အခန်း (၂၅၇၃-၂၅၇၄)
Vol. 258 Ch. 2573-2574
အခန်း (၂၅၇၃) - တတိယအကြိမ်မြောက် စစ်ဆေးမှု၊ အသက်ကိုအမဲလိုက်ခြင်း
သစ္စာစကားဆွေးနွေးပွဲခန်းမ။
ဖန့်ချန်နှင့် ထိုက်ဟောက်ရှန်း တို့သည် ဆွေဟုန်ကျူး ၏ ဦးဆောင်မှုအောက်တွင် ခန်းမကြီးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့ကြပေသည်။
ထိုနေရာ၌ အောက်ကျိုချုံ မှာ ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်ကို မြင်တွေ့လိုက်ရပြီး ၎င်းတို့နှစ်ဦးကို မြင်သောအခါ ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရုံမျှသာ ပြုလုပ်ကာ -
“တတိယအကြိမ်မြောက် စစ်ဆေးမှု စတင်ပါပြီ၊ ငါ့နောက်ကို လိုက်ခဲ့ကြတော့။”
သူသည် ခန္ဓာကိုယ်ကို လှည့်လျက် အတွင်းကမ္ဘာတံခါးဝအတွင်းသို့ လှမ်းဝင်သွားခဲ့တော့သည်။
ဆွေဟုန်ကျူးက ၎င်းတို့နှစ်ဦးအား လှမ်း၍ ဆိုလိုက်သည်။
“နောက်တစ်ခုကတော့ နင်တို့တွေ တန်လင်ကျောင်းတော်ဘက်က စစ်ဆေးရေးမှူးချုပ် တွေနဲ့ သွားပြီး ဆုံကြရမယ်၊ စစ်ဆေးရေးမှူး နောက်ကိုသာ လိုက်သွားကြတော့။”
ထိုက်ဟောင်ရှန်းက ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြွင်းမဲ့သော ယုံကြည်ချက်များကို ရင်ဝယ်ပိုက်လျက် ဦးခေါင်းကို မော့ကာ အောက်ကျိုချုံ၏ အတွင်းကမ္ဘာတံခါးဝအတွင်းသို့ ဝင်ရောက်သွားခဲ့ပေသည်။
“ဟုန်ကျူးစီနီယာ... ဒီကောင်က ဟင်းလင်းပြင်အသေးစားပညာရပ် ကို နားလည်သဘောပေါက်သွားပြီလားဗျ။”
ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် တစ်ခွန်းမျှ မေးမြန်းလိုက်သည်။
ဆွေဟုန်ကျူးက ပြုံးလျက် ခေါင်းညိတ်ပြကာ -
“ထိုက်ဟောင်ရှန်းရဲ့ ပါရမီက တော်တော်လေး ကောင်းမွန်ပါတယ်၊ အခုတစ်ကြိမ် ဟင်းလင်းပြင်အသေးစားပညာရပ်ကို နားလည်သဘောပေါက်တဲ့ နေရာမှာ အရှိန်အဟုန်က မင်းပြီးရင် သူက ဒုတိယပဲ။
မင်းတို့နှစ်ယောက် ဒီတစ်ကြိမ် စစ်ဆေးမှုမှာ ရရှိထားတဲ့ ရလဒ်တွေက တန်လင်ဘက်က စစ်ဆေးရေးမှူးချုပ် အချို့ထက်တောင် အောင်မြင်မှု ပိုကောင်းနေသေးတယ်။”
ဖန့်ချန်သည် တစ်ခုခုကို တွေးတောမိသကဲ့သို့ ခေါင်းညိတ်လိုက်ပြီးနောက် လက်အုပ်ချီလျက် အရိုအသေပြုကာ အောက်ကျိုချုံ၏ အတွင်းကမ္ဘာထဲသို့ လှမ်းဝင်သွားခဲ့တော့သည်။
သူ ဝင်ရောက်လာသည့်အချိန်တွင် ထိုက်ဟောင်ရှန်းမှာမူ အောက်ကျိုချုံထံတွင် တတိယအကြိမ်မြောက် စစ်ဆေးမှု၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းနေခဲ့ပြီ ဖြစ်ပုံရပေသည်။
အောက်ကျိုချုံက ပထမဦးစွာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အတွင်းကမ္ဘာကို ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်စေကာ လျင်မြန်စွာ ရွေ့လျားမောင်းနှင်လိုက်တော့သည်။
ထို့နောက်မှသာ ခန္ဓာကိုယ်ကို လှည့်လျက် ထိုက်ဟောင်ရှန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး -
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက... မင်းတို့ ရှီးမျိုးနွယ်စု က အကြီးကဲ အချို့ လာပြီးတော့ တတိယအကြိမ်မြောက် စစ်ဆေးမှုရဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တစ်ခွန်းစ၊ နှစ်ခွန်းစ လာမေးသွားကြတယ်၊ မင်းရဲ့ရင်ထဲမှာ ကြိုတင်ပြီး အတွေးတစ်ခုခု ရှိနေသင့်ပြီ မဟုတ်လား။”
ထိုက်ဟောင်ရှန်းမှာ ခဏမျှ ကြောင်အသွားပြီး မျက်နှာထက်တွင် ရှက်ကိုးရှက်ကန်း အမူအရာတစ်ခု ပေါ်ထွက်လာသည်။
“လူကြီးမိဘတွေက တကယ်ပဲ အချို့စကားတွေကို ပြောပြခဲ့ပါတယ်၊ ဒါပေမဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကျွန်တော်ကတော့ အခုထိ ရေရေရာရာ မရှိသေးလို့ပါ၊ ဒါကြောင့် စစ်ဆေးရေးမှူးမင်းကြီးထံကနေ ပိုပြီး လမ်းညွှန်ချက်တွေ တောင်းခံချင်မိတာပါ။”
“ထိုက်ဟောင်ရှန်း... မင်းတို့ ရှီးမျိုးနွယ်စုက နည်းနည်းတော့ အရှက်မရှိလွန်းဘူးနော်၊ တတိယအကြိမ်မြောက် စစ်ဆေးမှုအကြောင်းကို ဘယ်လိုဖြစ်ပြီး ကြိုတင်ပြီး စုံစမ်းထောက်လှမ်းထားနိုင်ရတာလဲ။
ဒါက ငါ့အတွက်ကျတော့ မတရားရာ မကျဘူးလား။”
ဖန့်ချန်က မျက်ခုံးကို တွန့်လျက် ဆိုလိုက်သည်။
ထိုက်ဟောင်ရှန်းသည် ချက်ချင်းပင် ရုပ်ပျက်ဆင်းပျက် မျက်နှာထားဖြင့် ဖန့်ချန်ကို လှမ်းကြည့်ကာ -
“ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်တာ မဟုတ်ဘူး၊ မင်းရဲ့ မိသားစုထဲက လူကြီးမိဘတွေလည်း သွားပြီး စုံစမ်းလို့ရတာပဲ။”
ဖန့်ချန်က သူ့ကို ဂရုစိုက်မနေတော့ဘဲ အောက်ကျိုချုံကိုသာ လက်အုပ်ချီလျက် ဆိုလိုက်သည်။
“စစ်ဆေးရေးမှူးမင်းကြီးခင်ဗျာ... တကယ်လို့ တတိယအကြိမ်မြောက် စစ်ဆေးမှုက လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူးဆိုရင် မျိုးဆက်သစ်ဖြစ်တဲ့ ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပေးလို့ ရမလားခင်ဗျာ၊ ကျွန်တော်လည်း ရင်ထဲမှာ ကြိုတင်ပြင်ဆင်မှု ရှိထားလို့ရအောင်ပါ။”
အောက်ကျိုချုံက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး -
“ဘာပဲဖြစ်ဖြစ် လမ်းခရီးက လိုသေးတာပဲ၊ မင်းတို့နှစ်ယောက်ကို ကြိုပြီး ပြောပြထားရင်လည်း ဘာမှမဖြစ်ပါဘူး။
ဒီတတိယအကြိမ်မြောက် စစ်ဆေးမှုကတော့ ငါတို့ စစ်ဆေးရေးဌာနရဲ့ ထုံးစံဟောင်းကြီး တစ်ခုပဲ ဖြစ်တယ်။
ထိုက်ဟောင်ရှန်းကတော့ ဒါနဲ့ပတ်သက်ပြီး တော်တော်များများ နားလည်ထားပြီးလောက်ပြီ၊ မင်းကော…… ဆွေ့ကောင်းကင်အရှင် က မင်းကို မပြောပြထားဘူးလား။”
သူ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
ထိုအချိန်မှသာ ထိုက်ဟောင်ရှန်းသည်လည်း ဖန့်ချန်မှာ ဆွေ့ရွှမ်းလင် ၏ တပည့်ဖြစ်နေဆဲ ဖြစ်သည်ကို ရုတ်တရက် သတိရသွားခဲ့ပြီး မျက်နှာထားမှာ ပိုမို၍ ကြည့်ရဆိုးလာခဲ့ရသည်။
သို့သော် သူသည် တစ်စုံတစ်ခုသော အကြောင်းအရာကို တွေးတောမိသွားပြီးနောက် စိတ်ခံစားမှုမှာ ချက်ချင်းပင် အနည်းငယ် ပြန်လည်ကြည်လင်သွားခဲ့ရကာ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာတွင် ဖျတ်ခနဲ ပေါ်လာသော မသိမသာ မာနထောင်လွှားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ပေသည်။
“ကျွန်တော် အခုတစ်ကြိမ် ပြန်လာတော့ ဆရာက ရွှေဟွေးကျောင်းတော်မှာ မရှိတော့ပါဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်သူ့ကိုမှ စေလွှတ်ပြီး မပြောခိုင်းထားပါဘူးခင်ဗျာ။”
ဖန့်ချန်က ဆိုလိုက်သည်။
အောက်ကျိုချုံက တွေးတောမြော်မြင်စွာဖြင့် -
“ကြည့်ရတာ ဆွေ့ကောင်းကင်အရှင်က လင်ယောင်ဘက်နဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် အလုပ်ရှုပ်နေပုံရတယ်၊ အဲဒီကိစ္စက တကယ့်ကို အရေးကြီးတယ်၊ ကောင်းကင်အရှင် တော်တော်များများလည်း ပါဝင်ပတ်သက်နေကြပြီး အမြန်ဆုံး ရလဒ်တစ်ခု ထွက်ပေါ်လာဖို့ လိုအပ်နေတာ။”
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ -
“ငါ စစ်ဆေးရေးဌာနရဲ့ တတိယအကြိမ်မြောက် စစ်ဆေးမှုအကြောင်းကို ပြောပြမယ်၊ ဒါကို ထုံးစံဟောင်းကြီးလို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့... တကယ်လို့ ဒီဘက်က အရည်အချင်းကို သဘောပေါက်နားလည်ထားခြင်း မရှိဘူးဆိုရင် စစ်ဆေးရေးဌာနရဲ့ သူတော်စင်တစ်ဦး ဖြစ်လာဖို့ အရည်အချင်း မရှိလို့ပဲ။”
“ငါတို့ စစ်ဆေးရေးဌာနက... လက်ရှိ စစ်ဆေးမှု အခြေအနေတွေအပေါ် မူတည်ပြီး မင်းတို့တစ်ယောက်ချင်းစီအတွက် ပြစ်မှုကျူးလွန်သူတစ်ဦးစီကို ရွေးချယ်ပေးလိမ့်မယ်။”
“မင်းတို့တွေက ငါတို့ပေးထားတဲ့ သဲလွန်စလေးတွေကို ပေါင်းစပ်ပြီးတော့ ထိုပြစ်မှုကျူးလွန်သူရဲ့ အသက်စွမ်းအင် ပုန်းအောင်းရာနေရာကို ရှာဖွေဖော်ထုတ်ရမယ်။”
“ပြီးတော့ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ အသက်စွမ်းအင်တစ်ခုကို ချေမှုန်းသတ်ဖြတ်ရမယ်၊ ဒါမှမဟုတ် အရှင်ဖမ်းဆီးရမယ်။”
ဤနေရာသို့ ပြောဆိုပြီးသောအခါ အောက်ကျိုချုံက ဖန့်ချန်ကို ကြည့်လျက် ပြုံး၍ ဆိုလိုက်သည်။
“မင်းက ကံကောင်းထောက်မစွာနဲ့ အသက်စွမ်းအင်အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ပေါ့၊ မဟုတ်ရင်တော့ ဒီစစ်ဆေးမှုက မင်းအတွက် နှစ်ထပ်ကွမ်း ခက်ခဲတဲ့အဆင့် ဖြစ်နေလိမ့်မယ်။”
ဖန့်ချန်၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်ချိုးသွားခဲ့ရပြီး တွေးတောဆင်ခြင်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေခဲ့သည်။
ထိုက်ဟောင်ရှန်းသည် သူ၏ ထိုကဲ့သို့သော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ သူများကျဆုံးသည်ကို ဝမ်းသာအားရ ဖြစ်နေသည့်အလား လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိတော့သည်။
“စစ်ဆေးရေးဌာနရဲ့ သူတော်စင်တစ်ဦး ဖြစ်လာဖို့ဆိုရင် လုံလောက်အောင် ထက်မြက်တဲ့ ဦးနှောက်တစ်ခု ရှိဖို့ မလွဲမသွေ လိုအပ်ပါတယ်။”
“တရားခံရဲ့ အသက်စွမ်းအင်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းကတော့ မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေထဲက တစ်ခုပဲ။”
ထိုက်ဟောင်ရှန်းက တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်မှု အတွေ့အကြုံတွေ ရှိထားပြီးသားပါ၊ ဒီတစ်ကြိမ် စစ်ဆေးမှုမှာ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပြီး တန်လင်ဘက်က စစ်ဆေးရေးမှူးချုပ် အချို့ကိုလည်း ရွှေဟွေးရဲ့ ဟန်ပန်အရှိန်အဝါကို မြင်တွေ့စေရပါမယ်။”
အောက်ကျိုချုံသည် ဖန့်ချန်၏ စိတ်အာရုံမှာ အနည်းငယ် လေးလံထိုင်းမှိုင်းနေသည်ကို ရိပ်မိပုံရသဖြင့် နှစ်သိမ့်စကား ဆိုလိုက်သည်။
“မင်း ရှေ့က စစ်ဆေးမှု နှစ်ခုလုံးမှာ ရလဒ်တွေက တကယ့်ကို တောက်ပလွန်းခဲ့ပါတယ်၊ တတိယအကြိမ်မြောက် စစ်ဆေးမှုမှာ…… တကယ်လို့ စံနှုန်းမီရုံမျှသာ အောင်မြင်ခဲ့မယ်ဆိုရင်လည်း စစ်ဆေးရေးဌာနက မင်းကို လက်ခံမှာပါ၊ မင်းရဲ့ အောင်မှတ် စံနှုန်းက သူတို့ထက် နိမ့်ကျနေတာမို့ စစ်ဆေးရေးဌာနက မင်းအတွက် စီစဉ်ပေးတဲ့ ပြစ်မှုကျူးလွန်သူကလည်း အခက်ခဲဆုံးအဆင့် ဖြစ်မနေပါဘူး၊ အနိမ့်ဆုံးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။”
“ဒါ……”
ထိုက်ဟောင်ရှန်း၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး ရေရွတ်လိုက်မိသည်။
“ဒါက ကျွန်တော်တို့ အခြား စစ်ဆေးရေးမှူးချုပ်တွေအတွက်ကျတော့ မတရားရာ မကျဘူးလား……”
အောက်ကျိုချုံက အေးစိမ့်စွာ ဆိုလိုက်သည်
“မင်းတို့တွေသာ ရှေ့က စစ်ဆေးမှု နှစ်ခုလုံးမှာ အဲဒီလောက်အထိ တောက်ပတဲ့ ရလဒ်မျိုးကို ရရှိခဲ့မယ်ဆိုရင်... တတိယအကြိမ်မြောက် စစ်ဆေးမှုမှာ မင်းတို့ကိုလည်း အနည်းငယ် မျက်နှာသာပေးမှုတွေ ရှိလာမှာပဲ။ တရားမျှတမှုအကြောင်း ပြောရမယ်ဆိုရင် ဖန့်ချန် တရားစီရင်ရေး အကြီးကဲ ဖြစ်လာတဲ့ သက်တမ်းက မင်းတို့လောက် မကြာသေးဘူး၊ မင်းတို့တွေက ဒီလမ်းစဉ်ပေါ်မှာ လေ့လာဆည်းပူးခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ မဟုတ်လား။”
“စစ်ဆေးရေးမှူးမင်းကြီး မစိုးရိမ်ပါနဲ့၊ ကျွန်တော်က ဒီအတိုင်း ပါးစပ်ထဲရှိရာ ပြောလိုက်တာပါ၊ အခြား ရည်ရွယ်ချက် မရှိပါဘူး ခင်ဗျာ။”
ထိုက်ဟောင်ရှန်းက ရှက်ကိုးရှက်ကန်းနှင့် တောင်းပန်စကား ဆိုလိုက်တော့သည်။
ထိုအချိန်မှသာ ဖန့်ချန်၏ တင်းကျပ်စွာ တွန့်ချိုးနေသော မျက်ခုံးများမှာ ဖြည်းညှင်းစွာ ပြေလျော့သွားခဲ့ရတော့သည်။
သူသည် စောစောကတည်းက စစ်ဆေးရေးဌာန၏ တတိယအကြိမ်မြောက် စစ်ဆေးမှုမှာ မိမိတွေးတောထားသည့်အတိုင်း ဟုတ်၊ မဟုတ်ကို အတည်ပြုနေခဲ့ခြင်း ဖြစ်ပေသည်။
ယခုအချိန်၌မူ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ရာ တတိယအကြိမ်မြောက် စစ်ဆေးမှုမှာ သူ စိတ်ကူးထားခဲ့သည့်အတိုင်း အမှန်တကယ်ပင် ဖြစ်ပေသည်။
“စစ်ဆေးရေးမှူးမင်းကြီး... အသက်စွမ်းအင်ကို ရှာဖွေတဲ့နေရာမှာ စစ်ဆေးရေးဌာနက ဟင်းလင်းပြင်အသေးစားပညာရပ်လို နတ်ဘုရားစွမ်းအား ပညာရပ်မျိုးတွေကို သင်ကြားပေးတာမျိုး ရှိပါသလား”
ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် လူဖမ်းဆီးသည့် နေရာတွင် စစ်ဆေးရေးဌာနက ဟင်းလင်းပြင်အသေးစားပညာရပ်ကို သင်ကြားပေးခဲ့ပြီးသား ဖြစ်ပေသည်။
အသက်စွမ်းအင်ကို ရှာဖွေသည့် နေရာတွင်လည်း ထိုက်တန်သော နတ်ဘုရားစွမ်းအား ပညာရပ်တစ်ခုကို ပေးအပ်သင့်သည် မဟုတ်ပါလား။
အောက်ကျိုချုံက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“အဲဒါတော့ မရှိဘူး၊ ဒီစစ်ဆေးမှုကတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် သွားကြရမှာပဲ။”
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ သတိပေးလိုက်သည်။
“ဒီအရည်အချင်းဆိုတာက မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ မင်းတို့ရဲ့ နတ်ဘုရားစွမ်းအား ပညာရပ် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ နားလည်ရဲ့လား။”
ဖန့်ချန်သည် တစ်ခဏချင်းအတွင်းမှာပင် ထိုးထွင်းသိမြင်သွားခဲ့ရတော့သည်။
သူ နားလည်သွားခဲ့ပြီ ဖြစ်ရာ ဤစစ်ဆေးမှုအဆင့်သို့ ရောက်ရှိလာသောအခါ မိမိကိုယ်တိုင်၏ အရည်အချင်းကို ကြည့်ရရုံသာမက လူမှုဆက်ဆံရေး ကွန်ရက် အသိုင်းအဝိုင်းကိုပါ ကြည့်ရမည် ဖြစ်ပေသည်။
အသက်စွမ်းအင်ကို ရှာဖွေဖော်ထုတ်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုးမှာ မိမိကိုယ်ပိုင် အစွမ်းသက်သက်အပေါ်တွင်သာ မှီခိုနေမည်ဆိုပါက ၎င်းမှာ အလွန်တရာ ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် အကယ်၍ လုံလောက်သော လူအင်အားကို လှုံ့ဆော်အသုံးပြုနိုင်မည်ဆိုပါက ခက်ခဲမှုအဆင့်မှာ တဟုန်ထိုး ကျဆင်းသွားနိုင်ပေသည်။
ဖန့်ချန်က ထိုက်ဟောင်ရှန်းကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူမှာ ပြုံးစိစိဖြင့် မိမိကို ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည်လည်း အသာအယာ ပြုံးလိုက်မိတော့သည်။
တစ်လခန့် ကုန်ဆုံးသွားပြီးနောက် အောက်ကျိုချုံသည် အတွင်းကမ္ဘာတံခါးဝကို ဖွင့်လှစ်လိုက်ပြီး ဖန့်ချန်နှင့် ထိုက်ဟောက်ဆန်း တို့ကို ခေါ်ဆောင်လျက် အပြင်သို့ လှမ်းထွက်ခဲ့ကြပေသည်။
၎င်းတို့၏ ရှေ့မှောက်တွင် ခန့်ညားထည်ဝါပြီး တည်ကြည်လှသော နန်းတော်ကြီးတစ်ခု ရှိနေခဲ့ပေသည်။
ထိုနေရာ၌ ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ကြသော သူတော်စင်အချို့ ရှိနေပုံရပေသည်။
“ကျိုလီအစ်ကို... ဒီနှစ်ယောက်က ဒီတစ်ကြိမ် အသက်အမဲလိုက်ခြင်း စစ်ဆေးမှုကို ခံယူမယ့် စစ်ဆေးရေးမှူးချုပ်တွေလား။”
ထိုသူတော်စင်သည် ပြုံးလျက် ရှေ့သို့ ကြိုဆိုရန် တိုးကပ်လာခဲ့ပြီး မျက်ဝန်းအစုံက ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်း တို့၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ပေသည်။
အောက်ကျိုချုံက ပြုံးလျက် -
“ဟုတ်တယ်၊ သူတို့နှစ်ယောက်ပဲ။”
ထို့နောက်တွင်မူ သူက ဖန့်ချန်တို့အား မိတ်ဆက်ပေးလိုက်သည်။
“ဒီနေရာက စစ်ဆေးရေးဌာန ရွှေတောင်စခန်း ပဲ၊ မင်းတို့ မျက်စိရှေ့က ပုဂ္ဂိုလ်ကတော့ ရွှေတောင်စခန်းထဲမှာ နာမည်အကြီးဆုံး စစ်ဆေးရေးမှူးပဲ ။
သူက အသက်အမဲလိုက်ခြင်း လမ်းစဉ်ပေါ်မှာ တကယ်လို့ ဒုတိယနေရာလို့ ပြောဝံ့ရင် ရွှေတောင်စခန်းထဲမှာ ဘယ်သူတော်စင်ကမှ ပထမနေရာလို့ မခေါ်ဝံ့ကြဘူး။”
ထိုက်ဟောင်ရှန်းသည် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်အုပ်ချီလျက် အရိုအသေပြုကာ ဆိုလိုက်သည်။
“ထိုက်ဟောင်ရှန်းက ဦးလေးကို ဂါရဝပြုပါတယ် ခင်ဗျာ။”
အောက်ကျိုချုံ နှင့် ဖန့်ချန် တို့ နှစ်ဦးလုံး၏ မျက်နှာအမူအရာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားခဲ့ရတော့သည်။
ထိုသူတော်စင်သည် ဤအခြေအနေကို မြင်တွေ့သောအခါ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး အောက်ကျိုချုံကို လှမ်း၍ ဆိုလိုက်သည်။
“ကျိုအစ်ကို... ကျွန်တော်နဲ့ ထိုက်ဟောင်ရှန်းရဲ့ မိခင်က သွေးသစ္စာပြုထားကြတဲ့ မောင်နှမတွေပါ။
ဒါပေမဲ့ စိတ်ချပါ၊ အခုတစ်ကြိမ် စစ်ဆေးမှုကို ကျွန်တော် တာဝန်ယူထားတာ ဖြစ်တဲ့အတွက် တရားမျှတမှုကိုပဲ အဓိကထားမှာပါ၊ ကျွန်တော့်အနေနဲ့ ထိုက်ဟောင်ရှန်းအတွက် မျက်နှာသာပေးပြီး လမ်းကြောင်းဖွင့်ပေးတာမျိုးတွေ လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူး။”
အခန်း (၂၅၇၄) - အပိုင်းသုံးပိုင်းနှင့် စခန်းကိုးခု
အောက်ကျိုချုံ သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ဒါကတော့ သဘာဝကျတာပေါ့၊ ငါတို့ စစ်ဆေးရေးဌာနဆိုတာ အမြဲတမ်း မျှတပြီး တရားဝင်တဲ့ မူဝါဒကိုပဲ ဆုပ်ကိုင်ထားတာ။ ပိုပြီးတော့တောင် ပြောရဦးမယ်... မင်း မုန့်ထျန်းရှူး ဆိုတာ ‘မျက်နှာသေ စစ်ဆေးရေးမှူး’ ဆိုတဲ့ ဘွဲ့နာမည်နဲ့ နာမည်ကြီးနေတာပဲ မဟုတ်လား။ ကောင်းကင်အရှင်က မင်းကို မျက်နှာသာပေးဖို့ တောင်းဆိုရင်တောင် ခက်ခဲတာမို့... ဒီလောက်အထိ အရေးကြီးတဲ့ စစ်ဆေးမှုမျိုးမှာ မင်းရဲ့ တူအရင်းခေါက်ခေါက်ကို ဘက်လိုက်မှာ မဟုတ်တာတော့ အသေအချာပါပဲ။”
ထိုက်ဟောင်ရှန်း မှာ တစ်ချက်မျှ ကြောင်အသွားရပြီး မျက်နှာအမူအရာမှာ အနည်းငယ် မသဘာဝသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
မုန့်ထျန်းရှူး သည် အောက်ကျိုချုံ ၏ စကားလုံးများထဲ၌ သတိပေးချက်များ ကတ်သီးကတ်သတ် ပါဝင်နေသည်ကို ကြားသိလိုက်သော်လည်း စိတ်ဆိုးဒေါသထွက်ခြင်း မရှိဘဲ ပြုံးစိစိဖြင့်သာ အောက်ကျိုချုံ၊ ဖန့်ချန်နှင့် သူတို့အဖွဲ့ကို ရွှေတောင်စခန်းအတွင်းသို့ ကြိုဆိုခေါ်ဆောင်သွားခဲ့ပေသည်။
“ဒီရွှေတောင်စခန်းကလည်း အတွင်းကမ္ဘာတစ်ခု ဖြစ်ရမယ်၊ ဒါပေမဲ့ ပိုင်ရှင်ရှိတဲ့ နေရာလား... ဒါမှမဟုတ် ဖင်အန်းရပ်ကွက်လိုမျိုး တားမြစ်နယ်မြေကို အသွင်ပြောင်းလဲထားတာလားဆိုတာတော့ မသိရဘူး။”
ဖန့်ချန် သည် ဤနေရာ၌ လျှောက်လှမ်းနေရင်း ထိုအရပ်၏ အရှိန်အဝါများကို တိတ်တဆိတ် အာရုံခံကြည့်နေမိသည်။
ရွှေတောင်စခန်းအတွင်းသို့ ဝင်ရောက်လာသောအခါ ရုံးလုပ်ငန်းများဖြင့် တက်ကြွစွာ အလုပ်ရှုပ်နေကြသော သူတော်စင် အများအပြားကို မြင်တွေ့လိုက်ရပေသည်။
ထိုသူတော်စင်များ၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာ မတူညီကြပေ၊ တစ်ပိုင်းသူတော်စင် များ ရှိသကဲ့သို့၊ ကမ္ဘာငယ်သုံးဆင့် သမားများလည်း ရှိကြပြီး၊ အချို့သော သူတော်စင်များ၏ ခန္ဓာကိုယ်ထက်တွင်မူ ကမ္ဘာကြီးအဆင့် ၏ အရှိန်အဝါများ ယှက်သန်းနေသည်ကို မြင်တွေ့ရပေသည်။
ထိုကမ္ဘာကြီးအဆင့် သူတော်စင်များသည် မုန့်ထျန်းရှူး ကို မြင်တွေ့ရသောအခါ ခြေလှမ်းများကို ရပ်တန့်လျက် အရိုအသေပြု ဂါရဝပြုကြပြီးမှ မိမိတို့၏ အလုပ်ကိစ္စများကို ဆက်လက်လုပ်ဆောင်ရန် ထွက်ခွာသွားကြပေသည်။
“စစ်ဆေးရေးမှူးမင်းကြီး .. ဒီရွှေတောင်စခန်းထဲက သူတော်စင်တွေအားလုံးက စစ်ဆေးရေးဌာနရဲ့ ပင်တိုင်သူတော်စင်တွေပဲလား ”
ဖန့်ချန် က ပါးစပ်ထဲရှိရာကို သာမန်ကာလျှံကာ မေးမြန်းလိုက်သည်။
မုန့်ထျန်းရှူး နှင့် အောက်ကျိုချုံ တို့၏ မျက်ဝန်းထဲတွင် ပြုံးယောင်သန်းမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းတို့ ပါးစပ်ဟရန် မပြင်ရသေးမီမှာပင် ထိုက်ဟောင်ရှန်း က နှာခေါင်းရှုံ့လျက် လှောင်ပြောင်ပြောဆိုလိုက်သည်။
“စစ်ဆေးရေးဌာနရဲ့ ပင်တိုင်သူတော်စင်တွေက ဒီလောက်အထိ ဘယ်မှာ များပြားပါ့မလဲ။ ချင်းမင်စစ်ဆေးရေးဌာနကို အပိုင်းသုံးပိုင်းနဲ့ စခန်းကိုးခု ဆိုပြီး ခွဲခြားထားတာ၊ စစ်ဆေးမှုတွေကို အောင်မြင်ထားတဲ့ စစ်ဆေးရေးဌာနရဲ့ ပင်တိုင်သူတော်စင်တွေက သုံးထောင်ကျော်ပဲ ရှိတယ်၊ သူတို့ကို ‘ဌာနအရှင်သူတော်စင်’ လို့ ခေါ်ကြတာ။
ကျန်ရှိတဲ့ သူတော်စင် သန်းသုံးဆယ်ကတော့ မဟာမိတ်အဖွဲ့ကနေ စစ်ဆေးရေးဌာနအတွင်းမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခန့်အပ်ထားတာပဲ ဖြစ်တယ်၊ မဟာမိတ်အဖွဲ့ရဲ့ ရာထူးနေရာသာ ရှိပြီး ဌာနအရှင်သူတော်စင် ဆိုတဲ့ အမည်နာမတော့ မရှိကြဘူး။ သူတို့တွေက အချိန်မရွေး တာဝန်ပြောင်းရွှေ့ခံရနိုင်သလို၊ အချိန်မရွေးလည်း အလုပ်ထုတ်ပယ်ခံရနိုင်တယ်။”
“စစ်ဆေးရေးဌာနက သူတော်စင် သန်းသုံးဆယ်ကိုတောင် အုပ်ချုပ်နေတာလား။”
ဖန့်ချန် သည် တကယ်ပဲ အံ့အားသင့်သွားရပေသည်။
ထိုက်ဟောင်ရှန်း ၏ စကားများသည် စစ်ဆေးရေးဌာန၏ နောက်ခံအကြောင်းအရင်းကို သူ့အတွက် မိတ်ဆက်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
အလွယ်ပြောရလျှင် တရားဝင်ဝန်ထမ်း သုံးထောင်နှင့် ယာယီဝန်ထမ်း သန်းသုံးဆယ် ဖြစ်ပေသည်။
တရားဝင်ဝန်ထမ်း တစ်ယောက်ချင်းစီကို ပျမ်းမျှခွဲဝေလိုက်လျှင် ယာယီဝန်ထမ်း တစ်သောင်းစီက လက်အောက်ငယ်သားအဖြစ် ဝိုင်းဝန်းလုပ်ကိုင်ပေးနေကြသည့် သဘောပင် မဟုတ်ပါလား။
“စစ်ဆေးရေးဌာနရဲ့ လုပ်ပိုင်ခွင့်အာဏာက မဟာမိတ်အဖွဲ့ရဲ့ နေရာအနှံ့အပြားမှာ ပြန့်နှံ့နေတာ၊ တကယ်လို့ လုံလောက်တဲ့ သူတော်စင် အရေအတွက်သာ မရှိရင် ဒီလောက်ကြီးမားတဲ့ ဌာနကြီးတစ်ခုလုံးက ဘယ်လိုမှ လည်ပတ်နိုင်မှာ မဟုတ်ဘူး။”
မုန့်ထျန်းရှူး က ပြုံးလျက် ဆိုလိုက်သည်။
အောက်ကျိုချုံ ကလည်း -
“ဒီသူတော်စင်တွေက စစ်ဆေးရေးဌာနအတွက် သတင်းအချက်အလက်တွေကို စုဆောင်းပေးတဲ့ သူလျှို တာဝန်တွေကိုလည်း ပူးတွဲထမ်းဆောင်ကြရတယ်။ သန်းသုံးဆယ် ရှိတယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ ထက်ဝက်လောက်က နေရာအနှံ့အပြားမှာ ပုန်းအောင်းနေကြတာ။ တချို့ဆိုရင် ကျန်တဲ့ ကောင်းကင်လေးပါး ထဲမှာတောင် ရှိနေကြပြီး ပြင်ပလူတွေကို ထုတ်ဖော်ပြောလို့မရတဲ့ အခြေအနေတွေ ရှိတယ်။
မင်းသာ စစ်ဆေးရေးဌာနရဲ့ ပင်တိုင်သူတော်စင် ဖြစ်လာခဲ့ရင် အခြေအနေအပေါ် မူတည်ပြီး မင်းကို အချို့သော အမည်စာရင်းတွေကို ဖွင့်ပြပေးလိမ့်မယ်။ အဲဒီစာရင်းထဲက သူတော်စင်တွေကို မင်းက လှုံ့ဆော်စေခိုင်းနိုင်သလို၊ သူတို့ဆီကနေ သတင်းအချက်အလက်တွေကိုလည်း တောင်းခံနိုင်တယ်။
သာမန်အခြေအနေမျိုးမှာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် မြင့်မားနေရင်တောင် မင်းရဲ့ စေခိုင်းမှုကို နာခံရမှာ ဖြစ်တယ်၊ ပုန်ကန်ခြားနားတာကလွဲလို့ပေါ့။”
“အော်... စစ်ဆေးရေးဌာနရဲ့ ပင်တိုင်သူတော်စင် ဖြစ်လာရင် ဒီလို အကျိုးကျေးဇူးတွေလည်း ရှိနေတာကိုး။”
ဖန့်ချန် က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဤစစ်ဆေးရေးဌာန၏ ပင်တိုင်သူတော်စင် ရာထူးနေရာကိုတော့ သူ အပိုင်ရအောင် ယူရမည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။
မကြာမီ အချိန်အတွင်းမှာပင် မုန့်ထျန်းရှူး သည် ဖန့်ချန်တို့အဖွဲ့ကို ခန့်ညားထည်ဝါပြီး တည်ကြည်လှသော ခန်းမကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့ပေသည်။
ထိုခန်းမကြီးအတွင်း၌မူ ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ကြသော သူတော်စင်အချို့ ရှိနေနှင့်ပြီးသား ဖြစ်ပေသည်။
ဖန့်ချန်နှင့် ထိုက်ဟောင်ရှန်း တို့ ကိုယ်ထင်ပြလာသည်နှင့် တစ်ပြိုင်နက် တန်လင်ကျောင်းတော် ဘက်က စစ်ဆေးရေးမှူးချုပ် အချို့မှာ ၎င်းတို့ဆီသို့ စုပြုံ၍ လှမ်းကြည့်လိုက်ကြပေသည်။
သူတို့အားလုံးသည် ဟင်းလင်းပြင်အသေးစားပညာရပ်ကို နားလည်သဘောပေါက်ရန် ကြိုးစားစဉ်ကတည်းက ဆုံတွေ့ဖူးခဲ့ကြသူများ ဖြစ်ပေသည်။
“အောက်ကျိုချုံ... မင်း လာတာ နည်းနည်း နောက်ကျနေပြီနော်။”
တန်လင်ကျောင်းတော် ဘက်က စစ်ဆေးရေးမှူး က မျက်ခုံးကို တွန့်လျက် ဆိုလိုက်သည်။
“မနောက်ကျပါဘူးဗျာ၊ ဒီအချိန်က ကွက်တိပဲ မဟုတ်လား။”
အောက်ကျိုချုံ က ပြုံးလျက် ဆိုလိုက်သည်။
မုန့်ထျန်းရှူး သည် ထိုအခြေအနေကို မြင်သောအခါ ဝင်ရောက်၍ ဆိုလိုက်သည်။
“နောက်ကျတာကတော့ နည်းနည်း နောက်ကျသွားတာ မှန်ပါတယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အဓိကကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရွှေဟွေးကျောင်းတော် ဘက်မှာ အချို့သော အပြောင်းအလဲတွေ ဖြစ်ပွားခဲ့တာမို့ နားလည်ပေးလို့ ရပါတယ်။ ကျန်းရှို့အစ်ကို…… အခု လူတွေလည်း စုံလင်သွားပြီဆိုတော့ ဒီစစ်ဆေးမှုကို စတင်လိုက်ကြတော့မလား။”
ကွမ်းကျန်းရှို့ က ခေါင်းကို အသာအယာ ညိတ်ပြကာ
“ငါ့မှာ သဘောထားကွဲလွဲမှု မရှိပါဘူး။”
သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဖန့်ချန်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး -
“ဒီကလေးတစ်စုထဲမှာ ဒီတစ်ယောက်ပဲ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ဖြစ်နေတာ၊ စည်းမျဉ်းတွေအတိုင်းပဲ... သူ့ကို အလွယ်ကူဆုံးဖြစ်တဲ့ ပြစ်မှုကျူးလွန်သူသူတော်စင် တစ်ယောက်ကိုပဲ ပေးလိုက်ကြတာပေါ့။”
မုန့်ထျန်းရှူး က ပြုံးလျက် ခေါင်းညိတ်ပြကာ -
“ဒါကတော့ သဘာဝကျတာပေါ့၊ စစ်ဆေးမှုရဲ့ စည်းမျဉ်းတွေကို ငါ နားလည်ပါတယ်။”
“ဒါဆိုရင် ငါ လူလွှတ်ပြီး အဲဒီပြစ်မှုကျူးလွန်သူသူတော်စင်ကို ခေါ်ခိုင်းလိုက်တော့မယ်၊ အားလုံးပဲ ခဏလောက် စောင့်ဆိုင်းပေးကြပါဦး။”
ပြောဆိုပြီးသည်နှင့် မုန့်ထျန်းရှူး သည် ခန်းမကြီးအပြင်ဘက်သို့ လှမ်းထွက်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။
အောက်ကျိုချုံ သည် ထိုအခြေအနေကို မြင်သောအခါ ကွမ်းကျန်းရှို့ နှင့်အတူ သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေခဲ့ကြပေသည်။
တန်လင်ကျောင်းတော် ဘက်က စစ်ဆေးရေးမှူးချုပ် သုံးဦးသည်လည်း ထိုက်ဟောင်ရှန်းနှင့် ဖန့်ချန် တို့၏ ရှေ့မှောက်သို့ အလိုအလျောက် တိုးကပ်လာခဲ့ကြပေသည်။
သို့သော် ထိုသုံးဦးမှာ ဖန့်ချန်ကို လုံးဝ ဥပေက္ခာပြုထားကြပြီး ထိုက်ဟောင်ရှန်းနှင့်သာ မြိန်ရေယှက်ရေ စကားပြောဆိုနေကြပေရာ ၎င်းတို့သည် ယခင်ကတည်းကပင် အပြန်အလှန် သိကျွမ်းထားကြသူများ ဖြစ်ကြောင်း ထင်ရှားပေသည်။
ဖန့်ချန် ကတော့ ထိုအရာကို စိတ်ထဲ၌ ထားမနေပေ၊ သူက အသက်စွမ်းအင်အဆင့် အစောပိုင်းအဆင့် သာ ရှိသေးပြီး၊ ထိုလေးဦးမှာမူ ကမ္ဘာကြီးအဆင့်သူတော်စင် များ ဖြစ်ကြသဖြင့် အစတည်းကပင် အသိုင်းအဝိုင်းချင်း တူညီမနေကြပေ။
လက်ဖက်ရည်တစ်ခွက်စာ ခန့်မျှ အချိန်ကုန်ဆုံးသွားသော်လည်း မုန့်ထျန်းရှူး မှာ ပြန်လည်ရောက်ရှိမလာသေးဘဲ အခြားသော ပုံရိပ်အချို့သာ ခန်းမကြီးအတွင်းသို့ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာခဲ့ကြပေသည်။
ထိုတည်ရှိမှုများမှာလည်း ကမ္ဘာကြီးအဆင့်သူတော်စင်များ ဖြစ်ကြပြီး၊ ၎င်းတို့ထဲမှ အချို့မှာ ကောင်းကင််််််နိမိတ်သူတော်စင် များ ဖြစ်ကြကာ အောက်ကျိုချုံ၊ ကွမ်းကျန်းရှို့ တို့နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေကြသူများ ဖြစ်ပေသည်။
ထိုက်ဟောင်ရှန်း တို့အဖွဲ့သည် ထိုအခြေအနေကို မြင်တွေ့ရသောအခါ စိတ်လှုပ်ရှားသွားကြပြီး ၎င်းတို့ထက် အရှိန်အဝါများစွာ ပိုမိုထက်မြက်လှသော ကမ္ဘာကြီးအဆင့်သူတော်စင် တစ်ဦး၏ ရှေ့မှောက်သို့ ချက်ချင်း လျှောက်လှမ်းသွားကြသည်။
“နျဲ့စီနီယာ ”
တစ်ဖက်လူကလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ ထိုက်ဟောင်ရှန်း တို့နှင့်အတူ စကားစမြည် ပြောဆိုနေခဲ့ကြပေသည်။
ဖန့်ချန် သည် မလှမ်းမကမ်းနေရာမှ နားထောင်နေရင်း ထိုသူတော်စင်အုပ်စု၏ အနောက်ခံ သမိုင်းကြောင်းကို တဖြည်းဖြည်းနှင့် နားလည်သဘောပေါက်လာခဲ့ရပေသည်။
သူတို့အားလုံးသည် တရားဝင်ဝန်ထမ်းများ ဖြစ်ကြပြီး၊ စစ်ဆေးမှုများကို အောင်မြင်ထားကြသော စစ်ဆေးရေးဌာန၏ ပင်တိုင်သူတော်စင်များ၊ အတိုကောက်အားဖြင့် ဌာနအရှင်သူတော်စင် များ ဖြစ်ကြပေသည်။
ထိုက်ဟောင်ရှန်း တို့၏ ရိုသေကိုင်းညွတ်လှသော အမူအရာများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့က ‘နျဲ့စီနီယာ’ ဟု ခေါ်ဆိုနေသည့် ထိုဌာနအရှင်သူတော်စင်မှာ ဤရွှေတောင်စခန်းရှိ ဌာနအရှင်သူတော်စင်များထဲတွင် ဝါရင့်သက်တမ်း အရင့်ဆုံးပုဂ္ဂိုလ် ဖြစ်ရပေမည်။
နျဲ့ချင့် က ပြုံးလျက် -
“ဂျူနီယာညီလေးတို့... ငါတို့တွေ ဒီနေ့ ဒီနေရာကို သီးသန့်လာခဲ့ကြတာက မင်းတို့ရဲ့ နောက်ဆုံး စစ်ဆေးမှုကို လာရောက်ကြည့်ရှုဖို့ပဲ ဖြစ်တယ်။ မင်းတို့တွေ အဆင်ပြေပြေနဲ့ အောင်မြင်သွားကြဖို့လည်း မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် စစ်ဆေးရေးဌာနမှာ သူတော်စင်အသစ်တွေ မတိုးပွားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ မဟုတ်လား။”
“နျဲ့စီနီယာ... ကျွန်တော်တို့လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ၊ စီနီယာတို့အားလုံးနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ် ခင်ဗျာ။”
ထိုက်ဟောင်ရှန်း ၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
နျဲ့ချင့် နှင့် အနီးနားရှိ ဌာနအရှင်သူတော်စင်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကြပေသည်။
ထို့နောက်တွင်မူ နျဲ့ချင့် သည် ရုတ်တရက် ဖန့်ချန် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ရင်းနှီးဖော်ရွေစွာဖြင့် ပြုံး၍ ဆိုလိုက်သည်။
“ဖန့်ချန် ဂျူနီယာညီလေး။”
“နျဲ့ချင့်စီနီယာခင်ဗျာ။”
ဖန့်ချန် သည် တစ်ဖက်လူက မိမိအား မိတ်ဆက်စကား လှမ်းဆိုလာသည်ကို မြင်သောအခါ ယဉ်ကျေးပျူငှာစွာဖြင့် အရိုအသေပြု ဂါရဝပြုလိုက်ပေသည်။
ထိုက်ဟောင်ရှန်း တို့၏ မျက်ခုံးများမှာမူ အနည်းငယ် တွန့်ချိုးသွားခဲ့ရတော့သည်။
နျဲ့ချင့် က ဆက်လက်၍ ပြုံးလျက် ဆိုလိုက်သည်
“ဒီတစ်ကြိမ်မှာ ဂျူနီယာဖန့်ရဲ့ စစ်ဆေးမှု နှစ်ခုလုံးက ရမှတ်တွေ အလွန်တရာ မြင့်မားလွန်းခဲ့တယ်၊ ဒါက ငါတို့ ချင်းမင်စစ်ဆေးရေးဌာနရဲ့ စံချိန်ဟောင်းတွေကို ချိုးဖျက်လိုက်တာပဲ ဖြစ်တယ်။ ငါတို့တွေ ဒီနေရာကို လာခဲ့ကြတာဟာ တကယ်တမ်းကျတော့ မင်းရဲ့ နောက်ဆုံး စစ်ဆေးမှု ရလဒ်တွေကိုပါ သီးသန့် လာရောက်ကြည့်ရှုဖို့အတွက်လည်း ပါဝင်ပါတယ်။”
ထိုက်ဟောင်ရှန်း တို့သည် နျဲ့ချင့် တို့အဖွဲ့က ဖန့်ချန်အပေါ် အလေးအနက်ထားနေပုံရသည်ကို မြင်တွေ့ရသောအခါ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားကြရပေသည်။
ထိုစစ်ဆေးမှု နှစ်ခုလုံးတွင် ၎င်းတို့မှာ ကမ္ဘာကြီးအဆင့်သူတော်စင်များ ဖြစ်ကြပါလျက်နှင့် ကမ္ဘာငယ်အဆင့်သူတော်စင်တစ်ဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် ပြင်ပသို့ ပြန့်နှံ့သွားပါက လှောင်ပြောင် သရော်မှုများနှင့် ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင် မဟုတ်ပါလား။
“ဂျူနီယာဖန့် မသိသေးတာ ဖြစ်နိုင်ပါတယ်၊ တကယ်လို့ ဒီနောက်ဆုံး စစ်ဆေးမှုမှာသာ မင်းရဲ့ ရလဒ်က စံချိန်တွေကို ဆက်ပြီး ချိုးဖျက်နိုင်ဦးမယ်ဆိုရင်... မင်း နောင်တစ်ချိန် စစ်ဆေးရေးဌာနထဲမှာ ရာထူးတိုးမြှင့်ခံရမယ့် အရှိန်အဟုန်က တကယ့်ကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လိမ့်မယ်၊ ငါတို့ရဲ့ သက်တမ်းတွေကိုတောင် အဝေးကြီး ကျော်လွန်သွားလိမ့်မယ်။”
“ဒါကြောင့်မို့လို့... ဒီစစ်ဆေးမှုမှာ ဂျူနီယာဖန့် အနေနဲ့ အစွမ်းကုန် ကြိုးစားပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ဆွတ်ခူးနိုင်အောင် ကြိုးစားရမယ်နော်။”
နျဲ့ချင့် က သတိပေးစကား ဆိုလိုက်ပေသည်။
ထိုနေရာရှိ စစ်ဆေးရေးဌာန ပင်တိုင်သူတော်စင်တစ်ဦးက မနေနိုင်ဘဲ ပြုံးလျက် -
“တကယ်လို့ ဒီတစ်ကြိမ်မှာပါ စံချိန်ကို ထပ်ပြီး ချိုးဖျက်နိုင်ရင်တော့... ငါတို့ထဲမှာ ဂျူနီယာဖန့်က အစောဆုံး စစ်ဆေးရေးမှူး ဖြစ်လာမယ့်သူပဲ။”
ထိုက်ဟောင်ရှန်း ၏ မျက်ဝန်းထဲတွင် စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သော်လည်း ဤစစ်ဆေးမှု၏ ထူးခြားဆန်းပြားသော သဘာဝကို တွေးတောမိသွားပြီးနောက် စိတ်အာရုံမှာ ပြန်လည်၍ အေးချမ်းသွားခဲ့ရပေသည်။
‘အသက်ကို အမဲလိုက်ခြင်းဆိုတာ ကံတရားနဲ့ အရင်းအမြစ်အပေါ်မှာ ကြည့်တာ မဟုတ်တော့ဘူး၊ သူ ဒီစစ်ဆေးမှုမှာ အောင်မှတ်ရဖို့တောင် ပြဿနာရှိနေဦးမှာကို ရလဒ်တွေက ဘယ်လိုလုပ်ပြီး ထူးချွန်ထက်မြက်တဲ့ အဆင့်အထိ ရောက်ရှိသွားနိုင်မှာလဲ။’
ထိုသို့ တွေးတောမိပြီးနောက် ထိုက်ဟောင်ရှန်း ကလည်း ပြုံးလျက် အားပေးစကား ဆိုလိုက်သည်။
“ဂျူနီယာဖန့်... မင်း ကောင်းကောင်း ကြိုးစားပါဦး၊ စီနီယာတို့အားလုံးရဲ့ မျက်စိကို ပွင့်သွားအောင် ကြိုးစားပြလိုက်စမ်းပါ။”
ထိုနေရာရှိ စစ်ဆေးရေးဌာန ပင်တိုင်သူတော်စင် အချို့၏ မျက်ခုံးများမှာမူ အနည်းငယ် တင်းကျပ်စွာ တွန့်ချိုးသွားခဲ့ကြရပြီး မျက်နှာထက်တွင် မနှစ်လိုဖွယ်ရာ အမူအရာတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။