← Chapters

အခန်း ၇၅၃

Vol. 64 Ch. 753

အခန်း ၇၅၃

Vol. 64 Ch. 753

အပိုင်း (၇၅၃)

ယခုအချိန်အထိ ယွင်ကျုံးဟဲ့သည် တာ့ယန်အင်ပါယာသစ်အား လေးကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ပြီးဖြစ်ရာ အားလုံးတွင် အပြတ်အသတ် အောင်နိုင်ခဲ့၏။

အထူးသဖြင့် တတိယနှင့် စတုတ္ထအကြိမ်မြောက် စိန်ခေါ်မှုများသည် သူတစ်ဦးတည်း၏ ဖျော်ဖြေပွဲကဲ့သို့ပင် ဖြစ်ခဲ့၏။ တာ့ယန်အင်ပါယာသစ်သည်လည်း မြင့်မြတ်သော စိတ်ထားကို ပြသခဲ့ပြီး ယွင်ကျုံးဟဲ့၏ အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့သည်။

သို့သော်ငြား ယွင်ကျုံးဟဲ့ သိမ်းပိုက်လိုသည်မှာ တာ့ယန်အင်ပါယာသစ်၏ နယ်ပယ်အားလုံး ဖြစ်သည်။ အနုပညာ၊ စစ်တုရင်၊ ဆေးပညာနှင့် စာပေတို့မှာ အဓိက နယ်ပယ်များ မဟုတ်သေးပေ။

အင်ပါယာသစ်၏ ဂုဏ်အယူဆုံးနှင့် အင်အားအကြီးဆုံး ဖြစ်သည့် နယ်ပယ်နှစ်ခုမှာ သိပ္ပံပညာနှင့် စစ်ရေးတို့ပင် ဖြစ်သည်။

သိပ္ပံပညာဟု ဆိုရာတွင် နည်းပညာ သို့မဟုတ် ထုတ်လုပ်မှု စွမ်းအားဟုလည်း နားလည်နိုင်ပြီး ၎င်းမှာ ယွင်ကျုံးဟဲ့ အလေးအနက် ထားသည့် အရာလည်း ဖြစ်၏။

တာ့ယန်အင်ပါယာသစ်တွင် ခိုင်မာသော စက်မှုအခြေခံ ရှိနေခြင်းကသာ အရှေ့ဘက် မြေရိုင်းများကို ပြန်လည် သိမ်းပိုက်နိုင်ရန်နှင့် တာ့ရှန်းမိစ္ဆာနိုင်ငံကို ချေမှုန်းနိုင်ရန် မျှော်လင့်ချက်ပင် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် မည်မျှပင် ခေတ်မီသော စစ်သင်္ဘော ဒီဇိုင်းများ၊ သေနတ်၊ အမြောက်နှင့် လက်နက်ပုံစံများ ရှိနေပါစေ၊ လက်တွေ့ အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ ဤအရာအားလုံးမှာ ခိုင်မာသော စက်မှုအင်အား လိုအပ်၏။

ယခင်က စိတ်ကူးထားခဲ့သည့်အတိုင်း တာ့ရှနိုင်ငံမှ ပန်းပဲဆရာများနှင့် လက်မှုပညာသည်များကို အသုံးချမည် ဆိုပါက သံရိုင်းနှင့် ကျောက်မီးသွေး အကန့်အသတ်မရှိ ရှိနေလျှင်ပင် ခိုင်မာသော စက်မှုအခြေခံ တည်ဆောက်ရန် နှစ်ပေါင်း မည်မျှ ကြာမည်ကို မသိနိုင်ပေ။

တာ့ရှန်းမိစ္ဆာ စစ်တပ်က သူ့ကို ထိုမျှ အချိန်ပေးမည်လား။ လုံးဝ မဖြစ်နိုင်ပေ။ သိပ္ပံနှင့် စက်မှုပညာမှာ တာ့ယန်အင်ပါယာသစ်၏ အင်အားကြီးမားသော အခြေခံဖြစ်သလို အင်ပါယာတစ်ခုလုံး၏ ဂုဏ်ယူစရာလည်း ဖြစ်သည်။

တာ့ယန်အင်ပါယာသစ်၏ အခြား ဂုဏ်ယူစရာတစ်ခုမှာ စစ်ရေးဖြစ်သည်။ လူတိုင်း၏ စိတ်ထဲတွင် အင်ပါယာ စစ်တပ်မှာ အရှုံးမရှိဟု မှတ်ယူထားကြ၏။

ပစ္စည်းဥစ္စာ ကြွယ်ဝမှု၊ ထုတ်လုပ်မှု စွမ်းအား မြင့်မားမှုတို့အပြင် ကျွန်များစွာနှင့် ကိုလိုနီနယ်မြေများ၏ ထောက်ပံ့မှုကြောင့် အင်ပါယာ နိုင်ငံသားတိုင်းမှာ ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ကြပြီး မိမိတို့၏ ရည်မှန်းချက် အတွက် အစွမ်းကုန် ကြိုးစားနိုင်ကြသည်။

အင်ပါယာ နိုင်ငံသားများအတွက် ရွှေလမ်းငွေလမ်း နှစ်သွယ် ရှိသည်။ ၎င်းမှာ စာပေနှင့် သိုင်းပညာပင် ဖြစ်၏။ ပါရမီရှိသော ကလေးငယ်များသည် အသက် ၃၊ ၄ နှစ်အရွယ်မှစ၍ အသက်မွေးဝမ်းကျောင်း သိုင်းပညာ သင်ကြားမှုကို ခံယူနိုင်ကြ၏။

အခြေခံ၊ အလယ်တန်းနှင့် အဆင့်မြင့် သိုင်းပညာ သင်တန်းကျောင်းများကို အင်ပါယာ၏ နေရာတိုင်းတွင် တွေ့နိုင်ပြီး ပညာရေးမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ မည်သည့်ကလေးမှ ဆင်းရဲ၍ ကျောင်းမနေရခြင်း မရှိသလို အနာဂတ်အတွက်လည်း စိုးရိမ်စရာ မလိုပေ။

(၁၀) နှစ်တာ အခြေခံ သိုင်းပညာ သင်ကြားပြီး အောင်မြင်သူတိုင်း စစ်တပ်ထဲသို့ ဝင်ရောက်နိုင်ကာ သာမန် စစ်သား တစ်ယောက် ဖြစ်လျှင်ပင် တစ်လလျှင် ငွေဒင်္ဂါး (၃၀) ကျော် ရရှိနိုင်သည်။ စစ်တပ်မှ အနားယူလျှင်လည်း အင်ပါယာက အလုပ်အကိုင် ရှာဖွေပေး၏။

တစ်နည်းအားဖြင့် ဆိုရသော် တာ့ယန်အင်ပါယာသစ်၏ စစ်သားတိုင်းမှာ အနည်းဆုံး (၁၀) နှစ်တာ သိုင်းပညာ သင်ကြားမှုကို ခံယူထားသူများ ဖြစ်ကြသည်။

ဤကာလအတွင်း သူတို့သည် အဆင့်မြင့်ဆုံးနှင့် အပြင်းထန်ဆုံး လေ့ကျင့်မှုများကို ခံယူခဲ့ကြသောကြောင့် တစ်ဦးချင်း စစ်ရေးစွမ်းရည်မှာ မည်မျှ မြင့်မားမည်ကို ခန့်မှန်းနိုင်၏။

ထိုလေ့ကျင့်မှုမှာ တာ့ရှန်းမိစ္ဆာနိုင်ငံ၏ စစ်သည်တော် စနစ်နှင့် အနည်းငယ် ဆင်တူသော်လည်း တာ့ယန် အင်ပါယာသစ်မှာ ပို၍ အကောင်းမြင်ဝါဒ ရှိပြီး အမှောင်ထု ကင်းစင်သည်။

ယွင်ကျုံးဟဲ့သည် အသေအချာ လေ့လာကြည့်ရာ တာ့ယန်အင်ပါယာသစ်မှ သာမန်စစ်သား တစ်ဦးသည်ပင် အရှေ့ဘက် ကမ္ဘာတွင် လူတစ်ရာလျှင် တစ်ယောက် ထွက်သော ထူးချွန်သူ ဖြစ်နေပြီး ခွန်အား၊ အရှိန်အဟုန်၊ ခံနိုင်ရည်နှင့် စည်းကမ်းပိုင်းတို့တွင် အရှေ့ဘက် အင်ပါယာ စစ်သားများကို အပြတ်အသတ် သာလွန်နေ၏။

ဤသို့ ထူးချွန်လွန်းလှသောကြောင့် အင်ပါယာက အင်အားကြီးမားသော်လည်း အဓိက စစ်တပ်ကို (၆) သိန်းခန့်သာ ထားရှိနိုင်ခြင်း ဖြစ်၏။ တာ့ကျိုးနှင့် တာ့ရှ အင်ပါယာတို့မှာမူ အင်အားနည်းသော်လည်း အများဆုံး အချိန်တွင် စစ်သည် (၂) သန်းအထိ ရှိခဲ့ဖူးသည်။

ယွင်ကျုံးဟဲ့သည် တာ့ယန်အင်ပါယာသစ်အား အကြွင်းမဲ့ သိမ်းပိုက်လိုပြီး အင်ပါယာတစ်ခုလုံးက သူ့ကို နာခံစေလိုလျှင် စာပေ၊ အနုပညာနှင့် ဆေးပညာတို့ဖြင့်သာ မလုံလောက်ပေ။ အရေးကြီးဆုံး နယ်ပယ် နှစ်ခုဖြစ်သည့် သိပ္ပံနှင့် စစ်ရေးတို့တွင် သူတို့ကို အပြတ်အသတ် အနိုင်ယူရန် လိုအပ်၏။

မိဖုရား တူရှားက မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင် ရာဇပလ္လင်နဲ့ ဘယ်လောက် ဝေးသေးလဲဆိုတာ သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။ “ငါးပေနဲ့ ခြောက်လက်မလောက်ပဲ ဝေးတော့တာပါ။”

မိဖုရား တူရှားသည် ထိုစကားကို ကြားချိန်မှာတော့ သူ့ကို မျက်စောင်း ထိုးလိုက်၏။ အကြောင်းမှာ ထိုအချိန်တွင် သူမသည် ယွင်ကျုံးဟဲ့နှင့် ငါးပေအကွာတွင် ရှိနေသောကြောင့် ဖြစ်သည်။

ထို့နောက် သူမက ဝမ်းနည်းဟန်ဖြင့် ပြောလိုက်၏။ “မကြာခင်မှာ ကျွန်မက ရှင့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာတော့မှာပါ။ ကျွန်မက မိဖုရားဟောင်း ဖြစ်ခဲ့ပေမဲ့ ကျွန်မကို လက်ထပ်လိုက်တာနဲ့ ရှင် ဘယ်တော့မှ ဘုရင်ဖြစ်လာမှာ မဟုတ်တော့ဘူး။”

သူမက ဆက်မေးလိုက်သည်။ “အခု ရှင်က တာ့ယန်အင်ပါယာသစ်မှာ ဘယ်အဆင့် ရှိနေပြီလဲဆိုတာ သိလား။”

ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် ပြန်မေးလိုက်၏။ “ဘာအဆင့်လဲ”

မိဖုရား တူရှားက ဖြေလိုက်သည်။ “ထိပ်တန်း လူကုံထံ၊ ပညာရှင်ကြီး၊ အနုပညာရှင်ကြီးနဲ့ တော်ဝင်မျိုးနွယ်ဝင် အဆင့်ပဲ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ရာထူး အနေနဲ့ကော။”

မိဖုရား တူရှားက ပြောပြသည်။ “ကျွန်မ နည်းလမ်းရှာပြီး ရှင့်ကို အင်ပါယာ ပထမတက္ကသိုလ်ရဲ့ ဒုတိယ ပါမောက္ခချုပ် ဖြစ်အောင် လုပ်ပေးမယ်။ ဒါမှမဟုတ် အနုပညာ တက္ကသိုလ်ရဲ့ ဒုတိယ ပါမောက္ခချုပ်ပေါ့။ ငါးနှစ်ကြာရင် ပါမောက္ခချုပ် ဖြစ်လာမယ်။ ဆယ်နှစ်ကြာရင်တော့ အထက်လွှတ်တော်ထဲ ရောက်သွားလိမ့်မယ်။”

အထက်လွှတ်တော်ထဲ ရောက်ရှိခြင်းမှာ အင်ပါယာသစ်၏ အာဏာ အထွတ်အထိပ်သို့ ရောက်ရှိခြင်းနှင့် မခြားပေ။

ယွင်ကျုံးဟဲ့က သက်ပြင်းချရင်း မေးလိုက်သည်။ “ဒါဆို ရာဇပလ္လင်နဲ့ ဘယ်လောက် ဝေးသေးလဲ။”

မိဖုရား တူရှားက ဖြေလိုက်၏။ “အဝေးကြီး လိုသေးတယ်။ ကျွန်မနဲ့ ကျီးချန်တို့ရဲ့ စည်းရုံးမှုကြောင့် ရှင်က နောက်မျိုးဆက် အထက်လွှတ်တော် အမတ်လောင်း စာရင်းထဲ ပါသွားပြီ။ ဒါပေမဲ့ နောက်မျိုးဆက် အုပ်ချုပ်ရေးမင်း အမတ်လောင်း စာရင်းထဲတော့ မပါသေးဘူး။”

ရာဇပလ္လင်သည် ယွင်ကျုံးဟဲ့ အပိုင်ရယူရမည့် အရာဖြစ်၏။ အုပ်ချုပ်ရေးမင်း ဖြစ်လာမှသာ အင်ပါယာ၏ မူဝါဒများကို အခြေခံမှစ၍ ပြောင်းလဲနိုင်ပြီး အရှေ့ဘက်သို့ စစ်ချီနိုင်မည် မဟုတ်ပါလား။

မိဖုရား တူရှားက ဆက်ပြောသည်။ “နောက်ထပ် ပြဿနာကြီးတစ်ခု ရှိသေးတယ်။ အဲဒါက ရှင်နဲ့ ကျီးချင့် ကိစ္စပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”

မိဖုရား တူရှားက ရှင်းပြလိုက်သည်။ “သူမကလည်း နောက်မျိုးဆက် အထက်လွှတ်တော် အမတ်လောင်းပဲ။ အခု အခြေအနေအရ ကျီးချန် မိသားစုက တစ်ယောက်ပဲ အထက်လွှတ်တော်ထဲ ဝင်လို့ရမယ်။ ဒါကြောင့် ရှင်တို့ ဇနီးမောင်နှံထဲက တစ်ယောက်ပဲ အမတ်ဖြစ်ခွင့် ရှိမယ်။”

ဤသည်မှာ နိုင်ငံရေး၏ အစဉ်အလာ တစ်ခုဖြစ်သည်။ ယခုအခါ အင်ပါယာ တော်ဝင်မျိုးနွယ်စုတွင် အင်အားစု ခုနစ်စု ရှိ၏။

အထက်လွှတ်တော် အမတ်ဦးရေမှာ ၂၅ ဦးထက် မပိုစေရဘဲ တော်ဝင်မျိုးနွယ်ဝင်မှာ သုံးပုံတစ်ပုံထက် မပိုရပေ။ ဆိုလိုသည်မှာ ရှစ်ဦးထက် မပိုရခြင်း ဖြစ်သည်။

မင်းသားကြီး ကျီးရှန့်သည် တော်ဝင်မျိုးနွယ်၏ ခေါင်းဆောင်အဖြစ် အမတ်နေရာ နှစ်နေရာ ရရှိမည်ဖြစ်ပြီး ကျန်တော်ဝင် အင်အားစု ခြောက်စုမှာ တစ်အိမ်ထောင်လျှင် တစ်ဦးစီသာ အမတ်ဖြစ်ခွင့် ရှိ၏။

ကျန်ရှိသော အမတ် ၁၇ ဦးမှာ တော်ဝင်မျိုးနွယ် မဟုတ်သူများ ဖြစ်ရမည်။ ဤသည်မှာ အင်ပါယာ၏ တင်းကျပ်သော စည်းမျဉ်းဖြစ်သည်။

မိဖုရား တူရှားက ဆက်ရှင်းပြလိုက်၏။ “ရှင်က အရမ်း မြန်မြန်ဆန်ဆန် တက်လာတော့ ကျီးချန် မိသားစုအတွက်လည်း ခက်ခဲသွားပြီ။ အခု မိသားစုထဲမှာ အမြင်နှစ်မျိုး ကွဲနေတယ်။ ကျီးချင့်ကို တင်မြှောက်ပြီး ရှင့်ရဲ့ အကျိုးစီးပွားကို စတေးဖို့နဲ့ ရှင့်ကို တင်မြှောက်ပြီး ကျီးချင့်ရဲ့ အကျိုးစီးပွားကို စတေးဖို့ပဲ။”

ယွင်ကျုံးဟဲ့က အံ့အားသင့်စွာ မေးလိုက်သည်။ “ဒီလို အမြင်နှစ်မျိုးတောင် ရှိသေးတာလား။”

မိဖုရား တူရှားက ပြောလိုက်၏။ “ရှိတာပေါ့။ ရှင့်ရဲ့ အကျိုးစီးပွားကို စတေးလိုက်ရင် ရှင်က ကျီးချင့်နဲ့ ကွာရှင်းမှာ သေချာတယ်။ အဲဒီအခါ ဘာဖြစ်မယ် ထင်လဲ။ တခြား တော်ဝင်အင်အားစုတွေက ရှင့်ကို စည်းရုံးပြီး သူတို့နဲ့ လက်ထပ်ဖို့ ကြိုးစားကြလိမ့်မယ်။ ဥပမာ ကျီးယဲ့ မိသားစုရဲ့ သမီးပေါ့။ သူက အသက် ၃၅ နှစ်ရှိပြီ၊ အခု အင်ပါယာ ဗိုလ်ချုပ်ကြီး ဖြစ်နေသလို ကွာရှင်းထားတာလည်း ကြာပြီ။ ရှင့်ကို သူက အရမ်း မျက်စိကျနေတာ။”

ယွင်ကျုံးဟဲ့က ကြောင်သွားပြီး မေးလိုက်သည်။ “ကျီးယဲ့ရဲ့ သမီး နာမည်က ဘယ်သူလဲ။”

မိဖုရား တူရှားက ဖြေလိုက်၏။ “ကျီးယွီတဲ့... သူ ရှင့်ကို လာတွေ့ဖူးတယ်လေ။”

ယွင်ကျုံးဟဲ့က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ “ဘယ်တုန်းကလဲ။”

မိဖုရား တူရှားက ပြောလိုက်၏။ “ရှင့်ရဲ့ ဖျော်ဖြေပွဲကိုလည်း လာကြည့်ဖူးသလို ရှင့်ရဲ့ စာအုပ်တွေကိုလည်း ဖတ်ဖူးတယ်။ ရှင့်ကို သူက အရမ်း သဘောကျနေတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ဘယ်တုန်းက ကွာရှင်းထားတာလဲ။”

မိဖုရား တူရှားက ဖြေ၏။ “လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့။ ယောက်ျားဖြစ်သူက အသုံးမကျလို့ဆိုပြီး ကန်ထုတ်လိုက်တာ။”

ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။ “အဲဒီလောက်တောင် ရက်စက်တာလား။”

မိဖုရား တူရှားက ခေါင်းညိတ်လိုက်၏။ “ဒါပေါ့။ အဲဒီလောက်အထိပဲ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “တစ်စုံတစ်ခုမှာ အသုံးမကျတာကို ပြောတာလား။”

မိဖုရား တူရှားက လှောင်ပြောင်သလို ရယ်မောရင်း ဖြေ၏။ “ဒါတော့ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီနေရာမှာသာ စည်းကမ်းကြီးမယ်ဆိုရင် ရှင့်လို လူစားမျိုးက မိန်းမ ရမှာ မဟုတ်တော့ဘူးလေ။”

ယွင်ကျုံးဟဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ‘ကျုပ်ကို ဒီလို လာစော်ကားနေတာ ဘာ အဓိပ္ပာယ်လဲ။’

သူက ဆက်မေး၏။ “ဒါဆို အခု အခြေအနေအရ ကျုပ်နဲ့ ကျီးချင့် ကွာရှင်းဖို့ အခွင့်အလမ်းက တော်တော် များနေတာပေါ့။”

“တကယ်ပဲ အခွင့်အလမ်း များပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ရှင့်ကို အလွယ်တကူ မကွာရှင်းဖို့ အကြံပေးချင်တယ်။ ဒါက အနာဂတ်အတွက် မကောင်းဘူး။” မိဖုရား တူရှားက ဖြေလိုက်သည်။

ယွင်ကျုံးဟဲ့က နားမလည်ဟန်ဖြင့် မေးလိုက်၏။ “အရင်က ကျီးချင့် ကွာရှင်းခဲ့တာကျတော့ကော။”

မိဖုရား တူရှားက ဖြေလိုက်သည်။ “အဲဒါက ကလေး မရလို့လေ။ ပြီးတော့ သူ့ရဲ့ အရင်ယောက်ျားက ဖောက်ပြန်ခဲ့လို့လေ။”

ယွင်ကျုံးဟဲ့က အံအားတသင့်ဖြင့် ပြန်မေးလိုက်မိ၏။ “ဟမ်... အဲဒီလူက ကျီးချင့်ကို ဒူးထောက် ရှိခိုးချင်လောက်အောင်ကို ကိုးကွယ်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖောက်ပြန်ရဲတာလဲ။”

မိဖုရား တူရှားက ရှင်းပြလိုက်သည်။ “တစ်စုံတစ်ယောက်က သူ့ကို ဖောက်ပြန်ဖို့ လိုအပ်နေလို့ပေါ့။ သူက ရိုက်နှက် ခံရရင်တောင် ဖောက်ပြန်ရမယ့် အခြေအနေမျိုး ဖြစ်အောင် အစီအစဉ် ချခံလိုက်ရတာ။”

ယွင်ကျုံးဟဲ့က ထိုလူအတွက် စိတ်မကောင်း ဖြစ်သွားကာ မေးလိုက်မိ၏။ “ဪ.... ဒါဆို အခု ကျုပ်နဲ့ ကျီးချင့်ကြားမှာ အငြင်းပွားမှုတွေ ရှိနေတော့ ကျုပ်ကိုလည်း ဖောက်ပြန်ပါတယ်ဆိုပြီး နာမည်ဖျက် ကွာရှင်းခိုင်းမှာလား။”

မိဖုရား တူရှားက ပြန်ဖြေသည်။ “ရှင် တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ အဲဒီလူ ကွာရှင်းခံရပြီး နှင်ထုတ်ခံရတာက ဖောက်ပြန်လို့ မဟုတ်ဘူး၊ သူက အသုံးမကျလို့။”

‘ဒီလိုကိုး..’

မိဖုရား တူရှားက လေးနက်သည့် လေသံဖြင့် ဆက်ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... ရှင် ကျွန်မစကားကို နားထောင်မယ်ဆိုရင် ရှင့်ကို မကွာရှင်းစေချင်ဘူး။ ရှင့်ရဲ့ ရည်မှန်းချက်က ရာဇပလ္လင်ပဲ။ ကွာရှင်းလိုက်ရင် နိုင်ငံရေး အင်အားစုတွေက အပြောင်းအလဲ အကြီးအကျယ် ဖြစ်သွားလိမ့်မယ်။ အဲဒါက ရှင့်အတွက် အကျိုးမရှိဘူး။

အင်ပါယာရဲ့ အထက်ပိုင်း ခေါင်းဆောင်တွေကလည်း အာဏာတည်ဆောက်ပုံ ပျက်ယွင်းသွားတာကို မလိုလားကြဘူး။ ရှင် ဘုရင်ဖြစ်ချင်ရင်တောင် ရှိပြီးသား စည်းမျဉ်းတွေ အောက်ကနေပဲ တက်လှမ်းရမယ်။ အခုအချိန်အထိ အင်ပါယာက ရှင့်အပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံနေတုန်းပဲ။”

ယွင်ကျုံးဟဲ့က အလေးအနက် ခေါင်းညိတ်လိုက်သည်။ တာ့ကျိုးနှင့် တာ့ရှ အင်ပါယာတို့၏ အမှောင်ထုနှင့် ယှဉ်လျှင် တာ့ယန်အင်ပါယာသစ်မှာ ပို၍ လင်းလက်လှသည်။ သူကဲ့သို့ အပြင်လူ တစ်ယောက်ကိုပင် ဤမျှ မြန်ဆန်စွာ လက်ခံပေးခြင်းမှာ အံ့ဩစရာပင်။

All Chapters