← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း (၃၁၈) လောကတစ်ခွင် ကျော်ကြားသွားခြင်း

ချီရွှယ်မိစ္ဆာသခင် ၏ အမြင်တွင် ထို အထွတ်အမြတ်လက်နက် ပေါက်ကွဲမှု မှ ထွက်ပေါ်လာသော စွမ်းအားများမှာ အမှန်တကယ်ပင် အလွန် အကန့်အသတ်ကို ကျော်လွန်လွန်း နေလေသည်။

သူ သည် သိုင်းလောက တစ်ခွင် တွင် နှစ်ပေါင်း ရာချီအောင် လှည့်လည် သွားလာခဲ့ပြီး မုန်တိုင်း မျိုးစုံကို ဖြတ်သန်း ခဲ့ဖူးသဖြင့် သဘာဝကျကျပင် အထွတ်အမြတ်လက်နက် များ ပေါက်ကွဲသည့် မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ဖူးလေသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသည်မှာ အမှန်ပင် ဖြစ်သော်လည်း ပတ်လည် ပေသောင်းချီ အထိ မြေပြန့်ပြင် ဖြစ်သွားအောင် လုပ်နိုင်စွမ်းတော့ လုံးဝ မရှိနိုင်ချေ။

ထို့အပြင် ဤနေရာတွင် သူ ချမှတ်ထားသော ကောင်းကင်နှင့်မြေကြီး ပျက်သုဉ်း သွေးပင်လယ် အစီအရင် ကြီးက လွှမ်းခြုံ ထားသေးရာ အထွတ်အမြတ်လက်နက် ၏ ပေါက်ကွဲမှု စွမ်းအားကို အတိုင်းအတာ တစ်ခု အထိ လျှော့ချ ကန့်သတ် ပေးနိုင်စွမ်း ရှိလေသည်။

သူ၏ အမြင်တွင် အထွတ်အမြတ်လက်နက် ပေါက်ကွဲမှု သည် ဂိုဏ်းချုပ်ရှန်ရွှီ ကိုယ်တိုင် ယဇ်ပူဇော် ခဲ့လျှင်တောင် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုး မရှိနိုင်ချေ။

'ချွင်းချက်အနေနဲ့ ဆိုရင်တော့... အဲ့ဒီ အထွတ်အမြတ်လက်နက်ထဲမှာ ပြဿနာတစ်ခုခု ရှိနေပြီး သိုင်းသူတော်စင်တစ်ပါးက သူ့ရဲ့ မူလစွမ်းအင်တွေကို အများကြီးပေးဆပ်ပြီး စုဆောင်းထားခဲ့လို့သာ ဖြစ်ရမယ်...'

'ဒါပေမဲ့ ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဘယ်သိုင်းသူတော်စင်က အဲ့ဒီလောက် အရင်းအနှီးကြီးကြီး ပေးဆပ်ရဲမှာလဲ...'

'ဒါမှမဟုတ် နဂါးကျား တာအိုဂိုဏ်းက သိုင်းသူတော်စင်ကြီး သေသွားလို့များ သူ့ရဲ့ နောက်ဆုံးအခြေခံအုတ်မြစ်တွေကို အထွတ်အမြတ်လက်နက်ထဲမှာ ချန်ထားခဲ့ပြီး တခြားအင်အားစုတွေကို ပြန်တိုက်ဖို့ အားကိုးထားတာများလား... မဟုတ်ရင် ဒီကိစ္စကို ရှင်းပြဖို့ အရမ်းခက်ခဲလိမ့်မယ်...'

ချီရွှယ်မိစ္ဆာသခင် ၏ ရင်ထဲတွင် ဤ အတွေးများက မျက်တောင်တစ်ခတ် အတွင်း ဖြတ်ပြေးသွားပြီးနောက် ချက်ချင်း သတိဝင် လာကာ အဝေးတွင် ရှိနေသော တောင်စောင့် နတ်ဒယ်အိုး ဆီသို့ အကြည့် ရွှေ့လိုက်လေသည်။

"ကောင်လေး... သေသွားပြီလား... မသေသေးရင် အသံလေး ဘာလေး ထွက်ပါဦး..."

သူ၏ အမြင်တွင် ကျန်းချဲ့ အသက်ရှင်နိုင်မည့် အခွင့်အရေးမှာ အလွန် များပြား လှပေသည်။ သာမန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ အနေဖြင့် ဤ လှိုင်းလုံးကြီး ကို တောင့်ခံနိုင်မည် မဟုတ်သော်လည်း ကျန်းချဲ့ ၏ တောင်စောင့် နတ်ဒယ်အိုး မှာ ထိပ်တန်း နတ်လက်နက် တစ်ခု နှင့် အလွန် နီးစပ် နေလေပြီ။

သူ ယခင်က လေ့ကျင့် ဖန်တီးခဲ့သော မိစ္ဆာဓား ထက်ပင် ပို၍ ကြောက်စရာ ကောင်းသေးလေသည်။

ထို့အပြင် ၎င်းမှာ ကာကွယ်ရေး အတွက် ထိပ်တန်း ရတနာ တစ်ခု ဖြစ်သဖြင့် ပေါက်ကွဲမှု ၏ စွမ်းအား အများစုကို လျှော့ချ ပေးနိုင်စွမ်း ရှိလေသည်။

"အဟွတ် အဟွတ် အဟွတ်..."

တောင်စောင့် နတ်ဒယ်အိုး အတွင်းမှ ချောင်းဆိုးသံ အချို့ ထွက်ပေါ် လာလေသည်။

ထို့နောက် မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်နေသော တောင်စောင့် နတ်ဒယ်အိုး မှာ တဖြည်းဖြည်း လေပေါ်သို့ ပျံတက်သွားပြီး ၎င်း၏ အတွင်း၌ တင်ပျဉ်ခွေ ထိုင်နေသော ကျန်းချဲ့ ကို မြင်တွေ့ လိုက်ရလေသည်။ သို့သော် ယခုအခါ ကျန်းချဲ့ ၏ အခြေအနေ မှာလည်း အလွန် သနားစရာ ကောင်းနေလေသည်။

တစ်ကိုယ်လုံး ရှိ အကြေးခွံများ ၏ ထက်ဝက်ကျော်ခန့် မှာ ကွဲအက် ပျက်စီး နေပြီး ရုပ်ခန္ဓာ ပေါ်တွင် လည်း သွေးထွက်သံယို ဖြစ်နေသော ဒဏ်ရာ များစွာ ရှိနေကာ မျက်တောင်တစ်ခတ် အတွင်း ပြိုကွဲ တော့မည့် အလား ပင်ဖြစ်သည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များမှာ လည်း အလွန် ဖျော့တော့ နေပြီး အခြေအနေ မှာ အလွန် ဆိုးရွား နေလေသည်။

ယခု အချိန်တွင် သာမန် သိုင်းသခင် တစ်ပါး လာရောက် ချုံခို တိုက်ခိုက်မည် ဆိုပါက အကယ်၍ ချီရွှယ်မိစ္ဆာသခင် သာ ဝင်ရောက် မကူညီပါက ကျန်းချဲ့ သေချာပေါက် သေဆုံး ရမည်သာ ဖြစ်လေသည်။

"မင်း ကောင်လေး က တကယ်ကို အသက်ပြင်းတာပဲ..."

ချီရွှယ်မိစ္ဆာသခင် က သွားဖြီးကာ ရယ်မောလိုက်လေသည်။

သို့သော် ကျန်းချဲ့ ကတော့ လုံးဝ ပြုံးရယ်နိုင်ခြင်း မရှိချေ။ မျက်လုံးများကို အနည်းငယ် ဖွင့်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်လေသည်။ ဤကဲ့သို့သော အခြေအနေ မျိုးကို သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။

ဆယ်ခါလုပ် ဆယ်ခါသေချာ သည်ဟု ထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင် အကြီးအကျယ် ဒုက္ခရောက် လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

ပတ်ဝန်းကျင် ကို ကြည့်လိုက်ရာ တောင်ကြား တစ်ခုလုံး မြေပြန့်ပြင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေပြီ။

တောင်စောင့် နတ်ဒယ်အိုး ပေါ်တွင်ပင် အက်ကွဲကြောင်း များ ပေါ်လာပြီး ဝိညာဉ်စွမ်းအား များစွာ ဆုံးရှုံး သွားခဲ့ရလေရာ ထိုအချိန်က ပေါက်ကွဲမှု မြင်ကွင်းမှာ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဤတစ်ကြိမ် သူ အားကိုးခဲ့ရသည်မှာ တောင်စောင့် နတ်ဒယ်အိုး တစ်ခုတည်း သာ မဟုတ်ချေ။

ကာကွယ်ရေး နည်းလမ်း ငါးခု အထိ တပြိုင်တည်း အသုံးပြု ခဲ့ရခြင်း ပင်ဖြစ်သည်။

ပထမ အလွှာမှာ ထို နတ်မှော်အဆောင် ကိုယ်ပွား ပင်ဖြစ်သည်။ ကျန်းချဲ့ သည် အန္တရာယ် ကို ကြိုတင် သိမြင်လိုက်သည့် အချိန်တွင် လုံးဝ တွေဝေခြင်းမရှိဘဲ ထို တောင်ပိုင်းယွဲ့ မဟာသိုင်းသခင် ကို စွန့်လွှတ်လိုက်ပြီး နတ်မှော်အဆောင် ကို ချက်ချင်း လှုပ်ရှားစေကာ တောင်စောင့် နတ်ဒယ်အိုး အပေါ်ဆီသို့ လွှမ်းခြုံ ထားလိုက်ခြင်း ပင်ဖြစ်သည်။

ဒုတိယ အလွှာမှာ တောင်စောင့် နတ်ဒယ်အိုး ဖြစ်ပြီး ချီဖျင်တောက် နှစ်ပေါင်း ရာချီအောင် လေ့ကျင့် ထားခဲ့သော ထိပ်တန်း နတ်လက်နက် တစ်ခု ပင်ဖြစ်သည်။

တတိယ အလွှာမှာ ကျန်းချဲ့ က ယင်ယန် မိစ္ဆာမီးတောက် များကို လှုပ်ရှားစေကာ သူ၏ ကိုယ်ပေါ်တွင် လွှမ်းခြုံ ထားလိုက်ခြင်း ပင်ဖြစ်သည်။

စတုတ္ထ အလွှာမှာ ကျန်းချဲ့ ၏ မူလ ခန္ဓာကိုယ် ကာကွယ်ရေး အလွှာ ပင်ဖြစ်သည်။

နောက်ဆုံး ပဉ္စမ အလွှာ မှာတော့ ထိပ်တန်း ဝိညာဉ်လက်နက် တစ်ခု နှင့် ညီမျှသော ကျန်းချဲ့ ၏ အကြေးခွံများ ပင်ဖြစ်သည်။

သို့သော် ကာကွယ်ရေး အလွှာ ငါးခု စလုံးက ပေါက်ကွဲမှု မှ ထွက်ပေါ်လာသော စွမ်းအား အားလုံးကို အပြည့်အဝ မကာကွယ် နိုင်ခဲ့ချေ။ ထို့ကြောင့် ရုပ်ခန္ဓာ အပြင်းအထန် ဒဏ်ရာ ရရှိသွားပြီး ရွှေအမြုတေ လည်း အရောင်အဝါမဲ့ သွားခဲ့ရလေသည်။ သူ သိုင်းလောက အတွင်းသို့ စတင် ဝင်ရောက် လာချိန်မှ စ၍ ယခု အချိန်အထိ အပြင်းထန်ဆုံး ဒဏ်ရာ ပင်ဖြစ်သည်။

"အဟွတ် အဟွတ် အဟွတ်... အဲ့ဒီလူ က ဒီလောက်တောင် သတ်ရခက်လိမ့်မယ် လို့ တကယ်ကို ထင်မထားမိဘူး..."

ကျန်းချဲ့ က ပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်ရှုရင်း လေးနက်သော အသံဖြင့် သက်ပြင်းချ ကာ ပြောလိုက်လေသည်။

"ဒီကိစ္စကို ငါကိုယ်တော် လည်း မထင်ထားမိဘူး... ပုံမှန် အခြေအနေ မျိုးမှာ ဆိုရင် အထွတ်အမြတ်လက်နက် ပေါက်ကွဲရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး မရှိနိုင်ဘူး..."

ထို့နောက် ချီရွှယ်မိစ္ဆာသခင် က သူ၏ ခန့်မှန်းချက် များကို ကျန်းချဲ့ အား ပြောပြ လိုက်လေသည်။

"နဂါးကျား တာအိုဂိုဏ်း က သိုင်းသူတော်စင်ကြီး သေသွားတာ ဖြစ်နိုင်တယ် ဟုတ်လား... ဒါက သူတို့ရဲ့ နောက်ဆုံး အခြေခံ အုတ်မြစ် တွေပေါ့..."

ကျန်းချဲ့ ၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားလေသည်။

သူ အမြဲတမ်း နဂါးကျား တာအိုဂိုဏ်း ကို ကြောက်ရွံ့ နေခဲ့ရခြင်းမှာ သူတို့၏ ကိုယ်ပိုင် အင်အား အပြင် သိုင်းလောက ၏ ထိပ်တန်း အဆင့်တွင် ရပ်တည်နေသော ဒဏ္ဍာရီလာ သိုင်းသူတော်စင်ကြီး ရှိနေသောကြောင့် ပင်ဖြစ်သည်။

သို့သော် အကယ်၍ နဂါးကျား တာအိုဂိုဏ်း ၏ သိုင်းသူတော်စင်ကြီး သာ အမှန်တကယ် သေဆုံး သွားခဲ့ပြီ ဆိုလျှင်တော့ နဂါးကျား တာအိုဂိုဏ်း ကို အပြတ် ရှင်းလင်းရန် အစီအစဉ် ဆွဲ၍ ရနိုင်ပြီ ပင်ဖြစ်သည်။

"အပြည့်အဝ ယုံကြည်ချက် တော့ မရှိသေးဘူး... ဒါပေမဲ့ ဖြစ်နိုင်ခြေ တော့ ရှိတယ်... ဒါပေမဲ့ မင်း လက်စားချေဖို့ ရည်ရွယ် ထားတယ် ဆိုရင်တော့ ပေလင် ချီမိသားစု ကို အကူအညီ တောင်းတာ အကောင်းဆုံးပဲ... ငါတို့ရဲ့ အခု လက်ရှိ အင်အားလောက် နဲ့ ဆိုရင် မဟာသိုင်းသခင် တစ်ယောက် နှစ်ယောက် လောက်ကိုတော့ ရင်ဆိုင်နိုင်ပါတယ်... ဒါပေမဲ့ ထိပ်တန်း ဂိုဏ်းကြီး တစ်ခုလုံး ကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူး... အဲ့ဒါအပြင် အဲ့ဒီလို ဂိုဏ်းကြီး တွေမှာ သိုင်းသူတော်စင် အဆင့် ကာကွယ်ရေး အစီအရင် တွေ ရှိနေတတ်တယ်... ထိုးဖောက်နိုင်ဖို့ အရမ်း ခက်ခဲလိမ့်မယ်..."

ကျန်းချဲ့ တွင် အကြံအစည် တစ်ခုခု ရှိနေကြောင်းကို မြင်သောအခါ ချီရွှယ်မိစ္ဆာသခင် က ချက်ချင်း သတိပေး လိုက်လေသည်။

"ကျုပ် နားလည်ပါတယ်..."

ကျန်းချဲ့ က ခေါင်းညိတ် လိုက်လေသည်။

ပေလင် ချီမိသားစု ၏ အကူအညီ ကိုတော့ သူ သေချာပေါက် ရယူရမည် ပင်ဖြစ်သည်။

ယခင်က နဂါးကျား တာအိုဂိုဏ်း သည် အင်အားကြီးသူ က အင်အားငယ်သူ ကို အနိုင်ကျင့်ခြင်း မျိုး မလုပ်ခဲ့သည့် အပြင် အထောက်အထား လည်း မရှိခဲ့သဖြင့် ပေလင် ချီမိသားစု အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် ခက်ခဲ ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးမှု ကြီးမား နိုင်သောကြောင့် ပင်ဖြစ်သည်။ သို့သော် ယခုအခါ ဂိုဏ်းချုပ်ရှန်ရွှီ ကိုယ်တိုင် သူ့ကို လာရောက် တိုက်ခိုက် ခဲ့ပြီ ဖြစ်လေသည်။

အကယ်၍ ပေလင် ချီမိသားစု က ဝင်ရောက် မစွက်ဖက်သေးဘူး ဆိုပါက အင်အားကြီး မိသားစု ခြောက်ခု ထဲမှ တစ်ခု အဖြစ် ဘယ်လိုလုပ်ပြီး ရပ်တည်နိုင်တော့မည်နည်း။

ထို့အပြင် ဂိုဏ်းချုပ်ရှန်ရွှီ ဆိုသည့် ထိပ်တန်း သိုင်းပညာရှင် ကိုလည်း သူ က သတ်ဖြတ် ပေးခဲ့ပြီ ဖြစ်ရာ ယခုအချိန်က ဂိုဏ်းကို မျိုးဖြုတ် သုတ်သင်ရန် အကောင်းဆုံး အချိန် ပင်ဖြစ်သည်။ ပေလင် ချီမိသားစု ၏ ဂုဏ်သတင်း ကို မြှင့်တင် နိုင်ရုံ သာမက အကျိုးအမြတ် အမြောက်အမြား လည်း ရရှိနိုင်မည် ပင်ဖြစ်သည်။

ဤကဲ့သို့ လုံးဝ မရှုံးနိုင်သော အပေးအယူ မျိုးကို ယောက္ခမ ဖြစ်သူ ချီကျန်းနန် အား ဖျောင်းဖျ နိုင်မည်ဟု သူ ယုံကြည်ချက် အပြည့် ရှိလေသည်။

"နှမြောစရာ ကောင်းတာက တောင်ပိုင်းယွဲ့ က မဟာသိုင်းသခင် တွေ အကုန်လုံး သေသွားတာပဲ... သူတို့ဆီက ဝိညာဉ်စွမ်းအား နည်းနည်း လျော့နေတဲ့ နတ်လက်နက် အချို့ပဲ ရလိုက်တယ်... ရှုံးတယ်လို့တော့ မပြောနိုင်ပေမဲ့ ဒီတစ်ခါတော့ အမြတ်လည်း မထွက်လိုက်ဘူး..."

ချီရွှယ်မိစ္ဆာသခင် က တိုးညှင်းစွာ သက်ပြင်းချ လိုက်လေသည်။ သူ အမုန်းဆုံး ကိစ္စမှာ အမြတ် မထွက်သော အပေးအယူ များကို လုပ်ဆောင်ရခြင်း ပင်ဖြစ်သည်။

"သိုလှောင်ကွင်း တွေရော..."

"အဲ့ဒီလို ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှု ကြီး ထဲမှာ သိုလှောင်ကွင်း တွေက တောင့်ခံ နိုင်မယ်လို့ မင်း ထင်နေတာလား... ငါကိုယ်တော် ရဲ့ သွေးပင်လယ် ပုတီးစေ့ ဆိုရင်တောင် အနိုင်နိုင်ပဲ..."

"အောက်ခွန်း ရော..."

"သူလည်း သေလောက်ပြီ ထင်တယ်... ကံကောင်းတာက ဒါက ကိုယ်ပွား တစ်ခု သက်သက်ပဲလေ... မြေနဂါးအိုကြီး ရဲ့ ခန္ဓာကိုယ် အစစ်က ရေတွင်းထဲမှာ ရှိနေသေးတယ်... ဆယ်နှစ်လောက် အနားယူ လိုက်ရင် ပြန်လည် နာလန်ထ လာနိုင်ပါလိမ့်မယ်..."

ကျန်းချဲ့ က ခေါင်းညိတ် လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေ များကို ကြည့်ရင်း ရင်ထဲတွင် အလွန် နှမြောတသ ဖြစ်နေမိလေသည်။

'ဒီတစ်ခါတော့ တကယ်ကို အရှုံးပေါ်သွားတာပဲ... အောက်ခွန်းရဲ့ ကိုယ်ပွားလေးတောင် ဒီအထဲမှာ ပျက်စီးသွားခဲ့ရတယ်...'

သို့သော် တန်သလား ဟု မေးလာပါက ကျန်းချဲ့ အနေဖြင့် တန်သည်ဟု ထင်မြင်မိလေသည်။

အဘယ်ကြောင့်ဆိုသော် သူ သည် ဤအခွင့်အရေး ကို အသုံးချ၍ သူ့ခေါင်းပေါ်တွင် အမြဲတမ်း ခြိမ်းခြောက်နေသော ရန်သူကြီး တစ်ယောက်ကို ရှင်းလင်း နိုင်ခဲ့သောကြောင့် ပင်ဖြစ်သည်။ မဟုတ်ပါက အကယ်၍ ဂိုဏ်းချုပ်ရှန်ရွှီ သာ အခြား အခြေအနေ မျိုးတွင် လာရောက် ချုံခို တိုက်ခိုက်မည် ဆိုပါက ကျန်းချဲ့ အနေဖြင့် အသက်ရှင်နိုင်မည့် မျှော်လင့်ချက် လုံးဝ မရှိနိုင်ချေ။

ထို့အပြင် ဤကိစ္စ သာ သတင်း ပြန့်သွားပါက သူ၏ ဂုဏ်သတင်း လည်း ပိုမို ကြီးမား လာမည် ပင်ဖြစ်သည်။

ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် တစ်ပါးကိုပင် သတ်ဖြတ် နိုင်ခဲ့ပြီ ဖြစ်ရာ သိုင်းလောက တွင် သူ့ကို နောက်ကွယ်မှ လုပ်ကြံ ရဲသူ ဘယ်နှယောက်များ ရှိနိုင်တော့မည်နည်း။

"အကျိုးအမြတ်တွေ ဆုံးရှုံးသွားတယ် ဆိုပေမဲ့ ကောင်းကျိုးတွေ လည်း မရှိတာတော့ မဟုတ်ပါဘူး... အနည်းဆုံးတော့ ဒီကိစ္စ သာ သတင်း ပြန့်သွားရင် မင်း တကယ်ပဲ လောက တစ်ခွင် မှာ နာမည် ကျော်ကြား သွားတော့မှာ... နောက်ပိုင်း သွေးပင်လယ် မိစ္ဆာနဂါး ဆိုတဲ့ နာမည်ကလည်း... ဟီးဟီး... သိုင်းလောက တစ်ခုလုံးကို ပြန့်နှံ့ သွားလိမ့်မယ်..."

ချီရွှယ်မိစ္ဆာသခင် ကလည်း ဤသို့ပင် ထင်မြင် နေလေသည်။ သွားဖြီးကာ ရယ်မောလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ သည် လက်တွေ့ အကျိုးအမြတ် များကိုသာမက ဂုဏ်သတင်း များကိုလည်း အလွန် နှစ်သက်သောကြောင့် ပင်ဖြစ်သည်။ မဟုတ်ပါက သူ သည် ကိုယ့်ကိုယ်ကိုယ် ချီရွှယ်မိစ္ဆာသခင် ဟူသော နာမည် ကို ပေးထားမည် မဟုတ်ချေ။ ကျန်းချဲ့ လောက တစ်ခွင် တွင် နာမည် ကျော်ကြား လာသည်ကို မြင်သောအခါ သူ လည်း ဂုဏ်ယူ ဝမ်းမြောက် မိလေသည်။

"ဒီတိုက်ပွဲက အလယ်ပိုင်းဒေသဆီကို ကျုပ် ဝင်ရောက် ဖို့ အတွက် အခွင့်အရေး တစ်ခုပဲ..."

ကျန်းချဲ့ က ခေါင်းမော့ လိုက်ပြီး သူ၏ မျက်ဝန်းများ ထဲတွင် ပြတ်သားသော အမူအရာများ ပေါ်လွင် နေလေသည်။

မကြာမီ မှာပင် ဝိညာဉ်ဆေး အချို့ကို မျိုချ လိုက်ပြီးနောက် ကျန်းချဲ့ သည် အားအင် အနည်းငယ် ပြန်လည် ပြည့်ဝ လာခဲ့လေသည်။ စစ်ပွဲ အကြွင်းအကျန် များကို ရှာဖွေ ရန် စတင် လိုက်ပြီး တောင်ပိုင်းယွဲ့ မှ လာရောက် ချုံခို တိုက်ခိုက် ခဲ့သော မဟာသိုင်းသခင် များ၏ နတ်လက်နက် အားလုံးကို သိမ်းဆည်း လိုက်လေသည်။

ဤသည်မှာလည်း အလွန် ကြီးမားသော စည်းစိမ်ဥစ္စာ တစ်ခု ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ နတ်လက်နက် များ ဖြစ်ကြလေသည်။

ဝိညာဉ်စွမ်းအား များ ဆုံးရှုံး သွားလျှင်တောင် အလိုရှိသူ များစွာ ရှိနေဆဲ ပင်ဖြစ်သည်။

အစကနေ ပြန်ပြီး နတ်လက်နက် တစ်ခု ဖန်တီး ရမည့် ကုန်ကျစရိတ် များနှင့် နှိုင်းယှဉ်ပါက သိုင်းသခင် နှင့် မဟာသိုင်းသခင် အများစု ကတော့ အခြား နတ်လက်နက် များကို ပြန်လည် ပြုပြင် သုံးစွဲရန် ပိုမို နှစ်သက် ကြလေသည်။

ဤ တိုက်ပွဲ ပြီးဆုံး သွားပြီးနောက် ကျန်းချဲ့ သည် နတ်လက်နက် လေးခု ကို ရရှိ ခဲ့လေသည်။

ထိုအထဲတွင် ကျန်းဖျင် ၏ ဧရာမ ပုဆိန်ကြီး လည်း ပါဝင်လေသည်။

ထို့အပြင် သန့်စင်သောရတနာ ၏ အပိုင်းအစ အချို့လည်း ပါဝင်လေသည်။

သန့်စင်သောရတနာ မှာ ပျက်စီး သွားခဲ့ပြီ ဖြစ်သော်လည်း အစကတည်းက တန်ဖိုးကြီးမားသော သဘာဝ ရတနာ များနှင့် ဖန်တီး ထားခဲ့ခြင်း ဖြစ်ရာ အပိုင်းအစ များမှနေ၍ တန်ဖိုးကြီး သတ္တု များကို ပြန်လည် ထုတ်ယူ နိုင်စွမ်း ရှိသေးလေသည်။ တန်ဖိုး မသေးလှချေ။

တိုက်ပွဲ ပြီးဆုံး သွားပြီးနောက် ကျန်းချဲ့ မှာ လူမွဲ တစ်ယောက် အဖြစ်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ရာ ပစ္စည်း ဥစ္စာ များကို အတတ်နိုင်ဆုံး ရှာဖွေ ရမည်သာ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းတွင် သူ ၏ ဒဏ်ရာများကို ကုသရန် နှင့် တောင်စောင့် နတ်ဒယ်အိုး ကို ပြန်လည် ပြုပြင်ရန် ကုန်ကျစရိတ် များစွာ လိုအပ် ဦးမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ဤ ပစ္စည်းများ မှလွဲ၍ အခြား တန်ဖိုးရှိသော အရာ တစ်ခုမျှ ကျန်းချဲ့ မရှာတွေ့ ခဲ့တော့ချေ။ အားလုံးမှာ ပေါက်ကွဲမှု ကြီး ထဲတွင် အရည်ပျော် သွားပြီး ပြာမှုန့် များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။

"ဒီနေ့ကစပြီး ဒီနေရာကို လော့ဖုန်း တောင်ကြား လို့ ခေါ်ဖို့ မသင့်တော်တော့ဘူး..."

လေဟာနယ် ထက်တွင် ရပ်နေသော ကျန်းချဲ့ က ရုတ်တရက် ပြောလိုက်လေသည်။

"ဘာလဲ... မင်းက နာမည် အသစ် ပေးချင်လို့လား..."

ချီရွှယ်မိစ္ဆာသခင် က အံ့သြတကြီး မေးလိုက်လေသည်။

"ဒီနေရာကို လော့ရှန် မြေပြန့်ပြင် လို့ပဲ နာမည် ပေးလိုက်တော့မယ်..."

မြေပြန့်ပြင် ဖြစ်သွားသော မြေပြင် ကို ကြည့်ရင်း ကျန်းချဲ့ က တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒီ နာမည်က သိပ်တော့ မလိုက်ဖက်ဘူးနော်... အလယ်မှာ ဧရာမ တွင်းကြီး တစ်ခု ရှိနေသေးတယ်လေ..."

ချီရွှယ်မိစ္ဆာသခင် က ပြန်ပြော လိုက်လေသည်။

သို့သော် ကျန်းချဲ့ ကတော့ ဂရုမစိုက်တော့ဘဲ အဝေးဆီသို့ လေထဲမှ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

ထိုအချိန်တွင်...

ကျန်းချဲ့ က လော့ဖုန်း တောင်ကြား အပြင်ဘက် တွင် ချန်ထားခဲ့သော စစ်သည် သုံးရာ ကျော် မှာလည်း ယခုအခါ အခြေအနေ မကောင်းလှချေ။ ကောင်းကင်နှင့် မြေကြီး ကိုပင် တုန်လှုပ် သွားစေသော ပေါက်ကွဲမှု ကြီး ကြောင့် သူတို့ အလွန် ဝေးကွာသော နေရာ တွင် ရှိနေခဲ့လျှင်တောင် ဂယက်ရိုက်ခတ်မှု များကို ခံစား ခဲ့ရလေသည်။

လူဆယ်ကျော် ခန့် မှာ နေရာတင် သေဆုံး သွားကြပြီး ဒဏ်ရာရသူ ရာချီ ရှိလေသည်။

"စစ်သူကြီး ကို ဂါရဝပြု ပါတယ်..."

"စစ်သူကြီး ကို ဂါရဝပြု ပါတယ်..."

ကျန်းချဲ့ ရောက်လာသောအခါ စစ်သည်များ အားလုံး က ရိုသေစွာ ဂါရဝပြု ကြလေသည်။ ထို့အပြင် သူတို့၏ ရင်ထဲတွင် လည်း စိတ်အေး သွားကြလေသည်။ အစောပိုင်း က သူတို့ သည် ကျန်းချဲ့ ၏ အခြေအနေ သိပ်မကောင်းလှဘူး ဟု ထင်မြင် နေခဲ့ကြပြီး ထို ပေါက်ကွဲမှု ကြီးကို မကြောက်ရွံ့ ခဲ့ဘူး ဆိုလျှင် လော့ဖုန်း တောင်ကြား အတွင်းသို့ ဝင်ရောက် ရှာဖွေ နေကြပြီ ဖြစ်လေသည်။

လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး ကျန်းချဲ့ က ခေါင်းညိတ် လိုက်လေသည်။

"ဒီတိုက်ပွဲ မှာ စွမ်းဆောင်ရည် ကောင်းတဲ့ သူတွေကို မြို့ထဲ ရောက်ရင် ဆုချီးမြှင့်မယ်... သေဆုံး ဒဏ်ရာရတဲ့ သူတွေ အတွက်လည်း လျော်ကြေးငွေ ကို နှစ်ဆ တိုးပေးမယ်... ငါ ကျန်းချဲ့ က ကတိပေးပြီးရင် ဘယ်တော့မှ ဖောက်ဖျက်မှာ မဟုတ်ဘူး..."

"စစ်သူကြီး ကျေးဇူးတင်ပါတယ်..."

"စစ်သူကြီး ကျေးဇူးတင်ပါတယ်..."

"ငါ့ရဲ့ အမိန့်ကို နာခံပြီး ထျန်းနန်မြို့ ကို ပြန်ကြမယ်..."

ကျန်းချဲ့ က လက်တစ်ချက် ဝှေ့ယမ်း ကာ ချက်ချင်းပင် အပြန်ခရီး ကို စတင် လိုက်လေသည်။

ထျန်းနန်မြို့...

ယခင်က တိုက်ခိုက် သတ်ဖြတ် လိုစိတ်များ ပြည့်နှက် နေသော်လည်း တောင်ပိုင်းယွဲ့ ဘက်မှ စစ်တပ် ဆုတ်ခွာ သွားပြီးနောက် အနည်းငယ် တည်ငြိမ် သွားခဲ့လေသည်။ သေချာသည် ကတော့ အပြင်ပန်း တွင် သာ တည်ငြိမ် နေဟန် ပြနေပြီး တကယ်တမ်း တွင်တော့ အလွန် သတိထား နေကြဆဲ ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းယွဲ့ ဘက်မှ ရုတ်တရက် ပြန်လည် လှည့်လာပြီး တိုက်ခိုက်မည်ကို မည်သူမျှ မခန့်မှန်း နိုင်သောကြောင့် ပင်ဖြစ်သည်။

ယခုအချိန်တွင် မြို့တော်ဝန် အိမ်တော် အတွင်း၌...

ချီဝမ်ကျင်း သည် ကျန်းချဲ့ ၏ နေရာတွင် ယာယီ တာဝန်ယူ ကာ မြို့တွင်းရှိ စစ်တပ် ၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် ထိန်းသိမ်း နေလေသည်။ ကျန်းချဲ့ ၏ စေ့စပ်ထားသူ... ပေလင် ချီမိသားစု ၏ သမီးကြီး... ထို့အပြင် ချီမိသားစု မှ မဟာသိုင်းသခင် တစ်ပါး လည်း ဤနေရာ တွင် ရှိနေသဖြင့် သူမ သည် အခြား သူများကို အုပ်ချုပ် နိုင်ရန် အရည်အချင်း အပြည့်အဝ ရှိလေသည်။

ကောင်းချီနျန် နှင့် မြို့တွင်းရှိ အခြားသော စစ်သူကြီး များ အပါအဝင် အားလုံးက ချီဝမ်ကျင်း ၏ အမိန့်ကို နာခံ လာကြလေသည်။

အစပိုင်းတွင် ကောင်းချီနျန် သည် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့သော်လည်း ကျန်းချဲ့ က သူ့ကို ဒုတိယ နေရာတွင် ထားခဲ့သဖြင့် တောင်ပိုင်းယွဲ့ ၏ ကြီးမားသော တိုက်ခိုက်မှု ကြီးကို ဖြတ်သန်း ပြီးနောက် သူ ၏ မကျေနပ်မှု များကို ဖိနှိပ် ထားလိုက်လေသည်။

"မင်း ပြောတာက တောင်ပိုင်းယွဲ့ စစ်တပ် ရဲ့ ခြေရာကို တွေ့ခဲ့တယ် ဆိုတာလား..."

ချီဝမ်ကျင်း က ဒူးထောက်ကာ အစီရင်ခံ နေသော ချီဟွမ်း ကို ကြည့်ရင်း လေးနက်သော မျက်နှာထား ဖြင့် မေးလိုက်လေသည်။

"မှန်ပါတယ်... ကျွန်တော်မျိုး မြို့ကို ပြန်လာတဲ့ အချိန်မှာ တောင်ပိုင်းယွဲ့ စစ်တပ်ကို မတော်တဆ တွေ့ခဲ့တာပါ... သူတို့က တောင်ပိုင်းယွဲ့ နယ်စပ် ဘက်ကို ဖြည်းဖြည်းချင်း ချီတက် သွားနေပြီး ကာကွယ်ရေး လည်း သိပ်မကောင်းပါဘူး... ကျွန်တော်မျိုး က ညီအစ်ကို အချို့ကို အဲ့ဒီမှာ စောင့်ကြည့်ဖို့ ချန်ထားခဲ့ပါတယ်..."

ချီဟွမ်း က သူ သိရှိထားသမျှ အခြေအနေ အားလုံးကို အစီရင်ခံ လိုက်လေသည်။

ယခင်က သူ သည် ကျန်းချဲ့ ၏ အမိန့် အရ စစ်တပ်ကို ဦးဆောင်ကာ ပြန်လည် ဆုတ်ခွာ လာခဲ့ပြီး လမ်းတစ်လျှောက်လုံး တွင် အလွန် သတိထား ခဲ့လေသည်။ တိုက်ဆိုင်စွာ ဖြင့် ပြန်လည် ဆုတ်ခွာ လာသော တောင်ပိုင်းယွဲ့ စစ်တပ် ကို တွေ့ရှိ ခဲ့သော်လည်း ထို အချိန်က သူ၏ ဘေးတွင် စစ်သည် ရာဂဏန်း သာ ရှိပြီး ထက်ဝက်နီးပါး မှာလည်း ဒဏ်ရာ များ ရရှိ ထားသဖြင့် စွမ်းအား အလွန် အားနည်း နေသောကြောင့် ဤ သတင်းကို သာ မြို့ထဲသို့ ပြန်လည် သယ်ဆောင် လာခဲ့ခြင်း ပင်ဖြစ်သည်။

"အစ်ကို ဒုတိယ စစ်သူကြီး ရော..."

ကောင်းချီနျန် က အလွန် စိုးရိမ် ပူပန်စွာ ဖြင့် မေးလိုက်လေသည်။

သူ သည် ချီဟွမ်း ၏ ပါးစပ်မှ ကျန်းချဲ့ က လီချန်မြို့ ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သတင်းကို ကြားသိ ထားပြီး ဖြစ်ရာ သူ၏ အခြေအနေ ကို အလွန် သိချင် နေမိလေသည်။

မည်သို့ပင်ဆိုစေ တောင်ပိုင်းယွဲ့ စစ်တပ် ရုတ်တရက် ဆုတ်ခွာ သွားခြင်းမှာ ကျန်းချဲ့ ကို လိုက်လံ ပိတ်ဆို့ ဖမ်းဆီးရန် သွားကြခြင်း ဖြစ်ကြောင်း ထင်ရှား နေလေသည်။

"ဒုတိယ စစ်သူကြီး ရဲ့ နေရာ ကိုတော့ ကျွန်တော်မျိုး မသိပါဘူး... ဒုတိယ စစ်သူကြီး က စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ဆက်သွားကာ တခြား တောင်ပိုင်းယွဲ့ မြို့စခန်း တွေကို ဆက်လက် ရှင်းလင်း မယ် လို့ပဲ သိထားပါတယ်..."

ဤ ကိစ္စ ကိုတော့ ချီဟွမ်း အမှန်တကယ်ပင် မသိရှိချေ။

သူ၏ လက်အောက်ရှိ စစ်သည် အားလုံး လည်း မသိရှိ ကြချေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ သည် အမြဲတမ်း သတိထား နေခဲ့ပြီး အကယ်၍ ချီဟွမ်း တို့ အဖွဲ့ တောင်ပိုင်းယွဲ့ မှ လူများ ၏ ဖမ်းဆီးခြင်းကို ခံရပါက မှတ်ဉာဏ် ဖတ်ရှု ခြင်း ခံရပြီး ချုံခို တိုက်ခိုက်မည့် အစီအစဉ် ကြီး ပေါက်ကြား သွားမည်ကို စိုးရိမ်သောကြောင့် ပင်ဖြစ်သည်။

"ဒါ..."

ကောင်းချီနျန် က မျက်မှောင်ကျုံ့ ကာ မချိတင်ကဲ ထိုင်ချ လိုက်လေသည်။

"ထားလိုက်ပါတော့... မင်း အရင် သွားပြီး ဒဏ်ရာ တွေကို ကုသ လိုက်ပါဦး..."

ချီဝမ်ကျင်း က လက်ဝှေ့ယမ်း ကာ ချီဟွမ်း ကို ထွက်သွားရန် အချက်ပြ လိုက်လေသည်။

"ဒီလိုပါ သခင်မလေး... ကျွန်တော်မျိုး ထင်တာကတော့ အခု အချိန်မှာ တောင်ပိုင်းယွဲ့ စစ်တပ် ကို သွားပြီး ချုံခို တိုက်ခိုက် မယ် ဆိုရင် သေချာပေါက် အောင်ပွဲ ရနိုင်ပါလိမ့်မယ်..."

ချီဟွမ်း က အနည်းငယ် မကျေမနပ် ဖြစ်နေပြီး ဤ အခွင့်အရေး ကောင်း ကြီးကို လက်လွတ် မခံချင်ချေ။

"တောင်ပိုင်းယွဲ့ စစ်တပ် ရဲ့ အခြေအနေ အတိအကျ ကို မသိရသေးဘူး... ချုံခို တိုက်ခိုက်တာက အန္တရာယ် အရမ်း များလွန်းတယ်... ဒီလို လုပ်လို့ မဖြစ်ဘူး... မြို့တွင်း က အင်အား လောက်နဲ့ တောင်ပိုင်းယွဲ့ က မဟာသိုင်းသခင် တွေကို ရင်ဆိုင် နိုင်ဖို့ မလုံလောက်သေးဘူး..."

ချီဝမ်ကျင်း က ချီဟွမ်း ၏ အကြံပြုချက် ကို ငြင်းဆန် လိုက်လေသည်။

တောင်ပိုင်းယွဲ့ ကို ကာကွယ် နိုင်ခဲ့ခြင်းကပင် အလွန် ကြီးမားသော ဂုဏ်ထူးဆုလာဘ် တစ်ခု ဖြစ်နေပြီ ဖြစ်ရာ ထပ်မံ၍ အန္တရာယ် ကို သွားရောက် မရင်ဆိုင် သင့်တော့ချေ။

အကယ်၍ ရှုံးနိမ့် သွားပါက ကျန်းချဲ့ သာလျှင် နစ်နာ ရမည် ဖြစ်လေသည်။

"ကျွန်တော်မျိုး နားလည်ပါပြီ..."

ချီဟွမ်း က အနည်းငယ် စဉ်းစား လိုက်ပြီး သဘောပေါက် သွားကာ ခေါင်းညိတ် ပြီး ထွက်သွား လေတော့သည်။

"သူ ပြန်လာပြီ..."

ရုတ်တရက် မျက်လုံး မှိတ်ကာ အနားယူ နေသော ချီထျန်းဟယ် က မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ပြီး အစအဆုံး မရှိသော စကား တစ်ခွန်း ကို ပြောလိုက်ရာ ခန်းမ အတွင်းရှိ လူတိုင်း ၏ အကြည့်များ က သူ့ထံသို့ ရောက်ရှိ သွားကြလေသည်။

ချီဝမ်ကျင်း ကတော့ ဒုတိယ အကြီးအကဲ ၏ အဓိပ္ပာယ် ကို နားလည် သွားပြီး ချက်ချင်း မတ်တပ် ရပ်လိုက်လေသည်။

ထို့နောက် စက္ကန့် အနည်းငယ် အကြာတွင် အဝတ်အစား လဲလှယ် လာသော ကျန်းချဲ့ သည် လေဟာနယ် ထက်မှ ဖြည်းညင်းစွာ ဆင်းသက် လာလေသည်။ အကယ်၍ သေချာ ဂရုတစိုက် အကဲခတ် မကြည့်ဘူး ဆိုပါက ယခုအခါ သူ အလွန် အားနည်း နေကြောင်းကို လုံးဝ သိရှိ နိုင်မည် မဟုတ်ချေ။

"အစ်ကို ဒုတိယ စစ်သူကြီး..."

"စစ်သူကြီး..."

"စစ်သူကြီး..."

ကျန်းချဲ့ ပေါ်လာပြီးနောက် ခန်းမ အတွင်းရှိ လူတိုင်း က မတ်တပ်ရပ် ကာ ရိုသေစွာ ဂါရဝပြု ကြပြီး မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာ များ ပေါ်လွင် နေလေသည်။

ချီဝမ်ကျင်း လည်း သက်ပြင်း တစ်ချက် ချလိုက်ပြီး လုံးဝ စိတ်အေး သွားလေတော့သည်။

"မင်းတို့ ဘာတွေ ဆွေးနွေး နေကြတာလဲ..."

ကျန်းချဲ့ က ပတ်ဝန်းကျင် ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းဆောင်နေရာဆီသို့ တိုက်ရိုက် လျှောက်သွား လိုက်လေသည်။

"စစ်သူကြီး ကို တင်ပြပါတယ်... ကျွန်တော်မျိုးတို့ ဆွေးနွေး နေကြတာကတော့..."

ကောင်းချီနျန် က အလျင်စလို မတ်တပ်ရပ် ကာ လက်ရှိ အခြေအနေ များကို အစီရင်ခံ တင်ပြ လိုက်ပြီး ယခင်က ဖြစ်ပွား ခဲ့သော မြို့စောင့် တိုက်ပွဲ အကြောင်းကို လည်း ရှင်းပြ လိုက်လေသည်။

"အားလုံးပဲ ပင်ပန်းသွားကြပြီ..."

ကျန်းချဲ့ က ခေါင်း အနည်းငယ် ညိတ်ပြ လိုက်လေသည်။

"အဲ့ဒါအပြင်... ချီဟွမ်း က တောင်ပိုင်းယွဲ့ က လူတွေကို တွေ့ခဲ့တယ် တဲ့..."

ချီဝမ်ကျင်း က ဖြည့်စွက် ပြောကြား လိုက်လေသည်။

ကျန်းချဲ့ ၏ မျက်မှောင်များ အနည်းငယ် ပင့်တက် သွားလေသည်။

"ဒါက အခွင့်အရေး တစ်ခုပဲ... ငါ့ရဲ့ စစ်မိန့်ကို နာခံ... ဒုတိယ စစ်သူကြီး ကောင်းချီနျန် နဲ့ တပ်မှူး ချီဟွမ်း တို့... မြို့တွင်းရှိ လက်ရွေးစင် စစ်သည် အားလုံး ကို ဦးဆောင်ပြီး ချက်ချင်း စစ်ချီ ပါ... ကျူးကျော် လာတဲ့ တောင်ပိုင်းယွဲ့ က ရန်သူ အားလုံး ကို အပြတ် ရှင်းလင်း ပစ်ရမယ်..."

"ဒါ... အစ်ကို ဒုတိယ စစ်သူကြီး... ဒါက အရမ်း အန္တရာယ် များလွန်း မနေဘူးလား... တောင်ပိုင်းယွဲ့ ဘက်မှာ မဟာသိုင်းသခင် လေးပါး တောင် ရှိနေသေးတယ်လေ..."

ကောင်းချီနျန် ၏ မျက်နှာပေါ်တွင် တွေဝေ နေသော အမူအရာ များ ပေါ်လာပြီး အလျင်စလို ဖျောင်းဖျ လိုက်လေသည်။

ကျန်းချဲ့ က ခေါင်းယမ်း လိုက်ပြီး အင်္ကျီလက်စ အတွင်းမှ အနက်ရောင် ကျောက်တုံး တစ်လုံး ကို ထုတ်ယူ လိုက်ကာ နတ်အာရုံ ဖြင့် လှုပ်ရှား စေလိုက်ရာ မျက်တောင်တစ်ခတ် အတွင်း ပုံရိပ် တစ်ခု ပေါ်လာလေသည်။

"အဲ့ဒီ မဟာသိုင်းသခင် လေးပါး က... အခုဆိုရင် အရိုးတောင် မကျန်တော့ဘူး..."

"ဘာ..."

ထိုစကားကို ကြားသောအခါ ခန်းမ အတွင်းရှိ လူတိုင်း ၏ မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ် နေသော အမူအရာများ ပေါ်လွင် လာပြီး ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ် သွားကြလေတော့သည်။

All Chapters