အခန်း ၂၉၉၅
Vol. 240 Ch. 2995
အခန်း(၂၉၉၅)
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အရှင်ဖြူမဲ အလွန်တုန်လှုပ်ချောက်ချားသွားခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ဖြေရှင်းရာတွင် အမှားအယွင်းမရှိ စိတ်ချရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် သူက အင်မော်တယ်ဘုရင် ဟွမ်ချွမ်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုကဲ့သို့ အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မည်ကို သူ လုံးဝ ထင်မထားခဲ့ချေ။
အရှင်ဖြူမဲသည်လည်း ဧကရာဇ်အဆင့် မှော်ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ် အကြောင်းကို ကြားဖူးနားဝ ရှိခဲ့သည်။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်သည် မည်မျှအထိ အစွမ်းထက်သည်ကို သူအသေအချာ မသိသော်လည်း ဒဏ္ဍာရီလာ အင်မော်တယ် ဧကရာဇ်များနှင့် သက်ဆိုင်နေသည့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ပါး ဖြစ်၏။
အခြားအရာများကို ထည့်မပြောလျှင်ပင် ယခု ဆင့်ခေါ်ထားသော ရှေးဟောင်းသားရဲ ဖြစ်သည့် မိုးကြိုးနွားသည် အင်မော်တယ်ဘုရင်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်။
အင်မော်တယ်ဘုရင်ဟွမ်ချွမ်၏ လက်ရှိ အခြေအနေဖြင့် ဆိုလျှင် ရှေးဟောင်းသားရဲကြီး မိုးကြိုးနွား၏ ပြိုင်ဘက် မဖြစ်နိုင်မည်ကို သူစိုးရိမ်နေမိသည်။
ဤအခိုက်အတန့်တွင် အရှင်ဖြူမဲ၏ စိတ်နှလုံးထဲ၌ ဆုတ်ခွာလိုစိတ် တစ်ခုတည်းသာ စိုးမိုးလာခဲ့၏။
ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကနေ ဆင့်ခေါ်လိုက်သော မိုးကြိုးနွားဖြင့် ဆိုလျှင် သူက အင်မော်တယ်ဘုရင် ဟွမ်ချွမ်ကို ကယ်ထုတ်ခဲ့လျှင်ပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို အနိုင်ရရှိနိုင်တော့မည် မဟုတ်ပေ။
“ငါ ထွက်ပြေးမှဖြစ်မယ်”
လူတိုင်း၏ အာရုံစိုက်မှုက အင်မော်တယ်ဘုရင် ဟွမ်ချွမ် ဆီသို့ ရောက်ရှိနေဆဲ အချိန်တွင် သူက ဤနေရာမှ ထွက်ပြေးရန် ရည်ရွယ်ထားခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကနေ ထာဝရ ထွက်ခွာသွားကာ ဘယ်တော့မှ ပြန်မလာတော့ရန် စိတ်ကူးခဲ့သည်။
သို့သော်လည်း အရှင်ဖြူမဲ စတင် လှုပ်ရှားလိုက်သည်နှင့် လုရှောင်ချင်း ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
“အရှင်ဖြူမဲ.. ရှင်က ထွက်ပြေးချင်တာလား”
လုရှောင်ချင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့ပြီး သူမက နံဘေးရှိ အရှင်ဇူရီကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“စီနီယာဇူရီ သူ့ကို ဖမ်းဆီးပေးပါဦး”
“စိတ်မပူပါနဲ့.. သူပြေးမလွတ်နိုင်ပါဘူး”
စကားဆုံးသည်နှင့် အရှင်ဇူရီသည် ဟန်ယွင် အထွတ်အထိပ် အရှိန်အဝါဖြင့် အရှင်ဖြူမဲကို ပိတ်ဆို့လိုက်ပြီး ချက်ချင်းဆိုသလို အရှင်ဖြူမဲ၏ ရှေ့၌ ဖျတ်ခနဲ ပေါ်လာခဲ့သည်။
“အရှင်ဖြူမဲ မင်းဘာသာမင်း အဖမ်းခံမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို ဖမ်းရမလား”
အရှင်ဇူရီက လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ အရှင်ဖြူမဲကို အေးစက်စက်ကြည့်၍ မေးလိုက်သည်။
သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်သို့ ရောက်ရှိလာသည့် အချိန်ကစ၍ လုရှောင်ချင်း၏ ကူညီပံ့ပိုးမှုဖြင့် သူ၏ အထွတ်အထိပ် ကာလက ခွန်အားများကို ပြန်လည် လျင်မြန်စွာ ရရှိခဲ့သည်။
အထူးသဖြင့် မကြာသေးမီက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များမှ တစ်ဆင့် သူက အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကို အနည်းငယ် သဘောပေါက်နားလည်ခဲ့ပြီး အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ရန် အတွက် မျှော်လင့်ချက် ရှိလာခဲ့သည်။
အရှင်ဖြူမဲ၏ ကျင့်ကြံခြင်း အဆင့်သည် ထာဝရစိမ်းလန်းသော အင်မော်တယ်နန်းတော်၏ နန်းတော်သခင် လုချန်ချင်းနှင့် တူညီသော်လည်း အရှင်ဖြူမဲသည် တိုက်ခိုက်ရေးတွင် ထူးချွန်သူတစ်ဦး မဟုတ်ချေ။
တိုက်ခိုက်ရေးစွမ်းရည်ပိုင်းအရ ဆိုလျှင် သူက လုချန်ချင်းထက် အနည်းငယ် နိမ့်ကျ၏။
အရှင်ဇူရီ၏ လက်ရှိ ခွန်အားဖြင့်သာ ဆိုလျှင် အရှင်ဖြူမဲကို မျက်စိထဲပင် ထည့်စရာမလိုပေ။
“မင်းက ငါ့ကို ဖမ်းဆီးချင်တယ်လား.. အိပ်မက်မက်လွန်းနေတာပဲ”
အရှင်ဖြူမဲ၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသော အေးစက်စက်အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးများကို လှုပ်ရှားလိုက်ရာ အဖြူနဲ့အမဲ ရောနှောနေသော စွမ်းအား တစ်ခုသည် သူ၏ လက်ဖဝါးများ ဆီက ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် ကြီးမားသော ကျားကွက်ဘုတ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအဖြူအမဲ ကျားကွက်ဘုတ်က အရှင်ဇူရီကို သတ်ဖြတ်ရန် ဦးတည်လာခဲ့သည်။
“ဒီတိုက်ကွက်လောက်နဲ့ ငါ့ကို သတ်ဖို့ကြိုးစားရဲတယ်”
အရှင်ဇူရီက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ သူ့ထံသို့ ဦးတည်လာသည့် အဖြူအမဲ ကျားကွက် ဘုတ်ပြားကြီးသည် တစ်ခါတည်း ပျက်စီးသွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အရှင်ဇူရီသည် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်ရာ မမြင်နိုင်သောစွမ်းအား တစ်ခုသည် ချက်ချင်းဆိုသလိုပင် သံကြိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှင်ဖြူမဲ၏ ပုံရိပ်ကို ဟင်းလင်းပြင်ထဲတွင် တင်းကျပ်စွာ ချုပ်ထားလိုက်သည်။
အရှင်ဖြူမဲက မည်မျှပင် ရုန်းကန်ပါစေ အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့် ဥပဒေသစွမ်းအားပင် ဖြစ်သည်။
အရှင်ဇူရီသည် အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကို အနည်းငယ်သာ နားလည်ထားသေးသော်လည်း အရှင်ဖြူမဲကဲ့သို့ ကျင့်ကြံသူအတွက်မူ လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
အရှင်ဖြူမဲကို ပိတ်လှောင်ထားပြီးနောက်တွင် အရှင်ဇူရီသည် ဟင်းလင်းပြင် ဆီသို့ လှမ်းကြည့်လိုက်သည်။
အင်မော်တယ်လောကတွင် အင်မော်တယ်ဘုရင်များ၏ တိုက်ပွဲသည် အလွန်တရာ တွေ့ရခဲသည်။
အထူးသဖြင့် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိရန် ခြေလှမ်း တစ်ဝက်မျှသာ လိုအပ်တော့သည့် သူ ကဲ့သို့ လူတစ်ယောက် အတွက်မူ ယင်းသည် အခွင့်အရေးကောင်း တစ်ခုပင်။
အကယ်၍ သူသာ ဤတိုက်ပွဲမှ တစ်ဆင့် တချို့သော ထိုးထွင်း သိမြင်မှုကို ရရှိနိုင်ခဲ့မည် ဆိုလျှင် အင်မော်တယ်ဘုရင် အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် အတွက် များစွာ ပို၍ လွယ်ကူသွားပေလိမ့်မည်။
ဟင်းလင်းပြင်ထဲတွင် အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားကို စိုက်ကြည့်နေခဲ့သည်။
မိုးကြိုးနွား ဆိုသည်မှာ ရှေးခေတ်ကာလကတည်းကပင် အင်မော်တယ် လောကတွင် ကျော်ကြားသည့် အနှိုင်းမဲ့သားရဲကြီး တစ်ကောင် ဖြစ်ပြီး ၎င်း၏ ခွန်အားသည် အင်မော်တယ်လောက၌ အသန်မာဆုံး ဖြစ်သော အင်မော်တယ်ဘုရင်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိပေ။
ဆိုရလျှင် သူ၏ အထွတ်အထိပ်ကာလက အခြေအနေဖြင့်ပင် သူ့အနေဖြင့် ရှေးဟောင်းသားရဲကြီး ဖြစ်သော မိုးကြိုးနွား၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုအခါတွင်မူ သူက အင်မော်တယ်ဝိညာဥ်မျှသာ ကျန်ရှိတော့ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာသည်အထိ ဖိနှိပ်ခြင်းခံထားသဖြင့် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးချေ။
သို့ဖြစ်ရာ သူ့အနေဖြင့် မိုးကြိုးနွား၏ ပြိုင်ဘက် ဖြစ်လာရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
“ကောင်လေး မင်းဘယ်သူလဲ.. ဒီဘုရင်နဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကြားက ကိစ္စမှာ မင်းက ဘာဖြစ်လို့ ဝင်ရောက် စွက်ဖက်ချင်နေရတာလဲ”
အင်မော်တယ်ဘုရင် ဟွမ်ချွမ်သည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့် တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ့ရှေ့မှ ကောင်လေးသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ လူတစ်ယောက် မဟုတ်သည်မှာ သေချာ၏။
ဧကရာဇ်အဆင့် အင်မော်တယ်ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်သည်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်နှင့် သက်ဆိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
အကယ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သာ ထိုအချိန်က ဧကရာဇ်အဆင့် ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ပိုင်ဆိုင်ထားမည် ဆိုလျှင် စာအုပ်ထဲမှ ရှေးဟောင်းသားရဲကြီးများကို ဆင့်ခေါ်ပြီး သူ့ကိုအပြတ်အသတ် ချေမှုန်းပစ်လိမ့်မည် ဖြစ်သည်။
အလကား အလုပ်ရှုပ်ခံပြီး ချုပ်နှောင်ထားလိမ့်မည် မဟုတ်ပေ။
“ကျုပ် ဘယ်သူလဲ ဆိုတာ ခင်ဗျားသိဖို့ မလိုဘူး...ခင်ဗျားသိထားရမှာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် မရှိတော့ရင်တောင်မှ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် ဆိုတာ ခင်ဗျား အနိုင်ကျင့်လို့ရတဲ့နေရာတစ်ခု မဟုတ်ဘူး ဆိုတာပဲ”
ကျန်းချန်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် မိုးကြိုးနွားကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
“မိုးကြိုးနွား သူ့ကို အမြန် သတ်ပစ်လိုက်”
သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ ပထမဆုံး စာမျက်နှာကို ကောင်းကင်ထိန်းချုပ် နည်းစနစ် ဆယ်မျိုး ကျင့်စဥ်ဖြင့် လှုံ့ဆော်ခဲ့ခြင်း ဖြစ်ပြီး သူ လှုံ့ဆော်ခဲ့သော ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားက အစွမ်းထက်သော်လည်း ထိုသို့ ဆင့်ခေါ်သည်က သူ့အတွက် စွမ်းအင်ကုန်ဆုံးမှု အလွန်အမင်း များပြား၏။
ဆိုရလျှင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားများသည် သာမန် မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင် မိုးကြိုးနွားကို အချိန်အကြာကြီး ဆင့်ခေါ်ထားနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းချန်က အချိန်ဖြုန်းရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားကို အင်မော်တယ်ဘုရင် ဟွမ်ချွမ်အား သတ်ဖြတ်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။
“ဝုန်း..”
ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားသည် ကောင်းကင်ယံမှတစ်ဆင့် လာသော ကြီးမားသည့် ကြယ်တံခွန် တစ်ခုနှယ် အင်မော်တယ်ဘုရင် ဟွမ်ချွမ် ရှိနေသည့် ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ကြီးမားသော တွင်းနက်ကြီး တစ်ခု အဖြစ် တိုက်ခိုက် ဖျက်ဆီးပစ်လိုက်ရာ အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ ပုံရိပ်သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော ဟင်းလင်းပြင်၌ ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
သူ့ကို အသာစီး ရင်ဆိုင်နိုင်သည့် မိုးကြိုးနွားကို ကြည့်ရင်း အင်မော်တယ်ဘုရင်ဟွမ်ချွမ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရှေးဟောင်းသားရဲကြီးဖြစ်သည့် မိုးကြိုးနွားသည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်သည်။
သူ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် မိုးကြိုးနွား၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း လုံးဝမရှိချေ။
သူက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
ဓားပြအုပ်စုကို ဖမ်းချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည် ဟူသော ဆိုရိုးရှိ၏။
ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားသည် ကျန်းချန်က ဧကရာဇ်အဆင့်ရတနာ ဖြစ်သည့် ကောင်းကင်ချိတ်ပိတ်စာအုပ်ကနေ ဆင့်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။
သူသာ ကျန်းချန်ကို ရှင်းလင်းပစ်နိုင်ခဲ့မည် ဆိုလျှင် ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွား၏ ခြိမ်းခြောက်မှုကို အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည် မဟုတ်ပါလား။
ထိုအချိန်သို့ရောက်လျှင် သူက ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကိုပါ သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်သည်။
အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ ပုံရိပ်ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျန်းချန်သည် အင်မော်တယ်ဘုရင် ဟွမ်ချွမ်၏ အစီအစဥ်ကို နားလည် သဘောပေါက်သွားခဲ့သည်။
“အင်မော်တယ်ဘုရင်ဟွမ်ချွမ်.. မင်းရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိနေမယ် ဆိုရင်တောင် ငါ့ရဲ့ ရှေ့မှ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး အခုလို အင်မော်တယ်ဝိညာဥ် အခြေအနေနဲ့တော့ မင်းင့ါကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို ရုတ်တရက် လှုံ့ဆော်လိုက်ကာ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ် ဖြစ်သော အင်မော်တယ်ဝိညာဥ် ချေမှုန်းခြင်းစည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာပင် အင်မော်တယ်ဘုရင် ဟွမ်ချွန်၏ ခန္ဓာကိုယ်သည် ကျန်းချန် ရှေ့ရှိ ဟင်းလင်းပြင်၌ ပေါ်ထွက်လာခဲ့သည်။
“ဝုန်း..”
ထိုခဏဝယ် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်က ကျန်းချန်၏ရှေ့မှ အင်မော်တယ်ဘုရင် ဟွမ်ချွန် ထံသို့ သက်ရောက်သွားခဲ့ရာ အင်မော်တယ်ဘုရင်ဟွမ်ချွမ်သည် နောက်သို့ ဆုတ်ခွာသွားစေရန် ဖိအားပေးခြင်း ခံလိုက်ရသည်။
အခန်း(၂၉၉၅)ပြီး၏။