အခန်း ၂၉၉၄
Vol. 240 Ch. 2994
အခန်(၂၉၉၄)
သူ၏ တိုက်ကွက် ချေဖျက်ခံလိုက်ရသောကြောင့် အင်မော်တယ်ဘုရင် ဟွမ်ချွမ်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှာ ငါ့ရဲ့တိုက်ကွက်ကို ချေဖျက်နိုင်တဲ့သူ ရှိနေသေးတာပဲ.. ထွက်လာခဲ့စမ်း”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်၏ စကားဆုံးသည်နှင့် အရှင်ဇူရီသည် ဟင်းလင်းပြင်ထဲကနေ ပေါ်ထွက်လာခဲ့သည်။
“မင်းက ဘယ်ဆိုးလို့လဲ.. အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကိုတောင် ထိတွေ့နိုင်ခဲ့ပြီပဲ.. မင်းကိုသာ အချိန်နည်းနည်းလောက် ထပ်ပေးလိုက်မယ် ဆိုရင် မင်းက သေချာပေါက် အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က အရှင်ဇူရီကို စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အရှင်ဇူရီက အင်မော်တယ်ဘုရင် ဟွမ်ချွမ်ကို လေးနက်စွာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။
“တစ်ချိန်ကတော့ အရှင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ နှိမ်နင်းခြင်းကိုခံခဲ့ရတယ်.. အခု အချုပ်အနှောင်က လွတ်မြောက်သွားပြီဆိုတော့ လက်ရှိ အခိုက်အတန့်ကို တန်ဖိုးထားသင့်ပါတယ်.. ကိုယ့်သေလမ်း ကိုယ်မရှာချင်ပါနဲ့”
“ဟားဟား ရယ်စရာပဲ”
အင်မော်တယ်ဘုရင် ဟွမ်ချွမ်က မာနထောင်လွှားစွာ ရယ်မောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျဆုံးသွားပြီ ဆိုတော့ ဒီထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှာ ဒီဘုရင်ကို ဘယ်သူ တားဆီးနိုင်မှာလဲ.. မင်းတစ်ယောက်တည်းနဲ့တော့ ဒီဘုရင်ရဲ့ရှေ့မှောက်မှာ မောက်မာဖို့ အရည်အချင်းမရှိသေးဘူး”
“သူက အရည်အချင်းမရှိသေးဘူး ဆိုရင် ကျွန်တော့်ကိုပါ ထည့်တွက်လိုက်ပါ”
ထိုအခိုက်အတန့်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အောက်ဘက်ကနေ စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး အရှင်ဇူရီ၏ နံဘေးတွင် ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က ကျန်းချန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ပါရမီက ဘယ်ဆိုးလို့လဲ...ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ရဲ့ ဆက်ခံသူထက်လည်း မနိမ့်ကျဘူး.. ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းက ဟန်ယွင်အင်မော်တယ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာပဲ.. ဒီအဆင့်လောက်က ဒီဘုရင်ရဲ့ရှေ့မှာ ဘာမှပြောပလောက်စရာ မဟုတ်ဘူး”
“စီနီယာ...သူတို့နဲ့ အပိုစကားတွေ ပြောမနေပါနဲ့တော့.. အချိန်ကြန့်ကြာနေရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”
ထိုအခိုက်အတန့်တွင် အရှင်ဖြူမဲ၏ ပုံရိပ်သည် အဝေးရှိကောင်းကင်ယံကနေ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
လုရှောင်ချင်းက အရှင်ဖြူမဲကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားခဲ့သည်။
“အရှင်ဖြူမဲ.. အင်မော်တယ်ဘုရင်ဟွမ်ချွမ် လွတ်မြောက်လာတာက ရှင်နဲ့ တကယ်ပဲ ပတ်သက်နေတာကိုး”
“သိပ်မှန်တာပေါ့.. အင်မော်တယ်ဘုရင် ဟွမ်ချွမ်ကို လွှတ်ပေးခဲ့တာ ငါပဲ”
အရှင်ဖြူမဲက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို သစ္စာဖောက်ခဲ့တုန်းက ဒီလိုအခြေအနေမျိုး မတော်တဆ ရောက်လာခဲ့ရင် ဆိုပြီး အင်မော်တယ်ဘုရင်ဟွမ်ချွမ်နဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို ငါ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီကနေ ယူဆောင်လာခဲ့တယ်”
လုရှောင်ချင်းက အေးစက်စက် ပြောလိုက်သည်။
“အရှင်ဖြူမဲ.. အင်မော်တယ်ဘုရင်ဟွမ်ချွမ်က ဘယ်လိုလူစားမျိုးလဲဆိုတာ ရှင်ကောင်းကောင်းကြီး သိပါတယ်...ရှင် သူနဲ့ပူးပေါင်းတာက ကျားဆီက အရေခွံကို တောင်းခံနေတာနဲ့ အတူတူပဲ.. ရှင့်မှာ ကောင်းမွန်တဲ့ အဆုံးသတ် ရှိလာမှာ မဟုတ်ဘူး”
အရှင်ဖြူမဲက နှာခေါင်းရှုံ့၍ တုံ့ပြန်ပြောဆိုလိုက်သည်။
“အဲဒါတွေကို မင်းစိုးရိမ်ပေးနေဖို့ မလိုဘူး.. မင်းတို့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်က ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်ဘဲ ငါ့အတွက် စိုးရိမ်ပေးဖို့ စိတ်ကူးနေသေးတာလား”
လုရှောင်ချင်းက အရှင်ဖြူမဲနှင့် အဓိပ္ပာယ်မရှိသော စကားများကို မပြောဆိုချင်တော့သဖြင့် ဟင်းလင်းပြင်ရှိ ကျန်းချန် ရှိရာဆီသို့ တိုက်ရိုက်ပင် လှမ်းကြည့်လိုက်သည်။
“ရှောင်ချင်းလေး စိတ်မပူပါနဲ့.. ငါ ကျန်းချန်က ကျင့်ကြံခြင်းလမ်းစဥ် တစ်လျှောက်လုံးမှာ ဘယ်လိုမုန်တိုင်းမျိုးကို မဆို ကြုံတွေ့ခဲ့ဖူးပြီးသားပါ”
လုရှောင်ချင်း၏ စိုးရိမ်ပူပန်မှုကို ခံစားမိလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“ဒီကောင်က ဒဏ်ရာအပြင်းအထန် ရထားတဲ့ အင်မော်တယ်ဝိညာဥ် ဆိုတာ အသာထား.. သူ့ရဲ့ အထွတ်အထိပ် အခြေအနေကလို ဖြစ်နေရင်တောင် ငါသူ့ကို နှိမ်နင်းနိုင်ပါတယ်”
“တကယ့်ကို လေလုံးထွားလွန်းတဲ့ ကောင်လေးပဲ”
အင်မော်တယ်ဘုရင်ဟွမ်ချွမ်က ဒေါသတကြီး ရေရွတ်လိုက်သည်။
“ကောင်းပြီလေ.. ဒီလိုဆိုမှတော့ မင်းကို တိုက်ခိုက်ဖို့အခွင့်အရေး ပေးမယ် ဒီဘုရင်က မင်း ဘယ်လိုမျိုး ဒီဘုရင်ကို နှိမ်နင်းမလဲ ဆိုတာ ကြည့်ချင်သေးတယ်”
ကျန်းချန်က အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ စကားကိုလျစ်လျူရှုလိုက်ပြီး အရှင်ဇူရီကို ပြုံး၍ ပြောလိုက်သည်။
“စီနီယာဇူရီ နောက်ဆုတ်လိုက်ပါ.. ဒီနေရာကို ကျွန်တော်နဲ့ပဲလွှဲထားလိုက်တော့”
“ကောင်လေး.. သတိမပေါ့မိစေနဲ့”
အရှင်ဇူရီက တစ်ခဏမျှ တွေဝေနေပြီးမှ အဆုံးသတ်တွင် လုရှောင်ချင်းတို့ ဆီသို့ ပြန်သွားခဲ့သည်။
အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် အလွန်အမင်း အစွမ်းထက်သော်လည်း အရှင်ဇူရီသည် ကျန်းချန်နှင့် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ဖူးသဖြင့် ကျန်းချန်၏ စရိုက်ကို ကောင်းစွာ သိရှိထားသည်။
ကျန်းချန်က ထိုသို့ ပြောဝံ့သည် ဆိုကတည်းက ကျန်းချန် ထံ၌ အင်မော်တယ်ဘုရင် ဟွမ်ချွမ်ကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်း တစ်စုံတစ်ရာ ရှိနေလောက်၏။
“အင်မော်တယ်ဘုရင် ဟွမ်ချွမ်.. ခင်ဗျား သေချင်နေမှတော့ ခင်ဗျားဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးရသေးတာပေါ့”
ကျန်းချန်က ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းအရှိန်အဝါများ ဖြာထွက်နေသည့် ရွှေရောင် ရှေးဟောင်းစာအုပ် တစ်အုပ်သည် သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။
ထိုရွှေရောင်ရှေးဟောင်းစာအုပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ဘုရင် ဟွမ်ချွမ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရွှေရောင်ရှေးဟောင်းစာအုပ်က အနည်းဆုံး နှစ်ပေါင်းများစွာတိုင် လက်ဆင့်ကမ်းလာခဲ့သည့် အင်မော်တယ်ဘုရင် အဆင့် ရတနာတစ်ပါး ဖြစ်နိုင်ကြောင်း သူခံစားမိလိုက်သည်။
သို့သော်လည်း အင်မော်တယ်ဘုရင်ဟွမ်ချွမ်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပေ။
အဆုံးသတ်တွင် ထိုကောင်လေးသည် ဟန်ယွင်အင်မော်တယ်တစ်ပိုင်းအဆင့်သာ ဖြစ်ပြီး စစ်မှန်သော ဟန်ယွင်အဆင့်သို့ပင် မရောက်ရှိသေးချေ။
ထို့ကြောင့် ဤသည်က အင်မော်တယ်ဘုရင်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေစေကာမူ သူ့ကို မည်သို့မျှ ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင် ဟွမ်ချွမ်က လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ ကျန်းချန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်သည်။
“ကောင်လေး.. ဒါက မင်းရဲ့ဝှက်ဖဲ ဆိုရင်တော့ မင်း ဒီနေ့ ဒီနေရာမှာ အဆုံးသတ်ရလိမ့်မယ် ထင်တယ်”
“တကယ်လား.. ခင်ဗျား ခဏနေ ကျရင်လည်း ဒီစကားကို ပြောနိုင်သေးဖို့ ကျုပ်မျှော်လင့်ပါတယ်”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ရှေးဟောင်း ရွှေရောင်စာအုပ်၏ အထက်တွင် ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် စာအုပ်၏ ပထမဆုံး စာမျက်နှာသည် အဆုံးသတ်၌ ပွင့်လာခဲ့ပြီး ရှေးဟောင်းတောရိုင်းမြေမှ လာဟန်တူသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ အေးစက်စက် အော်ဟစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ရှေးဟောင်းသားရဲမိုးကြိုးနွား.. မင်း ဘယ်အချိန်အထိ ပေါ်မလာဘဲ စောင့်နေဦးမှာလဲ”
“ဝုန်း..”
ရွှေရောင်ရှေးဟောင်းစာအုပ် ထဲကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် တောက်ပသောအပြာရောင် အလင်းတန်း တစ်ခုသည် စာအုပ်ထဲကနေ ကောင်းကင်ယံထက်သို့ ရုတ်တရက် မြင့်တက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင်မူ အလွန်ကြီးမားသော အပြာရောင်ပုံရိပ် တစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
အပြာရောင်သားရဲကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် မူလကကြည်လင်နေသော ကောင်းကင်ကြီးသည် ချက်ချင်းဆိုသလိုပင် နက်မှောင်သော တိမ်တိုက်များ၊ လျှပ်စီးများ၊မိုးခြိမ်းသံများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြီးသည် ရေကာတာ ပွင့်ထွက်သွားသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာခဲ့သည်။
ဤအခိုက်အတန့်တွင် အနီးအနားရှိ ဟန်ယွင်အင်မော်တယ်အားလုံး ပင်လျှင် အပြာရောင်သားရဲကြီး၏ အရှိန်အဝါဖိအားအောက်တွင် အသက်ရှူရကျပ်သလို ခံစားလိုက်ရသည်။
“ဒီကောင်လေးမှာ ဒီလို ဝှက်ဖဲမျိုးတောင် ရှိနေတာလား.. သူဆင့်ခေါ်လိုက်တဲ့ အနှိုင်းမဲ့ သားရဲကြီးက အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်နဲ့ ယှဥ်ပြိုင်နိုင်တဲ့ ခွန်အားမျိုး ရှိလောက်တယ်”
အရှင်ဇူရီက ခါးသီးစွာ ပြုံးလိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။
အင်မော်တယ်ဘုရင်အဆင့် သားရဲကြီးကို တိုက်ခိုက်ရန်အတွက် ဆင့်ခေါ်နိုင်သော အင်မော်တယ် ရတနာတစ်ပါး။
ဤရွှေရောင် ရှေးဟောင်းစာအုပ်သည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ရတနာတစ်ပါး ဖြစ်နိုင်ခြေ အလွန် ရှိ၏။
သူ့တို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် လုရှောင်ချင်းတို့ လူစုသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြပေ။
ကျန်းချန် ဆင့်ခေါ်လိုက်သော အနှိုင်းမဲ့သားရဲကြီးဖြင့် ဆိုလျှင် သူတို့သည် ယနေ့တွင် အင်မော်တယ်ဘုရင်ဟွမ်ချွမ်ကို တားမြစ်ရန် မျှော်လင့်ချက် ရှိလာခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် ကျန်းချန် ဆင့်ခေါ်လိုက်သော အနှိုင်းမဲ့သားရဲကြီးကို စိုက်ကြည့်နေရင်း တစ်စုံတစ်ရာကို အလျင်အမြန်ပင် တွေးတောမိသွားခဲ့သည်။
သူ၏ တည်ငြိမ်သော မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာတစ်ခု အဆုံးသတ်၌ ပေါ်ထွက်လာခဲ့၏။
“ဒါက ဧကရာဇ်အဆင့် အင်မော်တယ်ရတနာဖြစ်တဲ့ ကောင်းကင်ချိတ်ပိတ်အင်မော်တယ်စာအုပ်ပဲ.. မင်း.. မင်းက တကယ်ပဲ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ရရှိထားတယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အင်မော်တယ်ဘုရင်တစ်ပါး အနေဖြင့် အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် တစ်ချိန်က အင်မော်တယ်လောက၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ဖူးသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူး၍ အတွေ့အကြုံနှင့်ဗဟုသုတ အလွန်ပင် ကြွယ်ဝသည်။
အစပိုင်းတွင်သာ သူက ရွှေရောင်ရှေးဟောင်းစာအုပ်၏ မူလဇာစ်မြစ်ကို တစ်ခဏမျှ မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က ရွှေရောင်ရှေးဟောင်းစာအုပ် ထဲမှ ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားကို ဆင့်ခေါ်လိုက်သည့် အချိန်တွင်မူ အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် အဆုံးသတ်၌ စာအုပ်၏ ဇာစ်မြစ်ကို သိရှိသွားခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ကျန်းချန် အသုံးပြုနေသော ရွှေရောင်ရှေးဟောင်းစာအုပ်သည် အင်မော်တယ်လောကတွင် ကျော်ကြားလှသည့် ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ဖြစ်သော ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ပင် ဖြစ်သည်။
အခန်း(၂၉၉၄)ပြီး၏။