အခန်း ၂၉၉၂
Vol. 240 Ch. 2992
အခန်း(၂၉၉၂)
ကျန်းချန်က အချိန်မျှော်စင်အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် မည်သည့် အတားအဆီးကိုမျှ မကြုံတွေ့ရဘဲ အချိန်မျှော်စင်၏ စတုတ္ထထပ်သို့ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့သည်။
အချိန်မျှော်စင်၏ စတုတ္ထထပ်သည် တတိယထပ်နှင့် များစွာ ကွာခြားမှု မရှိပေ။
တတိယထပ်တွင် ကျောက်တိုင်တစ်တိုင် ရှိနေခဲ့သည်။
ထိုကျောက်တိုင်ပေါ်တွင်မူာလက်တစ်ဝါးစာ အရွယ်အစားခန့်ရှိပြီး ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်နေသည့် ရှေးဟောင်း စာအုပ်တစ်အုပ် ရှိနေခဲ့၏။
ထိုရှေးဟောင်းစာအုပ်သည် စတုတ္ထထပ်၏ အဓိကအရာဖြစ်သည်မှာ ထင်ရှား၏။
“ဒီစာအုပ်က ဘာစာအုပ်လည်း မသိဘူး”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း ကျန်းချန် အသေအချာ ခန့်မှန်းနိုင်သည့် အရာတစ်ခုမှာ အချိန်မျှော်စင်၏ စတုတ္ထထပ်တွင် သိမ်းဆည်းထားသော အရာသည် တတိယထပ်ရှိ ဧကရာဇ်အဆင့် နည်းစနစ်ထက် မည်သို့မျှ နိမ့်ကျလိမ့်မည် မဟုတ်ခြင်းပင်။
ကျန်းချန်က စူးစမ်းသောအမူအရာဖြင့် ကျောက်တိုင် ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
ကျောက်တိုင်၏ အနီးသို့ ရောက်သည်နှင့် စာအုပ်မျက်နှာဖုံး ပေါ်ရှိ ရှေးဟောင်း စာလုံးများသည် ကျန်းချန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
“ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်”
စာအုပ်မျက်နှာဖုံးမှ စာသားကြောင့် ကျန်းချန် မှင်တက်နေသောအချိန်မှာပင် အင်မော်တယ်ကျောက်တိုင် ဝိညာဥ်၏ တအံ့တဩ ရေရွတ်လိုက်သော စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အချိန်မျှော်စင်ရဲ့ ပိုင်ရှင် ရရှိထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်က စိတ်လှုပ်ရှားသွားခဲ့သည်။
“စီနီယာက ဒီကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို သိနေတာလား”
“ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်က ရှေးခေတ်ကာလက အင်မော်တယ်လောကမှာ အတော်လေး ကျော်ကြားခဲ့တဲ့ ဧကရာဇ်အဆင့် ရတနာတစ်ပါးပဲ.. ဒီအင်မော်တယ်ရတနာရဲ့ ပိုင်ရှင်က အဲဒီခေတ်က ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို ချိတ်ပိတ်ဖို့အတွက် ဒီစာအုပ်ကို အသုံးပြုခဲ့တယ်.. မင်းသာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထိန်းချုပ်နိုင်မယ် ဆိုရင် အထဲမှာ ချိတ်ပိတ်ထားတဲ့ ရှေးဟောင်းသားရဲတွေကို တိုက်ပွဲအတွက် ဆင့်ခေါ်နိုင်လိမ့်မယ်.. ရှေးဟောင်းသားရဲကြီး ဆယ်ကောင်စလုံးကို ဆင့်ခေါ်နိုင်ရင် အင်မော်တယ်ဧကရာဇ်အဆင့်နဲ့ ယှဥ်ပြိုင်ဖို့တောင် လုံလောက်တယ်.. နှမြောဖို့ကောင်းတာက ဒီနေရာမှာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ပဲ ရှိပြီး ဒီအင်မော်တယ်စာအုပ်ကို ထိန်းချုပ်ဖို့ အတွက် ကျင့်စဥ် ရှိမနေဘူး”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က နှမြောတသ လေသံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည်လည်း အနည်းငယ် နှမြောသွားမိသည်။
ဤကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်သည် အလွန်အမင်း အဖိုးမဖြတ်နိုင်သည့် ဧကရာဇ်အဆင့် ရတနာတစ်ပါး ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ထိုစာအုပ်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်း ရှိမနေခဲ့ချေ။
အကယ်၍ သူသာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထိန်းချုပ်ပြီး ရှေးဟောင်းသားရဲကြီး ဆယ်ကောင်ကို တိုက်ပွဲဝင်ရန် ဆင့်ခေါ်နိုင်ခဲ့လျှင် အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူ ကွယ်ပျောက်နေသည့် ခေတ်ကာလတွင် အထွတ်အထိပ်၌ ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူ့အနေဖြင့် တွေးရုံသာ တတ်နိုင်ခဲ့သည်။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထိန်းချုပ်ရန် ကျင့်စဥ်မရှိဘဲ ထိုစာအုပ်သည် လောလောဆယ်တွင် သူ့အတွက် များစွာ အထောက်အကူပြုလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်ပြီး အချိန်မျှော်စင်၏ ပဉ္စမထပ်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အချိန်မျှော်စင်ရဲ့ ပဉ္စမထပ်ကို ဝင်နိုင်မလား မသိဘူး”
ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် တွေးတောနေမိသည်။
အချိန်မျှော်စင်တွင် စုစုပေါင်း ခုနစ်ထပ် ရှိသည်။
အကယ်၍ အဆင့်တစ်ဆင့်ကို မြှင့်တင်နိုင်မှသာ အထပ်တစ်ထပ်ကို ဖွင့်လှစ်နိုင်သည် ဟူသော စည်းမျဥ်းအတိုင်း ဆိုလျှင် သူ့အနေဖြင့်အင်မော်တယ်ဧကရာဇ် အဆင့်သို့ ရောက်ရှိလျှင်ပင် ဆဋ္ဌမထပ် အထိသာ ဖွင့်လှစ်နိုင်ပေလိမ့်မည်။
ယင်းက သဘာဝမကျသည်မှာ ထင်ရှားနေခဲ့၏။
ဆိုရလျှင် သူ၏ လက်ရှိခွန်အားဖြင့် အချိန်မျှော်စင်၏ ပဉ္စမထပ်ကို ဖွင့်လှစ်နိုင်ခြေ ရှိနေလောက်သည်။
ကျန်းချန်က စမ်းသပ်လိုသော စိတ်ဖြင့် အချိန်မျှော်စင်၏ ပဉ္စမထပ် ဝင်ပေါက် ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
အချက်အလက်က ကျန်းချန် ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။
သူ၏ လက်ရှိ ခွန်အားကြောင့် အချိန်မျှော်စင် ပဉ္စမထပ်မှ အတားအဆီးသည် သူ့ကို ဟန့်တားခြင်း မရှိခဲ့ပေ။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် အချိန်မျှော်စင်၏ ပဉ္စမထပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။
ပဉ္စမထပ်၏ အခြေအနေက စတုတ္ထအထပ်နှင့် ထပ်တူနီးပါးပင် ဖြစ်သည်။
ထိုနေရာတွင်လည်း ကျောက်တိုင်တစ်ခု ရှိနေဆဲ ဖြစ်ပြီး ကျောက်တိုင်ပေါ်တွင် ထူထဲသော ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် ရှေးဟောင်းစာအုပ် တစ်အုပ် ရှိနေခဲ့သည်။
“ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး”
ရှေးဟောင်းစာအုပ် မျက်နှာဖုံးပေါ်မှ စာသားများက သူ၏ မြင်ကွင်း ထဲသို့ ဝင်ရောက်လာခဲ့သည်။
စာအုပ်အမည်ကို ကြည့်ခြင်းဖြင့်ပင် ယင်းသည် ဧကရာဇ်အဆင့် ကျင့်စဥ်တစ်ခု ဖြစ်သည်မှာ ထင်ရှား၏။
ဤကျင့်စဥ်က မည်ကဲ့သို့သော ဧကရာဇ်အဆင့် ကျင့်စဥ်မှန်း သူ မသိသော်လည်း အချိန်မျှော်စင်၏ ပိုင်ရှင်သည် ပဉ္စမထပ်တွင် သိမ်းဆည်းထားခဲ့သည်။
ကျန်းချန်က စာအုပ်ကို လှမ်းယူလိုက်ပြီး စာအုပ်ပေါ်မှ ဖုန့်မှုန်များကို သုတ်လိုက်ပြီးနောက်တွင် စစ်ဆေးရန်အတွက် စာအုပ်ကို ဖွင့်လိုက်သည်။
စာအုပ်ထဲမှ အကြောင်းအရာများကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အလွန်အမင်း ဝမ်းသာသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
အချိန်မျှော်စင်၏ ပဉ္စမထပ်တွင် သိမ်းဆည်းထားသော ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်သည် အမှန်စင်စစ်အားဖြင့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထိန်းချုပ်ရန် အတွက် ကျင့်စဥ်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်တွင် ကျင့်စဥ်ဆယ်ခု ရှိသည်။
ကျင့်စဥ် တစ်ခုချင်းစီသည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲမှ ရှေးဟောင်းသားရဲကြီးများ အနက်မှ တစ်ကောင်ကို ကောင်းစွာ ထိန်းချုပ်နိုင်၏။
“တွေ့မယ်တွေ့တော့လည်း ဘာမှတောင် အားစိုက်စရာမလိုလိုက်ဘူး”
ကျန်းချန်က စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ကို ယူဆောင်ကာ အချိန်မျှော်စင်၏ ဒုတိယထပ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
သူက ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ကို နားလည်သဘောပေါက်ရန် အတွက် ဒုတိယထပ်၏ အဆ ၁၀၀ အချိန်စီးဆင်းမှုနှုန်းကို အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။
ဆိုရလျှင် ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်မှ နည်းစနစ် တစ်ခုကိုသာ ကျင့်ကြံနိုင်ခဲ့လျှင်ပင် သူ့အနေဖြင့် အင်မော်တယ်ဘုရင်အဆင့်စွမ်းအားနှင့်ယှဥ်နိုင်သော ရှေးဟောင်းသားရဲတစ်ကောင်ကို ကောင်းကင်ချိတ်ပိတ်အင်မော်တယ် စာအုပ်ကနေ ဆင့်ခေါ်နိုင်မည် ဖြစ်၏။
အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ထဲမှ ပထမဆုံး ကျင့်စဥ်ကို ဖွင့်လှစ်လိုက်သည်။
ဤကျင့်စဥ်သည် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲရှိ ရှေးဟောင်းသားရဲကြီး ဆယ်ကောင်အနက် တစ်ကောင်ဖြစ်သော မိုးကြိုးနွားကို ဆင့်ခေါ်နိုင်မည် ဖြစ်သည်။
မိုးကြိုးနွားဆိုသည်မှာ ရှေးခေတ်ကာလက မွေးဖွားခဲ့သော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင် ဖြစ်ပြီး နွားနှင့် ဆင်တူကာ ပြာလုလု ခန္ဓာကိုယ်ရှိပြီး ဦးခေါင်းပေါ်တွင် ဦးချိုမရှိချေ။
၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မိုးကြိုးမုန်တိုင်းများ ကျဆင်းလာလေ့ ရှိသည်။
မိုးကြိုးနွား၏ ဟိန်းဟောက်သံသည် မိုးခြိမ်းသံနှင့် တူပြီး အလွန်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်း၏။
အင်မော်တယ်ဘုရင်အဆင့် အောက်မှ သူများသည် မိုးကြိုးနွား၏ ခြိမ်းခြောက်သံကို တစ်ကြိမ်မျှ ကြားရုံဖြင့်ပင် ဒွါရခုနှစ်ပေါက်မှ သွေးများ ယိုစိမ့်ကာ သေဆုံးသွားရပေလိမ့်မည်။
ကျန်းချန်က စာအုပ်ထဲတွင် စိတ်နှစ်လိုက်ပြီး အဆ ၁၀၀ နားလည် သဘောပေါက်မှုကို လှုံ့ဆော်ကာ အချိန်မျှော်စင်၏ ဒုတိယထပ်တွင် ထိုကျင့်စဥ်ကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေခဲ့သည်။
-------------------
ကျန်းချန်က ကောင်းကင်ထိန်းချုပ်ခြင်း နည်းစနစ်ဆယ်မျိုး ကျင့်စဥ်ကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ မှောင်မိုက်သောချိုင့်ဝှမ်းတစ်ခု အတွင်း၌ ပုံရိပ်တစ်ခုသည် ရုတ်တရက် ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ချိုင့်ဝှမ်း၏ အထက်သို့ ဆင်းသက်လာခဲ့သည်။
ထိုပုံရိပ်သည် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်ကနေ ပျောက်ကွယ်သွားခဲ့သည့် အရှင်ဖြူမဲမှ လွဲ၍ တခြားသူ မဟုတ်ပေ။
ထို့နေ့က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ ထွက်ခွာလာပြီးနောက်တွင် အရှင်ဖြူမဲသည် ဘေးကင်းစေရန်အတွက် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်မှ လူများကို ဦးဆောင်၍ ပြတ်ပြတ်သားသားပင် ဆုတ်ခွာသွားခဲ့သည်။
အချက်အလက်များက သူ၏ တွက်ချက်မှု မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
သိပ်မကြာမီမှာပင် သူက ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော် ပျက်စီးသွားရုံတင် မကဘဲ ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်သို့ ပြန်သွားခဲ့သော လုချန်ချင်း ပင်လျှင် သေဆုံသွားခဲ့သည် ဟူသောသတင်းကို ရရှိခဲ့၏။
အရှင်ဖြူမဲသည် ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်မှ လူများကို လုံခြုံစွာ ပုန်းအောင်းနိုင်ရန် စီစဥ်ပေးပြီးနောက်တွင် ဤချိုင့်ဝှမ်းဆီသို့ သူတစ်ဦးတည်း ရောက်ရှိလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ နည်းလမ်းများဖြင့် ဆိုလျှင် သူ့ကို ရှာဖွေရန် နည်းလမ်း သေချာပေါက်ရှိကြောင်း ကောင်းစွာ သိရှိနေသောကြောင့်ပင်။
ထိုအချက်ကြောင့် အရှင်ဖြူမဲသည် ဒီအတိုင်း ထိုင်ပြီး သေဆုံးရမည့်ရက်ကို စောင့်ဆိုင်းနေရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူ့ရှေ့တွင် ရှိသော ချိုင့်ဝှမ်းသည် ယခင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့် နာမည်ကျော် အင်မော်တယ်ဘုရင် တစ်ပါးကို ဖမ်းချုပ်ထားသည့် နေရာ ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ် ဘုရင် ကိုယ်တိုင် ထိုအင်မော်တယ် ဘုရင်ကို ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အရှင်ဖြူမဲသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် ရှိစဥ်က ဤချိတ်ပိတ်မှုကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ဖူးပြီး ချိတ်ပိတ်မှုကို မည်ကဲ့သို့ ဖျက်ဆီးရမှန်း ကောင်းစွာ သိရှိခဲ့သည်။
ယခုအခါ ပြန်လည်မွေးဖွားခြင်း အင်မော်တယ်နန်းတော်သည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေသဖြင့် အရှင်ဖြူမဲသည် ဤနေရာသို့ မလာဘဲ မနေနိုင်ခဲ့ချေ။
သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရန်အတွက် ချိုင့်ဝှမ်းအတွင်း၌ ချိတ်ပိတ်ခံထားရသော အင်မော်တယ်ဘုရင် နှင့် ညှိနှိုင်းရန် ရည်ရွယ်ထားခဲ့၏။
အရှင်ဖြူမဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်သည် ချိုင့်ဝှမ်းအထက်တွင် ရုပ်တု တစ်ခုကဲ့သို့ တောင့်တောင့်ကြီး ရပ်တန့်သွားခဲ့၏။
သို့သော်လည်း သူ၏ စိတ်အာရုံကမူ ချိုင့်ဝှမ်း၏ ချိတ်ပိတ်မှုကို ချက်ချင်းဆိုသလိုပင် ဖြတ်ကျော်သွားခဲ့ပြီး ချိုင့်ဝှမ်းအတွင်းရှိ နေရာလွတ် ဟင်းလင်းပြင် တစ်ခုတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
အခန်း(၂၉၉၂)ပြီး၏။