← Chapters

အခန်း ၇၅၂

Vol. 64 Ch. 752

အခန်း ၇၅၂

Vol. 64 Ch. 752

အပိုင်း (၇၅၂)

ခုနစ်လပိုင်း ခုနစ်ရက်နေ့....

ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်သို့ စတုတ္ထမြောက် တိုက်ပွဲကို စတင်ခဲ့သည်။ စာပေ တိုက်ပွဲ ဖြစ်၏။

ဆိုလိုသည်မှာ သူ ထပ်မံ၍ စာအုပ် ကူးချရတော့မှာဖြစ်၏။ ဤတစ်ကြိမ်တွင် မည်သည့် စာအုပ်ကို ကူးချရမည်နည်း ဆိုသည်ကို သူ အတော်ကြာအောင် စဉ်းစားခဲ့သည်။

ခန်းဆောင်နီအိမ်မက်သည် မသေနိုင်သော ဂန္ထဝင် လက်ရာ ဖြစ်သော်လည်း တာ့ယန် အင်ပါယာသစ်က မနှစ်သက်ပေ။ အနည်းဆုံးတော့ ယခုအချိန်အထိ သူတို့သည် အရှေ့ဘက် လောကဟောင်းကို အတော်လေး ရှောင်ဖယ်နေကြဆဲ ဖြစ်၏။

ခန်းဆောင်နီအိမ်မက် စာအုပ်သည် ယိုယွင်းနေသော လောကကြီးကို သရော်လှောင်ပြောင်ပြီး ဝေဖန်ထားခြင်း ဖြစ်သော်လည်း ၎င်းသည် တကယ်ကို အရှေ့တိုင်းဆန်လွန်းလှသည်။

ထို့အပြင် တာ့ယန် အင်ပါယာသစ်၏ ကုန်ထုတ်လုပ်မှု စွမ်းအားသည် ဖွံ့ဖြိုးတိုးတက်နေပြီး ရုပ်ဝါဒ ကမ္ဘာ့အမြင် ဘက်သို့ တိမ်းညွတ်နေသောကြောင့် ဤကဲ့သို့ နူးညံ့သော လက်ရာမျိုးကို သိပ်မနှစ်သက်ကြပေ။

အနောက်သို့ ခရီးသွားမှတ်တမ်းက ရနိုင်သော်လည်း တာ့ယန် အင်ပါယာသစ်အတွက်မူ လုံလောက်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် အနောက်တိုင်း နာမည်ကြီး စာအုပ်များကို ကူးချမည်လား။ ကမ္ဘာ့ နာမည်ကြီး စာအုပ် ဆယ်အုပ်ထဲက ရွေးရမည်လား။

စစ်နှင့် ငြိမ်းချမ်းရေး ဆိုသည့် စာအုပ်မှာလည်း မဖြစ်နိုင်ပေ။ အကြောင်းမှာ ၎င်းသည် သီးခြားသမိုင်းဝင် ခေတ်ကာလတစ်ခုနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းကြောင့်ပင်။ ပြင်သစ်ဆန့်ကျင်ရေးစစ်ပွဲဆိုသည့် ကြီးမားသော သမိုင်းနောက်ခံမရှိပါက ထိုစာအုပ်၏ ဆွဲဆောင်မှုမှာ အများအပြား ကျဆင်းသွားပေလိမ့်မည်။

Wuthering Heights (လေထန်ကုန်း)၊ The Hunchback of Notre-Dame (ပါရီမြို့က ခေါင်းလောင်းထိုးသမား) နှင့် The Red and the Black (အနီနှင့်အနက်) စသည့် စာပေလက်ရာများမှာလည်း ထိုနည်းလည်းကောင်းပင်။

ရိုးရိုးသားသားဆိုရသော် ၎င်းတို့အားလုံးသည် ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သီးခြားသမိုင်း နောက်ခံတစ်ခု၏ ထုတ်ကုန်များဖြစ်နေခြင်းကသာ ထင်ရှားကျော်ကြားသော စာပေလက်ရာများ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ ရွေးချယ်မည့် စာအုပ်သည် သေချာပေါက် ဟန်ရေးပြနိုင်ရမည်ဖြစ်ပြီး အဆင့်အတန်း အရမ်း မြင့်မားကြောင်း ပြသနိုင်ရမှာဖြစ်သည်။ အတွင်းတွင် မြင်လိုက်သည်နှင့် အရမ်းကောင်းသည်ဟု ထင်ရသော စာကြောင်းများ ပြည့်နှက်နေရမှာဖြစ်၏။

အတွင်းမှ စာကြောင်း အချို့ကို ကူးယူလိုက်သည်နှင့် နာမည်ကြီး စကားစုများ ဖြစ်လာပြီး နှစ်ရာချီ ကြာမြင့်စွာ တည်တံ့သွားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

ထို့အပြင် ပညာတတ်များက ဤစာကြောင်းကို မြင်သည်နှင့် ချက်ချင်း မှတ်သားထားချင်ပြီး အလွတ်ကျက်ကာ အခြားသူများရှေ့တွင် ဟန်ရေးပြရန် အသုံးပြုချင်လာရမှာဖြစ်၏။

အရစ္စတိုတယ်၏ Metaphysics (မက်တာဖစ်ဆစ်)၊ ဩဂတ်စတင်း၏ Confessions (ဝန်ခံချက်)၊ ဟေဂယ်၏ The Phenomenology of Spirit (စိတ်ဝိညာဉ် ဖြစ်စဉ်ပြဗေဒ)၊ နီရှေး၏ The Birth of Tragedy (အဖြစ်ဆိုးများ မွေးဖွားလာခြင်း) လား။

ဤဒဿနိကဗေဒ စာအုပ်များသည် ကြည့်ရသည်မှာ အဆင့်အတန်း အရမ်း မြင့်မားသော်လည်း သိပ်ပြီး လူကြိုက်မများနိုင်သလို ခေတ်နှင့်လည်း မကိုက်ညီပေ။

အဓိက အချက်မှာ ယွင်ကျုံးဟဲ့သည် ဒဿနိကဗေဒ စာမေးပွဲတွင် အံ့ဩစရာများကို ဖန်တီးခဲ့ပြီးဖြစ်ရာ ဒဿနိကဗေဒ စာအုပ်တစ်အုပ် ထပ်ရေးပါက အနည်းငယ် ထပ်နေမှာ ဖြစ်သည်။

ဤတစ်ကြိမ်တွင် အတော်လေး စစ်မှန်သော စာပေ လက်ရာ တစ်ခုကို သေချာပေါက် ရေးသားရပေလိမ့်မည်။

မကြာမီ ယွင်ကျုံးဟဲ့သည် မည်သည့် စာအုပ်ကို ကူးယူ ပြုပြင်ရေးသားရမည်ကို တွေးမိသွားသည်။ ဤသည်မှာ မျက်မှောက်ခေတ်တွင် အဆင့်အတန်း အမြင့်မားဆုံး စာအုပ်များထဲမှ တစ်အုပ် ဖြစ်မည်မှာ သေချာသည်။

One Hundred Years of Solitude (အထီးကျန် နှစ်တစ်ရာ) - ဤနာမည်ကို ကြားလိုက်သည်နှင့် လူအများစု၏ နှလုံးသား တစ်ချက် တုန်ယင်သွားမည်ဟု ယုံကြည်၏။

(One Hundred Years of Solitude - ကိုလံဘီယာ စာရေးဆရာ ဂါဘရီရယ် ဂါစီယာ မားကွက်ဇ် (Gabriel García Márquez) ရေးသားခဲ့သည့် ကမ္ဘာကျော် ဝတ္ထုရှည်တစ်ပုဒ်)

ထို့အပြင် လူအများစု၏ တုံ့ပြန်မှုမှာ ကျုပ် ဒီစာအုပ် အကြောင်း ကြားဖူးတယ်၊ မဖတ်ဖူးပေမယ့် အရမ်း ကောင်းမယ် ထင်တယ် ဟူ၍ ဖြစ်သည်။

တာ့ယန် အင်ပါယာသစ်၏ ကုန်ထုတ်လုပ်မှု စွမ်းအား အဆင့်အတန်းသည် ဤစာအုပ်၏ နောက်ခံနှင့် ကိုက်ညီနိုင်၏။

ထို့အပြင် တာ့ယန် အင်ပါယာသစ်တွင် ကိုလိုနီ နယ်မြေများ ရှိပြီး ဘာသာတရားကို မယုံကြည်သော်လည်း အတိုင်းအတာ တစ်ခုအထိ နားလည်မှု ရှိသောကြောင့် ဤစာအုပ်၏ နောက်ခံအပေါ် ခံစားချက် အချို့ ရှိနိုင်သည်။

သေချာပေါက် ယွင်ကျုံးဟဲ့ အနေဖြင့် ပြုပြင်မွမ်းမံမှု အချို့ ပြုလုပ်ရန် လိုအပ်သော်လည်း ဤစာအုပ်၏ အနှစ်သာရကိုတော့ ဖျက်ဆီးပစ်ရန် မလိုအပ်ပေ။

ဤကဲ့သို့သော စာအုပ်မျိုးကို ပြည်သူလူထုက နှစ်သက်မည်၊ မနှစ်သက်မည် ဆိုသည်မှာတော့ မသေချာပေ။ ခေတ်သစ် လူ့အဖွဲ့အစည်းတွင် စာပေဝါသနာရှင် လူငယ် မည်မျှက ဤစာအုပ် အကြောင်း ပြောကြသည်နှင့် ဤစာအုပ်ကို နတ်ဘုရားစင်ပေါ်သို့ တင်ထားကြသည်ကို မသိနိုင်ပေ။

(နတ်ဘုရားစင်ပေါ်သို့ တင်ထားခြင်း - တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုကို အလွန်အမင်း အထင်ကြီးလေးစားလွန်း၍ အမြင့်ဆုံးနေရာတွင် ထားရှိခြင်း)

ဖတ်ဖူး၊ မဖတ်ဖူး ဆိုသည်ကို ထားလိုက်ပါဦး။ စိတ်ထဲတွင် နှစ်သက်၊ မနှစ်သက် ဆိုသည်ကိုလည်း ထားလိုက်ပါဦး။

ဤစာအုပ်၏ အဆင့်အတန်းမှာ အမှန်တကယ်ပင် မြင့်မားလှပြီး စစ်မှန်သော နတ်ဘုရားလက်ရာဟုပင် ခေါ်ဆိုနိုင်သည်။

အရေးအကြီးဆုံးအချက်မှာ ဤစာအုပ်သည် ဟန်ရေးပြရန်အတွက် အလွန်ပင်သင့်တော်ပြီး အတွင်း၌ပါရှိသော စာကြောင်းများမှာလည်း အလွန်ပင် အဆင့်အတန်းမြင့်မားလွန်း၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့က ဤစာအုပ်ကို ကူးယူ ပြုပြင်ရေးသားပြီး တာ့ယန် အင်ပါယာသစ်၏ ပြည်သူများကို သိမ်းပိုက်ရန် အသုံးပြုခြင်းမှာ အလွန် သင့်တော်လှသည်။

ထင်ထားသည့်အတိုင်း ဤစာအုပ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီးနောက် ရောင်းအား ချက်ချင်း ပေါက်ကွဲသွားသည်။ ချဲ့ကား ပြောဆိုခြင်း မဟုတ်ဘဲ ယခင် တိုက်ပွဲ သုံးကြိမ် အပြီးတွင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ အထူး နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

ဤစာအုပ်သည် တာ့ယန် အင်ပါယာသစ်အပေါ် သူ စတင်လိုက်သော စတုတ္ထမြောက် တိုက်ပွဲ ဖြစ်သည့် စာပေ တိုက်ပွဲကို ကိုယ်စားပြုနေသောကြောင့် လူတိုင်းက သေချာပေါက် အာရုံစိုက်ကြသည်။

အင်ပါယာ တစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများက သူ စတင်မည့် တိုက်ပွဲသစ်ကို စောင့်မျှော်နေကြပြီး အနိုင်အရှုံးကိုသာ ဂရုစိုက်ကြသည် မဟုတ်ဘဲ ယွင်ကျုံးဟဲ့က အံ့ဩစရာ အသစ်များ ယူဆောင်လာမည်ကိုလည်း မျှော်လင့်နေကြ၏။

ပထမဆုံး နေ့တွင်ပင် အထီးကျန် နှစ်တစ်ရာ စာအုပ်သည် အုပ်ရေ သိန်းချီ ရောင်းထွက်သွားခဲ့သည်။

မရေမတွက်နိုင်သော လူများက ဤစာအုပ်ကို ပထမဆုံး အချိန်တွင် ဖတ်ရှုခဲ့ကြပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။

လူအများစု၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေကြသည်။

‘ရိုးရိုးသားသား ပြောရလျှင် ကျုပ်တို့လည်း နားလည်ပါတယ်။ အရမ်း ကောင်းတယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ သိပ်လည်း မကြိုက်ပါဘူး။ နည်းနည်း ထူးဆန်းနေသလိုပဲ။’

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာရှိ လူအများစု နှစ်သက်ကြသည်မှာ အနောက်သို့ ခရီးသွားမှတ်တမ်း၊ သိုင်းကမ္ဘာ မှတ်တမ်း ကဲ့သို့သော ရိုးရှင်းသည့် လက်ရာများကိုသာ ပြည်သူလူထုက နှစ်သက်ကြခြင်း ဖြစ်၏။

သို့ပေမည့် ပြည်သူလူထုက အထီးကျန် နှစ်တစ်ရာကို ဖတ်ပြီးနောက် စကားမပြောရဲကြပေ။ အကြောင်းမှာ အထင်သေးခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

နှစ်ရက် အကြာတွင်...

ယွင်ကျုံးဟဲ့၏ စာအုပ်သည် တိုက်ရိုက် ပေါက်ကွဲသွားပြီး တာ့ယန် အင်ပါယာသစ်၏ အနုပညာ လောကတွင် အရင် ပေါက်ကွဲသွားခြင်း ဖြစ်၏။

အင်ပါယာ အနုပညာ စာသင်ကျောင်းမှ ယွင်ကျုံးဟဲ့၏ ပရိသတ်များက ဤစာအုပ်ကို နတ်ဘုရားစင်ပေါ်သို့ အရင် မြှောက်တင်လိုက်ကြသည်။ ထို့နောက် အင်ပါယာ စာပေလောက၊ ထို့နောက် အင်ပါယာ တစ်ခုလုံး၏ ပညာတတ် လောကသို့ ပျံ့နှံ့သွားသည်။

‘အရမ်းကောင်းတယ်။ နတ်ဘုရား လက်ရာပဲ။ ရာစုနှစ် တစ်ခုအတွင်း မတွေ့ရခဲတဲ့ မသေနိုင်တဲ့ ဂန္ထဝင် လက်ရာပဲ။ ဒီလောကပေါ်က ဘယ်သူမဆို၊ ဘယ်လူမျိုးမဆို ဒီစာအုပ်ကို ဖတ်သင့်တယ်။’

‘အယုံကြည်ရဆုံး အံ့ဩဖွယ်ရာတွေနဲ့ အသန့်စင်ဆုံး ဘဝတွေကို စုစည်းထားတာပဲ။ ဒါဟာ လူသားတွေမှာ ဘာသာစကား ရှိလာတည်းက အကြီးကျယ်ဆုံးသော လက်ရာတွေထဲက တစ်ခုပဲ။’

တစ်ပြေးညီ ထိပ်တန်း အကဲဖြတ်ချက်များ ဖြစ်ပြီး မှတ်ချက်များက ပို၍ ပို၍ မြင့်မားလာကာ နတ်ဘုရားစင်ပေါ်ရှိ နေရာကလည်း ပို၍ ပို၍ မြင့်မားလာ၏။

မည်သို့ပင်ဖြစ်စေကာမူ မည်သည့်အခြေအနေတွင်မဆို ဤစာအုပ်အကြောင်းကို ဆွေးနွေးရမည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်ပါက အဆင့်အတန်း မရှိသူဟု သတ်မှတ်ခံရမည့် အခြေအနေမျိုး ဖြစ်သည်။

အထက်လွှတ်တော် အစည်းအဝေးပင် ဖြစ်ပါစေ၊ အစည်းအဝေးမစတင်မီ အထီးကျန်နှစ်တစ်ရာ အကြောင်း အလွတ်သဘော ပြောဆိုဆွေးနွေးမှု မရှိပါက ဘဝအပေါ် ခံယူချက်မမြင့်မားသူဟု အထင်ခံရမှာဖြစ်၏။

အလားတူ အမျိုးသား၊ အမျိုးသမီးတို့ အိမ်ထောင်ဖက်ရှာဖွေရာ၌လည်း ဤစာအုပ်အကြောင်း ဦးစွာစကားစမြည် မပြောပါက ယဉ်ကျေးမှုမရှိသူဟု သတ်မှတ်ခံရပေလိမ့်မည်။

ပညာရှင်လင်မယားတို့အကြား၌လည်း ချစ်တင်းမနှီးနှောမီ ဤစာအုပ်အကြောင်း အနည်းငယ် ပြောဆိုကြသေးသည်။ အကြောင်းမှာ ထိုစာအုပ်ထဲမှ ဇာတ်ကွက်အချို့မှာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှသောကြောင့်ပင်။

ပြည်သူလူထုအများစု၏ စိတ်ထဲတွင်မူ သံသယများ ရှိနေကြသည်။ “ဒီစာအုပ်က တကယ်ပဲ အဲဒီလောက်ကောင်းလို့လား။ ကျုပ်တို့ ဘာလို့ မမြင်ရတာလဲ။”

သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏ အမြင်ကို ကြိုတင်ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြပေ။ အကယ်၍ မကြိုက်နှစ်သက်ကြောင်း ပြောလိုက်ပါက မိမိတို့၏ အဆင့်အတန်း နိမ့်ကျသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

ထို့ကြောင့် မည်သူကမှ အဆိုပါစာအုပ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ရဲခြင်းမရှိဘဲ၊ ရာစုနှစ်အတွင်း တွေ့ရခဲသည့် နတ်ဘုရားလက်ရာ ဂန္ထဝင်စာအုပ်ဟုသာ တညီတညွတ်တည်း ထောက်ခံပြောဆိုကြရသည်။

ထိုမျှသာမက စာအုပ်ကို ဖတ်ရှုပြီးကြောင်း သက်သေပြရန်အတွက် အလွန်ဂန္ထဝင်ဆန်ပြီး အဆင့်အတန်း မြင့်မားသည့် စာကြောင်းအချို့ကို အလွတ်ရွတ်ဆိုပြတတ်ကြ၏။

မနေ့ညက စာအုပ်ကိုဖတ်ရင်း သုံးခါခန့် အိပ်ပျော်သွားခဲ့ရသည်ဟု မည်သူမှ ဝန်ခံပြောဆိုကြမည် မဟုတ်ပေ။ ဆက်လက်ဖတ်ရှုနိုင်ခြင်း မရှိသူများပင်လျှင် ထိုစာအုပ်ထဲမှ စာကြောင်းများကို အလွတ်ကျက်မှတ် လာကြသည်။

ဤသို့ဖြင့် စာအုပ်၏ဂုဏ်ပုဒ်မှာ ပိုမိုမြင့်မားလာပြီး ပိုမိုခမ်းနားလာခဲ့၏။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့၏ ဒုတိယမြောက်စာအုပ်ဖြစ်သည့် အနောက်သို့ခရီးသွားမှတ်တမ်း ထွက်လာခဲ့၏။ ဤတစ်ကြိမ်တွင်မူ ပြည်သူလူထုမှာ စာအုပ်ကိုဖတ်ရှုပြီးသည်နှင့် တပြိုင်နက် လက်ခုပ်တီး အားပေးကြသည်။

“ဒါမှ ကျုပ်တို့ကြိုက်တဲ့ နတ်ဘုရားလက်ရာဆိုတာ၊ အရမ်းကောင်းပြီး အရမ်းဆန်းကြယ်တာပဲ။ ဒီစာအုပ်ကို ဖတ်ရတာ တစ်ချက်လေးတောင် မငိုက်တဲ့အပြင် ပိုတောင် လန်းဆန်းလာသေးတယ်။”

ထို့နောက် ဤအနောက်သို့ ခရီးသွားမှတ်တမ်းသည် စာသင်ကျောင်းကြီးများနှင့် အင်ပါယာ တစ်ခုလုံးရှိ မရေမတွက်နိုင်သော အခြေခံ ပညာရေး ကျောင်းများ အတွင်းတွင် လုံးဝ ပေါက်ကွဲသွား၏။

လူတိုင်း သိကြပြီး လူတိုင်း နားလည်ကြ၏။ ပြည်သူလူထုက နောက်ဆုံး၌ ရဲရဲဝံ့ဝံ့နှင့် ရင်ကော့ပြီး နတ်ဘုရား လက်ရာပဲ၊ လုံးဝ နတ်ဘုရား လက်ရာပဲလို့ ပြောနိုင်သွားကြပြီ ဖြစ်သည်။

မိမိဖတ်ရှုဖူးကြောင်း သက်သေပြလိုသူတို့သည် စာအုပ်ထဲမှ ဇာတ်လမ်းများကို အသေးစိတ် ပြန်လည် ပြောပြရုံသာမက မိမိတို့၏ ကိုယ်ပိုင်အမြင်များကိုပါ ထုတ်ဖော်ဆွေးနွေးလာကြ၏။

ဥပမာအားဖြင့် ကျူးပါကျဲသည် ၎င်း၏ဇနီးနှင့် အိပ်စက်ခဲ့ဖူးခြင်း ရှိ၊ မရှိ သို့မဟုတ် ဘုန်းကြီးထန်ဆန်းသည် သမီးတော်နိုင်ငံ၏ ဘုရင်မနှင့် ရင်ဆိုင်ရချိန်တွင် စိတ်လှုပ်ရှားမှု ရှိ၊ မရှိ စသည့် အလွန်ထူးဆန်းသော လေ့လာဆန်းစစ်မှုများကိုပင် ပြုလုပ်လာကြသည်။

အနောက်သို့ခရီးသွားမှတ်တမ်းကို ဖတ်ရှုပြီးသည့်အခါတွင်မူ အလွန်ပင် ဟန်ရေးပြလေ့ရှိသော ပညာရှင်များပင်လျှင် ဤစာအုပ်ကို မကောင်းကြောင်း ဝေဖန်ရဲခြင်း မရှိကြပေ။

စာအုပ်၏ အကြောင်းအရာမှာ အနည်းငယ် ရိုးရှင်းနေသည်ဟု ဆိုနိုင်သော်လည်း ၎င်းအတွင်း၌ နက်နဲသော အဓိပ္ပာယ်များစွာ ကိန်းအောင်းနေဆဲဖြစ်၏။ အရေးကြီးဆုံးအချက်မှာ ဖတ်ရှုရသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေခြင်းပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ ဤစာအုပ် နှစ်အုပ်သည် တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို လွှမ်းမိုးသွားပြီး လူတန်းစား အားလုံးကို သိမ်းပိုက်နိုင်ခဲ့၏။

ထိုအချိန်တွင် အင်ပါယာရှိ စာပေပညာရှင်အချို့ ထွက်ပေါ်လာပြီး စာအုပ်များရေးသားကာ ယွင်ကျုံးဟဲ့နှင့် ယှဉ်ပြိုင်သင့်ကြောင်း အသံများ ထွက်ပေါ်လာခဲ့သော်လည်း၊ လက်တွေ့တွင်မူ ထိုသို့သော ယှဉ်ပြိုင်မှုမျိုး လုံးဝဖြစ်ပေါ်မလာခဲ့ပေ။

စတုတ္ထမြောက်တိုက်ပွဲတွင်လည်း ယွင်ကျုံးဟဲ့၏ တစ်ကိုယ်တော်ဖျော်ဖြေမှုသာ လွှမ်းမိုးသွားခဲ့သည်။

ထို့နောက် တာ့ယန်အင်ပါယာသစ်တစ်ခုလုံးရှိ မရေမတွက်နိုင်သော ပြည်သူတို့မှာ ယွင်ကျုံးဟဲ့၏ ပရိတ်သတ်များ ဖြစ်သွားကြ၏။

ယခုခေတ်၏ အင်ပါယာစာပေလောကတွင် ယွင်ကျုံးဟဲ့ကို ယှဉ်ပြိုင်နိုင်သူ မရှိသည်မှာ ထင်ရှားပြီး၊ လွန်ခဲ့သော အနှစ်တစ်ရာကျော်ကာလကို ပြန်လည်ဆန်းစစ်ကြည့်လျှင်ပင် ပြိုင်ဘက်ကင်းသူအဖြစ် သတ်မှတ်ရမှာဖြစ်သည်။

သူသည် စာပေပညာရှင်ကြီး၊ စာပေလောက၏ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအဖြစ် ရောက်ရှိသွားကာ ကျောင်းသုံး စာအုပ်များတွင်ပင် ထည့်သွင်းသင်ကြားရမည့် အဆင့်အတန်းမျိုးသို့ တက်လှမ်းသွားခဲ့၏။

အင်ပါယာဒုတိယစာသင်ကျောင်းကလည်း ယွင်ကျုံးဟဲ့အား အင်ပါယာစာပေပါရဂူဘွဲ့ အပ်နှင်းကြောင်း လူသိရှင်ကြား ကြေညာခဲ့ပြီး၊ ၎င်းစာသင်ကျောင်း၏ အချိန်ပိုင်းပါမောက္ခအဖြစ် ဖိတ်ကြားခဲ့သည်။

တစ်ဖက်တွင်လည်း အထက်လွှတ်တော်က ယွင်ကျုံးဟဲ့အား မိန့်ခွန်းပြောကြားပေးပါရန် ဖိတ်ကြားစာများ ထပ်မံပေးပို့လာပြန်၏။

ဤသို့ဖြင့် ယွင်ကျုံးဟဲ့၏ တာ့ယန်အင်ပါယာသစ်အပေါ် စတုတ္ထမြောက်တိုက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့၏။ ထပ်မံ၍ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး မရေမတွက်နိုင်သော အားပေးသံများကိုပါ ရရှိခဲ့သည်။

သို့ပေမည့် ဤအချိန်တွင် ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့ သဘောတူထားသော တစ်နှစ်တာ ကာလသည် ရောက်ရှိလာတော့မှာဖြစ်၏။

တစ်နှစ် အတွင်း ကျီးချင့်က သူနှင့် အတူတူ အိပ်ဖို့ ကိုယ်တိုင် မတောင်းပန်ဘူးဆိုရင် သူမကို လွတ်လပ်ခွင့် ပေးပြီး တရားဝင် ကွာရှင်းမယ်လို့ ပြောခဲ့ဖူးသည်။

All Chapters