← Chapters

အခန်း ၈၃၄

Vol. 44 Ch. 834

အခန်း ၈၃၄

Vol. 44 Ch. 834

အပိုင်း (၈၃၄) မင်းသားနှင့် မင်းသား ထိပ်တိုက်တွေ့ခြင်း။

ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ဖါးပါး၏ မျက်နှာအိုကြီးမှာ ရှုံ့မဲ့သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ညီလေးဖန်။ "

ဖန်ကျန်းရီ လှည့်ကြည့်လိုက်ရာ မျက်နှာသေကြီးဖြစ်နေသော အာလီပိုင်ကို မြင်လိုက်ရသောကြောင့် သူ၏စိတ်ထဲတွင်လည်း ထိတ်လန့်သွားခဲ့သည်။

ဟာ ... အိမ်ရှေ့စံမင်းသားက ရွှေတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ နဂါးဝတ်စုံကြီးကို ဝတ်ထားတာပဲ။

အာလီပိုင် ဒီကောင်လေးက အခုချိန်မှာ ဒေါသထွက်လွယ်နေတာဆိုတော့ တစ်ခုခု မမျှော်လင့်ဘဲ ပြဿနာ တက်လာမှာလား။

ထင်ထားသည့်အတိုင်းပင် အာလီပိုင် ရောက်လာချိန်မှာတော့ လီယွမ်ကျောက်၏ရှေ့တွင် ချက်ချင်း ရပ်တန့်လိုက်၏။ မလှုပ်မယှက်ဖြင့် သူ့အား စူးစိုက်ကြည့်နေသည်။

ဖန်ကျန်းရီ နဂါးဝတ်စုံကို ဝတ်ဆင်ထားခြင်းက သူက ဖန်ကျန်းရီကို အသုံးပြုချင်သောကြောင့် ဖြစ်၏။

ဒါပေမဲ့ လီယွမ်ကျောက်လို ပြင်ပလူတစ်ယောက်က ဒီဝတ်စုံကို ဝတ်ထားတာ ဘာသဘောလဲ။ ဘယ်သူ့ကို စော်ကားချင်နေတာလဲ။

လီယွမ်ကျောက်က အလောတကြီးမရှိဘဲ ခပ်ဖွဖွ ပြုံးလျက် မေးလိုက်သည်။ "မင်းက ကျုပ်ကို ဘာဖြစ်လို့ ကြည့်နေတာလဲ။ "

အာလီပိုင်က နှုတ်ခမ်းကို ဖိကိုက်ထား၏။ "အိမ်ရှေ့မင်းသား ... ဒီနဂါးဝတ်စုံကို ကျုပ်တို့ ရွှေတိုင်းပြည်မှာ ဝတ်ဆင်ထားတာက ... သိပ်ပြီး သင့်တော်မယ် မထင်ဘူးနော်။ "

"ဖန်ကြီးဝတ်လို့ရပြီး ကျုပ်က ဝတ်လို့မရဘူးလား။ ပြီးတော့ မင်းက သူ့ကို ဖြစ်ကတတ်ဆန်း ဝတ်ခိုင်းထားတာ မဟုတ်ဘူးလား။ ကျုပ် အခု ဝတ်ကြည့်လိုက်တော့ ဘာဖြစ်သွားလဲ။ "

"အိမ်ရှေ့မင်းသား ... နဂါးဝတ်စုံကို ချွတ်ပေးပါ။ "

ဒီလိုနဲ့ပဲ စကားများကြတော့မလို့လား။

ဖန်ကျန်းရီက အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အမြန်လှမ်းဝင်လိုက်၏။

အခုချိန်တွင် အာလီပိုင်ကို သွားမဆွရဲသေးပေ၊ အကယ်၍ သူသာ ရူးသွပ်သွားပါက မည်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာမည်ကို ဘယ်သူမှ မသိနိုင်တော့ချေ။

သူ စကားနှစ်ခွန်းခန့် ပြောမည့်ဆဲဆဲမှာပင် လီယွမ်ကျောက်က လက်ကို ဆန့်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။ ခေါင်းကို မော့ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "အိမ်ရှေ့စံ မင်းသား ဟုတ်လား။ ကျုပ် ဒီနဂါးဝတ်စုံကို ဝတ်ဆင်ထားရင် ကျုပ်က ဘုရင်ပဲ။

မင်း သေချာ မှတ်ထားစမ်း ... မင်းတို့ ရွှေတိုင်းပြည်က စစ်ရှုံးထားတဲ့ တိုင်းပြည်ဖြစ်နေတာကို မပြောနဲ့အုံး... အရင်တုန်းက အခြေအနေမျိုး ဆိုရင်တောင်မှ ..." ကျုပ်တို့ တာ့ကျင်းအပေါ်ကို အထက်စီးကနေ စကားပြောဝံ့တဲ့သူ တစ်ယောက်မှ မရှိဘူး။ "

သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားကြပြီး အာလီပိုင်၏ မျက်လုံးများမှာ နီရဲလာကာ တဖြည်းဖြည်း အရှုံးပေးလိုက်ရပြီး အံကိုကြိတ်လျက် ပြောလိုက်သည်။ "ကျုပ် အထက်စီးကနေ မပြောပါဘူး... ဒါပေမဲ့ ကျုပ်တို့ ရွှေတိုင်းပြည် စစ်ရှုံးထားရင်တောင်မှ ခင်ဗျား ကျုပ်တို့ကို စော်ကားလို့ မရဘူး။ "

လီယွမ်ကျောက်က စကားပြောအပြီးတွင် ရက်ရက်စက်စက် ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်၏။ "ဘာလဲ... မင်းက ကျုပ်နဲ့ စစ်ဖြစ်ချင်နေတာလား ... တပ်တွေ စုကြစမ်း... တပ်တွေ စုကြစမ်း။ "

ကျင်းယီဝေတပ်ဖွဲ့ဝင်များသည် ဓားရှည်များကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ကြသည်။

အချိန်အတော်ကြာ အတူတကွ လေ့ကျင့်နေထိုင်လာခဲ့ပြီးနောက် သူသည် ဤစစ်တပ်ကြီးကို အမိန့်ပေးလျှင် ချက်ချင်း လိုက်နာဆောင်ရွက်နိုင်သည့် အဆင့်အထိ လုပ်ဆောင်နိုင်နေခဲ့ပြီ ဖြစ်၏။

ဓားရှည် သုံးထောင်နီးပါးသည် နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

သူ တကယ်ပဲ လက်ပါရဲတာလား။

အာလီပိုင်၏ နဖူးထက်မှ ချွေးစေးများ စီးကျလာခဲ့၏။

အာလီပိုင် ကြောက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီသည် ယခုအချိန်တွင် တားဆီးရန် မလောတော့ဘဲ လက်ပိုက်ကာ ဘေးဘက်မှနေ၍ ပွဲကြည့်နေလိုက်သည်။

အိမ်ရှေ့မင်းသား အပြင်ကို တစ်ခေါက်ထွက်လာတာ တကယ်ပဲ အပြောင်းအလဲတွေ ရှိလာခဲ့တာကိုး... အခု စိတ်နေသဘောထားက အရင်ကထက်တောင် ပိုပြီး ပြတ်သားနေသေးတယ်။

ကျွတ်ကျွတ်ကျွတ် ... ငါ ဖန်ကြီး သွန်သင်ဆုံးမထားတာ ကောင်းလွန်းလို့ပါလေ... ငါနဲ့ တူလိုက်တာ။

ဖါးပါးက မျက်နှာသေကြီးဖြင့် ဖန်ကျန်းရီ၏အနီးသို့ ကပ်လာကာ တိုးတိုးလေး ပြောလိုက်၏။ "အိမ်ရှေ့စံ မင်းသားကို အမြန်သွားပြီး ဖျောင်းဖျလိုက်ပါအုံး။ အာလီပိုင်က အခု ဘယ်လို စိတ်နေသဘောထား ရှိနေလဲ ဆိုတာကို ခင်ဗျား မသိဘူးလား။ သူ့ကို ဒေါသထွက်အောင် သွားဆွလိုက်လို့ တကယ်ကြီး ချကြရင် ဘယ်လိုလုပ်မလဲ။ "

"ဟားဟား ... သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ မထင်ဘူးလား။ "

"စိတ်ဝင်စားစရာ ဟုတ်လား။ အစ်ကိုဖန် ... ဒီလိုအချိန်မျိုးမှာ ခင်ဗျား ဒီလောက်တောင် ပေါ့ပေါ့ဆဆ မနေလို့ မရဘူးလား။ မင်းတို့ တိုင်းပြည်က အိမ်ရှေ့စံမင်းသားကလည်း အမြဲတမ်း ဒီလိုပဲ တဇွတ်ထိုး နိုင်လွန်းသလား။ အခု ဖန်ထိုက်မြို့ထဲမှာ ရှိနေသေးတာကို။ "

"ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်မျိုးပဲလို့ ကျုပ် ထင်တယ်။"

ဖါးပါးသည် တစ်ခဏတာမျှ မခံနိုင်တော့ဘဲ ဒေါသတကြီး ဆဲရေးလိုက်၏။ "ချီး … ခင်ဗျား ဦးနှောက်က ပုံမှန်မဟုတ်ဘူးလား။ "

ဖန်ကျန်းရီက သူ့အား မျက်စောင်းထိုးကြည့်လိုက်ပြီး မျက်နှာသွင်ပြင်ကို သေသေချာချာ ပြင်ဆင်လိုက်ကာ ခြေလှမ်းများကို ရွှေ့လျက် သူတို့နှစ်ဦး၏ အလယ်ဗဟိုသို့ ဝင်ရောက် ရပ်တန့်လိုက်သည်။

ပွဲကြည့်ရတာ တော်လောက်ပါပြီလေ... ဘာပဲဖြစ်ဖြစ် အာလီပိုင်ကို တကယ်ကြီး ဒေါသထွက်အောင် ဆွလို့မှ မရနိုင်တာ။

အကယ်၍ တကယ်ကြီး ချကြ၍ သူ၏ ရှက်စရာကောင်းသော ကိစ္စရပ်များ ဖွင့်ပြောခံလိုက်ရပါက မည်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဖန်ကျန်းရီသည် လီယွမ်ကျောက်ဘက်သို့ လှည့်ကာ အရိုအသေပေးလျက် ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား ... ဆက်ပြီး ပြဿနာ မရှာပါနဲ့တော့။ ရွှေတိုင်းပြည် စစ်ရှုံးထားရင်တောင်မှ အခြေခံ ကျင့်ဝတ်တစ်ခုအနေနဲ့ လေးစားမှု ရှိသင့်ပါတယ်... နဂါးဝတ်စုံကို ချွတ်ပေးပါ။"

လီယွမ်ကျောက်က သူ့အား မျက်စောင်းတစ်ချက် ထိုးပြလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် နဂါးဝတ်စုံကို ချွတ်လိုက်သည်။

ဖန်ကျန်းရီက ဝတ်စုံကို ခေါက်လိုက်ပြီး အာလီပိုင်ဘက်သို့ ပြန်လှည့်ကာ တိုးတိုးလေး ပြောလိုက်၏။ "ဒုတိယမင်းသား ... အိမ်ရှေ့မင်းသားက ငယ်ရွယ်ပြီး သွေးဆူလွယ်နေတာပါ... စောစောက ကစားတဲ့သဘောနဲ့ လုပ်လိုက်တာမလို့ စိတ်ထဲမှာ မထားပါနဲ့။

ကျုပ်တို့ တာ့ကျင်းက လူတွေက အနောက်ဘက်ကနေ မကြာခင် ရက်ပိုင်းအတွင်း မြို့ထဲကို ဝင်လာတော့မှာဆိုတော့ ဒီနဂါးဝတ်စုံကို ကျုပ် ဆက်ဝတ်ထားတာက သိပ်ပြီး သင့်တော်မယ် မထင်တော့ဘူး... မူလပိုင်ရှင်ဆီ ပြန်ပေးလိုက်ပါ့မယ်။ "

အာလီပိုင်က နဂါးဝတ်စုံကို လှမ်းယူလိုက်ပြီး သက်ပြင်းချလိုက်သည်။

ဖန်ကျန်းရီ၏ ဤသဘောထားကို ကြည့်ခြင်းအားဖြင့် ထိုအားနည်းချက်က သူ့အတွက် အသုံးဝင်နေဆဲဖြစ်ကြောင်း ခန့်မှန်းရ၏။

ပတ်ဝန်းကျင် အခြေအနေ သက်သာရာရသွားသည်ကို မြင်လိုက်ရသောကြောင့် ဖါးပါးက အမြန်လျှောက်လာပြီး လီယွမ်ကျောက်အား အရိုအသေပေးလျက် မေးလိုက်သည်။ "အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးမှာ မင်းသားကို မေးမြန်းချင်တဲ့ မေးခွန်းတွေ အများကြီး ရှိနေပါတယ်... တာ့ကျင်းရဲ့ စစ်တပ်က ဖန်ထိုက်မြို့ဆီကို ဘယ်တော့လောက် ရောက်လာမှာလဲ။ "

လီယွမ်ကျောက်က ပြန်ဖြေ၏။ "မသိဘူးလေ... ဒါပေမဲ့ ခမည်းတော်က စစ်တပ်ကို ဦးဆောင်လာရင် အမြဲတမ်း လှုပ်ရှားမှု မြန်ဆန်လွန်းတော့ မကြာခင် အချိန်အတွင်းမှာ သူကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်။"

တာ့ကျင်းဘုရင် ကိုယ်တိုင် ရောက်လာမှာလား။

အာလီပိုင်၏ မျက်လုံးများအတွင်း၌ တောက်ပသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဖန်ကျန်းရီအား တစ်ချက် ပြန်ကြည့်လိုက်သည်။

ဖါးပါးက ဆက်ပြော၏။ "အချိန် အနည်းငယ် လိုနေသေးတယ်ဆိုတော့ ကျွန်တော်မျိုးက မင်းသားအတွက် နေထိုင်စရာ နေရာကို အရင်စီစဉ်ပေးလိုက်ရမလား။ "

လီယွမ်ကျောက်က လက်ကာပြလိုက်သည်။ "ကျုပ်မှာ သဘောကျထားတဲ့ နေရာရှိပြီးသားပါ... မြို့တံခါး အနီးအနားမှာပဲ နေရာတစ်ခုကို ရှင်းလင်းပြီး ကျုပ်တို့ စစ်တပ်ရဲ့ တပ်စွဲရာ နေရာအဖြစ် သတ်မှတ်လိုက်မယ်။ နိုင်ငံတော်ဆရာကြီး ... ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား။ "

"သဘာဝကျကျ ဘာပြဿနာမှ မရှိပါဘူး။ အိမ်ရှေ့မင်းသား ... ကျွန်တော်မျိုး နောက်သို့ လိုက်ခဲ့ပါ။ စစ်သားတွေကလည်း ရက်ဆက် ခရီးနှင်လာရတာဆိုတော့ မလွယ်ကူလှဘူး... စောစောစီးစီး အနားယူတာ အကောင်းဆုံးပဲ။ "

လီယွမ်ကျောက်က ဖန်ကျန်းရီဘက်သို့ လှမ်းကြည့်လိုက်ရာ သူ ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောကြောင့် ဖါးပါးနောက်သို့လိုက်ကာ နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့၏။

ကွင်းပြင်ကြီးထဲတွင် လူသူကင်းမဲ့သွားချိန်မှာတော့ အာလီပိုင်သည် ချက်ချင်း တက်ကြွလာခဲ့သည်။

"ဆရာ ... ခင်ဗျားနဲ့ အိမ်ရှေ့မင်းသားတို့ ဘာတွေပြောခဲ့ကြသလဲ ဆိုတာကို ကျုပ် သိချင်တယ်။"

ဖန်ကျန်းရီက အကူအညီမဲ့စွာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။ "ဘာပြောစရာ ရှိအုံးမှာမလို့လဲ... မြို့ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုပဲ ပြောပြလိုက်တာပေါ့။ မင်းက အမြဲတမ်း ဒီလောက်တောင် သတိကြီးနေတာပဲ... ဒါပေမဲ့ ငါ ဘုရင်ဖြစ်ခဲ့တဲ့ ကိစ္စက အမှန်တရား ဖြစ်နေပြီကို မင်း ဘာကို စိုးရိမ်နေရအုံးမှာလဲ။ ဘုရင်တစ်ပါးကို သံသယဝင်စေချင်ရင် မျိုးစေ့တစ်စေ့ ချထားလိုက်ရုံနဲ့ လုံလောက်နေပါပြီ။ "

အာလီပိုင်က ပြောလိုက်သည်။ "မှန်ပါတယ်... ဆရာက အခြေအနေကို ကောင်းကောင်း နားလည်တဲ့သူပဲ။ ပြီးတော့ မိန်းမတစ်ယောက်အတွက်နဲ့ အသက်ဆုံးရှုံးသွားတာမျိုးကို ကျုပ် လုံးဝ မမြင်တွေ့ချင်ဘူး။ "

ဖန်ကျန်းရီက မျက်နှာကို ရှုံ့မဲ့ကာ မေးလိုက်၏။ "ငါ့ကို တစ်ခါပြီးတစ်ခါ လာခြိမ်းခြောက်မနေနဲ့။ ငါ မင်းကို မေးမယ် ... ဒီကိစ္စကို တကယ်ပဲ ဘယ်နှစ်ယောက် သိထားသလဲ။ "

အာလီပိုင်က တည်ငြိမ်သော လေယူလေသိမ်းဖြင့် ပြန်ဖြေသည်။ "ဆရာ့ရဲ့ လျှို့ဝှက်ချက်ကိုတော့ သဘာဝကျကျ တပည့်ဖြစ်တဲ့ ကျုပ်တစ်ယောက်တည်းကပဲ ထိန်းသိမ်းထားမှာပါ... စိတ်ချလက်ချသာနေပါ... အပြင်ကို လုံးဝ ပေါက်ကြားသွားမှာ မဟုတ်ဘူး။

တာ့ကျင်းဘုရင် ကိုယ်တိုင် ရောက်လာတာက ကိစ္စအတော်များများအတွက် ပိုပြီး အဆင်ပြေသွားစေတယ်။ သူရောက်လာမယ့်နေ့ကျရင် သံတမန်အဖွဲ့ကို မြို့ပြင်ထွက်ပြီး ကြိုဆိုဖို့ ကျုပ် အရင်စီစဉ်ပေးမယ်... ဆရာ ဘယ်လိုထင်လဲ။ "

ဖန်ကျန်းရီက စိတ်မရှည်စွာ ပြောလိုက်၏။ "မင်း ဘာပြောပြော အဲဒီအတိုင်းပဲပေါ့။ "

"အင်း ... ဆရာ... ခင်ဗျားရဲ့ စိတ်နှလုံးထဲမှာ ကျုပ်နဲ့ အိမ်ရှေ့မင်းသားကို နှိုင်းယှဉ်ကြည့်ရင် ဘယ်သူက ပိုသာသလဲ။ " အာလီပိုင်က ရုတ်တရက် ဤကဲ့သို့သော ခေါင်းစဉ်တစ်ခုကို ကောက်ဖော်လိုက်သည်။

ဖန်ကျန်းရီမှာ စကားပြောရန်ပင် ဆွံ့အသွားခဲ့၏။

မင်းက သူ့ဆီမှာ အနှိမ်ခံလိုက်ရလို့ ငါ့ဆီမှာ လာပြီး အဖတ်ဆယ်ချင်နေတာ မဟုတ်လား။ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်နေရတာ ဘာအဓိပ္ပာယ် ရှိမှာမလို့လဲ။

"မင်းတို့နှစ်ယောက်က ... မတိမ်းမယိမ်းပါပဲ။ ဆရာဖြစ်တဲ့ ငါ့အမြင်မှာတော့ မင်းရဲ့ တိုးတက်မှုနှုန်းက အရမ်းမြန်တယ်... ပြီးတော့ ဆရာဖြစ်တဲ့ ငါ့ကို ခြိမ်းခြောက်နိုင်တာ မင်း ပထမဆုံးပဲ။ "

အာလီပိုင်က မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ချေ။

ထို့နောက် ဆက်ပြော၏။ "တာ့ကျင်းဘုရင်က မကြာခင် မြို့ထဲကို ဝင်လာတော့မှာဆိုတော့ ဆရာလည်း သေချာပေါက် ပြန်သွားရလိမ့်မယ်။ အရင်စကားကိုပဲ ထပ်ပြောပါ့မယ်... ပြန်ရောက်သွားရင် တာ့ကျင်းမှာ နေရာကောင်း ရမှာမဟုတ်ဘူး... ဒါပေမဲ့ ကျုပ်တို့ဆီမှာတော့ ဆရာ့အတွက် နေရာကို အမြဲတမ်း ချန်ထားပေးမယ်။

ကျုပ် အခုတလော စွမ်းဆောင်ရည်တွေ မလုံလောက်တော့သလို ခံစားနေရတယ်။ နေအိမ်တွေကို သိမ်းဆည်းပြီး ပြည်သူတွေကို ငွေကြေးတွေ ဝေငှပေးခဲ့တာကြောင့် ဖန်ထိုက်မြို့ထဲက အရာရှိတချို့က တိတ်တဆိတ် ကျုပ်အပေါ် မကျေမနပ် ဖြစ်နေကြပုံပဲ... ဒီအတိုင်း ရေရှည် ဆက်သွားနေလို့တော့ မဖြစ်ဘူး။

ပြဿနာ အတော်များများကို တပည့်ဖြစ်တဲ့ကျုပ်က ဆရာ့ရဲ့ အဖြေရှာပေးမှုအပေါ် အားကိုးနေရအုံးမှာပါ။ ကျုပ် သေသေချာချာ စဉ်းစားပြီးသွားပြီ... ဆရာ့ကို အချိန်တစ်နှစ် ပေးမယ်။

တစ်နှစ်ကြာပြီးတဲ့နောက် ဆရာ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့မယ်ဆိုရင်တော့ သဘာဝကျကျ အားလုံး ပျော်ရွှင်ရမှာပေါ့... အကယ်၍ မလာချင်ဘူးဆိုရင်တော့ ကျုပ်ဘက်ကနေ လူလွှတ်ပြီး အတင်းအကျပ် ပင့်ဆောင်ရလိမ့်မယ်။ "

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။ "ကြည့်စမ်း ... မင်း ထပ်ပြီး လောနေပြန်ပြီ။ တခြားသူတွေကို ဖိတ်ခေါ်တာ မင်းလိုမျိုး ဖိတ်ခေါ်တဲ့သူ မရှိဘူး။ မင်းလက်ထဲမှာ ငါ့ရဲ့ အားနည်းချက် ရှိနေရင်တောင်မှ ဆရာဖြစ်တဲ့ငါက ကိုယ်တစ်ယောက်တည်းရဲ့ အသက်ကို ကာကွယ်နိုင်ဖို့က ဘာပြဿနာမှ မရှိပါဘူး။ "

အာလီပိုင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ "ဟုတ်လို့လား။ ဆရာ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုတာကို ကျုပ် ယုံကြည်ပါတယ်... ဒါပေမဲ့ ဆရာ ဒီကနေ့လို အောင်မြင်မှုမျိုး ရရှိထားပြီးမှ သာမန်ဘဝလေးထဲမှာပဲ ကျေနပ်နေနိုင်မှာလား။ တချို့အရာတွေကို အခုချိန်မှာ ကျုပ် တစ်ယောက်တည်းကပဲ ခင်ဗျားကို ပေးနိုင်တာလေ။ "

ဖန်ကျန်းရီက အထင်အမြင်သေးစွာ ပြုံးလိုက်၏။

တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ... ငါက အာဏာကို လက်လွှတ်ရမှာ စိုးရိမ်နေလို့လား။ ငါက အိမ်က မိန်းမတွေ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတာဟ။

All Chapters