← Chapters

အခန်း ၈၂၉

Vol. 44 Ch. 829

အခန်း ၈၂၉

Vol. 44 Ch. 829

အပိုင်း (၈၂၉) နိုင်ငံတော်ဆရာကြီး ... ပူးပေါင်းချင်သလား။

"အဲဒါက ကျုပ်နဲ့ သူ့ကြားက ကိစ္စပဲ၊ ခင်ဗျား အများကြီး မမေးပါနဲ့။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ခါးသီးသော အရိပ်အယောင်တစ်ခု ထပ်တိုးလာခဲ့၏။

ယီပိုင်၏ အဆင့်အတန်းက တကယ့်ကို ပြဿနာတစ်ခု ဖြစ်သည်။ အကယ်၍ ဖွင့်ပြောလိုက်ပါက သူ၏ အသက်ကိုတော့ ကာကွယ်နိုင်ပေလိမ့်မည်။

သို့ပေမည့် မိသားစုဝင်များ၏ အသက်ကိုမူ ကာကွယ်ရန် မလွယ်ကူတော့ချေ။ ထို့ကြောင့် အလျှော့ပေးလိုက်လျောရန်ဟူသော လမ်းတစ်လမ်းတည်းသာ ရှိတော့သည်။

ဖါးပါးက သူ၏မျက်နှာပေါ်ရှိ သွေးစများကို ပွတ်သပ်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။ "ကောင်းပြီ ... ဒါဆိုရင် ကျုပ် မမေးတော့ဘူး။"

"ဒါပေမဲ့ တာ့ကျင်းက ခင်ဗျားကို ကယ်တင်ဖို့အတွက် ဒီလောက်ဝေးကွာတဲ့ နေရာအထိ လူလွှတ်လိမ့်မယ်လို့ ဘာကိုအခြေခံပြီး ယုံကြည်နေရတာလဲ။"

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဟားဟား ... နိုင်ငံတော်ဆရာကြီးက ဘာဖြစ်လို့ ဒီလိုမိုက်မဲတဲ့ မေးခွန်းမျိုးကို မေးရတာလဲ။ သံတမန်အဖွဲ့ထဲမှာ ကျုပ်တို့ တာ့ကျင်းက လူတစ်ရာကျော် ပါဝင်တယ်၊ သေချာပေါက် လာကယ်မဲ့သူ ရှိလိမ့်မယ်။ ကျုပ်က မြို့ကို ထိန်းသိမ်းထားနိုင်ဖို့ပဲ လိုအပ်တယ်။ ဒါ့အပြင် ..."

"ဒါ့အပြင် ဘာဖြစ်သေးလဲ။"

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ကျုပ်နဲ့ အိမ်ရှေ့မင်းသားကြားက သံယောဇဉ် အချိတ်အဆက် ကို လျှော့မတွက်လိုက်ပါနဲ့။"

ဖါးပါးက ရွံရှာဖွယ်ကောင်းစွာ တံတွေးထွေးလိုက်သည်။ "ထွီ ... ရွံစရာကောင်းလိုက်တာ။ ကျုပ်တို့စစ်တပ်က ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲပဲ၊ အနိုင်ရမဲ့ အခွင့်အရေး မရှိဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအချိန်ကျရင် ခင်ဗျားနဲ့ အာလီပိုင်တို့ သေရမဲ့နေ့ပဲ။"

"အရူးလို တွေးမနေနဲ့တော့။ ကျုပ် ခန့်မှန်းရသလောက်တော့ ချန်ကောင်းဂိတ်က ကျဆုံးသွားတာ ကြာလောက်ပြီ။ ကျုပ်တို့ဆီမှာ မီးပုံးပျံတွေ ရှိတယ်ဆိုတာကို ခင်ဗျား မေ့သွားပြီလား။ ယမ်းမှုန့်လက်နက်တွေနဲ့ မီးပုံးပျံတွေကို ပူးပေါင်းလိုက်ရင် ဂိတ်မြို့တော်ထဲမှာ လှောင်ချိုင့်ထဲက သတ္တဝါတွေလို ဖြစ်သွားမှာပဲ။ ရွှေစစ်တပ်က သတ်ဖြတ်ခံရဖို့ စောင့်ဆိုင်းနေတဲ့ သိုးငယ်လေးတွေ ဖြစ်သွားပြီး ဝူထူတောင်မှ ပေါက်ကွဲမှုကြောင့် သေသွားလောက်ပြီ။"

'ဘာ။'

ဖါးပါး၏ ဦးနှောက်ထဲသို့ လျှပ်စီးတစ်ပွင့် ရုတ်တရက် ပစ်ချလိုက်သကဲ့သို့ ဖြစ်သွား၏။

ထိုကြောက်မက်ဖွယ်ကောင်းသော လက်နက်က ကောင်းကင်ပေါ်မှနေ၍ပင် ကျဆင်းလာနိုင်သေးသည်လား။

အကယ်၍ သူမြင်တွေ့ခဲ့ရသော မြင်ကွင်းအရဆိုလျှင် ဂိတ်မြို့တော်အတွင်းပိုင်းသည် အချိန်တိုအတွင်းမှာပင် အပျက်အစီးပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ သို့ဆိုလျှင် အရှင်မင်းကြီးက ...

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဖါးပါး၏ မျက်နှာမှာ လျင်မြန်စွာ ဖြူရော်သွားခဲ့သည်။

ဖန်ကျန်းရီက နှစ်သိမ့်လိုက်၏။ "ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီပဲ။ ခင်ဗျား အများကြီး တွေးမနေပါနဲ့တော့။ ကျုပ်တို့ရဲ့ ကိစ္စကိုပဲ ပြောကြတာပေါ့။"

ဖါးပါးက စိတ်အားထက်သန်မှု ကင်းမဲ့စွာဖြင့် မေးလိုက်သည်။ "ဟမ့် ... ဘယ်က ကျုပ်တို့လဲ။ ခင်ဗျား ဘာပြောချင်သေးတာလဲ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အကယ်၍ ရွှေတိုင်းပြည်သာ စစ်ရှုံးခဲ့ရင် ကျုပ်တို့ တာ့ကျင်းအနေနဲ့ ရွှေတိုင်းပြည်နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်မဲ့ ဘုရင်သစ်တစ်ပါးကို မဖြစ်မနေ ပြန်လည်ရွေးချယ်တင်မြှောက်ပေးရလိမ့်မယ်။ ရွှေတိုင်းပြည်ရဲ့ အဓိက အစိုးရအရာရှိကြီးတွေနဲ့ တခြားမင်းသားတွေ အားလုံးနီးပါး သေကုန်ကြပြီ။ ကျန်တဲ့သူတွေ ကလည်း စစ်မြေပြင်မှာပဲ ရှိနေကြတာဆိုတော့ အခုချိန်မှာ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း က အာလီပိုင်ပဲ ရှိတော့တယ်။ သူက ကျုပ်တို့ တာ့ကျင်းအတွက် အကျိုးပြုခဲ့ပြီး သံတမန်အဖွဲ့ကို ကာကွယ်ပေးခဲ့တယ်။ ကျုပ်နဲ့ သူနဲ့ကြားမှာလည်း လျှို့ဝှက်ချက်လေး အနည်းငယ်ရှိနေတော့ သူ့ကို ဆန့်ကျင်မှာ မဟုတ်တာ သေချာပါတယ်။ ခင်ဗျားတို့လို စစ်ရှုံးသွားတဲ့ အကြွင်းအကျန်အဖွဲ့တွေ ပြောတဲ့စကားကတော့ ပိုပြီးတောင် အလေးချိန်ရှိမှာ မဟုတ်တော့ဘူး။"

ဖါးပါး၏ စိတ်ထဲတွင် ထိတ်လန့်သွား၏။ "နေအုံး... မင်းသားတွေ အားလုံး သေကုန်ပြီဆိုတာ ဘာအဓိပ္ပာယ်လဲ။"

"စာသားအတိုင်းပဲလေ ... အာလီပိုင်က နောင်လာမဲ့ ဘေးဥပဒ်တွေကို အပြီးတိုင် ရှင်းလင်းတဲ့အနေနဲ့ သူ့ရဲ့ ညီအစ်ကိုတွေအားလုံးကို သတ်ပစ်လိုက်ပြီ။"

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ဖါးပါး၏ ခြေထောက်များမှာ ခွေယိုင်သွားပြီး ထိုနေရာတွင်ပင် ယိမ်းထိုးသွားကာ ပါးစပ်မှ ရေရွတ်လိုက်သည်။ "သူ ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ဝံ့ရတာလဲ ... ဒီလူယုတ်မာက ဘယ်လိုလုပ် လုပ်ဝံ့ရတာလဲ။"

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ဟုတ်ပါရဲ့ ... သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျုပ်လည်း မထင်ထားခဲ့မိဘူး။ ကျုပ် သူ့ကို စတင်သိကျွမ်းချိန်တုန်းက ရိုးရိုးအေးအေး ပုံစံလေးပဲ မြင်ခဲ့ရတာ၊ လူမုန်းနတ်မုန်း ဖြစ်စေမဲ့ ဒီလိုကိစ္စမျိုးကို လုပ်ရဲလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။"

ဖါးပါးသည် ရုတ်တရက် စိတ်လွတ်သွားပြီး အော်ဟစ်လိုက်သည်။ "ခင်ဗျားကြောင့် မဟုတ်ဘူးလား။ ခင်ဗျားကြောင့်ဖြစ်ရမှာ သေချာတယ်။ ခင်ဗျား ဖျက်ဆီးလိုက်တာပဲ။"

ဖန်ကျန်းရီက ဒေါသတကြီး ပြန်ပြောလိုက်၏။ "ဘာကို ကျုပ်က ဖျက်ဆီးရမှာလဲ။ သူ အရည်အချင်းရှိလာအောင် ကူညီပေးခဲ့ပြီး အာဏာကို လက်ဝယ်ပိုင်ဆိုင်နိုင်အောင် ကူညီပေးနေခဲ့တာ။ ဒီကောင် အာဏာရပြီး ရက်ပိုင်းအတွင်းမှာပဲ ဘဝင်မြင့်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ၊ ခင်ဗျားတို့ရဲ့ ပညာရေးစနစ်မှာ ပြဿနာရှိနေလို့ ဖြစ်ရတာ သေချာတယ်။

ကျုပ် ခင်ဗျားကို မေးမယ် ... ဝူထူက အလုပ်မရှိအလုပ်ရှာပြီး သူ့ကို ရိုက်နှက်ဆဲဆိုနေတတ်သလို တခြားညီအစ်ကိုတွေနဲ့ နှိုင်းယှဉ်ပြီး ဖိနှိပ်တတ်လို့ သူ့ကို စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်သွားစေတာ မဟုတ်ဘူးလား။"

"..."

ဖါးပါးသည် တိတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှ မဆိုတော့ချေ။

ဤအချက်ကမူ အမှန်တရားပဲ ဖြစ်သည်။ ဖန်ကျန်းရီ ပြောလိုက်သည့်စကားက တိကျမှန်ကန်နေ၏။ အရှင်မင်းကြီး သည် တကယ်ပင် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာလီပိုင်သည် ငယ်စဉ်တည်းက အခြားသူများ၏ နှစ်သက်မြတ်နိုးမှုကို မရရှိခဲ့ဘဲ ထိုညီအစ်ကို တစ်ယောက်ချင်းစီတိုင်း သူ့ထက် ပို၍ ထူးချွန်ကြ၏။

ထို့ကြောင့် သူသည် လူအများကြားတွင် ခေါင်းမဖော်နိုင်ခဲ့ချေ။ အချိန်ကြာလာသည်နှင့်အမျှ သတိထားမိခြင်း မခံရသော ရိုးအေးသည့်သူတစ်ယောက် ဖြစ်လာခဲ့သည်။ သို့ပေမည့် ယခုအပြောင်းအလဲကမူ အလွန်အမင်း ကြီးမားလွန်းလှပေသည်။

သူ၏ ပုံစံကို ကြည့်ပြီးနောက် ဖန်ကျန်းရီ၏ စိတ်ထဲတွင် သဘောပေါက်သွားကာ မခံနိုင်တော့ဘဲ သရော်လိုက်၏။ "ကြည့်စမ်း ... သူ ဒီလိုဖြစ်သွားတာက ခင်ဗျားတို့ လုပ်လိုက်တာပဲ။"

ဖါးပါးမှာ ဒေါသကြောင့် အံကြိတ်မိလျက်သား ဖြစ်သွားပြီး ဤလူယုတ်မာအား ပြေးဝင်ကာ အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်စိတ် ပေါက်သွားမိသည်။ "ခင်ဗျား ... သူခိုးက လူဟစ်တာပေါ့လေ။"

အခြေအနေက ဤအဆင့်အထိ ရောက်နေပြီကို အပြစ်အားလုံးက သူတို့၏ ခေါင်းပေါ်သို့ ကျရောက်လာသေးသည်လား။

ဖန်ကျန်းရီက လက်ကာပြလိုက်ပြီး ဆက်ပြော၏။ "တော်တော့ ... ခင်ဗျား စကားဖြတ်မပြောနဲ့တော့။ အာလီပိုင်က လုံးဝကို ထိန်းချုပ်လို့မရတော့ဘူး။ အခုချိန်မှာ သူက အာဏာရမ္မက်ကြောင့် မျက်စိကွယ်နေတဲ့ အရူးတစ်ယောက်ပဲ။ တကယ့် အရည်အချင်းစစ်စစ်လည်း မရှိဘဲ ကိုယ့်ရဲ့ ဩဇာတိက္ကမနဲ့ ဟန်ဆောင်ပန်ဆောင် လုပ်ရပ်တွေကို အသုံးပြုပြီး အောက်ကလူတွေကို ထိန်းချုပ်နေရုံပဲ။ ဖန်ထိုက်မြို့ထဲက မိသားစုငယ်လေးတွေနဲ့ အရာရှိ အတော်များများကလည်း သူ့ဆီကို ခိုလှုံသွားကြပြီး သူ့ဘေးနားမှာ အမြဲတမ်း ဖားယားနေကြတယ်။ ဒီလိုလူမျိုးသာ တကယ့်ထီးနန်းကို တက်သွားခဲ့ရင် ရွှေတိုင်းပြည်အတွက် ဘေးအန္တရာယ်တွေကိုပဲ ယူဆောင်လာပေးလိမ့်မယ်။"

ဖါးပါးက နှာခေါင်းရှုံ့လိုက်၏။ "ဒီလို မြင်ကွင်းမျိုးက ခင်ဗျားတို့ မြင်တွေ့ချင်နေတဲ့အရာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ခေါင်းခါကာ ငြင်းဆိုလိုက်သည်။

အာလီပိုင်သာ ဤအတိုင်း ဆက်လက်တိုးတက်နေမည်ဆိုလျှင် ရွှေတိုင်းပြည်၏ နန်းတော်တစ်ခုလုံးတွင် အသုံးမကျသော လူယုတ်မာများဖြင့် ပြည့်နှက်နေလိမ့်မည်မှာ သိသာလှပေသည်။

ကိုယ်တိုင်၏ အခြေခံကလည်း ညံ့ဖျင်းလှပြီး စီမံခန့်ခွဲမှု အဆင့်အတန်းကလည်း လုံးဝကို မလုံလောက်ချေ။ လူယုတ်မာတစ်စု၏ ဖားယားမြှောက်ပင့်မှုများအောက်တွင် သာယာနေပြီး ပြည်သူများ၏ ရူးသွပ်မတတ် ထောက်ခံမှုများပါ ပေါင်းစပ်လိုက်လျှင် အနာဂတ်တွင် မည်မျှအထိ ရူးသွပ်လာမည်ကို မသိနိုင်တော့ချေ။

ကမောက်ကမ ဖြစ်နေသော နိုင်ငံတစ်ခုကို တာ့ကျင်းအနေဖြင့် လုံးဝ မြင်တွေ့လိုခြင်း မရှိချေ။

"ရွှေတိုင်းပြည်ကမောက်ကမ ဖြစ်သွားတာက ကျုပ်တို့ တာ့ကျင်းအတွက် ဘာအကျိုးကျေးဇူး ရှိမှာမလို့လဲ။ ကျုပ်တို့ လိုအပ်တာက တည်ငြိမ်တဲ့ ကုန်သွယ်ဖက်တစ်ဦးပဲ။ ပူးပေါင်းဆောင်ရွက်ပြီး အတူတူ အောင်မြင်ကြမယ်။ အပြန်အလှန် အကျိုးခံစားကြမယ်။ ခင်ဗျားတို့ ဒီလိုလုပ်နေရင် နောင်တစ်ချိန်မှာ သဲပွင့်တွေလို ဖရိုဖရဲ ဖြစ်သွားပြီး အားလုံးက ဘယ်လိုလုပ် အကျိုးအမြတ် ရနိုင်တော့မှာလဲ။

ပြီးတော့ ကျုပ် ဖန်ကျန်းရီက လူသားအားလုံးရဲ့ သုခချမ်းသာကို အလေးထားတဲ့သူပဲ။ သူ ရွေတိုင်းပြည်က ပြည်သူတွေကို ဒီလို ဒုက္ခပေးနေတာ ကျုပ်က ပထမဆုံးအနေနဲ့ သဘောမတူနိုင်ဘူး။"

ဖါးပါးက မျက်စောင်းထိုးကြည့်လိုက်၏။ "ဟမ့် ... ခင်ဗျား သူ့ကို ဦးဆောင်စေပြီး အရင်ဒုက္ခပေးခဲ့တာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကျုပ်လုပ်ခဲ့တာက တာ့ကျင်းက ပြည်သူတွေရဲ့ စည်းလုံး ညီညွတ်မှု တိုးပွားစေဖို့အတွက်ပါ။ သူကိုယ်တိုင်က လမ်းကို ကျဉ်းအောင် လျှောက်သွားခဲ့တာ။"

ဖါးပါးက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆဲရေးချင်စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်၏။ "ဒါဖြင့်ရင် ခင်ဗျား တကယ်ပဲ ဘယ်လိုလုပ်ချင်နေတာလဲ။"

"ဝူထူရဲ့ သားမြေးတွေကလွဲရင် တခြား ဆွေတော်မျိုးတော်တွေထဲမှာ ဘယ်သူက အခြေအနေကို ထိန်းချုပ်နိုင်သေးလဲ။"

ဖါးပါးက အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။ "မသိဘူး။ အခု မြို့ထဲက အခြေအနေကို ကျုပ် ဘာတစ်ခုမှ မသိရဘူး။ ဘယ်သူသေပြီး ဘယ်သူရှင်နေလဲဆိုတဲ့ တိကျတဲ့ အခြေအနေကို သိဖို့လိုတယ်။ ပြီးတော့ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း ရှိနေရင်တောင်မှ ဘာထူးမှာလဲ။ မြို့ထဲကို ဝင်လာတုန်းက အခြေအနေတွေကို ကျုပ် မြင်တွေ့ခဲ့ပြီးပြီ။

အာလီပိုင် ဒီလောက်တောင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိနေတာက တကယ်ကို အရင်က မမြင်ဖူးခဲ့တဲ့ အရာမျိုးပဲ။ ခင်ဗျားမှာ သူ့ကို ဖြုတ်ချဖို့အတွက် ဘာနည်းလမ်းရှိလို့လဲ။"

ဖန်ကျန်းရီက မေးစေ့ကို ကုတ်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။ "နိုင်ငံတော်ဆရာကြီး ... ခင်ဗျားရဲ့ အခုပုံစံက တောင်းရမ်းစားသောက်နေတဲ့ ဘုန်းကြီးတစ်ပါးနဲ့ တူနေတယ်။ ခင်ဗျားက ဘုရင်ဖြစ်ဖို့ အတော်လေး သင့်တော်တယ်လို့ ကျုပ် ထင်မိသားပဲ ..."

ထိုစကားထွက်လာချိန်မှာတော့ ဖါးပါး၏ မျက်နှာမှာ ချက်ချင်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့၏။ "ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ကျုပ် … ဖါးပါးက ရွေတိုင်းပြည်အပေါ် သစ္စာရှိတယ်။ ဒီလို တရားမျှတမှု မရှိတဲ့ ကိစ္စမျိုးကို လုံးဝ လုပ်မှာမဟုတ်ဘူး။"

ဖါးပါး စိတ်ကွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက အမြန်ဖျောင်းဖျလိုက်၏။ "နောက်တာပါ။ ဒေါသမထွက်ပါနဲ့။ ကိုယ်စားလှယ်လောင်း ကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့။ အခု ကျုပ်ဆီမှာ အကြံဉာဏ် တစ်ခုရှိတယ်။ ခင်ဗျား ကျုပ်နဲ့ ပူးပေါင်းချင်သလား။ မပူးပေါင်းချင်ဘူးလား ဆိုတာကိုတော့ မသိဘူး။"

"ပြော။"

"ကျုပ်တို့ တာ့ကျင်းက လူတွေ မရောက်လာခင်စပ်ကြားမှာ ခင်ဗျားက အာလီပိုင်ကို သွားပြီး ကူညီ ထောက်ပံ့ပေးပါ။ သူ့ရဲ့ ယုံကြည်မှုကို အမြန်ဆုံး ရရှိအောင် မဖြစ်မနေ လုပ်ဆောင်ရမယ်။ သေချာတာပေါ့ ... အစွမ်းကုန် ကူညီထောက်ပံ့ပေးရမှာ။ ဖြစ်ကတတ်ဆန်း လုပ်ဖို့မဟုတ်ဘူး။ သူ့ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး တစ်ယောက်လို သတ်မှတ်ခံရတာ အကောင်းဆုံးပဲ။"

ဖါးပါးမှာ အလွန်အမင်း သံသယဖြစ်သွား၏။ "ဘာအဓိပ္ပာယ်လဲ။ ကျုပ် နားမလည်ဘူး။ ခင်ဗျား တကယ်ပဲ သူ့ကို ကောင်းစေချင်တာလား။ မကောင်းစေချင်တာလား။"

"ကျုပ်ကတော့ သေချာပေါက် သူ့ကို ပြုတ်ကျစေချင်တာပေါ့။ မဟုတ်ရင် ခင်ဗျားနဲ့ ဒီလောက်တောင် စကားရှည်နေစရာ ဘာလိုတော့မလဲ။ နောက်ပိုင်း အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ နောင်တစ်ချိန်ကျရင် ခင်ဗျား နားလည်လာပါလိမ့်မယ်။ အခု ခင်ဗျား ဘယ်လိုသဘောရလဲ။"

ဖါးပါးသည် မျက်မှောင်ကြုတ်သွားပြီး တုံ့ဆိုင်းတွေဝေမှုထဲသို့ ကျရောက်သွားခဲ့သည်။

မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် အရာအားလုံးက လျင်မြန်လွန်းလှပြီး အမှန်တရားကလည်း အလွန်အမင်း အံ့မခန်းဖြစ်နေသောကြောင့် အပြည့်အဝ နားမလည်နိုင်သေးချေ။

သို့ပေမည့် တစ်ချက်ကမူ ဖန်ကျန်းရီ ပြောသည်မှာ မှန်ကန်နေ၏။ အာလီပိုင်သည် ရွေတိုင်းပြည်အတွင်း၌ လုံးဝကို ပြဿနာ ဖန်တီး၍ မရနိုင်ချေ။

ဖန်ကျန်းရီအား ထပ်မံကြည့်ရှုလိုက်ရာ သူ၏ကိုယ်ပေါ်တွင် နဂါးဝတ်စုံကို ဝတ်ဆင်ထားကြောင်း မြင်လိုက်ရသည်။

ဤနဂါးဝတ်စုံက သူ့အတွက် ပြဿနာကြီးပုံရသည်။ လက်ရှိတွင် သူတို့နှစ်ဦးသည် တူညီသော စစ်မျက်နှာပြင် တစ်ခုတည်းတွင် ရပ်တည်နေကြပုံ ပေါ်၏။

အတန်ကြာပြီးနောက် ဖါးပါးသည် နောက်ဆုံးတွင် သတိကြီးစွာဖြင့် ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ ... ကျုပ် အရင်စမ်းကြည့်လိုက်မယ်။ အကယ်၍ ခင်ဗျား သာ လှည့်ကွက်တွေ သုံးရဲရင် ကျုပ်ကို ရိုင်းတယ်လို့ မဆိုနဲ့။"

All Chapters