← Chapters

အခန်း ၂၉၉၉

Vol. 240 Ch. 2999

အခန်း ၂၉၉၉

Vol. 240 Ch. 2999

အခန်း(၂၉၉၉)

မိစ္ဆာဘုရင်သည် ယုန်ပုံသဏ္ဌာန်သားရဲ၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး ဆက်တိုက်ဆိုသလိုပင် မိုးကြိုးနွား၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောဟိန်းဟောက်သံနှင့် ရင်ဆိုင်လိုက်ရသောအခါ အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။

မိုးကြိုးနွား၏ ကြောက်မက်ဖွယ်အသံလှိုင်းလုံးသည် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။

“ဖူး..”

မိစ္ဆာဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ မိစ္ဆာသွေးများကို အန်ထုတ်လိုက်ရသည်။

“ဝုန်း..”

ဤအခိုက်အတန့်တွင် အရွယ်အစားသေးငယ်သော ယုန်ပုံသဏ္ဌာန် သားရဲသည် ဆက်တိုက်ဆိုသလို ခန္ဓာကိုယ်ကြီးမားလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ တစ်သောင်းခန့် မြင့်မားသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် သူက ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်ပြီး မိစ္ဆာဘုရင်ကို တိုက်ရိုက်ပင် မျိုချပစ်လိုက်၏။

သို့သော်လည်း မကြာမီမှာပင် ယုန်ပုံသဏ္ဌာန်သားရဲသည် မိစ္ဆာဘုရင်၏ အသားက အရသာမရှိဟု ထင်မှတ်သွားပုံရပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသော မိစ္ဆာဘုရင်ကို ရွံရှာသော အမူအရာဖြင့် ပြန်လည် ထွေးထုတ်ပစ်လိုက်သည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ဆွံ့အသွားခဲ့ပြီး ဘာပြောရမှန်းမသိပင် ဖြစ်သွားခဲ့တော့သည်။

ထိုသားရဲသည် နဂါးများကိုသာ အစာအဖြစ် စားသုံးလေ့ရှိသဖြင့် သားရဲ၏ အစားအသောက် အာသီသသည် ဂျီးများတတ်သည့် အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားနေခဲ့သည်။

သို့သော်လည်း သားရဲကြီး၏ ပါးစပ်အတွင်း အထက်၊အောက်၊ ဘယ်ပြန်၊ညာပြန် အလူးအလိမ့် ခံခဲ့ရပြီးနောက်တွင်မူ မိစ္ဆာဘုရင်သည် သိသိသာသာပင် အထိနာသွားခဲ့ပြီး အရှိန်အဝါသည်ပင် အတော်လေး အားနည်းသွားခဲ့သည်။

“ဝုန်း..”

ယင်းအချိန်မှာပင် မိုးကြိုးနွားသည် ၎င်း၏ ခွာတစ်ချက်ဖြင့် တိုက်ရိုက်ပင် နင်းချလိုက်ရာ မိစ္ဆာဘုရင်သည် ရှောင်တိမ်းရန်အချိန်မရလိုက်ဘဲ စေ့စေ့ညက်ညက် ကြေမွသွားခဲ့သည်။

မိစ္ဆာဘုရင် ကျဆုံးသွားသည်နှင့် ဤနေရာတွင် အခြားမိစ္ဆာတစ်ကောင်မျှ လုံးဝ ကျန်ရှိမနေတော့ပေ။

“နောက်ဆုံးတော့ ဖြေရှင်းနိုင်ခဲ့ပြီ”

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအနည်းငယ် ချလိုက်ကြသည်။

သို့ရာတွင် ဤအရာအားလုံးသည် ကျန်းချန်ကြောင့်သာ ဖြစ်သည်ကို သူတို့ကောင်းစွာ သိရှိနားလည်ထားကြ၏။

အကယ်၍ ကျန်းချန်သာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူထက် အင်အားနိမ့်ပါးခြင်း မရှိသည့် ရှေးဟောင်းသားရဲကြီး နှစ်ကောင်ကို မဆင့်ခေါ်ခဲ့လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အနေဖြင့် အင်မော်တယ်ဘုရင်အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် မိစ္ဆာဘုရင်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထိုသို့သာ ဖြစ်လာခဲ့လျှင် မိစ္ဆာများ၏ ကျူးကျော်ဖျက်ဆီးမှုအောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည် ပျက်စီးသွားရပေလိမ့်မည်။

မိစ္ဆာဘုရင်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်တို့သည် ပတ်ဝန်းကျင်တွင် မိစ္ဆာများရှိ မရှိ ထပ်မံ ရှာဖွေခဲ့ကြသည်။

ဤကမ္ဘာလောကထဲ၌ မည်သည့်မိစ္ဆာမှ ရှိမနေတော့သည်ကို အတည်ပြုပြီးမှသာ သူတို့က ကောင်းကင်အက်ကွဲချောက်ကမ်းပါးထဲကနေ ပြန်လည်ဆုတ်ခွာခဲ့ကြ၏။

“ရှောင်ချင်း.. ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေထဲမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့မိစ္ဆာကောင်တွေက အင်မော်တယ်လောကရဲ့ ကပ်ဘေးနဲ့လည်း ပတ်သက်ဆက်နွှယ်နေတဲ့ မိစ္ဆာတွေပဲ.. ဒီကိစ္စက အင်မော်တယ်လောကရဲ့ ရှင်သန်ရပ်တည်ရေးနဲ့လည်း သက်ဆိုင်နေတယ်.. အခု ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေရဲ့ အကျပ်အတည်း ပြေလည်သွားပြီ ဆိုတော့ ငါတခြားနေရာတွေကို သွားပြီးတော့ ကြည့်ချင်သေးတယ်”

ကောင်းကင်အက်ကွဲ ချောက်ကမ်းပါးထဲကနေ ထွက်လာခဲ့ပြီးနောက်တွင် ကျန်းချန်က လုရှောင်ချင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။

ယခုအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှ မိစ္ဆာများကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အရှင်ဇူရီနှင့် အခြားသူများလည်း ရှိနေသေးရာ မိစ္ဆာဘုရင်အဆင့်ရှိ မိစ္ဆာကောင်များ ထပ်မံ မပေါ်ပေါက်လာသရွေ့ ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ ရှိနိုင်ဦးမည် မဟုတ်ပေ။

လုရှောင်ချင်းက စကားများစွာ ပြောမနေတော့ဘဲ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပါပြီ အစ်ကိုကျန်းချန်.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

သူမက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိထားပြီး ယခုအခါတွင် သူမ၏စွမ်းရည်သည် ဟန်ယွင်အဆင့် အင်မော်တယ်ထက် နိမ့်ကျခြင်းမရှိတော့ပေ။

သို့ရာတွင် သူမသည် ကျန်းချန်ကို များစွာ အကူအညီပေးနိုင်စွမ်း မရှိသေးချေ။

မိစ္ဆာကောင်များ ထွက်ပေါ်လာခြင်းသည် အင်မော်တယ်လောက၏ သေရေး၊ရှင်ရေး ကပ်ဘေးကြီးတစ်ခု ဖြစ်နေခဲ့ရာ ယခုအခါတွင် သူမ လုပ်ဆောင်ရမည့်အရာမှာ အင်မော်တယ်ဘုရင် အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်ရန် အတွက် ကျင့်ကြံခြင်း၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံရန် ဖြစ်သည်။

သို့မှသာ ဤကပ်ဘေးကြီး အတွင်း၌ ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်လိမ့်မည် မဟုတ်ပါလော။

“စိတ်ချပါ ရှောင်ချင်းလေး”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ ဆီသို့ တောက်လျှောက်ပင် ဦးတည်သွားခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေရှိ ကောင်းကင်မိစ္ဆာတောင်ဆီသို့ သွားရန် စီစဉ်ထားခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် ကျန်းချန်သည် အင်မော်တယ်လောကတွင် အထိန်းအကွပ်မရှိ သောင်းကျန်းနေသော မိစ္ဆာကောင် အမြောက်အများနှင့် ကြုံတွေ့ခဲ့ရ၏။

အင်မော်တယ်လောကသည် ရုတ်တရက် ထွက်ပေါ်လာသည့် မိစ္ဆာကောင်များကြောင့် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခဲ့သည်။

ကျန်းချန်က ခရီးလမ်းတစ်လျှောက်ရှိ မိစ္ဆာကောင်များကို အလွယ်တကူပင် ရှင်းလင်းပစ်ခဲ့ပြီး မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ ဆီသို့ မနားမနေ ခရီးဆက်ခဲ့သည်။

သို့သော်လည်း ကျန်းချန်က စန်းလဲ့အင်မော်တယ် နယ်မြေဟု ခေါ်သော နေရာ တစ်ခုကို ဖြတ်သန်းသွားသည့်အချိန်တွင်မူ သူ၏ မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေ ဆီသို့ သွားမည့် အစီအစဥ်ကို ယာယီအားဖြင့် စွန့်လွှတ်လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် မိုယွမ် သူ့ကို ပေးအပ်ထားသည့် မိုးကြိုးတံဆိပ်ပြားသည် ထိုနေရာသို့ ဖြတ်သန်းသွားသည့် အခိုက်တွင် ရုတ်တရက် တုန်ခါလာသောကြောင့်ပင်။

ကျန်းချန်က လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မိုးကြိုးတံဆိပ်ပြားသည် ကျန်းချန်၏ လက်ဖဝါးတွင် ပေါ်ထွက်လာခဲ့သည်။

မူလက အလွန်အမင်း တည်ငြိမ်နေခဲ့သော မိုးကြိုးတံဆိပ်ပြား၏ အထက်တွင် ဆန်းကြယ်သော မိုးကြိုးအလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။

“ကြည့်ရတာ ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ မိုးကြိုးခန်းမက ဒီအင်မော်တယ်နယ်မြေထဲမှာ ရှိနေမယ် ထင်တယ်”

ကျန်းချန်က သူ၏လက်ဖဝါးထဲရှိ မိုးကြိုးတံဆိပ်ပြားကိုကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မိစ္ဆာနှိမ်နင်းခြင်း အင်မော်တယ်နယ်မြေထဲမှ ပြန်လာခဲ့စဥ်တွင် စန်းလဲ့အင်မော်တယ်နယ်မြေသို့ သွားရောက် လည်ပတ်ခဲ့ဖူးသော်လည်း မိုးကြိုးတံဆိပ်ပြားကနေ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။

“ကြည့်ရတာ အင်မော်တယ်လောကရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေက မိုးကြိုးတံဆိပ်ပြားရဲ့ ခံစားသိရှိမှုကို လှုံ့ဆော်ပေးနိုင်ခဲ့တယ် ထင်တယ်”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် မိုးကြိုးတံဆိပ်ပြား၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါသွားခဲ့သည်။

ကျန်းချန်က မိုးကြိုးခန်းမနှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ မိုးကြိုးတံဆိပ်ပြား၏ ခံစားသိရှိမှုသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။

ခဏအကြာတွင် မိုးကြိုးတံဆိပ်ပြား၏ လမ်းညွှန်မှုဖြင့် ကျန်းချန်သည် မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းနေသည့် မိုးကြိုးတောင်တန်း တစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ဤမိုကြိုးတောင်တန်းသည် တစ်နှစ်ပတ်လုံး မရေမတွက်နိုင်သော ငွေရောင်မိုးကြိုး စွမ်းအားများဖြင့် ဖုံးလွှမ်းနေသော တောင်တန်း တစ်ခု ဖြစ်သည်။

ထိုမိုးကြိုးစွမ်းအားများသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ပြည့်နှက်နေသဖြင့် ဟန်ယွင်အဆင့် ကျင့်ကြံသူများ ပင်လျှင် တောင်တန်း ထဲသို့ အလွယ်တကူ ဝင်ရောက်ဝံ့ကြမည် မဟုတ်ပေ။

ကျန်းချန်က သူ့ရှေတွင် ရှိနေသေ မိုးကြိုးတောင်တန်းကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက်တွင် ခြေလှမ်း တစ်လှမ်းကို လှမ်းလိုက်ကာ မိုးကြိုးတောင်၏ အတွင်း ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

မိုးကြိုးတောင်တန်းမှ မိုးကြိုးစွမ်းအားများသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ပင် ထိုမိုးကြိုးစွမ်းအားများကို တောင့်ခံထားနိုင်စွမ်း မရှိပေ။

ယင်းကြောင့် ကျန်းချန်က ကောင်းကင်ချိတ်ပိတ် အင်မော်တယ် စာအုပ်ကို အသက်သွင်းလိုက်ပြီး မိုးကြိုးနွားကို ဆင့်ခေါ်လိုက်ရသည်။

မိုးကြိုးနွားသည် မိုးကြိုးစွမ်းအားများ အပေါ်တွင် ထိန်းချုပ်နိုင်စွမ်း ရှိရာ သူ၏ ပတ်ဝန်းကျင်မှ မိုးကြိုးစွမ်းအားများသည် သူ့အပေါ်သို့ အယားပြေသလောက်သာ သက်ရောက်မှုရှိတော့သည်။

ဆိုရလျှင် ပတ်ဝန်းကျင်မှ မိုးကြိုးစွမ်းအားများ အားလုံးကို မိုးကြိုးနွားက စုပ်ယူသွားခဲ့ခြင်းသာ။

မိုးကြိုးနွား၏ ကူညီမှုဖြင့် ကျန်းချန်သည် မိုးကြိုးတောင်တန်းထဲ၌ မည်သည့် အတားအဆီးမှမရှိဘဲ လျှောက်လှမ်းနိုင်ခဲ့ပြီး မကြမီမှာပင် မိုးကြိုးတောင်၏ နက်ရှိုင်းသို့ နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

ယင်းနောက်တွင်မူ မိုးကြိုးအတားအဆီး တစ်ခုဖြင့် ဖုံးလွှမ်းနေသည့် နန်းတော်ပျက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

“ဒါက မိုးကြိုးခန်းမဆောင်ပဲ ဖြစ်ရမယ်”

ကျန်းချန်က မိုးကြိုးနွားကို မိုးကြိုးအလင်း အတားအဆီးကို ဖျက်ဆီးခိုင်းလိုက်ပြီး နန်းတော် ထဲသို့ ဝင်ရောက်သွားခဲ့သည်။

မိုးကြိုးခန်းမဆောင်ထဲသို့ ဝင်ရောက်လိုက်သောအခါ ဤနေရာ၏ အခြေအနေသည် ထျန်းယွမ်ခန်းမနှင့် ထျန်းကန်းခန်းမတို့နှင့် မတူညီဘဲ ကွဲပြား ခြားနားနေသည်ကို တွေ့ရှိလိုက်ရ၏။

မိုးကြိုးခန်းမသည် ထျန်းယွမ်ခန်းမလို ရှေးဦးအင်မော်တယ်များ မရှိသလို ထျန်းကန်းခန်းမကဲ့သို့ ကြီးကျယ်သော မှော်စွမ်းအားဖြင့် စည်းခတ်ခံထားရခြင်းလည်း မရှိပေ။

မိုးကြိုးခန်းမ တစ်ခုလုံးသည် ပျက်စီးယိုယွင်းနေခဲ့ပြီး ရှေးခေတ်ကာလက စစ်ပွဲကြီး အတွင်းကနေ ကြွင်းကျန်ရစ်ခဲ့သည့် ရှေးဟောင်း အပျက်အစီး တစ်ခုနှယ် ဖြစ်နေခဲ့သည်။

ကျန်းချန်က မိုးကြိုးခန်းမဆောင်ကို အနှံ့အပြား ရှာဖွေကြည့်ရှုခဲ့သော်လည်း ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရှာမတွေ့ခဲ့ပေ။

သူက ခန်းမနှစ်ခုမှ မူလအသက်ဓာတ်များကို စုပ်ယူပြီးပြီ ဖြစ်သည်။

အကယ်၍ ဤနေရာတွင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် ရှိနေခဲ့မည် ဆိုလျှင် သူ့အနေဖြင့် ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် ခံစားသိရှိနိုင်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။

ချက်ချင်းပင် ကျန်းချန်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ဒီနေရာက မိုးကြိုးခန်းမမှ ဟုတ်ရဲ့လား”

ထိုအခိုက်အတန့်တွင် သူ၏ လက်ထဲရှိ တံဆိပ်ပြား၌ လျှပ်စီး အလင်းတန်းများ ထပ်မံ၍ လင်းလက်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရ၍ ကျန်းချန်က တံဆိပ်ပြား လမ်းညွှန်ပြသနေသည့် နေရာ ဆီသို့ ဦးတည်ကာ တုံ့ဆိုင်းမနေဘဲ လျှောက်လှမ်းသွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် ပျက်စီးယိုယွင်းနေသော နန်းတော် အတွင်း၌ သူ၏ လက်ထဲရှိ တံဆိပ်ပြားနှင့် တစ်ပုံစံတည်း တူညီသော တံဆိပ်ပြား တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းအခိုက်အတန့်တွင် တံဆိပ်ပြားနှစ်ခု အကြားရှိ တည်ရှိမှုသည် ပိုမို၍ ပြင်းထန်လာသည်ကို မြင်တွေ့လိုက်ရသည်။

အဆုံးသတ်တွင်မူ ကျန်းချန်၏ လက်ထဲရှိ တံဆိပ်ပြားသည် လက်ထဲကနေ ပျံသန်းသွားခဲ့ပြီး နန်းတော်ထဲရှိ မိုးကြိုးတံဆိပ်ပြားနှင့် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုးကြိုးတံဆိပ်ပြားထဲကနေ မိုးကြိုးပုံရိပ် တစ်ခု မျက်စိတစ်မှိတ် အတွင်းမှာပင် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၉၉၉)ပြီး၏။

All Chapters