အခန်း ၈၃၅
Vol. 44 Ch. 835
အပိုင်း (၈၃၅) ခေါင်းဆောင်ကြီး ရောက်လာပြီ။
တော်ဝင်လမ်းမကြီးထက်တွင် တာ့ကျင်း၏ တပ်မကြီးက အဆုံးအစမရှိ ရှည်လျားစွာ ချီတက်လာခဲ့ကြသည်။
တပ်မ၏ အဆုံးပိုင်းတွင်မူ လက်နှစ်ဖက်ကို ချည်နှောင်ခံထားရပြီး အားအင်ကင်းမဲ့စွာ လိုက်ပါလာကြသော တာ့ကျင်၏ စစ်ရှုံးတပ်ဖွဲ့ဝင်များ ရှိနေ၏။
ကျင်းဘုရင်သည် မြင်းပေါ်တွင် စီးနင်းလိုက်ပါလာရင်း မျက်လုံးများက ဝေဝါးနေကာ တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးတောနေပုံ ပေါက်သည်။
ဤစစ်ပွဲ၏ အတွေ့အကြုံများကို ယခုအချိန်အထိ ပြန်လည်စဉ်းစားကြည့်ရာ သူသည် အိပ်မက်တစ်ခုလိုပင် ခံစားနေရဆဲ ဖြစ်၏။
လက်နက် အဆင့်မြှင့်တင်မှုများကြောင့် ရရှိလာသော တစ်ဖက်သတ် အနိုင်ရရှိမှုမျိုးက ယခင်က မည်သည့် စစ်ပွဲမျိုးတွင်မှ မကြုံဖူးခဲ့သော အရာမျိုး ဖြစ်သည်။
ဂိတ်တံခါးမှ ထွက်လာပြီးတည်းက တာ့ကျင်၏ မြင်းတပ်များက အဆက်မပြတ် လာရောက် နှောင့်ယှက်ခဲ့ကြသော်လည်း သေနတ်များ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် စစ်ကြောင်းဖွဲ့ကာ မတိုက်ခိုက်ဝံ့ကြချေ။
မြင်းတပ်သားများက နှစ်ယောက်တစ်စု ။ သုံးယောက်တစ်စု လူစုခွဲကာ လှုပ်ရှားနေကြခြင်းက မည်သည့် အရာကိုမှ မဖြစ်မြောက်စေနိုင်ဘဲ သူတို့ဘက်ကိုလည်း မည်သည့် ထိခိုက်မှုမျိုးမှ မဖြစ်ပေါ်စေခဲ့ပေ။
တိုက်ရင်းခိုက်ရင်းနှင့် အလွန် ထူးဆန်းသော ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့သည်။ ရွှေလူမျိုးများက ဖန်ထိုက်မြို့ လက်နက်ချပြီး ဖြစ်ကြောင်း ကိုယ်တိုင်ပြောဆိုလာကြပြီး တပ်မကြီးကို ထိုနေရာသို့ လမ်းညွှန် ခေါ်ဆောင်သွားလိုကြ၏။
အခြေအနေကို ကောင်းကောင်း သဘောမပေါက်သေးမီမှာပင် ပို၍ ထူးဆန်းသော ကိစ္စရပ်များ ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်သည်။
အမြဲတမ်း လာရောက် နှောင့်ယှက်နေခဲ့သော ရွှေစစ်တပ်က ကိုယ့်သဘောနှင့်ကိုယ် လက်နက်ချလာကြပြီး ဝူထူ၏ ဦးခေါင်းကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြ၏။
စုံစမ်းကြည့်ပြီးသည့် နောက်ကျမှသာ ဝူထူသည် သူ၏သားဖြစ်သူ လီယွမ်ကျောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ထိုကိစ္စကြောင့် ရက်အနည်းငယ် ဆက်တိုက်ဆိုသလို အောက်လက်ငယ်သား စစ်သူကြီးတစ်စု၏ ချီးကျူးမြှောက်ပင့်သံများက အဝေးရှိ ဖန်ထိုက်မြို့မှ လီယွမ်ကျောက်ထံသို့ ဦးတည်သွားကြရာ ကျင်းဘုရင်အား အလွန်အမင်း သာယာသွားစေခဲ့၏။
အိမ်ရှေ့မင်းသားက မြို့တော်မှာ သာမန်မဟုတ်တဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေကို ပြသခဲ့ဖူးပြီး အခု စစ်မြေပြင်မှာပါ ဒီလောက်တောင် ကြမ်းတမ်းနေပြီလား။ တကယ့်ကို ကိုယ်တော့်ရဲ့ သွေးသားစစ်စစ်ပဲ။
တွေးမိလေလေ ကျင်းဘုရင်၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ကျေနပ်သာယာမိလေလေ ဖြစ်လာခဲ့သည်။
ဤစစ်ပွဲ တစ်ပွဲတည်းနှင့်ပင် တာ့ကျင်းအတွက် နောင်ရေး စိုးရိမ်စရာများ မရှိတော့ချေ။ သမိုင်းမှတ်တမ်းများက သံမဏိလို ခိုင်မာနေသည် ဆိုပေမည့်လည်း ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးက နောင်လာနောက်သား သားမြေးများကို ဂုဏ်ယူဝင့်ကြွားစေရန် လုံလောက်နေပြီ ဖြစ်၏။
ထို့အပြင် အိမ်ရှေ့မင်းသားမှာလည်း တစ်ဦးတည်း ဦးဆောင်နိုင်မယ့် အရည်အချင်းတွေ ရှိလာပြီဆိုတော့ အရာအားလုံးက အလွန်ကို ပြည့်စုံလုံလောက်နေပုံ ပေါက်နေသည်။
သို့ပေမည့် ကျင်းဘုရင်၏ မျက်လုံးများအတွင်း၌ စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေဆဲ ဖြစ်၏။
ယခုအချိန်အထိ အရာအားလုံး ချောမွေ့နေသော်လည်း အိမ်ရှေ့မင်းသားက အခုချိန်မှာ ဖန်ထိုက်မြို့ထဲမှာ တကယ်ပဲ ရှိနေသလား၊ မရှိဘူးလား ဆိုတာကို သေချာ မသိရသေးပေ။
ထို့အပြင် ဖန်ကျန်းရီ၏ အခြေအနေက တကယ်ပဲ မည်သို့ရှိနေသနည်း ... အကယ်၍များ ကံမကောင်းစွာနှင့် တစ်ခုခု ဖြစ်သွားခဲ့လျှင် ဒုက္ခပင်။
သူ၏စိတ်ထဲတွင် အပျော်လွန်ပြီး အဖြစ်ဆိုးနှင့် ကြုံရမည်ကို အမြဲတမ်း စိုးရိမ်နေမိသည့် ခံစားချက်မျိုး ရှိနေ၏။
သို့သော်ငြား မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ အများကြီး တွေးတောနေခြင်းကလည်း အဓိပ္ပာယ်မရှိလှပေ။ ကျင်းဘုရင်သည် ခေါင်းကို မော့လိုက်ပြီး စိတ်ကို အနည်းငယ် ပြန်လည် တည်ငြိမ်စေကာ အရှေ့ဘက်သို့သာ စူးစိုက် ကြည့်လိုက်သည်။
……
ဖန်ထိုက်မြို့၏ အပြင်ဘက်တွင် လီယွမ်ကျောက်သည် သံတမန်အဖွဲ့နှင့် ရွှေအရာရှိအချို့ကို ခေါ်ဆောင်ကာ အပြင်ဘက်၌ အတူတကွ စောင့်ဆိုင်းနေကြ၏။
မနက်စောစောစီးစီးမှာပင် အာလီပိုင်က လူလွှတ်ကာ တာ့ကျင်းဘုရင် ရောက်လာတော့မည့်အကြောင်းကို သံတမန် အဖွဲ့ဝင်များအား အသိပေးခဲ့ပြီး ကင်းထောက်များကို ကြိုတင်လွှတ်ကာ စုံစမ်းထားပြီး ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။
ထို့ကြောင့် လူတိုင်းမှာ အရှင်မင်းကြီး မြို့ထဲသို့ ဝင်ရောက်လာခြင်းကို လွတ်သွားမည်စိုးသောကြောင့် အပြင်ဘက်တွင် စောစောစီးစီး လာရောက် စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
သံတမန်အဖွဲ့ဝင်များမှာ အလွန်အမင်း ပျော်ရွှင်နေကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ မျက်နှာသွင်ပြင်များက စိတ်လှုပ်ရှားနေကြသည်။
တာ့ကျင်းတိုင်းပြည်ထဲတွင် ရင်တဖိုဖိုနှင့် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ အေးချမ်းသွားမည့် အချိန်အခါတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဤနေရာတွင် နေထိုင်ရသည်က တကယ့်ကို မဆိုးလှကြောင်း မှတ်ချက်ပြုနိုင်သည်။ စားစရာ သောက်စရာတွေရှိပြီး အလုပ်သွားစရာ မလိုဘဲ နေ့တိုင်း စစ်တုရင် ကစားကာ တခြားသူများနှင့် ကဗျာလင်္ကာ အကြောင်းများကို စကားစမြည် ပြောဆိုနေနိုင်သည်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စစ်ဖြစ်နေတဲ့ အချိန်အခါမျိုးလေ... ဘယ်အချိန်မှာ မမျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကို ဘယ်သူကမှ သေချာ မပြောနိုင်ဘူး။
အခုတော့ ကောင်းသွားပြီ... နောက်ဆုံးတော့ ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပြီပဲ။ စိတ်ညစ်စရာကောင်းတာက ဖန်ကျန်းရီဘက်က ကိစ္စတွေကို ဘယ်လို ရှင်းပြရမလဲဆိုတာကို မသိသေးတာပဲ။
အထူးသဖြင့် မာချန်ပင် ဖြစ်၏။ သူသည် တပ်ကို ဦးဆောင်ရသော အရာရှိတစ်ဦး ဖြစ်နေသောကြောင့် ပို၍တောင် ခေါင်းကိုက်နေရသည်။
ပုံမှန် သဘောတရားအရ ပြောရလျှင် ဖန်ကျန်းရီက ကိစ္စတိုင်းကို အားလုံး၏ အရှေ့မှနေ၍ ရင်ဆိုင ်ဖြေရှင်းပေးခဲ့သောကြောင့်သာ သံတမန်အဖွဲ့အတွက် အေးချမ်းပြီး သက်တောင့်သက်သာရှိသော ဘဝကို ရရှိစေခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ဖန်ကျန်းရီ က ဘုရင်သွားလုပ်သည့်အပြင် အလှပန်းလေး နှစ်ပွင့်နှင့်တောင် လက်ထပ်ခဲ့သေးသည်။
ဤလုပ်ရပ်များကြောင့် သံတမန်အဖွဲ့ တစ်ဖွဲ့လုံး ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး တကယ်ပဲ ဘာတွေဖြစ်ပျက်နေမှန်း ဘယ်သူမှ နားမလည်နိုင်ခဲ့ကြချေ။
ခဏနေ အရှင်မင်းကြီးနှင့်တွေ့လျှင် သေချာပေါက် မေးပေလိမ့်မည်။ ထိုအရာကို မည်သို့ ဖြေရှင်းရမည်နည်း။
မာချန်က အတန်ကြာ စဉ်းစားပြီးနောက် မျက်နှာပူပူနှင့် လီယွမ်ကျောက်၏အနီးသို့ ကပ်သွားကာ မေးလိုက်၏။ "အိမ်ရှေ့စံမင်းသား... ခဏနေ အရှင်မင်းကြီးနဲ့ တွေ့ရင် သခင်လေးဖန်ရဲ့ ကိစ္စတွေကို ဘယ်လို ရှင်းပြရမလဲ။ "
လီယွမ်ကျောက်က ပြန်ဖြေသည်။ "ဘာကို ဘယ်လို ရှင်းပြရမှာလဲ။ သိထားတာတွေကို ခမည်းတော်ဆီ ပြောပြလိုက်ရင် ရပြီလေ... ကျန်တာတွေကို ဖန်ကြီးကိုယ်တိုင် ရှင်းပြပါစေ... ခင်ဗျားတို့က ဘာကို စိုးရိမ်ပူပန်နေရတာလဲ။ "
"မဟုတ်ဘူးလေ အိမ်ရှေ့မင်းသားရဲ့။ မင်းသားနဲ့ သူ့ကြားက ဆက်ဆံရေးက အရမ်း အကဲဆတ်တယ်... ဒီလိုကိစ္စမျိုး ဖြစ်သွားတော့ အရှင်မင်းကြီး သံသယဝင်သွားမှာပေါ့ ... ပြီးတော့ သူက ဘုရင့်သားမက် ဖြစ်နေလျက်နဲ့ နောက်ထပ် မိန်းမနှစ်ယောက်ကို ထပ်ယူလိုက်တာကို ဘယ်လို ပြောရမလဲ။ "
လီယွမ်ကျောက်မှာ တုန်လှုပ်သွား၏။ "ဘာ ... ဘာကိစ္စ။ ခင်ဗျား လျှောက်မပြောနဲ့နော်... ဖန်ကြီးက မိန်းမယူတဲ့ ကိစ္စကို ကျုပ်ဆီ တစ်ခွန်းမှ မပြောပြဘူး။ "
မာချန်က မျက်စိမှိတ်လိုက်ပြီး အခက်တွေ့နေသော ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "တကယ်ပါ။ ကျုပ် တစ်ပြားသားမှ လိမ်မပြောပါဘူး။ "
လီယွမ်ကျောက်မှာ ခေတ္တ မှင်သက်သွားပြီးနောက် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဟာ ... ချီးတဲ့မှ။ ဖန်ကြီး … ဒီ ခွေးသူခိုးက ကျုပ်ကို ဖုံးကွယ်ထားတာကိုး။ သူ့အတွက် သွားပြီး ရှင်းပြမနေနဲ့၊ သေချင်တဲ့နေရာ သွားသေပါစေ။
ဒီကောင်က ကျုပ်ဆီမှာများ မတရားခံရတဲ့ ပုံစံမျိုး လာလုပ်နေသေးတယ်... တကယ်တမ်းကျတော့ ခိုးကြောင်ခိုးဝှက်နဲ့ မိန်းမနှစ်ယောက်တောင် ယူထားသေးတာကိုး။ သူ့ကို ဘုရင်လုပ်ခိုင်းတဲ့ ခဏအတွင်း ကိုယ့်အတွက် အကျိုးအမြတ် ရှာဖို့ မမေ့ဘူးပေါ့လေ။ "
မာချန်က အမြန်ဖျောင်းဖျလိုက်သည်။ "အိမ်ရှေ့စံမင်းသား... ဒီအထဲမှာ ဒီလောက် ရိုးရှင်းမယ် မထင်ဘူး... တခြား အတွင်းရေး ကိစ္စတွေ ရှိနေလောက်တယ်။ စောစောစီးစီး အဆုံးအဖြတ် မပေးပါနဲ့အုံး.. သခင်လေးဖန် ကိုယ်တိုင် ရှင်းပြပါစေ။ "
အတွင်းရေး ကိစ္စဟု ပြောလိုက်ချိန်မှာတော့ လီယွမ်ကျောက်သည် ချက်ချင်း တည်ငြိမ်သွားခဲ့၏။
ဟုတ်သားပဲ... ဒီလူ့ဆီမှာ အာလီပိုင် ဖမ်းချုပ်ထားတဲ့ အားနည်းချက် တစ်ခုခု ရှိနေတာကိုး။
ဒါပေမဲ့ မိန်းမပေးတဲ့ လုပ်ရပ်ကြီးက ... အားနည်းချက်ကို ဒီလိုမျိုး အသုံးပြုလေ့ ရှိလို့လား။ ထားလိုက်ပါတော့လေ... သူကိုယ်တိုင်ပဲ ရှင်းပြပါစေ၊ ဂရုမစိုက်တော့ဘူး။
မွန်းတည့်ချိန်သို့ ရောက်ရှိလာသော်လည်း သံတမန်အဖွဲ့ဝင်များမှာ ခေါင်းမော့ကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
အဝေးမှနေ၍ တပ်မကြီးတစ်ခု ဖြည်းဖြည်းချင်း ချီတက်လာပြီး လူတိုင်း၏ရှေ့တွင် ပေါ်လာချိန်မှာတော့ တစ်စုံတစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်၏။ "လာပြီ။ "
သူ၏အော်ဟစ်သံကြောင့် မူလက ရှုပ်ပွနေသော နေရာကြီးမှာ ချက်ချင်းပင် သပ်ရပ်ပြီး စည်းကမ်း ကျနသွားခဲ့သည်။
အရာရှိများသည် ကိုယ့်ရာထူးအဆင့်အတန်းအလိုက် အလိုအလျောက် တန်းစီလိုက်ကြပြီး လေးနက် တည်ကြည်သော မျက်နှာထားများဖြင့် ထိုနေရာတွင် ရပ်နေလိုက်ကြ၏။
ကျင်းဘုရင် ရောက်လာချိန်မှာတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် သံတမန်အဖွဲ့ကို မြင်တွေ့လိုက်ရသည်။
ဒုတိယ အကြိမ် ကြည့်ရှုလိုက်ချိန်မှာတော့ မြို့တံခါးပေါက်ဆီသို့ တိုက်ရိုက် မြင်တွေ့သွားခဲ့၏။
ပေါက်ကွဲ ပျက်စီးသွားသော မြို့တံခါးကြီးကို ပြန်လည် မပြုပြင်ရသေးဘဲ ဟာလာဟင်းလင်း တံခါးပေါက်ကြီးသာ ကျန်ရစ်တော့သည်။
တံခါးပေါက်၏ ဘယ်ညာရှိ မြို့ရိုးထက်တွင်လည်း ယမ်းမှုန့် ပေါက်ကွဲထားသော သဲလွန်စများ ကျန်ရှိနေသေး၏။
ကျင်းဘုရင်၏ စိတ်ထဲတွင် မသိမသာ ထိတ်လန့်သွားခဲ့ရသည်။
ယမ်းမှုန့်တွေ ... ဒီ ခွေးသူခိုးက လူသုံးထောင်လောက် ခေါ်သွားပြီး မြို့ကို ဝင်တိုက်ရဲတယ်ပေါ့။ အသက်မရှင် ချင်တော့ဘူးလား။
ကံကောင်းစွာဖြင့် ပို၍ နီးကပ်လာသည့် အချိန်တွင် သံတမန်အဖွဲ့ဝင်များ၏ မျက်နှာများက တဖြည်းဖြည်း ရှင်းလင်းလာပြီး ဦးဆောင်သူ လီယွမ်ကျောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့လိုက်ရ၏။
ထိုအခါကျမှသာ ကျင်းဘုရင်သည် စိတ်ကို အနည်းငယ် လျှော့ချလိုက်နိုင်သည်။
လီယွမ်ကျောက်က ခမည်းတော် ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် အပြုံးမျက်နှာဖြင့် အမြန်လျှောက်သွားကာ ကြိုဆိုလိုက်၏။
ဟားဟား ... ကျုပ်က ဝူထူကို ကိုယ်တိုင် ခေါင်းဖြတ်သတ်ခဲ့ပြီး လူသုံးထောင်နဲ့ နှစ်သောင်းကျော်ကို ဖြိုခွင်းနိုင်ခဲ့တာဆိုတော့ ခမည်းတော်တော့ ဝမ်းသာလွန်းလို့ သေတော့မှာပဲ။
သူ အရှေ့သို့ တိုးသွားမည့်ဆဲဆဲမှာပင် မမျှော်လင့်ဘဲ ကျင်းဘုရင်၏ မျက်လုံးများအတွင်း၌ ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်လာကာ သူ့ထံသို့ ရက်ရက်စက်စက် စူးစိုက်ကြည့်လာခဲ့သည်။
"ကိုယ်တော့်ရှေ့မှာ ဒူးထောက်စမ်း။ "
လီယွမ်ကျောက်သည် ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ဘုန်းခနဲ မြေပြင်ထက်သို့ ဒူးထောက်ချလိုက်၏။
နောက်တစ်ခဏ ကြာမှသာ သတိပြန်ဝင်လာပြီး ခေါင်းကို မော့ကာ လည်ပင်းကို စောင်းလျက် ကျင်းဘုရင်အား မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ "
ကျင်းဘုရင်က အေးစက်စွာ ပြောလိုက်၏။ "မင်းကများ စကားပြန်ပြောဝံ့သေးတယ်ပေါ့။ ခွင့်ပြုချက်မရှိဘဲ စစ်တပ်ကို အပြင်ခေါ်ထုတ်သွားပြီး စစ်မှန်တဲ့ အမိန့်ကို ဖောက်ဖျက်တာ ဘာအပြစ်ပေးသင့်သလဲ။ "
လီယွမ်ကျောက်က ဒေါသတကြီး ပြန်ပြောသည်။ "သားတော်မှာ ဘာအပြစ်မှ မရှိဘူး။ "
ဒူးနှစ်ဖက်ကို တိတ်တဆိတ် အနည်းငယ် ရွှေ့လိုက်၏။
ဒီမြေကြီးက နည်းနည်း မညီမညာ ဖြစ်နေတယ်။
"သားတော်က ဝူထူကို ကိုယ်တိုင် ခေါင်းဖြတ်သတ်ခဲ့ပြီး စစ်ရှုံးတပ်သားတွေကို ဝူထူရဲ့ ခေါင်းကို ကိုင်ဆောင်စေကာ တခြား အကြွင်းအကျန် တပ်ဖွဲ့တွေကို သွားရောက် လက်နက်ချခိုင်းခဲ့တာလေ။ သားတော်က ပထမအဆင့် ဂုဏ်ပြုဆုကို ရသင့်တာ၊ ဘာအပြစ်ရှိမှာမလို့လဲ။ "
သံတမန်အဖွဲ့ဝင်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
တွေ့တွေ့ချင်း နှုတ်ဆက်စကားတောင် မပြောရသေးခင်မှာ သားအဖနှစ်ယောက် အရင်ချနေကြပြီဆိုတော့ ဘယ်လို အခြေအနေကြီးလဲ။
ကျင်းဘုရင်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။ "ဖရိုဖရဲ စစ်သားတစ်စုကို အနိုင်ရလိုက်ရုံနဲ့ ကိုယ်တော့်ဆီမှာများ လာပြီး ဂုဏ်ယူဝင့်ကြွားပြဝံ့သေးတယ်ပေါ့... တကယ့်ကို အရှက်မရှိတဲ့ စကားတွေပဲ။ "
"အဲဒါက ခမည်းတော် တိုက်ယူခဲ့တာမှ မဟုတ်တာ... ဖရိုဖရဲ စစ်သားတွေဆိုရင် ဘာဖြစ်လို့ ခမည်းတော်က ဝူထူရဲ့ ခေါင်းကို ဖြတ်မလာခဲ့တာလဲ။ သားတော် မှတ်မိသလောက်တော့ ခမည်းတော် ထွက်လာချိန်တုန်းက ဝူထူကို ကိုယ်တိုင် သတ်မယ်လို့ အမြဲတမ်း ပြောနေခဲ့သားပဲ... ဘာဖြစ်လို့ သူ့ကို ထွက်ပြေးခွင့် ပြုလိုက်ရတာလဲ။ အို ... ပြီးတော့ သူက ဘာဖြစ်လို့ သားတော်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတာလဲ။ ဘယ်လိုဖြစ်ရတာလဲ... ဘယ်လိုလုပ် ဖြစ်ရတာလဲ။ "
လီယွမ်ကျောက်က ပါးစပ်မှ အဆက်မပြတ် ရေရွတ်နေဆဲ ဖြစ်၏။
ဤလမ်းတစ်လျှောက်လုံး တိုက်ခိုက်လာခဲ့ရသည်မှာ ပထမက စစ်ရေးဗျူဟာဖြစ်ပြီး ဒုတိယက သတ္တိပဲ ဖြစ်သည်။
ဖခင်အရင်း ဖြစ်နေသော်လည်း သူသည် လူကို ရှုံးရင်ရှုံးပါစေ၊ စိတ်ဓာတ်ကိုတော့ အရှုံးမပေးနိုင်ပေ... ထို့အပြင် သူက ကောင်းကင်လောက် ကြီးမားသော စစ်ရေးစွမ်းဆောင်မှုကြီး ရှိနေသေး၏။
အဖေအရင်း ဖြစ်တော့ကော ဘာဖြစ်လဲ။
လီယွမ်ကျောက်သည် ဤမျှလောက်အထိ ဘဝင်မြင့်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိသောကြောင့် ကျင်းဘုရင်သည် သူ၏နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရ၏။
အဆုတ်များပင် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားပြီး ရင်ဘတ်ကြီးက နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"အပြင်ကို တစ်ခေါက် ထွက်လာတာနဲ့ မင်းရဲ့ ပါးစပ်က အတော်လေး အပြောကောင်းလာခဲ့ပြီပေါ့လေ။ မင်း ဒီနေရာမှာပဲ ဆက်ပြီး ဒူးထောက်နေလိုက်စမ်း။ "
လီယွမ်ကျောက်က ခံပြင်းစွာ ပြန်ပြော၏။ "ဒူးထောက်ဆိုလည်း ထောက်ရုံပေါ့။ ဒါပေမဲ့ သားတော်က စစ်ရေးစွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့တယ်... စစ်သူကြီးတစ်ယောက်အတွက် အဆိုးရွားဆုံးက ဆုပေးဒဏ်ပေး မပီပြင်တာပဲ... စစ်မြေပြင်မှာ သားအဖဆိုတာ မရှိဘူး။ "
ကျင်းဘုရင်သည် လီယွမ်ကျောက်အား တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ခွေး ... ခွေးသူခိုး … မင်း ပုန်ကန်ချင်နေတာ မဟုတ်လား။ "