အခန်း ၈၃၁
Vol. 44 Ch. 831
အပိုင်း (၈၃၁) တာ့ကျင်း၏ ဘုရင်ကို အရှင်လတ်လတ် ဖမ်းမိပြီ။
မြို့တံခါးအောက်တွင် ယမ်းထုပ်များကို စုပုံထားပြီး ထိုစနက်ကြိုးမှာ မြွေတစ်ကောင်ကဲ့သို့ ထောင့်ချိုးအတိုင်း လိုက်ပါကာ တံခါးပေါက်အတွင်းသို့ ဝင်ရောက်စေ၏။
မြို့ထဲရှိ ပြည်သူများမှာ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေကြဆဲဖြစ်ရာ ဤကိစ္စကို လုံးဝ သတိမထားမိကြချေ။
အာလီပိုင်သည် ကျေနပ်အားရစွာဖြင့် အောက်ဘက်ရှိ ပြည်သူများထံသို့ လက်ဝှေ့ယမ်းပြလိုက်ရာ ပတ်ဝန်းကျင် အခြေအနေမှာ တက်ကြွပြီး သဟဇာတ ဖြစ်နေသည်။
ဘုန်း ...
ရုတ်တရက် မြေကြီးများ တုန်လှုပ်သွားပြီး တောင်ကုန်းများတောင် ယိမ်းထိုးသွားခဲ့၏။
ဤခဏတာအတွင်းမှာပင် မြို့တံခါးကြီးက ကျယ်လောင်သော အသံကြီးနှင့်အတူ ကျိုးပဲ့ပျက်စီးသွားပြီး မြေကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ယမ်းထုပ်များ ပေါက်ကွဲသွားသည်နှင့်အမျှ မြို့တံခါးကြီးသည် မြေပြင်မှစတင်ကာ အလယ်ဗဟိုတည့်တည့်မှ ကြီးမားသော ဟာလာဟင်းလင်းပေါက်ကြီးတစ်ခုအဖြစ်သို့ ပွင့်ထွက်သွားခဲ့၏။ မြေပြင်ပေါ်တွင်လည်း ကြီးမားလှသော တွင်းကြီးတစ်ခု ပေါ်လာခဲ့ပြီး ဘယ်ညာနှစ်ဖက်တွင် မြို့တံခါး၏ အပေါ်ပိုင်း တစ်ဝက်ခန့်သာ မြို့ရိုးဘေးတွင် ခက်ခက်ခဲခဲ ချိတ်ဆွဲလျက် ကျန်ရစ်တော့၏။
သို့ပေမည့် အချိန်မကြာလိုက်မီမှာပင် ယိမ်းထိုးနေသော အပျက်အစီး တံခါးကြီးသည် အောက်သို့ ပြုတ်ကျလာခဲ့သည်။
စိတ်လှုပ်ရှားမှုထဲသို့ နစ်မြုပ်နေသော ပြည်သူများသည် နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးကြောင့် မှင်သက်သွားကြပြီး အော်ဟစ်ကာ အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။
အာလီပိုင်၏ ဦးနှောက်ထဲတွင်မူ လုံးဝကို ဗလာကျင်းသွားခဲ့သည်။
သူသည် မြို့တံခါးကို မျက်နှာမူထားခြင်း ဖြစ်သည်။ အကွာအဝေးက အလွန်ဝေးကွာသော်ငြား ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့လိုက်ရ၏။
တံခါးကြီး ကျိုးပဲ့ပျက်စီးသွားပြီးနောက် ရေတွက်၍မရနိုင်သော အစအနများ လွင့်စင်သွားသည်။ ယမ်းမှုန့် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့များသည် ဖုန်လုံးကြီးများနှင့်အတူ မြို့ထဲသို့ ရူးသွပ်မတတ် ဝင်ရောက်လာခဲ့သည်။
သူ မည်သည့်အရာကိုမှ မမြင်ရတော့ဘဲ ကောင်းကင်သို့ လွင့်ပျံနေသော အမည်းရောင်နှင့် အညိုရောင် မြူခိုးငွေ့လိပ်ကြီးများကိုသာ မြင်တွေ့လိုက်ရ၏။
အမည်းရောင် မြူခိုးငွေ့များက မြို့ထဲသို့ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သော်ငြား အရောင်ကမူ တဖြည်းဖြည်းနှင့် ဖျော့တော့လာခဲ့သည်။
သတိပြန်လည်လာသော ပြည်သူများသည် ဆက်လက်အော်ဟစ်ကာ အရပ်လေးမျက်နှာသို့ ထွက်ပြေး တိမ်းရှောင်ကြပြီး အာလီပိုင်အား ဝိုင်းရံကာကွယ်ထားသော စစ်သားများကလည်း သူ့ကို လမ်းဘေးတစ်ဖက်သို့ အမြန်ခေါ်ဆောင်သွားကြ၏။
လူတိုင်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသော်ငြား ဖန်ကျန်းရီ တစ်ယောက်တည်းကမူ ... ပြုံးလိုက်မိသည်။
"နိုင်ငံတော်ဆရာကြီး ... ကြည့်ရတာ ကျုပ်တို့လူတွေ ရောက်လာပြီထင်တယ်။"
ဖါးပါးက ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း ထိတ်လန့်တကြား မေးလိုက်၏။ "ခင်ဗျား ဘာပြောလိုက်တာလဲ။"
ကြည့်ရသည်မှာ သူသည် တုန်လှုပ်ချောက်ချားမှုထဲမှ သတိမဝင်လာသေးကြောင်း သိသာလှပေသည်။
မီးခိုးငွေ့များနှင့် ဖုန်လုံးကြီးများ လွှမ်းခြုံနေပြီး အရှိန်အဟုန်ဖြင့် ပြေးလာသော သံချပ်ကာမြင်းတပ်ကြီး၏ ပုံရိပ်မှာ မြူခိုးများထဲတွင် ဝိုးတဝါး ပေါ်လာခဲ့၏။
သို့ပေမည့် မြင်းများစွာ၏ ခွာသံများကမူ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာခဲ့သည်။
ဆက်လက်ထွက်ပြေးနေကြသော ပြည်သူများသည်လည်း တစ်စုံတစ်ယောက်က မြို့ကို ဝင်တိုက်နေကြောင်း သဘောပေါက်သွားကြရာ ချက်ချင်းပင် အသည်းအေးမတတ် ထိတ်လန့်သွားကြပြီး မြင်ကွင်းမှာ ပို၍တောင် ရှုပ်ထွေးသွားခဲ့၏။
လီယွမ်ကျောက်သည် မြင်းပေါ်တွင် အရှိန်အဟုန်ဖြင့် နှင်နေရင်း ဖုန်လုံးကြီးများကြားမှ ဟိုပြေးဒီပြေး လုပ်နေကြသော လူရိပ်များကိုကြည့်ကာ မခံနိုင်တော့ဘဲ ရေရွတ်လိုက်သည်။ "လူတွေ အရမ်းများတာပဲ။"
ကျောက်လျဲ့သည်လည်း ခေါင်းငုံ့ကာ မြင်းကို အရှိန်အဟုန်ဖြင့် နှင်ရင်း မခံနိုင်တော့ဘဲ မေးလိုက်၏။ "ဟုတ်ပါရဲ့ ... ဘာဖြစ်လို့ ချီးတဲ့မှ လူတွေ ဒီလောက်များနေရတာလဲ။"
"ဂရုမစိုက်နဲ့တော့ ... စစ်တပ်တစ်ခုလုံး အရှိန်တင်ကြ။"
……
မီးခိုးရောင် မြူခိုးများ လွှမ်းခြုံခံထားရသော တပ်မကြီးကို ကြည့်ရင်း ဖန်ကျန်းရီ၏ အပြုံးများက တောက်ပနေခဲ့သည်။
လမ်းဘေးတွင် ကပ်ရပ်ရင်း လက်နှစ်ဖက်ကို စတင်ဝှေ့ယမ်းပြလိုက်၏။
'နောက်ဆုံးတော့ ငါ့ကို လာကြိုမဲ့ မိတ်ဆွေစစ်တပ် ရောက်လာခဲ့ပြီပဲ။ ချီးတဲ့မှ ... တကယ့်ကို မလွယ်ကူခဲ့ဘူး။'
ဖန်ကျန်းရီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
စစ်တပ်ကြီးက ပို၍နီးကပ်လာသည်နှင့်အမျှ ဖန်ကျန်းရီ၏ မျက်နှာသွင်ပြင်က ရုတ်တရက် အေးခဲသွား၏။
သူ၏ရှေ့တွင် ပေါ်လာသော စစ်တပ်မှာ တာ့ကျင်း၏ စစ်တပ် လုံးဝမဟုတ်ဘဲ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရွှေတိုင်းပြည်၏ သံချပ်ကာမြင်းတပ်ကြီး ဖြစ်နေသည်။
ချီးတဲ့မှ ... ဒါက ဘယ်လို အခြေအနေကြီးလဲ။ မဖြစ်ဘူး ... ဝေးဝေးကို အရင်ရှောင်နေမှ ရမယ်။'
သူ ခြေလှမ်းများကို ရွှေ့မည့်ဆဲဆဲမှာပင် ကြီးမားသော လက်ကြီးတစ်ဖက်က ရုတ်တရက် ဆန့်ထွက်လာပြီး သူ၏အင်္ကျီစ အနောက်ဘက်ကို ဆွဲယူကာ စုတ်ပြဲနေသော အဝတ်အိတ်တစ်လုံးကို ဆွဲယူသွားသကဲ့သို့ မသွားခြင်းကို ခံလိုက်ရသည်။
ထိုသူ၏ လက်မောင်းအင်အားမှာ အလွန်အမင်း အံ့မခန်းဖြစ်နေပြီး ဖန်ကျန်းရီသည် မြင်းဘေးတွင် ဆွဲမခံထားရကာ ခြေနှစ်ဖက်မှာ လေထဲတွင် လွင့်နေသည်။ ခြေထောက်များကို ကြိုးစားပမ်းစား ကွေးထားရပြီး ထိတ်လန့်မှုကြောင့် သေးတောင် ထွက်ကျတော့မတတ် ဖြစ်သွားရ၏။
ထိတ်လန့်ကြောက်ရွံ့နေသော သူသည် သင်ယူထားမှု မများလှသည့် ရွှေဘာသာစကားဖြင့် တုန်တုန်ယင်ယင် အော်ဟစ်လိုက်သည်။ "ပီပါလာ ဖန်ကျန်းရီ ... ပီပါလာ ဖန်ကျန်းရီ ... နိုင်ငံနှစ်ခု စစ်ဖြစ်ကြရင် သံတမန်ကို မသတ်ရဘူး။"
သို့ပေမည့် မြင်းများစွာ အတူတူ ပြေးလွှားနေကြသောကြောင့် မြင်း၏ ဘေးဘက် အောက်ခြေနားတွင်ရှိနေသော ဖန်ကျန်းရီ၏ ဤအသံပမာဏလေးမှာ လုံးဝကို ဖုံးလွှမ်းသွားခဲ့သည်။
ကျောက်လျဲ့က မြင်းကို ဦးဆောင်နှင်လာပြီး သူ၏ ရဲရင့်သော စိတ်ဓာတ်များက ကောင်းကင်အထိ ထိုးဖောက်နေ၏။
စောစောက မြို့ထဲကို ဝင်ဝင်ချင်းမှာပဲ သားကောင်ကြီးတစ်ကောင်ကို ဖမ်းမိလိုက်သည်။ ထိုတောက်ပနေသော ရွှေရောင် ပုံရိပ်ကြီးကို သူ အလွန်တိကျစွာ မြင်တွေ့ခဲ့ရ၏။ ကြည့်ရသည်မှာ ဤခရီးစဉ်က ထင်ထားသည်ထက်တောင် ပို၍ ချောမွေ့နေပုံပေါ်သည်။
"အိမ်ရှေ့စံမင်းသား ... အိမ်ရှေ့စံမင်းသား ... ကျုပ် ရွှေတိုင်းပြည်ရဲ့ ဘုရင်ကို ဖမ်းမိပြီ။"
လီယွမ်ကျောက်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ချီးတဲ့မှ ... ကြမ်းလှချည်လား။ ဒါပေမဲ့ ဘုရင်က ဘာဖြစ်လို့ နေ့ခင်းကြောင်တောင်ကြီး လမ်းပေါ်မှာ လျှောက်သွားနေရတာလဲ။"
"မသိဘူးလေ။ ဒါပေမဲ့ နဂါးဝတ်စုံကို ဝတ်ထားတာဆိုတော့ မမှားနိုင်ဘူး။"
လီယွမ်ကျောက်က စစ်မြင်းကို ရုတ်တရက် ဆွဲရပ်လိုက်သည်။ "ဟားဟားဟားဟား ... ကောင်းတယ်။ ခင်ဗျားကို ကျုပ် မှတ်ထား ... နေအုံး။"
နောက်ကွယ်ရှိ တပ်မကြီးကလည်း သူ၏နောက်သို့လိုက်ကာ ဖြည်းဖြည်းချင်း ရပ်တန့်သွားကြ၏။
လီယွမ်ကျောက်က ကျောက်လျဲ့၏ ဘေးဘက်သို့ ခေါင်းပြူကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဝူထူကို ကျုပ် ခေါင်းဖြတ်သတ်လိုက်ပြီလေ။ ဘယ်က ဘုရင် ထွက်လာရတာလဲ။"
"ဒီမှာလေ။"
ကျောက်လျဲ့က ပြောရင်း လက်တစ်ဖက်ဖြင့် ဖန်ကျန်းရီအား မြင်းပေါ်သို့ အားပါးတရ ဆွဲတင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် မျက်နှာဖုံးကို ပင့်တင်ကာ သေချာစွာ ကြည့်ရှုလိုက်၏။
သို့ပေမည့် မျက်နှာဖုံးကို ပင့်တင်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသည်မှာ အလွန်ရင်းနှီးနေသော မျက်နှာတစ်ခုဖြစ်ပြီး သူ့အား အလွန်အမင်း နာကြည်းစွာ စူးစိုက်ကြည့်နေလေသည်။
ကျောက်လျဲ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။ "သခင် ... သခင်လေး။"
ဖန်ကျန်းရီက အဆက်မပြတ် ချောင်းခြောက်ဆိုးကာ ပါးစပ်ထဲရှိ သဲများကို ထွေးထုတ်လိုက်သည်။ "အဟွတ် ... အဟွတ်။ ကျောက်လျဲ့ ... ခင်ဗျား ကျုပ်ကို ခွေးသေကောင်လို ဆွဲလာတာလား။ ထွီး ..”
လီယွမ်ကျောက်သည်လည်း မျက်နှာဖုံးကို ပင့်တင်လိုက်ပြီဖြစ်ကာ ချောင်းခြောက်ဆိုးနေဆဲဖြစ်သော ထိုပုံရိပ်ကို ထိတ်လန့်တကြား ကြည့်ရှုလိုက်၏။ "ဖန်ကြီး။"
ဖန်ကျန်းရီက ခေါင်းမော့လိုက်ပြီး လီယွမ်ကျောက်အား အလွန်အမင်း ရှက်ရွံ့စွာကြည့်ကာ အားနာပါးနာ ပြောလိုက်သည်။ "အိမ်ရှေ့စံမင်းသား ... မင်္ဂလာပါ။"
စောစောက ကျောက်လျဲ့နှင့် လီယွမ်ကျောက်တို့၏ အော်ဟစ်သံများကို သူ ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။
'တကယ့်ကို ကျိန်စာသင့်မဲ့ကောင်တွေ။ ရောက်လာတာ အရမ်း ရုတ်တရက်ဆန်လွန်းတယ်။ ငါ အင်္ကျီတောင် မလဲရသေးဘူး။'
လီယွမ်ကျောက်သည် သူ၏ကိုယ်ပေါ်ရှိ နဂါးဝတ်စုံကို ကြည့်ရင်း ဦးနှောက်ထဲတွင် ကမောက်ကမ ဖြစ်သွားခဲ့သည်။ "ဘယ်လို အခြေအနေလဲ။ ခင်ဗျား ဘာဖြစ်လို့ ခမည်းတော်ရဲ့ အင်္ကျီကို ဝတ်ထားရတာလဲ။"
‘ခင်ဗျား မြို့ထဲမှာ ဘုရင်ဖြစ်နေတာလား။ ချီးတဲ့မှ ... ငါကပဲ အလကားသတ်သတ် စိုးရိမ်နေခဲ့မိတာပေါ့။’
"အာ ... အိမ်ရှေ့စံမင်းသား။ ကျုပ်ကို အရင်အောက်ချပေးပါအုံး။ မြို့ထဲမှာ လုံခြုံနေဆဲပါပဲ။ ကျုပ် ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။"
ကျောက်လျဲ့က ဖန်ကျန်းရီအား ဖြည်းဖြည်းချင်း အောက်ချပေးလိုက်၏။
ကျင်းယီဝေတပ်ဖွဲ့ထဲရှိ လူအတော်များများကလည်း သူ့အား စိတ်လှုပ်ရှားသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
ဤခရီးစဉ်တစ်လျှောက်လုံးတွင် ဒုက္ခပေါင်းစုံကို ခံစားခဲ့ရပြီး နောက်ဆုံးတွင်တော့ သခင်လေးဖန်ကို ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။
သူ၏ပုံစံက ပို၍တောင် ဝဖြိုးလာသည်ကို ကြည့်ခြင်းအားဖြင့် တခြားသူများလည်း ဘာမှဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းရကာ စွန့်စားရမှုအားလုံးက တန်ဖိုးရှိသွားခဲ့သည်။
ဖန်ကျန်းရီ မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီး ရှင်းပြရန် စကားစမည့်ဆဲဆဲမှာပင် …
များပြားလှသော စစ်သားများသည် လမ်းဘေးနှစ်ဖက်မှ လျင်မြန်စွာ ဝိုင်းရံလာခဲ့ကြပြီး အာလီပိုင်နှင့် ဖါးပါးတို့လည်း အတူတကွ လျှောက်လာခဲ့ကြသည်။
လမ်းဘေးတွင် သတ္တိကောင်းသော ပြည်သူအချို့က အမှောင်ထုထဲတွင် ပုန်းကွယ်ကာ ဤဘက်သို့ တိတ်တဆိတ် စောင့်ကြည့်နေကြသည်ကို မြင်တွေ့နိုင်သေး၏။
ကျင်းယီဝေတပ်ဖွဲ့ဝင်များမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြသော်ငြား လီယွမ်ကျောက်က တစ်ပတ်ခန့် ဝေ့ကြည့်လိုက်ရာ သာမန်စစ်သားများသာ ဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် တခြားသူများကို ပေါ့ပေါ့ဆဆ မလှုပ်ရှားကြရန် လက်ကာပြကာ အရိပ်အမြွက် ပြလိုက်သည်။
ဤခြေလျင်စစ်သားလောက်နှင့် သူတို့၏ ခြေလှမ်းများကို တားဆီးချင်နေခြင်းက အဝေးကြီး လိုနေသေး၏။
အကယ်၍ ထွက်ပြေးချင်သည်ဆိုပါက တစ်ကြိမ်တည်းသော ထိုးစစ်ဆင်မှုဖြင့် မြို့ပြင်သို့ တိုက်ရိုက် ဖောက်ထွက်သွားနိုင်ပေသည်။
အာလီပိုင်သည် မြင်းပေါ်တွင် စီးနင်းနေသော လီယွမ်ကျောက်အား မြင်လိုက်ရချိန်မှာတော့ ရုတ်တရက် မူးဝေသွားသကဲ့သို့ ခံစားလိုက်ရ၏။
မူမမှန်တော့ချေ။ ဤအရာက သူ ယခင်က စဉ်းစားထားခဲ့သည်များနှင့် သိပ်မတူတော့ချေ။ အိမ်ရှေ့စံမင်းသား၏ အဆင့်အတန်းအရ ကိုယ်တိုင် မြို့ထဲသို့ ဝင်လာရန် မသင့်တော်ပေ။
အကယ်၍ ဖန်ကျန်းရီကို ဖုံးကွယ်ပေးရန် ရောက်လာခြင်း ဖြစ်မည်ဆိုလျှင် ပြဿနာအသစ်များ ထပ်မံပေါ်ပေါက်လာမည် မဟုတ်ပါလား။
တစ်ခဏတာအတွင်းမှာပင် အာလီပိုင်၏ ဦးနှောက်က အပြည့်အဝ စတင်အလုပ်လုပ်လေတော့သည်။
ဖန်ကျန်းရီက လီယွမ်ကျောက်နှင့် စကားပြောရန် မလောသေးဘဲ အာလီပိုင်ထံသို့ လှည့်လျှောက်သွားလိုက်၏။ "ဒုတိယမင်းသား ... ကျုပ်တို့ တာ့ကျင်းရဲ့ အိမ်ရှေ့စံမင်းသား ရောက်လာပြီ။ လူတွေကို လူစုခွဲပေးလိုက်ပါအုံး။ ကျုပ် သူ့နဲ့ သီးသန့်စကားပြောချင်လို့ပါ။ ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား။"
အာလီပိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "စစ်သားတွေကို လူစုခွဲပေးဖို့က ဘာပြဿနာမှ မရှိပါဘူး။ ကျုပ်တို့ အတူတူ နန်းတော်ထဲဝင်ပြီး စကားပြောကြတာပေါ့"
ဖန်ကျန်းရီက ငြင်းဆိုမည့်ဆဲဆဲမှာပင် ဖါးပါးက အာလီပိုင်၏အနီးသို့ ရုတ်တရက် ကိုင်းညွတ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ "ဒုတိယမင်းသား ... သူတို့ကို သီးသန့်စကားပြောခွင့် ပြုလိုက်ပါ။ မင်းသားနဲ့ သူ့ကြားက အကြောင်းရင်းတွေကို ဖန်ကျန်းရီက ကျုပ်ကို ပြောပြပြီးပါပြီ။ သူ ဝတ်ရုံဝါကို ဝတ်ဆင်ထားတဲ့ ကိစ္စက ပြန်လည်ပြင်ဆင်လို့ မရနိုင်တော့ဘူး။
အကယ်၍ နောင်တစ်ချိန်မှာ အိမ်ရှေ့စံမင်းသားက သူ့အတွက် သွားပြီး ရှင်းပြပေးမယ်ဆိုရင် ပြဿနာက ပိုပြီး ကြီးမားသွားလိမ့်မယ်။ ဒါ့အပြင် ကိစ္စတွေက ရုတ်တရက် ဖြစ်သွားတာဆိုတော့ လက်ရှိမှာ ဒုတိယမင်းသားအနေနဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးဖို့ လိုအပ်နေသေးတယ်။ ဒါမှ တကယ့် အဓိကကိစ္စပဲ။"
အာလီပိုင်က ဖါးပါးအား အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းသွားကာ ဖန်ကျန်းရီအား ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ ... ဒါဆိုရင် ခင်ဗျား အရင်သွားနှင့်လိုက်ပါ။ ကျုပ် နောက်မှ လိုက်လာခဲ့မယ်။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "အတိတ်က အကြောင်းလေးတွေ ပြန်ပြောရုံပါပဲ။ ဘာပြောရမလဲဆိုတာကို ကျုပ်စိတ်ထဲမှာ သဘောပေါက်ပါတယ် ... ဒုတိယမင်းသား စိတ်ချလက်ချသာ နေပါ။"