← Chapters

အခန်း ၈၂၇

Vol. 44 Ch. 827

အခန်း ၈၂၇

Vol. 44 Ch. 827

အပိုင်း (၈၂၇) ဖါးပါး ဘုရင်သစ်နှင့် တွေ့ဆုံခြင်း။

နောက်ဆုံးတွင်တော့ လူရော မြင်းများပါ ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ရာ ဖါးပါးသည် မှန်းဆထားခဲ့သည်ထက် အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာခဲ့၏။ နောက်တစ်နေ့ နံနက်ခင်း အချိန်သို့ ရောက်ရှိမှသာ သူသည် လူများကို ဦးဆောင်ကာ ဖန်ထိုက်မြို့အောက်သို့ ရောက်ရှိလာခဲ့သည်။

အရှေ့ရှိ ခမ်းနားထည်ဝါလှသော မြို့တော်ကြီးကို ကြည့်ရင်း ဖါးပါးသည် ငိုချင်စိတ်များပင် ပေါက်လာခဲ့၏။

အိမ်ရောက်ပြီ။ စိတ်ကူးထဲတွင်တော့ ဤအချိန်၌ အခမ်းနားဆုံးသော ဝတ်စုံများကို ဝတ်ဆင်ကာ အရှင်မင်းကြီး နှင့်အတူ တပ်တော်ကြီးကို ဦးဆောင်ပြီး ခမ်းနားစွာ ပြန်လာရမည်ဖြစ်သော်ငြား ယခုအခါတွင်တော့ အိမ်မဲ့ယာမဲ့ ခွေးတစ်ကောင်အလား ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်လာခဲ့ရသည်။

ဖါးပါးက မြို့ရိုးပေါ်သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ငါက ဖါးပါးပဲ။ မြို့တံခါးကို ဖွင့်စမ်း။"

မြို့တံခါးများ ပိတ်ထားသည်ကို မြင်ရသဖြင့် ဖါးပါး၏ ရင်ထဲတွင် အနည်းငယ်ထူးဆန်းနေသော်လည်း မြို့ရိုးပေါ်သို့ တိုက်ရိုက်လှမ်းအော်လိုက်သည်။

မြို့ရိုးပေါ်ရှိ မြို့စောင့်စစ်သည်များသည် ဝိုင်းစက်နေသော ကတုံးပြောင်ကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ အဆင့်အတန်းကို ချက်ချင်း အတည်ပြုလိုက်ကြ၏။ အသံကျယ်ကျယ်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ "နိုင်ငံတော်ဆရာ ခဏလောက် စောင့်တော်မူပါ။ ကျုပ် ဒုတိယမင်းသားဆီ သွားပြီး သံတော်ဦး တင်လိုက်ပါ့မယ်။"

စကားပြောပြီးသည်နှင့် မြို့ရိုးပေါ်မှ အလျင်အမြန် ပြေးဆင်းသွား၏။

'ဒုတိယမင်းသား … သူ့ကို သွားရှာပြီး ဘာလုပ်မလို့လဲ။'

ဖါးပါး၏ ရင်ထဲတွင် သံသယများ ဖြစ်ပေါ်လာသော်ငြား အခြားသူများကလည်း တံခါးဖွင့်ပေးမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ စိတ်ရှည်လက်ရှည်ဖြင့် မြို့တံခါးပေါက်တွင် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

...

နန်းတော်အတွင်း။

ဖန်ကျန်းရီသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး တစ်ညလုံး မျက်စိတစ်မှိတ်မျှပင် မမှိတ်ခဲ့ရသလို အဝတ်အစားများကိုလည်း မချွတ်ခဲ့ရချေ။ ကုတင်ပေါ်ရှိ မိန်းမလှလေးနှစ်ဦးမှာလည်း မအိပ်ကြသေးဘဲ အသက်ရှူသံများမှာ အနည်းငယ်မြန်ဆန်နေကြ၏။

အခန်းတွင်းမှာ အလွန်အမင်း တိတ်ဆိတ်နေပြီး သိမ်မွေ့လှသော ရေမွှေးနံ့လေးများ လွင့်ပျံနေကာ သူသည် တစ်ညလုံး စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်ရှိနေခဲ့သည်။

ဖန်ကျန်းရီသည် အမြဲတမ်းလိုလို မိမိကိုယ်ကိုယ် ဘဝနှစ်ခုကို ဖြတ်သန်းလာခဲ့ပြီး ဓားမိုးလှံမိုးများအကြားမှ ထွက်လာသည့် သန်မာသော သူရဲကောင်းတစ်ယောက်ဖြစ်ကာ သူ၏စိတ်ဓာတ်ခွန်အားကို တုန်လှုပ်သွားစေနိုင်မည့် အရာဝတ္ထုဆိုသည်မှာ အလွန်ရှားပါးသည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော်လည်း ဤတစ်ညတွင်တော့ သူသည် အစစ်အမှန်လောကကြီးကို အပြည့်အဝ သဘောပေါက် နားလည်သွားခဲ့သည်။ သူသည် အလွန်အမင်း နှာဘူးကျသော သူတစ်ယောက်ဖြစ်ပြီး အိမ်တွင် လှပနုဖတ်နေသော ဇနီးမယား အတော်များများ ရှိနေသော်ငြား လှုပ်ရှားနေသော စိတ်နှလုံးကို လုံးဝထိန်းချုပ်၍ မရနိုင်ခဲ့ချေ။ ၎င်းအပြင် အိမ်တွင်လည်း သုံးယောက် အတူတကွ နေထိုင်ဖူးခြင်း မရှိခဲ့ရာ ရင်ထဲတွင် အမြဲတမ်းလိုလို ယားကျိကျိ ဖြစ်နေရသည်။

'ဒါတွေ အားလုံးက မျိုးရိုးဗီဇရဲ့ အမှားတွေပဲ။ ဘိုးဘေးတွေက ကြိုတင်သတ်မှတ်ပေးထားခဲ့တာဆိုတော့ ငါ့ကို အပြစ်တင်လို့ မရဘူးလေ။'

ဖန်ကျန်းရီ၏ ခေါင်းထဲတွင် နတ်ဘုရားများနှင့် လူသားများ စစ်တိုက်နေကြသကဲ့သို့ ရှုပ်ထွေးနေပြီး ပါးလွှာလှသော စောင်လေးကပင် သူ့ကို နာကျင်စေလောက်အောင် ဖိနှိပ်ထားသည်။

ကုတင်ပေါ်ရှိ ချူချင်ဟန် ညီအစ်မနှစ်ဦးသည် စောင်ကို အသေအလဲဆွဲကိုင်ကာ မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်ထားပြီး တလက်လက်တောက်ပနေသော မျက်လုံးလေးနှစ်စုံကိုသာ ထုတ်ဖော်ထားလျက် အဆက်မပြတ် တုန်ယင်နေကြ၏။ နေ့ခင်းဘက်တွင် ကိစ္စများက အလွန် ရုတ်တရက်ဆန်လွန်းလှသော်လည်း ညနက်ပြီး လူသူ တိတ်ဆိတ်သွားသည့် အချိန်သို့ ရောက်ရှိလာသောအခါ အမှန်တကယ်ပင် ကြောက်ရွံ့မှုကို ခံစား လာကြရ၏။

မူလတည်းက သာမန်ကုန်သည်မိသားစုမှ ထွက်လာကြသူများဖြစ်သည်။ နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ဤမျှလောက်အထိ ကြီးမားလှသော အခမ်းအနားကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် အလွန်အမင်း ခက်ခဲလှသည်။ ၎င်းအပြင် အပျိုစင်မိန်းကလေးများနှင့် အိမ်ထောင်ရှိ ယောက်ျားတစ်ယောက် တစ်ခန်းတည်း အတူတကွ ရှိနေကြခြင်းဖြစ်ပြီး အထူးသဖြင့် ဖန်ကျန်းရီက မြေကြီးပေါ်တွင် အဆက်မပြတ် လူးလှိမ့်လှုပ်ရှားနေကြောင်း ခံစားနေရသဖြင့် မိန်းကလေးနှစ်ဦး၏ ရင်ထဲတွင် ပို၍ပင် စိုးရိမ်ထိတ်လန့်လာကြသည်။

'သူက ရုတ်တရက် အပေါ်ကို ခုန်တက်လာမှာတော့ မဟုတ်လောက်ပါဘူးနော် ... ခုန်တက်လာရင် အစ်မကလည်း ဒီမှာ ရှိနေသေးတယ်လေ ...'

နောက်ဆုံးတွင်တော့ ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး အခန်းတွင်း၏ တိတ်ဆိတ်မှုကို အပြီးတိုင် ဖြိုခွဲလိုက်၏။

ချူချင်ဟန်က မေးလိုက်သည်။ "သခင်လေးဖန် ... ဘာဖြစ်လို့လဲ။"

"ကျုပ် နှလုံးသားချင်း ဆက်သွယ်ချင်တယ် ... အာ မဟုတ်ဘူး။ မိုးလင်းတော့မယ်။ မနက်စာ ဘာစားကြမလဲ။" ဖန်ကျန်းရီသည် ရင်ထဲတွင် အခြေအနေမကောင်းကြောင်းကို တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

ချူချင်ဟန်က အလွန်အမင်း ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်။ "သခင်လေးဖန် ... အောက်မှာက အေးလည်းအေးသလို မာလည်းမာနေတာဆိုတော့ အိပ်လို့ ရရဲ့လား မသိဘူး။ သခင်လေးဖန် တစ်ညလုံး မအိပ်ရသေးဘူး မဟုတ်လား။ အဲဒါဆိုရင် ... သခင်လေးဖန် … ကုတင်ပေါ်ကိုပဲ တက်လာခဲ့ပါလား။"

ဖန်ကျန်းရီ၏ မျက်လုံးများမှာ ရူးမတတ် ပြူးကျယ်သွားပြီး နှာခေါင်းပေါက်များမှာလည်း ၎င်းနှင့်အတူ တစ်လက်မလောက် ပို၍ ကြီးမားသွား၏။

'ပျော်ရွှင်မှုက အရမ်းကို ရုတ်တရက်ဆန်လွန်းလှတယ်။ ဒီလိုကိစ္စမျိုးတောင် ရှိနေသေးတာလား။'

ဖန်ကျန်းရီက မနည်းအတင်းအကျပ် ပြောလိုက်သည်။ "အဲဒါဆိုလည်း ... ကောင်းပြီလေ။"

"ဒီနေ့ညတော့ ကျွန်မနဲ့ ယိုယီကပဲ အောက်မှာ အိပ်လိုက်ပါ့မယ်။"

"အမ် ..."

ကြည့်ရသည်မှာ သူ့ဘာသာ တကယ်ကို အများကြီး တွေးတောနေမိခြင်း ဖြစ်ပေလိမ့်မည်။ ဖန်ကျန်းရီသည် ဘေးတစောင်း လှည့်အိပ်လိုက်၏။

ကောင်းကင်ကြီးမှာ တဖြည်းဖြည်း လင်းထိန်လာပြီး တံခါးဝဆီမှ ရင်းနှီးလှသော အသံတစ်ခု ထွက်ပေါ်လာသည်။ အာလီပိုင်ပင် ဖြစ်သည်။ "ဆရာ ... အရေးကြီးတဲ့ ကိစ္စရှိတယ်။ နိုင်ငံတော်ဆရာ ပြန်ရောက်လာပြီ။"

ဖန်ကျန်းရီသည် လွှားကနဲ ထထိုင်လိုက်ပြီး စောင်ကို ဆွဲဖယ်ကာ အခန်းအပြင်ဘက်သို့ သုတ်ခြေတင် ပြေးထွက်သွားလိုက်၏။ တံခါးကို ဖွင့်လိုက်ရာ အာလီပိုင်က တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရ၏။

"သူ ဘယ်မှာလဲ။ လူဘယ်နှစ်ယောက်လောက်နဲ့ ပြန်လာတာလဲ။"

အာလီပိုင်က နှုတ်ခမ်းထောင့်တွင် ပြုံးလျက် ပြောလိုက်၏။ "လူရာဂဏန်းလောက်ပဲ ပါလာတယ်။ သူတို့တွေ အခု မြို့တံခါးနေရာမှာ ရောက်နေကြတယ်။ ဆရာ ကျုပ်နဲ့အတူ လိုက်ကြည့်ချင်လား။ နိုင်ငံတော်ဆရာရဲ့ စိတ်အခြေအနေ က သိပ်မကောင်းဘူးလို့ ကြားလိုက်ရတယ်။ ကြည့်ရတာ ရှေ့တန်းမှာ တကယ်ကို ပြဿနာ တက်သွားတဲ့ပုံပဲ။"

"သွားမယ်။ သွားပြီး သူတို့ကို မေးကြည့်ကြစို့။" ဖန်ကျန်းရီသည် စိတ်မရှည်စွာဖြင့် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

နောက်ဆုံးတွင်တော့ စစ်မြေပြင်၏ သတင်းများ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဖါးပါးသည် နောက်တန်း ထောက်ပံ့ရေးကို တာဝန်ယူထားရသူဖြစ်လျက်နှင့် ဝူထူက သူ့ကို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ သေချာပေါက် စစ်မြေပြင်မှာ စစ်ရှုံးသွား၍ ဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် သတင်းကောင်းများ ရောက်လာခဲ့ပြီ။

တံခါးအပြင်ဘက်သို့ လျှောက်သွားမိသည့်ဆဲဆဲ အချိန်လေးမှာပင် ဖန်ကျန်းရီသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ နဂါးဝတ်စုံကြီးကို ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်၏။ ခန္ဓာကိုယ်ကို လက်ညှိုး ထိုးပြကာ အာလီပိုင်ကို မေးလိုက်သည်။ "နေပါအုံး ... ဒီအဝတ်အစားကြီးကို မဝတ်ဘဲ နေလို့ မရဘူးလား။"

အာလီပိုင်သည် ပခုံးကို တွန့်ပြလိုက်၏။ "မူလတည်းက ကျုပ်က ဆရာ့ကို နေ့တိုင်း ဝတ်ခိုင်းထားတာမှ မဟုတ်တာ။ သံတမန်အဖွဲ့တွေ မြင်ပြီးရင် လုံလောက်နေပါပြီ။ ကျုပ် ထင်နေမိတာက ဆရာက အပျော်ဝတ်ကြည့်ချင်နေလို့ အမြဲတမ်း ဝတ်ထားတာလို့ ထင်နေတာ။"

"..."

ဖန်ကျန်းရီသည် စကားပြောရန်ပင် ဆွံ့အသွားကာ နဂါးဝတ်စုံကြီးကို ဆွဲချွတ်လိုက်ပြီး တစ်ဝက်သာ ချွတ်ရသေးချိန်တွင် တစ်ဖန်ပြန်ဝတ်လိုက်ပြန်၏။ မျက်နှာပေါ်တွင် ထူးဆန်းနက်နဲသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

'ဒီဝတ်စုံကြီးကို ဝတ်ပြီး ဖါးပါးကို သွားပြလိုက်ရင် အဲဒီကောင် ဘယ်လိုများ တုံ့ပြန်လိမ့်မလဲ ဆိုတာကို မသိဘူး။'

"မချွတ်တော့ဘူး။ သွားကြစို့။"

...

မြို့တံခါး အပြင်ဘက်တွင် ဖါးပါးတို့ တစ်စုမှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြဆဲပင်။ နာရီဝက်ခန့်တိုင်တိုင် ကျော်လွန်သွားခဲ့ပြီဖြစ်ရာ တကယ်တော့ အဘယ်အချိန်အထိ သွားရောက်သံတော်ဦး တင်နေဦးမည်နည်း။ ကိုယ်က ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ဆရာတစ်ယောက်ပေ။ အဘယ်ကြောင့် သူ့ကို စောင့်ဆိုင်းခိုင်းရသနည်း။

နောက်ဆုံးတွင်တော့ ဖါးပါးသည် မနေနိုင်တော့ဘဲ မြို့ရိုးပေါ်သို့ အသံကုန် အော်ဟစ်လိုက်၏။ "မြို့တံခါးကို မြန်မြန်ဖွင့်စမ်း။ စစ်မြေပြင် အခြေအနေတွေ အရေးပေါ် ဖြစ်နေပြီ။ အချိန်တွေ နှောင့်နှေးသွားရင် မင်းတို့ တာဝန်ယူနိုင်ကြလို့လား။"

သူ၏ စကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် အာလီပိုင်၏ အရိပ်ကြီးသည် မြို့ရိုးပေါ်တွင် ပေါ်ထွက်လာပြီး ၎င်းနှင့်အတူ စစ်သည်နှစ်တန်းက မြို့ရိုးပေါ်တွင် အလျင်အမြန် နေရာယူရပ်တန့်လိုက်ကြသည်။ မြို့တွင်းမှာတော့ အုပ်စုလိုက် ပြည့်နှက်နေသော ပြည်သူများက အောက်မှနေ၍ အာလီပိုင်၏ ကျောပြင်ကြီးကို မော်ကြည့်နေကြပြီး လူအတော်များများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

မြို့အပြင်ဘက်ရှိ ဖါးပါး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အမူအရာများ ပေါ်ထွက်လာကာ ပြောလိုက်သည်။ "ဒုတိယမင်းသား ... မြို့တံခါးကို မြန်မြန်ဖွင့်ပါ။ ကျွန်တော်မျိုးမှာ ..."

စကားပြော၍ မဆုံးမီမှာပင် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းခဲအေးသွားတော့၏။ ရင်းနှီးလှသော မျက်နှာတစ်ခုက နဂါးဝတ်စုံကြီးကို ဝတ်ဆင်ကာ မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပေသည်။

ဖါးပါးက အသံကုန် အော်ဟစ်လိုက်၏။ "ဖန်ကျန်းရီ။"

ဖန်ကျန်းရီ၏ မျက်နှာထားမှာ တဖြည်းဖြည်း လေးနက်သွားပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ "ရိုင်းစိုင်းလှချေလား။ ကိုယ်တော့်ရဲ့ နာမည်ကို တိုက်ရိုက် ခေါ်ဝေါ်ရဲတယ်ပေါ့။ နိုင်ငံတော်ဆရာ ... မင်းက စစ်တပ် တစ်တပ်ကို ခေါ်လာပြီး ရန်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ။ ကိုယ်တော့်ကို ပုန်ကန်ချင်နေတာလား။"

ဖါးပါး၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားပြီး ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ၏။ "မင်း အမေကို ..."

ဤမြင်ကွင်းကြီးမှာ သူမှန်းဆနိုင်စွမ်း၏ ကန့်သတ်ချက်ထက် အဝေးကြီး ကျော်လွန်နေခဲ့သည်မှာ ထင်ရှား ပေသည်။ ငါက ပုန်ကန်သူသူပုန် ဖြစ်သွားပြီပေါ့လေ။ တကယ်တော့ အဘယ်သို့သော အခြေအနေကြီးနည်း။

အပြင်ကို တစ်ပတ်လောက် ထွက်သွားပြီး ပြန်လာသည့်အချိန်မှာ ဖန်ကျန်းရီက အဘယ်သို့ ပြုလုပ်လိုက်၍ ဘုရင်ဖြစ်သွားရသနည်း။

"ဒုတိယမင်းသား ... တကယ်တော့ ဘာတွေ ဖြစ်ကုန်တာလဲ။ ဖန်ကျန်းရီက ဘာဖြစ်လို့ နဂါးဝတ်စုံကြီးကို ဝတ်ထားရတာလဲ။"

အာလီပိုင် ပါးစပ်မဖွင့်ရသေးမီမှာပင် ဖန်ကျန်းရီက ပါးစပ်ဖွင့်လိုက်ပြီး ရိုင်းစိုင်းမာနထောင်လွှားစွာဖြင့် ပြောလိုက်၏။ "ဟေး ဟေး ဟေး ... ကိုယ်တော်က မင်းနဲ့ စကားပြောနေတာလေ။ နားမကြားဘူးလား။"

"မင်း ပါးစပ်ပိတ်ထားစမ်း။ ခွေးသူတောင်းစား … မြို့ထဲ ဝင်လာတဲ့အခါ မင်းကို သေချာပေါက် သတ်ပစ်မယ်။" ဖါးပါးမှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ကြီးပင် အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ကောင်းလေစွ။ မင်းလို ဘုရင်ကို မသိ၊ မိဘကို မသိတဲ့ ကတုံးပြောင်ကြီးက စာတွေကို ခွေးဗိုက်ထဲရောက်အောင် ဖတ်ထားတာကိုး။" ဖန်ကျန်းရီသည် မျက်တောင်များကို ရူးမတတ် ပုတ်ပြနေတော့၏။

ဖါးပါးသည် တစ်ခဏမျှ ကြောင်အမ်းသွားပြီး တုံ့ပြန်မှုတစ်ချက်လေးမျှပင် မရှိသော အာလီပိုင်ကို လှမ်းကြည့်လိုက်သည်။ ၎င်းအပြင် လမ်းတစ်လျှောက်လုံး ပင်ပန်းကြီးစွာ ခရီးနှင်လာခဲ့ရသဖြင့် စိတ်အာရုံများမှာ အောက်ခြေအထိ ကုန်ဆုံးနေခဲ့ပြီဖြစ်ရာ သူသည် အပြည့်အဝ ပေါက်ကွဲပြိုကွဲသွားသည်။။

ဖါးပါးသည် မြင်းပေါ်မှ လွှားကနဲ ခုန်ဆင်းလိုက်ပြီး မြို့ရိုးအောက်တွင် ရွှေဘာသာစကားကို အသုံးပြုကာ နားမလည်နိုင်သော စကားများဖြင့် ရမ်းသမ်းအော်ဟစ် ဆဲဆိုနေတော့၏။

ဖန်ကျန်းရီသည် နောက်ထပ် စကားနှစ်ခွန်းခန့် ပြန်လည်ချေပလိုသေးသော်ငြား အာလီပိုင်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာပေါ်လာကာ လက်ကိုဆန့်ထုတ်၍ သူ့ကို တားဆီးလိုက်သည်။ "တော်လောက်ပြီ ဆရာ။"

ဖန်ကျန်းရီသည် ရှက်ရွံ့စွာဖြင့် အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလိုက်၏။ 'ဟက်ဟက် ... သတိလက်လွတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ကျင်းနိုင်ငံရဲ့ အရှင်သခင်ကြီးလို့ တကယ်ထင်သွားမိတာကိုး။'

အာလီပိုင်က မေးလိုက်သည်။ "နိုင်ငံတော်ဆရာ ... ခင်ဗျားက အခုချိန်မှာ ရှေ့တန်းမှာ ရှိနေသင့်တာလေ။ ဘာဖြစ်လို့ ဖန်ထိုက်မြို့ထဲကို ပြန်ရောက်လာရတာလဲ။"

ဖါးပါး၏ မျက်လုံးနှစ်ဖက်လုံးမှာ သွေးများအလား နီမြန်းနေ၏။ "မင်း ငါ့ကို အရင်ပြောစမ်း။ ဖန်ကျန်းရီက တကယ်တော့ ဘာဖြစ်နေတာလဲ။ မင်းက ဘာဖြစ်လို့ သူနဲ့ ရောနှောပူးပေါင်းနေရတာလဲ။ မြို့အပြင်ကို မထွက်ခင်လေးတင် ငါမင်းကို ဘယ်လို သင်ပေးခဲ့လဲ။"

ထိုလေယူလေသိမ်းကို ကြားလိုက်ရသောအခါ ဖန်ကျန်းရီ၏ ကြက်သီးများပင် ထသွားတော့သည်။

ပြီးသွားပြီ။ ဖါးပါးက မြို့တွင်းမှာ အဘယ်အခြေအနေများ ဖြစ်နေသည်ကို အခုချိန်အထိ မသိသေးပေ။ အာလီပိုင်က ယခု ပြည်သူတွေ၏ မြှောက်စားဟစ်ကြွေးမှုအောက်တွင် မာနများ အထွတ်အထိပ်အထိ ရောက်နေသည်။ ဤသို့သော လေယူလေသိမ်းမျိုးနှင့် စကားပြောခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင်။ သူပင်လျှင် ဤကဲ့သို့ မပြောရဲခဲ့ချေ ...

ဖန်ကျန်းရီသည် မျက်လုံးထောင့်မှနေ၍ အာလီပိုင်ကို စွေကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပင် အာလီပိုင်၏ မျက်နှာကြီးမှာ အဖြူရောင်မှနေ၍ အပြာရောင်သို့ ပြောင်းလဲသွားပြီး အကြည့်များမှာလည်း တဖြည်းဖြည်း ရက်စက်ကြမ်းတမ်းလာသည်။

နောက်တစ်စက္ကန့်တွင်တော့ သူက လက်တစ်ဖက်ကို အမြင့်သို့ မြှောက်လိုက်သည်ကို မြင်လိုက်ရပြီး မြို့ရိုးပေါ်ရှိ စစ်သည်များသည် လေးများကို တင်ကာ မြှားများကို ချက်ချင်း ချိန်ရွယ်လိုက်ကြ၏။

"တစ်ယောက်မှ မချန်ထားနဲ့။ ပစ်သတ်လိုက်။"

All Chapters