အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း (၃၁၄) အိုးထဲမှ လိပ်များ... သွေးပင်လယ် ချုံခိုတိုက်ခိုက်မှု
ကျန်းဖျင်သည် 'ကျန်းချဲ့' ဟူသော နာမည်ကို ကြားလိုက်ရသောအခါ သူငယ်အိမ်များ ချက်ချင်း ကျုံ့သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
"တကယ်ပဲ ကျန်းချဲ့ လား မင်း သူ့ကို ကိုယ်တိုင် မြင်ခဲ့ရလို့လား..."
မြေကြီးပေါ်တွင် ဒူးထောက်နေသော တောင်ပိုင်းယွဲ့ ဒုတိယစစ်သူကြီးက ခေါင်းယမ်းလိုက်လေသည်။
"ကျွန်တော်မျိုး ကျန်းချဲ့ကို ကိုယ်တိုင် မမြင်ခဲ့ရပါဘူး ဒါပေမဲ့ အဲ့ဒီလူတွေ လွှင့်ထူထားတဲ့ အလံတွေက ဝူဝေစစ်သူကြီး ကျန်း ဆိုတဲ့ အလံတွေချည်းပါပဲ အဲ့ဒါကြောင့် သူ့ရဲ့ အမှတ်အသားကို ခန့်မှန်းမိတာပါ..."
ကျန်းဖျင်၏ ခန္ဓာကိုယ်မှာ မျက်တောင်တစ်ခတ်အတွင်း ယိမ်းယိုင်သွားပြီး အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်လေသည်။ အကယ်၍ အလံတစ်ခုတည်းသာ ဆိုလျှင်တော့ သူ ယုံကြည်မည် မဟုတ်ချေ။ သို့သော် ယခုအခြေအနေများနှင့် ပေါင်းစပ်စဉ်းစားကြည့်မည် ဆိုလျှင်တော့ မသေချာတော့ချေ။
'ဒါကြောင့်လည်း ကျန်းချဲ့က အခုအချိန်ထိ လုံးဝ ပေါ်မလာသေးတာကိုး... သူက ထျန်းနန် စစ်စခန်းထဲမှာ မရှိဘဲ လက်ရွေးစင်တပ်ဖွဲ့ တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး ငါတို့ကို ရှောင်ကွင်းကာ လီချန်မြို့ကို တိုက်ရိုက်သွားတိုက်ပြီး ငါတို့ရဲ့ နောက်ဆုတ်ပေါက်ကို ဖြတ်တောက်လိုက်တာပဲ...'
"စစ်သူကြီး ဒီကိစ္စက အရမ်း အရေးကြီးတယ်နော် စောစောစီးစီး ကြိုတင်ပြင်ဆင်ထားသင့်တယ်..."
ကျိုးရီက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"လီချန်မြို့ ကျိုးပေါက်သွားတာက ငါတို့နှစ်ယောက်စလုံးအတွက် ခွင့်လွှတ်လို့မရတဲ့ အပြစ်ပဲ အခုလုပ်နိုင်တာက ဆက်ပြီးမြို့ကို တိုက်ဖို့ပဲ ထျန်းနန်စစ်စခန်းကို သိမ်းနိုင်မှ ငါတို့ရဲ့အပြစ်တွေကို ဆေးကြောနိုင်မှာ အဲ့ဒီလိုမှသာ ဘုရင်ကြီးကို သွားတွေ့ဖို့ မျက်နှာရှိတော့မှာ..."
ကျန်းဖျင်က အဝေးရှိ စစ်စခန်းကို အံကြိတ်ကာ ဒေါသတကြီး ကြည့်ရင်း ပြောလိုက်လေသည်။
"စစ်သူကြီး မမေ့ပါနဲ့ဦး ဘုရင်ကြီး ပေးထားတဲ့ အမိန့်ရဲ့ အဓိက ရည်ရွယ်ချက်က ကျန်းချဲ့နဲ့ ချီရွှယ်မိစ္ဆာသခင်ကို ဖမ်းဖို့လေ မြို့တစ်မြို့အတွက် အချိန်တွေ အလကား ဖြုန်းနေဖို့ မဟုတ်ဘူး..."
"ထျန်းနန်စစ်စခန်းကို သိမ်းနိုင်ရင်တောင် ငါတို့ ဘယ်လောက်ဆုံးရှုံးသွားမလဲ အခု ကျန်းချဲ့က ရဲရဲတင်းတင်းနဲ့ ထျန်းနန်စစ်စခန်းကနေ ထွက်ပြီး ငါတို့ တောင်ပိုင်းယွဲ့နိုင်ငံ အထိ ဝင်လာတာ ဒါက သူ့ကို လိုက်ဖမ်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ..."
ကျန်းဖျင်က မြို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်ကို မြင်သောအခါ ကျိုးရီက ချက်ချင်း ဖျောင်းဖျလိုက်လေသည်။
"ကျုပ်က ဒီစစ်တပ်ရဲ့ စစ်သေနာပတိချုပ် အရာအားလုံးက ကျုပ်ရဲ့ အမိန့်ကို နာခံရမယ် ထျန်းနန်စစ်စခန်းကို သိမ်းပြီးမှ ကျန်းချဲ့ကို လိုက်ဖမ်းမယ်..."
ကျန်းဖျင်က လက်မြှောက်ကာ ကျိုးရီ၏ ဖျောင်းဖျမှုကို တားဆီးလိုက်လေသည်။
သူက နဂါးကြောအကြောင်းကို မသိထားသဖြင့် လီချန်မြို့ ကျိုးပေါက်သွားသဖြင့် သူ၏ အပြစ်များကို ဆေးကြောရန်အတွက် ဂုဏ်ထူးဆုလာဘ်များ လိုအပ်ကြောင်းကိုသာ သိထားလေသည်။
ကျိုးရီ၏ မျက်ဝန်းများ တောက်ပသွားပြီး အချိန်ခဏမျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် ရင်ဘတ်ထဲမှ 'ယွဲ့ဘုရင်' ဟူသော စာလုံး ထွင်းထုထားသည့် ရွှေရောင် အဝိုင်းပြားတစ်ခုကို ထုတ်ယူလိုက်ရာ အလွန်ကြီးမားသော သြဇာအာဏာတစ်ခု ထွက်ပေါ်လာလေသည်။
"စစ်သူကြီးကျန် ဒါက ဘုရင်ကြီးရဲ့ လျှို့ဝှက်အမိန့်ပါ..."
"မင်း ကျိုးရီ မင်း ဘာအဓိပ္ပာယ်လဲ..."
ကျန်းဖျင်က ပါးစပ်ဟကာ အမိန့်တော်အပြားကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ကျိုးရီ၏ လက်ထဲတွင် ဤအရာ ရှိနေမည်ဟု သူ မထင်မှတ်ထားခဲ့သလို အရေးအကြီးဆုံးမှာ ဤကိစ္စကို သူ လုံးဝ မသိရှိထားခြင်း ပင်ဖြစ်သည်။
"ဒီလျှို့ဝှက်အမိန့်ကို ဘုရင်ကြီးက မဟာသိုင်းသခင်တွေကနေ တစ်ဆင့် ပေးလိုက်တာပါ တကယ်လို့ စစ်သူကြီးကျန်သာ မြို့ကို အတင်းအကျပ် ဆက်တိုက်နေမယ်ဆိုရင် ကျုပ်လည်း ဘုရင်ကြီးရဲ့ အမိန့်ကို အသုံးချရတော့မှာပဲ..."
"ဘုရင်ကြီးက ဘာလို့ ကျန်းချဲ့ကို အတင်းအကျပ် ဖမ်းချင်နေရတာလဲ ကျုပ်ကို နောက်ထပ် တစ်ရက် မဟုတ်ဘူး နောက်ထပ် နေ့တစ်ဝက် အချိန်ပေး ဒီမြို့စခန်းကို သေချာပေါက် ကျိုးပေါက်အောင် လုပ်ပြီး ငါတို့ တောင်ပိုင်းယွဲ့ရဲ့ စစ်တပ်စိတ်ဓာတ်ကို မြှင့်တင်ပြမယ်..."
ယခုအချိန်တွင် ကျန်းဖျင် အလွန် မကျေမနပ် ဖြစ်နေလေသည်။
"ဒီကိစ္စကိုတော့ ကျုပ်လည်း မသိဘူး ဒါပေမဲ့ ကျုပ်သိတာက စစ်သူကြီးကျန်သာ အမိန့်ကို မနာခံဘူးဆိုရင် တခြား မဟာသိုင်းသခင်တွေလည်း လှုပ်ရှားမှာ မဟုတ်ဘူး သူတို့အားလုံးလည်း ဘုရင်ကြီးရဲ့ အမိန့်ကို ရထားပြီးသားပဲ..."
ကျိုးရီက တစ်ဝက်ဖျောင်းဖျ တစ်ဝက်ခြိမ်းခြောက် ပြောဆိုလိုက်လေသည်။
ကျန်းဖျင်သည် ကျိုးရီကို စက္ကန့်ပေါင်းများစွာကြာအောင် စူးစိုက်ကြည့်နေပြီးနောက် အကြည့်များကို ပြန်ရုတ်သိမ်းကာ လက်ထဲရှိ စစ်ဓားကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။
"ကျုပ်ရဲ့ အမိန့်ကို နာခံပြီး တပ်ဆုတ်မယ် ကျန်းချဲ့ကို လိုက်ဖမ်းမယ်..."
"ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ ဒီ တောင်ပိုင်းယွဲ့က လူရိုင်းတွေ ဘာလို့ အခုထိ လာမတိုက်သေးတာလဲ..."
ထျန်းနန်စစ်စခန်း မြို့ရိုးပေါ်တွင် ကောင်းချီနျန်သည် အရှေ့ဘက်ရှိ မှောင်မည်းနေသော တောင်ပိုင်းယွဲ့ စစ်သည်များကို ကြည့်ရင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။
စစ်ဗုံများ တီးခတ်နေသော်လည်း ယခုအချိန်အထိ မလှုပ်ရှားသေးသဖြင့် ဤကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းက သူ့ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေခဲ့လေသည်။
ထိုကဲ့သို့ သံသယဝင်နေသူမှာ သူ တစ်ယောက်တည်း မဟုတ်ဘဲ ထျန်းနန်စစ်စခန်းမှ စစ်သည်များစွာမှာလည်း အလားတူပင် ဖြစ်လေသည်။ တောင်ပိုင်းယွဲ့၏ အကြံအစည်ကို မသိရသဖြင့် သူတို့အားလုံး ကာကွယ်ရေးအတွက် ပြင်ဆင်နေကြလေသည်။
"ဟေး ကြည့်ကြစမ်း သူတို့ ဆုတ်သွားပြီ ထင်တယ်..."
ရုတ်တရက် အံ့သြတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။
သူတို့၏ အမြင်အာရုံတွင် အနက်ရောင် ရေစီးကြောင်းကြီးမှာ ယခုအခါ စနစ်တကျ အနောက်ဘက်သို့ ဆုတ်ခွာသွားနေပြီး စစ်စခန်းတဲများကိုပင် သိမ်းဆည်းသွားကြသည်ကို မြင်တွေ့လိုက်ရလေသည်။
"ကြည့်ရတာ ကျန်းချဲ့ အဲ့ဒီကောင်လေး ဘက်က အောင်မြင်သွားပြီ ထင်တယ်..."
ချီထျန်းဟယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပေါ့ပါးစွာ ပြောလိုက်လေသည်။ မနေ့က တိုက်ပွဲတွင် သူ ဖိအားများစွာ ခံစားခဲ့ရပြီး တကယ်လို့ ထျန်းနန်မြို့စခန်းသာ ကျိုးပေါက်သွားပါက ချီနင်ပင်းနှင့် ချီဝမ်ကျင်းတို့ကို ခေါ်ဆောင်ကာ ချက်ချင်း ထွက်ပြေးရန်ပင် တိတ်တဆိတ် ဆုံးဖြတ်ထားခဲ့လေသည်။
ဤနေရာတွင် သူ အသေခံပြီး အချိန်ဖြုန်းနေမည် မဟုတ်ချေ။
သို့သော် ထိုအရာက နောက်ဆုံးအခြေအနေ ရောက်မှသာ လုပ်ဆောင်မည့် အစီအစဉ် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ ကျန်းချဲ့ကို ကတိပေးထားခဲ့သည် မဟုတ်ပါလော။
ယခု တောင်ပိုင်းယွဲ့ဘက်မှ အလိုလို ဆုတ်ခွာသွားသဖြင့် ဘာပြဿနာမှ မရှိတော့ချေ။
"နှမြောစရာ ကောင်းတာက ငါတို့ရဲ့ အင်အားက အရမ်းအားနည်းနေတာပဲ မဟုတ်ရင် အခု အခွင့်ကောင်းယူပြီး လိုက်တိုက်ရင် ရန်သူကို အကြီးအကျယ် ချေမှုန်းနိုင်မှာ သေချာတယ်..."
ချီဝမ်ကျင်း၏ မျက်ဝန်းထဲတွင် နှမြောတသဖြစ်နေသော အမူအရာများ ပေါ်လွင်နေလေသည်။ ယခုအခါ သူတို့၏ အင်အားဖြင့် ထျန်းနန်စစ်စခန်းကို ကာကွယ်ရန်ပင် အနိုင်နိုင် ဖြစ်နေလေသည်။
အစီအရင်၏ အကူအညီ မရှိပါက မြို့ပြင်ထွက်ပြီး တိုက်ခိုက်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း သက်သက်သာ ဖြစ်လေသည်။
ထို့အပြင် ယခုအချိန်တွင် တောင်ပိုင်းယွဲ့ဘက်မှ တကယ်ပဲ ဆုတ်ခွာသွားခြင်း ဟုတ်မဟုတ် ဆိုသည်ကိုလည်း သူမ သေချာ မသိရသေးချေ။ အကယ်၍ ထောင်ချောက်သာ ဖြစ်နေပါက အလွယ်တကူ အယုံသွင်းခံလိုက်ရလျှင် ထျန်းနန်စစ်စခန်းမှာ တကယ်ပဲ ပြီးဆုံးသွားမည် ဖြစ်လေသည်။
"နည်းနည်းတော့ သတိထားသင့်တယ်..."
ချီထျန်းဟယ်က ခေါင်းယမ်းကာ ပြောလိုက်လေသည်။
ကျန်းဖျင်၏ အမိန့်ပေးမှုအောက်တွင် စစ်သည် တစ်သောင်းခွဲခန့်မှာ စနစ်တကျ ဆုတ်ခွာသွားကြလေသည်။ လုံခြုံသော အကွာအဝေးသို့ ရောက်ရှိသွားပြီးနောက် သူက စစ်တပ်အတွင်းရှိ လက်ရွေးစင် စစ်သည်များကို ချက်ချင်း ခွဲထုတ်လိုက်ပြီး ကျိုးရီနှင့် မဟာသိုင်းသခင်များ အပါအဝင် လီချန်မြို့ဘက်သို့ အလျင်အမြန် ချီတက်သွားကြလေသည်။ စစ်တပ်အများစုကိုပင် အနောက်တွင် ချန်ထားခဲ့လေသည်။
ရည်ရွယ်ချက်ကတော့ တစ်ခုတည်းသာ ဖြစ်သည်။ ထိုအရာမှာ ကျန်းချဲ့ကို ရှာဖွေပြီး လက်စားချေရန် ပင်ဖြစ်သည်။
သို့သော် သူတို့အားလုံး သတိမထားမိခဲ့သော အချက်မှာ ကျန်းဖျင်တို့အုပ်စု၏ အနောက်ဘက်တွင် တာအိုဆရာ ရှန်ရွှီက အဝေးမှ တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်း ပင်ဖြစ်သည်။ မနေ့က တောင်ပိုင်းယွဲ့ဘက်မှ မြို့ကို တိုက်ခိုက်နေချိန်တွင် တာအိုဆရာ ရှန်ရွှီသည် အမှောင်ထဲတွင် အမြဲတမ်း ပုန်းကွယ်နေခဲ့လေသည်။
အခွင့်ကောင်းယူ၍ တောင်ပိုင်းယွဲ့ဘက်မှ အစီအရင်ကို ဖျက်ဆီးရာတွင် ကူညီပေးပြီး အခြေအနေကို ရှုပ်ထွေးအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့လေသည်။
သို့သော် သူ့ကို စိတ်ပျက်သွားစေခဲ့သည်မှာ ထိုကောင်လေး ကျန်းချဲ့က တကယ်ပဲ ထျန်းနန်စစ်စခန်းမှ ထွက်သွားခဲ့ခြင်း ပင်ဖြစ်သည်။ ဤအကြောင်းကြောင့် သူ သည်းခံစောင့်ဆိုင်းနေခဲ့ရပြီး တောင်ပိုင်းယွဲ့ဘက်မှ နောက်ဆုတ်သွားသည်ကို မြင်သောအခါ ပြဿနာ တစ်ခုခု ရှိနေပြီဟု သူ သိလိုက်လေသည်။
ယခုလည်း အမှန်တကယ် ထိုသို့ပင် ဖြစ်နေလေသည်။
ထိုကောင်လေး ကျန်းချဲ့သည် စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းယွဲ့ နယ်စပ်စစ်စခန်း လီချန်မြို့ကို ချုံခိုတိုက်ခိုက်ခဲ့ကာ တောင်ပိုင်းယွဲ့ကို ဆုတ်ခွာသွားစေရန် ဖိအားပေးနိုင်ခဲ့လေသည်။ သို့သော် ဤသည်မှာ သူ့အတွက်တော့ အကောင်းဆုံး ဖြစ်နေလေသည်။ ထို့ကြောင့် သူက တောင်ပိုင်းယွဲ့ အဖွဲ့၏ အနောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ကို သတ်ဖြတ်ရန် အခွင့်အရေး ရှာဖွေရန် ပင်ဖြစ်သည်။
သူ၏ စွမ်းအားဖြင့် ဆိုလျှင် အဝေးမှ နောက်ယောင်ခံ လိုက်ရန် သေချာပေါက် အရည်အချင်း ရှိလေသည်။
'အချိန် တွက်ကြည့်ရသလောက် ကျန်းဖျင်တို့ သတင်း ရသွားလောက်ပြီ...'
အခြားတစ်ဖက်ရှိ တောင်ပိုင်းယွဲ့ မြို့စခန်းပေါ်တွင် ရပ်နေသော ကျန်းချဲ့က ရင်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်လေသည်။
သူက ချီဟွမ်းကို လူအရှင်တစ်ယောက် တမင်လွှတ်ပေးခိုင်းခဲ့ခြင်းမှာ ကျန်းဖျင်ကို အမြန်ဆုံးအချိန်အတွင်း လီချန်မြို့ ကျိုးပေါက်သွားကြောင်း သိရှိစေရန်နှင့် သူ့ကို လာရောက်ရှာဖွေစေရန်အတွက် ပင်ဖြစ်သည်။
ဤကိစ္စက အမှားအယွင်း ရှိနိုင်မည်မဟုတ်ကြောင်း သူ အလွန် ယုံကြည်ချက် ရှိလေသည်။
တောင်ပိုင်းယွဲ့၏ ရည်ရွယ်ချက်မှာ သူ့ကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ချီရွှယ်မိစ္ဆာသခင်၏ လက်ထဲရှိ နဂါးကြော ပင်ဖြစ်သည်။ ဤအရာသာ သူတို့လက်ထဲတွင် ရှိနေသရွေ့ တောင်ပိုင်းယွဲ့ နိုင်ငံအတွက် ကြီးမားသော ဆွဲဆောင်မှု တစ်ခု ရှိနေမည် ပင်ဖြစ်သည်။
တစ်ခုတည်းသော မသေချာမှုမှာ သူ့ကို တိုက်ခိုက်လိုသော အခြားရန်သူများ ဝင်ရောက်လာမည်လား ဆိုသည်သာ ဖြစ်လေသည်။
တကယ်တမ်းတွင် ကျန်းချဲ့၏ ပစ်မှတ်မှာ အစကတည်းက တောင်ပိုင်းယွဲ့နိုင်ငံ မဟုတ်ဘဲ နဂါးကျား တာအိုဂိုဏ်း၏ ဖြစ်နိုင်ခြေရှိသော လှုပ်ရှားမှုများကိုသာ ရည်ရွယ်ထားခြင်း ပင်ဖြစ်သည်။ မဟုတ်ပါက သူ ထျန်းနန်စစ်စခန်းတွင် ခုခံကာကွယ်နေရုံဖြင့် ချီရွှယ်မိစ္ဆာသခင်နှင့် အောက်ခွန်းတို့၏ အကူအညီ ပါဝင်ပါက တောင်ပိုင်းယွဲ့ဘက်မှ ထျန်းနန်စစ်စခန်းကို လုံးဝ ကျိုးပေါက်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
သူ ဤမျှလောက် ကွေ့ကောက်ပြီး အကွက်ဆင်နေခြင်းမှာ နဂါးကျား တာအိုဂိုဏ်းအတွက် သက်သက်သာ ဖြစ်လေသည်။
အကြိမ်ကြိမ် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ကျိန်စာတိုက်မှုများ ပါဝင်လာခြင်းကြောင့် နဂါးကျား တာအိုဂိုဏ်းအနေဖြင့် လွယ်လွယ်ကူကူ လက်လျှော့မည်မဟုတ်ကြောင်း သူ သေချာပေါက် သိရှိထားလေသည်။ အထူးသဖြင့် သူ ယခုအခါ ပိုမို အစွမ်းထက်လာပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင်၏ ကာကွယ်မှုကိုပင် ရရှိထားပြီဖြစ်ရာ...
ဆိုလိုသည်မှာ သူ မသေသရွေ့ နဂါးကျား တာအိုဂိုဏ်းအနေဖြင့် အေးချမ်းစွာ အိပ်စက်နိုင်မည် မဟုတ်ချေ။
အကယ်၍ သူသာ နဂါးကျား တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နေရာတွင် ရှိနေမည်ဆိုပါက ဤထက်ပို၍ လျင်မြန် ပြင်းထန်စွာ လှုပ်ရှားမည်မှာ အသေအချာ ပင်ဖြစ်သည်။
ကိုယ့်နေရာတွင်သာ ဝင်ရောက် စဉ်းစားကြည့်ပါက ဤတစ်ကြိမ် နဂါးကျား တာအိုဂိုဏ်းမှ သိုင်းပညာရှင်များ ဝင်ရောက်လာနိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းခန့် ရှိသည်ဟု သူ ထင်မြင်မိလေသည်။
သူ၏ ခြေရာများကို တွေ့ရှိစေရန်အတွက် ကျန်းချဲ့သည် လမ်းတစ်လျှောက်လုံး ခြေရာများကို လုံးဝ ဖုံးကွယ်ခြင်း မပြုခဲ့သည့်အပြင် အမှတ်အသား အများအပြားကိုပင် ချန်ထားခဲ့ပြီး ကျန်းဖျင်အနေဖြင့် သူ့ကို လွယ်ကူစွာ ရှာတွေ့နိုင်ရန် လုပ်ဆောင်ထားခဲ့လေသည်။
ယခုအခါ အောက်ခွန်းဘက်မှ သတင်း ရရှိလာပြီဖြစ်ပြီး ချုံခိုတိုက်ခိုက်မည့် အစီအရင်ကြီးလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်လေသည်။
အချိန်မရွေး ဖွင့်လှစ် အသုံးပြုနိုင်ပြီ ဖြစ်လေသည်။
ဆိုလိုသည်မှာ ကျန်းချဲ့၏ ချုံခိုတိုက်ခိုက်မည့် အစီအစဉ်ကြီး စတင်နိုင်ပြီ ပင်ဖြစ်သည်။
ထိုကိစ္စကို တွေးမိပြီးနောက် ကျန်းချဲ့သည် ဘာမှ ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ သွေးချောင်းစီးနေပြီဖြစ်သော ဤ တောင်ပိုင်းယွဲ့ မြို့စခန်းကို အပြတ်ရှင်းလင်းလိုက်ပြီးနောက် စစ်သည်များကို ဦးဆောင်ကာ အမှတ်အသားများ ချန်ထားရစ်ပြီး ကြိုတင်ပြင်ဆင်ထားသော ချုံခိုတိုက်ခိုက်မည့် နေရာသို့ ထွက်ခွာသွားလေတော့သည်။
ထိုနေရာမှာ ချီရွှယ်မိစ္ဆာသခင် ရွေးချယ်ပေးထားသော နေရာ ဖြစ်လေသည်။
ထျန်းနန်မြို့နှင့် မိုင်တစ်ရာခန့် ကွာဝေးသော တောင်ကြားတစ်ခု အတွင်း၌ ဖြစ်လေသည်။
အစီအရင် ချမှတ်ရန် အလွန် သင့်တော်ပြီး ပထဝီအနေအထားနှင့် ရာသီဥတုကိုပါ အသုံးပြုနိုင်သော နေရာ ဖြစ်လေသည်။ ထို သတ်ဖြတ်ရေး အစီအရင်ကြီးမှာ ချီရွှယ်မိစ္ဆာသခင် ယခင်က အလွန် ဂုဏ်ယူခဲ့ရသော နည်းလမ်းတစ်ခု ပင်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး ပျက်သုဉ်း သွေးပင်လယ် အစီအရင်...
ထိုအချိန်က ကျန်းချဲ့သည် ချီရွှယ်မိစ္ဆာသခင်ကို မေးမြန်းခဲ့ဖူးလေသည်။ နာမည်က ဤမျှလောက် ကြီးကျယ်ခမ်းနားနေပြီး သူ၏ စည်းစိမ်ဥစ္စာ အများစုကိုပါ ကုန်ကျခံထားရသော အစီအရင်၏ စွမ်းအားက မည်မျှရှိသနည်း ဟူ၍ ပင်ဖြစ်သည်။ ချီရွှယ်မိစ္ဆာသခင်၏ အဖြေကတော့...
"ရှန်ရှန်းနှောင်းပိုင်းအဆင့် အောက်ဆိုလျှင် လွတ်မြောက်နိုင်လမ်း လုံးဝမရှိချေ။ ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင်များပင် အသက်ရှင်ရန် မျှော်လင့်ချက် အလွန်နည်းပါးလှပေသည်။"
အောက်ခွန်း၏ အကူအညီနှင့် ကျန်းချဲ့၏ နည်းလမ်းများ ပါဝင်မည်ဆိုပါက သိုင်းသူတော်စင် အဆင့်အောက်တွင် အရမ်း အစွမ်းထက်လွန်းသူ မဟုတ်ပါက ထို အစီအရင်ထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် ဤ အစီအရင်ကို အသုံးပြုကာ ရှန်ရှန်းအလယ်အလတ်အဆင့် ကျင့်ကြံမှုဖြင့် ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် တစ်ပါးကို ပြောင်းပြန် သတ်ဖြတ်နိုင်ခဲ့ပြီး အလယ်ပိုင်းဒေသ တစ်ခုလုံးတွင် နာမည်ကျော်ကြား သွားခဲ့ခြင်း ပင်ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ အရှိန်အဟုန်ဖြင့် လီချန်မြို့သို့ ရောက်ရှိလာသော ကျန်းဖျင်သည် မီးလောင်ပြာကျနေသော မြို့ရိုးကို ကြည့်ရင်း အလွန် ဒေါသထွက်နေလေသည်။ နေရာအနှံ့ ရှာဖွေပြီးနောက် ကျန်းချဲ့၏ လမ်းကြောင်းကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့လေသည်။
ထို့နောက် အခြားသော မြို့စခန်းတစ်ခုသို့ ထပ်မံ ရောက်ရှိသွားခဲ့လေသည်။
ထို့နောက် သူ မြင်တွေ့လိုက်ရသည်မှာ သွေးချောင်းစီးနေသော မြို့တစ်မြို့ ပင်ဖြစ်သည်။ စစ်သည်များ အားလုံး၏ အမြုတေသွေးများကို အကုန်အစင် စုပ်ယူခံထားရပြီး ထူးဆန်းသော သွေးခြောက်လောင်းများ အဖြစ်သာ ကျန်ရစ်ခဲ့လေသည်။
"ကျန်းချဲ့ ခွေးသူတောင်းစား ကျုပ် မင်းကို အရှင်လတ်လတ် ဖမ်းပြီး သွေးကိုသောက် အသားကို စားပြမယ်..."
ကျန်းဖျင်က အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်ရာ ထိုအသံက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားလေသည်။
"ပြောစမ်း ကျန်းချဲ့ ဘယ်မှာလဲ..."
တောအုပ်တစ်ခု အတွင်း၌ ကျန်းဖျင်က လေဟာနယ်ထဲမှနေ၍ ထျန်းနန်စစ်သည် အချို့ကို ဆွဲယူကာ ကျန်းချဲ့၏ လက်ရှိနေရာကို နှိပ်စက်မေးမြန်း နေလေသည်။ သူသည် နေ့တစ်ဝက်ခန့် ကြာအောင် လိုက်လံရှာဖွေနေခဲ့သော်လည်း ကျန်းချဲ့၏ ခြေရာများက ရုတ်တရက် ပေါ်လာလိုက် ရုတ်တရက် ပျောက်သွားလိုက် ဖြစ်နေလေသည်။
သူ့ကို ခေါင်းမကိုက်နိုင်အောင် ဖြစ်စေခဲ့လေသည်။ သို့သော် သူ ကံကောင်းသည်ဟု ဆိုရမည်လားမသိ တောအုပ်တစ်ခု အတွင်း၌ ဒဏ်ရာရ၍ နောက်ကျကျန်ရစ်ခဲ့သော ကျန်းချဲ့၏ တပည့်အချို့ကို သူ ရှာတွေ့သွားခဲ့လေသည်။
"ထွီ လူရိုင်း ခွေးသူတောင်းစား..."
လူငယ်စစ်သည် တစ်ယောက်က အထင်သေးစွာဖြင့် တံတွေး ထွေးချလိုက်လေသည်။
အချို့က တွေဝေသွားပြီး သေရမည်ကို ကြောက်ရွံ့သွားကြလေသည်။ သို့သော် သူတို့ ဆုံးဖြတ်ချက် မချရသေးမီမှာပင် ဘေးရှိ လက်တစ်ဖက်ပြတ်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ကျူကျစ် စစ်သူကြီးရဲ့ နေရာကို လုံးဝ ပြောပြလို့ မရဘူး မင်းသာ ပြောပြလိုက်ရင် တစ်မိသားစုလုံး သေဒဏ်ခံရလိမ့်မယ် တကယ်လို့ တိုက်ပွဲမှာ သေသွားရင်တောင် နောက်ပိုင်း မိသားစုအတွက် လျော်ကြေးငွေတွေ ရဦးမယ် မင်း အရူးမလုပ်နဲ့နော်..."
"စကားများလိုက်တာ..."
ကျန်းဖျင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထို လက်ပြတ် သက်လတ်ပိုင်း လူကြီးမှာ မျက်တောင်တစ်ခတ်အတွင်း သွေးမှုန့်များအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။
ကျိုးရီက မျက်မှောင်ကျုံ့လိုက်လေသည်။
"စစ်သူကြီးကျန် ဒီလူတွေက သာမန် စစ်သည်တွေပါ အချိန်ဖြုန်းပြီး မေးနေစရာ မလိုပါဘူး နတ်အာရုံနဲ့ စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်..."
"ခင်ဗျား ဝင်ပြောစရာ မလိုပါဘူး..."
ကျန်းဖျင်က ကျိုးရီကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။ ဤကိစ္စကို သူ အမှန်တကယ်ပင် သတိမထားမိခဲ့ချေ။ ထို့ကြောင့် ထိုလူများကို အခွင့်အရေး ထပ်မပေးတော့ဘဲ နတ်အာရုံဖြင့် သူတို့၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက် စစ်ဆေးလိုက်လေသည်။ အလွန် ကြီးမားသော နတ်အာရုံ၏ ဝင်ရောက်မှု အောက်တွင် အရိုးသန့်စင်ခြင်း အဆင့်မျှသာရှိသော ထျန်းနန်စစ်သည် အချို့မှာ နေရာတင် ကြောင်အမ်းသွားကြပြီး အလွန် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားကြလေသည်။
"ဘုန်း..."
လူအချို့ကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် ကျန်းဖျင်က သူ၏ အနောက်ရှိ လူများကို ကြည့်ကာ ပြောလိုက်လေသည်။
"တွေ့ပြီ ကျန်းချဲ့က လီချန်မြို့နဲ့ ကွမ်းမြို့တွေကို တိုက်ခိုက်ပြီးတော့ ထျန်းနန်စစ်စခန်း ဘက်ကို ပြန်သွားတယ် သူ့ဘေးမှာ စစ်သည်အများကြီး ပါသွားတယ်ဆိုတော့ အမြန်နှုန်းက သေချာပေါက် မြန်မှာမဟုတ်ဘူး ခန့်မှန်းခြေ မိုင်သုံးဆယ်လောက် ဆိုရင် သူ့ကို တွေ့နိုင်ပြီ..."
"ဘယ်လမ်းကြောင်း ကလဲ..."
"လော့ဖုန်း တောင်ကြား..."
ကျန်းဖျင်က တစ်လုံးချင်းစီ ပြောလိုက်လေသည်။
"ဒါဆိုရင်လည်း ဘာစောင့်နေသေးလဲ အမြန် သွားကြတာပေါ့..."
မဟာသိုင်းသခင် တစ်ပါးက အလျင်စလို ပြောလိုက်လေသည်။
သူတို့ လာရောက်ရခြင်းမှာ တောင်ပိုင်းယွဲ့ ဘုရင်ကြီးက သူတို့ကို ကတိပေးထားသောကြောင့် ပင်ဖြစ်သည်။ ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်ကို ဖမ်းမိပါက တစ်ယောက်လျှင် တန်ဖိုးကြီး ဝိညာဉ်ပစ္စည်း နှစ်ခုစီ ဆုချီးမြှင့်မည်ဟု ကတိပြုထားလေသည်။
ယခုအချိန်တွင် သူတို့ အနည်းငယ်ပင် မစောင့်ဆိုင်း နိုင်တော့ချေ။
"နေပါဦး ဒီအထဲမှာ ထောင်ချောက်များ ရှိနေမလား ကျန်းချဲ့ဆိုတဲ့ လူက သတိကြီးတဲ့သူ အခု တစ်ခေါက် စစ်တပ်ကိုပါ ခေါ်လာတယ်ဆိုတော့ သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေနိုင်တယ်..."
ကျိုးရီက သေဆုံးနေသော အလယ်ပိုင်းဒေသ စစ်သည်များကို ကြည့်ရင်း ရုတ်တရက် ပြောလိုက်လေသည်။
"ကျိုးရီ ခင်ဗျားက ဒီလူကို ကြောက်ပြီး သွေးပျက်နေပြီလား ကျန်းချဲ့ဆိုတဲ့ ခွေးသူတောင်းစားက အခု အိမ်မဲ့ခွေးလို ဖြစ်နေပြီ ဘာထောင်ချောက်မှ မရှိနိုင်ဘူး တကယ်လို့ ရှိရင်တောင် မဟာသိုင်းသခင် လေးပါး ပူးပေါင်းပြီး တိုက်ရင် သူ့ကို မသတ်နိုင်စရာ အကြောင်း ရှိလို့လား သူ့မှာ အဲ့ဒီလောက် အရည်အချင်း ရှိရင် စစ်တပ်ခွဲပြီး ခိုးကြောင်ခိုးဝှက် လာတိုက်နေစရာ အကြောင်းကို မရှိဘူး..."
ကျန်းဖျင်က နှာခေါင်းရှုံ့လိုက်လေသည်။ ကျိုးရီက ဘုရင်ကြီး၏ အမိန့်ကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်ခဲ့သည့် ကိစ္စအတွက် အလွန် မကျေမနပ် ဖြစ်နေလေသည်။ ကျိုးရီ၏ ရည်ရွယ်ချက်က ရိုးရှင်းမည် မဟုတ်ကြောင်း သူ အမြဲတမ်း ထင်မြင်နေသော်လည်း အဓိက အကြောင်းရင်းကိုတော့ သူ မစဉ်းစားတတ်အောင် ဖြစ်နေလေသည်။
ကျိုးရီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။
"စစ်သူကြီးကျန် ပြောတာ အဓိပ္ပာယ် ရှိပါတယ် ကျုပ် သံသယ လွန်သွားတာပါ..."
လော့ဖုန်း တောင်ကြား အတွင်း၌။
ကျန်းချဲ့သည် ကျောက်တုံးကြီး တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ဝမ်ကျဲ့ မိစ္ဆာဓားကို အရှေ့တွင် စိုက်ထားလေသည်။ လေပြင်းများက တိုက်ခတ်နေပြီး အရာအားလုံးက အလွန် တိတ်ဆိတ် ငြိမ်သက်နေကာ ဤနေရာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ကြီး တစ်ခု ချမှတ်ထားကြောင်း အနည်းငယ်မျှပင် အရိပ်အယောင် မပြချေ။
"မင်း ကောင်လေး သူတို့တွေ တကယ် အယုံသွင်းခံရပါ့မလား..."
ချီရွှယ်မိစ္ဆာသခင်က မနေနိုင်ဘဲ မေးလိုက်လေသည်။
သူတို့ ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ နာရီဝက်ကျော်ခန့် ရှိနေပြီ ဖြစ်လေသည်။
ကျန်းချဲ့ အတူခေါ်လာသော စစ်သည်အားလုံး ကိုလည်း လူစုခွဲကာ လော့ဖုန်း တောင်ကြားမှ အဝေးသို့ ထွက်ခွာသွားစေခဲ့လေပြီ။ အကယ်၍ ကျန်းဖျင်တို့ အဖွဲ့သာ ထောင်ချောက်ထဲ မဝင်လာပါက သို့မဟုတ် နဂါးကျား တာအိုဂိုဏ်းက လူများ မလာပါက ဤတစ်ကြိမ် သူတို့ အကြီးအကျယ် ရှုံးနိမ့်သွားပြီ ပင်ဖြစ်သည်။
"အခြေအနေ မပြောင်းလဲဘူးဆိုရင်တော့ ကျုပ် ချန်ထားခဲ့တဲ့ ခြေရာတွေအတိုင်း သူတို့ လိုက်လာကြမှာပါပဲ..."
"တကယ်လို့ ပြောင်းလဲသွားရင်ရော..."
"အဲ့ဒါဆိုရင်တော့ သူတို့ ကံကောင်းတယ်လို့ပဲ မှတ်ရမှာပေါ့..."
"မင်း ကောင်လေးက တကယ်ကို ရက်စက်တာပဲကွာ လော့ဖုန်း တောင်ကြားရဲ့ သတင်းတွေကို မင်း လက်အောက်က စစ်သည်တွေဆီ အကုန်ဖြန့်ထားခဲ့တာ သူတို့ကို အစာအဖြစ် သုံးဖို့အတွက်ပဲ မဟုတ်လား ကျွတ်ကျွတ်ကျွတ်..."
"သူတို့က နောက်က လိုက်မလာနိုင်လို့ ခဏ ပုန်းနေရတာပါ ကျုပ်က မတော်တဆ ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ် ထားရုံ သက်သက်ပါ..."
"ဟားဟားဟား မရှင်းပြပါနဲ့တော့ ရှင်းပြလေ ဟန်ဆောင်ရာ ကျလေပဲ..."
"ပါးစပ် ပိတ်ထားလိုက်တော့ သူတို့ လာနေပြီ..."
ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
"မင်း ပြောစရာ မလိုပါဘူး ငါကိုယ်တော်ရဲ့ နတ်အာရုံက မင်းထက်တောင် ပိုပြီး အဝေးကြီးကို ရောက်သေးတယ်..."
ချီရွှယ်မိစ္ဆာသခင်က ပြန်ပြောလိုက်လေသည်။
အဝေးတွင် တိမ်မည်းကြီးများက အလျင်အမြန် နီးကပ်လာပြီး လောကကြီး ပျက်သုဉ်းတော့မည့် အလား ပင်ဖြစ်သည်။ မိုးကြိုး ပစ်သံများကဲ့သို့ ဟိန်းဟောက်သံများကလည်း ဆူညံစွာ ထွက်ပေါ်လာပြီး လေဟာနယ်ထက်တွင် ပုံရိပ် ငါးခုက ရပ်တည်နေကြလေသည်။
ထိုသူများမှာ ကျန်းဖျင် ကျိုးရီနှင့် အခြားသော မဟာသိုင်းသခင် သုံးပါး ပင်ဖြစ်သည်။
"မိစ္ဆာကောင် မင်းက ငါတို့ အလစ်မှာ လီချန်မြို့နဲ့ ကွမ်းမြို့ကို လာပြီး ချုံခို တိုက်ခိုက်ရဲတယ်ပေါ့လေ ငါတို့ တောင်ပိုင်းယွဲ့ စစ်သည်တွေကိုလည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ် ဒီနေ့ မင်း သေရမယ့် နေ့ပဲ..."
ကျန်းဖျင်က ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးဖြင့် ခေါင်းလောင်းထိုးသကဲ့သို့ အော်ဟစ်လိုက်လေသည်။
ကျန်းချဲ့က ခေါင်းမော့လိုက်ပြီး အစီအရင်၏ အတိုင်းအတာ အတွင်းသို့ ဝင်ရောက်လာသော လူများကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ခင်ဗျားတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ ဒီမှာ စောင့်နေရတာ တကယ်ကို ပျင်းစရာ ကောင်းလိုက်တာ..."
"ဟင်"
ကျန်းချဲ့၏ စကားကို ကြားသောအခါ ကျိုးရီနှင့် အခြားသူများ အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် အလွန် အန္တရာယ်များသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။
'သူတို့ကို အချိန်အကြာကြီး စောင့်နေခဲ့တာလား...'
'ဒါက ဘာအဓိပ္ပာယ်လဲ...'
'ဒီနေရာမှာ တကယ်ပဲ ထောင်ချောက် ရှိနေတာလား...'
နောက်တစ်စက္ကန့်တွင် သူတို့ သတိမဝင်လာမီမှာပင် မြေပြင်ပေါ်ရှိ သွေးရောင် အမှတ်အသားများက လင်းလက်လာပြီး လေဟာနယ် အတွင်း၌လည်း သွေးရောင် အလင်းတန်းများ လင်းလက်လာလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးပင်လယ် ပုံရိပ်ယောင်ကြီးက ပတ်လည် ပေတစ်သောင်းခန့် အထိ လွှမ်းခြုံသွားလေတော့သည်။
သူတို့အားလုံး မျှော်လင့်မထားဘဲ အစီအရင် အတွင်းသို့ ရောက်ရှိသွားကြလေတော့သည်။