← Chapters

အခန်း ၈၂၆

Vol. 44 Ch. 826

အခန်း ၈၂၆

Vol. 44 Ch. 826

အပိုင်း (၈၂၆) ငါက တိရစ္ဆာန်တစ်ကောင်လိုပဲ လုပ်လိုက်ရမလား။

ရွှေစစ်သည်များအားလုံးသည် မြေကြီးပေါ်တွင် ဝပ်တွားဒူးထောက်နေကြပြီး အဆက်မပြတ် တုန်ယင်နေကြ၏။

လီယွမ်ကျောက်သည် ယခုအခါမှသာ ဓားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဝူထူ၏ ခေါင်းကြီးကို လက်ထဲတွင် ဆွဲကိုင်ထားလိုက်သည်။

ဒူးထောက်နေသော ရွှေစစ်သည်များကို ကြည့်ကာ မေးလိုက်၏။ "ကျုပ် ပြောတဲ့စကားကို နားလည်တဲ့သူ ဘယ်သူရှိလဲ။"

ထိုအထဲမှ တစ်ဦးသည် ကြောက်ရွံ့တုန်ယင်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ကျုပ် နားလည်ပါတယ်။"

လီယွမ်ကျောက်သည် ပြုံးလိုက်၏။ "မင်းက ဘာရာထူးရှိလဲ။"

"ကျုပ်က အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်ပါ။ ကျုပ်..."

လီယွမ်ကျောက်က ပြောလိုက်သည်။ "ကောင်းပြီ။ မင်း ကျုပ်ပြောတဲ့စကားကို နားလည်ရင် လုံလောက်ပြီ။ ကျုပ်မေးမယ်။ ရွှေတပ်ဖွဲ့တွေက အခုချိန်အထိ ကျုပ်တို့တပ်တော်နဲ့ လှည့်လည် တိုက်ပွဲဆင်နွှဲနေကြဆဲပဲလား။ တကယ်လို့ ဟုတ်တယ်ဆိုရင် အခြားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနေရာတွေကို မင်းတို့ သိကြလား။ ကျုပ်တို့ရှေ့မှာ အခြားဘယ်အုပ်စုတွေများ ရှိနေသေးလဲ။"

ကိုယ်ရံတော်သည် ခေါင်းကို ခါယမ်းလိုက်၏။ "အကြမ်းဖျင်းတော့ သိပါတယ် ... ကျုပ်တို့ရှေ့မှာ အခြားတပ်ဖွဲ့တွေ မရှိတော့ပါဘူး။ ကျုပ်တို့တွေက အရှင်မင်းကြီးနဲ့အတူ ရှေ့တိုးလာကြတာပါ။ အခြားသူတွေနဲ့ ပူးပေါင်းပြီး မျက်နှာချင်းဆိုင်ကနေ တာ့ကျင်းတပ်တော်ကို ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာပါ။ ဒါကြောင့် အနက်ဆုံး နေရာကို ရောက်နေတဲ့ တပ်ဖွဲ့ပါ။"

လီယွမ်ကျောက်သည် အသာအယာပြုံးလိုက်သည်။ "သိပ်ကောင်းတာပေါ့။ မင်းတို့ ကြောက်နေစရာ မလိုဘူး။ ကျုပ်က မင်းတို့ကို လက်နက်ချရင် မသတ်ဘူးလို့ ကတိပေးထားပြီးမှတော့ သေချာပေါက် လက်ပါမှာ မဟုတ်ဘူး။ ဝူထူလည်း သေသွားပြီ။ ပြီးတော့ မင်းတို့ဆီမှာ သိပ်မကျန်တော့တဲ့ သံချပ်ကာမြင်းတပ်စစ်သည်တွေလည်း ဒီတစ်ပွဲတည်းနဲ့ အကုန်နီးပါး သေကုန်ကြပြီ မဟုတ်လား။ ဆက်ပြီး ပြန်လည်ခုခံချင်နေသေးတာက ပုရစ်ငယ်လေးက ရထားလှည်းကြီးကို တားဆီးနေတာနဲ့ ဘာမှမကွာခြားဘူး။ ကျုပ်က မင်းတို့ကို အသက်ရှင်ခွင့် အခွင့်အရေးတစ်ခု ပေးချင်တယ်။ ဝူထူရဲ့ခေါင်းကို ယူသွားပြီး အခြားသူတွေကို လက်နက်ချဖို့ သွားပြီး ဖျောင်းဖျ ပြောဆိုကြ။ တကယ်လို့ ဒီကိစ္စ အောင်မြင်ရင် ကျုပ် မင်းတို့အတွက် အကြီးမားဆုံးသော စစ်အောင်မြင်မှုကြီးတစ်ခုအဖြစ် မှတ်တမ်းတင်ပေးမယ်။"

စကားပြောပြီးသည်နှင့် လီယွမ်ကျောက်သည် လက်ထဲရှိ ဦးခေါင်းကြီးကို ပစ်ချလိုက်ရာ ကိုယ်ရံတော်၏ အရှေ့သို့ ကျရောက်သွား၏။ ထိုကိုယ်ရံတော်သည် ငိုရသည်ထက်ပင် ပို၍ဆိုးရွားနေသော အပြုံးတစ်ခုကို ထုတ်ပြလိုက်ပြီး ဝူထူ၏ ခေါင်းကြီးကို သေသေချာချာ ပွေ့ပိုက်လိုက်သည်။

သူတို့သည် ယခုမျက်မှောက်တွင် အကျဉ်းသားများ ဖြစ်နေကြပြီဖြစ်ရာ ဘာမျှရွေးချယ်စရာ အခွင့်အရေး မရှိတော့ချေ။ အသက်ရှင်နေရခြင်းကပင်လျှင် အလွန်တော်နေခဲ့ပြီဖြစ်ပြီး ယခုအခါတွင် ဝူထူ၏ ဦးခေါင်းကြီးက လက်ထဲတွင် ရှိနေပြီဖြစ်ရာ သူ မပြောလိုလျှင်ပင် ဤသတင်းကို အခြားတပ်ဖွဲ့များဆီသို့ သေချာပေါက် ပို့ဆောင်ပေးရပေတော့မည်။

"အဲဒါဆိုရင် ... ကျုပ် အခုပဲ သွားပါ့မယ်။" ကိုယ်ရံတော်သည် မတ်တတ်ရပ်လိုက်ပြီး အနောက်ဘက်ရှိ ကျန်နေသေးသော ရွှေစစ်သည်များကို စတင်အော်ဟစ်ခေါ်ဆောင်လိုက်၏။

ကျန်ရစ်နေသော စစ်သည်တစ်စုမှာ ဖြည်းညင်းစွာ စုစည်းလာကြသည်။ စုစည်းပြီးစီးသွား၍ ထွက်ခွာတော့မည့်ဆဲဆဲ အချိန်လေးမှာပင် လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ခဏနေအုံး။ မင်းက သတင်းတွေကို အခြားသူတွေဆီ ပို့ဆောင်ပေးတဲ့အခါ သူတို့ကို ပြောလိုက်။ ဒီနေ့ကစပြီး ရွှေနိုင်ငံမှာ ဘုရင်ဆိုတာ မရှိတော့ဘူး။ ဝူထူကို သတ်လိုက်တဲ့သူက ကြီးမြတ်လှတဲ့ တာ့ကျင်းရဲ့ အိမ်ရှေ့မင်းသား လီယွမ်ကျောက်ပဲလို့။"

...

ရွှေနိုင်ငံ၏ ဘုရင်ကြီး ဖန်ကျန်းရီသည် နောက်ဆောင်ရှိ ခန်းမဆောင်တစ်ခုအတွင်း၌ ထိုင်နေ၏။ မျက်နှာပေါ်တွင် အလွန်အမင်း ထူးဆန်းလှသော မျက်နှာအမူအရာရှိနေပြီး ဝမ်းသာနေခြင်း သို့မဟုတ် စိတ်ညစ်နေခြင်း ဆိုသည်ကို ဘာမှန်း မသိနိုင်ချေ။

အရှေ့တွင်တော့ မိန်းမလှလေးနှစ်ဦး ရပ်နေပြီး ခေါင်းဆောင်းအဝတ်များကို ဖုံးအုပ်ထားကာ ဘယ်နေရာမှ ရှာဖွေရရှိလာမှန်းမသိသော အနီရောင်ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်ထားကြပြီး သတို့သမီးများထွက်လာသည့် ပုံစံမျိုးနှင့် တူနေသည်။

အာလီပိုင်ကတော့ ဘေးတွင် ပြုံးစိစိဖြင့် ရပ်နေသည်။

အာလီပိုင်က ပြောလိုက်၏။ "ဆရာ ... အချိန်က အရမ်းကပ်နေတော့ သေသေချာချာ မပြင်ဆင်လိုက်ရဘူး။ ဒါပေမဲ့ မိန်းမလှလေးတွေကိုတော့ ဆရာ့ဆီ ခေါ်လာပေးပြီးပြီ။ သံတမန်အဖွဲ့ထဲက လူတွေ သိသွားတော့ အားလုံးက ဆရာ့အတွက် ဂုဏ်ပြုပေးနေကြတာ။ ဆရာ ကျေနပ်ရဲ့လား မသိဘူး။"

'ချီးတဲ့မှ၊ အရမ်းကို ကျေနပ်လွန်းနေတာပေါ့။ ငါသာ အင်အားရှိလာရင် မင်းရဲ့စအိုပေါက်ထဲကို ငရုတ်သီးမှုန့်တွေ အပြည့်သိပ်ပစ်မယ်။'

ဖန်ကျန်းရီသည် ရင်ထဲတွင် အဆက်မပြတ် ဆဲဆိုနေပြီး တံခါးအပြင်ဘက်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ကျေနပ်တယ်။ မင်း အပြင်ထွက်သွားလို့ ရမလား။ ဆရာ အလုပ်လုပ်ရတော့မယ်။"

အာလီပိုင်က ပြောလိုက်၏။ "ကောင်းပါပြီ။ ဆရာက အခြားသူတွေ ရှိနေတာကို မနှစ်သက်ဘူးဆိုမှတော့ တပည့် အရင်သွားပါတော့မယ်။"

အာလီပိုင် ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ဖန်ကျန်းရီသည် အလျင်အမြန် ရှေ့တိုးသွားပြီး ချူချင်ဟန် ညီအစ်မနှစ်ဦး၏ ခေါင်းဆောင်းအဝတ်များကို ဆွဲချွတ်လိုက်သည်။ မက်မွန်ပန်းများအလား လှပနုဖတ်နေသော မျက်နှာလေးနှစ်ခုသည် သူ၏မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လွင်လာ၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "အာလီပိုင်က မင်းတို့ကို ဒုက္ခမပေးပါဘူးနော်။"

ချူချင်ဟန်သည် မျက်မှောင်လေးကို အနည်းငယ်ကြုတ်လိုက်၏။ "သခင်လေးဖန် ... တကယ်တော့ ဘာဖြစ်ခဲ့တာလဲ။ သူက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။"

ဖန်ကျန်းရီက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "အဲဒါက ... သူက ဦးနှောက်မကောင်းတဲ့သူလေ။ မင်းတို့ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒါက အောက်တန်းကျတဲ့ အကွက်ဆင် ထောင်ချောက်ဆင်မှုပဲ။ အများကြီး တွေးမနေနဲ့။ မင်းတို့ စိတ်ချပါ။ နောက်ပိုင်း ဘာပြဿနာတွေပဲ ရှိလာပါစေ ကျုပ်ကိုယ်တိုင် ဖြေရှင်းပေးမယ်။"

ချူချင်ဟန်သည်လည်း စကားအများကြီး ဆက်မပြောတော့ဘဲ စိုးရိမ်ပူပန်စွာဖြင့် ခေါင်းညိတ်လိုက်၏။ အခြားအကြောင်းတွေကို မပြောနှင့်ဦး။ ဖန်ကျန်းရီ ဝတ်ဆင်ထားသော ဤနဂါးဝတ်စုံကြီးကပင်လျှင် သူမကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စေခဲ့၏။

ထိုအချိန်လေးမှာပင် ချူယိုယီက ရုတ်တရက် မေးလိုက်သည်။ "အဲဒါဆို ကျွန်မနဲ့အစ်မက ဘယ်မှာနေရမှာလဲ။"

ဖန်ကျန်းရီသည် နေရာအနှံ့အပြားကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အစောင့်များချည်းသာ ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲ၌ တပည့်မိုက်ကို နောက်တစ်ကြိမ် ထပ်ဆဲလိုက်မိပြန်၏။

ဤခွေးသူတောင်းစားလေးက မိမိကို သတိထားနေပြီး လူတစ်စုကို ခေါ်ကာ စောင့်ကြည့်ခိုင်းထားသဖြင့် သွားစရာနေရာ လုံးဝမရှိတော့ချေ။

အကယ်၍ ချူချင်ဟန် ညီအစ်မနှစ်ဦးကို အခြားနေစရာနေရာတစ်ခု ပြောင်းပေးမည်ဆိုပါက ထိုကောင်ကလည်း သဘောတူမည် မဟုတ်ပေ။ ဟိုတွေးဒီတွေးနှင့် စဉ်းစားပြီးသည့်နောက် ဖန်ကျန်းရီသည် မျက်နှာကို တင်းမာစွာထား၍ အနောက်ဘက်ရှိ အတွင်းခန်းငယ်လေးဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ "အဲဒီမှာ နေ။"

ချူယိုယီက မေးလိုက်သည်။ "ရှင်ကျတော့ရော။"

"ကျုပ်လည်း အဲဒီမှာ နေမယ်။"

"..."

မိန်းကလေး နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် နီမြန်းသွားကြပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားကြကာ လေထုကြီးမှာ အနည်းငယ် ပူပြင်းလောင်ကျွမ်းလာသည်။

ဖန်ကျန်းရီသည်လည်း စကားမပြောဘဲ သူတို့နှစ်ဦးကို အထက်မှအောက်အထိ အကဲခတ်ကြည့်လိုက်ရာ ချူချင်ဟန်မှာ အကြည့်ခံရလွန်းသဖြင့် မနေနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်သွားမိ၏။

သူမ၏ သွယ်လျလှသော ခါးလေးမှာ လှုပ်ရှားနေပြီး ရှည်လျားလှသော ခြေတံများမှာလည်း အချိုးကျလှကာ ခြေထောက်တွင် ဝတ်ဆင်ထားသော ပုံစံမတူသည့် သမင်ရေဖိနပ်လေးနှင့်အတူ မတ်မတ်ရပ်နေသည့် ပုံစံမှာ အလွန်လှပနေသည်။ မျက်လုံးထဲတွင်လည်း သတိထားနေသည့် အရိပ်အယောင်အချို့ ပါဝင်နေသည်။

ချူယိုယီမှာတော့ အလွန်အမင်း ရှက်သွေးဖြာနေပြီး ဘေးတစောင်းရပ်နေကာ ဖြူဖွေးနုဖတ်နေသော ပါးပြင်လေးမှာ သွေးရောင်များ တလက်လက်တောက်ပနေ၏။

ဖန်ကျန်းရီသည် ကြည့်နေရင်းပင် ရင်ထဲတွင် နွားငယ်လေးများ ဝင်တိုက်နေသကဲ့သို့ ရူးမတတ် ခုန်ပေါက်လာသည်။ အဘယ်သို့သော အခြေအနေကြီးနည်း။ မူလတည်းက သူမတို့ ညီအစ်မနှစ်ဦးနှင့် ပတ်သက်မှုများမှာ ဝေဝါးမပီမသ ဖြစ်နေခဲ့ရာ ယခုအခါတွင်တော့ ပို၍ပင် ကောင်းမွန်သွားချေပြီ။ တစ်ခါတည်း ထုပ်ပိုးပြီး မင်္ဂလာဦးအခန်းထဲသို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်ရာ ဤသန်းခေါင်ယံ အချိန်ကြီးကို အဘယ်သို့ ဖြတ်သန်းရမည်နည်း။ တိုင်းပြည် ပြန်ရောက်သွားလျှင် အဘယ်သို့လုပ်ရမည်နည်း။

ပြန်လည်တွေးတောကြည့်လိုက်သောအခါ ယခုအခါတွင် တိုက်ရိုက်လက်ထပ်လိုက်ပြီး ဆန်ကို ထမင်းဖြစ်အောင် ချက်ပစ်လိုက်ခြင်းက အသက်သာဆုံး ဖြစ်ပေလိမ့်မည်။ အကြွေးများလာလျှင် မပူတော့သလို သန်းတွေများလာလျှင်လည်း မယားတော့ချေ။ ဤလမ်းတစ်လျှောက်တွင်လည်း အတူတကွဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများမှာ မနည်းလှချေ။ သံယောဇဉ်ဆိုသည်မှာတော့ သေချာပေါက် ရှိနေပြီးဖြစ်ကာ ချူချင်ဟန်က အေးစက်လှပပြီး ဉာဏ်ပညာကြီးမားသလို ချူယိုယီက ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေသဖြင့် သူ့ကို မဆွဲဆောင်နိုင်ဘူးဆိုသည်မှာ လုံးဝအတုအယောင်သာ ဖြစ်၏။ သူက ယောက်ျားဘသား စစ်စစ်ဖြစ်သည်။

'ငါတိရစ္ဆာန်တစ်ကောင်လိုပဲ လုပ်လိုက်ရမလား။'

ဖန်ကျန်းရီသည် ခေါင်းကိုမော်ကာ ကောင်းကင်သို့ကြည့်ရင်း စိတ်ကူးယဉ်ကမ္ဘာထဲသို့ အပြည့်အဝ နစ်မြုပ်သွားသည်။ ဘာပဲဖြစ်ဖြစ် သူသည် ဤလောကကြီး၌ မိန်းမတစ်စုကို ရင်ခုန်တတ်သည့် တစ်ဦးတည်းသော ယောက်ျား မဟုတ်ပေ။ တိုက်ရိုက်ဖွင့်ပြောလိုက်ပြီး စကားများကို ရှင်းရှင်းလင်းလင်းပြောကာ သူတို့ကို အိမ်တိုက်ရိုက် ခေါ်သွားလိုက်မည်။

'ကျွတ် ... အိမ်မှာလည်း အတော်များများ ရှိနေပြီဆိုတော့ ခန္ဓာကိုယ်ကြီးက ခံနိုင်ရည် ရှိပါ့မလား။ မြင်းဆေးတွေက ဘေးထွက်ဆိုးကျိုးများ ရှိမလား မသိဘူး ...'

ချူချင်ဟန်က မနေနိုင်တော့ဘဲ မေးလိုက်၏။ "သခင်လေးဖန် ... သခင်လေးဖန်။ ဘာတွေ တွေးနေတာလဲ။ ကျွန်မနဲ့ ယိုယီကပဲ အောက်မှာ အိပ်ရာခင်းပြီး အိပ်လိုက်ပါ့မယ်။"

"ကျုပ် နည်းလမ်းစဉ်းစားနေတာ။"

ဖန်ကျန်းရီသည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည်။ "မင်းတို့က မိန်းကလေးတွေလေ။ ဘယ်လိုလုပ်ပြီး အောက်မှာ အိပ်ခိုင်းလို့ ရမှာလဲ။ ကျုပ်က အပူဓာတ်များတယ်။ ကျုပ်ပဲ အောက်မှာ အိပ်မယ်။ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ အရာအားလုံး ကျုပ်အစီအစဉ်အတိုင်းပဲ လုပ်။"

ကြည့်ရသည်မှာ မကြာသေးမီက ဖိအားများ အလွန်အမင်း များပြားလွန်းနေသဖြင့် မိမိဘာသာ တစ်ဖက်သတ် စိတ်ကူးယဉ်နေမိခြင်း ဖြစ်ပေလိမ့်မည်။ ဤကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ပေ ... ယခုမျက်မှောက်တွင် အင်အားများကို အရင်ဆုံး စုစည်းထားမှ ရမည်။

"မင်းတို့ ဗိုက်ဆာနေကြပြီလား။ စားစရာ တစ်ခုခု မှာလိုက်ရမလား။"

...

"နိုင်ငံတော်ဆရာ ... ရေနည်းနည်းလောက် သောက်လိုက်ပါအုံး။ ဖန်ထိုက်မြို့ကို ရောက်ဖို့ မိုင်တစ်ရာတောင် မလိုတော့ပါဘူး။ နိုင်ငံတော်ဆရာ ဒီနေ့ တစ်နေ့လုံး ရေတစ်စက်မှ မသောက်ရသေးဘူးလေ။"

ဖါးပါးသည် နှုတ်ခမ်းများ အက်ကွဲခြောက်သွေ့နေပြီး လက်အောက်ငယ်သား ကမ်းပေးလာသော ရေဘူးကို လှမ်းယူလိုက်ကာ အဆက်မပြတ် မော့သောက်လိုက်၏။ ဤလမ်းတစ်လျှောက်တွင် သူသည် လူရာဂဏန်းခန့်ကို ဦးဆောင်ကာ အသက်ကို ပစ်ထားပြီး အနောက်သို့ ဒုန်းစိုင်းခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲကြီးမှာ အလွန်အမင်း ပြင်းထန်နေပြီဖြစ်ရာ လုရမည်မှာ အချိန်သာ ဖြစ်၏။

ဖန်ကျန်းရီ၏ ထိုဘက်ခြမ်းတွင် သေချာပေါက် ကိစ္စတစ်ခုခုကို သိနေမည်ဖြစ်ပြီး အကယ်၍ ထိုဆန်းကြယ်လှသော လက်နက်များနှင့် ပတ်သက်သည့် သတင်းများကို အချိန်မီ ပြန်ပို့ပေးနိုင်မည်ဆိုပါက အရှင်မင်းကြီးအနေဖြင့် အခြေအနေကို ချိုးဖျက်နိုင်မည့် မျှော်လင့်ချက် ရှိလာနိုင်သေးသည်။ ကျန်သည့်သူများကိုမူ တိုက်ရိုက် သတ်ပစ်လိုက်ရုံသာရှိတော့သည်။

ဖါးပါး၏ ရင်ထဲတွင် တိတ်တဆိတ် နောင်တရနေခဲ့၏။ သတင်းအချက်အလက် … အရေးအကြီးဆုံးဖြစ်သော သတင်းအချက်အလက်များကို သူသည် အနည်းငယ်မျှပင် မသိရှိခဲ့ချေ။

ဤကဲ့သို့ ဖြစ်လာမည်ကို စောစောစီးစီး သိထားခဲ့ပါက အရှင်မင်းကြီးကို သွားရောက်ဖျောင်းဖျပြီး နောက်ရက် အနည်းငယ်ကြာမှ စစ်တိုက်ရန်နှင့် တစ်ဖက်ရန်သူ၏ အခြေအနေကို ပိုမိုစုံစမ်းရန် ပြောဆိုသင့်သည်။ ရှန်းကျီးတပ်ဖွဲ့ဟု ခေါ်သော တပ်စခန်းကြီးမှာ ထိုဆန်းကြယ်လှသော လက်နက်များကို ထိန်းချုပ်နေသည့် တပ်စခန်းသစ် ဖြစ်မည်မှာ သေချာသည်။

'ဒီသေနာကောင် ဖန်ကျန်းရီက ဒီလိုအခြေအနေမျိုး ရောက်လာမယ်ဆိုတာကို အစောကြီးတည်းက မှန်းဆထားပြီးသား ဖြစ်နေလောက်တယ်။ ဒါကြောင့် သူက ဒီလောက်အထိ တည်ငြိမ်နေခဲ့တာကိုး။ ခွေးသား …။'

ဖါးပါးက အမိန့်ပေးလိုက်သည်။ "အရှိန်ကုန်တင်ပြီး ချီတက်ကြ။ ဒီနေ့အတွင်းမှာပဲ ဖန်ထိုက်မြို့ကို ပြန်ရောက်အောင် ကြိုးစားရမယ်။ အရှင်မင်းကြီးက ချန်ကောင်းဂိတ်ကို အသေအလဲ ကာကွယ်နေဆဲ ဖြစ်လောက်တယ်ဆိုတော့ ငါတို့တွေ စစ်ရေး အချိန်ကာလမှာ လုံးဝနှောင့်နှေးလို့ မဖြစ်ဘူး။"

All Chapters