← Chapters

အခန်း ၈၃၈

Vol. 44 Ch. 838

အခန်း ၈၃၈

Vol. 44 Ch. 838

အပိုင်း (၈၃၈) ရည်မှန်းချက်ကြီးကြီးမားမားမရှိသော ဖန်ကျန်းရီ၊

ဖန်ကျန်းရီ၏ သဘောထား အလွန်အမင်း ပြတ်သားလွန်းလှသောကြောင့် ကျင်းဘုရင်မှာ တစ်ခဏတာမျှ မှင်သက်သွားရပြီးနောက် ထပ်မံမေးမြန်းလိုက်၏။ "မိန်းမ အနည်းငယ်အတွက်နဲ့ မင်းက ဒီလောက်တောင် စွန့်လွှတ် အနစ်နာခံဝံ့တယ်ပေါ့လေ။ "

"မှန်ပါတယ်... မိန်းမ အနည်းငယ်အတွက်ပါပဲ။ အကယ်၍များ မြောင်ဟန်သာ ဖြစ်နေခဲ့ရင်လည်း အတူတူပါပဲ... သားတော်က အသက်ကို ပဓာနမထားဘဲ သူ့ကို ကာကွယ်ပေးမှာပါ။ " ဖန်ကျန်းရီက လေးနက်စွာ လျှောက်တင်လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ကျင်းဘုရင်၏ မျက်နှာသွင်ပြင်က အနည်းငယ် ကြည်လင်သွားခဲ့ပြီး လှောင်ပြုံး ပြုံးလိုက်၏။ "မင်းက သံယောဇဉ်တော့ အတော်လေး ကြီးမားသားပဲ။ "

"သားတော်က ပြည့်စုံလုံလောက်မှု တစ်ခုကိုပဲ တောင်းဆိုချင်တာပါ... လူ့ဘဝမှာ တစ်ခါလောက်ပဲ ရှင်သန်ရတာကို သားတော်အတွက်တော့ မိသားစုဝင်တွေက ဩဇာအာဏာနဲ့ ငွေကြေးတွေထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။ "

"ကိုယ့်ရဲ့ အလှအပမက်မောတဲ့ စိတ်ထားအတွက် မြင့်မြတ်တဲ့ အကြောင်းပြချက်တွေ ရှာမနေနဲ့။ " ကျင်းဘုရင်က အထင်အမြင်သေးစွာ မိန့်ကြားလိုက်သည်။

ဒုက္ခပဲ... သိသာသွားခဲ့ပြီ။ ဖန်ကျန်းရီက မျက်နှာကို တင်းထားလိုက်ပြီး စကားမပြောရဲတော့ချေ။

ကျင်းဘုရင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ လက်ကို ဝှေ့ယမ်းပြလိုက်၏။ "ကောင်းပြီ ... မင်းက သတ္တိရှိသားပဲလို့ သတ်မှတ်လိုက်မယ်။ မင်းက ရာထူးကနေ နှုတ်ထွက်ချင်နေမှတော့ ကိုယ်တော်က မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။ မင်း ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတဲ့ စွမ်းဆောင်ရည်တွေကို ထောက်ထားပြီး အဲဒီ မိန်းမတွေကိုတော့ မင်း ဆက်ယူထားလိုက်ပါတော့... ဒါပေမဲ့ ချီးမြှောက်ခံရမယ့် ဆုတွေအကြောင်းကိုတော့ မင်း လုံးဝ မစဉ်းစားနဲ့တော့။ ကိုယ်တော်က အရင် ကြိုပြောထားမယ် ... တစ်နေ့နေ့ကျမှ နောင်တရပြီး ကိုယ်တော့်ရှေ့မှာ ငိုယို တောင်းပန်လာတာမျိုး မလုပ်နဲ့နော်။"

"သားတော် လုံးဝ နောင်တမရပါဘူး။ "

ဖန်ကျန်းရီ၏ အချိန်အတော်ကြာ တင်းကျပ်နေခဲ့သော စိတ်နှလုံးသည် နောက်ဆုံးတွင် ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။

မူလက နန်းတော်ပြန်ရောက်လျှင် ကိုယ့်သဘောနှင့်ကိုယ် ရာထူးမှ နှုတ်ထွက်ရန် စဉ်းစားထားခဲ့ခြင်းဖြစ်ပြီး ယခု မိန်းမများ၏ အန္တရာယ်ပါ ရှင်းလင်းသွားပြီဖြစ်ရာ ဤအနောက်သို့ ဆုတ်ခွာပြီး အရှေ့သို့ တိုးမည့် နည်းလမ်းက အတော်လေး အောင်မြင်ခဲ့သည်။

အရာရှိ လုပ်ရမလား၊ မလုပ်ရဘူးလား ဆိုသည်ကမူ ... လုံးဝကို အရေးမကြီးချေ။ မြို့တော်မှာပဲဖြစ်ဖြစ်... တောက်ယွမ်ခရိုင်မှာပဲဖြစ်ဖြစ်... ဘယ်နေရာမှာမဆို သူက နေရာရပြီးသားပဲ ဖြစ်၏။

ကျင်းယီဝေတပ်ဖွဲ့ကြီးကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကာ စည်းမျဉ်းစည်းကမ်းများကိုလည်း ချန်ထားခဲ့ပြီး ဖြစ်သည်။ ကျန်ရှီ ရုံးတော်၏ ဂုဏ်ထူးဆောင် ရာထူးကလည်း နာမည်သာရှိပြီး အနှစ်သာရမရှိသော အရာမျိုးဖြစ်ရာ ဤနှစ်ခုကို ပစ်ထားလိုက်ခြင်းက ဘာမှမဖြစ်ပေ။

အရေးအကြီးဆုံးဖြစ်သော အရှေ့ဘက် ဆင်ခြေဖုံး တက္ကသိုလ်နှင့် သိပ္ပံပညာရှင် အကယ်ဒမီကို ချန်ထားနိုင်လျှင် လုံလောက်နေပြီ ဖြစ်၏။

"ကိုယ်တော်က မင်းလို အသုံးမကျတဲ့ ယောက်ျားမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး... ယောက်ျားကောင်း တစ်ယောက် ဖြစ်နေလျက်နဲ့ တိုးတက်ဖို့ကို မစဉ်းစားဘဲ မိန်းမတွေကြောင့် ခြေချုပ်မိနေရတယ်ပေါ့လေ။ " ကျင်းဘုရင်က သရော်လိုက်၏။

"သားတော် အဲဒီလို မစဉ်းစားပါဘူး... အတွင်းခံဘောင်းဘီ တစ်ထည်၊ အိမ်သာသုံး တုတ်တံ တစ်ချောင်းမှာတောင်မှ သူ့နေရာနဲ့သူ အသုံးဝင်မှုတွေ ရှိနေတတ်ပါတယ်။ နန်းတော်ထဲ မြင့်မြင့်မားမား ရှိနေချိန်မှာတော့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်ပေးရပြီး အဝေးက လောကကြီးထဲမှာ ရှိနေချိန်မှာတော့ ဘုရင်ကြီးအတွက် စိုးရိမ်ပူပန်ပေးရပါတယ်။ သားတော်မှာ ရာထူးမရှိတော့ဘူးဆိုရင် ... သားတော်က နန်းတော်ထဲမှာ မရှိတော့ဘူး ဆိုရင်တောင်မှ အရှင်မင်းကြီးနဲ့ တာ့ကျင်းအတွက် အကျိုးပြုနိုင်အောင် ဆက်လက်ပြီး အလင်းရောင်နဲ့ အပူရှိန်တွေကို ထုတ်လွှတ်ပေးနေအုံးမှာပါ။ " ဖန်ကျန်းရီက လေလုံးထွားစွာ လျှောက်တင်လိုက်သည်။

နန်းတော်ထဲ မြင့်မြင့်မားမား ရှိနေချိန်မှာတော့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်ပေးရပြီး အဝေးက လောကကြီးထဲမှာ ရှိနေချိန်မှာတော့ ဘုရင်ကြီးအတွက် စိုးရိမ်ပူပန်ပေးရတယ် ဟုတ်လား။ တကယ်ပဲ စာပေ အရေးအသားတွေက ကောင်းမွန်နေဆဲပဲ။

ကျင်းဘုရင်သည် ဖန်ကျန်းရီအား နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်၏။

ငယ်ရွယ်ပြီး အနာဂတ်ရှိတယ်... စာပေ အရေးအသားတွေက အရမ်း ကောင်းမွန်တယ်... စွမ်းဆောင်ရည်တွေကလည်း ထူးချွန်ပြောင်မြောက်တယ်။

မြောင်ဟန်အပေါ်ကို မျက်နှာပူစရာ ကောင်းနေတာကလွဲလျှင် တကယ်ကို အပြစ်ရှာစရာ နေရာမရှိတော့ပေ။ စိတ်နေသဘောထား သေးငယ်ပြီး ရည်မှန်းချက် ကြီးကြီးမားမား မရှိတာလေး တစ်ခုပဲ ပြောစရာရှိသည်။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ကျင်းဘုရင်က မျက်လုံးများကို မှေးလိုက်သည်။

ဒါပေမဲ့ ကြည့်ရတာ ဘာတာဝန်မှုမှမလုပ်ရရင် သက်သာတယ်လို့ တွေးနေမဲ့ကောင်ပဲ။

ကျင်းဘုရင်၏ မျက်လုံးများအတွင်း၌ ရွံရှာသော အရိပ်အယောင်များ ပေါ်လာခဲ့၏။ "သွားမယ်.. ကိုယ်တော်နဲ့အတူ ဖါးပါးကို သွားတွေ့မယ်။"

……

ဖါးပါးနှင့် အာလီပိုင်တို့လည်း နန်းတော်အတွင်း၌ စောင့်ဆိုင်းနေကြ၏။

ကျင်းဘုရင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖါးပါးက အရှေ့သို့ လျင်မြန်စွာ တိုးထွက်ကာ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးတို့ ရွှေတိုင်းပြည်ရဲ့ စစ်တပ်နဲ့ ပြည်သူတွေအားလုံး မြို့ပြင်မှာ ချည်နှောင်ခံထားရတာကို မြင်တွေ့ခဲ့ရပါတယ်... အရှင်မင်းကြီးက ဘယ်လို စီစဉ်ပေးမလဲဆိုတာကို မသိရသေးပါဘူး။ "

ကျင်းဘုရင်က မိန့်ကြားလိုက်၏။ "အဲဒီ သုံ့ပန်းတွေကို ကိုယ်တော် ထွက်သွားပြီးတဲ့နောက် မင်းတို့ လွှတ်ပေးလိုက်လို့ ရပါပြီ။ "

"ဒါဆိုရင် အရှင်မင်းကြီးက ဘယ်တော့လောက်များ ..."

ဖါးပါးက စကားစမည့်ဆဲဆဲမှာပင် လေယူလေသိမ်းက အနည်းငယ် မမှန်ကန်ကြောင်းကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် အသံကို အလျင်အမြန် တိတ်သွားစေလိုက်သည်။

ကျင်းဘုရင်ကလည်း အလေးမထားချေ။ "မင်းတို့ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး... ကိုယ်တော်က တစ်ညလောက် အနားယူပြီး မနက်ဖြန်ကျရင် မြို့တော်ဆီ ချက်ချင်း ပြန်လည် ထွက်ခွာတော့မှာ။ စစ်ရှုံးသွားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ မင်းတို့ဘက်ကနေ သံတမန်အဖွဲ့ကို မြို့တော်ဆီ စေလွှတ်ပြီး လာရောက် ဆွေးနွေးကြတော့။ "

ကျင်းဘုရင်က ပြောရင်းနှင့် အာလီပိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။

အာလီပိုင်၏ မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာပြီးနောက် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ကျင်းဘုရင်က ဖန်ထိုက်မြို့ထဲမှ ဤမျှလောက် မြင်မြန်စွာ ဆုတ်ခွာသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ... ဤအရာက ကောင်းသော ကိစ္စပဲ ဖြစ်သည်။

"အရှင်မင်းကြီး စိတ်ချလက်ချသာ နေတော်မူပါ... ပြည်တွင်းရေးရာတွေကို ပြန်လည် ရှင်းလင်းပြီးတာနဲ့ တစ်ပြိုင်နက် တာ့ကျင်းဆီကို သံတမန်အဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပါ့မယ်။ "

ထိုအချိန်မှာပဲ …

ဖါးပါးက သတိကြီးစွာဖြင့် မေးလျှောက်လိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးမှာ သံသယတစ်ခု ရှိနေပါတယ်... အရှင်မင်းကြီးက ဖြေရှင်းပေးနိုင်မလား ဆိုတာကိုတော့ မသိပါဘူး။ "

"ပြောစမ်း။"

"တာ့ကျင်းစစ်တပ်က အသုံးပြုခဲ့တဲ့ လက်နက်တွေရဲ့ အစွမ်းက ပြိုင်ဘက်ကင်းလွန်းလှပါတယ်။ တကယ်ကို အရင်က မကြားဖူးခဲ့တဲ့ အရာမျိုးပါပဲ... အခု ကျွန်တော်မျိုးတို့ စစ်တပ်က ရှုံးနိမ့်သွားပြီဆိုတော့ ကျွန်တော်မျိုးကို တစ်ချက်လောက် မြင်ဖူးအောင် ပြသပေးနိုင်မလား။ "

ဖါးပါး၏ စကားအဆုံးတွင် ဖန်ကျန်းရီက ခုန်ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "အရမ်း ခေတ်ရှေ့ပြေးလွန်းနေလို့ ပြသဖို့ မသင့်တော်ပါဘူး။ "

ဘယ်မှာ အဓိပ္ပာယ်ရှိပါ့မလဲ... ဤပစ္စည်းကို လောလောဆယ် တခြားသူတွေကို အလွယ်တကူ ပြသ၍မရသေးပေ။

တခြားသူများထက် မျိုးဆက် အတော်များများ ခေတ်ရှေ့ပြေးနေသည့် အခြေအနေမျိုး ရောက်ရှိသွားသည့် အချိန်ကျမှသာ တခြားသူများကို ပြသခြင်း သို့မဟုတ် အပြင်ထုတ်ရောင်းခြင်းများ ပြုလုပ်၍ ရနိုင်လိမ့်မည် ။

လက်ရှိတွင် အဓိက အခြေခံအချက်မှာ တာ့ကျင်း၏ စစ်ရေးအင်အားက မြက်ခင်းပြင်ကြီးအပေါ် ခိုင်ခိုင်မာမာ ဖိနှိပ်ထားနိုင်ရန်ပဲ ဖြစ်သည်။

ဖါးပါး ဤလူက အလွန် ဉာဏ်ကောင်းလှရာ အကယ်၍ သူက တစ်ခုခုကို ရိပ်မိသွားပြီး ပြန်ရောက်သွားချိန်တွင် အတုခိုး ဖန်တီးလိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ အထူးသဖြင့် ယမ်းမှုန့် အမြောက်လက်နက်များက အလွန်အမင်း ရှုပ်ထွေးလှသည်တော့ မဟုတ်ချေ။

နောင်တစ်ချိန်တွင် ရွှေတိုင်းပြည်က တာ့ကျင်းကို ပြန်လည် တန်ပြန်နိုင်မယ့် သေနတ်လက်နက်တွေကို ပိုင်ဆိုင်သွားခဲ့လျှင်တော့ ပြဿနာက ကြီးမားသွားပေလိမ့်မည်။ အကယ်၍ တကယ်ပဲ ဒီလိုဖြစ်လာခဲ့ရင်တော့ မြက်ခင်းပြင်ကြီးကို ပြန်လည် ကွဲကွာသွားတဲ့ အခြေအနေမျိုးဆီ ရောက်သွားစေသည်ကမှ ပိုကောင်းပေဦးမည်။

ပြောင်းပြန် အင်ဂျင်နီယာ နည်းပညာဖြင့် ယမ်းမှုန့်ကို သုတေသနပြု ဖန်တီးနိုင်မယ့် ဖြစ်နိုင်ခြေက အလွန် နည်းပါးလှသည် ဆိုသော်လည်း ဝူမင်းသားလို ဉာဏ်ပညာ အင်အားကြီးမားတဲ့ သူမျိုးကို မြင်တွေ့ခဲ့ဖူးပြီးဖြစ်ရာ ဖန်ကျန်းရီသည် ခေတ်ပြိုင် ထူးချွန်သူများ၏ ဉာဏ်ကောင်းမှု အဆင့်အတန်းအပေါ် လုံးဝ လျှော့မတွက်ဝံ့ချေ။ ဤလူများကို နောင်လာမည့် ခေတ်ကာလဆီသို့ ပစ်ထည့်လိုက်ပါက ကြိုးစားပမ်းစား လုပ်ဆောင်လိုက်လျှင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဒေါက်တာဘွဲ့တောင် ရနိုင်လောက်သည် ...

ကျင်းဘုရင်ကလည်း မိန့်ကြားလိုက်၏။ "မှန်တယ်... ဖန်ကျန်းရီ ပြောတာ မှန်တယ်... ဒါက ကျုပ်တို့ တာ့ကျင်းရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ တခြားသူတွေကို အလွယ်တကူ ပြသလို့မရဘူး။ "

သူကတော့ ဖန်ကျန်းရီ စဉ်းစားသလောက် အများကြီး မတွေးတောထားဘဲ စိတ်ကူးတစ်ခုတည်းသာ ရှိသည်။

ပစ္စည်းကောင်းဆိုရင် ဝှက်ထားရမယ်။

အဖြေကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်ဆိုပေမည့်လည်း ဖါးပါး၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အရိပ်အယောင် အနည်းငယ် ပေါ်လာဆဲဖြစ်ကာ အားတင်းလျက် ပြုံးပြလိုက်၏။ "ကျွန်တော်မျိုး ရိုင်းစိုင်း သွားခဲ့ပါတယ်။ ကျွန်တော်မျိုးက သခင်လေးဖန်နဲ့ သီးသန့် စကားပြောခွင့် ရနိုင်မလား ဆိုတာကိုတော့ မသိပါဘူး... မြို့ထဲက ကိစ္စအတော်များများကို အရင်က သခင်လေးဖန် ကိုယ်တိုင် စီစဉ်ညွှန်ကြားခဲ့တာဆိုတော့ ကျွန်တော်မျိုးမှာ သူ့ကို မေးမြန်းချင်တဲ့ မေးခွန်းတွေ အများကြီး ရှိနေသေးလို့ပါ။ "

"မင်းတို့ သဘောအတိုင်း လုပ်ကြလော့။ "

ကျင်းဘုရင်က စကားပြောအပြီးတွင် လှည့်မျှပင် မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့သည်။

ဖန်ကျန်းရီက မေးလိုက်၏။ "ကျုပ်ဆီမှာ ဘာကိစ္စ ရှိသေးလို့လဲ။ "

ဖါးပါးက အခက်တွေ့နေသော ပုံစံဖြင့် ပြောလိုက်သည်။ "တကယ်တော့ ... ဘာကိစ္စမှတော့ မရှိပါဘူး... ကျုပ်တို့ ရွှေတိုင်းပြည်က တာ့ကျင်းဆီ သံတမန်အဖွဲ့ လွှတ်ရမှာဆိုတော့ သေချာပေါက် အိတ်သွန်ဖာမှောက် ကုန်တော့မှာပဲ။ ညီလေးဖန် … ခင်ဗျားရဲ့ အတွေ့အကြုံတွေအရ အတွင်းရေးလေး နည်းနည်းလောက် ပြောပြပေးလို့ မရဘူးလား ..."

ဖန်ကျန်းရီက စဉ်းစားလျက် ပြန်ဖြေ၏။ "နိုင်ငံတော်ဆရာကြီး ... ကျုပ်က ခင်ဗျားကို မကူညီချင်လို့ မဟုတ်ပါဘူး။ ဒါက နယ်မြေဖြတ်ပေးပြီး လျော်ကြေးငွေ ပေးရမယ့်အပြင် စစ်ထွက်စရိတ်တွေကိုပါ ပေါင်းထည့်ပေးရမှာ ဆိုတော့ ကျုပ် တကယ်ပဲ ခင်ဗျားကို ကူညီပေးလို့ မရနိုင်ဘူး။ "

"ဒါပေမဲ့ ကျုပ်တို့ဆီမှာ ပိုက်ဆံ မရှိတော့ဘူးလေ... အခြေအနေကိုလည်း ခင်ဗျား သိသားပဲ... ခင်ဗျားက ကျုပ်အတွက် နည်းနည်းပါးပါးလောက် လှုပ်ရှားပေးလို့ မရဘူးလား။ "

ဖါးပါးက လက်ချောင်းများကို တိတ်တဆိတ် ပွတ်သပ်ပြလိုက်၏။

"ခင်ဗျားက ကျုပ် သေတာ နှေးနေသေးတယ်လို့ ထင်နေတာလား ... ဒီပိုက်ဆံက အတော်လေး ပူလောင်တယ်... ကျုပ် မယူဘူး။ ပြီးတော့ ကျုပ်ဆီမှာ တကယ်ပဲ နည်းလမ်းမရှိလို့ပါ။ ပိုက်ဆံမရှိရင် နယ်မြေနဲ့လျော်၊ တိရစ္ဆာန်တွေနဲ့လျော်၊ လူတွေနဲ့လျော်လေ... တကယ်လို့မှ မရသေးဘူးဆိုရင် အရစ်ကျ ပြန်ဆပ်ပေါ့... နယ်စပ်မြို့လေးတွေရဲ့ အခွန်အခတွေမှာ သက်သာခွင့်လေးတွေ တောင်းကြည့်လိုက်။ " ဖန်ကျန်းရီက မျက်နှာကို ရှုံ့မဲ့ကာ ပြောလိုက်သည်။

ဖါးပါးက ခါးသီးစွာ ပြုံးလိုက်၏။ "ညီလေးဖန်ဆီမှာတောင် နည်းလမ်းမရှိတော့ဘူး ဆိုမှတော့ ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့။ "

အာလီပိုင်သည် လုံးဝကို လက်မလျှော့ချင်သေးသည့်ပုံ ပေါက်နေသည်။ ဘာပဲဖြစ်ဖြစ် ဤအရာက သူ ရှင်းလင်းရမည့် ရှုပ်ပွနေသော ကိစ္စကြီး ဖြစ်နေသည် မဟုတ်ပါလား။

လျော်ကြေးငွေ ပေးရမည်ကတော့ ရှောင်လွှဲ၍ မရနိုင်ပေ... သို့ပေမည့် နည်းနည်းလောက် လျှော့ပေးနိုင်လျှင် အတတ်နိုင်ဆုံး လျှော့ပေးစေချင်သည်။ ထို့အပြင် သူ၏လက်ထဲတွင် ဖန်ကျန်းရီ၏ အားနည်းချက်လည်း ရှိနေသေးသည်။

"ဆရာ ... နည်းလမ်းတစ်ခုခုလောက် စဉ်းစားပေးလို့ မရဘူးလား။ ကျုပ်တို့က ဆရာနဲ့တပည့် ဖြစ်ခဲ့ကြဖူးတာကို ဒီလောက် သေးငယ်တဲ့ အကူအညီလေးကိုတောင် မကူညီပေးချင်ဘူးလား။ " အာလီပိုင်၏ လေယူလေသိမ်းအတွင်း၌ ခြိမ်းခြောက်သည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။

ဒီကောင်လေးက တကယ့်ကို အခွင့်အရေးပေးလေ အတင့်ရဲလေပဲ။

"ဆရာဖြစ်တဲ့ ငါ့မှာ ဘာအရည်အချင်းမှ မရှိဘူး။ "

ဖန်ကျန်းရီက မျက်နှာသေကြီးဖြင့် အာလီပိုင်၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ လှည့်၍ပင် မကြည့်ဘဲ နန်းတော်အပြင်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။

……

တည်းခိုခန်းအတွင်းရှိ သံတမန်အဖွဲ့၏ ခရီးဆောင်အိတ်များကို စုပုံထားသော ဂိုဒေါင်တစ်ခုအတွင်း၌။

လူရိပ်တစ်ခုက သေတ္တာကြီး ၊ သေတ္တာငယ်များကြားတွင် ဟိုမွှေဒီနှိုက် လုပ်နေပြီး အချိန်မကြာလိုက်မီမှာပင် အတွင်းသုံးထပ် အပြင်သုံးထပ် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ရှာတွေ့သွားခဲ့၏။ တစ်လွှာချင်းစီ ဖွင့်လိုက်ချိန်မှာတော့ အထဲဆုံးတွင်ရှိနေသော လေးလံပြီး မည်းနက်နေသည့် သေတ္တာလေးကို မြင်တွေ့လိုက်ရသည်။

သေတ္တာကို အနည်းငယ် ဟလိုက်တော့ နွေးထွေးပြီး တောက်ပသော အလင်းတန်းလေး တစ်တန်းက ထိုနေရာမှနေ၍ ထွက်ပေါ်လာခဲ့၏။ လက်ချောင်းများ၏ ဘေးဘက်မှနေ၍ နွေးထွေးသော ခံစားချက် တစ်မျိုးကိုပင် ဝိုးတဝါး ခံစားလိုက်ရသေးသည်။

ဖျပ်ခနဲ အသံနှင့်အတူ သေတ္တာလေးကို လျင်မြန်စွာ ပိတ်ချလိုက်၏။ "ကျွတ် ... ချီးတဲ့မှ ... တကယ်ကို ကြောက်စရာကောင်းတာပဲ။ "

All Chapters