အခန်း ၃၂၀
Vol. 32 Ch. 320
အခန်း (၃၂၀) အရပ်မျက်နှာ အသီးသီးမှ တုံ့ပြန်မှုများ... နဂါးကြော စွမ်းအင်များ ပျံ့လွင့်ခြင်း
ယွင်ပြည်နယ်... ပေလင် ချီမိသားစု။
ဆွေးနွေးပွဲ ခန်းမဆောင်ကြီး အတွင်း၌။
ချီမိသားစု၏ မိသားစုခေါင်းဆောင်မှာ အမြင့်ဆုံးနေရာတွင် ခန့်ညားထည်ဝါစွာ ထိုင်နေလေသည်။
ဘယ်ဘက် အမြင့်ဆုံးနေရာတွင်တော့ ချီမိသားစု၏ အကြီးအကဲချုပ် ချီထျန်းကျုံး ထိုင်နေပြီး ကျန်ရှိသော နေရာအချို့ လွတ်နေသော်လည်း အများစုမှာ ပြည့်နှက်နေလေသည်။ ထိုသူများ၏ အဆင့်အတန်းမှာလည်း ချီမိသားစု၏ အဆင့်အသီးသီးမှ အကြီးအကဲများ ပင်ဖြစ်သည်။
ဆွေးနွေးပွဲ ခန်းမဆောင် အတွင်းသို့ ဝင်ရောက် ဆွေးနွေးခွင့် ရှိသူတိုင်းသည် အနည်းဆုံး စစ်မှန်သော ရွှေအမြုတေအဆင့် စွမ်းအား ရှိသူများသာ ဖြစ်ကြလေသည်။ သို့သော် ယခု ခန်းမ အတွင်း၌ လူနှစ်ဆယ်ကျော်မျှ ရှိနေခြင်းက ချီမိသားစု၏ အင်အား မည်မျှ ကြီးမားကြောင်းကို ဖော်ပြနေပေသည်။
သို့သော် ယခုအချိန်တွင်တော့ ချီမိသားစု ခန်းမဆောင်ကြီး အတွင်းရှိ လေထုမှာ အလွန် လေးလံဖိစီး နေလေသည်။
သာမန်မဟုတ်သော အလွန်အရေးကြီးသည့် ကိစ္စကြီး တစ်ခုကို ဆုံးဖြတ်နေကြသည့်အလား ပင်ဖြစ်သည်။
အကြီးအကဲချုပ် ချီထျန်းကျုံး က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အဓိက တာဝန်ရှိသူ အချို့ကို အလေးထား ကြည့်ရှုလိုက်လေသည်။ ထို့နောက် လက်ထဲရှိ နဂါးခေါင်း တောင်ဝှေးဖြင့် မြေကြီးကို တစ်ချက် ထောက်လိုက်ကာ ခန်းမတွင်းရှိ လေးလံနေသော လေထုကို ခွဲထုတ်ပစ်လိုက်လေသည်။
"ဒုတိယအကြီးအကဲ ပို့လိုက်တဲ့ သတင်းကို မိသားစုခေါင်းဆောင်က အားလုံးကို ပြောပြပြီးပြီပဲ... ကိုယ့်မှာရှိတဲ့ အကြံဉာဏ်တွေကို ပြောကြပါဦး..."
"အကြီးအကဲချုပ်... ဒီကိစ္စရဲ့ မှန်ကန်မှုကို သေချာစဉ်းစားဖို့ လိုမလိုပဲ... ကျန်းချဲ့ရဲ့ ပါရမီက လူတိုင်းသိပေမဲ့ ဂိုဏ်းချုပ်ရှန်ရွှီကို သတ်နိုင်တယ် ဆိုတာကိုတော့ ကျုပ် နည်းနည်း ယုံရခက်နေတယ်..."
"ပြီးတော့ နဂါးကျား တာအိုဂိုဏ်းက သိုင်းသူတော်စင်ကြီး သေဆုံးသွားပြီလား ဆိုတာကိုလည်း အခုထိ သေချာမသိရသေးဘူး... တကယ်လို့ ချက်ချင်း စစ်တိုက်မယ် ဆိုရင် အန္တရာယ် အရမ်းကြီးမနေဘူးလား..."
အကြီးအကဲ တစ်ယောက်က သေချာ စဉ်းစားချင့်ချိန်ပြီးနောက် ပြောလိုက်လေသည်။
"ဟွန့်... ဘာတွေ စဉ်းစားနေစရာ လိုသေးလို့လဲ... သိုင်းလောကမှာ ကျန်းချဲ့က ငါတို့ ချီမိသားစုရဲ့ သမက်ဆိုတာ ဘယ်သူမသိလို့လဲ... အရင်ကလည်း နဂါးကျား တာအိုဂိုဏ်းကို သတိပေးထားပြီးသားလေ... မျိုးဆက်တူချင်း ယှဉ်ပြိုင်တာကို အင်အားကြီးသူက အနိုင်မကျင့်ရဘူးလို့..."
"အခုကြည့်ရသလောက် နဂါးကျား တာအိုဂိုဏ်းက ငါတို့ ချီမိသားစုရဲ့ သတိပေးချက်ကို လုံးဝ ဂရုမစိုက်တဲ့ပုံပဲ... တကယ်လို့ ဒီတစ်ခါမှ ငါတို့ မလှုပ်ရှားဘူး ဆိုရင် ငါတို့ ချီမိသားစုရဲ့ ဂုဏ်သိက္ခာ ဘယ်မှာသွားထားမလဲ... နောင်တစ်ချိန် ငါတို့ပြောတဲ့ စကားကို ဘယ်သူက ယုံကြည်တော့မှာလဲ..."
ဒေါသကြီးသော အကြီးအကဲ တစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့ကာ စစ်တိုက်ရန် အခိုင်အမာ တောင်းဆိုလိုက်လေသည်။
သူတို့နှစ်ယောက် အမြင်များကို ပြောဆိုပြီးနောက် ကျန်ရှိသော အကြီးအကဲများလည်း စကားစရသွားသကဲ့သို့ အသီးသီး ထင်မြင်ချက် များကို ပြောဆိုလာကြလေသည်။
ချီမိသားစု၏ ဂုဏ်သိက္ခာကို မထိခိုက်ခံနိုင်သဖြင့် စစ်တိုက်ရန် တောင်းဆိုသူများ ရှိသကဲ့သို့ တွေဝေနေသူများလည်း ရှိကြလေသည်။ နဂါးကျား တာအိုဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အလွန် နက်ရှိုင်းသဖြင့် အကယ်၍ အစွမ်းကုန် တိုက်ခိုက်မည် ဆိုပါက နှစ်ဖက်စလုံး အထိနာသွားနိုင်ပြီး အခြား အင်အားစုများကို အခွင့်ကောင်း ယူသွားစေနိုင်ကြောင်း စိုးရိမ်နေကြလေသည်။
ဆွေးနွေးပွဲ ခန်းမဆောင်ကြီး အတွင်း၌ ဆူညံသော အသံများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားလေတော့သည်။
"ဒုတ်..."
လေးလံသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး အကြီးအကဲချုပ် ချီထျန်းကျုံး က ခန်းမတွင်းရှိ ဆွေးနွေးသံများကို တားဆီးကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"စောစောက အစောင့်အရှောက် အကြီးအကဲ ပြောတဲ့စကားအတွက် ဒီအဘိုးကြီး အဖြေတစ်ခု ပေးမယ်... ဒုတိယအကြီးအကဲက ဒီတစ်ခေါက် မိသားစုရဲ့ မိုင်တစ်ထောင် အသံလွှင့်အဆောင်ကို သုံးခဲ့ပေမဲ့ အဲ့ဒီမတိုင်ခင် လော့ဖုန်းတောင်ကြားကို သွားရောက် စစ်ဆေးပြီးပြီ..."
"အဲ့ဒီနေရာမှာ ကြီးမားတဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့တာ သေချာတယ်... တိုက်ပွဲအရှိန်က ပေသောင်းချီအထိတောင် ရိုက်ခတ်ခဲ့တယ်... အဲ့ဒီ စွမ်းအားတွေက ရှန်ရှန်းအဆင့်ကို ကျော်လွန်နေတာ သိသာလွန်းတယ်... ဒါကြောင့် သူက ကျန်းချဲ့ရဲ့ စကားဟာ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ယုံကြည်ရတယ်လို့ ကောက်ချက်ချထားတယ်..."
"ဒါဆို ကျန်းချဲ့က ဂိုဏ်းချုပ်ရှန်ရွှီကို တကယ်ကြီး ချုံခိုသတ်ဖြတ်နိုင်ခဲ့တာလား..."
စောစောက အကြီးအကဲ က အံ့သြတကြီး မေးလိုက်လေသည်။
"လောလောဆယ်တော့ အတိအကျ မသိရသေးဘူး... နဂါးကျား တာအိုဂိုဏ်း ဘက်ကလည်း ဘာသတင်းမှ မထွက်လာဘူး... ဒါပေမဲ့ သေချာတာ တစ်ခုက နဂါးကျား တာအိုဂိုဏ်းမှာ ပြဿနာ တစ်ခုခု ဖြစ်နေပြီ... အခုဆို အပြင်ပန်းမှာ ငြိမ်နေပေမဲ့ အတွင်းထဲမှာ အရမ်းကို တင်းကျပ်နေတယ်... ဒါကြောင့် ဒီအဘိုးကြီးလည်း ကျန်းချဲ့ရဲ့ စကားတွေ မှန်တယ်လို့ ထင်တယ်..."
ဤစကားကို ကြားသောအခါ ခန်းမတွင်းရှိ ချီမိသားစု အကြီးအကဲ အများအပြားမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြလေသည်။
"အားလုံးကို မပြောပြရသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်... ဘိုးဘေးကြီးက လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက နဂါးကျား တာအိုဂိုဏ်းက သိုင်းသူတော်စင်ကြီးရဲ့ သက်တမ်း ကုန်တော့မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်... အခြေအနေ အတိအကျကို မသိရသေးလို့ အားလုံးကို မပြောပြခဲ့တာပါ... အခု လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် နဂါးကျား တာအိုဂိုဏ်းက သိုင်းသူတော်စင်ကြီးဟာ သေဆုံးသွားဖို့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် သေချာနေပြီ... ဒီလို သုံးသပ်ကြည့်မယ်ဆိုရင် ကျန်းချဲ့ ပြောတာ တကယ် မှန်ကန်တယ်..."
"အခုက လှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ... နဂါးကျား တာအိုဂိုဏ်းကိုသာ ဖျက်ဆီးနိုင်ခဲ့ရင် ငါတို့ ချီမိသားစုက အရှိန်အဟုန်နဲ့ သူတို့ရဲ့ အင်အားစုတွေကို သိမ်းပိုက်နိုင်ပြီ..."
အခြား ချီမိသားစု၏ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးကလည်း ဝင်ရောက် ထောက်ခံလိုက်လေသည်။
တကယ်တမ်းတွင် အတိအကျ ဆုံးဖြတ်ချက်များကို သူတို့ တိတ်တဆိတ် ဆွေးနွေးပြီး ဖြစ်လေသည်။ ယခုကဲ့သို့ မိသားစု အကြီးအကဲများကို စုရုံးကာ ထပ်မံ ဆွေးနွေးခြင်းမှာ အမည်ခံ သက်သက်သာ ဖြစ်လေသည်။ ရှန်ရှန်းအဆင့် သို့ မရောက်ရှိသေးသူများ အနေဖြင့် ဤကိစ္စများကို ဆုံးဖြတ်ပိုင်ခွင့် မရှိချေ။
"ကျုပ် အမြင်အရတော့ အခု တိုက်ကို တိုက်ရမယ်..."
"ဟုတ်တယ်..."
"တကယ်လို့ ဒီလိုသာ အမှန်ဆိုရင်တော့ ဒီအဘိုးကြီးလည်း ဘာမှ ကန့်ကွက်စရာ မရှိတော့ပါဘူး..."
ယခင်က တွေဝေနေသူများ လည်း ချက်ချင်း သဘောတူလာကြလေသည်။ အကြောင်းရင်းမှာ သေချာပေါက် အကြီးအကဲချုပ် ၏ သဘောထားကို ရိပ်မိသွားသောကြောင့် ပင်ဖြစ်သည်။
"အဟွတ် အဟွတ်..."
ချီကျန်းနန် က ရုတ်တရက် ချောင်းဟန့်လိုက်ပြီး လူတိုင်း၏ ထောက်ခံသံများကို ရပ်တန့်စေကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"အကြောင်းပြချက် အချို့ ရှိသေးတယ်... စောစောက စည်းမျဉ်းထိန်းသိမ်းရေး အကြီးအကဲ ပြောသလိုပဲ ငါတို့ ချီမိသားစုက အရင်ကတည်းက နဂါးကျား တာအိုဂိုဏ်းကို သတိပေးခဲ့ပြီးပြီ... ဒါပေမဲ့ သူတို့က တစ်ဇွတ်ထိုး လုပ်နေဆဲပဲ... ပြီးတော့ ဂိုဏ်းချုပ် ကိုယ်တိုင်တောင် ဝင်ပါလာသေးတယ်..."
"ဒါက ငါတို့ ချီမိသားစုကို ရန်စတာ စော်ကားတာပဲ... လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ငါတို့ ချီမိသားစုက အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး သွေးထွက်သံယို စစ်ပွဲတွေ ဆင်နွှဲခဲ့လို့သာ အခု အင်အားကြီး မိသားစု ခြောက်ခု ထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာပဲ... အဲ့ဒါက ဆွေမျိုးစပ်တာတွေ ပေါင်းသင်းဆက်ဆံရေး ကောင်းတာတွေကြောင့် မဟုတ်ဘူး..."
"အဲ့ဒါက စွမ်းအားတွေ အမိန့်အာဏာတွေ ကြောင့်ပဲ... နဂါးကျား တာအိုဂိုဏ်း အခု အင်အားနည်းနေတာပဲ ဖြစ်ဖြစ် သိုင်းသူတော်စင်ကြီး သေသွားတာပဲ ဖြစ်ဖြစ် ဂိုဏ်းချုပ်ရှန်ရွှီ သေသွားတာပဲ ဖြစ်ဖြစ်... ဒါတွေ မရှိဘူးဆိုရင်တောင်..."
"ချီမိသားစုရဲ့ မိသားစုခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါက သူတို့ကို သေချာပေါက် စစ်ကြေညာမှာပဲ... တစ်ခါ ဆုတ်ခွာပေးလိုက်တာနဲ့ အခြားသူတွေရဲ့ အထင်သေးတာကို ခံရလိမ့်မယ်... ငါတို့ ချီမိသားစုက အခု ညှိုးနွမ်းနေတဲ့ မိသားစု မဟုတ်ဘူး... နေမင်းကြီးလို တောက်ပနေတဲ့ မိသားစုပဲ..."
"အားနည်းဟန်ဆောင်ပြီး ပုန်းကွယ်နေစရာ မလိုဘူး... ဒါ့အပြင် အခု လောကကြီး တစ်ခုလုံး မငြိမ်မသက် ဖြစ်နေပြီ... သိုင်းလောကမှာလည်း လေပြင်းမုန်တိုင်းတွေ ထပ်ပြီး တိုက်ခတ်လာတော့မယ်... ဒါက ငါတို့ ချီမိသားစု နောက်တစ်ဆင့် တက်လှမ်းဖို့ အကောင်းဆုံး အချိန်ပဲ... လက်ရှိ အခြေအနေအရ ဒီစစ်ပွဲက လုံးဝ ဆုတ်ခွာလို့ မရဘူး..."
"နောက်ထပ် အကြောင်းပြချက် တစ်ခုက ကျန်းချဲ့ဟာ ငါတို့ ချီမိသားစုရဲ့ သမက် ငါ ချီကျန်းနန်ရဲ့ သမက်ပဲ... ငါ ကိုယ်တိုင် သူ့ကို ကတိပေးခဲ့ဖူးတယ်... ချီမိသားစုက သူ့အတွက် လေဒဏ် မိုးဒဏ် ကာကွယ်ပေးမယ်လို့... အခုက ချီမိသားစု ကတိတည်ရမယ့် အချိန် ရောက်နေပြီ..."
"မင်းတို့ အခု စဉ်းစားနေလောက်မယ်... ဒါက ငါ့ရဲ့ ကိုယ်ကျိုးရှာမှုကြောင့်များလား လို့... ဒါပေမဲ့ ငါ ပြောချင်တာက လုံးဝ မဟုတ်ဘူး... ကျန်းချဲ့က အခုဆိုရင် ကြီးကျယ်တဲ့ အင်အားတစ်ခု ဖြစ်လာနေပြီ... နက်နဲတဲ့ ရေကန်ထဲကနေ နဂါးတစ်ကောင် ထွက်ပေါ်လာသလိုပဲ..."
"သူ တစ်ယောက်တည်း အင်အားနဲ့ တောင်ပိုင်းယွဲ့က မဟာသိုင်းသခင် လေးပါးကို သတ်ဖြတ်နိုင်ခဲ့တယ်... နဂါးကျား တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်ခဲ့တယ်... သူတို့ရဲ့ အထွတ်အမြတ်လက်နက်ကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်... ဒီလို စွမ်းအားမျိုးက မင်းတို့ အလေးထားဖို့ မတန်ဘူးလို့ ထင်နေတာလား..."
"ငါတို့ ချီမိသားစုက ကျန်းချဲ့ အပေါ်မှာ ရင်းနှီးမြှုပ်နှံမှု အကြီးကြီး လုပ်ထားပြီးပြီ... အခု ဒီလူက အောင်မြင်လာတော့မယ့် အချိန်မှာ ငါတို့ ချီမိသားစုက နောက်ဆုတ်နေမယ် ဆိုရင် သူ ဘယ်လို တွေးမလဲ... စေ့စပ်ထားတဲ့ စာချုပ် ရှိနေလို့ သူ ကတိဖျက်ရဲမှာ မဟုတ်ဘူး ဆိုတာ အမှန်ပဲ..."
"ဒါပေမဲ့ ငါ လိုချင်တာက သမက် တစ်ယောက်တည်း မဟုတ်ဘူး... ဘိုးဘေးကြီး ကိုယ်တိုင် သူ့ကို မှတ်ချက်ပေးခဲ့ဖူးတယ်... ကျန်းချဲ့က ဘိုးဘေးကြီး ငယ်ငယ်ကထက် လုံးဝ မနိမ့်ကျဘူးတဲ့... ဒါ ဘာကို ဆိုလိုတာလဲ သိလား..."
"ဒါဟာ ကျန်းချဲ့မှာ သိုင်းသူတော်စင် ဖြစ်လာမယ့် အရည်အချင်းတွေ ရှိနေတယ် ဆိုတာပဲ..."
"အနာဂတ်မှာ သိုင်းသူတော်စင် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိနေတဲ့သူ တစ်ယောက်ကို မင်းတို့ ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ မတန်ဘူးလား..."
"အခုဆို တော်ဝင်နန်းတော် ကတောင် သူ့ကို သတိထားမိနေပြီလေ... မင်းတို့က ကျန်းချဲ့ရဲ့ အလားအလာကို မမြင်ကြသေးဘူးလား..."
ဆွေးနွေးပွဲ ခန်းမဆောင် အတွင်း၌ အလွန် တိတ်ဆိတ် ငြိမ်သက်နေပြီး ချီကျန်းနန် ၏ အသံများသာ ပဲ့တင်ထပ်နေလေသည်။ သူ၏ စကားများက ထိုနေရာရှိ လူအများအပြားကို စိတ်လှုပ်ရှား တုန်လှုပ် သွားစေခဲ့လေသည်။
မသိမသာပင် ယခုအခါ ကျန်းချဲ့ သည် သူတို့ အများစု မော့ကြည့်ရမည့် အဆင့်အတန်း တစ်ခုသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။
အကြီးအကဲချုပ် ချီထျန်းကျုံး က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် သဘောထားကို ဖော်ပြလိုက်လေသည်။
"မိသားစုခေါင်းဆောင်ရဲ့ သဘောထားက ဒီအဘိုးကြီးရဲ့ သဘောထားပဲ... ဒီစစ်ပွဲက ရှောင်လွှဲလို့ မရဘူး... နဂါးကျား တာအိုဂိုဏ်းက ငါတို့ ချီမိသားစုရဲ့ သတိပေးချက်ကို ဂရုမစိုက်မှတော့ တိုက်ရုံပေါ့... ဒီတာအို ဂိုဏ်းခွဲကို အပြတ်ရှင်းလင်းပစ်ရမယ်..."
ခန်းမဆောင် အတွင်း၌ ဆက်လက် တိတ်ဆိတ် နေလေသည်။
ချီကျန်းနန် က မတ်တပ်ရပ်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ ဖိအားကြီး တစ်ခု အရပ်လေးမျက်နှာသို့ ပျံ့နှံ့ သွားလေသည်။
"အခု ငါ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ... ဘယ်သူ ထောက်ခံလဲ ဘယ်သူ ကန့်ကွက်လဲ..."
"မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံပါ့မယ်... နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးပြီး ငါတို့ ချီမိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်မယ်..."
အလွန် ဒေါသကြီးသော စည်းမျဉ်းထိန်းသိမ်းရေး အကြီးအကဲ က ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေသည်။
"မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံပါ့မယ်... နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးပြီး ငါတို့ ချီမိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်မယ်..."
"မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံပါ့မယ်... နဂါးကျား တာအိုဂိုဏ်းကို ဖျက်ဆီးပြီး ငါတို့ ချီမိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်မယ်..."
အကြီးအကဲများ အားလုံး တညီတညွတ်တည်း မတ်တပ်ရပ်ကာ အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်ကြလေသည်။
"ကောင်းပြီ... ငါ မိသားစုခေါင်းဆောင်အနေနဲ့ အမိန့်ကို ထုတ်ပြန်လိုက်မယ်... ဒီကနေ့ကစပြီး ချီမိသားစု တစ်ခုလုံး စစ်ပွဲအတွက် ပြင်ဆင်ကြ... အပြင်မှာ ရောက်နေတဲ့ တပည့်တွေကို ပြန်ခေါ်ကြ... တစ်ချိန်တည်းမှာပဲ ချီမိသားစုရဲ့ သတ်ဖြတ်မိန့် ကိုပါ ထုတ်ပြန်လိုက်... ယွင်ပြည်နယ် ထဲမှာ ရောက်နေတဲ့ နဂါးကျား တာအိုဂိုဏ်းက တပည့် အားလုံးကို အပြတ်ရှင်းလင်း သတ်ဖြတ်ပစ်ရမယ်... တစ်ယောက်မှ အရှင်မထားနဲ့..."
"နဂါးကျား တာအိုဂိုဏ်း အတွက်ကတော့ နေ့ကောင်းရက်သာ ရွေးပြီး သူတို့ရဲ့ တောင်ကို တိုက်ခိုက်ပြီး ဂိုဏ်းကို မျိုးဖြုတ်ပစ်မယ်... နဂါးကျား တာအိုဂိုဏ်းရဲ့ သွေးတွေနဲ့ ငါတို့ ပေလင် ချီမိသားစု ယွဲ့ပြည်နယ် ကို ခြေချမယ့် ပထမဆုံး ခြေလှမ်းကို သေချာပေါက် သက်သေပြမယ်..."
ချီကျန်းနန် သည် အရှေ့သို့ စူးစိုက်ကြည့်နေပြီး လေးနက်သော လေယူလေသိမ်းဖြင့် ပြောလိုက်ရာ သူ၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်း နေလေသည်။
"အမိန့်နာခံပါတယ်..."
"အမိန့်နာခံပါတယ်..."
"အမိန့်နာခံပါတယ်..."
...
တောင်ပိုင်းယွဲ့ နိုင်ငံတော် မြို့တော်။
ယနေ့ တောင်ပိုင်းယွဲ့ မြို့တော် အတွင်း၌ ယခင်ကကဲ့သို့ စည်ကား သိုက်မြိုက်ခြင်း မရှိတော့ဘဲ ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် သိုင်းပညာရှင် များ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လွင် နေလေသည်။ အချို့သူများ ၏ မျက်နှာပေါ်တွင် ထိတ်လန့် ကြောက်ရွံ့မှု များနှင့် ဒေါသများ ပင် ပြည့်နှက် နေလေသည်။
အကြောင်းရင်း အားလုံးမှာ ယခုလေးတင် ပြန်လည် ရောက်ရှိလာသော သတင်းများ ကြောင့် ပင်ဖြစ်သည်။
နယ်စပ်မှ လက်ရွေးစင် စစ်သည် သုံးသောင်း မှာ ထက်ဝက်ကျော်ခန့် ပျက်စီး ဆုံးရှုံး သွားခဲ့လေပြီ။ တပ်ဖွဲ့ခွဲ နှစ်ဖွဲ့ သာ ကံကောင်းထောက်မစွာဖြင့် ပြန်လည် ရောက်ရှိ လာခဲ့ပြီး ကျန်ရှိနေသော သူများ အားလုံး မှာ တောင်ပိုင်းယွဲ့ နယ်စပ်တွင် သေဆုံး သွားခဲ့ကြလေသည်။
ထို့အပြင် သူတို့၏ ဦးခေါင်းများကို စုပုံကာ ကျင်ကွမ် ဟုခေါ်သော ဦးခေါင်းခွံတောင်ကြီး တစ်ခု အဖြစ်ပင် တည်ဆောက် ခံလိုက်ရလေသည်။ အချို့သူများ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဦးခေါင်းခွံတောင်ကြီး ၏ အရှေ့တွင် အလယ်ပိုင်းဒေသ မှ လူများ ချန်ထားခဲ့သော စာတမ်း ကိုလည်း မြင်တွေ့ခဲ့ကြလေသည်။
'ငါတို့ အလယ်ပိုင်းဒေသ ကို ကျူးကျော်သူ မှန်သမျှ မျိုးဖြုတ် သုတ်သင်ပစ်မယ်...'
ထိုအထဲတွင် လူများကို အကြောက်ရွံ့ဆုံး ဖြစ်စေခဲ့သည်မှာ ရွှေအမြုတေအဆင့် စစ်မှန်သော သိုင်းသခင် ဆယ်ယောက်ကျော်ခန့် သေဆုံး သွားခြင်း နှင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် လေးပါး သေဆုံး သွားခြင်း ပင်ဖြစ်သည်။ ထိုအထဲတွင် တောင်ပိုင်းယွဲ့ နယ်စပ် မြို့စခန်း ၏ တပ်မှူးချုပ်... စစ်သေနာပတိ ကျန်းဖျင် လည်း ပါဝင်လေသည်။
အချိန်တို အတွင်း တောင်ပိုင်းယွဲ့ ပြည်နယ် တစ်ခုလုံး တွင် အလွန် ထိတ်လန့် ကြောက်ရွံ့မှု များ ဖုံးလွှမ်း သွားပြီး ပြည်သူ အများအပြား ၏ ရင်ထဲတွင် လည်း ကြောက်ရွံ့မှု များ ပြည့်နှက် နေလေသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ က ပျံ့နှံ့ ခဲ့သော ကောလာဟလ များလည်း ပြန်လည် ထွက်ပေါ် လာပြီး တောင်ပိုင်းယွဲ့ မြေပြင်ပေါ်တွင် အလယ်ပိုင်းဒေသ စစ်တပ်၏ ကြီးစိုး ခြယ်လှယ်မှုကို ကြောက်ရွံ့ ခဲ့ရသော အတိတ်များ လည်း ပြန်လည် နိုးကြား လာလေတော့သည်။
ယခုအချိန်တွင် တောင်ပိုင်းယွဲ့ နန်းတော် အတွင်း၌လည်း လေထုမှာ အလွန် လေးလံ ဖိစီး နေလေသည်။
ညီလာခံ ကျင်းပနေချိန် ဖြစ်ပြီး မြို့တော် အတွင်းရှိ အရပ်ဘက် အရာရှိ များနှင့် စစ်ဘက် အရာရှိ များ အားလုံး ယွဲ့ဘုရင် ၏ နန်းတော် အတွင်း၌ စုဝေး နေကြလေသည်။ သို့သော် ယခင်က အလွန် မာနကြီးပြီး ရမ်းကား ခဲ့သော သူများ ပင်လျှင် ယခုအခါ ပြန်လည် တိုက်ခိုက်ရန် လုံးဝ မအော်ဟစ် ရဲကြတော့ချေ။
အခြား အကြောင်း မရှိပေ။ တောင်ပိုင်းယွဲ့ နိုင်ငံ အားနည်း သွားသောကြောင့် ပင်ဖြစ်သည်။
ချီရွှယ် လျှို့ဝှက်နယ်မြေ တိုက်ပွဲ ကို ထည့်တွက်မည် ဆိုပါက လပိုင်း အတွင်း တောင်ပိုင်းယွဲ့ သည် လက်ရွေးစင် စစ်သည် သုံးသောင်း ဆုံးရှုံး ခဲ့ရပြီး မဟာသိုင်းသခင် အတော်များများ လည်း သေဆုံး ခဲ့ရလေသည်။ ဤသည်မှာ တောင်ပိုင်းယွဲ့ ၏ အင်အား သုံးပုံ တစ်ပုံ ခန့် ပင်ဖြစ်သည်။
အင်အား အနည်းငယ် ကျန်ရှိ နေသေးသော်လည်း အခြားသော စစ်တပ်များ မှာ နယ်စပ် မြို့စခန်း များကို စောင့်ကြပ် ရန် လိုအပ်နေပြီး အလယ်ပိုင်းဒေသ ကို သာမက ဘေးပတ်ဝန်းကျင် မှ ချောင်းမြောင်း နေသော မင်ယွဲ့ ကဲ့သို့သော အခြား နိုင်ငံများ ကိုပါ ကာကွယ် ရမည် ဖြစ်ရာ စစ်ပွဲ ဆင်နွှဲရန် အင်အား လုံးဝ မရှိတော့ချေ။
ဤအရာကသာ အကြောက်ရွံ့ဆုံး ဖြစ်လေသည်။ အကယ်၍ ထျန်းနန် စစ်တပ် သာ တောင်ဘက်သို့ ချီတက် လာပါက ဝါးခြမ်း ခွဲသကဲ့သို့ အလွယ်တကူ တောင်ပိုင်းယွဲ့ ကို အပြတ်အသတ် ရှင်းလင်း သွားနိုင်ခြေ ရှိလေသည်။
"ဘုရင်ကြီး... လက်ရှိ အခြေအနေ အရ စုန်းနတ်ဘုရား ကျောင်းတော် ကို အကူအညီ တောင်းခံ ပြီး တခြား နိုင်ငံတွေရဲ့ အင်အား ကို ငှားရမ်းကာ ကာကွယ် ဖို့ပဲ ရှိပါတော့တယ်... မဟုတ်ရင် အလယ်ပိုင်းဒေသ က အခွင့်ကောင်း ယူပြီး စစ်ချီ လာနိုင်ပါတယ်..."
"မှန်ပါတယ် ဘုရင်ကြီး..."
"ဘုရင်ကြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချပေးပါ..."
"တော်ကြတော့..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး ၏ လက်ထဲရှိ တံဆိပ်တုံးကြီး က ပြင်းထန်စွာ ကျဆင်း သွားရာ နန်းတော် အတွင်း၌ တိတ်ဆိတ် ငြိမ်သက် သွားလေသည်။
"စုန်းနတ်ဘုရား ကျောင်းတော်... စုန်းနတ်ဘုရား ကျောင်းတော်... မင်းတို့ သိကြလား... ဒီတစ်ခေါက် စစ်ပွဲက ငါတို့ တောင်ပိုင်းယွဲ့ က စတင် ခဲ့တာ... စုန်းနတ်ဘုရား ကျောင်းတော် က ဝင်ပါမှာ မဟုတ်ဘူး... ပြီးတော့ တခြား နိုင်ငံတွေရဲ့ စစ်တပ် ကိုရော... ဟွန့်... အခု အချိန်က နိုင်ငံ ပျက်သုဉ်းမယ့် အချိန် ရောက်နေပြီလား... ငါတို့ တောင်ပိုင်းယွဲ့ မြေပေါ်ကို တခြား နိုင်ငံတွေရဲ့ စစ်တပ် ဝင်လာခွင့် ပြုရအောင်... စစ်သည် သောင်းဂဏန်း လောက် ဆုံးရှုံး သွားရုံလေးနဲ့ ငါတို့ တောင်ပိုင်းယွဲ့ ရဲ့ ပြည်သူ သန်းပေါင်းများစွာ ထဲကနေ စစ်တိုက်နိုင်တဲ့ သူတွေ မထွက်လာ နိုင်တော့ဘူးလို့ ထင်နေတာလား... မင်းတို့ အားလုံး အလယ်ပိုင်းဒေသ ကို ကြောက်ပြီး သွေးပျက် နေကြပြီလား..."
ယွဲ့ဘုရင် က ဒေါသတကြီး စွပ်စွဲ လိုက်ရာ ယခင်က အမတ်များ အားလုံး ချက်ချင်း အသံတိတ် သွားကြပြီး ဘုရင်ကြီး ကို ထပ်မံ ဒေါသထွက် စေမည်ကို စိုးရိမ် သွားကြလေသည်။
"ဒီနေ့တော့ ဒီလောက်ပဲ ညီလာခံ ရုပ်သိမ်းမယ်..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က အေးစက်စွာ နှာခေါင်းရှုံ့ ကာ လှည့်ထွက် သွားလေရာ အမတ်များ အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး ဘုရင်ကြီး အား အရိုအသေ ပေးကာ နှုတ်ဆက် လိုက်ကြရလေသည်။
အနောက်ဘက် နန်းဆောင်။
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က မှောင်မည်း နေသော မျက်နှာထား ဖြင့် ဝင်ရောက် လာလေသည်။ တောင်ပိုင်းယွဲ့ ဘိုးဘေး ချီဖျင်တောက် မှာမူ မျက်နှာသေ ဖြင့် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံး တွင် ထူးဆန်းသော အရှိန်အဝါ တစ်ခု က ဖုံးလွှမ်း နေလေသည်။
"ဘိုးဘေး ကို ဂါရဝပြု ပါတယ်..."
"ညီလာခံမှာ ဘာပြောကြလဲ..."
ချီဖျင်တောက် က မျက်လုံးများ ဖွင့်ကာ အေးစက်စွာ မေးလိုက်လေသည်။
"ဟွန့်... ဘယ်လို ပြောရမှာလဲ... အရိုးမရှိတဲ့ ကောင်တွေ တစ်ယောက်မှ ပြန်တိုက်ဖို့ မအော်ရဲကြဘူး... တကယ်ကို ဒေါသထွက် ဖို့ ကောင်းတယ်..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က ဒေါသတကြီး ဖြင့် နှာခေါင်းရှုံ့ လိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ က ဖြစ်ခဲ့တဲ့ နိုင်ငံတော် စစ်ပွဲကြီး က ရှေးဟောင်း ယွဲ့နိုင်ငံ ကို ပျက်သုဉ်း လုနီးပါး ဖြစ်စေခဲ့သလို ငါတို့ ယွဲ့လူမျိုးတွေ ရဲ့ ကျောရိုး ကိုလည်း ရိုက်ချိုး ပစ်ခဲ့တယ်... နှစ်ရာပေါင်း များစွာ ကြာလာတော့ နာလန်ထ လာနိုင်ပြီ ထင်ခဲ့တာ... အခုကြည့်ရတာ... ဟဲဟဲ... နောက်ဆုံးတော့လည်း မဖြစ်နိုင်သေးဘူးပဲ..."
ချီဖျင်တောက် က သက်ပြင်း တစ်ချက် ချကာ ပြောလိုက်လေသည်။
"ဒါဆို ဘိုးဘေး ရဲ့ အမြင်ကရော... အခု ဘယ်လို လုပ်သင့်လဲ... ဒီအတိုင်း ထိုင်ပြီး သေမယ့် အချိန်ကို စောင့်နေရမှာလား... ဒါမှမဟုတ် ဆက်ပြီး ပြန်တိုက် ရမှာလား..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က အချိန်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် အကြောင်းအရာ ကို အလျင်အမြန် ပြောင်းလဲ လိုက်လေသည်။ ယခင်က အရှက်ရဖွယ် ကောင်းသော အတိတ် များကို သူ မပြောချင်တော့ချေ။
ယွဲ့လူမျိုးများ အတွက်တော့ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ က နိုင်ငံတော် စစ်ပွဲကြီး မှာ အမှန်တကယ်ပင် အိပ်မက်ဆိုး ကြီး တစ်ခု အလား ပင်ဖြစ်သည်။ စုန်းနတ်ဘုရား ကျောင်းတော် ကသာ အစွမ်းကုန် မတိုက်ခိုက် ခဲ့ဘူး ဆိုလျှင် ယခုအခါ တောင်ပိုင်းယွဲ့ နယ်မြေ ဆိုသည်မှာ ရှိလာမည် မဟုတ်ချေ။
"ပြန်တိုက်မယ်... ဘာနဲ့ ပြန်တိုက်မှာလဲ... ငါ့ရဲ့ ဒဏ်ရာ ကလည်း မသေးဘူး... နှစ်အနည်းငယ် အတွင်း အပြည့်အဝ ပြန်ကောင်းလာ ဖို့ ခက်တယ်... နိုင်ငံ အတွင်းမှာ လည်း စစ်ကြောက်တဲ့ သူတွေ အများကြီး ရှိနေတယ်... ဒါ့အပြင် ငါတို့ တောင်ပိုင်းယွဲ့ တစ်နိုင်ငံတည်း အင်အား နဲ့ ဆိုရင် ပြန်တိုက်ဖို့ လုံးဝ အရည်အချင်း မရှိဘူး..."
ချီဖျင်တောက် က ခေါင်းယမ်း လိုက်လေသည်။
"ဒါဆို ဒီအတိုင်း ထိုင်စောင့်နေရမှာလား... ဒီစစ်ပွဲ ရှုံးသွားတယ် ဆိုပေမဲ့ လီချန်ကော လည်း အလွယ်တကူ ကျူးကျော် ဝင်ရောက် လာရဲမယ် လို့တော့ မထင်ပါဘူး... နိုင်ငံ အတွင်း က စစ်သည်တွေ အလယ်ပိုင်းဒေသ က လူတွေကို ပိုပြီး ကြောက်သွားမှာ ကိုပဲ စိုးရိမ် မိတယ်..."
"လောလောဆယ် စစ်ပွဲကို ခဏ ရပ်ထားလိုက်... အခုက လှုပ်ရှားရမယ့် အချိန် မဟုတ်ဘူး... စုန်းနတ်ဘုရား ကျောင်းတော် ရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူက အလယ်ပိုင်းဒေသ နဲ့ နိုင်ငံတော် စစ်ပွဲ ဆင်နွှဲရဲမှာလဲ... ဒီတိုက်ပွဲက ကလေးကလား တိုက်ပွဲ လေး သက်သက်ပါ... ပြန်ရလာတဲ့ သတင်းတွေ အရ ဆိုရင် အလယ်ပိုင်းဒေသ မှာလည်း မငြိမ်မသက် ဖြစ်နေတယ်... ကြည့်ရတာ ပြဿနာ ကြီးကို သေးသွားအောင် ပြဿနာ သေးကို ပျောက်သွားအောင် လုပ်လိုက်ကြလိမ့်မယ်..."
"နှမြောစရာ ကောင်းတာက နဂါးကြော ကို လောလောဆယ် ပြန်ယူ လို့ မရတော့ဘူး... ဘိုးဘေး ရဲ့ ကျင့်ကြံခြင်း ကိုလည်း နှောင့်နှေး သွားစေခဲ့တယ်..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က တိုးညှင်းစွာ သက်ပြင်းချ လိုက်လေသည်။ နဂါးကြော တစ်ပိုင်း ဖြတ်တောက် ခံလိုက်ရခြင်း က တောင်ပိုင်းယွဲ့ အတွက် အလွန် ကြီးမားသော ဆုံးရှုံးမှု ကြီး ပင်ဖြစ်သည်။ နိုင်ငံတော် ကံကြမ္မာ ယိုစိမ့် သွားခြင်းက ပြဿနာ အသေးလေး သာ ဖြစ်ပြီး ဘိုးဘေး အနေဖြင့် သိုင်းသူတော်စင် အဖြစ်သို့ မရောက်ရှိ နိုင်တော့ခြင်း ကသာ အကြီးမားဆုံး ပြဿနာ ပင်ဖြစ်သည်။
"တကယ်ပဲ ပြန်ယူ လို့ မရတော့ဘူး... ဒါပေမဲ့ ကျန်းချဲ့ နဲ့ ချီရွှယ်မိစ္ဆာသခင် ကိုလည်း အေးအေးဆေးဆေး ယူသွားခွင့် ပြုလို့ မရဘူး... နဂါးကြော ဆိုတာ နိုင်ငံ တစ်နိုင်ငံ ရဲ့ ကံကြမ္မာ အဆီအနှစ် တွေ စုဆောင်း ထားတာ... ဒီအရာ ကို စိတ်ဝင်စားတဲ့ သိုင်းပညာရှင် တွေ အများကြီး ရှိတယ်... ဒါဆိုရင်လည်း ဒီသတင်း ကို ဖြန့်လိုက်တာပေါ့... အချိန်ကျရင် ကျန်းချဲ့ နဲ့ ချီရွှယ်မိစ္ဆာသခင် ကို လာတိုက်မယ့် သူတွေ သေချာပေါက် ရှိလာလိမ့်မယ်..."
ချီဖျင်တောက် သည် ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် မျှော်လင့်ချက် မှ မထားတော့ချေ။ သို့သော် ကျန်းချဲ့ တို့ကို အလွန် ပျော်ရွှင် နေစေရန် လည်း ခွင့်မပြုနိုင်ချေ။ တောင်ပိုင်းယွဲ့ ထံမှ ယူသွားခဲ့လျှင် တန်ဖိုး တစ်ခုတော့ ပြန်လည် ပေးဆပ် ရမည်သာ ဖြစ်လေသည်။
"ဒါပေမဲ့ တကယ်လို့ ဘယ်သူမှ မယုံကြည်ရင် ဘယ်လိုလုပ်မလဲ..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က တွေဝေစွာ ဖြင့် မေးလိုက်လေသည်။
"မယုံကြည်တဲ့ သူတွေ ရှိသလို ယုံကြည်တဲ့ သူတွေလည်း သေချာပေါက် ရှိလာလိမ့်မယ်... ဘာမှ သွားပြီး သက်သေပြ နေစရာ မလိုဘူး... လိုအပ်တဲ့ သူတွေက ကျန်းချဲ့ ဆီ သွားပြီး သေချာပေါက် စစ်ဆေး ကြလိမ့်မယ်... ကျန်တာတွေက ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး... ငါကတော့ သူ့ရဲ့ နဂါးကြော ကို အေးအေးဆေးဆေး ကိုင်ထားနိုင်မလား ဆိုတာ စောင့်ကြည့်ချင် သေးတယ်..."
ချီဖျင်တောက် ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး မျက်ဝန်း အောက်ခြေ တွင် အေးစက်သော အလင်းတန်း တစ်ခု ဖြတ်ပြေး သွားလေသည်။
"ကောင်းပါပြီ... မြေးတော် အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
တောင်ပိုင်းယွဲ့ ဘုရင်ကြီး က ပြင်းပြင်းထန်ထန် ခေါင်းညိတ် လိုက်ပြီး ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ အပေါ် အလွန် မုန်းတီး နေလေသည်။
...
ယခုအချိန်တွင် ထျန်းနန်မြို့ မြို့တော်ဝန် အိမ်တော် အတွင်း၌။
လျှို့ဝှက်ခန်း အတွင်းရှိ ကျန်းချဲ့ သည် မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်လေသည်။
"သုံးရက်တောင် ကြာတာကို နည်းနည်းလေးပဲ ပြန်ကောင်းလာသေးတယ်... ဒီတိုက်ပွဲက တကယ်ပဲ အထိနာတာပဲ..."
"ဟဲဟဲ... ကောင်လေး ဒီအဘိုးကြီးက မင်းကို နည်းလမ်း ပေးခဲ့သားပဲ... နှမြောစရာ ကောင်းတာက မင်းက မသုံးရဲဘူး ဖြစ်နေတာပဲ…”