← Chapters

အခန်း ၂၉၉၇

Vol. 240 Ch. 2997

အခန်း ၂၉၉၇

Vol. 240 Ch. 2997

အခန်း(၂၉၉၇)

“သခင်လေးကျန်းချန်”

ကျန်းချန်က သူ၏ကျင်ကြံခြင်းကို အဆုံးသတ်ပြီး တံခါးပိတ်ကျင့်ကြံနေရာကနေ နန်းတော် အပြင်ဘက်သို့ ထွက်လာခဲ့ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးက ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။

ကျန်းချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ဆီသို့ သူ၏ နတ်အသိစိတ်အာရုံဖြင့် ချက်ချင်းဆိုသလို လှည့်ပတ်ကြည့်ရှုလိုက်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်တွင် လုရှောင်ချင်း ရှိမနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် အရှင်ဇူရီနှင့်အခြားသော အင်မော်တယ်အရှင်များသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပုံရ၏။

“မင်းတို့ နန်းတော်သခင်မ ဘယ်မှာလဲ”

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အချိန်မျှော်စင်၏ ဒုတိယအလွှာတွင် နှစ်နှစ်ခန့် ကျင့်ကြံအားထုတ်ခဲ့သော်လည်း ပြင်ပကမ္ဘာတွင်မူ ရက်အနည်းငယ်မျှသာ ကုန်ဆုံးခဲ့သေးသည်။

ဤရက်ပိုင်းအတွင်း ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတွင် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါသလော။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ တပည့်ဖြစ်သူက အလျင်အမြန်ပင် ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ မိစ္ဆာတွေသောင်းကျန်းနေတဲ့အတွက် နန်းတော်သခင်မ ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး သွားရောက် နှိမ်နင်းနေပါတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အနည်းငယ် စဥ်းစားပြီးမှ မေးလိုက်၏။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ဘယ်လိုဖြစ်ပြီး မိစ္ဆာတွေက ရုတ်တရက် ပေါ်လာရတာလဲ”

“ကျွန်တော်လည်း သေချာတော့မသိဘူး”

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ တပည့်က ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ လူတိုင်းကတော့ ဒီမိစ္ဆာတွေ ပေါ်လာတာက အင်မော်တယ်လောက အကြီးအကျယ် ပြောင်းလဲသွားတာနဲ့ သက်ဆိုင်နေတယ်လို့ သံသယဝင်နေကြတယ်.. အခု အင်မော်တယ်လောကမှာ ကျင့်ကြံရတာ အရင်ကထက် အများကြီးပိုပြီး လွယ်ကူသွားတာကို သခင်လေးကျန်းချန် သတိမထားမိဘူးလား”

ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက် သူက အာရုံခံကြည့်လိုက်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွင်းရှိ အင်မော်တယ်အဆီအနှစ်စွမ်းအားများသည် ယခင်ထက် ပို၍ သိပ်သည်းအားကောင်းလာသည်ကို တွေ့ရှိလိုက်ရသည်။

အင်မော်တယ်လောက တစ်ခုလုံးသည်ပင် ယခင်ထက်များစွာ ပိုမို ပြည့်စုံလာပုံရပြီး အင်မော်တယ်ဥပဒေသများကို ပိုမိုလွယ်ကူစွာ ထိတွေ့ ခံစားလာနိုင်ပုံရ၏။

“အင်မော်တယ်လောကကြီးက တကယ်ကို အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီပဲ”

ကျန်းချန်၏ မျက်ဝန်းများက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့သည်။

ယခုအခါ ကျန်းချန်က ဟန်ယွင်အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ ကောင်းကင်နှင့်မြေကြီး အပေါ်တွင် အာရုံခံစားမှုသည် ပို၍ပင် စူးရှ ထက်မြက်လာခဲ့သည်။

ယခင်က အင်မော်တယ်လောကတွင် အင်မော်တယ်လမ်းစဉ် မပြည့်မစုံ ဖြစ်နေခဲ့ပုံ ရသော်လည်း ယခုအခါတွင်မူ တဖြည်းဖြည်းနှင့် ပိုမို ပြည့်စုံလာခဲ့သည် ဟူသော ခံစားချက်မျိုးကိုပင် သူ ခံစားနေရသည်။

“အင်မော်တယ်လောကကြီးက ပြောင်းလဲသွားပြီ ဆိုတော့ ကပ်ဘေးကြီးကလည်း ကျရောက်လာတော့မယ်.. ကောင်လေး.. စတုတ္ထခေတ်ရဲ့ ကပ်ဘေးကြီးက လက်တစ်ကမ်းကို ရောက်နေပြီ.. မင်းအတွက် အချိန်အများကြီး မကျန်တော့ဘူး”

ဤအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်၏ လေးနက်သော စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး အင်မော်တယ်ကျောက်တိုင် ဝိညာဥ်ကို စူးစမ်းစွား မေးမြန်းလိုက်သည်။

“စီနီယာက အင်မော်တယ်လောကကြီး ပြောင်းလဲသွားရတဲ့ အကြောင်းရင်းကို သိနေတာလား”

“အင်မော်တယ်လောကရဲ့ တတိယခေတ်မှာ မိစ္ဆာကပ်ဘေးဖြစ်ပွားခဲ့တယ်.. ရှေးဟောင်းမိစ္ဆာနန်းတော် ဦးဆောင်တဲ့ မိစ္ဆာကောင်တွေနဲ့ ဧကရာဇ်ရှချင်း ဦးဆောင်တဲ့ အင်မော်တယ်လောကတို့ကြားမှာ အကြီးအကျယ် တိုက်ပွဲဆင်နွှဲခဲ့ကြတယ်.. ဒါပေမဲ့ မိစ္ဆာဧကရာဇ်အဆင့် အရေအတွက် များပြားလွန်းတဲ့အတွက် အင်မော်တယ်လောကဘက်က အရေးနိမ့်မလိုတောင် ဖြစ်ခဲ့ရတယ်.. နောက်ဆုံးတော့ အင်မော်တယ်ဧကရာဇ်တွေက အင်မော်တယ်လောကထဲက အင်မော်တယ်ဥပဒေသ လမ်းစဥ်စွမ်းအားတွေကို အသုံးပြုပြီး မိစ္ဆာတွေကို သီးခြား နေရာလွတ်ဟင်းလင်းပြင်ထဲမှာ ချိတ်ပိတ်ခဲ့ရတယ်"

"ဒီအတွက် ဧကရာဇ်ရှချင်းနဲ့ ဧကရာဇ်အားလုံး အသက်စတေးခဲ့ရတယ်.. အင်မော်တယ်လောကကို စောင့်ရှောက်ဖို့အတွက် ဧကရာဇ်ရှချင်းက ကိုယ်ပွားတစ်ခု ချန်ရစ်ခဲ့ပေမဲ့လည်း အင်မော်တယ်ဥပဒေတွေ အားနည်းသွားတဲ့အတွက် အင်မော်တယ်လောကရဲ့ မူလအရင်းအမြစ်စွမ်းအားက ထိခိုက်သွားခဲ့ပြီး အင်မော်တယ်ဧကရာဇ် အဆင့်ကို မထမ်းပိုးထားနိုင်တော့ဘူး"

"ဒီလိုနဲ့ ဧကရာဇ်ရှချင်းရဲ့ကိုယ်ပွားက အင်မော်တယ်လောကကနေ ထွက်သွားခဲ့ရတယ်.. အင်မော်တယ်လောကရဲ့ မူလစွမ်းအင် အားနည်းသွားတာကြောင့်ပဲ ဒီစတုတ္ထခေတ်ကာလမှာ ကျင့်ကြံရတာ ခက်ခဲသွားခဲ့ပြီး အင်မော်တယ်ဧကရာဇ် အဆင့်ကျင့်ကြံသူ တစ်ယောက် မွေးဖွားလာဖို့ အတွက် မဖြစ်နိုင်လောက်အောင် ခက်ခဲသွားခဲ့ရတယ်”

အင်မော်တယ်ကျောက်တိုင် ဝိညာဥ်က သူသိထားသည့် တတိယခေတ် ကာလက ကပ်ဘေး အခြေအနေကို ကျန်းချန်အား အသေးစိတ် ရှင်းပြလိုက်သည်။

ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။

“ဒီလိုဆို အင်မော်တယ်လောက အကြီးအကျယ် ပြောင်းလဲသွားတာက အင်မော်တယ်လမ်းစဥ် ဥပဒေသစွမ်းအားတွေ ပြန်လည် ရရှိလာတာကြောင့် ဖြစ်မယ်ထင်တယ်.. ဒါက မိစ္ဆာတွေအပေါ် ချိတ်ပိတ်ထားတဲ့ ချိတ်ပိတ်မှု ပျက်ပျယ်သွားပြီလို့လည်း အဓိပ္ပါယ်ရနေတယ် မဟုတ်လား စီနီယာ”

“ဟုတ်တယ်.. ငါ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုရင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ တစ်ခုတည်းတင် မကဘူး.. အင်မော်တယ်လောကရဲ့ အခြားနေရာတွေမှာလည်း မိစ္ဆာတွေ ထွက်ပေါ်နေလောက်ပြီ”

အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။

“ယုတ္တိရှိရှိ ပြောရရင်တော့ ချိတ်ပိတ်မှုက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပျက်ပြယ်မသွားသင့်ဘူး.. ငါ့ရဲ့ ခန့်မှန်းချက်အရတော့ ချိတ်ပိတ်မှု ခပ်မြန်မြန် ပျက်ပြယ်သွားရတဲ့ အကြောင်းရင်းက ကောင်းကင်မိစ္ဆာတောင်နဲ့ ပတ်သက် ဆက်နွှယ်နေမယ် ထင်တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ကောင်းကင်မိစ္ဆာတောင်သို့ ဝင်ရောက်စဥ်က အင်မော်တယ်ကျောက်တိုင် ဝိညာဥ်သည် ကောင်းကင်မိစ္ဆာတောင်က သွေးယဇ်ပူဇော်မှုကို ပြုလုပ်နေ၍ ထိုကိစ္စတွင် ကောက်ကျစ်သော အကြံအစည် တစ်ခု ရှိနိုင်ကြောင်း သူ့ကို သတိပေးခဲ့ဖူးသည်။

ကောင်းကင်မိစ္ဆာတောင်တန်းထဲမှ သွေးယဇ်ပူဇော်မှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ချိတ်ပိတ်ခံထားရသော မိစ္ဆာကောင်များ အချိန်မတိုင်မီ ထွက်ပေါ်လာစေရန် အတွက် ကြိုတင် စီစဥ်ထားခြင်း ဖြစ်နိုင်ပါသလော။

ဤအတိုင်းဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်လောကထဲမှ မိစ္ဆာကောင်များကို ဖြေရှင်းပြီးနောက်တွင် ကောင်းကင်မိစ္ဆာတောင်သို့ တစ်ခေါက် ပြန်လည် သွားရောက်ကြည့်ရှုရပေတော့မည်။

ထို့နောက်တွင် ကျန်းချန်က သူ့ရှေ့ရှိ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ တပည့်ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ နန်းတော်သခင်မ အခုဘယ်နေရာမှာ ရှိနေလဲ”

ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ တပည့်က အလျင်အမြန်ပင် ပြန်လည် ဖြေကြားခဲ့သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ အရှေ့ဘက်မှာရှိတဲ့ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးမှာပါ”

ကျန်းချန်က ချက်ချင်းဆိုသလိုပင် တုံ့ဆိုင်းမနေတော့ဘဲ အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အရှေ့အရပ်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် ဟန်ယွင်အင်မော်တယ် အဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ဖြတ်ကျော်ရမည် ဆိုလျှင်ပင် ရေနွေးအိုး တစ်ကျက်စာ အချိန်ခန့် မလိုအပ်တော့ချေ။

တစ်ခဏ အတွင်းမှာပင် ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၏ အရှေ့အရပ် ဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က ကောင်းကင်အက်ကွဲ ချောက်ကမ်းပါး၏ တည်နေရာကို မသိသော်လည်း သူ၏ အစွမ်းထက် နတ်အသိစိတ် အာရုံဖြင့် လုရှောင်ချင်းတို့ လူစုကို လျင်မြန်စွာပင် ရှာဖွေ တွေ့ရှိသွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်မှာပင် ကျန်းချန်သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လုရှောင်ချင်း အနားတွင် ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လုရှောင်ချင်းတို့ လူစု၏အရှိန်အဝါသည် အလွန်အမင်း ကောင်းမွန်မနေဘဲ ပတ်ဝန်းကျင်ရှိ လေထုထဲတွင်လည်း သွေးညှီနံ့များနှင့် အေးစက်စက် သတ်ဖြတ်ခြင်း အရှိန်အဝါများ လွှမ်းမိုးနေခဲ့သည်။

အလွန် ပြင်းထန်သော တိုက်ပွဲတစ်ပွဲသည် ခုနကလေးတင် ဖြစ်ပွားခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

ရုတ်တရက် ရောက်ရှိလာသော ကျန်းချန်ကို မြင်လျှင် လုရှောင်ချင်း၏ လှပသော မျက်ဝန်းလေး ထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။

“အစ်ကိုကျန်းချန် ကျင့်ကြံလို့ ပြီးသွားပြီလား”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့ရှိ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးကို ကြည့်လိုက်သည်။

“ရှောင်ချင်း အခုအခြေအနေက ဘယ်လိုလဲ”

“အခြေအနေက သိပ်မကောင်းဘူး.. ဒီကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲက မိစ္ဆာကောင်တွေက သိပ်အစွမ်းမထက်ပေမဲ့ ကုန်ဆုံးသွားတယ်လို့ မရှိဘဲ တစ်သုတ်ပြီး တစ်သုတ် ထွက်ပေါ်နေခဲ့တယ်.. တကယ်လို့ ဒီအခြေအနေတိုင်းသာ ဆိုရင် ကျွန်မတို့တွေ အနှေးနဲ့အမြန် ဒီမိစ္ဆာကောင်တွေရဲ့ ဝါးမျိုခြင်းကို ခံရလိမ့်မယ်”

လုရှောင်ချင်းက လေးနက်စွာပြောလိုက်သည်။

“ကျွန်မ ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော် ဆီကို စစ်ကူ တောင်းထားတယ်.. သူတို့တွေ အချိန်မီ စစ်ကူလွှတ်ပေးနိုင်ဖို့ မျှော်လင့်ရတာပဲ”

ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

“အင်မော်တယ်လောကကြီးက ပြောင်းလဲသွားခဲ့ပြီ.. အခု ကပ်ဘေးက လက်တစ်ကမ်းအလိုကို ရောက်နေပြီ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေတစ်ခုတည်းမှာ မိစ္ဆာတွေမွေးဖွားလာတာမဟုတ်ဘူး.. ဒါကြောင့် ခရမ်းရောင်မီးလျှံ အင်မော်တယ်နန်းတော်အနေနဲ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို ဂရုမစိုက်နိုင်လောက်ဘူး”

ထိုစကားကိုကြားလျှင် လုရှောင်ချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

“တခြား အင်မော်တယ်နယ်မြေတွေမှာလည်း မိစ္ဆာကောင်တွေ ပေါ်ထွက်လာပြီလို့ အစ်ကိုကျန်းချန် ဆိုလိုချင်တာလား”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ဒီကိစ္စကို နောက်မှ ငါရှင်းပြမယ်.. အခု ငါတို့ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲကို ဝင်ပြီး မိစ္ဆာကောင်တွေကို ရှင်းပစ်ကြတာပေါ့”

“ကောင်းပြီ”

ကျန်းချန်၏ အဆိုပြုချက် အပေါ်တွင် လုရှောင်ချင်းသည် သဘောထား ကွဲလွဲမှု မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်က ကောင်းကင်အက်ကွဲ ချောက်ကမ်းပါး၏အခြေအနေကို အသေအချာ မသိခဲ့၍ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါး အတွင်းသို့ ဇွတ်တရွတ် တိုးမဝင်ခဲ့ကြခြင်း ဖြစ်သည်။

ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲမှ မိစ္ဆာကောင်များနှင့် ယခုလို တိုက်ခိုက်နေခြင်းသည် အဖြေတစ်ခု မဟုတ်ပေ။

ယခု ကျန်းချန် ရောက်လာပြီ ဖြစ်ရာ သူတို့အနေဖြင့် ကောင်းကင်အက်ကွဲ ချောက်ကမ်းပါး ထဲသို့ တိုက်ရိုက်ဝင်ရောက်ထားသည်က ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလော။

ကျန်းချန် ကိုယ်တိုင် ဦးဆောင်နေပြီ ဖြစ်၍ မိစ္ဆာဘုရင်အဆင့်ရှိ မိစ္ဆာကောင်များနှင့် ကြုံတွေ့ရလျှင်ပင် သူတို့အနေဖြင့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ရန် လုံလောက်ပေလိမ့်မည်။

“အနည်းဆုံး တလော့အင်မော်တယ်အဆင့် ရှိတဲ့ လူတွေအကုန်လုံး ငါ့နောက်ကနေ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲကို လိုက်ခဲ့ကြပါ”

ကျန်းချန်က လေးနက်စွာ အမိန့်ပေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့ဆုံးကနေ၍ ကောင်းကင်အက်ကွဲ ချောက်ကမ်းပါး ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်သွားခဲ့သည်။

ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်တို့သည် ကမ္ဘာလောက တစ်ခုကို ဖြတ်ကျော်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မီးခိုးရောင် သန်းနေသော ကမ္ဘာတစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။

ဤကမ္ဘာလောကကြီး အတွင်း၌ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ မိစ္ဆာစွမ်းအင်များသည် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး ထိုမိစ္ဆာစွမ်းအင်များက မိစ္ဆာသားရဲများအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။

ကျန်းချန်တို့ လူစု၏ မလှမ်းမကမ်းတွင် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် မိစ္ဆာကောင်ပေါင်း ထောင်ချီ၍ စုရုံးနေကြပြီ ဖြစ်သည်။

ကျန်းချန်တို့သာ ဤနေရာသို့ တိုက်ရိုက် ဝင်ရောက်မလာခဲ့လျှင် ထိုမိစ္ဆာကောင်များသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေကို သိပ်မကြာမီမှာပင် အလုံးအရင်းဖြင့် ဝင်တိုက်တော့မည်မှာ ထင်ရှားနေခဲ့သည်။

အခန်း(၂၉၉၇)ပြီး၏။

All Chapters