← Chapters

အခန်း ၂၉၉၈

Vol. 240 Ch. 2998

အခန်း ၂၉၉၈

Vol. 240 Ch. 2998

အခန်း(၂၉၉၈)

“သတ်ကြစမ်း”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ တောက်ပလာခဲ့သည်။

သူက ဓားကျိုးကို ဝှေ့ယမ်းကာ သူ့ရှေ့ရှိ မိစ္ဆာအုပ်စုကြီး ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ကာ တိုက်ခိုက်လိုက်၏။

သူ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မိစ္ဆာဆယ်ဂဏန်းခန့် ချက်ချင်းဆိုသလိုပင် ပျက်စီးပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်နှင့်အတူ လိုက်ပါလာကြသည့် လုရှောင်ချင်း တို့သည်လည်း တုံ့ဆိုင်းမနေတော့ဘဲ မိစ္ဆာကောင်များကို တိုက်ခိုက်လိုက်ကြသည်။

ဤနေရာမှ မိစ္ဆာကောင်များသည် အရေအတွက်အလွန်အမင်း များပြားသော်လည်း သိပ်မသန်မာကြပေ။

သန်မာသောမိစ္ဆာသည်ပင် ထိုက်ယီအဆင့်နှင့်သာ ယှဥ်နိုင်စွမ်းရှိသည်။

ထို့ကြောင့် ကျန်းချန်တို့ လူစု၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မိစ္ဆာကောင်များသည် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ကြပေ။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာ မိစ္ဆာကောင် အားလုံးကို ကျန်းချန်တို့လူစုက သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပင် ကောင်းကင်ယံ၌ ဟင်းလင်းပြင်လှိုင်းဂယက် ဖြစ်ပွားလာခဲ့ပြီး အဝေးရှိကောင်းကင်ယံတွင် အနက်ရောင် ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမိစ္ဆာကောင်များသည် ယခင် မိစ္ဆာကောင်များနှင့် နှိုင်းယှဥ်လျှင် သိသိသာသာပင် များစွာပို၍ အစွမ်းထက်ပြီး ရှေ့ဆုံးမှ ဦးဆောင်နေသည့် မိစ္ဆာ သုံးကောင်၏ စွမ်းရည်သည် ဟန်ယွင်အဆင့်ထက် လုံးဝမနိမ့်ကျပေ။

အဆုံးသတ်တွင်မူ ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အသက်ရှူရကြပ်မတတ် ဖြစ်စေသည့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ ထိုမိစ္ဆာစွမ်းအင်များသည် သန်မာထွားကျိုင်းသော မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုမိစ္ဆာကောင်ကိုမြင်လျှင် လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

သူတို့ရှေ့မှ ပုဂ္ဂိုလ်သည် အင်မော်တယ်ဘုရင်နှင့် ယှဥ်နိုင်စွမ်းရှိသည့် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်မှာ သေချာနေခဲ့၏။

မိစ္ဆာဘုရင်က ကျန်းချန်တို့လူစုကို အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။

သူ၏ စကားသံက တစ်ခဏအတွင်းမှာပင် ကမ္ဘာလောက တစ်ခုလုံးကို တုန်ဟည်းသွားစေခဲ့၏။

“အင်မော်တယ်လောကက လူတွေပါလား.. ငါက မင်းတို့ကို ဒုက္ခပေးဖို့ အပြင်ကို ထွက်မလာရသေးပေမဲ့ မင်းတို့ကတော့ ငါ့နေရာအထိ လာပြီး ငါ့လူတွေကို သတ်ဖြတ်ဝံ့တယ်.. မင်းတို့ ဒီနေရာအထိ ရောက်လာပြီ ဆိုမှတော့ မင်းတို့ရဲ့ အသက်တွေကို ဒီနေရာမှာပဲ ထာဝရထားခဲ့ရလိမ့်မယ်”

သူ၏ အသံတွင် ဝိညာဉ်ကိုပင် တုန်ယင်စေနိုင်သော မှော်စွမ်းအင် ပါဝင်နေသဖြင့် ကျန်းချန်တို့ လူစု၏ စိတ်နှလုံးသည် အနည်းငယ် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။

ဟန်ယွင်အဆင့် အင်မော်တယ် ဖြစ်သည့် ကျန်းချန် ပင်လျှင် ဤအခိုက်အတန့်တွင် အနည်းငယ် သက်ရောက်မှု ခံလိုက်ရသည်။

သူတို့လူစုမှ အားနည်းသော ကျင့်ကြံသူတချို့ ဆိုလျှင် မျက်လုံးများ သွေးကဲ့သို့ နီရဲသွားခဲ့ပြီး မိစ္ဆာလမ်းစဥ် ထဲသို့ ကျရောက်တော့မည့်ဆဲဆဲ ဖြစ်သွားခဲ့သည်။

“ဟမ့်.. မင်းတို့လို အင်မော်တယ်လောကက မဟုတ်တဲ့လူတွေကများ အင်မော်တယ်လောကကို ကျူးကျော်ချင်နေသေးတယ်.. ဒါက စိတ်ကူးယဥ်လွန်းနေတာပဲ”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ဦးခေါင်းအထက်၌ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်က ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ ကျန်းချန်သည် ကောင်းကင်ထိန်းချုပ် နည်းစနစ်ဆယ်မျိုး ကျင့်စဥ်၏ ပထမဆုံးကျင့်စဉ်ကို ထုတ်သုံးလိုက်ပြီး ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ ပထမစာမျက်နှာကို ဖွင့်လှစ်လိုက်ရာ ရှေးဟောင်းသားရဲကြီးဖြစ်သည့် မိုးကြိုးနွားသည် စာအုပ်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

မိုးကြိုးနွားက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်ကာ ဟင်းလင်းပြင်ထဲရှိ မိစ္ဆာဘုရင် ဆီသို့ ပြေးဝင်သွားခဲ့သည်။

မိစ္ဆာတစ်ကောင်နှင့် သားရဲတစ်ကောင်က အဆက်မပြတ်တိုက်ခိုက်နေရင်း အဆုံးမဲ့ ပရမ်းပတာဖြစ်နေသည့် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့ကြသည်။

“သတ်ကြစမ်း”

ကျန်းချန်က ပရမ်းပတာဖြစ်နေသည့် ဟင်းလင်းပြင်ထဲသို့ မိစ္ဆာဘုရင်နှင့်အတူ ဝင်ရောက်သွားခဲ့သော မိုးကြိုးနွားကို ဂရုစိုက်မနေတော့ဘဲ ကျန်ရှိနေသေးသည့် မိစ္ဆာများကို သတ်ဖြတ်ရန်အတွက် လူအုပ်ကြီးကို ဦးဆောင်လိုက်သည်။

ဟန်ယွင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်ပြီးနောက်တွင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အသက်သွင်းကာ မိုးကြိုးသွားကို ဆင့်ခေါ်ခြင်းသည် သူ့အတွက် ပို၍ လွယ်ကူလာခဲ့သည်။

သူက မိုးကြိုးနွားကို ဆင့်ခေါ်ထားခဲ့သော်လည်း ယင်းသည် သူ့ရှေ့မှ မိစ္ဆာကောင်များကို တိုက်ခိုက်ချေမှုန်းရန် အတွက် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်တို့ဘက်တွင် ဟန်ယွင်အဆင့် အင်မော်တယ်ငါးပါး ရှိနေသည့်အပြင် အင်မော်တယ်ဘုရင်အဆင့် ဥပဒေသကို အနည်းငယ် နားလည် သဘောပေါက်ထားသည့် အရှင်ဇူရီလည်း ရှိနေသေးသည်။

မိစ္ဆာမျိုးနွယ်စု ဘက်တွင်မူ ဟန်ယွင်အဆင့် မိစ္ဆာသခင် သုံးပါးသာ ရှိရာ သူတို့ကို ပြန်လည်ခုခံရန် အတွက် အတော်လေး ခက်ခဲနေခဲ့သည်။

ကျန်းချန်တို့ လူစု၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ထိုဟန်ယွင်အဆင့် မိစ္ဆာသခင်သုံးပါးသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်ကိုပင် မနည်း တောင့်ခံနေခဲ့ရပြီး အဆုံးသတ်တွင် ကျန်းချန်တို့၏ နှိမ်နင်းခြင်းကို ခံလိုက်ရ၏။

ဟန်ယွင်အဆင့် မိစ္ဆာသခင်သုံးပါး ကျဆုံးသွားပြီးနောက်တွင် ကျန်ရှိသော မိစ္ဆာသခင်များသည် ကျန်းချန်တို့ကို မည်သို့မျှ မယှဥ်နိုင်ကြတော့ဘဲ အချိန်တို အတွင်းမှာပင် ချေမှုန်းခံလိုက်ရသည်။

“ဝုန်း..”

ထိုအချိန်မှာပင် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲကနေ တုန်လှုပ် ချောက်ချားဖွယ်ရာကောင်းသည့် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြီးမားသော ပုံရိပ်နှစ်ခုသည် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ကနေ တစ်ပြိုင်နက်တည်း ပျံသန်းကာ ထွက်ပေါ်လာခဲ့ကြသည်။

ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားနှင့် မိစ္ဆာဘုရင်တို့သည် ဤအခိုက်အတန့်တွင် ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး အရှိန်အဝါများ အတော်လေး အားနည်းသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

မိုးကြိုးနွားနှင့် မိစ္ဆာကောင် တို့သည် ပရမ်းပတာ ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဦးစလုံးအထိနာသွားသည်မှာ သိသာ ထင်ရှားနေခဲ့၏။

“ဒီမိစ္ဘာဘုရင်ရဲ့ စွမ်းရည်က တကယ်ကို သာမန်မဟုတ်ဘူးပဲ”

ကျန်းချန်၏မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

မိုးကြိုးနွား ဆိုသည်မှာ ရှေးခေတ်ကာလကတည်းက ရက်စက်ကြမ်းကြုတ်သော နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ၎င်း၏ အထွတ်အထိပ်ကာလတွင် အင်မော်တယ်ကာလရှိ ထိပ်တန်း အင်မော်တယ်ဘုရင် အဆင့် ကျင့်ကြံသူများထက် လုံးဝ အားနည်းခြင်းမရှိပေ။

ထို့ကြောင့် ဤမိစ္ဆာဘုရင်သည် ရှေးဟောင်းသားရဲကြီး ဖြစ်သည့် မိုးကြိုးနွားနှင့်ပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည် ဖြစ်ရာ ၎င်း၏ စွမ်းရည်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဆိုရပေတော့မည်။

“ကောင်လေး မင်းသေချင်နေတာပဲ”

သူက မိုးကြိုးနွားနှင့် တိုက်ခိုက်နေစဥ် အတွင်း သူ၏ မိစ္ဆာစစ်သည် အားလုံးကို ကျန်းချန်တို့လူစုက သတ်ဖြတ်လိုက်သည်အား မြင်တွေ့လိုက်ရလျှင် မိစ္ဆာဘုရင် ဒေါသတကြီးကြုံးဝါးလိုက်သည်။

သူက ခန္ဓာကိုယ် တစ်ခုလုံးမှ မိစ္ဆာစွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်ဖော်ကာ မိုးကြိုးနွားနှင့် တိုက်ခိုက်နေသည်ကို နောက်ဆုတ်လိုက်ပြီး ကျန်းချန် တို့ကို သတ်ဖြတ်ရန်အတွက် ဦးတည်လာခဲ့သည်။

မိစ္ဆာဘုရင်၏ အရှိန်အဟုန်က အလွန်ပင် မြန်ဆန်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားခဲ့သည်ဖြစ်ရာ မိုးကြိုးနွားသည် မိစ္ဆာဘုရင်ကို တားဆီးရန်အတွက် အချိန်မမီတော့ပေ။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ဟန်များကို ပြုလုပ်ကာ ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်၏ ဒုတိယမြောက် စာမျက်နှာကနေ စူးရှတောက်ပသော အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ ယုန်တစ်ကောင်နှင့် ဆင်တူပြီး နားရွက်ရှည်များရှိကာ တစ်ပေခန့်သာ ရှည်လျားသည့် ဆန်းကြယ်သော သားရဲငယ်လေးတစ်ကောင်သည် ဒုတိယစာမျက်နှာထဲကနေ ထွက်ပေါ်လာခဲ့သည်ကို တွေ့လိုက်ရသည်။

ဤဆန်းကြယ်သော သားရဲငယ်လေးသည် လူသားနှင့်တိရိစ္ဆာန်များ အပေါ်တွင် မည်သည့် အန္တရာယ်မှ မပြုနိုင်ပုံရသော်လည်း ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ကို ထိန်းချုပ်ထားသူ ဖြစ်၍ ကျန်းချန်သည် ထိုဆန်းကြယ်သော သားရဲငယ်လေး မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကောင်းစွာသိရှိထားခဲ့သည်။

စင်စစ် ထိုသားရဲငယ်လေးသည် မိုးကြိုးနွားထက်ပင် များစွာ ပို၍ ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲကြီး တစ်ကောင် ဖြစ်သည်။

၎င်းသည် နဂါးများကိုပင် အစာအဖြစ် အမြဲတစေ စားသုံးလေ့ရှိ၍ နဂါးများသည် ထိုသားရဲကို အလွန်ပင် ကြောက်လန့်ကြသည်။

ကောင်းကင်ချိတ်ပိတ် အင်မော်တယ်စာအုပ်ထဲကနေ ထွက်လာပြီးနောက်တွင် သားရဲကြီးသည် မိစ္ဆာဘုရင်ကို လှမ်းကြည့်လိုက်သည်။

သူ၏ သေးငယ်သော မျက်ဝန်းလေးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် သူက သေးငယ်သော လက်ကလေးများကို လေထဲတွင် တစ်ချက်မျှ ‌ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုသည် မိစ္ဆာဘုရင် ပတ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များကို ပျယ်လွင့်သွားစေခဲ့ပြီး မိစ္ဆာဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။

“ဖူး..”

မိစ္ဆာဘုရင်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ့ရှေ့မှ သားရဲငယ်လေးကို ကြည့်နေသော သူ၏အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပြည့်နှက်သွားခဲ့၏။

“ဒီလောက် အစွမ်းထက်တဲ့ သားရဲတွေကို ဆင့်ခေါ်နိုင်တဲ့ကောင်လေးက ဘယ်သူများလဲ”

ထိုကောင်လေးသည် ပထမဦးစွာ သူနှင့် အစွမ်းသတ္တိချင်း သိပ်မကွာသည့် မိုးကြိုးနွားကို ဆင့်ခေါ်ခဲ့ပြီး ယခုအခါတွင် မိုးကြိုးနွားထက် များစွာ ပို၍ အစွမ်းထက်သည့် သားရဲတစ်ကောင်ကို ထပ်မံ ဆင့်ခေါ်လိုက်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ချေ။

မိုးကြိုးနွား တစ်ကောင်တည်းကပင် သူ့ကို အားအင်ကုန်ခမ်းသွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ယခု ဤကဲ့သို့ ကြောက်ရွံ့ဖွယ်ရာကောင်းသည့် ဆန်းကြယ်သော သားရဲငယ်လေးနှင့် မိုးကြိုးနွားသာ ပူးပေါင်းလိုက်မည်ဆိုလျှင် သူ၏ လက်ရှိအခြေအနေဖြင့် မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့မည်ကို သူစိုးရိမ်နေမိ၏။

မိစ္ဆာဘုရင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အချိန်မှာပင် မိုးကြိုးနွားသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံသည် ကြောက်မက်ဖွယ်ရာကောင်းသော အသံလှိုင်းစွမ်းအင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိစ္ဆာဘုရင် ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

အခန်း(၂၉၉၈)ပြီး၏။

All Chapters