အခန်း ၈၃၀
Vol. 44 Ch. 830
အပိုင်း (၈၃၀) ဘုရင်ဖန်ကျန်းရီအား ကယ်တင်ခြင်း။
လီယွမ်ကျောက်က မှန်ပြောင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် မှောက်လျက်သား ရေရွတ်လိုက်၏။ "ထူးဆန်းလိုက်တာ ... ကျုပ်တို့ရောက်နေတာ ဖန်ထိုက်မြို့ဆိုတာ သေချာရဲ့လား။"
ကျောက်လျဲ့က မြေပုံကိုကိုင်ကာ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် ကြည့်ရှုလိုက်သည်။ "မမှားပါဘူး။ ဒီနေရာပါပဲ။ အိမ်ရှေ့စံမင်းသား ... ဘာပြဿနာရှိလို့လဲ။"
လီယွမ်ကျောက်မှာ အလွန်အမင်း သံသယဖြစ်နေ၏။ "မြို့တံခါးက ပိတ်နေပြီး ကျုပ်တို့ အနီးအနားမှာ နှစ်ပတ်၊ သုံးပတ်လောက် ရှာကြည့်ပြီးပြီ။ ဘာဖြစ်လို့ သိုးထိန်းတွေကို မတွေ့ရတာလဲ။ လာတုန်းက လူတွေ နေထိုင်တဲ့ သဲလွန်စ အတော်များများကို မြင်တွေ့ခဲ့ရသားပဲ။ ဒါပေမဲ့ လူတွေအားလုံး ဘယ်ရောက်သွားကြတာလဲ။"
ဖန်ထိုက်မြို့သို့ ရောက်ရောက်ချင်း အစီအစဉ်များ ချမှတ်ရန် အချိန်မရသေးမီမှာပင် မြို့ပြင်ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော အခြေအနေများကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် လက်ရှိအခြေအနေက အနည်းငယ် ဆင်တူနေသည်မှာ ... ခံစစ်ပြင်ဆင်ပြီး လူသူရှင်းလင်းထားခြင်းမျိုး ဖြစ်၏။
သို့ပေမည့် ဖန်ထိုက်မြို့အနေဖြင့် ဤသို့လုပ်ဆောင်ရန် ဘာလိုအပ်ချက်များ ရှိနေသနည်း။
သို့တည်းမဟုတ် သူတို့ထက်ဦးစွာ တစ်စုံတစ်ယောက်က ရှေ့တန်းမှ သတင်းများကို ဤနေရာသို့ လာရောက် ပို့ဆောင်ပေးခဲ့သောကြောင့် လက်ရှိအခြေအနေမျိုး ဖြစ်ပေါ်လာခြင်းလား။
သို့သော်ငြား မြို့ရိုးပေါ်ရှိ မြို့စောင့်စစ်သား အရေအတွက်မှာ နည်းပါးလှပြီး မြို့ပြကာကွယ်ရေး အခြေအနေ ကလည်း စိုးရိမ်ပူပန်နေသည့် ခံစားချက်မျိုးကို လုံးဝ မမြင်တွေ့ရချေ။ အလွန်ထူးဆန်းလှပေသည်။
နှမြောစရာကောင်းသည်မှာ အလွန်နီးကပ်စွာ မကပ်ရဲသောကြောင့် အကွာအဝေး အကန့်အသတ်တစ်ခုမှနေ၍သာ မှန်ပြောင်းဖြင့် စောင့်ကြည့်နိုင်ခြင်း ဖြစ်၏။
ကျောက်လျဲ့က မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား ... ကျုပ်တို့ နောက်တစ်လှမ်းမှာ ဘာဆက်လုပ်သင့်လဲ။"
လီယွမ်ကျောက်က မျက်မှောင်ကြုတ်လိုက်၏။ "မလောနဲ့။ ဒီကိစ္စက အရေးကြီးလွန်းတော့ အမှားအယွင်း အဖြစ်ခံလို့မရဘူး။ လူအနည်းငယ်ကို အရင်လွှတ်ပြီး ပတ်ဝန်းကျင်မှာ တိတ်တိတ်ဆိတ်ဆိတ် စုံစမ်းခိုင်းလိုက်။"
ကျောက်လျဲ့က ခေါင်းညိတ်လိုက်ပြီး အနောက်ဘက်သို့ ကိုင်းညွတ်လျှောက်သွားကာ တိုးတိုးတိတ်တိတ် မှာကြားလိုက်၏။
မြေပြင်ပေါ်တွင် မှောက်လျက်သား ရှိနေသော စစ်သည်အနည်းငယ်သည် ချက်ချင်းထရပ်လိုက်ကြပြီး ဘယ်ညာသို့ ထွက်ခွာသွားကြသည်။
……
ညနေပိုင်းသို့ ရောက်ရှိချိန်မှာတော့ ကင်းထောက်အနည်းငယ် ပြန်လည်ရောက်ရှိလာခဲ့၏။
"အိမ်ရှေ့စံမင်းသား ... ပတ်ဝန်းကျင်မှာ လူတွေ နေထိုင်ခဲ့တဲ့ သဲလွန်စ အတော်များများ ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ နေထိုင်တဲ့သူ မရှိတော့ပါဘူး။ အိမ်သုံးကိရိယာ တချို့ကလွဲရင် စားနပ်ရိက္ခာ တစ်ပြားသားမှ မကျန်တော့သလို ကျွဲနွားတိရစ္ဆာန်တွေပါ မရှိကြတော့ဘူး။"
ကျောက်လျဲ့သည်လည်း အနည်းငယ် ထူးဆန်းနေကြောင်း ခံစားလိုက်ရပြီး ပြောလိုက်သည်။ "စစ်သား စုဆောင်းတဲ့အထဲ ပါသွားကြပြီး တိရစ္ဆာန်တွေကိုလည်း စစ်သုံးရိက္ခာအဖြစ် သတ်မှတ်လိုက်တာများလား။"
"ဝူထူက ဒီလိုလုပ်ဖို့ မလိုဘူး။ ပြီးတော့ စစ်သားစုဆောင်းတယ် ဆိုရင်တောင်မှ မိန်းမတွေက အိမ်မှာရှိနေသင့်တာပဲ။ ခံစစ်ပြင်ပြီး လူသူရှင်းလင်းထားတာ ... ဒီလိုပဲ ဖြစ်နိုင်တယ်။ ကြည့်ရတာ လူတွေအားလုံး မြို့ထဲကို ရွှေ့ပြောင်းခံလိုက်ရပုံပဲ။"
ယခုအချိန်တွင် ကောင်းကင်မှာ မှောင်မိုက်နေပြီဖြစ်ရာ ဖန်ထိုက်မြို့၏ အခြေအနေကို စောင့်ကြည့်၍ မရနိုင်တော့ချေ။ လီယွမ်ကျောက်က အတန်ကြာ စဉ်းစားပြီးနောက် မေးလိုက်၏။ "ယမ်းထုပ်တွေ ရှိနေသေးတယ် မဟုတ်လား။"
"ရှိပါတယ်။ အိမ်ရှေ့စံမင်းသား ... ဘာအစီအစဉ်များ ရှိလို့လဲ။"
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်သည်။
အစက ထွက်လာချိန်တုန်းက လက်ပစ်ဗုံးစသည့် တိုက်ခိုက်ရေးသုံး လက်နက်အချို့အပြင် ယမ်းထုပ် အနည်းငယ်ကိုလည်း ယူဆောင်လာခဲ့သည်။ သို့ပေမည့် လေးလံပြီး သယ်ဆောင်ရန် မလွယ်ကူသောကြောင့် မြို့တံခါးကို ဖောက်ထွင်းနိုင်ရန် လုံလောက်သော ပမာဏကိုသာ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
"ထပ်မစောင့်တော့ဘူး။ ကျုပ်တို့ မြို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။"
"အိမ်ရှေ့စံမင်းသား ... ဒါပေမဲ့ ကျုပ်တို့ရဲ့ လက်ပစ်ဗုံးတွေက ကုန်သွားပြီလေ။ ကျုပ်တို့ လူအနည်းငယ်လောက် နဲ့ တိုက်ခိုက်နိုင်ပါ့မလား။ ပြီးတော့ သံတမန်အဖွဲ့က လူတွေ မြို့ထဲရဲ့ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို ကျုပ်တို့ လုံးဝမသိရဘူး။ အကယ်၍ ပိတ်မိသွားရင် ကျုပ်တို့အားလုံး သွားပြီပဲ။"
လီယွမ်ကျောက်က ပြောလိုက်၏။ "မဟုတ်ဘူး ... သူတို့ နေထိုင်တဲ့နေရာက သေချာပေါက် နန်းတော်ရဲ့ အပြင်ဘက် ပတ်ဝန်းကျင်မှာ ဖြစ်လိမ့်မယ်။ တခြား ရုံးစိုက်ရာ ဌာနတွေနဲ့ အတူတူရှိနေမှာပဲ။ တော်ဝင်မိသားစု ဖြစ်နေပြီဆိုတော့ နိုင်ငံခြား သံတမန်တွေကို နေရာချထားတာက ပုံသေလုပ်ငန်းစဉ်တွေအတိုင်းပဲ ဆောင်ရွက်လိမ့်မယ်။
ကျုပ်တို့လူတွေက အလယ်ဗဟို ပင်မလမ်းမကြီးကနေ တိုက်ခိုက်ဝင်ရောက်သွားပြီး နန်းတော်ပတ်ဝန်းကျင်မှာ တစ်ပတ်လောက် ရှာဖွေကြည့်လိုက်ရင် သေချာပေါက် တစ်ခုခုကို တွေ့ရှိရလိမ့်မယ်။ လှုပ်ရှားမှု မြန်ဆန်ဖို့ပဲ လိုအပ်တယ်။ ပြီးတော့ မြို့ထဲက မြို့စောင့်တပ်တွေက သေချာပေါက် လက်ရွေးစင်စစ်သားတွေ ဖြစ်မှာ မဟုတ်ဘူး။
ကျုပ်တို့က သံချပ်ကာ အင်္ကျီအထူကြီးတွေကို ဝတ်ဆင်ထားပြီး သေနတ်တွေကိုပါ ကိုင်ဆောင်ထားတာဆိုတော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ သောင်းကျန်းလို့ရတယ်။ တစ်ချို့ အရာရှိကြီးတွေနဲ့ မှူးမတ်တွေကိုတောင် ဓားစာခံအဖြစ် ဖမ်းဆီးနိုင်သေးတယ်။ လူတွေကို ကယ်တင်ပြီးတာနဲ့ တစ်ပြိုင်နက် မြို့ပြင်ကို ချက်ချင်း ခေါ်ထုတ်သွားမယ်။"
ကျောက်လျဲ့က အားပါးတရ ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ။ ဒါဆိုရင် ကျုပ် အခုပဲ အောက်ကလူတွေကို သွားပြီး စုစည်းလိုက်ပါမယ်။ ညဘက်ကို အခွင့်ကောင်းယူပြီး ..."
လီယွမ်ကျောက်က လက်တားလိုက်၏။ "နေအုံး... ဘယ်သူက ခင်ဗျားကို ညဘက်ကြီး လုပ်ခိုင်းနေလို့လဲ။ မနက်ဖြန် မွန်းတည့်ချိန်ကျမှ ရုတ်တရက် ဝင်တိုက်မယ်။ နေ့လယ်ဘက်ဆိုရင် အပူချိန်မြင့်ပြီး လမ်းပေါ်မှာ သွားလာနေတဲ့သူတွေ များတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး လုပ်ဆောင်မှ အလုပ်လုပ်ရတာ ပိုအဆင်ပြေလိမ့်မယ်။
သစ်ကိုင်းခြောက်တွေကို များများရှာဖွေဖို့ လူအရင်လွှတ်လိုက်။ ညဘက်ကို အခွင့်ကောင်းယူပြီး ယမ်းထုပ်တွေကို သယ်ဆောင်ပြီး မြို့ရိုးအောက်ခြေနားက နံရံမှာ ကပ်လျက် လဲလျောင်းနေပါစေ။ မြို့ရိုးပေါ်က မြို့စောင့်တပ်တွေက နည်းပါးတော့ အောက်ဘက်ကို ကြည့်လိမ့်မယ်လို့ မထင်ဘူး။ ခင်ဗျားဆီမှာ အိတ်ဆောင်နာရီ ရှိတယ်မဟုတ်လား။ သူတို့ကို ကိုင်ထားခိုင်းလိုက်။ မနက်ဖြန်ကျရင် အချိန်ကို သေချာကိုက်ညီအောင် လုပ်ဆောင်ကြ။ မြို့တံခါး ပွင့်သွားတာနဲ့ တစ်ပြိုင်နက် ကျုပ်တို့ မြို့ထဲကို ချက်ချင်း ဝင်ရောက်မယ်။"
……
"လူတွေ အရမ်းများတာပဲ။"
မနက်စောစောစီးစီးမှာပင် ဖန်ထိုက်မြို့၏ ပင်မလမ်းမကြီးပေါ်တွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီဖြစ်ရာ ဖန်ကျန်းရီမှာ မခံစားနိုင်တော့ဘဲ ရေရွတ်လိုက်မိ၏။
ပြင်းထန်သော ဝါဒဖြန့်မှုများအောက်တွင် အာလီပိုင်၏ ဂုဏ်သတင်းက ပို၍တောင် မြင့်မားလာခဲ့ပြီ ဖြစ်သည်။ မြို့သူမြို့သားများကို ရိုးရိုးရှင်းရှင်း အသိပေးလိုက်ရုံဖြင့် မြို့တစ်မြို့လုံးနီးပါးရှိ လူများက သူတို့၏ အသည်းကျော်ကို ကြည့်ရှုရန် စုရုံးရောက်ရှိလာကြ၏။
ယခု ဤပင်မလမ်းမကြီးမှာ ရေတစ်ပေါက်တောင် မကျနိုင်လောက်အောင် ဝိုင်းရံခံထားရပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် အဆုံးအစကိုတောင် မမြင်နိုင်တော့သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ရေတွက်၍မရနိုင်သော မြို့သူမြို့သားများက ခေါင်းမော့ကာ မျှော်ကြည့်နေကြပြီး မြို့တံခါးပေါက်နှင့် ထိမိတော့မတတ် ဖြစ်နေ၏။
ဖန်ကျန်းရီသည် အာလီပိုင်နှင့်အတူ မိန့်ခွန်းပြောပွဲများ မလုပ်ဖြစ်သည်မှာ အတော်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူ၏ မိန့်ခွန်းမူကြမ်းများကို ကူညီပြင်ဆင်ပေးတတ်သည် ဆိုပေမည့်လည်း အပြင်သို့ မထွက်ဖြစ်တော့ချေ။
ယနေ့ ဤမြင်ကွင်းကမူ သူ့အား တကယ်ပင် အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
ဤမြင်ကွင်းက တေးသံရှင် ဘနားနား၏ တေးဂီတဖျော်ဖြေပွဲထက်တောင် ပို၍ အထင်ကြီးစရာ ကောင်းနေသေးသည်။ နံနက်ပိုင်းမှာပင် ဤမျှလောက် များပြားသော လူများ စုဝေးနေခြင်း ဖြစ်သည်။
အာလီပိုင်သည် အစောပိုင်းက တည်ဆောက်ထားသော စင်မြင့်ထက်တွင် စိတ်အားထက်သန်စွာ မိန့်ခွန်း ပြောကြားနေဆဲ ဖြစ်၏။
အရှေ့ဘက်ရှိ မြို့သူမြို့သားများက အော်ဟစ်ဆူညံနေကြပြီး ဖန်ကျန်းရီနှင့် ဖါးပါးတို့ကမူ ဘေးဘက်တွင် တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။
ဖါးပါးသည် နားထဲသို့ ဝင်ရောက်လာသော လူအုပ်ကြီး၏ အသံများကို နားထောင်ရင်း သက်ပြင်းချလိုက်၏။ "စဉ်းစားကြည့်လို့တောင် မရဘူး။ ဒီလိုကစားနည်းမျိုးက လူတွေကို အရူးဖြစ်သွားစေနိုင်တယ်။ အစ်ကိုဖန် ... ခင်ဗျား ဘယ်လိုစဉ်းစားမိတာလဲ။"
အာလီပိုင်၏ မိန့်ခွန်းပြောပွဲကို ကြည့်ရှုရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သော်ငြား အကြိမ်တိုင်းတွင် သူ့အတွက် ခံစားချက်အသစ်များကို ရရှိစေခဲ့သည်။
ထို့ကြောင့် အာလီပိုင်သည် ယခုကဲ့သို့ ဘဝင်မြင့်နေသည့် ပုံစံမျိုး ဖြစ်လာသည်ကိုပင် လုံးဝ နားလည်ပေးနိုင်ပေသည်။ လူအုပ်ကြီးထံတွင် ကြီးမားလှသော လွှမ်းမိုးနိုင်စွမ်းတစ်မျိုး ရှိနေပြီး သူ၏ စိတ်ထဲတွင်ပင် မသိမသာ စိတ်လှုပ်ရှားနေမိ၏။
ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ဟားဟား ... သေးငယ်တဲ့ နည်းလမ်းလေးတစ်ခုပါ။ ကျုပ်ရဲ့ ကိရိယာ သေတ္တာထဲမှာ ပစ္စည်းတွေ အများကြီး ကျန်ပါသေးတယ်။"
"ဟူး ... တာ့ကျင်းဘုရင်က ခင်ဗျားလိုလူမျိုးကို အိမ်ရှေ့စံမင်းသားကို သွန်သင်ဆုံးမခိုင်းတာ …. သူ တကယ်ပဲ စိတ်ချလက်ချ ရှိနိုင်သားပဲ ... ကျုပ် ပြောမယ်။ ခင်ဗျား နဂါးဝတ်စုံကို ချွတ်လိုက်လို့ မရဘူးလား။ နေ့တိုင်း ဝတ်နေဖို့ လိုလို့လား။ ကျုပ် ကြည့်ရတာ မျက်စိနောက်နေပြီ။ ပြီးတော့ လျှော်ရော လျှော်ရဲ့လား။"
ဝါထိန်ပြီး တောက်ပနေသော ဝတ်စုံကြီးကို ဝတ်ဆင်ထားသည့် ဖန်ကျန်းရီအား ကြည့်ရင်း ဖါးပါး၏ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရ၏။
ဖန်ကျန်းရီက နဂါးဝတ်စုံကို ပွတ်သပ်ပြီး ရယ်မောလိုက်သည်။ "တစ်ခါတလေမှ ဘုရင် ဖြစ်ရတာကို။ ကျုပ်တို့ တာ့ကျင်းက လူတွေ ရောက်လာချိန်ကျမှ ချွတ်တော့မယ်။ နိုင်ငံတော်ဆရာကြီး ... ရွှေတိုင်းပြည်ရဲ့ သမိုင်းစာအုပ်တွေကို ပြုစုချိန်ကျရင် ကျုပ်ကို မမေ့လိုက်နဲ့အုံး။ ကျုပ် အလကားသတ်သတ် လုပ်ပေးနေတာ မဟုတ်ဘူး။"
ဖါးပါးက ခေါင်းလွှဲလိုက်ပြီး စကားပြောရန်ပင် ပျင်းရိသွားခဲ့၏။
'ခွေးသူခိုးက အခွင့်အရေးပေးလေ အတင့်ရဲလေပဲ။'
"ကဲပါ ... ကျုပ် နောက်မနေတော့ဘူး။ ပြောပြပါအုံး။ ဒီရက်ပိုင်း အာလီပိုင်နဲ့ အတူနေရတာ ဘယ်လိုနေလဲ။ သူ ခင်ဗျားကို ယုံကြည်မှု ရှိရဲ့လား။"
ဖါးပါးက ပြန်ဖြေလိုက်၏။ "ဘယ်မှာ အဲဒီလောက် လွယ်ကူပါ့မလဲ။ သုံးရက်ပဲ ရှိသေးတာကို။ သူ့ဆီမှာ သတိထားမှုက အရမ်းကြီးမားတယ်။ ဒါပေမဲ့ စကားပြောရတာတော့ ဘာပြဿနာမှ မရှိပါဘူး။ သူ နားထောင်ပေးနိုင်မလား။ မနားထောင်ပေးနိုင်ဘူးလား ဆိုတာကိုတော့ ကျုပ် မသိဘူး။"
"သူက အမွေးအလိုက် သပ်ပေးရတဲ့ မြည်းတစ်ကောင်ပဲ။ ခင်ဗျား သူ့ကို မြှောက်ပင့်ပြီး ချီးကျူးပေးနေလိုက်ရင် ရပြီ။ ဘာမှ ခက်ခဲတာ မရှိဘူး။"
ဖန်ကျန်းရီက စင်မြင့်ဘက်သို့ လှမ်းညွှန်ပြကာ ရုတ်တရက် ပြောလိုက်သည်။ "လာပြီ လာပြီ ... ကြည့်စမ်း။ သူ့ရဲ့ အထာပေးနေတဲ့ ပုံစံကြီးကို။"
ဖါးပါးက ဘေးဘက်သို့ လှမ်းကြည့်လိုက်၏။
စင်မြင့်ထက်ရှိ အာလီပိုင်၏ မိန့်ခွန်းပြောပွဲမှာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ တစ်ယောက်တည်း အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တံတွေးမွှားများတောင် လွင့်စင်နေ၏။ တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံး တုန်ယင်နေသည်။
အောက်ဘက်ရှိ မြို့သူမြို့သားများကလည်း လက်နှစ်ဖက်ကို အတူတူ ဆန့်ထုတ်ကာ ဝှေ့ယမ်းနေကြပြီး အာလီပိုင်ထံသို့ လှမ်းကိုင်နိုင်ရန် ကြိုးစားနေကြသည်။ ပါးစပ်မှလည်း ဒုတိယမင်းသားဟူသော အမည်ကို တသသ ခေါ်ဝေါ်နေကြ၏။
အာလီပိုင်သည် လေထဲတွင် ပစ်မှတ်ထားကာ မရှိသော အဂတိလိုက်စားသည့် အရာရှိများကို အသုံးပြုပြီး မုန်းတီးမှုကို လှုံ့ဆော်ပေးနေသည့် လုပ်ရိုးလုပ်စဉ်ဟောင်းများကို ကစားနေဆဲ ဖြစ်သည်။ ထို့နောက် သူ၏ တောက်ပလှသော ဂုဏ်သတင်းကြီးကို တည်ဆောက်နေသည်။
"အဲဒီ အဂတိလိုက်စားပြီး ညစ်ညမ်းတဲ့ အရာရှိတွေက လောဘကြောင့် အသိတရား ကင်းမဲ့သွားကြပြီး ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားကြတယ်။ ကိုယ်ကျင့်တရားနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို လျစ်လျူရှုပြီး ငွေကြေးရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြပြီ။ သူတို့က အမှောင်ထုထဲမှာ ပုန်းအောင်းနေဆဲဖြစ်ပြီး တစ်ဖက်ကို ဒုက္ခပေးနေကြတယ်။ ဒါပေမဲ့ ကျုပ် .. အာလီပိုင်က တော်ဝင်မိသားစုကို ကိုယ်စားပြုပြီး ဒီနေ့ အားလုံးကို ကတိပေးတယ် ... ဘယ်လို မကောင်းမှုမျိုးမဆို နောက်ဆုံးမှာ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရလိမ့်မယ်။"
"ကောင်းလိုက်တာ ... ဒုတိယမင်းသား သက်တော်ရာကျော် ရှည်ပါစေ။"
တောင်ကုန်းများ အော်မြည်ပြီး ပင်လယ်လှိုင်းများ ရိုက်ခတ်နေသည့်အလား လက်ခုပ်သံများက မိုးချိန်းသံကဲ့သို့ ဆူညံသွားခဲ့သည်။
ဖါးပါးက လက်ပိုက်ကာ ဖန်ကျန်းရီအား လှောင်ပြုံးပြုံးလိုက်၏။ "ရူးကုန်ပြီ။ အားလုံး ရူးကုန်ကြပြီ ... ကြည့်စမ်း။ ခင်ဗျား ဖန်တီးခဲ့တဲ့ အပြစ်တွေကို။ ဒီရှုပ်ပွနေတဲ့ ကိစ္စကြီးကို ဘယ်လို ရှင်းလင်းရမလဲဆိုတာ ကျုပ် မသိတော့ဘူး။"
ဖန်ကျန်းရီက ပခုံးတွန့်လိုက်သည်။ "ဒါက ဘာမှ ခက်ခဲတာ မရှိပါဘူး။ ပြည်သူတွေ အခုချိန်မှာ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်နေကြတာကို မကြည့်နဲ့။ နှစ်ရက်လောက် ဗိုက်ဆာသွားရင် အသိတရား ပြန်ဝင်လာလိမ့်မယ်။"
မိုးလုံးညံမတတ် ချီးကျူးသံများက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး အာလီပိုင်သည် မျက်စိမှိတ်ကာ အခြားသူများ၏ မြှောက်ပင့်မှုကို သာယာစွာခံယူနေ၏။
တစ်ချိန်တည်းမှာပင် မြို့ပြင်ရှိ တံခါးပေါက် ထောင့်ချိုးနေရာတွင် မီးပွားများ တောက်လောင်နေသော စနက်ကြိုး တစ်ချောင်းက တရှဲရှဲမြည်ကာ ခုန်ပေါက်နေခဲ့သည်။