အခန်း ၂၉၉၁
Vol. 240 Ch. 2991
အခန်း(၂၉၉၁)
အရှင်ဟုန်ယွင်နှင့် အရှင်ဖြူမဲတို့ ဆုတ်ခွာသွားသည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ် နန်းတော်၏ အပြင်ဘက်၌ ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် နန်းတော်အတွင်းကနေ ပုံရိပ် တစ်ခုပြီးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာခဲ့ကြသည်။
ဦးဆောင်လာသူနှစ်ယောက်မှာ လုရှောင်ချင်းနှင့် အရှင်ဇူရီတို့ဖြစ်ကြသည်။
အရှင်ဇူရီက မည်သူမှ မရှိတော့သည့် ဟင်းလင်းပြင်ကို ကြည့်ကာ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“သူတို့အားလုံး ထွက်သွားကြပြီလား”
ကျန်းချန်က ပြန်ရောက်လာပြီး ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကို တိုက်ရိုက် ပြဿနာရှာမည် ဆိုလျှင် လုချန်ချင်း ရုတ်တရက် ထွက်ခွာသွားခြင်းမှာ သဘာဝကျသော်လည်း အရှင်ဖြူမဲနှင့် အရှင်ဟုန်ယွင် တို့သည် အဘယ်ကြောင့် အကြောင်းရင်းမရှိဘဲ ဆုတ်ခွာသွားကြပါသနည်း။
လုရှောင်ချင်း၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့ပြီး အရှင်ဇူရီကို ပြောလိုက်သည်။
“စီနီယာ မသိသေးဘူးထင်တယ်.. အရှင်ဖြူမဲရဲ့ တကယ့် စွမ်းရည်က တိုက်ခိုက်ရေး မဟုတ်ဘဲ ကောင်းကင်နိမိတ် လက္ခဏာကို ဖတ်ပြီး ကံကြမ္မာကို တွက်ချက်တဲ့ အတတ်ပဲ.. ကြည့်ရတာ အရှင်ဖြူမဲက တစ်ခုခုကို ကြိုတင် တွက်ချက်မိသွားလို့ပဲ ဖြစ်ရမယ်”
လုရှောင်ချင်း၏ စကားဆုံးပြီး သိပ်မကြာခင်မှာပင် ကောင်းကင်ယံမှ အင်မော်တယ်အလင်းတန်း နှစ်ခုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံသို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။
ထိုပုံရိပ် နှစ်ခုမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သို့ ရောက်ရှိလာကြသည့် ကျန်းချန်နှင့် ကျိယောင် တို့ပင် ဖြစ်သည်။
ကျိယောင်က လုရှောင်ချင်းကို မြင်လျှင် ချက်ချင်းပင် ရှေ့သို့ လှမ်းတက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ် ဂါဝရပြုလိုက်သည်။
“သခင်မလေးကို ကျိယောင်က ဂါဝရပြုပါတယ်”
“ကျိယောင်.. နင်က ကျိလင်သားရဲမျိုးနွယ်စုရဲ့ပါရမီရှင်တစ်ယောက် ဖြစ်ရုံတင်မကဘူး.. အခုဆိုရင် ဘိုးဘေးတွေရဲ့ခြေရာတွေကို လိုက်နင်းနိုင်ပြီပဲ”
လုရှောင်ချင်းက ခေါင်းညိတ် ပြလိုက်ပြီးနောက်တွင် သူမ၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ် ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
ထိုခဏဝယ် သူမ၏ မြင့်မြတ်သော ဘုရင်မတစ်ပါး ကဲ့သို့ အမူအရာသည် အရည်ပျော်သွားခဲ့ပြီး ကလေးမလေး တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“အစ်ကိုကျန်းချန်လည်း ရောက်လာပြီပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ရှောင်ချင်းလေး.. ငါတို့ မတွေ့ရတာ အတော်ကြာပြီပဲ.. တစ်ချိန်က ကျင့်ကြံနိုင်စွမ်း မရှိတဲ့ ကလေးမလေးက အင်မော်တယ်လောကမှာ သန်မာတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
လုရှောင်ချင်းက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“အစ်ကိုကျန်းချန်နဲ့ ယှဥ်ရင်တော့ ရှောင်ချင်းက အများကြီး လိုပါသေးတယ်”
သူမ အချိန်တိုအတွင်း ခြေလှမ်းတစ်ဝက် ဟန်ယွင်အင်မော်တယ် အဆင့်ကို ရောက်ရှိနိုင်ခဲ့ခြင်းမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အပြည့်အဝရရှိခဲ့သောကြောင့်သာ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကျန်းချန်သည် ကိုယ်ပိုင်စွမ်းရည် သက်သက်ဖြင့် အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကသို့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့ပြီး သူမထက် မနိမ့်ကျသော အောင်မြင်မှုကို ပိုင်ဆိုင်ထားခဲ့၏။
ယင်းမှာ ကျန်းချန်ကို သူမ မယှဥ်နိုင်သော အရာပင် ဖြစ်သည်။
“ကောင်လေး.. မင်းက ဘာလို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ဒီလောက်အထိ မြန်မြန် ရောက်လာရတာလဲ.. လုချန်ချင်းရဲ့ အခြေအနေကရော ဘယ်လိုဖြစ်သွားပြီလဲ”
ထိုအခိုက်အတန့်တွင် အရှင်ဇူရီက စူးစမ်းစွာ ဖြတ်မေးလိုက်သည်။
ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်၏။
“ကျွန်တော် ဒီကို မလာခင်မှာ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို အရင်သွားပြီး ဖျက်ဆီးပစ်ခဲ့တယ်.. ဒါ့အပြင် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်ကို ပြန်လည် ရောက်ရှိလာတဲ့ လုချန်ချင်းကိုလည်း တစ်ခါတည်း အပြတ်ရှင်းပစ်ခဲ့တယ်”
ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်းသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
လုချန်ချင်း ဆိုသည်မှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ ထိပ်တန်း ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ ခွန်အားသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် အသန်မာဆုံးများ ကျင့်ကြံသူများ ထဲမှ တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့ ဟန်ယွင်နှောင်းပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးသည် ကျန်းချန်၏ လက်ချက်ဖြင့် အမှန်တကယ် ကျဆုံးသွားခဲ့ပါသလော။
“ကောင်လေး.. မင်းက တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ”
အရှင်ဇူရီက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် မချိပြုံး ပြုံးကာ ခေါင်းခါရမ်းလိုက်သည်။
လုချန်ချင်းနှင့် ပတ်သက်၍ အရှင်ဇူရီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ အတွင်း အကြိမ်ပေါင်းများစွာ ထိပ်တိုက် ရင်ဆိုင်ဖူး၍ ကောင်းစွာ သိထားခဲ့သည်။
လုချန်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ဝါရင့် ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူး၍ အခြေခံ ခိုင်မာတောင့်တင်းရုံသာမက ဟန်ယွင်အဆင့် ကိုယ်ပွား တစ်ခုကိုပါ ပျိုးထောင်ထားနိုင်သူ ဖြစ်သည်။
သူက လုရှောင်ချင်း၏ အကူအညီဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ အရင်းအမြစ် တချို့ကို အသုံးပြုပြီး သူ၏ စွမ်းအားကို အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်ထားနိုင်ခဲ့သည့်တိုင် လုချန်ချင်းကို ဖိနှိပ်ရုံသာ တတ်နိုင်ခဲ့ပြီး သတ်ပစ်ရန်မှာမူ လုံးဝ မလွယ်ကူပေ။
အရှင်ဇူရီသည် ထိုအချိန်က အဖြစ်အပျက်ကို အထင်အရှား မှတ်မိနေဆဲ ဖြစ်၏။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက တိုက်ပွဲတွင် ကျန်းချန်သည် လုချန်ချင်း၏ ကိုယ်ပွားနှင့် ရင်ဆိုင်ရစဥ်တွင် အရှက်တကွဲ ထွက်ပြေးခဲ့ရသော်လည်း ယခု ပြန်ရောက်လာသည့် အခါတွင်မူ လုချန်ချင်း၏ မူလ ခန္ဓာကိုယ်ကိုပင် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုကောင်လေး၏ တိုးတက်မှုနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
“ရှောင်ချင်း.. အခု ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ပျက်စီးသွားပြီဆိုတော့ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ပဲ ကျန်တော့တယ်...အချိန်ဆွဲမနေဘဲ ပြန်လည်မွေးဖွားခြင်းအင်မော်တယ်နန်းတော်ကိုပါ အမြစ်ပြတ်ရှင်းပစ်လိုက်ကြရအောင်.. ဒါမှပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်က ပြန်ပြီး ထိန်းချုပ်နိုင်လိမ့်မယ်”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ လုရှောင်ချင်းကို တိုက်ရိုက်ပင် အကြံပြုလိုက်သည်။
“အစ်ကိုကျန်းချန်...ကျွန်မတို့တွေ ပြန်လည်မွေးဖွားခြင်းအင်မော်တယ်နန်းတော်ကို သွားဖို့ လိုအပ်တာ မှန်ပေမဲ့ ဖျက်ဆီးဖို့တော့ မလွယ်ကူလောက်ဘူး”
လုရှောင်ချင်းက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
“အစ်ကိုကျန်းချန်က ထာဝရစိမ်းလန်းသောအင်မော်တယ်နန်းတော်ကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ အရှင်ဖြူမဲက ကောင်းကင်ကံကြမ္မာကို ကြိုတင်တွက်ချက်မိသွားပုံရတယ်.. ဒါကြောင့် သူတို့တွေ အစောကြီး ကတည်းက ထွက်ပြေးသွားလောက်ပြီ.. အဲဒီ မြေခွေးအိုကြီးကို ဖမ်းမိဖို့က မလွယ်လောက်တော့ဘူး”
တကယ့် အဖြစ်မှန်ကလည်း လုရှောင်ချင်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
သူတို့လူစု ပြန်လည် မွေးဖွားခြင်း အင်မော်တယ်နန်းတော်သို့ ရောက်ရှိသောအခါတွင် ထိုနေရာသည် ဟာလာဟင်းလင်း ဖြစ်နေခဲ့ချေပြီ။
အရှင်ဖြူမဲသည် အနာဂတ်ကို ကြိုတင်မြင်နိုင်သည့် နိမိတ်ဟောဆရာ တစ်ဦး ကဲ့သို့ပင် သူ့လူများကို ခေါ်ဆောင်ကာ အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
“ရှောင်ချင်း.. မင်းရဲ့ခန့်မှန်းချက်က တကယ်မှန်တာပဲ.. လက်စသတ်တော့ အဲဒီအဘိုးကြီးမှာ ကောင်းကင် ကံကြမ္မာကို ကြိုတင်တွက်ချက်နိုင်တဲ့ စွမ်းရည်ရှိနေတာကိုး”
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ကျန်းချန်က စိတ်ထဲကနေ ခေါင်းခါရမ်းလိုက်သည်။
အကယ်၍ ဤအတိုင်းသာဆိုလျှင် အရှင်ဖြူမဲနှင့် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ကို အမြစ်ပြတ် ရှင်းလင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
လုရှောင်ချင်းက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ အစ်ကိုကျန်းချန်.. ကျွန်မ သူ့ကို တွေ့အောင်ရှာနိုင်မှာပါ”
ယခု ကျန်းချန် ပြန်လည်ရောက်ရှိလာခြင်းကြောင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အကျပ်အတည်းသည် ယာယီအားဖြင့် ပြေလည်သွားခဲ့ပြီ ဖြစ်ရာ သူမအတွက် ကျင့်ကြံအားထုတ်ရန်နှင့် ခွန်အား ပြန်လည်ဖြည့်တင်းရန် အချိန်အနည်းငယ် ရရှိသွားခဲ့သည်။
အရှင်ဖြူမဲတတ်မြောက်ထားသည့် ကောင်းကင်ကံကြမ္မာတွက်ချက်ခြင်း နည်းလမ်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်မှ လာခြင်း ဖြစ်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်က နောက်တစ်ဆင့်သို့ ထိုးဖောက်ပြီး ဟန်ယွင်အဆင့်ကို ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အရှင်ဖြူမဲ၏ နည်းလမ်းများကို ချေဖျက်နိုင်လိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် အရှင်ဖြူမဲသည် ကမ္ဘာမြေအဆုံးအထိ ပုန်းရှောင်နေပါစေ၊ သူမက သေချာပေါက် ရှာဖွေနိုင်ပေလိမ့်မည်။
လုရှောင်ချင်းတို့ လူစုသည် အရှင်ဖြူမဲတို့ မယူဆောင်သွားနိုင်ဘဲ ကျန်ရစ်ခဲ့သည့် အရင်းအမြစ် မှန်သမျှကို သိမ်းယူလိုက်ပြီးနောက် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သို့ ပြန်လာခဲ့ကြသည်။
ကျန်းချန်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၌ ယာယီ နေထိုင်ပြီး ဟန်ယွင်အဆင့်ကို ထိုးဖောက်ရန် အတွက် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် အချိန်တစ်ခုကြာ ကျင့်ကြံအားထုတ်ဖို့ စီစဥ်ခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့် ဟန်ယွင်အဆင့် ကျင့်ကြံသူများကို ယှဥ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ဟန်ယွင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များကို ရင်ဆိုင်ရာတွင်မူ အနည်းငယ် ခက်ခဲနေဆဲ ဖြစ်၏။
အကယ်၍ သူသာ ဟန်ယွင်အဆင့်ကို ထိုးဖောက်နိုင်မည် ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆများစွာ တိုးတက်သွားပေလိမ့်မည် မဟုတ်ပါလား။
သူ၏ နောက်ခံဖြင့်ဆိုလျှင် ဟန်ယွင်အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဟန်ယွင်အဆင့်တွင် ပြိုင်ဘက်ကင်း မဖြစ်နိုင်သေးလျှင်ပင် သူ့ကို ယှဥ်နိုင်သူမှာ အလွန်တရာ နည်းပါးသွားပေလိမ့်မည်။
ဆိုရလျှင် သူသာ ဟန်ယွင်အဆင့်ကို ချိုးဖြတ်နိုင်ခဲ့လျှင် အင်မော်တယ်ဘုရင် အဆင့်အောက်၌ သူ့ကို ခြိမ်းခြောက်နိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။
--------------------
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ တိတ်ဆိတ်သော ခန်းမဆောင် တစ်ခုအတွင်း၌ ကျန်းချန်သည် ခန်းမ၏ အလယ်ဗဟိုတွင် တင်ပျဥ်ခွေ၍ ထိုင်နေရင်း ကျင့်ကြံရန် ပြင်ဆင်နေခဲ့သည်။
“အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တိုးတက်လာပြီ ဆိုတော့ အချိန်မျှော်စင်ရဲ့ ပိုမြင့်တဲ့ အထပ်ကို ဖွင့်နိုင်လောက်ပြီထင်တယ်”
သူ၏ စွမ်းအားများ တိုးတက်လာပြီးနောက်တွင် အချိန်မျှော်စင် အတွင်းသို့ ဝင်ရောက် စစ်ဆေးခြင်း မပြုရသေးသည်ကို သတိရမိကာ ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့ပြီး အချိန်မျှော်စင်ကို ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။
အချိန်မျှော်စင်သည် အင်မော်တယ်ကျောက်တိုင်ထက် မနိမ့်ကျသည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အင်မော်တယ်ရတနာတစ်ပါး ဖြစ်သည်။
အချိန်မျှော်စင်၏ အထပ်များကို ဖွင့်လှစ်သည့် အချိန်တိုင်းတွင် အချိန်မျှော်စင်သည် ကျန်းချန်ကို အမြဲတစေ အံ့အားသင့်စေခဲ့သည်။
ပထမထပ်တွင်မူ အချိန်စီးဆင်းမှုနှုန်း ဆယ်ဆဖြစ်ပြီး ဒုတိယထပ်တွင် အချိန်စီးဆင်းမှုနှုန်း အဆ ၁၀၀ ဖြစ်ကာ တတိယထပ်တွင်မူ ဧကရာဇ်အဆင့် နည်းစနစ် ရှိနေခဲ့သည်။
ယင်းသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တစ်ချက်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ စိတ်အာရုံကို တိုက်ရိုက်ပင် စုစည်းကာ အချိန်မျှော်စင် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
အခန်း(၂၉၉၁)ပြီး၏။