် စစ်စခန်း မြို့ကြီးမှာ ယခင် ထိုက်ရှန်းမြို့ နှင့် မတူညီချေ။ ကြီးမားသော အစီအရင်ဖြင့် ကာကွယ်ထားပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ပင်လျှင် အချိန်တိုအတွင်း ဖျက်ဆီး၍ မရနိုင်သော နယ်စပ်၏ ပထမဆုံး ကာကွယ်ရေးမျဉ်း ပင်ဖြစ်သည်။

မြို့တွင်းရှိ ပြည်သူ အားလုံးကိုလည်း စစ်သည်များက ပြင်းပြင်းထန်ထန် သတိပေးထားသဖြင့် မည်သူမျှ အပြင်မထွက်ရဲဘဲ အိမ်ထဲတွင်သာ ငြိမ်ငြိမ်လေး နေကြလေသည်။

သို့သော် အချို့သော လူများကတော့ အခွင့်ကောင်းယူကာ အုံကြွမှုများ ပြုလုပ်ပြီး ယခင်က ကျန်းချဲ့၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကို လက်စားချေရန် ကြံစည်နေကြသော်လည်း မြို့တွင်းရှိ အုပ်စုဖွဲ့ သွားလာနေသော စစ်သည်များကို မြင်သောအခါ ထိုစိတ်ကူးများကို ဖိနှိပ်ထားလိုက်ရလေသည်။

သူတို့တွင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း မရှိသေးချေ။

ထျန်းနန် စစ်စခန်း၏ တောင်ဘက် မြို့ရိုးပေါ်တွင် ထျန်းနန် မြို့စောင့်တပ်ဖွဲ့မှ အဆင့်အသီးသီးရှိ အရာရှိများနှင့် ဒုတိယ စစ်သူကြီးများ အားလုံး စုဝေးနေကြလေသည်။ ထို့အပြင် ချီမိသားစု ၏ ဒုတိယ အကြီးအကဲ ချီထျန်းဟယ် လည်း ဤနေရာတွင် ရှိနေသော်လည်း စကားတစ်ခွန်းမျှ မဟချေ။

သူ၏ ကိစ္စများ အားလုံး ပြီးစီးသွားပြီ ဖြစ်ရာ ဤတစ်ကြိမ်တွင် ကျန်းချဲ့ ၏ ဖိတ်ကြားချက် အရ စစ်ကူပေးရန် လာရောက်ခြင်း ပင်ဖြစ်သည်။

သေချာသည်ကတော့ ကိစ္စတစ်ခုချင်းစီမှာ သီးခြားစီ ဖြစ်ပြီး ကျန်းချဲ့ အနေဖြင့် လုံလောက်သော ရိုးသားမှုကို ပြသကာ တစ်ဖက်လူအား တိုက်ပွဲဝင် ပစ္စည်းများ ပေးအပ်မည် ဖြစ်သည်။ သို့သော် တောင်ပိုင်းယွဲ့ စစ်တပ်ကို အနိုင်ယူပြီးမှသာ ဤကိစ္စကို ပြောရမည် ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့ သည် အကြေးခွံ တစ်ခုကို ထုတ်ယူကာ အောက်ခွန်း ကို ဆက်သွယ်လိုက်ပြီး အစီအရင်ကို အမြန်ဆုံး ချမှတ်ရန် ပြောလိုက်လေသည်။ မကြာမီ အသုံးပြုရတော့မည် ဖြစ်လေသည်။

မြို့ရိုးပေါ်တွင် အရာရှိများ အားလုံး တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နေကြပြီး ကောင်းချီနျန် ကို ဦးဆောင်ကာ ကျန်းချဲ့ကို တညီတညွတ်တည်း ကြည့်နေကြလေသည်။

"ဒီတစ်ကြိမ် တောင်ပိုင်းယွဲ့ စစ်တပ်က နယ်စပ်ကို ကျူးကျော်လာတာ အရမ်းကို အင်အား ကြီးမားတယ် ကျုပ်နဲ့ ခင်ဗျားတို့ အားလုံးက အစိုးရရဲ့ ဆုလာဘ်တွေကို ခံစားနေရတာဆိုတော့ နယ်မြေကို ကာကွယ်ရမယ့် တာဝန် ရှိတယ် လုံးဝ အမှားအယွင်း အဖြစ်ခံလို့ မရဘူး ခင်ဗျားတို့ထဲက အများစုမှာ နောက်ခံ အင်အားစုတွေ ရှိတယ် ဆိုတာကို ကျုပ် သိပါတယ် ဒါပေမဲ့ ထျန်းနန် စစ်စခန်း သာ ကျိုးပေါက်သွားရင် ခင်ဗျားတို့ကို ကာကွယ်ပေးမယ့်သူ ရှိနေရင်တောင် အဲ့ဒီနောက်ပိုင်း ခင်ဗျားတို့ရဲ့ အနာဂတ်က အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ် ဒါကြောင့် ဒီစစ်ပွဲက ထျန်းနန် စစ်စခန်း အတွက်တင် မကဘူး ခင်ဗျားတို့ ကိုယ်တိုင် အတွက်လည်း ဖြစ်တယ်..."

ကျန်းချဲ့ ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်လေသည်။

"ဝူဝေ စစ်သူကြီး ပြောတာ မှန်ပါတယ် ကျုပ်လည်း မိသားစုကို သတင်းပို့ထားပြီးပါပြီ ထျန်းနန် ကောင်းမိသားစု က မကြာခင် စစ်ကူတွေ လွှတ်ပေးပါလိမ့်မယ် နောက်ပြီး တောင်ပိုင်းစောင့်တပ် ဘက်ကိုလည်း စစ်သူကြီး ကြိုတင် ပြင်ဆင်ထားပြီးပြီလို့ ယုံကြည်ပါတယ်..."

ကောင်းချီနျန် သည် ကျန်းချဲ့ ၏ ဒုတိယ အရာရှိ ဖြစ်ပြီး ရာထူး တူညီကာ အဆင့်လေး စစ်တပ်အရာရှိ ဖြစ်လေသည်။ သို့သော် ရာထူးတူသော်လည်း အဆင့်အတန်း မတူညီဘဲ ကျန်းချဲ့ ၏ ဝူဝေ စစ်သူကြီး ရာထူးလောက် သြဇာ မရှိချေ။

သို့သော် သူက ကျန်းချဲ့ ၏ ဒုတိယ အရာရှိ ဖြစ်ပြီး ထျန်းနန် စစ်စခန်း တစ်ခုလုံး ၏ ဒုတိယ အာဏာပိုင် ပင်ဖြစ်သည်။ ထျန်းနန် စစ်စခန်း သာ ဆုံးရှုံးသွားပါက သူလည်း တာဝန်ခံရမည် ဖြစ်လေသည်။

"တပ်မှူးကောင်း ပြောတာ မှန်ပါတယ် ကျုပ် ဘက်ကလည်း လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ တောင်ပိုင်းယွဲ့ က နယ်စပ်ကို ကျူးကျော်လာတာက သေးငယ်တဲ့ ပြဿနာ တစ်ခု သက်သက်ပါပဲ နိုင်ငံငယ်လေးရဲ့ ပြည်သူတွေကများ နိုင်ငံတော်ရဲ့ အာဏာကို စော်ကားရဲတယ်ဆိုတာ သေလမ်း ရှာနေတာပဲ ဒီတစ်ကြိမ် ကျုပ် အနေနဲ့ ခင်ဗျားတို့ကို မြို့ပြင်ထွက်ပြီး တိုက်ခိုက်ခိုင်းမှာ မဟုတ်ဘူး မြို့စောင့် အစီအရင် ကို အသုံးချပြီး တောင်ပိုင်းယွဲ့ ကို ခုနစ်ရက်လောက် တားဆီးထားနိုင်ရင် လုံလောက်ပြီ အဲ့ဒီ အချိန်အတွင်းမှာ ကျုပ် ကိုယ်တိုင် လှုပ်ရှားပြီး လက်ရွေးစင် စစ်သည်တွေကို ဦးဆောင်ကာ အခွင့်အရေး ရှာပြီး ချုံခို တိုက်ခိုက်မယ် မြို့စောင့် တာဝန် အားလုံးကို တပ်မှူးကောင်း က တာဝန်ယူရမယ် ပြီးတော့ ဒီက ချီမိသားစု ရဲ့ အကြီးအကဲ ကလည်း ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ဖြစ်ပြီး ဒီတစ်ကြိမ် မြို့ထဲမှာ အတူတူ စောင့်ကြပ်ပေးလိမ့်မယ်..."

"ဒီ..."

ကောင်းချီနျန် အနည်းငယ် အံ့အားသင့်သွားလေသည်။ ကျန်းချဲ့က သူ့ကို ဤမျှလောက် ယုံကြည်ပြီး မြို့စောင့် တာဝန် အားလုံးကို သူ့အား လွှဲအပ်ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ တကယ်ကို သူ၏ မျှော်လင့်ချက် ပြင်ပတွင် ရှိနေလေသည်။

သို့သော် ကျန်းချဲ့ တွင်လည်း ရွေးချယ်စရာ မရှိချေ။ ချီဟွမ်း တို့မှာ လူယုံများ ဖြစ်သော်လည်း ရာထူး အလွန် နိမ့်ကျပြီး ဂုဏ်သတင်း မရှိသဖြင့် လူတိုင်းကို မအုပ်ချုပ်နိုင်သလို နာမည်ခံ၍လည်း မရနိုင်ချေ။

ကောင်းချီနျန် တစ်ယောက်သာ ဤအရည်အချင်း ရှိလေသည်။

သေချာသည်ကတော့ ကျန်းချဲ့ သည် မျှော်လင့်ချက် အားလုံးကို သူ့အပေါ်တွင်သာ ပုံချထားခြင်း မဟုတ်ချေ။ တကယ်တမ်းတွင် ချီထျန်းဟယ် ဤနေရာတွင် ရှိနေခြင်းက သူ၏ ဆန္ဒကို ကိုယ်စားပြုနေပြီး ချီထျန်းဟယ် ၏ ကျင့်ကြံမှု နှင့် စွမ်းအားဖြင့် ဆိုလျှင်...

အရာအားလုံးကို ဖိနှိပ် ထားနိုင်စွမ်း ရှိလေသည်။

"ကျွန်တော်မျိုး အမိန့်နာခံပါတယ်..."

ကောင်းချီနျန် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန်းချဲ့ ၏ အကြည့်ကို မြင်သောအခါ နောက်ဆုံးတွင် ဘာမှ မပြောတော့ဘဲ ခေါင်းကိုသာ လေးနက်စွာ ညိတ်လိုက်လေသည်။

ကျန်းချဲ့ က မတ်တပ်ရပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ခင်ဗျားတို့ အားလုံးက နယ်စပ် စောင့်ကြပ်ရေး အရာရှိတွေ ဖြစ်ပြီး လိုချင်ကြတာ ကလည်း ရာထူးတက်ဖို့နဲ့ ချမ်းသာဖို့ပဲ မဟုတ်လား ဒီတစ်ကြိမ် တောင်ပိုင်းယွဲ့ ကို အကြီးအကျယ် အနိုင်ယူနိုင်ရင် ကျုပ်တို့ အားလုံး နာမည်ကျော်ကြား လာမှာ သေချာတယ် ခင်ဗျားတို့ရဲ့ အနာဂတ် ရာထူးတက်လမ်း ကလည်း သာယာ ဖြောင့်ဖြူးသွားမှာပဲ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတွက် ရော ရာထူးတက် ချမ်းသာဖို့ အတွက်ပါ ခင်ဗျားတို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ရန်သူတွေကို ကာကွယ် တိုက်ခိုက်ကြဖို့ မျှော်လင့်ပါတယ်..."

"ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်..."

"ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်..."

"ကျွန်တော်မျိုးတို့ အမိန့်နာခံပါတယ်..."

"မင်း တကယ်ပဲ စစ်တပ်ကို ဦးဆောင်ပြီး ချုံခို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား..."

အရာရှိများ အားလုံး သက်ဆိုင်ရာ တာဝန်များကို သွားရောက် ထမ်းဆောင်ပြီးနောက် ချီထျန်းဟယ် က ကျန်းချဲ့ ကို လေးနက်စွာ ကြည့်ကာ မေးလိုက်လေသည်။ ဤတစ်ကြိမ် သူ အနားတွင် မရှိဘဲ ကျန်းချဲ့ ဤသို့ လုပ်ဆောင်ခြင်းမှာ အလွန် အန္တရာယ် များလှပေသည်။

"လှောင်ပိတ် ခံနေရတာက ကျုပ်ရဲ့ ပုံစံ မဟုတ်ဘူး ဒီတစ်ကြိမ် ကျန်းဖျင် က စစ်သည် နှစ်သောင်းကို ဦးဆောင်လာတာ သူ့ဘေးမှာ မဟာသိုင်းသခင် ဘယ်နှပါး ပုန်းကွယ်နေလဲ ဆိုတာလည်း မသိရသေးဘူး အရမ်းကို အန္တရာယ်များတယ် တောင်ပိုင်းစောင့်တပ် ဘက်ကလည်း စစ်ကူ ရောက်လာဖို့ အခွင့်အရေး သိပ်မရှိဘူး အလကား အချိန်ဖြုန်း နေမယ် ဆိုရင်တော့ တကယ် သေဖို့ စောင့်နေတာနဲ့ အတူတူပဲ..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လွင်နေလေသည်။ ဤတစ်ကြိမ် တောင်ပိုင်းယွဲ့ ဘက်မှ လာသူများမှာ ဤလူများသာ ဖြစ်သည်ဟု ထင်ရသော်လည်း ကျန်းချဲ့ ကတော့ နဂါးကျား တာအိုဂိုဏ်း နှင့် အခြားသော အင်အားစုများ နောက်ကွယ်မှ လှုပ်ရှားလာမည်ကို အမြဲတမ်း သတိထားနေလေသည်။

မြို့တွင်းတွင် တိုက်ခိုက်မည် ဆိုပါက အနိုင်ရနိုင်ခြေ အလွန် နည်းပါးလေသည်။

သူတို့ကို မြို့ပြင်သို့ မျှားခေါ်ပြီး အစီအရင် အတွင်းသို့ ရောက်အောင် လုပ်မှသာ အသက်ရှင်နိုင်မည့် မျှော်လင့်ချက် ရှိမည် ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် သူသည် လက်ရွေးစင် စစ်သည် ရှစ်ရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ချုံခို တိုက်ခိုက်ရန် သာမက အစာအဖြစ် အသုံးပြုရန် အတွက်လည်း ဖြစ်လေသည်။

မဟုတ်ပါက သူတစ်ယောက်တည်း ဆိုလျှင်လည်း ချုံခို တိုက်ခိုက်ရန် လုံလောက်နေပြီး မည်သူ့ကိုမျှ အလန့်တကြား ဖြစ်စေမည် မဟုတ်ချေ။ သူ၏ ရည်ရွယ်ချက်မှာ သူ့အပေါ် ရန်လိုနေသူများကို ဆွဲဆောင်ရန် သက်သက်သာ ဖြစ်လေသည်။ ထို့ကြောင့် သူ ချုံခို တိုက်ခိုက်မည့် သတင်းကို အရာရှိများ အားလုံးကို အသိပေးခဲ့ခြင်း ဖြစ်သည်။

သတင်း ဖြန့်ချိရန် အတွက် တမင် လုပ်ဆောင်ခဲ့ခြင်း ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် တောင်ပိုင်းယွဲ့ မှ လူများနှင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော အခြားလူများကို ထျန်းနန် တွင် အတူတကွ သေဆုံးသွားစေရန် လုပ်ဆောင်မည် ဖြစ်သည်။

သူ၏ နောင် အနာဂတ် အတွက် လမ်းခင်းရန် ပင်ဖြစ်သည်။

နောက်ဆုံး အစီအမံ များစွာ ရှိနေသဖြင့် ကျန်းချဲ့ အနေဖြင့် သူ့တွင် အခွင့်အရေး လုံးဝ မရှိဟု မထင်မှတ်ထားချေ။ လုပ်ရန် ဆုံးဖြတ်ပြီးမှတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ရမည် ပင်ဖြစ်သည်။

"တောင်ပိုင်းယွဲ့ နိုင်ငံမှာ အစွမ်းထက် သိုင်းပညာရှင် သိပ်မရှိပါဘူး ချီရွှယ်မိစ္ဆာသခင် နဲ့ နတ်မှော်အဆောင်ကိုယ်ပွား လည်း ရှိနေသေးတယ်ဆိုတော့ မင်းမှာ ယုံကြည်ချက် ရှိတာတော့ အမှန်ပါပဲ ဒါပေမဲ့ ပေါ့ဆလို့တော့ မရဘူး တကယ်လို့ အခြေအနေ မကောင်းရင် ချက်ချင်း ဆုံးဖြတ်ချက် ချပါ အန္တရာယ် မများပါနဲ့ မင်းနဲ့ ဝမ်ကျင်း ရဲ့ မင်္ဂလာပွဲ အတွက် ပြင်ဆင်နေပြီလေ မင်းက တစ်ကိုယ်တည်းသမား မဟုတ်တော့ဘူးနော်..."

ချီထျန်းဟယ် က သတိပေး လိုက်လေသည်။

"ဒုတိယ အကြီးအကဲ စိတ်ချပါ ကျုပ် နားလည်ပါတယ်..."

ကိစ္စ အားလုံးကို စီစဉ် ပြီးနောက် ကျန်းချဲ့ သည် ထျန်းနန် စစ်စခန်း မှ တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။ တကယ်တမ်းတွင် သူသည် ဗျူဟာ နှင့် စစ်ပညာ များကို သိပ်မကျွမ်းကျင်ဘဲ ကောင်းချီနျန် လောက်ပင် ပြည့်စုံမှု မရှိချေ။

ထို့ကြောင့် သူ့အတွက် အသင့်တော်ဆုံးမှာ မြို့စောင့်ရန် မဟုတ်ဘဲ စစ်တပ်ကို ဦးဆောင်ကာ မိမိ၏ စိတ်ကူး အတိုင်း တိုက်ခိုက်ရန် ပင်ဖြစ်သည်။

မကြာမီမှာပင် ကျန်းချဲ့ သည် မြို့ပြင်ရှိ တောင်ကြား တစ်ခု အတွင်းသို့ ရောက်ရှိလာလေသည်။ သူ ရောက်လာပြီးနောက် လက်ရွေးစင် စစ်သည် ရှစ်ရာစလုံးမှာ မြင်းပေါ်သို့ တညီတညွတ်တည်း တက်လိုက်ကြပြီး ဓားရှည်များကို ကိုင်ဆောင်ကာ တိတ်ဆိတ် ငြိမ်သက်စွာ နေကြလေသည်။

သူတို့ စီးနင်းသော စစ်မြင်းများမှာ ထူးခြားသော မျိုးစိတ်များ ဖြစ်ကြပြီး အမြန်နှုန်း နှင့် ခံနိုင်ရည် မှာ သာမန် မြင်းများထက် အများကြီး သာလွန်လေသည်။ ထျန်းနန် စစ်စခန်း တစ်ခုလုံးတွင် အကောင်းဆုံး စစ်မြင်းများ ဖြစ်ကြရာ သူ ဤအရာများကို ယူသွားခြင်းက...

ထျန်းနန် စစ်စခန်း အနေဖြင့် အမှန်တကယ်ပင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ကြောင်း ဆိုလိုခြင်း ပင်ဖြစ်သည်။

လက်ရွေးစင် စစ်သည် ရှစ်ရာ ၏ ခေါင်းဆောင်မှာ အခြားသူ မဟုတ်ဘဲ ချီဟွမ်း ပင်ဖြစ်သည်။

ယခင်က ကျန်းချဲ့ သည် ချီဟွမ်း ကို တိတ်တဆိတ် လူစုဆောင်းပြီး ထျန်းနန် မြို့စောင့်တပ် ကို အုပ်ချုပ်ရန် ကူညီခိုင်းခဲ့ရာ ချီဟွမ်း အဓိက လုပ်ဆောင်ခဲ့သည်မှာ ဤ လက်ရွေးစင် စစ်သည်များ၏ ယုံကြည်မှုကို ရယူရန် ပင်ဖြစ်သည်။ ထိုအထဲတွင် အချို့မှာ...

ကျန်းချဲ့ ထိုက်အန်းဒေသ မှ ခေါ်လာသော သူများဖြစ်ပြီး အဓိက အင်အားစု အဖြစ် ပါဝင်ကြလေသည်။

ထို့ကြောင့် သူတို့၏ သစ္စာရှိမှု ကိုတော့ သံသယ ဝင်စရာ မလိုချေ။

"ညီအစ်ကိုတို့ ဒီတစ်ကြိမ် တောင်ပိုင်းယွဲ့ ရဲ့ လီချန်မြို့ ကို ချုံခို တိုက်ခိုက်မယ့် ခရီးက အရမ်း အန္တရာယ် များပြီး အသက်အန္တရာယ် ရှိနိုင်တယ် ဒါပေမဲ့ အန္တရာယ် နဲ့ အခွင့်အရေး က အမြဲ ဒွန်တွဲ နေတာပဲ ဒီတိုက်ပွဲ သာ နိုင်ခဲ့ရင် ညီအစ်ကိုတို့ အားလုံး ဆုချီးမြှင့် ခံရလိမ့်မယ် ဇနီးမယား နဲ့ သားသမီးတွေ အထိ ဂုဏ်ကျက်သရေ ရမယ်လို့တော့ အာမမခံရဲပေမဲ့ ညီအစ်ကိုတို့ကို ချမ်းသာ ကြွယ်ဝမှု တစ်ခု ရလာအောင်တော့ ကျုပ် ကတိပေးနိုင်ပါတယ် ဒါ့အပြင် ညီအစ်ကိုတို့ ထဲက တစ်ယောက်ယောက်များ ကံမကောင်းစွာနဲ့ သေဆုံးသွားခဲ့ရင်တောင် ကျန်ရစ်သူ မိသားစုဝင် တွေကို ကျုပ် ကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်ပေးပါ့မယ် ခင်ဗျားတို့ နောက်ဆံ တင်းစရာ မလိုအောင် လုပ်ပေးပါ့မယ်..."

ကျန်းချဲ့ က အစာအဖြစ် အသုံးပြုခံရမည့် ဤစစ်သည်များကို ကြည့်ကာ လေးနက်သော မျက်လုံးများဖြင့် ပြောလိုက်လေသည်။

"ရွှစ်..."

ချီဟွမ်း က စစ်ဓားကို ဆွဲထုတ်ကာ အရှေ့ကို စူးစိုက်ကြည့်ပြီး အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်လေသည်။

"စစ်သူကြီး အတွက် အသက်ပေးမယ် လူရိုင်းတွေကို သတ်ပြီး ချမ်းသာ ကြွယ်ဝမှုကို ယူမယ်..."

"ရွှစ်..."

"ရွှစ်..."

"ရွှစ်..."

စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် ချီဟွမ်း ၏ ဦးဆောင်မှု အောက်တွင် စစ်ဓားများကို တညီတညွတ်တည်း ဆွဲထုတ်ကာ အပေါ်သို့ မြှောက်လိုက်ကြလေသည်။

"စစ်သူကြီး အတွက် အသက်ပေးမယ် လူရိုင်းတွေကို သတ်ပြီး ချမ်းသာ ကြွယ်ဝမှုကို ယူမယ်..."

"စစ်သူကြီး အတွက် အသက်ပေးမယ် လူရိုင်းတွေကို သတ်ပြီး ချမ်းသာ ကြွယ်ဝမှုကို ယူမယ်..."

"စစ်သူကြီး အတွက် အသက်ပေးမယ် လူရိုင်းတွေကို သတ်ပြီး ချမ်းသာ ကြွယ်ဝမှုကို ယူမယ်..."

ကျန်းချဲ့ က လက်မြှောက်ကာ လူတိုင်းကို တိတ်ဆိတ်သွားစေလိုက်ပြီးနောက် ခွစီးထားသော ထူးဆန်းသော သားရဲ ၏ ဇက်ကြိုးကို ဆွဲကာ ဦးတည်ရာကို ပြောင်းလိုက်လေသည်။

"လီချန်မြို့ ကို ချီတက်ကြ…”

All Chapters