← Chapters

အခန်း ၈၃၂

Vol. 44 Ch. 832

အခန်း ၈၃၂

Vol. 44 Ch. 832

အပိုင်း (၈၃၂) ပြန်လည်ဆုံဆည်းခြင်းနှင့် တစ်လှည့်စီ ဘုရင်လုပ်ခြင်း။

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ အနီးသို့ လှည့်လျှောက်သွားလိုက်၏။

သူ နဂါးဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသောကြောင့် လီယွမ်ကျောက်၏ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရပြန်ပြီး စကားစ၍မေးလိုသော်လည်း မည်သည့်နေရာမှ စတင်မေးမြန်းရမည်ကို ရုတ်တရက် မသိတော့ချေ။

ဖန်ကျန်းရီက မေးလိုက်၏။ "အိမ်ရှေ့မင်းသား ... လက်ရှိ ရှေ့တန်းက စစ်ရေးအခြေအနေ ဘယ်လိုရှိနေပြီလဲ။ "

လီယွမ်ကျောက်က ဖါးပါးအား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေ၏။ "ရွှေတိုင်းပြည် စစ်ရှုံးသွားပြီ၊ ဝူထူလည်း သေသွားပြီ။ "

ထိုသတင်းထွက်လာချိန်မှာတော့ ဖါးပါး၏ မျက်လုံးများမှာ ချက်ချင်း မှေးမှိန်သွားခဲ့သည်။

ကြိုတင်သိရှိထားပြီး ဖြစ်သည်ဆိုပေမည့်လည်း ဤသတင်းကို ကိုယ်တိုင် ကြားလိုက်ရသောကြောင့် သူ၏စိတ်နှလုံးထဲတွင် တကယ့်ကို နာကျင်ခံစားသွားရ၏။

သူသည် ဝူထူ တန်ခိုးထွားလာပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ယခု သူ ကျဆုံးသွားကြောင်းကို ကြားလိုက်ရပြန်သည်။ ၎င်း၏ အရသာကို သူကိုယ်တိုင်သာ သိရှိနိုင်ပေသည်။

အာလီပိုင်၏ မျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးနေပြီး စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများရှိနေသလို ဝမ်းသာမှု အနည်းငယ်လည်း ရှိနေ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒါဆိုရင် ကျုပ် စိတ်ထဲမှာ သဘောပေါက်ပါပြီ။ အိမ်ရှေ့မင်းသား ... အသေးစိတ် စကားပြောဖို့အတွက် ကျုပ်နဲ့အတူ နန်းတော်ထဲ လိုက်ခဲ့ပါ။"

……

ကျင်းယီဝေတပ်ဖွဲ့ဝင် သုံးထောင်လုံး နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြပြီး ဖန်ကျန်းရီက လီယွမ်ကျောက်အား ခေါ်ဆောင်ကာ ပင်မနန်းဆောင်ကြီးဆီသို့ တိုက်ရိုက် သွားလိုက်၏။

လီယွမ်ကျောက်က ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီး နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။ "ကျုပ်တို့ တာ့ကျင်းလောက် မကောင်းဘူး။"

"ဒီနန်းတော်ထဲမှာ ဘာဖြစ်လို့ လူတွေ သိပ်မရှိရတာလဲ။ ဒီခန်းမဆောင်ကြီးထဲမှာ အခြွေအရံ တချို့တော့ ရှိသင့်တာပေါ့။ "

ဖန်ကျန်းရီက ပြန်ဖြေ၏။ "လူအတော်များများကို အာလီပိုင်က လူစုခွဲပေးလိုက်ပြီလေ၊ အခု နန်းတော်က အခွံလွတ်ကြီး တစ်ခုလို ဖြစ်နေတာ။ မှူးမတ် အတော်များများကလည်း အာလီပိုင်ရဲ့ အိမ်တော်ကိုသွားပြီး တိုင်းရေးပြည်ရာ ဆွေးနွေးနေကြတယ်။ ပြီးတော့ ကျုပ် အခုဝတ်ထားတဲ့ ဒီအင်္ကျီကလည်း သူက အတင်းအကျပ် ဝတ်ခိုင်းထားတာ ..."

ထို့နောက် ဖန်ကျန်းရီသည် ဤကာလအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်အမျိုးမျိုးကို တစ်ခုချင်းစီ စတင်ပြောပြခဲ့၏။

လီယွမ်ကျောက်သည် တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီး တစ်ခါတစ်ရံတွင် ခေါင်းခါလျက် ရယ်မောနေသည်။

နားထောင်ပြီးသည့်နောက် သူက သက်ပြင်းချကာ ပြောလိုက်၏။ "ဖန်ကြီး... ကျုပ် ခင်ဗျားကို တကယ် အရှုံးပေးပါပြီ။ ခင်ဗျားရဲ့ ဒီလုပ်ရပ်က မြို့တော်မှာ မုန်ဝေ့မင်ကို လုပ်ခဲ့တဲ့ ပုံစံမျိုးပဲ မဟုတ်လား။ "

ဖန်ကျန်းရီက သွားဖြဲကာ ပြုံးလိုက်သည်။ "ခပ်ဆင်ဆင်ပါပဲ၊ ဒါပေမဲ့ ဒါက အဆင့်မြှင့်ထားတဲ့ နည်းဗျူဟာလေ။"

လီယွမ်ကျောက်က နာကြည်းစွာ ပြောလိုက်၏။ "အာလီပိုင်က ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ရည်မှန်းချက်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အရာရှိတွေကို အပြစ်ရှာ ဖမ်းဆီးတယ်၊ ကိုယ့်ညီအစ်ကိုတွေ ကို လုပ်ကြံတယ်၊ ပြီးတော့ ခင်ဗျားကိုပါ ထောင်ချောက်ဆင်ချင်နေသေးတယ်၊ တကယ့်ကို လူမဆန်တဲ့ကောင်ပဲ။ "

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "သူက အကြံအစည်ကြီးမားပုံ ပေါက်နေပေမဲ့ တကယ်တမ်းကျတော့ ထည့်တွက်စရာတောင် မလိုပါဘူး၊ ကျုပ် သူ့ကို မြင်တတ်နေတာ ကြာပါပြီ။

သူက အလွန် အကဲဆတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူပဲ။ ပြည်သူတွေရဲ့ရှေ့မှာတော့ မြင့်မားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံမျိုး ဟန်ဆောင်ပြနေပေမဲ့ သူလုပ်ခဲ့တဲ့ အရှက်ကွဲစရာ ကိစ္စတွေကို တခြားသူတွေ သိသွားမှာကို အရမ်းကြောက်တယ်။ အပြင်ပန်းမှာ ကြောက်စရာကောင်းအောင် ဟန်ရေးပြနေပေမဲ့ တကယ့် စိတ်နှလုံးထဲမှာတော့ အရမ်း အားနည်းတယ်၊ ဂုဏ်ပကာသနကို မက်မောသလို အိမ်တွင်းမှာပဲ သောင်းကျန်းရဲတဲ့ ကောင်မျိုးလေ။ "

လီယွမ်ကျောက်က သက်ပြင်းချလိုက်၏။ "ဟူး ... ခင်ဗျား ဘာမှမဖြစ်တာပဲ ကောင်းပါတယ်။ ကျုပ် အလျင်စလို ပြေးလာခဲ့ရတာ အချည်းနှီး မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ သူက ခင်ဗျားကို ဝတ်ရုံဝါ တင်မြှောက်ပေးရင်တောင်မှ ခင်ဗျား ငြင်းဆန်လို့ရတယ်။ သူ ခင်ဗျားကို ထိခိုက်ရဲမှာ မဟုတ်ဘူးလေ။ သူက မြို့တစ်မြို့လုံးကို သိမ်းပိုက်ထားပြီးပြီဆိုတော့ ခင်ဗျား တစ်ခုခုဖြစ်သွားရင် တာဝန်အားလုံးက သူ့ခေါင်းပေါ် ရောက်လာမှာပဲ။ သူ့ရဲ့ သတ္တိလောက်နဲ့ ဒီလို စွန့်စားမှုမျိုးကို လုပ်ရဲပါ့မလား။ "

ဖန်ကျန်းရီသည် အတန်ကြာ တိတ်ဆိတ်သွားခဲ့၏။ "တကယ်တော့ အဲဒီအတိုင်းပါပဲ၊ ဒါပေမဲ့ သူ့အလိုကို လိုက်လျောပေးရတာကလည်း တကယ့်ကို မတတ်သာလို့ပါ။"

"ဘယ်လို အဓိပ္ပာယ်လဲ။ "

"ကျုပ်ဆီမှာ အားနည်းချက် ရှိနေတယ်။"

"ဘာ အားနည်းချက်လဲ။ "

"အိမ်ရှေ့မင်းသား ... ကျုပ်ကို ယုံကြည်မှု ရှိရဲ့လား။ "

"ဒါဆိုရင် ကျုပ် မမေးတော့ဘူး။ "

ဖန်ကျန်းရီ၏ စိတ်ထဲတွင် အလွန်အမင်း ဝမ်းမြောက်သာယာသွားရ၏။ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြသည်ဖြစ်ရာ သူတို့နှစ်ဦးကြားရှိ ယုံကြည်မှုအကြောင်းကို အထူးတလည် ပြောနေစရာပင် မလိုတော့ချေ။

လီယွမ်ကျောက်၏ရှေ့တွင် သူသည် မည်သည့် အကာအကွယ်မှ ထားရှိခြင်း မရှိပေ။

လီယွမ်ကျောက်က ဆက်ပြောသည်။ "ဒါပေမဲ့ ဒါက တကယ့် ပြဿနာတစ်ခုပဲ။ ဒီကိစ္စအပေါ် ခမည်းတော်က ဘယ်လို သဘောထားမလဲ ဆိုတာကို မပြောနဲ့အုံး … နောင်တစ်ချိန် နန်းတော်ထဲ သတင်းရောက်သွားရင် သေချာပေါက် တိတ်ဆိတ်တဲ့ အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်။ ကျုပ် အခုပဲ ခင်ဗျားအတွက် ဖြေရှင်းပေးလိုက်ရမလား။ "

ဟမ့် ... အရွယ်ရောက်လာပြီပဲ။

ဖန်ကျန်းရီက နှုတ်ခမ်းကို တစ်ဖက်ရွဲ့ကာ ပြုံးလိုက်၏။

ကျုပ်တောင်မှ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို မသိသေးတာ၊ အိမ်ရှေ့မင်းသားက အခုလောက်တောင် ဉာဏ်ပွင့်နေပြီလား။

"အိမ်ရှေ့မင်းသားက ဘယ်လို ဖြေရှင်းမှာလဲ။ "

"အရမ်း လွယ်ကူပါတယ်၊ အာလီပိုင်ကို သတ်ပစ်လိုက်ရင် ပြီးသွားပြီ မဟုတ်လား။ ဖန်ထိုက်မြို့ထဲမှာ မြို့စောင့်စစ်သား ဘယ်လောက်ရှိလဲ။ "

ဖန်ကျန်းရီက စကားပြောရန်ပင် ဆွံ့အသွားကာ ပြန်ဖြေ၏။ "ဝူထူက စစ်တပ်အင်အား အများစုကို ခေါ်ထုတ်သွားတော့ ခန့်မှန်းခြေ သုံးသောင်းလောက်ပဲ ကျန်တော့တာပါ။ ဒါပေမဲ့ အိမ်ရှေ့မင်းသားရဲ့ ဒီနည်းလမ်းက လုံးဝကို ..."

လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "သုံးသောင်းတည်းလား။ လမ်းပေါ်က ဖရိုဖရဲ စစ်သားတွေချည်းပဲကို၊ ကျုပ် လူသုံးထောင်လောက် ခေါ်သွားရင်တောင် သူ့ကို ဖြိုခွင်းနိုင်တယ်။ ဒီလောက် သေးငယ်တဲ့ကိစ္စကို ကျုပ်ဆီသာ အပ်လိုက်ပါ၊ ကျုပ် အခုပဲ လူခေါ်သွားလိုက်မယ်။ "

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "မလုပ်ပါနဲ့ အိမ်ရှေ့မင်းသားရယ်... ကျုပ် စကားပြောလို့ ပြီးအောင် အရင် နားထောင်ပေးပါလား။

အာလီပိုင်က အခုချိန်မှာ နေမွန်းတည့်ချိန်လို တန်ခိုးထွားနေပြီး ဖန်ထိုက်မြို့က စစ်တပ်နဲ့ ပြည်သူတွေက တစ်သားတည်း ဖြစ်နေကြတာ။ ခင်ဗျား သူ့ကို သွားထိလိုက်ရင် ကျုပ်တို့အားလုံး အသက်ရှင်ခွင့် ရတော့မှာ မဟုတ်ဘူး။ သူက ပြည်သူတွေကို ဘုရင်ကို ယုံကြည်ဖို့ ပြောရင် ပြည်သူတွေက ယုံချင်မှ ယုံလိမ့်မယ်... ဒါပေမဲ့ ပြည်သူတွေကို လူခုတ်သတ်ခိုင်းလိုက်ရင်တော့ သေချာပေါက် ခုတ်သတ်ကြလိမ့်မယ်။

အဲဒီ စစ်သားတွေနဲ့ ပြည်သူတွေအားလုံးက အပြစ်ကင်းမဲ့တဲ့ သူတွေချည်းပဲ။ စစ်ပွဲရဲ့ ရလဒ်ကလည်း သေချာနေပြီဖြစ်လို့ ထပ်ပြီး သွေးထွက်သံယိုမှုတွေ ဖြစ်စရာ မလိုတော့ပါဘူး။

ဒီကိစ္စကို ကျုပ်ဘာသာပဲ ဖြေရှင်းပါ့မယ်။ အိမ်ရှေ့မင်းသားရဲ့ ကိစ္စကိုသာ ပြောပြပါ... ခင်ဗျားက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ... တပ်မကြီးကကော ဘယ်မှာလဲ။ "

သူကိုယ်တိုင်၏ အကြောင်းကို ပြောရချိန်မှာတော့ လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဤအရာက သူ ပထမဆုံးအကြိမ်အဖြစ် တကယ့် ဓားစစ်လှံစစ်များနှင့် စစ်တပ်ကို ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဤမျှလောက်ပင် အောင်မြင်ခဲ့ပေသည်။ အတိုင်းအတာ တစ်ခုအထိတော့ သူ၏ အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့ခြင်း ဖြစ်၏။

"ခမည်းတော်က ချန်ကောင်းဂိတ်ကို ဖောက်ထွင်းပြီးတာနဲ့ တစ်ပြိုင်နက် ကျုပ်က လူအနည်းငယ်ကို ခေါ်ပြီး ခင်ဗျားကို ကယ်ဖို့ ထွက်လာခဲ့တာလေ။ နေ့ရောညပါ အပြင်းနှင်လာခဲ့တာဆိုတော့ သူ့ထက် အများကြီး ပိုမြန်တာပေါ့... တပ်မကြီးက အခုချိန်ထိ တိုက်ပွဲဝင်နေဆဲ ဖြစ်လောက်တယ်။"

ပြောရင်းဆိုရင်းနှင့် လီယွမ်ကျောက်က ခါးကို ထောက်လိုက်၏။ "ကျုပ်က ... ဝူထူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး လူသုံးထောင်နဲ့ ရန်သူနှစ်သောင်းကျော်ကို ဖြိုခွင်းနိုင်ခဲ့တယ်။ ဝူထူရဲ့ ခွေးခေါင်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းဖြတ်သတ်ခဲ့တာလေ။

ဒီလို စွမ်းဆောင်ရည်မျိုးကို ခမည်းတော် ကိုယ်တိုင်တောင်မှ မော့ကြည့်နေရုံပဲ ရှိတော့တယ် ... အာဟားဟား ဟားဟားဟား။ "

ရူးသွပ်မတတ် ရယ်မောသံကြီးက ခန်းမဆောင်ကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး ဖန်ကျန်းရီမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

လီယွမ်ကျောက် ထင်ရာစိုင်းကာ ရယ်မောနေဆဲဖြစ်သည်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များကလည်း တဖြည်းဖြည်း ကွေးတက်လာခဲ့၏။

သူက နဂါးဝတ်စုံကို အလွယ်တကူ ချွတ်လိုက်ပြီး လေထဲတွင် စက်ဝိုင်းခြမ်းပုံစံ ဝှေ့ယမ်းကာ လီယွမ်ကျောက်၏ ပခုံးထက်သို့ လွှမ်းခြုံပေးလိုက်သည်။

လီယွမ်ကျောက်၏ ရယ်မောသံကြီးမှာ ရုတ်တရက် ရပ်တန့်သွားပြီး ဖန်ကျန်းရီအား နားမလည်နိုင်စွာဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်ပြ၏။

ဖန်ကျန်းရီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ ဘုန်းတော်က နေလအမျှ ထွန်းလင်းတောက်ပလွန်းပါတယ်။ ဝူထူလို လူယုတ်မာ သေးသေးတင်မွှားလေးက အရှင်မင်းကြီးရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "

ပြောရင်းနှင့် ဖန်ကျန်းရီက ပလ္လင်တော်ဆီသို့ လက်ဝါးဖြန့်ကာ ညွှန်ပြလိုက်၏။ "အရှင်မင်းကြီး ... ထီးနန်း တက်တော်မူပါ။"

လီယွမ်ကျောက်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ "အာ ... ဒါက သိပ်မကောင်းဘူး ထင်တယ်နော်။ "

"တာ့ကျင်တိုင်းပြည်ရဲ့ ဘုရင်ပဲဟာကို... စည်းမျဉ်းကျော်လွန်တာ မဟုတ်ပါဘူး။ ကြွတော်မူပါ။"

"ဟားဟားဟားဟား ... ဒါဆိုရင် ကျုပ် အားမနာတော့ဘူးနော်။ "

ထိုသို့ပြောပြီးနောက် လီယွမ်ကျောက်သည် ပလ္လင်တော်ထက်သို့ တည်ငြိမ်စွာ လျှောက်သွားပြီး အားပါးတရ ထိုင်ချလိုက်၏။

မျက်လုံးများက ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင်ဖြင့် လက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။ "မှူးမတ်အပေါင်းတို့ ... မတ်တတ်ရပ်ကြလော့။

ဟားဟား ... ခမည်းတော် နေ့တိုင်း ဒီလိုလုပ်နေရတာ အတော်လေး အဓိပ္ပာယ်မရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။"

ဖန်ကျန်းရီ "..."

လီယွမ်ကျောက်က ဘယ်လှည့်ညာလှည့် လုပ်နေရင်း အတော်လေး သက်တောင့်သက်သာမရှိစွာဖြင့် ပြောလိုက်၏။ "ပြီးတော့ နည်းနည်းလည်း မာတယ်။"

အတန်ကြာ လှုပ်ရှားနေပြီးနောက် လီယွမ်ကျောက်၏ တင်ပါးက တစ်ဖက်သို့ လျှောကျသွားပြီး အခြားတစ်ဖက်ကို ပုတ်ပြကာ ဖန်ကျန်းရီအား ပြောလိုက်သည်။ "ဖန်ကြီး... လာထိုင်လေ... မတ်တတ်ရပ်နေရတာ ပင်ပန်းပါတယ်။ ကျုပ်တို့နှစ်ယောက် နီးနီးကပ်ကပ် စကားပြောကြတာပေါ့။ "

"ဟမ် … "

"ဟမ် မနေနဲ့... ရွှေတိုင်းပြည်ရဲ့ ထီးနန်းနေရာပဲဟာကို... စည်းမျဉ်းကျော်လွန်တာ မဟုတ်ပါဘူး။ "

"ကောင်းပြီလေ... ဒါဆိုရင် ကျုပ်လည်း အားမနာတော့ဘူး။ "

မှောင်မိုက်နေသော ခန်းမဆောင်ကြီးအတွင်း၌ တံခါးပေါက်မှ ကျဆင်းလာသော အလင်းတန်း တစ်တန်းတည်းသာ အုတ်ကြွပ်ခင်းကျောက်ပြားများထက်တွင် ထွန်းလင်းနေ၏။

နဂါးပလ္လင်တော်ထက်တွင် လူငယ်နှစ်ဦး ယှဉ်တွဲထိုင်နေကြပြီး သူတို့၏ မျက်လုံးများက အရှေ့ဘက်သို့သာ စူးစိုက်ကြည့်နေကြသည်။

လီယွမ်ကျောက်၏ စိတ်လှုပ်ရှားမှု အရှိန်ကုန်သွားချိန်မှာတော့ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ အနောက်သို့ မှီချလိုက်ပြီး အားအင်ကင်းမဲ့စွာ ပြောလိုက်၏။ "ကျုပ် အပြင်ကို တစ်ခေါက်ထွက်လာတာနဲ့ ဒီလောက်များပြားတဲ့ ကိစ္စတွေကို မြင်တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားခဲ့မိဘူး။ ဘဝရဲ့ ကြုံဆုံရမှုတွေက တကယ့်ကို အံ့ဩစရာကောင်းလှပါတယ်။

ဒီလမ်းတစ်လျှောက်လုံးမှာ ခင်ဗျား ဒီမှာ သေသွားမလားဆိုပြီး ကျုပ် တကယ် စိုးရိမ်နေခဲ့တာ။ ပြန်စဉ်းစားကြည့်တော့ အာလီပိုင်ကို ကျုပ် ကောင်းကောင်း နားလည်ပေးနိုင်ပါတယ်။ ခင်ဗျား ကျုပ်ဘေးနားမှာ မရှိရင် ကျုပ် စိတ်ထဲမှာ လုံခြုံမှုမရှိဘူး... ကိစ္စအတော်များများကို ဘယ်လိုလုပ်ကိုင်ရမလဲ ဆိုတာကို မသိတော့ဘူး။ "

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ချိတ်ဆွဲလျက်ရှိသည်။ "အိမ်ရှေ့မင်းသားက အခုဆိုရင် တစ်ယောက်တည်း ဦးဆောင်နိုင်နေပါပြီ။

လူသုံးထောင်နဲ့ တာ့ကျင်တိုင်းပြည်ရဲ့ အတော်ဆုံး လက်ရွေးစင် စစ်သားနှစ်သောင်းကို ဖြိုခွင်းနိုင်ခဲ့တာကိုး... ဒီလို စစ်ရေးရလဒ်မျိုးကို လူအများကြီးက မော့ကြည့်နေရမှာပဲ။ အိမ်ရှေ့မင်းသား ... ဘယ်လိုလုပ် ဆောင်ရွက်နိုင်ခဲ့တာလဲ။ "

လီယွမ်ကျောက်က ပြန်ဖြေ၏။ "ဒါက ဘာမှ မခက်ခဲပါဘူး... လက်ပစ်ဗုံးတွေနဲ့ သူတို့ကို အကြိမ် အနည်းငယ်လောက် ပစ်ပေါက် ဖောက်ခွဲလိုက်ရုံပါပဲ။ "

"ဟမ် ... လက်ပစ်ဗုံးတွေ ဘယ်ကရလာတာလဲ။ "

"မိုရှောင်ဟူက ကျုပ်ကို ပြောပြတာလေ... ခင်ဗျားတို့ ခရိုင်ထဲမှာ ကျန်နေတဲ့ လက်ကျန်ပစ္စည်းတွေ အားလုံးကို ကျုပ် ယူလာခဲ့လိုက်တယ်။"

ဖန်ကျန်းရီမှာ ဒေါသကြောင့် အံကြိတ်မိလျက်သား ဖြစ်သွား၏။ "ချီးတဲ့မှ ... ဒီ ခွေးပေါက်စက ပါးစပ်ကို လုံအောင် မပိတ်ထားဘူးကိုး။ သူကများ ဉာဏ်များချင်နေသေးတယ်... ပြန်ရောက်တာနဲ့ သူ့ကို သင်းကွပ်ပြီး မြေးတော်လေးဆီ အခြွေအရံအဖြစ် ပို့ပေးလိုက်မှပဲ။ "

"ဟားဟား ... တိုက်ဆိုင်လိုက်တာ... ကျုပ်လည်း အဲဒီအတိုင်း စဉ်းစားထားတာပဲ။ "

All Chapters