အခန်း ၇၅၇
Vol. 64 Ch. 757
အပိုင်း (၇၅၇)
ထိုကဲ့သို့ ဆွေးနွေးရာတွင် ဇာတ်ပို့အဖြစ် ပါဝင်သူမှာ ကျီးချင့် ဖြစ်သည်။ ဤအမျိုးသမီး နှစ်ဦးသည် တကယ်ကို ပြိုင်ဘက်ကင်း အလှပိုင်ရှင် နှစ်ဦးဖြစ်ပြီး တော်ဝင်မိသားစု၏ အထူးချွန်ဆုံး လူငယ် နှစ်ဦး ဖြစ်ကြ၏။
သို့ပေမည့် လူတိုင်း၏ ဆွေးနွေးမှုများကို ကြားရချိန်မှာတော့ ကျီးချင့်၏ စိတ်ထဲတွင် အနည်းငယ်မျှ မပျော်ရွှင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမက အလွန် မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသူ ဖြစ်ရာ အဘယ့်ကြောင့် လူတိုင်းက သူမကို ကျီးယန်၏ နောက်တွင် ထားရမည်နည်းဟု တွေးထင်သောကြောင့်ပင်။
အဘယ့်ကြောင့် ကျီးယန်က နောက်တစ်ကြိမ် အုပ်ချုပ်ရေးမှူးအဖြစ် သတ်မှတ်ခံရပြီး သူမကတော့ အထက်လွှတ်တော် အမတ် သက်သက်သာ ဖြစ်ရမည်နည်း။
သူမ မကျေနပ်ပေ။
ထို့အပြင် ကျီးယန်က လူထု၏ ဝေဖန်မှု ဖိအားကို ခံရချိန်တွင် အဘယ့်ကြောင့်များ သူမ ကျီးချင့်၏ ပျော်ရွှင်မှုကို စတေးပြီး လူထု၏ ဝေဖန်မှု ဖိအားကို ဝေမျှခံစားပေးကာ ကျီးယန်ကို လွတ်မြောက်စေပြီး မူလရာထူး ပြန်လည် ရရှိစေရမည်နည်း။
ယွင်ကျုံးဟဲ့က လက်ဆန့်ထုတ်ကာ ကျီးချင့်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး တီးတိုး ပြောလိုက်သည်။ “ဇနီးလေး... နောက်ကျရင် ငါ မင်းအတွက် ကလဲ့စားချေပေးမယ်။”
‘သောက်ကျိုးနည်း... ကျိုးတော့မယ်၊ ကျိုးတော့မယ်။’
ကျီးချင့်က ယွင်ကျုံးဟဲ့၏ လက်ကောက်ဝတ်ကို တိုက်ရိုက် ဖမ်းဆုပ်ကာ အနောက်သို့ လှည့်ချိုးလိုက်ရာ နာကျင်လွန်း၍ သေမတတ် ဖြစ်သွား၏။
ကျီးချင့်က အေးစက်သည့် လေသံဖြင့် တီးတိုး ပြောလိုက်သည်။ “ကျွန်မတို့က ကွာရှင်းမယ့်သူတွေလေ။ ရှင် ရိုရိုသေသေ နေပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်း ကွာရှင်းနိုင်မှာ မို့လို့လား။ ဒီည ငါ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့် အောင်မြင်မှုကို ကြေညာတော့မယ်။ မင်းရဲ့ လေသင်္ဘောကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြမယ်။ မင်းကို အကြိမ်တစ်ရာလောက် ညှဉ်းပန်းပြမယ်။ အကြိမ်တစ်ရာလောက်။”
ကျီးချင့်က အထင်သေးစွာဖြင့် ယွင်ကျုံးဟဲ့၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး မျက်နှာလွှဲသွားသည်။
ညချမ်း အချိန် ရောက်ရှိလာပြီး နှစ်သစ်ကူး အကြိုည ရောက်လာသည်။ နှင်းကျဆင်းနေခြင်းမှာလည်း နောက်ဆုံးတော့ ရပ်သွား၏။
မြို့တော် တစ်ခုလုံး အဖြူရောင် လွှမ်းမိုးနေပြီး အလွန် လှပလှ၏။ ယနေ့ညသည် နှစ်သစ်ကူး အကြိုညဖြစ်ပြီး မြို့တော် တစ်ခုလုံး မီးရောင် ထိန်လင်းနေကာ အိမ်တိုင်း မိသားစုများ ပြန်လည် ဆုံစည်းနေကြသည်။
သို့ပေမည့် လူအများအပြား၏ စိတ်ထဲတွင် ယနေ့ ပို၍ ကြီးမားသော ကိစ္စရပ် တစ်ခု ရှိနေသေး၏။
ယွင်ကျုံးဟဲ့က သူ၏ ရူပဗေဒ အောင်မြင်မှုကို ကြေညာမှာဖြစ်၏။ သူက ဇနီးဖြစ်သူ ကျီးချင့်ကို အနိုင်ယူနိုင်ပါမည်လား။ ဤအောင်မြင်မှုက လုံလောက်အောင် တုန်လှုပ်စရာ ကောင်းမည်လား။ လုံလောက်အောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိမည်လော၊ အင်ပါယာကို ပြောင်းလဲနိုင်စွမ်း ရှိမည်လား။
အနိုင်ရပါက ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်ကို သိမ်းပိုက်မည့် စစ်ပွဲကို ဆက်လက် ဆင်နွှဲမှာ ဖြစ်သည်။
ရှုံးနိမ့်ပါက ဤနေရာတွင် အဆုံးသတ်သွားမည်ဖြစ်ပြီး ယွင်ကျုံးဟဲ့သည် ထိုအချိန်မှစ၍ တာ့ယန် အင်ပါယာသစ်၏ နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး သက်သက်သာ ဖြစ်သွားမည်ဖြစ်ကာ ကျီးချင့်နှင့်လည်း ကွာရှင်းရပေလိမ့်မည်။
နေ့လယ်ပိုင်း အချိန်တွင် အင်ပါယာ ဒုတိယ တပ်တော်က အင်ပါယာ ရင်ပြင်သို့ စစ်တပ် အင်အား နှစ်သောင်း စေလွှတ်ကာ လုံခြုံရေး ယူထားပြီး ဖြစ်သည်။
မိုးမမှောင်မီတည်းက အင်ပါယာ ရင်ပြင်သို့ လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ အင်ပါယာ၏ ပညာရှင်များ၊ ရူပဗေဒ ပါရဂူများ၊ အင်ပါယာ စာသင်ကျောင်းကြီးများမှ ပါမောက္ခများ၊ ထို့အပြင် ကျောင်းသား အများအပြားလည်း ရောက်ရှိလာကြ၏။
အတိုချုပ်ဆိုရလျှင် ဤသည်မှာ တည်ကြည်လေးနက်သော တိုက်ပွဲ တစ်ခု ဖြစ်၏။ အင်ပါယာ ရူပဗေဒ လောက၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေပြီး လူတိုင်းက ဤတိုက်ပွဲကို လာရောက် သက်သေပြကြမှာ ဖြစ်သည်။
ထို့နောက် အင်ပါယာ အထက်လွှတ်တော်မှ လူများလည်း ရောက်ရှိလာကြသည်။ နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူး နှစ်ဦးလည်း ရောက်ရှိလာကြသည်။ သို့ပေမည့် သူတို့က အလွန် သိုသိုသိပ်သိပ် နေကြပြီး မည်သည့် မိန့်ခွန်းမှ မပြောကြားဘဲ လာရောက် ကြည့်ရှုရုံသာ ဖြစ်၏။
ညချမ်း အချိန် ရောက်ရှိလာချိန်မှာတော့ လူသောင်းချီ အားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။ ယွင်ကျုံးဟဲ့ သူ၏ အောင်မြင်မှုကို ကြေညာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
မိဖုရား တူရှား၊ ဒုတိယ ကျောင်းအုပ် ကျီးချင့် တို့လည်း စောစောတည်းက ရောက်ရှိနေကြသည်။ လူထောင်ချီက ထိုင်ခုံ ရရှိကြပြီး ကျန်လူသောင်းချီကတော့ မတ်တတ်ရပ်နေကြရ၏။
ယွင်ကျုံးဟဲ့ အောင်မြင်မှု ကြေညာမည့် နေရာမှာ အင်ပါယာ ရင်ပြင်တွင် ယာယီ တည်ဆောက်ထားသော စင်မြင့်တစ်ခုပေါ်တွင် ဖြစ်သည်။
လူသောင်းချီ၏ မျှော်လင့်ချက်များကြားတွင် ယွင်ကျုံးဟဲ့သည် စင်မြင့်ပေါ်သို့ တက်လာခဲ့၏။
ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်သည်။ “အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... မင်္ဂလာညချမ်းပါ။”
အုပ်ချုပ်ရေးမှူး နှစ်ဦးက မတ်တတ်ရပ်ကာ အရိုအသေ ပြန်ပေးကြ၏။
ယွင်ကျုံးဟဲ့က ဆက်နှုတ်ဆက်သည်။ “အထက်လွှတ်တော် အုပ်ချုပ်ရေးမှူး၊ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းက အကြီးအကဲများ၊ အထက်လွှတ်တော် အမတ်ကြီးများ၊ မင်္ဂလာညချမ်းပါ။”
အထက်လွှတ်တော်မှ ခေါင်းဆောင်များ၊ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်းမှ ခေါင်းဆောင်များ အားလုံး မတ်တတ်ရပ်ကာ လူသောင်းချီကို အရိုအသေ ပေးကြ၏။
ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်သည်။ “မိဖုရား တူရှား... မင်္ဂလာညချမ်းပါ။”
မိဖုရား တူရှား၏ ပါးပြင်လေး အနည်းငယ် နီရဲသွားပြီးနောက် မတ်တတ်ရပ်ကာ အရိုအသေ ပြန်ပေးလိုက်၏။
သူမသည် မိဖုရား မဟုတ်တော့ရာ ယွင်ကျုံးဟဲ့က သူမ၏ နာမည်ကို ခေါ်လိုက်ခြင်းသည် အလွန် ရိုင်းစိုင်းရာ ကျပြီး သူတို့၏ ခိုးကြောင်ခိုးဝှက် ဆက်ဆံရေးကို လူသိရှင်ကြား ကြေညာလိုက်သကဲ့သို့ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က နောက်ဆုံးတွင် ပြောလိုက်၏။ “ဇနီးလေး... မင်္ဂလာညချမ်းပါ။ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ။”
ကျီးချင့်၏ မျက်နှာ သွေးဆုတ်သွားသော်လည်း မတ်တတ်ရပ်ရမည်သာ ဖြစ်သည်။ သူမ ယွင်ကျုံးဟဲ့ကို မောက်မာပြီး ရိုင်းစိုင်းနိုင်သော်လည်း လူသောင်းချီကို ရိုင်းစိုင်း၍ မရပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လူတိုင်း သိတဲ့အတိုင်းပဲ။ ကျုပ် တတိယ စာသင်ကျောင်းရဲ့ အားကစားကွင်းမှာ တာ့ယန် အင်ပါယာသစ်ကို စစ်ကြေညာခဲ့ဖူးတယ်။ ကျုပ် တစ်ယောက်တည်းနဲ့ အင်ပါယာ တစ်ခုလုံးကို အနိုင်ယူမယ်၊ အင်ပါယာကို သိမ်းပိုက်မယ်၊ အင်ပါယာရဲ့ ဘုရင် ဖြစ်လာမယ်လို့ ကြေညာခဲ့တယ်။ အခု အုပ်ချုပ်ရေးမှူး နှစ်ပါးစလုံး ရှိနေချိန်မှာ ကျုပ်က ဘုရင်ရာထူးကို လုယူမယ်လို့ ပါးစပ်ကနေ အမြဲတမ်း ပြောနေတာ သိပ်မကောင်းဘူး မလား။ အရှေ့ဘက်လောကမှာ ဆိုရင် ကျုပ် ခေါင်း အကြိမ်ရှစ်ရာလောက် အဖြတ်ခံရပြီးပြီ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ရယ်မောကြပြီး အုပ်ချုပ်ရေးမှူး နှစ်ဦးလည်း မတတ်သာဘဲ ခေါင်းယမ်းလိုက်ကြ၏။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “အချစ်နဲ့ အမုန်း ဒွန်တွဲနေတယ် ဆိုတဲ့ စကား တစ်ခွန်း ရှိတယ်။ အခု ကျုပ် ဒီနိုင်ငံကို တကယ်ပဲ ချစ်မြတ်နိုးသွားပြီ။ ဒါက ကျုပ်ရဲ့ အင်ပါယာပဲ။ ဒါပေမဲ့ အင်ပါယာကို ကျုပ် စတင်ခဲ့တဲ့ သိမ်းပိုက်ရေး စစ်ပွဲကတော့ ပြီးဆုံးသွားမှာ မဟုတ်ဘူး။ ဒီနေ့ညက အင်ပါယာကို ကျုပ် စတင်တဲ့ ပဉ္စမမြောက် တိုက်ပွဲ ဖြစ်ပြီး အရမ်း အရေးကြီးတဲ့ တိုက်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။ ရူပဗေဒ တိုက်ပွဲပါ။”
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ ပြောလိုက်၏။ “လူတိုင်း သိတဲ့အတိုင်းပဲ။ ပြိုင်ဘက်ကင်းအောင် လှပတဲ့၊ တိုင်းပြည်ကိုတောင် ပျက်စီးစေနိုင်လောက်အောင် လှပတဲ့၊ မောက်မာတဲ့ ကျုပ်ရဲ့ ဇနီးဟာ ပြီးခဲ့တဲ့လက အံ့ဩစရာကောင်းပြီး ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အင်ပါယာဟာ ကောင်းကင်ယံကို ရောက်ရှိသွားပြီး ခေတ်သစ် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဇနီးလေး... ငါ မင်းအတွက် ဂုဏ်ယူပါတယ်။ မနက်ဖြန် မင်း ငါနဲ့ ကွာရှင်းတော့မယ် ဆိုရင်တောင်မှပေါ့။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူသောင်းချီ ထပ်မံ၍ ဟက်ဟက်ပက်ပက် ရယ်မောကြပြန်သည်။
ကျီးချင့်၏ မျက်နှာသည် သွေးဆုတ်ရာမှ နီရဲလာသည်။ ယောက်ျား တစ်ယောက်က ဒီလောက်အထိ အရှက်မရှိ ဖြစ်နိုင်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူ ဒီလောက် အရှက်မရှိတာတောင် လူတွေကို ရင်ခုန်အောင် လုပ်နိုင်သေးသည်လား။
ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒီနေ့ည ကျုပ်လည်း ရူပဗေဒ အောင်မြင်မှု တစ်ခုကို ကြေညာမယ်။ ဒီအောင်မြင်မှုဟာ အင်ပါယာကို ကျုပ် စတင်တဲ့ ပဉ္စမမြောက် တိုက်ပွဲ ဖြစ်ရုံသာမက ကျုပ်နဲ့ ကျီးချင့်တို့ရဲ့ လင်မယား တိုက်ပွဲလည်း ဖြစ်ပါတယ်။ အကယ်၍ နိုင်ရင် ကျုပ်တို့ ကလေး သွားမွေးမယ်။ ရှုံးရင် ကွာရှင်းမယ်။”
ကျီးချင့် အံကြိတ်လိုက်၏။ ‘ဒီအရှက်မရှိတဲ့ ယောက်ျားက ကလေးမွေးမယ် ဆိုတဲ့ ကိစ္စကို လူသောင်းချီ ရှေ့မှာ ပြောရဲတယ်လား။ တကယ်ကို အရှက်မရှိလွန်းတယ်။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု သမိုင်း တစ်ခုလုံးဟာ တကယ်တော့ စွမ်းအင် အသုံးပြုမှု သမိုင်းပဲ ဖြစ်ပါတယ်။ နောက်ကျနေတဲ့ အင်ပါယာတွေဟာ အခုထိ အကြမ်းတမ်းဆုံး လူအင်အားကို အသုံးပြုနေတုန်းပဲ။ ဆီနဲ့ ဖယောင်းတိုင်ကို မီးထွန်းဖို့ သုံးနေတုန်းပဲ။ ရွက်လွှင့်သင်္ဘောတွေအတွက် လေအားကို သုံးနေတုန်းပဲ။
ဒါပေမဲ့ တာ့ယန် အင်ပါယာသစ် ကတော့ ရေနွေးငွေ့ အင်ဂျင်ကို သုံးနေပြီ။ အတွင်းမီးလောင် အင်ဂျင်ကိုတောင် တီထွင်နေပြီ။ ပြီးတော့ မီးထွန်းဖို့ ဇီဝဓာတ်ငွေ့နဲ့ သဘာဝ ဓာတ်ငွေ့တွေကိုတောင် သုံးနေပြီ။ ဒါက တိုးတက်မှုပဲ။ ဒါက ကြီးကျယ်ခမ်းနားမှုပဲ။
ဒီနေ့မှာတော့ ကျုပ်က ခင်ဗျားတို့ကို ပိုပြီး တိုးတက်တဲ့ စွမ်းအင် တစ်ခု၊ ခေတ်ကို ပြောင်းလဲပစ်မယ့် စွမ်းအင် တစ်ခုကို ပြသမယ်။ အဲတာကို လျှပ်စစ်လို့ ခေါ်တယ်။
ဟုတ်တယ်။ ကောင်းကင်ဘုံရဲ့ နတ်ဘုရား စွမ်းအား ဖြစ်တဲ့ လျှပ်စီးကြောင်းပဲ။ ဒီလောကမှာ လျှပ်စီးကြောင်းကို ဘယ်သူ ဖန်တီးနိုင်လဲ။ နတ်ဘုရားတွေပဲ ဖန်တီးနိုင်တာ။ မီးကို အသုံးပြုတတ်လာလို့ မျောက်တွေကနေ လူဖြစ်လာတာ။ လျှပ်စစ်ကို အသုံးပြုတတ်လာရင်တော့ လူတွေဟာ နတ်ဘုရားတွေနဲ့ ပိုပြီး နီးစပ်တဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။
လျှပ်စစ်ဟာ အင်ပါယာရဲ့ သမိုင်းကို လုံးဝ ပြောင်းလဲပစ်လိမ့်မယ်၊ အင်ပါယာရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲပစ်လိမ့်မယ်။ အခု ကျုပ်က ခင်ဗျားတို့ကို လျှပ်စစ်ရဲ့ နတ်ဘုရား စွမ်းအားကို ဖျော်ဖြေပြမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့က လက်ခုပ်တီးလိုက်ရာ လူတစ်ရာခန့်က မီးသီး ထောင်ချီကို ထုတ်ယူလာပြီး နှင်းပြင်ပေါ်တွင် တစ်လုံးချင်းစီ ချထားလိုက်ကြ၏။
လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။ ‘ဒါက ဘာပစ္စည်းလဲ။ ဇီဝဓာတ်ငွေ့ ဒါမှမဟုတ် သဘာဝ ဓာတ်ငွေ့ မီးအိမ်တွေနဲ့ နည်းနည်း တူသလိုပဲ။’
အရှေ့ဘက်လောကတွင် မီးသီး ဖန်တီး၍ မရသော်လည်း ဤနေရာတွင်မူ အလွယ်လေးပဲ ဖြစ်သည်။ တန်စတင် သတ္တု ဖြစ်စေ၊ လေဟာနယ် ဖန်တီးခြင်း ဖြစ်စေ အားလုံး လုပ်ဆောင်နိုင်၏။
မီးသီး တစ်ထောင်ကို စတုရန်းမီတာ တစ်ထောင် ကျယ်ဝန်းသော မြေပြင်ပေါ်တွင် ချထား၏။ ဤစတုရန်းမီတာ တစ်ထောင် ကျယ်ဝန်းသော နှင်းပြင်ပေါ်တွင် ဧရာမ တက်စလာကွိုင် အချို့ကို တပ်ဆင်ထားသည်။
“ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”
ယွင်ကျုံးဟဲ့ ရေတွက်မှု ပြီးဆုံးသွားပြီး လက်ဖျောက် တစ်ချက် တီးကာ ခလုတ်ကို ဖွင့်လိုက်၏။
တစ်ခဏချင်း အတွင်းမှာပဲ နှင်းပြင်ပေါ်ရှိ မီးသီး တစ်ထောင်စလုံး လင်းထိန်လာသည်။
မြေပြင် တစ်ခုလုံး ချက်ချင်း နေ့ခင်းလို လင်းထိန်သွားသည်။ မီးသီး တစ်လုံးစီတိုင်းက ဇီဝဓာတ်ငွေ့ မီးအိမ်များထက် အများကြီး ပိုလင်း၏။
လူတိုင်း လုံးဝ အံ့ဩမှင်တက်သွားကြ၏။ သူတို့ တကယ်တမ်း သိပ်နားမလည်ကြသော်လည်း ခေါင်းများ ထုံကျင်ပြီး ကြက်သီးမွေးညင်း ထသွားကြသည်။
သို့ပေမည့် ရူပဗေဒ ပညာရှင် အများစုကမူ ဤအထဲမှ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်နိုင်ကြသည်။ အထူးသဖြင့် ကျီးချင့် ဖြစ်သည်။ သူမ အရမ်း နားလည်လွန်းသောကြောင့် တစ်ကိုယ်လုံး ကြက်သီးများပင် ထလာ၏။
လူအများစုက ပွဲလာကြည့်ရုံ သက်သက်သာ ဖြစ်ပြီး အတွင်းမှ ကြီးကျယ်ခမ်းနားမှုကို မသိကြပေ။
သို့ပေမည့် ကျီးချင့်ကမူ ယွင်ကျုံးဟဲ့သည် လုံးဝ အသစ်စက်စက် ရူပဗေဒ တံခါးပေါက် တစ်ခု၊ လုံးဝ အသစ်စက်စက် စွမ်းအင် တံခါးပေါက် တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နားလည်သည်။
ကျီးချင့်၏ လေသင်္ဘောသည် ယခင်လူများ၏ ပခုံးပေါ်တွင် ရပ်တည်နေခြင်းသာ ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ကမူ ကမ္ဘာသစ် တစ်ခုကို တကယ်ကို ဖန်တီးလိုက်ခြင်းဖြစ်၏။
ယွင်ကျုံးဟဲ့က ကျီးချင့်ကို လှမ်းပြောလိုက်သည်။ “ဇနီးလေး... ဒီကို လာခဲ့ပေးလို့ ရမလား။”
ကျီးချင့်သည် စက္ကန့်ဝက်ခန့် တုံ့ဆိုင်းနေပြီးနောက် မတ်တတ်ရပ်ကာ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။
သူမ နှင်းပြင်အလယ်သို့ ရောက်ရှိလာပြီး ဤလင်းထိန်နေသော မီးသီးများကြားတွင် ရပ်နေလိုက်ရာ အလင်းရောင်များ အောက်တွင် ပို၍ပင် လှပဆွဲဆောင်မှု ရှိနေသည်။
လူတိုင်း၏ အာရုံစိုက်မှုကို ခံရသော နတ်သမီးလေး တစ်ပါးကဲ့သို့ဖြစ်ရာ သူမ၏ နှလုံးသားမှာ မနေနိုင်ဘဲ အနည်းငယ် တုန်ယင်လာ၏။
မီးရောင်များ အောက်တွင် တောက်ပနေခြင်းကို မည်သည့် အမျိုးသမီးကမှ မငြင်းဆန်နိုင်ပေ။