အခန်း ၈၃၇
Vol. 44 Ch. 837
အပိုင်း (၈၃၇) ယောက္ခမနှင့် သားမက် ထိပ်တိုက်တွေ့ခြင်းနှင့် ကျန်းရီ အပျင်းထူခြင်း။
"ဒီလောက် မြန်မြန်ကြီးလား... အရှင်မင်းကြီး လမ်းတစ်လျှောက်လုံး ခရီးနှင်လာရတာ ပင်ပန်းတော်မူလှပြီကို ရက်အနည်းငယ်လောက် ဆက်ပြီး အနားမယူတော့ဘူးလား။" ဖန်ကျန်းရီက အံ့အားသင့်စွာ လျှောက်တင်လိုက်သည်။
ကျင်းဘုရင်က မေးလိုက်၏။ "ဘာလဲ … မင်းက ဒီမှာဘုရင်လုပ်ရတာကို အားမရသေးလို့ အိမ်မပြန်ချင်တော့ဘူးလား။ "
ကြည့်ရသည်မှာ သူ၏စိတ်ထဲတွင် သဘောထားတစ်ခုခု ရှိနေဆဲ ဖြစ်သည်။ ဤအရာက သူ့ကို စကားနှင့် လာထိုးနှက်နေခြင်း မဟုတ်ပါလား။
ဖန်ကျန်းရီက မျက်နှာကို ရှုံ့မဲ့ကာ လျှောက်တင်၏။ "ကျွန်တော်မျိုး အဲဒီလို သဘောမရပါဘူး... အပြင်ဘက်မှာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အိမ်လောက်တော့ မကောင်းနိုင်ပါဘူး။ ပြီးတော့ နိုင်ငံတော်ဆရာကြီးဖါးပါးနဲ့ အာလီပိုင်တို့ဆီမှာလည်း အရှင်မင်းကြီးနဲ့ တိုင်ပင်ဆွေးနွေးစရာ ကိစ္စတွေ အများကြီး ရှိနေအုံးမယ်လို့ ကျွန်တော်မျိုး ခန့်မှန်းမိပါတယ်။ "
"တိုင်ပင်ဆွေးနွေးမယ် ဆိုရင်တောင်မှ ဒီနေရာမှာ ဆွေးနွေးနေစရာ မလိုပါဘူး... ရွှေတိုင်းပြည်ရဲ့ ရှုခင်းတွေကိုလည်း ကိုယ်တော် ကြည့်ရှုလို့ ဝသွားပါပြီ။ ပြီးတော့ ဒီတစ်ခေါက် အပြင်ဘက်မှာ နေခဲ့ရတဲ့ အချိန်က တကယ့်ကို ကြာမြင့်လွန်းနေပြီး ဗဟိုအစိုးရနဲ့ ကင်းကွာနေခဲ့တာ ကြာပြီ။ အကြီးအငယ် ကိစ္စရပ်တွေက ရှုပ်ထွေး များပြားတော့ တစ်ရက်လေးတောင် ပစ်ထားလို့မရဘူး... စောစောစီးစီး ထွက်ခွာတာ အကောင်းဆုံးပဲ။ "
ကျင်းဘုရင်က စကားပြောအပြီးတွင် လေယူလေသိမ်းကို ပြောင်းလဲလိုက်သည်။ "မင်း လက်ထပ်ထားတဲ့ အဲဒီ မိန်းမနှစ်ယောက်က နန်းတော်ထဲမှာ ရှိနေသလား... ကိုယ်တော် တစ်ချက်လောက် မြင်ဖူးအောင် ခေါ်ခဲ့စမ်းပါ။ ကိုယ်တော့်ရဲ့ သမီးတော်ထက် ပိုသာတဲ့ မိန်းမမျိုးက ဘယ်လို မိန်းမမျိုးလဲဆိုတာကို ကိုယ်တော် တကယ် သိချင်လှသားပဲ။ "
"မရှိပါဘူး မရှိပါဘူး... ခမည်းတော် လျှောက်ပြီး မထင်မြင်ပါနဲ့... ဒါက မမျှော်လင့်တဲ့ ကိစ္စလေးပါ ..."
ဖန်ကျန်းရီ၏ နဖူးထက်မှ ချွေးစေးများ စီးကျလာခဲ့၏။ မျက်လုံးကို ပင့်ကာ ကျင်းဘုရင်အား တစ်ချက်ကြည့်လိုက်ရာ သူ့အား စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုတော့သည်ကို မြင်လိုက်ရသည်။
ဖန်ကျန်းရီက စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။ "ခမည်းတော် ခေတ္တမျှ စောင့်ဆိုင်းတော်မူပါ... သားတော် အခုသွားပြီး အမြန်ပြန်လာခဲ့ပါ့မယ်။ "
ချီးတဲ့မှ ... ကြည့်ချင်လည်း ကြည့်ပါစေတော့လေ။ ဒီကနေ့ပဲ အားလုံးကို ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်တာ အကောင်းဆုံးပဲ... ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စလို့ သတ်မှတ်နိုင်တာပဲ။
ကိုယ့်ရဲ့ အပျင်းထူပြီး ဘာမှမလုပ်ချင်တဲ့ ပုံစံမျိုးကို ပိုပြီး ခိုင်မာသွားအောင် အခွင့်ကောင်းယူ လုပ်ဆောင်လိုက်မှပဲ... နောက်ပိုင်းကျရင် ပြဿနာ အတော်များများကို လျှော့ချနိုင်လိမ့်မယ် ထင်တယ်။
အချိန်မကြာလိုက်မီမှာပင် ဖန်ကျန်းရီသည် ချူချင်ဟန် ညီအစ်မနှစ်ဦးကို ခေါ်ဆောင်ကာ ခန်းမဆောင်ကြီး အတွင်းသို့ ရောက်ရှိလာခဲ့၏။
ချူချင်ဟန်နှင့် ချူယိုယီတို့မှာ ကြောင်တောင်တောင် ဖြစ်နေကြဆဲဖြစ်ပြီး နဂါးပလ္လင်တော်ထက်ရှိ ကျင်းဘုရင်အား ကြည့်ကာ အခြေအနေကို ကောင်းကောင်း သဘောမပေါက်သေးချေ။
ဖန်ကျန်းရီက တိုးတိုးလေး အမြန်သတိပေးလိုက်သည်။ "ဒါ အရှင်မင်းကြီးပဲ... ကြောင်မနေကြနဲ့တော့၊ အမြန် အရိုအသေပေးကြလေ။ "
ချူချင်ဟန်က ပါးစပ်ကို ဟလိုက်ပြီး သူမ၏ လှပသော လက်နှစ်ဖက်ဖြင့် ခါးပတ်ကြိုးကို အတင်းအကျပ် ဆုပ်ကိုင်ထားလိုက်၏။ ချူယိုယီမှာမူ လုံးဝကို မလှုပ်ရှားတော့ချေ။
အရှင်မင်းကြီး ... တာ့ကျင်းရဲ့ ဘုရင်ကြီး ဟုတ်လား။ စောစောက ဖန်ကျန်းရီ သူတို့ကို လာရှာချိန်တုန်းက စကားတစ်ခွန်းခန့် ပြောခဲ့ပြီးနောက် ဘာမှ ရှင်းပြခွင့်မပြုဘဲ ခန်းမဆောင်ကြီးထဲသို့ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။
မိန်းကလေး နှစ်ဦးစလုံးသည် အရာအားလုံးက အိပ်မက်တစ်ခုလို လွန်ကဲနေကြောင်းကိုသာ ခံစားနေရ၏။ ရွှေတိုင်းပြည်၏ နန်းတော်ထဲမှာ ရှိနေပြီး ဂါရဝပြုနေရသည်က တာ့ကျင်း၏ ဘုရင်ကြီး ဖြစ်နေ၏။
ဘာပဲဖြစ်ဖြစ် ချူချင်ဟန်သည် ပထမဆုံးအကြိမ်အဖြစ် သတိပြန်ဝင်လာပြီး ချူယိုယီအား ဆွဲကာ အလျင်အမြန် ဦးညွှတ်လိုက်သည်။ "ကျွန်တော်မျိုးမ ချူချင်ဟန် (ချူယိုယီ) က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "
ကျင်းဘုရင်က တည်ငြိမ်စွာ မိန့်ကြားလိုက်၏။ "တာ့ကျင်းရဲ့ ပြည်သူတွေ ဖြစ်နေတာကိုး... ထကြ။ "
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ "
ချူချင်ဟန်က ချူယိုယီအား ဆွဲထူလိုက်ပြီး ထိတ်လန့်တကြားဖြင့် ထိုနေရာတွင်ပင် ရပ်နေလိုက်သည်။
အတန်ကြာပြီးနောက် ကျင်းဘုရင်က မေးလိုက်၏။ "မင်းတို့နှစ်ယောက်က ဖန်ကျန်းရီကို လက်ထပ်လိုက်တာ... သူက မင်းတို့နှစ်ယောက်ကို အတင်းအကျပ် ဖိအားပေးခဲ့သေးသလား။ "
ချူယိုယီက ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်သည်။
ချူချင်ဟန်က အလျင်အမြန် လျှောက်တင်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... အတင်းအကျပ် ဖိအားပေးတာမျိုး မရှိခဲ့ပါဘူး။ "
"ဒါဆိုရင် မင်းတို့က နှစ်ဦးနှစ်ဖက် သဘောတူ ချစ်ကြိုက်ခဲ့ကြတာပေါ့။ "
"ကျွန်တော်မျိုးမ ... ကျွန်တော်မျိုးမ ..."
ချူချင်ဟန်မှာ စကားထစ်အနေပြီး ဘာမှ ဆက်မပြောနိုင်တော့ချေ။
ကျင်းဘုရင်၏ အဆင့်အတန်းနှင့် မြင့်မားလှသော ပုံရိပ်ကြီးက သူမ၏အမြင်တွင် ဖိအားများ အပြည့်အဝ ပေးစွမ်းနေသည်။ စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူ ဆိုပေမည့်လည်း ဤမျှလောက် ကွာခြားလှသော အဆင့်အတန်းကို ရင်ဆိုင်ရချိန်တွင် သူမ၏ စိုးရိမ်ပူပန်မှုများက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေခဲ့ပြီ ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ သူမသည် လုံးဝကို လျှောက်မပြောရဲခြင်း ဖြစ်သည်။ ဖန်ကျန်းရီ၏ အဆင့်အတန်းက အလွန် အကဲဆတ်လှရာ အကယ်၍ စကားတစ်ခွန်း မှားယွင်းသွားပါက ကောင်းကင်လောက် ကြီးမားသော အပြစ်ကြီး ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် ချူချင်ဟန်၏ စိတ်ထဲ၌ အဘယ်ကြောင့်မှန်းမသိ စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏ ... ကိုယ်တိုင်ကသာ ညီမလေး ဖြစ်နေခဲ့ရင် သိပ်ကောင်းမှာပဲ။
ချူယိုယီမှာမူ ငန်းတောင်တောင် တစ်ကောင်ကဲ့သို့ ထိုနေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်။
ချူချင်ဟန် အချိန်အတော်ကြာ တတွတ်တွတ် ပြောနေသော်လည်း ပြည့်စုံသော ဝါကျတစ်ကြောင်းကိုပင် မပြောနိုင်သေးသည်ကို မြင်လိုက်ရသောကြောင့် ကျင်းဘုရင်က ထပ်မေးလိုက်သည်။ "မင်းတို့က ဖန်ကျန်းရီရဲ့ အဆင့်အတန်းကို သိကြရဲ့လား။ "
"သိ ... သိပါတယ်။ " ချူချင်ဟန်က ခက်ခက်ခဲခဲ ပြောလိုက်၏။
ဖန်ကျန်းရီမှာ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေပြီး သူသည် ဖွင့်ပြော ရှင်းပြရန် အခက်ခဲဆုံးသူ ဖြစ်နေသည်။
အာလီပိုင်က အတင်းအကျပ် ထည့်ပေးလိုက်တာပါလို့ လျှောက်တင်လို့မှ မရနိုင်တာ။ အကယ်၍ အတင်းအကျပ် ထည့်ပေးလိုက်တယ် ဆိုရင်တောင်မှ မင်းက ဘာဖြစ်လို့ မငြင်းဆန်ခဲ့တာလဲလို့ မေးလာမှာပဲ။ ဒီအတိုင်း ဆက်မေးနေရင်တော့ ဒုက္ခရောက်တော့မယ်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဖန်ကျန်းရီက အရှေ့သို့ လျင်မြန်စွာ တိုးထွက်သွားလိုက်သည်။ "အရှင်မင်းကြီး ... ဒီက ကိစ္စတွေက သူတို့နဲ့ ဘာမှမဆိုင်ပါဘူး... အားလုံးက ကျွန်တော်မျိုး တစ်ယောက်တည်းရဲ့ အပြစ်တွေပါ။ အရှင်မင်းကြီး အပြစ်ပေးချင်ရင် ကျွန်တော်မျိုး တစ်ယောက်တည်းကိုသာ အပြစ်ပေးတော်မူပါ။ "
ကျင်းဘုရင်၏ မျက်နှာသွင်ပြင်က လုံးဝကို မပြောင်းလဲပေ။ သူ၏ စိတ်နှလုံးကို ခန့်မှန်း၍မရနိုင်ချေ။
ချူချင်ဟန် ညီအစ်မနှစ်ဦးဘက်သို့ လှည့်ကာ လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းပြလိုက်၏။ "မင်းတို့ အရင် သွားနှင့်ကြတော့။ "
ဖန်ကျန်းရီက တိုးတိုးလေး အမြန်ပြောလိုက်သည်။ "အရှင်မင်းကြီးက မင်းတို့ကို သွားခိုင်းနေပြီလေ... မသွားကြသေးဘူးလား။ "
ချူချင်ဟန် ညီအစ်မနှစ်ဦး၏ မျက်လုံးများအတွင်း၌ စိုးရိမ်ပူပန်မှုများ ရှိနေပြီး ဖန်ကျန်းရီအား ကြည့်နေကြ၏။ သူ ခေါင်းကို ခပ်ဖွဖွ ခါယမ်းပြလိုက်သည်ကို မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် အကူအညီမဲ့စွာ ဆုတ်ခွာ သွားခဲ့ကြ၏။
ကျင်းဘုရင်က မိန့်ကြားလိုက်သည်။ "မင်းရဲ့ အမြင်ကတော့ မဆိုးပါဘူး။ ဒီ ညီအစ်မနှစ်ယောက်က တာ့ကျင်းရဲ့ ပြည်သူတွေ ဖြစ်နေလျက်နဲ့ ဘာဖြစ်လို့ ရွှေတိုင်းပြည်ဆီ ရောက်နေရတာလဲ။ "
"သူတို့က မူလက ကျွန်တော်မျိုး ယူတိန့်မြို့မှာ သိကျွမ်းခဲ့တဲ့သူတွေပါ... နောက်ပိုင်းကျမှ မြို့တော်ဆီ ပြောင်းရွှေ့နေထိုင်လာကြတာပါ။ ရွှေတိုင်းပြည်ဆီ လာပြီး စီးပွားရေး လုပ်ချင်တယ်လို့ ကျွန်တော်မျိုး ကြားသိရတော့ သူတို့ကို သံတမန်အဖွဲ့နဲ့အတူ ဒီနေရာကို လိုက်ပါလာခွင့် ပြုလိုက်တာပါ။ နိုင်ငံနှစ်ခု စစ်ဖြစ်ကြပြီး ကျွန်တော်မျိုးနဲ့အတူ တစ်နေရာတည်းမှာ ပိတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ "
"ဒါကြောင့် မင်း ရွှေတိုင်းပြည်ဆီ ရောက်ပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပြီးတာနဲ့ တစ်ပြိုင်နက် အလှအပကို မြင်ပြီး စိတ်ဖောက်ပြန်လာကာ အိမ်က ဇနီးနဲ့ သားသမီးတွေကိုတောင် ဂရုမစိုက်တော့ဘဲ ထင်ရာစိုင်း ခဲ့တာပေါ့လေ။ " ကျင်းဘုရင်က လေးနက်သော လေယူလေသိမ်းဖြင့် မိန့်ကြားလိုက်သည်။
ဖန်ကျန်းရီ၏ လည်ချောင်းမှာ ခြောက်ကပ်သွား၏။ "သားတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အသိတရားက မမြင့်မားလှပါဘူး ... အတော်လေးကို အောက်တန်းကျပါတယ်... သားတော် အပြစ်ကို ဝန်ခံပါတယ်။ "
"..."
သူ ဤမျှလောက် ရိုးသားပွင့်လင်းနေသည်ကို မြင်လိုက်ရသောကြောင့် ကျင်းဘုရင်မှာ စကားပြောရန်ပင် ဆွံ့အသွားခဲ့သည်။
သူတို့နှစ်ဦး အတန်ကြာ တိတ်ဆိတ်သွားပြီး နောက်ကျမှသာ ကျင်းဘုရင်က စကားစလိုက်၏။ "နိုင်ငံနှစ်ခု စစ်ဖြစ်ကြချိန်မှာ မင်းက အပြင်ဘက်ကို လျှို့ဝှက်သတင်းတွေ ပို့ပေးခဲ့ပြီး အတွင်းပိုင်းမှာ သံတမန်အဖွဲ့ကို ကာကွယ်ပေးခဲ့တယ်ဆိုတော့ စွမ်းဆောင်ရည်က အလွန် ကြီးမားတယ်လို့ ဆိုနိုင်တယ်။ ရွှေတိုင်းပြည်က တာ့ကျင်းရဲ့လက်အောက်ကို လုံးဝ ကျရောက်သွားခဲ့ပြီ... ဒီလို စွမ်းဆောင်ရည်မျိုးက အရင်က ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာမျိုးပဲ။ မင်းရဲ့ စွမ်းဆောင်ရည်တွေအရ မှူးမတ်အဖြစ် ချီးမြှောက်ခံရရင်တောင်မှ လွန်ကဲတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ... အဲဒါက တိုင်းရေးပြည်ရာ ကိစ္စလေ။
ဒါပေမဲ့ ကိုယ်တော် အခု မင်းနဲ့ ပြောချင်တာက မိသားစု ကိစ္စပဲ။ မင်းက မြင့်မြတ်တဲ့ သားမက်တော် တစ်ယောက်ဖြစ်နေတာကို စည်းမျဉ်းအရပြောရရင် နန်းတွင်းအရာရှိအဖြစ် အမှုထမ်းစရာ မလိုဘူး။ အောက်ကလူတွေဆီကနေလည်း အမြဲတမ်း ဖိအားတချို့ ရှိနေခဲ့တယ်...။
ဒါပေမဲ့ ကိုယ်တော်က မင်းလို ထူးချွန်တဲ့သူ တစ်ယောက်ကို အလဟဿ မဖြစ်စေချင်ဘူး... ပြီးတော့ ကိုယ်တော်နဲ့ တစ်မိသားစုတည်းလည်း ဖြစ်နေတာကိုး။ ဒါပေမဲ့ အခုကျတော့ကော .. မင်းက ထင်ရာစိုင်းပြီး ရှုပ်ပွေနေခဲ့တာ...။
မြောင်ဟန်အပေါ်ကို မျက်နှာပူစရာ မကောင်းဘူးလား... ကိုယ်တော့်အပေါ်ကိုကော မျက်နှာပူစရာ မကောင်းဘူးလား။ သတင်းထွက်သွားရင် တစ်လောကလုံးက မှူးမတ်တွေနဲ့ ပြည်သူတွေက ဘယ်လို မြင်ကြမလဲ။ ကိုယ်တော့်ရဲ့ မျက်နှာကို ဘယ်နေရာမှာ သွားထားရမလဲ။ "
ကျင်းဘုရင်သည် ပြောရင်းဆိုရင်းနှင့် လေယူလေသိမ်းများ ပြင်းထန်လာကာ လူရှုပ်တစ်ယောက်အား ပြင်းပြင်းထန်ထန် ဆဲရေးလေတော့သည်။
"အဖေ ... သား မှားသွားပါပြီ။ "
ဖန်ကျန်းရီသည် လုံးဝကို တုံ့ဆိုင်းမနေတော့ဘဲ သံယောဇဉ်ကို အသုံးပြုသည့် လှည့်ကွက်များကို စတင် ကစားလေတော့သည်။
ကျင်းဘုရင်၏ အသက်ရှူသံများပင် ရပ်တန့်သွားပြီး ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိ၏။ "အဲဒီလို မခေါ်နဲ့... မင်းက ဘုရင်လုပ်ခဲ့ဖူးတဲ့သူပဲ... ကိုယ်တော်က မခံနိုင်ပါဘူး။ "
"ခံနိုင်ပါတယ်။ ဒါဆိုရင် ခမည်းတော်က ရွှေတိုင်းပြည် ဘုရင်ရဲ့ အဖေပဲပေါ့။ "
"….."
ထိုစကားကြောင့် ကျင်းဘုရင်မှာ ယိမ်းထိုးသွားမတတ် ဖြစ်သွားပြီး တစ်ခဏတာအတွင်းမှာပင် ဘာမှ ပြန်မပြောနိုင်တော့ချေ။
စိတ်နှလုံးထဲတွင် အဘယ်ကြောင့်မှန်းမသိ ထူးဆန်းသော ခံစားချက်တစ်မျိုး ရုတ်တရက် ပေါ်လာခဲ့သည်။ သို့ပေမည့် ဖန်ကျန်းရီအား မြင်လိုက်ရချိန်တွင် ဒေါသများက ပြန်လည် ထွက်ပေါ်လာခဲ့ပြန်၏။
"ကိုယ်တော် မင်းကို မေးမယ် ... ဒီနှစ်ယောက်ကလွဲရင် တခြားသူတွေ ရှိသေးသလား။ "
"ရှိပါတယ်... အိမ်မှာ သုံးယောက် ကျန်ပါသေးတယ်... ဒါပေမဲ့ မြောင်ဟန်လည်း သိပြီးသားပါ။ "
ဖန်ကျန်းရီက ဘာကိုမှ ဂရုမစိုက်တော့ဘဲ လျှောက်တင်လိုက်သည်။
"မင်း ... မင်း ..."
ကျင်းဘုရင်က ရင်ဘတ်ကို ဖိထားလိုက်ပြီး အတော်လေး မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားလိုက်ရ၏။ "လူမှားခဲ့ပြီ ... တကယ့်ကို လူမှားခဲ့တာပဲ။ ကိုယ်တော်က ဘာဖြစ်လို့ သမီးတော်ကို မင်းလို သစ္စာဖောက်ကောင်နဲ့ ပေးစားခဲ့မိတာလဲ။ "
ဖန်ကျန်းရီသည် တိတ်တဆိတ် နှုတ်ခမ်း မဲ့လိုက်မိသည်။
ဟာ ... ချီးတဲ့မှ …. ငါက သစ္စာဖောက်ကောင် ဖြစ်သွားပြီလား... သူကျတော့ မိဖုရားတွေ အများကြီး ရှိနေတာကိုများ .. ငါ့ကို လာပြီး အပြစ်တင်နေသေးတယ်။
"ကိုယ်တော် မင်းကို တကယ်ပဲ သင်းကွပ်ပစ်ချင်နေပြီ ..." ကျင်းဘုရင်က ရုတ်တရက် ဤကဲ့သို့သော စကားတစ်ခွန်းကို ပြောလိုက်၏။
ဖန်ကျန်းရီမှာ ကြက်သီးမွှေးညင်းများတောင် ထသွားခဲ့သည်။
"သတ်ချင်လည်းသတ်၊ ခုတ်ချင်လည်းခုတ်ပါတော့... သားတော် အားလုံးကို လက်ခံပါတယ်... သားတော်ရဲ့ အလောင်းကိုတော့ အကောင်းအတိုင်းလေး ချန်ထားပေးဖို့ တောင်းဆိုပါတယ်။ "
သူ တုန်တုန်ယင်ယင် ဖြစ်နေသည်ကို ကြည့်ပြီးနောက် ကျင်းဘုရင်က လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ "မင်း ပြောစမ်းပါ ... ဒီကိစ္စကို ဘယ်လို လုပ်သင့်သလဲ။ "
ဖန်ကျန်းရီသည် အနောက်ဘက်သို့ ခြေနှစ်လှမ်းခန့် တိတ်တဆိတ် ဆုတ်လိုက်ပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးရဲ့ အပြစ်တွေက ကြီးမားလှပါတယ်... ကျင်းယီဝေတပ်ဖွဲ့ တပ်မှူးချုပ်နေရာနဲ့ ကျန်ရှီ ရာထူးနှစ်ခုလုံးကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ နန်းတော်အနေနဲ့ ကျွန်တော်မျိုးကို ဘယ်တော့မှ ပြန်အသုံးမပြုသင့်တော့ပါဘူး... အရှင်မင်းကြီး ခွင့်ပြုတော်မူပါ။ "
ကျင်းဘုရင်၏ ခန္ဓာကိုယ်ကြီးမှာ တုန်လှုပ်သွားခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်က ဖန်ကျန်းရီအား ထိုမိန်းမများကို နှင်ထုတ်ခိုင်းပြီးလျှင် ပြီးသွားပြီဟု မှတ်ထင်ထားခဲ့သော်လည်း ဤကောင်လေးက ရာထူးမှ နှုတ်ထွက်တော့မည်လား။ ပြီးတော့ ဘယ်တော့မှ ပြန်မသုံးဖို့ပါ ပြောနေသေးသည်။
"မင်းက သားမက်တော် အဆင့်အတန်းကပါ နှုတ်ထွက်ချင်နေတာ မဟုတ်လား။ " ကျင်းဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"သားတော်နဲ့ မြောင်ဟန်တို့က သဘောထားချင်း တိုက်ဆိုင်ပြီး အရင်ကအတိုင်း ချစ်ခင်နေကြဆဲပါ... ဒီလို ဖြစ်နိုင်ခြေမျိုး လုံးဝ မရှိပါဘူး။ " ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။
"ကောင်းပြီလေ... ကိုယ်တော် မင်းကို ယုံကြည်တယ်။ ကိုယ်တော်က မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးနိုင်သေးတယ်... ပြန်ရောက်သွားရင် မင်းက တခြား မိန်းမတွေနဲ့ ဆက်ဆံရေးကို ပြတ်ပြတ်သားသား ရှင်းလင်းပစ်လိုက်... ကိုယ်တော်က ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သတ်မှတ်ပေးမယ်။ ဒီတစ်ခေါက် စစ်ပွဲအနိုင်ရရှိတဲ့ ဂုဏ်ပြုဆုတွေက မင်းဆီမှာ ရှိနေဆဲပဲ... ရာထူးတိုးသင့်ရင်လည်း ရာထူးတိုးပေးမယ်... ဘယ်လိုလဲ။ "
"ကျွန်တော်မျိုး ရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်... အပြစ်နဲ့ ကျေးဇူးကို ချေဖျက်ပေးတော်မူပါ။" ဖန်ကျန်းရီက ပြတ်ပြတ်သားသား လျှောက်တင်လိုက်၏။
ကျင်းဘုရင်က အလွန်အမင်း အံ့အားသင့်စွာ မေးလိုက်သည်။ "မိန်းမ အနည်းငယ်အတွက်နဲ့ မင်းရဲ့ လက်ရှိ နေရာအဆင့်အတန်းတွေ အားလုံးကို မလိုချင်တော့ဘူးပေါ့လေ။ "
"မှန်ပါတယ်... မလိုချင်တော့ပါဘူး။ "