← Chapters

အခန်း ၈၂၈

Vol. 44 Ch. 828

အခန်း ၈၂၈

Vol. 44 Ch. 828

အပိုင်း (၈၂၈) နိုင်ငံတော်ဆရာကြီး၏ သံသယများကို ဖြေရှင်းပေးခြင်း။

ဖန်ထိုက်မြို့ထဲတွင် အာလီပိုင်၏ ဂုဏ်သတင်းက နေမွန်းတည့်ချိန်ကဲ့သို့ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ရေတွက်၍မရနိုင်သော မြို့သူမြို့သားများက သူ့အား နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်နေကြသည်။

စစ်တပ်ထဲတွင်လည်း လူဟောင်းလူသစ် အစားထိုးလဲလှယ်မှုများ ပြုလုပ်ပြီးဖြစ်ရာ ယခု သူခေါ်ဆောင်လာသော စစ်သားများမှာ သူ၏ အမာခံပရိသတ်များဟု ဆိုနိုင်ပေသည်။ အရှေ့သို့သွားဟု အမိန့်ပေးလျှင် အနောက်သို့ လုံးဝလှည့်မည် မဟုတ်ချေ။

ဖန်ကျန်းရီက အခြေအနေကို ကောင်းကောင်းသဘောပေါက်သောကြောင့် အာလီပိုင်အား ချက်ချင်းလှမ်းဆွဲကာ ဖျောင်းဖျလိုက်၏။ "စိတ်မလှုပ်ရှားနဲ့။ ဖါးပါးကို အသက်ရှင်လျက် ဖမ်းထားမှ ရှေ့တန်းက အခြေအနေအမှန်ကို မေးမြန်းနိုင်ပြီး နောက်ပိုင်းလုပ်စရာရှိတာတွေကို ဆုံးဖြတ်နိုင်လိမ့်မယ်။ ပြီးတော့ ဖါးပါးက မင်းရဲ့ အနာဂတ်အတွက် အင်အားကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်တယ်။"

အာလီပိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လေးသည်တော်များကို အမြန်ရပ်တန့်စေလိုက်သည်။

အောက်ဘက်တွင်ရှိနေသော ဖါးပါးမှာ ကြောင်တောင်တောင် ဖြစ်သွား၏။

မည်သည့်အခြေအနေနည်း။ အာလီပိုင် တစ်ခုခုပြောလိုက်သည်နှင့် မြို့ရိုးပေါ်မှ စစ်သားများ လှုပ်ရှားကြသည်လား။

'သူတို့က ငါ့ကို ပစ်ခတ်ချင်နေကြတာလား။'

ဖါးပါး၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားပြီး အသံများတောင် မသိမသာ တုန်ယင်လာခဲ့၏။ "ဒုတိယမင်းသား ... မြို့တံခါးကို မြန်မြန်ဖွင့်ပေးပါ။"

မြို့ရိုးပေါ်ရှိ လူနှစ်ယောက်ကမူ စကားတစ်ခွန်းမှ မဆိုချေ။

ဖါးပါး၏ စိတ်ထဲတွင် ပို၍စိုးရိမ်ပူပန်လာပြီး ဦးနှောက်ထဲ၌ ကမောက်ကမ ဖြစ်သွားသည်။

ထိုအချိန်မှာတော့ မြို့တံခါးက အနည်းငယ်ဟသွားပြီး စစ်သားတစ်ယောက်က မြင်းကိုအမြန်နှင်ကာ ဖါးပါး၏ အနီးသို့ ရောက်လာခဲ့၏။ "နိုင်ငံတော်ဆရာကြီး ... ဒုတိယမင်းသားက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ဆရာကြီး တစ်ယောက်တည်းကိုသာ ဝင်ခွင့်ပြုပြီး ကျန်တဲ့သူတွေကိုတော့ ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းနေဖို့နဲ့ နောက်မှ စီစဉ်ပေးမယ်လို့ မိန့်ကြားလိုက်ပါတယ်။"

"ဘာသဘောလဲ။ ဝင်မယ်ဆိုရင် အတူတူ ဝင်ရမှာပေါ့၊ ဘာဖြစ်လို့ ငါတစ်ယောက်တည်းလဲ။"

စစ်သားက ခေါင်းခါလိုက်၏။ "မသိပါဘူး။ ဒုတိယမင်းသားက ဒီအတိုင်းပဲ မှာကြားလိုက်တာပါ။ အကယ်၍ ဆရာကြီး ဝင်ဖို့ဆန္ဒမရှိဘူးဆိုရင် တခြားသူတွေနဲ့အတူ အပြင်မှာပဲ ဆက်စောင့်နေလိုက်ပါတဲ့။"

တောက်။

ဖန်ကျန်းရီက မူမမှန်သလို အာလီပိုင်ကလည်း ပို၍တောင် မူမမှန်ဖြစ်နေသည်။ မြို့ထဲတွင် တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေသနည်း။

အခြေအနေက အရေးပေါ်ဖြစ်နေသောကြောင့် သူ့အတွက် အများကြီးစဉ်းစားနေရန် အချိန်မရှိတော့ချေ။ ဖါးပါးက အံကြိတ်လိုက်၏။ "ကောင်းပြီ ... ငါ မင်းနဲ့အတူ အရင်ဝင်ခဲ့မယ်။"

ထို့နောက် သူ၏နောက်ကွယ်ရှိ အခြွေအရံများကို စကားအနည်းငယ် မှာကြားပြီးနောက် စစ်သည်နောက်သို့လိုက်ကာ မြို့ထဲသို့ ဝင်ရောက်သွားသည်။

သူ မြင်းစီးလျက် မြို့တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ မြို့ရိုးထက်ရှိ လေးသည်တော်များက ပြင်းထန်သော တိုက်ခိုက်မှုကို ရုတ်တရက် စတင်လိုက်ကြ၏။

မြားမိုးများ ရွာကျလာပြီးနောက် စူးရှသော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့သည်။

မြို့ထဲသို့ ရောက်ရှိနေပြီဖြစ်သော ဖါးပါးသည် နောက်ကွယ်မှ ထူးဆန်းသော အသံများကို ကြားလိုက်ရသောကြောင့် ချက်ချင်းလှည့်ကြည့်လိုက်၏။

မြို့တံခါးကြီးက ဖြည်းဖြည်းချင်း ပိတ်နေဆဲဖြစ်ပြီး တံခါးဟနေသော နေရာမှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖါးပါးမှာ အသည်းအေးသွားရသည်။

သူက အသံကုန်ဟစ်အော်လိုက်၏။ "အာလီပိုင် ... မင်း ရူးသွားပြီလား။"

မြို့ရိုးနောက်ဘက် လှေကားထစ်များမှ အာလီပိုင်က ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ "နိုင်ငံတော်ဆရာကြီး ... စိတ်ကို အရင်တည်ငြိမ်အောင်ထားပြီးမှ ကျုပ်နဲ့ စကားပြောဖို့ အကြံပြုချင်တယ်။"

ဖန်ကျန်းရီက သူ့အား မျက်တောင်တဖျပ်ဖျပ်ခတ်ပြကာ အနောက်သို့ကြည့်ရန် အရိပ်အမြွက် ပြနေ၏။

ဖါးပါးသည် အလိုအလျောက် လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ဝိညာဉ်များတောင် လွင့်စင်ထွက်သွားမတတ် ဖြစ်သွားရသည်။

မြို့သူမြို့သားတစ်စုက သူ့အား ရန်သူတစ်ဦးသဖွယ် စူးစိုက်ကြည့်နေကြပြီး ထိုအကြည့်များက သူ့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်တော့မည့်အလားပင်။

"နိုင်ငံတော်ဆရာကြီး ... ဒီနေရာမှာ စကားပြောရတာ အဆင်မပြေဘူး၊ နန်းတော်ထဲ သွားကြတာပေါ့။"

ဖါးပါးက လည်ချောင်းထဲမှ စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြောဆိုလိုက်သည်။ "ကောင်းပြီ။"

……

ဖါးပါးက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "ဒုတိယမင်းသား ... ကျွန်တော်မျိုးရဲ့ သံသယတွေကို ဖြေရှင်းပေးပါအုံး။"

နန်းတော်သို့ ပြန်လာသည့်လမ်းတစ်လျှောက်တွင် ဖန်ထိုက်မြို့အတွင်းရှိ အံ့မခန်း အပြောင်းအလဲများကို သူ သတိထားမိခဲ့သည်။ လမ်းကြိုလမ်းကြားတိုင်းတွင် သေသေချာချာ ရေးဆွဲထားသော ပုံတူပန်းချီကားများကို ကပ်ထား၏။

ထိုပန်းချီကားများပေါ်ရှိ လူမှာ အာလီပိုင်ပဲ ဖြစ်ပေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဘေးပတ်ဝန်းကျင်ရှိ မြို့သူမြို့သားများ၏ ကိုးကွယ်ယုံကြည်မှု အပြည့်ပါနေသော ရူးသွပ်မတတ် အကြည့်များပင် ဖြစ်သည်။

သူသည် မိစ္ဆာဂိုဏ်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

အာလီပိုင်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိချေ။ "ကျုပ်ရဲ့ မေးခွန်းကို အရင်ဖြေပါ။ ခမည်းတော်ရဲ့ အပြင်ဘက် စစ်မြေပြင်အခြေအနေက တကယ်ပဲ ဘယ်လိုရှိနေပြီလဲ။"

ဖါးပါးထံမှ ချွေးစေးများ စီးကျလာပြီး အတန်ကြာ စဉ်းစားပြီးနောက် နာကျင်စွာ ပြောလိုက်၏။ "အရမ်းကို ဆိုးရွားပါတယ်။ တာ့ကျင်းထဲကို ဝင်ဝင်ချင်းမှာပဲ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ သူတို့ဆီမှာ ထူးဆန်းတဲ့ လက်နက်တစ်မျိုးရှိပြီး အဲဒီအစွမ်းက အရမ်းကို ကြောက်စရာကောင်းတယ်။

အကယ်၍များ အလွဲအချော်မရှိဘူး ဆိုရင် အခုချိန်မှာ အရှင်မင်းကြီးက ချန်ကောင်းဂိတ်ထဲမှာ ခံစစ်ဆင်နေရဆဲ ဖြစ်လိမ့်မယ်။

တစ်ဖက်ရန်သူတွေ အသုံးပြုနေတဲ့ လက်နက်က ဘာလဲဆိုတာကို ကျုပ်တို့ မသိရဘူးဆိုရင် ဒီစစ်ပွဲကို ဆက်ပြီး ဆင်နွှဲဖို့ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်မျိုး ဒီတစ်ခေါက် ပြန်လာခဲ့တာက ဖန်ကျန်းရီကို ရှာပြီး သေချာ မေးမြန်းဖို့ပါပဲ။ ဒုတိယမင်းသား ... မင်းသားတို့ကြားမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေရဆဲပါ။ ကျုပ်တို့ ရွှေတိုင်းပြည်က နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ရတာမလို့ နောက်ဆုံးပိတ်မှာ အချည်းနှီး ဖြစ်လို့ မဖြစ်ပါဘူး။"

အာလီပိုင်၏ မျက်နှာထားက ခံစားချက်မဲ့နေပြီး ဖန်ကျန်းရီဘက်သို့ လှည့်ကြည့်လိုက်၏။ "သိပါပြီ ... ဆရာ၊ မေးစရာတစ်ခုခု ရှိသေးလား။"

'ဆရာ။'

ဖါးပါး၏ မျက်နှာမှာ စိမ်းလိုက်နီလိုက် ဖြစ်သွားပြီး မျက်နှာသွင်ပြင်တစ်ခုလုံး ရှုံ့မဲ့သွားခဲ့သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ငါ နိုင်ငံတော်ဆရာကြီးနဲ့ သီးသန့်စကားပြောချင်တယ်။ စောစောကမှ ရွှေစစ်တပ်တစ်စုကို ပစ်ခတ်သတ်ဖြတ်လိုက်တာဆိုတော့ သတင်းထွက်သွားရင် မြို့စောင့်တပ်တွေနဲ့ မြို့သူမြို့သားတွေ သံသယဝင်ကြလိမ့်မယ်။ မင်းရဲ့ ဩဇာလွှမ်းမိုးမှု ထိခိုက်တာမျိုး မဖြစ်ရလေအောင် မြို့သူမြို့သားတွေကို အခုချက်ချင်း သွားပြီး ရှင်းပြသင့်တယ်။

အခု မြို့တစ်မြို့လုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ၊ ဆရာဖြစ်တဲ့ ငါက ဘာတွေများ ကြံစည်နိုင်အုံးမှာမလို့ စိုးရိမ်နေရတာလဲ။ ပြီးတော့ ငါတို့နှစ်ယောက်က ကြိုးတစ်ချောင်းတည်းမှာ ချည်နှောင်ခံထားရတဲ့ နှံကောင်တွေပဲမလို့ သံသယများနေစရာ မလိုပါဘူး။"

အာလီပိုင်၏ သံသယအပြည့်ပါသော အကြည့်များက ဖန်ကျန်းရီနှင့် ဖါးပါးတို့နှစ်ဦးကြားတွင် အဆက်မပြတ် ကူးလူးသွားလာနေသည်။

အာလီပိုင်က အတန်ကြာ စဉ်းစားပြီးနောက် လှည့်ထွက်သွားခဲ့၏။ "အင်း ... ဆရာ့အပေါ်ကိုတော့ ကျုပ်က သဘာဝကျကျ ယုံကြည်ပြီးသားပါ။ ခင်ဗျားတို့ ဆက်ပြီး စကားပြောနိုင်ပါတယ်။"

ခန်းမဆောင်ကြီးထဲတွင် ဖါးပါးနှင့် ဖန်ကျန်းရီ နှစ်ဦးတည်းသာ ကျန်ရစ်သည်။

ဖါးပါးသည် ဖန်ကျန်းရီအား အလွန်အမင်း သတိထားကာ စူးစိုက်ကြည့်နေပြီး သူ၏ လက်သီးနှစ်ဖက်ကို သွေးကြောများ ပေါ်လာသည်အထိ ဆုပ်ထား၏။

'ဒီကျိန်စာသင့်မဲ့ ခွေးသူခိုး။'

ဖန်ထိုက်မြို့ထဲတွင် အကျယ်ချုပ် ကျခံနေရသည်ကိုပင် ဤမျှလောက်များပြားသော လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်သေးသည်။ ယခုအခြေအနေအရ သူသည် ဖန်ထိုက်မြို့ထဲမှ ထွက်ခွာနိုင်တော့မည် မဟုတ်ချေ။

'သူ့ကို စောစောစီးစီး သတ်ပစ်ခဲ့သင့်တာ။'

ဖါးပါးသည် တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်လာကာ အံကိုကြိတ်လျက် ပြောလိုက်၏။ "ညီလေးဖန် ... ခင်ဗျားက တကယ်ပဲ ..."

"သွားစမ်း။"

ဖန်ကျန်းရီက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ဖါးပါးအား လဲကျသွားစေရာ ဖါးပါးသည် မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားခဲ့သည်။

"ချီးတဲ့မှ။"

ဖါးပါး၏ မျက်နှာအိုကြီးက မြေပြင်နှင့် ဆောင့်မိသွားပြီး နှာခေါင်းမှ သွေးနှစ်ကြောင်း ပန်းထွက်လာခဲ့၏။

သူက အမြန်ပြန်ထရန် ကြံရွယ်လိုက်သော်ငြား ပိဿာချိန် အတော်များများစီးသော အရာတစ်ခုက သူ၏ကိုယ်ပေါ်သို့ ခွတက်လာပြီး လက်နှစ်ဖက်ကိုပါ ဖိချုပ်ထားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ဖန်ကျန်းရီက အလျင်စလို လေယူလေသိမ်းဖြင့် ပြောလိုက်၏။ "ကျုပ်တို့ တာ့ကျင်းက သုံးတဲ့လက်နက်နာမည်က ယမ်းမှုန့်လို့ခေါ်တယ်။ မြို့ထဲက အရာရှိကြီးတွေအားလုံး သေကုန်ကြပြီ။ အခု အာလီပိုင် တစ်ယောက်တည်းကပဲ အာဏာရှင်ဖြစ်နေပြီး ကျုပ်လည်း သူ့ရဲ့ ခြိမ်းခြောက်မှုကို ခံထားရတယ်။ ခင်ဗျား ကျုပ်ကို ပြန်မချဘူးဆိုရင် ကျုပ် လွှတ်ပေးမယ်၊ ပြီးမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။"

ဖါးပါး၏ နှာခေါင်းထိပ်မှာ အလွန်အမင်း ကျိန်းစပ်နာကျင်နေပြီး ခန္ဓာကိုယ်နှင့် စိတ်နှလုံးပါ နာကျင်နေသည်။ လူသတ်ချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်ကာ ဆဲရေးတိုင်းထွာလိုက်၏။ "မရှက်မကြောက်တတ်တဲ့ကောင် ... မင်းလို အသက်နှစ်ဆယ်ကျော်အရွယ်က ငါ့လို အသက်ငါးဆယ်ကျော် အဘိုးကြီးကိုတောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သေးတယ်ပေါ့။ ဖန်ကျန်းရီ ... မင်းက အရှက်မရှိတဲ့ကောင်ပဲ။"

ဖန်ကျန်းရီက မည်သည့်စကားမှ မဆိုဘဲ ညာဘက်ခြေထောက်ကို မြှောက်ကာ ဖါးပါး၏ တင်ပါးအိုကြီးကို ဒူးနှင့် အားပါးတရ တိုက်ချလိုက်သည်။

ဖါးပါးက နာကျင်စွာ အော်ဟစ်လိုက်ပြီး သေးတောင် ထွက်ကျတော့မတတ် ခံစားလိုက်ရ၏။ "အာ့ ... ငါ မင်းကို ပြန်မချတော့ဘူး၊ ငါ့ကို အမြန်လွှတ်စမ်းပါ။"

တောင်းပန်သံကို ကြားလိုက်ရသောကြောင့် ဖန်ကျန်းရီက အမြန်ထရပ်လိုက်ပြီး သူ့ထံမှ ခြေသုံးလှမ်းခန့် အကွာသို့ ဆုတ်ခွာသွား၏။ ထို့နောက် လက်ဝှေ့သမားတစ်ဦး၏ ကိုယ်ဟန်အနေအထားကို ဖမ်းကာ အထက်အောက် ခုန်ပေါက်ရင်း ဖါးပါးထံသို့ လက်သီးနှစ်ချက်ခန့် လှမ်းပစ်ပြလိုက်သည်။

ဖါးပါး၏ မျက်နှာတစ်ခုလုံးတွင် သွေးများ ပေပွနေပြီဖြစ်သည်။ သူက နာကြည်းစွာ မေးလိုက်၏။ "မြို့ထဲက အရာရှိကြီးတွေ ဘယ်လိုသေသွားကြတာလဲ။"

ဖန်ကျန်းရီကမူ စိတ်ကို မလျှော့ရဲသေးဘဲ ဟိုဘက်ဒီဘက် ရွှေ့လျားရင်း ပြန်ဖြေလိုက်သည်။ "ယမ်းမှုန့်နဲ့ ဆင်တူတဲ့အရာတစ်ခုကြောင့် အတူတူ ပေါက်ကွဲပြီး သေသွားကြတယ်လို့ပဲ သတ်မှတ်လိုက်ပါ။"

ဖါးပါး၏ မျက်ခမ်းများက နှစ်ချက်ခန့် တုန်လှုပ်သွားပြီးနောက် အသံကုန်ဟစ်အော်လိုက်၏။ "ချီးတဲ့မှ ... မင်း လှည့်ပတ်ပြေးမနေနဲ့တော့။ မင်းကို ပြန်မချဘူးလို့ ငါပြောပြီးပြီလေ။ သောက်လုံးတွေ နောက်လာပြီ။"

ဖါးပါးထံတွင် တိုက်ခိုက်မည့် အရိပ်အယောင်မရှိသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက ကိုယ်ဟန် အနေအထားကို လျှော့ချလိုက်ပြီး အကွာအဝေးတစ်ခုကို ထိန်းသိမ်းကာ ပြောလိုက်သည်။ "မေးချင်တာ မေးပါ။"

"အာလီပိုင်က ဘယ်လိုအခြေအနေလဲ။"

"မြို့ထဲက အရာရှိကြီးတွေ သေကုန်ပြီဆိုတော့ သူ့အတွက် ဩဇာအာဏာ တည်ဆောက်ပေးပြီး မြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်အောင် ကျုပ်က ကူညီပေးခဲ့တာ။ တာ့ကျင်းက ဒီစစ်ပွဲမှာ မဖြစ်မနေ အနိုင်ရလိမ့်မယ်ဆိုတာကို ကျုပ်သိတယ်။ ဒါပေမဲ့ ရွှေစစ်တပ်က စစ်ရှုံးပြီး မြို့ထဲကို ပြန်ဆုတ်လာနိုင်ခြေရှိတော့ ကျုပ်အတွက် မြို့စောင့်ပေးမဲ့သူ လိုအပ်နေခဲ့တယ်။ အဆိပ်ပြင်းတဲ့ ပိုးကောင်ကို မွေးမြူမိသလို ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အာလီပိုင်က ကျုပ်ကို ဂျင်းထည့်သွားတာပဲ၊ သူက ကျုပ်ကို ရုပ်သေးဘုရင်အဖြစ် နှစ်ရက်လောက် တင်မြှောက်ထားချင်နေတာ။"

ဖါးပါးက မောကြီးပန်းကြီးဖြင့် မေးလိုက်၏။ "ခင်ဗျားကို ဘုရင်တင်မြှောက်တာက သူ့အတွက် ဘာအကျိုးရှိမှာမလို့လဲ။"

"ဟားဟား ... သူ ဒီနေ့လို နေရာမျိုး ရလာတာက ကျုပ်ကြောင့်ချည်းပဲ။ ဒီကောင်လေးက ဘဝင်မြင့်နေပြီဆိုပေမဲ့ နောက်တစ်လှမ်းမှာ ဘာဆက်လုပ်ရမလဲ ဆိုတာကိုတော့ မသိဘူး၊ ကျုပ်ရဲ့ ဖေးမကူညီမှုကိုပဲ အားကိုးနေရတာ။ ဒါကြောင့်မလို့ သွေးခွဲဖို့ ဒီလိုအကြံအစည် အပုပ်အသိုးကို စဉ်းစားမိသွားတာပေါ့။ တာ့ကျင်းနန်းတော်က ကျုပ်ကို အရေးမစိုက်တော့တဲ့ အချိန်ရောက်စေချင်တယ်။ သူက သူ့ဘက်ပါလာအောင် သိမ်းသွင်းချင်နေတာ။"

"မဖြစ်နိုင်ဘူး။ အကယ်၍ သူ သွေးခွဲတာ အောင်မြင်သွားရင်တောင်မှ ခင်ဗျား ရွှေတိုင်းပြည်ဆီ ပြန်လာပြီး သူ့အတွက် အမှုထမ်းပေးမယ်ဆိုတာကို သူ ဘယ်လိုလုပ် သေချာပေါက် သိနိုင်မှာလဲ။ ပြီးတော့ ကျုပ်တို့ရွှေတိုင်းက၇ြည် စစ်ရှုံးမယ်ဆိုတာကိုလည်း သူသိထားတာပဲ၊ ခင်ဗျားကို လုံးဝ ထိခိုက်ရဲမှာ မဟုတ်ဘူး။ ခင်ဗျားကကော ဘာဖြစ်လို့ သူ့ကို ပူးပေါင်းကူညီပေးနေရတာလဲ။"

All Chapters