အခန်း ၈၃၃
Vol. 44 Ch. 833
အပိုင်း (၈၃၃) နန်းတော်အတွင်းမှ အေးအေးဆေးဆေး စကားဝိုင်း။
ဖန်ထိုက်မြို့အတွင်းရှိ အတိုင်းအတာငယ်လှသော ပရမ်းပတာ အခြေအနေများက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ပြည်သူအတော်များများမှာ ထိုပရမ်းပတာ အခြေအနေများအတွင်း၌ ဒဏ်ရာရရှိခဲ့ကြပြီး တချို့မှာ မြင်းတပ်၏ တိုက်မိခိုက်မိမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြ၏။
ဤရှုပ်ပွနေသော ကိစ္စရပ်များကို အာလီပိုင်က မဖြစ်မနေ ရှင်းလင်းရပေမည်။
ယခု အိမ်ရှေ့မင်းသား ပေါ်လာပြီး မမျှော်လင့်ဘဲ အပြောင်းအလဲများ ဖြစ်ပေါ်လာသောကြောင့် သူ့အား ဖန်ကျန်းရီနှင့် အများကြီး ထိတွေ့ခွင့် မပြုခြင်းက အကောင်းဆုံး ဖြစ်၏။
သူ၏ဆရာဖြစ်သူထံတွင် ကောက်ကျစ်သော အကြံဉာဏ်များဖြင့် ပြည့်နှက်နေပြီး မည်သည့် ကွေ့ကောက်သော လှည့်ကွက်များကို ထပ်မံကစားဦးမည်ကို မသိနိုင်တော့ချေ။
အာလီပိုင်သည် လမ်းမပေါ်တွင် ချက်ချင်း စဉ်းစားမိသော မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပြီးနောက် ပြောလိုက်သည်။ "နိုင်ငံတော်ဆရာကြီး ... ရလောက်ပါပြီ... ကျုပ်တို့ အခု နန်းတော်ထဲ အရင်ပြန်ကြတာပေါ့။ "
ဖါးပါးက အနောက်ဘက်မှနေ၍ အဆက်မပြတ် လမ်းညွှန်ပြသပေးနေသောကြောင့် သူ့အတွက် အများကြီး သက်သာရာရသွားစေခဲ့၏။
ဖါးပါးက အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒုတိယမင်းသား ... ဒီကာလအတွင်းမှာ မြို့ထဲက ပြည်သူတွေကို မိန့်ခွန်းပြောတာမျိုး မလုပ်ဖို့ အကြံပြုချင်ပါတယ်။ ပြီးတော့ မြို့ထဲရဲ့ နေရာအနှံ့အပြားမှာ ကပ်ထားတဲ့ ကြေညာစာတွေနဲ့ ပန်းချီကားတွေကိုပါ တစ်ပါတည်း ခွာချလိုက်ပါ... တခြားသူတွေရဲ့အမြင်မှာ ရမ္မက်ကြီးမားတဲ့သူ တစ်ယောက်အဖြစ် အထင်အမြင် မခံရလေအောင်ပေါ့... ဒီလိုလုပ်တာက ပိုပြီးတောင် ဆိုးရွားသွားစေနိုင်တယ်။"
အာလီပိုင်မှာ ခေတ္တ မှင်သက်သွားပြီးနောက် သဘောပေါက်သွားကာ ပြောလိုက်၏။ "နိုင်ငံတော်ဆရာကြီး ပြောတာ မှန်ပါတယ်။ ကျုပ်ကို တကယ့် သတိပေးချက်တစ်ခု ပေးလိုက်တာပဲ။ ကျုပ် အခုပဲ လူလွှတ်ပြီး ဆောင်ရွက်ခိုင်းလိုက်မယ်။ "
အာလီပိုင် အလျင်စလို လျှောက်ထွက်သွားသည်ကို ကြည့်ရင်း ဖါးပါး၏ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
တကယ့်ကို မိုက်မဲတဲ့သူပဲ။ ဖန်ကျန်းရီလို လူမျိုးကိုတောင် သူက ဖမ်းချုပ်ထားနိုင်တယ်ဆိုတော့ တကယ်ပဲ ဘယ်လို အားနည်းချက်မျိုးက ဒီလောက် အသုံးဝင်နေရတာလဲ။
ဖန်ကျန်းရီက အခုချိန် နန်းတော်ထဲမှာ ဘာတွေပြောနေသလဲ ဆိုတာကိုလည်း မသိရဘူး... သူ့အတွက် အချိန်ဆွဲပေးနိုင်သလောက်တော့ ဆွဲပေးထားလိုက်အုံးမှပဲ။
ဘာပဲဖြစ်ဖြစ် အာလီပိုင်ရဲ့ ယုံကြည်မှုကို ရရှိအောင်လည်း တစ်ပါတည်း ကြိုးစားရအုံးမယ်။
……
နန်းတော်အတွင်း၌ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ နှစ်ဦးသည် နဂါးပလ္လင်တော်ထက်တွင် ယှဉ်တွဲ ထိုင်နေကြ၏။
အကြောင်းအရာ ပေါင်းစုံကို လျှောက်ပြောနေကြပြီး ဖန်ထိုက်မြို့အတွင်းရှိ အတွေ့အကြုံ တစ်ခုလုံးကို ဖန်ကျန်းရီ က တစ်ခုချင်းစီ သေချာ ပြောပြနေသည်။
လီယွမ်ကျောက်က ရုတ်တရက် မေးလိုက်၏။ "ဖန်ကြီး... ခင်ဗျားက မြို့တော်မှာ မုန်ဝေ့မင်ကို အသုံးပြုပြီး ဝါဒဖြန့်ခဲ့တုန်းက ဘာဆိုးကျိုးမှ မဖြစ်ပေါ်စေခဲ့ဘူး ထင်ရတယ်... ဘာဖြစ်လို့ အာလီပိုင်ဘက်ကျတော့ ခင်ဗျားက ဒီလောက်တောင် သတိကြီးကြီး ထားနေရပြီး အလွန်အမင်း နှိမ့်ချပြောဆိုနေရတာလဲ။ "
ဖန်ကျန်းရီက ပြန်ဖြေသည်။ "ဒီနှစ်ခုက ခပ်ဆင်ဆင် တူနေပုံပေါက်ပေမဲ့ တကယ်တမ်းကျတော့ အရမ်းကြီးမားတဲ့ ပြဿနာ ရှိနေတယ်။
မုန်ဝေ့မင်က ပြည်သူတွေကို စံပြပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လမ်းညွှန်ပြသပေးဖို့ကိုပဲ အလေးထားတာ၊ အသုံးချဖို့ မဟုတ်ဘူး။ ပြီးတော့ သူက နန်းတွင်းရေးရာတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိသလို အာဏာကိုလည်း ကိုင်စွဲမထားဘူး။
ဒါပေမဲ့ အာလီပိုင်ကတော့ မတူတော့ဘူးလေ။ ပြည်သူတွေက သူ့လက်ထဲမှာ အရင်းအမြစ်တစ်ခုပဲ။ သူက ဒီအရင်းအမြစ်ကို အသုံးပြုပြီး ကိုယ့်ရဲ့ နေရာအဆင့်အတန်းကို ကာကွယ်နိုင်တယ်၊ သဘောထားကွဲလွဲသူတွေကို တိုက်ခိုက်နိုင်တယ်၊ စစ်ပွဲတွေကိုတောင် စတင် ဆင်နွှဲနိုင်သေးတယ်။ ပြီးတော့ လှုပ်ရှားမှုတိုင်းက ပြည်သူတွေရဲ့ ခွန်အားတွေကို အလဟဿ ကုန်ဆုံးစေတယ်။
ဒါပေမဲ့ ပြည်သူတွေကလည်း နောက်ဆုံးတော့ လူသားတွေပဲလေ... သူတို့ဆီကနေ အဆုံးအစမရှိ တောင်းဆိုတာက ဘဝရှင်သန်ရပ်တည်ရေးကို ခက်ခဲသွားစေလိမ့်မယ်။”
“ဒါပေမဲ့ အထက်အောက် တစ်သားတည်းဖြစ်နေပြီး အားလုံးက ဦးတည်ချက် တစ်ခုတည်းကိုပဲ စုစည်းလုပ်ဆောင်ကြရင် အလုပ်လုပ်ရတာ အရမ်းကို ချောမွေ့နေမှာ မဟုတ်ဘူးလား။ "
ဖန်ကျန်းရီက ပြောလိုက်၏။ "မှန်ပါတယ်... အားလုံးက စည်းစည်းလုံးလုံး လုပ်ဆောင်ကြရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အိမ်ရှေ့မင်းသား သိထားသင့်တာက လောကကြီးရဲ့ ကိစ္စတွေမှာ အောင်မြင်မှုထက် ရှုံးနိမ့်မှုက ပိုများပြီး နိုင်တာထက် ရှုံးတာက ပိုများတယ်။
ရေတို သဘောတရားအရ ကြည့်ရင်တော့ အထက်အောက် တစ်သားတည်းဖြစ်ပြီး သံမဏိလို ခိုင်မာနေမှာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ချက် တစ်ခုခု မှားယွင်းသွားပြီး ပြည်သူတွေရဲ့ ဘဝက ဆင်းရဲဒုက္ခထဲကို ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် လူအုပ်ကြီးက နှစ်ခြမ်းကွဲသွားလိမ့်မယ်။
အခက်အခဲထဲ မကျရောက်သေးတဲ့သူတွေ ဒါမှမဟုတ် အဲဒီအထဲကနေ အကျိုးအမြတ် ရနေတဲ့သူတွေက အလွန်အမင်း ထောက်ခံနေဆဲဖြစ်ပြီး အခက်အခဲထဲ ရောက်နေပြီဖြစ်တဲ့သူတွေ ဒါမှမဟုတ် လှည့်စားခံလိုက်ရမှန်း သဘောပေါက်သွားတဲ့ သူတွေကတော့ နောက်ထပ် ဆန့်ကျင်ဘက် အစွန်းတစ်ဖက်ဆီကို လျင်မြန်စွာ လျှောက်သွားကြလိမ့်မယ်။
အစွန်းနှစ်ဖက်က အရှိန်အဟုန် ဖြစ်တည်လာတာနဲ့ တစ်ပြိုင်နက် ရပ်တည်ချက် အငြင်းပွားမှုထဲကို ကျရောက်သွားတော့တာပဲ။ လူတွေက ကိုယ့်ရပ်တည်ချက်ကို သေချာ ရွေးချယ်ပြီးသွားရင် အမှန်တရားကို လျစ်လျူရှုပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တိုက်ခိုက်ကြတော့တယ်။"
လီယွမ်ကျောက်က မေးလိုက်၏။ "ဒါဖြင့်ရင် ဖြေရှင်းမယ့် နည်းလမ်း ရှိသေးလား။ "
ဖန်ကျန်းရီက ပခုံးတွန့်လျက် ပြောလိုက်သည်။ "လူတွေ ဖန်တီးထားတဲ့ ပြဿနာဖြစ်နေသရွေ့တော့ လူတွေမှာ ဖြေရှင်းမယ့် နည်းလမ်း သေချာပေါက် ရှိမှာပါ။ ဒါပေမဲ့ တချို့ ပြဿနာတွေကတော့ ကြီးမားတဲ့ ဉာဏ်ပညာနဲ့ ဇွဲလုံ့လရှိသူတွေ လိုအပ်ပြီး အားလုံးက ဝိုင်းဝန်း အဖြေရှာကြမှသာ ဖြေရှင်းနိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်... ကျုပ်ကတော့ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး။
ဒါပေမဲ့ အိမ်ရှေ့မင်းသားအနေနဲ့ ဖန်ထိုက်မြို့ထဲက ကိစ္စတွေကို သေချာ မှတ်သားထားပြီး နောင်တစ်ချိန်မှာ သင်ခန်းစာ ယူရလိမ့်မယ်။ အာဏာရှိသူတွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှသာ ဩဇာအာဏာကို ကိုင်စွဲထားနိုင်လိမ့်မယ်။
ရှေးယခင်တည်းက ယခုအချိန်အထိ အင်အားကြီးမားတဲ့ သူဘယ်လောက်များများက ကိုယ်တစ်ယောက်တည်းရဲ့ အင်အားနဲ့ လက်တွေ့ဘဝကို ဆန့်ကျင်နိုင်မယ်၊ ပြောင်းလဲနိုင်မယ်လို့ ထင်မှတ်ခဲ့ကြသလဲ... ဒါပေမဲ့ ချွင်းချက်မရှိ အားလုံး ရှုံးနိမ့်ခဲ့ကြတာချည်းပဲ။ သဘာဝတရားရဲ့ စည်းမျဉ်းတွေကို လိုက်နာသူတွေသာ အောင်မြင်မှုကို ရရှိနိုင်လိမ့်မယ်။ "
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် နက်နက်နဲနဲ စဉ်းစားနေသော အရိပ်အယောင်များ ပေါ်လာသည်။
ပတ်ဝန်းကျင် အခြေအနေ အနည်းငယ် လေးနက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက ပြုံးလျက် မေးလိုက်၏။ "အိမ်ရှေ့မင်းသားရဲ့ ကိစ္စကိုသာ ပြောပြပါ... ဒီလမ်းတစ်လျှောက်လုံးမှာ စစ်ပွဲ ဘယ်နှစ်ပွဲလောက် တိုက်ခဲ့ရသလဲ။ "
ထိုအကြောင်းအရာကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လီယွမ်ကျောက်သည် လျင်မြန်စွာ စိတ်အားထက်သန် လာပြီး စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။
အဆက်မပြတ် တံတွေးများ လွင့်စင်လာကာ စစ်ပွဲတစ်ပွဲချင်းစီတိုင်းအပေါ် အသေးအမွှားလေးမှအစ အကုန်အစင် သုံးသပ်ပြနေပြီး အသေးစိတ် အချက်အလက်တစ်ခုချင်းစီနှင့် အစိတ်အပိုင်းအလိုက် ပြင်ဆင်မွမ်းမံမှုများကိုပါ သေချာ ပြောပြနေ၏။
ဖန်ကျန်းရီသည် သိပ်ပြီး စိတ်မဝင်စားလှသော်လည်း အမြဲတမ်း တိတ်တဆိတ် ခေါင်းညိတ်ပြနေခဲ့သည်။
ဝူထူနှင့် တိုက်ခဲ့ရသော စစ်ပွဲအကြောင်းကို ပြန်ရောက်လာသည့် အချိန်ကျမှသာ သူက စကားဖြတ်ပြောလိုက်၏။ "ကျင်းယီဝေတပ်ဖွဲ့က ညီအစ်ကိုတွေ သေဆုံးဒဏ်ရာရမှု ဘယ်လောက်ရှိလဲ။ "
လီယွမ်ကျောက်သည်လည်း ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ "စစ်ပွဲမှာ သေဆုံးဒဏ်ရာရမှုတွေကတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး... ညီအစ်ကို ဆယ်ဂဏန်းလောက် သေဆုံးသွားပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့တယ်။"
ဤကဲ့သို့သော စစ်ရေးစွမ်းဆောင်ရည်မျိုးက လုံးဝကို အပြစ်ပြောစရာ မရှိတော့ပေ။
သို့ပေမည့်လည်း ၎င်းတို့က သူကိုယ်တိုင် ခေါ်ဆောင်လာခဲ့သော လူများဖြစ်ပြီး ထိုအထဲတွင် တောက်ယွမ်ခရိုင်၏ အမာခံလူများလည်း ပါဝင်နေသည်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဖန်ကျန်းရီက ထရပ်လိုက်၏။ "အိမ်ရှေ့မင်းသား ... အခု ထိခိုက်သွားတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို ကျုပ် သွားကြည့်ချင်တယ်။ ကျင်းယီဝေတပ်ဖွဲ့က ဒီစစ်ပွဲထဲမှာ ပါဝင်ပတ်သက်စရာ မလိုခဲ့ဘူး... ဒါပေမဲ့ ကျုပ်ကြောင့် သေဆုံးခဲ့ရတာဆိုတော့ ပြန်ရောက်သွားရင် ကျုပ် တစ်ယောက်ချင်းစီကို လျော်ကြေးပေးရမယ်။ "
"ကောင်းပြီလေ... သွားကြတာပေါ့။ "
ပင်မနန်းဆောင်ကြီး၏ အပြင်ဘက်တွင် ကျင်းယီဝေတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသည် တန်းစီလျက်ရှိနေပြီး မြင်းပေါ်တွင် မလှုပ်မယှက် ရှိနေကြသည်။
ဤခရီးစဉ် တစ်လျှောက်လုံးတွင် သူတို့သည် တိုက်ပွဲပေါင်းရာချီ တိုက်ခဲ့ရသော လက်ရွေးစင် စစ်သားများဟု မခေါ်ဆိုနိုင်သော်လည်း တကယ့် လက်ရွေးစင် စစ်သားများနှင့် ရင်ဆိုင်ရလျှင်တောင် လုံးဝ နောက်ကျ မနေတော့သည့် အနေအထားမျိုးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သပ်ရပ်ပြီး လေးနက်တည်ကြည်နေသော ပုံစံ၊ ညစ်ပတ်ပေရေနေသော သံချပ်ကာ ဝတ်စုံများနှင့် ပုံသဏ္ဌာန်မဲ့သော ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ ရှိနေသည်။
အခြားသူများကို မသိမသာ ကြောက်ရွံ့တုန်လှုပ်သွားစေ၏။
ဖန်ကျန်းရီ ရောက်လာချိန်မှာတော့ လီယွမ်ကျောက်က အော်ဟစ်လိုက်သည်။ "မျက်နှာဖုံး ချွတ်ကြတော့။ "
ကျင်းယီဝေတပ်ဖွဲ့ဝင်များသည် မျက်နှာဖုံးများကို တစ်ပြိုင်နက် ချွတ်လိုက်ကြပြီး လီယွမ်ကျောက်အား စူးစိုက်ကြည့်လိုက်ကြ၏။
ဖန်ကျန်းရီသည် စစ်ကြောင်းအတွင်း၌ ဖြည်းဖြည်းချင်း လျှောက်သွားကာ စတင်ကြည့်ရှုစစ်ဆေးခဲ့သည်။
တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ရင်းနှီးနေသော မျက်နှာများ အားလုံးရှိနေပုံပေါ်ကာ ဦးဆောင်သူ ကျောက်လျဲ့၏ရှေ့သို့ ရောက်ရှိသွားပြီး တိုးတိုးလေး မေးလိုက်၏။ "ခရိုင်ထဲကလာတဲ့ ညီအစ်ကိုတွေ သေဆုံးဒဏ်ရာရမှု ဘယ်လောက်ရှိလဲ။ ကျုပ် လျန်ကွေ့ကို မတွေ့မိသလိုပဲ။ "
ကျောက်လျဲ့က ပြန်ဖြေ၏။ "သခင်လေး ... ကျုပ်တို့လူတွေ အားလုံးရှိပါတယ်။ ကျုပ်တို့လူတွေ အားလုံးက စစ်မြေပြင်မှာ အသက်ရှင်သန်နည်းတွေကို အစ်ကိုထျဲ့ဆီကနေ သင်ကြားလေ့ကျင့်ထားပြီးသားလေ ... နှမြောစရာကောင်းတာက တခြားသူတွေ သင်ယူဖို့ အချိန်မမီလိုက်တော့ ညီအစ်ကို ဆယ်ဂဏန်းလောက် ဆုံးရှုံးလိုက်ရတယ်။
လျန်ကွေ့က ကျင်းယီဝေတပ်ဖွဲ့ထဲမှာ မရှိတော့ပါဘူး... သခင်လေး မြို့တော်ကနေ ထွက်လာချိန်တုန်းက သူက တပ်ဖွဲ့ထဲကနေ ထွက်ပြီး တောက်ယွမ်ခရိုင်ကို ပြန်သွားခဲ့တာပါ။"
ဖန်ကျန်းရီက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့လဲ။ ကျင်းယီဝေတပ်ဖွဲ့ရဲ့ ခံစားခွင့်တွေက မကောင်းလို့လား... ခရိုင်ထဲကို ပြန်သွားပြီး ဘာလုပ်မလို့လဲ။ "
"သူ အလုပ်မထွက်ခင်တုန်းက ပြောသွားတာက ကျင်းယီဝေတပ်ဖွဲ့ကို လာခဲ့တာက သခင်လေးအတွက် အလုပ် လုပ်ပေးချင်လို့ပါတဲ့။ အခု တပ်ဖွဲ့ကြီးက လည်ပတ်နေပြီဆိုတော့ သူ့ကို မလိုအပ်တော့ဘူးလေ။ ပြီးတော့ သူက အရင်တုန်းက အပြင်မှာ ကုန်သွယ်ရေး လုပ်နေတဲ့သူမဟုတ်လား... ပိုက်ဆံလည်း မရှားပါဘူး။ သူက ခရိုင်ထဲကို ပြန်သွားပြီး အေးအေးဆေးဆေး အနားယူလို့ရမယ့် အလုပ်တစ်ခုကို ရှာတွေ့ထားတယ်လို့ ပြောတယ်။"
"အို ... ဘာအလုပ်လဲ။ "
ကျောက်လျဲ့က ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီး ရင်းနှီးသူ အတော်များများ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီ၏ နားအနီးသို့ ကိုင်းညွတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ခရိုင်ထဲက ရေချိုးခန်းမှာ တခြားသူတွေကို ချေးတွန်းပေးတဲ့ အလုပ်လုပ်နေတာပါ။"
"ဘာ ... ဘယ်လို။ "
ဒီ ကောက်ကျစ်တဲ့ ဂေးအိုကြီးက ခရိုင်ရေချိုးခန်းထဲကိုတောင် ခိုးဝင်သွားသေးတယ်ပေါ့။
ဖန်ကျန်းရီမှာ ကြက်သီးမွှေးညင်းများတောင် ထသွားပြီး တပ်မကြီး၏ အရှေ့ဘက်သို့ ပြန်ဆုတ်သွားကာ ကျယ်လောင်စွာ ပြောလိုက်၏။ "ညီအစ်ကိုတို့ရဲ့ ကျေးဇူးကို ကျုပ် ရင်ထဲမှာ သေချာ မှတ်ထားပါတယ်။ ဒီကနေ့ ဒီနေရာကို လာရောက်ခဲ့ရတာမလို့ မြို့တော်ကို ပြန်ရောက်သွားရင် အိမ်ရှေ့မင်းသားက အားလုံးအတွက် ဂုဏ်ပြုဆုတွေ တောင်းခံပေးလိမ့်မယ်... ပြီးတော့ ကျုပ်ကလည်း အားလုံးအတွက် လက်ဆောင်တစ်ခု သီးသန့် ပေးပါ့မယ်။
ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်တော့ ကျင်းယီဝေတပ်ဖွဲ့က သူတို့ရဲ့ မိသားစုဝင်တွေကို စောင့်ရှောက်ပေးဖို့ စီစဉ်ပေးမယ့်အပြင် သီးသန့် လျော်ကြေးငွေပါ ပေးအပ်သွားမယ်။ နောင်တစ်ချိန် အပြင်ဘက်မှာ တာဝန် ထမ်းဆောင်နေတဲ့ ညီအစ်ကိုတွေ တစ်ခုခု အခက်အခဲကြုံလာရင်လည်း ဒီနည်းလမ်းအတိုင်းပဲ ဖြေရှင်းပေးသွားပါ့မယ်။ "
ကျင်းယီဝေတပ်ဖွဲ့ဝင်များက တစ်ခဲနက် အော်ဟစ် အောင်ပွဲခံလိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
လီယွမ်ကျောက်က သတိပေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျားတော့ အိတ်သွန်ဖာမှောက် ကုန်တော့မယ်။ ကျုပ် ဒီတစ်ခေါက် စည်းကမ်းဖောက်ပြီး တပ်ကို ခေါ်လာခဲ့တာဆိုတော့ ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုကို စောင့်ရှောက်ပေးမယ့် ကိစ္စအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေချပေးမလား၊ မချပေးဘူးလား ဆိုတာကို သေချာ မပြောနိုင်သေးဘူး။"
"ကျုပ်ဆီမှာ ပိုက်ဆံ နည်းနည်းပါးပါး ကျန်ပါသေးတယ်... ဒီတစ်ခေါက်တော့ ကျုပ်စိုက်ထုတ်ပေးလိုက်ပါ့မယ်... နောက်ပိုင်းကျမှ စည်းမျဉ်းကျကျ ပုံသေဖြစ်လာအောင် ကြိုးစားရမှာပေါ့။ "
ထိုအချိန်မှာပင်။
အာလီပိုင်နှင့် ဖါးပါးတို့ အတူတကွ လျှောက်လာခဲ့ကြ၏။
အဝေးမှနေ၍ပင် အာလီပိုင်သည် တောက်ပနေသော ထိုပုံရိပ်ကြီးကို မြင်တွေ့လိုက်ရပြီး မျက်နှာကို ထပ်မံကြည့်ရှုလိုက်ချိန်မှာတော့ သူ၏မျက်နှာသွင်ပြင်မှာ ချက်ချင်း မှောင်မိုက်သွားခဲ့သည်။