← Chapters

အခန်း ၈၃၉

Vol. 44 Ch. 839

အခန်း ၈၃၉

Vol. 44 Ch. 839

အပိုင်း (၈၃၉) မြို့တော်ဆီ ပြန်ကြပြီ။

ဖန်ထိုက်မြို့၏ အပြင်ဘက်တွင် တပ်မကြီးက အသင့်ပြင်ဆင်ပြီး ထွက်ခွာရန် စောင့်ဆိုင်းနေကြ၏။

ကျင်းဘုရင်သည် စစ်ကြောင်း၏ အရှေ့ဘက်တွင် ခန့်ညားထည်ဝါစွာ ရပ်နေသည်။ ဘေးဘက်တွင်မူ တာ့ကျင်း ၏ အရာရှိတစ်စုက မြို့ပြင်ထွက်ကာ တန်းစီ လိုက်လံပို့ဆောင်နေကြပြီး ဦးဆောင်သူများမှာ ဖါးပါးနှင့် အာလီပိုင်တို့ပင် ဖြစ်ဆဲဖြစ်၏။

သူတို့နှစ်ဦးက ကျင်းဘုရင်အား ဟန်ဆောင်ပန်ဆောင် စကားအချို့ကို ပြောဆိုနေကြသည်။ လီယွမ်ကျောက်နှင့် ဖန်ကျန်းရီတို့ကမူ ဘေးဘက်တွင် တိုးတိုးတိတ်တိတ် စကားပြောနေကြ၏။

"ဖန်ကြီး... မနေ့က ခင်ဗျား ခမည်းတော်ကို ဘယ်လို ရှင်းပြလိုက်တာလဲ။ "

"ယောက်ျားစစ်စစ်တွေက ဘာမှ မရှင်းပြဘူးလေ။ "

"ဘာတွေ လာပြီး လေလုံးထွားနေတာလဲ... မြန်မြန်ပြောစမ်းပါ။"

"အလုပ်ထွက်လိုက်ပြီလေ။ "

လီယွမ်ကျောက်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ "ဘာ ... ခင်ဗျား ရာထူးက နှုတ်ထွက်လိုက်တာကို ခမည်းတော်က သဘောတူလိုက်တယ်ပေါ့။ "

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါရဲ့ ... ပြီးတော့ ကျုပ်တို့ရဲ့ ခမည်းတော်က ပြောသေးတယ်... ကျုပ် နောက်ပိုင်းကျရင် မိန်းမတွေကို စိတ်ကြိုက် ရှာလို့ရပြီတဲ့... ဒါပေမဲ့ နန်းတော်ထဲကိုတော့ ပြန်လာလို့ မရဘူးတဲ့။ "

"ခင်ဗျား လျှောက်ပြောမနေနဲ့... ကျုပ်ကို အရူးလို့ ထင်နေတာလား။ ခမည်းတော်က ဒီလိုစကားမျိုး ပြောပါ့မလား... ကျုပ် သွားမေးကြည့်လိုက်အုံးမယ်။ "

လီယွမ်ကျောက်က မြင်းဇက်ကြိုးကို ဆွဲကာ ကျင်းဘုရင်ရှိရာဆီသို့ သွားရန် ပြင်ဆင်လိုက်၏။

ဖန်ကျန်းရီက သူ့အား လှမ်းဆွဲထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဟေး ... အရှင်မင်းကြီး စကားပြောနေတယ်လေ... လျှောက်ပြီး ဝင်မပါနဲ့အုံး .. ကျုပ် လျှောက်ပြောနေတာ မဟုတ်ဘူး။

အာလီပိုင်က ကျုပ်ဆီ မိန်းမနှစ်ယောက်ကို အတင်းအကျပ် ထည့်ပေးလိုက်တာ မဟုတ်လား။ ကျုပ်ရဲ့ အားနည်းချက်ကလည်း သူ့လက်ထဲမှာ ရှိနေသေးတော့ ရှင်းပြလို့မှ မရနိုင်တာ... ကျုပ်ဘာသာ ယူချင်လို့ပါလို့ပဲ ပြောလိုက်ရတာပေါ့။ "

"ပြီးတော့ကော … ပြီးတော့ ခင်ဗျားက ရာထူးကနေ နှုတ်ထွက်မယ်လို့ ပြောလိုက်တော့ ခမည်းတော်က သဘောတူလိုက်တာပေါ့။ "

"အေးလေ ... အဲဒီအတိုင်းပဲပေါ့။ ဒါပေမဲ့ နန်းတွင်းအရာရှိတွေရဲ့ ပါးစပ်ကို ပိတ်ဖို့အတွက် ကျုပ်တို့ရဲ့ ဒီလောက်ကြီးမားတဲ့ စစ်ရေးစွမ်းဆောင်မှုတွေကတော့ အလကား ဖြစ်သွားပြီလို့ ခန့်မှန်းရတယ်။ ဟူး … နောက်ထပ် နှစ်ယောက်လောက် ထပ်ယူလိုက်ရုံပဲ ရှိတော့တာပေါ့။ " ဖန်ကျန်းရီက နှမြောတသစွာ ပြောလိုက်၏။

"ချီးတဲ့မှ။ "

အချိန်မကြာလိုက်မီမှာပင် အာလီပိုင်တို့ နှစ်ဦးသည် ကျင်းဘုရင်နှင့် နှုတ်ဆက်စကား ပြောဆိုပြီးစီးသွားကြပြီ ဖြစ်သည်။ လှည့်ကာ ဖန်ကျန်းရီ၏ရှေ့သို့ လျှောက်လာပြီး နှုတ်ဆက်ကြ၏။ "ဆရာ။ "

အာလီပိုင် မိမိထံသို့ လျှောက်လာသည်ကို ကြည့်ရင်း ဖန်ကျန်းရီက မြင်းပေါ်မှ ဆင်းကာ မြင်းပေါ်တွင် စောစောစီးစီး ချည်နှောင်ထားသော အထုပ်ကို ဖြည်လိုက်သည်။ အာလီပိုင်၏ရှေ့သို့ လှမ်းပေးလိုက်၏။

အာလီပိုင်က ဖန်ကျန်းရီအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ဆရာဖြစ်တဲ့ ငါ သွားတော့မယ်... မသွားခင်လေးမှာ မင်းအတွက် လက်ဆောင်တစ်ခု ပေးခဲ့မယ်... ဖွင့်ကြည့်လိုက်အုံး။ "

အာလီပိုင်က အထုပ်ကို ဖြည်ကာ သေတ္တာလေးကို ထုတ်ယူလိုက်ပြီး သူ၏ မျက်နှာသွင်ပြင်က အနည်းငယ် လေးနက်သွားခဲ့သည်။ "လေးလံတဲ့ သေတ္တာလေးပဲ။ "

ပြောရင်းနှင့် ဖွင့်ကြည့်လိုက်ရာ သေတ္တာထဲတွင် ကံကောင်းစေသော သတ္တဝါရုပ်ကို ထုဆစ်ထားသည့် စိမ်းလန်းပြီး လှပသော ကျောက်စိမ်းတုံးလေး တစ်တုံးက တိတ်ဆိတ်စွာ ရှိနေပြီး နေရောင်အောက်တွင် တလက်လက် တောက်ပနေ၏။

ကျောက်စိမ်းတုံးလေး လက်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အာလီပိုင်က အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒီကျောက်စိမ်းက နွေးနေတာလား။ "

ထိုစကားကို ကြားလိုက်ရသောကြောင့် ဖါးပါးပင်လျှင် မခံနိုင်တော့ဘဲ ခေါင်းပြူကာ ကြည့်ရှုလိုက်မိ၏။

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "ဒါက ဘုရင်တွေရဲ့ ကျောက်စိမ်းပဲ... ခန္ဓာကိုယ်ရဲ့ စိတ်စွမ်းအင်တွေကို ထိန်းသိမ်းပေးပြီး သက်တမ်းကို ရှည်စေတဲ့ အစွမ်းသတ္တိတွေ ရှိတယ်လို့ ကြားဖူးတယ်။ အစောဆုံး အချိန်တုန်းက ဒီကျောက်စိမ်းကို ဝူထူဆီ လက်ဆောင်ပေးဖို့ ပြင်ဆင်ထားခဲ့တာ... နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုတော့ မင်းလည်း သိပြီးသားပါ။ အခုတော့ မင်းအတွက်ပဲ ချန်ထားခဲ့ပါတော့မယ်... မင်းက ဒါနဲ့ ထိုက်တန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

အာလီပိုင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျောက်စိမ်းဆွဲကြိုးလေးကို ခါးတွင် ချည်နှောင်လိုက်၏။ "ဒါဆိုရင် ... ဆရာ့ကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဆရာက ကျုပ်တို့ကြားက ကတိကို မှတ်မိနေပြီး ကျုပ် လာရှာရတဲ့ အဆင့်အထိ မရောက်စေဖို့ မျှော်လင့်ပါတယ်။"

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရွံရှာသွားမိ၏။

ဒီကောင်လေးက တကယ်တော့ အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးပေ... တခြားသူများ၏ အားနည်းချက်ကို ဖမ်းဆုပ်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် ခြိမ်းခြောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုအချက်ကို သိနိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ဆရာနဲ့တပည့် ဖြစ်ခဲ့ကြဖူးပြီး ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အများကြီး သွန်သင်ဆုံးမပေးခဲ့သားပဲ... ဒါပေမဲ့ ရလဒ်အနေနဲ့ ဒီကောင် လူဆိုးဖြစ်သွားခဲ့တာကိုး။ ကျေးဇူးကန်းတဲ့ ကောင်မျိုးကို မွေးမြူမိခဲ့တာပဲ။

"ဆရာဖြစ်တဲ့ ငါ သဘာဝကျကျ မှတ်မိပါတယ်... ဒီတစ်ခေါက် သုံ့ပန်း အတော်များများကို ဖန်ထိုက်မြို့ဆီ ပြန်ပို့ပေးလိုက်ပြီဆိုတော့ မင်းက အတတ်နိုင်ဆုံး စည်းကမ်းကျနအောင် ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဆရာဖြစ်တဲ့ ငါ နိုင်ငံတော်ဆရာကြီးနဲ့ သီးသန့် စကားနှစ်ခွန်းခန့် ပြောချင်သေးတယ်... မင်း အရင်သွားနှင့်လိုက်ပါလား။ " ဖန်ကျန်းရီက မှာကြားလိုက်၏။

ဤအချိန်သို့ ရောက်ရှိလာချိန်မှာတော့ အာလီပိုင်သည်လည်း အများကြီး ထပ်မတွေးတော့ဘဲ ခါးတွင်ရှိနေသော နွေးထွေးသည့် ကျောက်စိမ်းတုံးလေးကို ပွတ်သပ်ကာ သာယာယာဖြင့် ထွက်ခွာသွားခဲ့သည်။

ဖါးပါးက ချက်ချင်းပင် တိုးတိုးလေး မေးလိုက်၏။ "ညီလေးဖန် ... ခင်ဗျားက ကျုပ်ကို သူ့ရဲ့ ယုံကြည်မှု ရရှိအောင် လုပ်ခိုင်းထားပြီးတော့ နောက်ပိုင်း ဘယ်လိုလုပ်ရမလဲ။ ခင်ဗျားက အခု သွားတော့မှာကို။ "

"ခင်ဗျားက အရာရှိတွေနဲ့ တိတ်တဆိတ် ဆက်သွယ်ထားပြီး နောက်ထပ် ကိုယ်စားလှယ်လောင်း တစ်ယောက်ကို မြှောက်တင်ပေးလိုက်လေ။ အာလီပိုင်မှာ သားသမီးတွေ ရှိသလား။ သူ့သားကို တင်မြှောက်ပေးလိုက်ရင်လည်း ရတာပဲ။ "

"ကျုပ်က ဘယ်လိုလုပ် တင်မြှောက်ရမှာလဲ။ သူက အခုချိန်မှာ ဩဇာအာဏာ ကြီးမားလွန်းနေတော့ သူ မသေမချင်း ဘယ်သူမှ တက်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကများ ကျုပ်ကို လုပ်ကြံသတ်ဖြတ်ခိုင်းချင်နေတာ မဟုတ်ပါဘူးနော်။ " ဖါးပါးက စိုးရိမ်တကြီး ပြောလိုက်၏။

"အဲဒီ ကျောက်စိမ်းက သူ့ကို သတ်ပစ်လိမ့်မယ်။ လအနည်းငယ်လောက်တောင် မကြာဘဲ သူ သေသွားလိမ့်မယ် .. ခင်ဗျား တစ်ခုတည်း လုပ်ရမှာက အဲဒီကျောက်စိမ်းကို အချိန်ပြည့် ဝတ်ဆင်ထားအောင် ကြီးကြပ်ပေးဖို့ပဲ။ အာလီပိုင်က ဂုဏ်ပကာသနကို မက်မောတဲ့သူဆိုတော့ ဒီကိစ္စက ခင်ဗျားအတွက် အများကြီး ခက်ခဲလိမ့်မယ် မထင်ဘူးနော်။ "

ဖါးပါး၏ မျက်လုံးများအတွင်း၌ တဖြည်းဖြည်း ကြောက်ရွံ့တုန်လှုပ်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။ "ခင်ဗျား နောက်နေတာ မဟုတ်ဘူးလား... တကယ်ပဲ ဒီလို ကြောက်စရာကောင်းတဲ့ ပစ္စည်းမျိုး ရှိနေတာလား။ ခင်ဗျားကို ကျုပ် သိထားသလောက်ဆိုရင် ခင်ဗျားက ဒါကို ဝူထူဆီမှာ အသုံးပြုသင့်တာလေ။ "

ဖန်ကျန်းရီက အကူအညီမဲ့စွာ ပြန်ဖြေသည်။ "ဝူထူဆီမှာ သုံးရမယ် ဟုတ်လား။ ကျုပ် စဉ်းစားဉာဏ် မရှိဖြစ်နေမှ သူ့ဆီမှာ သွားသုံးမှာ၊ ဒီပစ္စည်းက ကျုပ် မှတ်မိသလောက်ဆိုရင် လအနည်းငယ်အတွင်း လူတစ်ယောက်ကို သတ်ပစ်နိုင်တယ်... ဒီအတိုင်း တွက်ကြည့်မယ်ဆိုရင် ခန့်မှန်းခြေ တစ်လနှစ်လလောက်ဆိုရင် သူ့ရဲ့ သက်ရောက်မှုတွေက လူရဲ့ကိုယ်ပေါ်မှာ ပေါ်လာတော့မှာပဲ။ အကယ်၍များ ဝူထူ ရိပ်မိသွားရင် ကျုပ် အသက်ရှင်ခွင့် ရပါ့မလား... ဒါပေမဲ့ ချန်ထားခဲ့တာကတော့ ကွက်တိပဲ။

သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးလောက်နဲ့ ဒီကျောက်စိမ်းကို ဆက်စပ် စဉ်းစားမိဖို့က အတော်လေး ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းရတယ်... ပြီးတော့ ခင်ဗျားကလည်း ဘေးနားကနေ ကူညီပေးနေအုံးမှာပဲလေ။ "

"ဒီလောက်တောင် ကြောက်စရာကောင်းနေတာကို ကျုပ်ပါ ထိခိုက်မှုတွေ ဖြစ်လာမလား။ "

ဖါးပါး၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွား၏။

ဖန်ကျန်းရီက နှုတ်ခမ်းကို မဲ့လိုက်သည်။ ပြောရခက်တယ် ...

မနေ့က တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့အား အသည်းအေးမတတ် ထိတ်လန့်သွားစေခဲ့သည်။ နျူကလီးယား ရေဒီယိုသတ္တိကြွမှုဆိုသည့် ဤအရာက ခေတ်သစ်လူသားများ၏ စစ်မှန်သော အရိပ်မည်းကြီးတစ်ခုဟု ဆိုနိုင်သည်။ ဤပစ္စည်း၏ အပူချိန်က သူ ခန့်မှန်းထားသည်ထက် အနည်းငယ် လွန်ကဲနေပြီး အလင်းရောင်ကိုပါ ထုတ်လွှတ်နေသေး၏။

အရင်တုန်းက သတင်းစာထဲတွင် ဖတ်ခဲ့ရသည်ကို မှတ်မိသေးသည်။ ဤပစ္စည်းက တစ်မိသားစုလုံးကို သပ်သပ်ရပ်ရပ် လဲကျ သေဆုံးသွားစေခဲ့ပြီး အချိန်အများကြီးတောင် မကြာလိုက်ချေ။ ပါဝင်သော ဓာတ်ပစ္စည်းများက ဘာလဲဆိုသည်ကို မသိရသော်လည်း ဂိုင်ဂါကောင်တာနှင့် တိုင်းတာကြည့်လိုက်ပါက ရေဒီယိုသတ္တိကြွမှု အဆင့်က ပေါက်ကွဲထွက်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

"ခင်ဗျားက မိန်းမမှ မဟုတ်တာ... နေ့တိုင်း သူ့အနီးနားမှာ ကပ်နေလို့ ရမှာမလို့လား။ ဝေးဝေးနေလိုက်ရင် ဘာမှမဖြစ်ဘူး။ "

"ဒါဆိုရင် တော်သေးတာပေါ့။ "

ဖါးပါးက စိတ်ကို အနည်းငယ် လျှော့ချလိုက်နိုင်သော်လည်း သူ၏ မျက်နှာသွင်ပြင်က တဖြည်းဖြည်း ခါးသီးလာခဲ့၏။ "ညီလေးဖန် ... ခင်ဗျားက တကယ့်ကို ထူးဆန်းတဲ့ ပါရမီရှင်ပဲ... ခင်ဗျားရဲ့ ဘေးနားမှာ ဒီလို အရင်က မကြားဖူးခဲ့တဲ့ ပစ္စည်းတွေ ပေါ်လာတတ်ပုံပဲ။ ခင်ဗျားလို လူမျိုးရှိနေတာက တာ့ကျင်းရဲ့ ကံကောင်းမှုဖြစ်ပြီး ခင်ဗျားနဲ့ ရန်သူဖြစ်ရတာကလည်း ကျုပ်တို့ ရွှေတိုင်းပြည်ရဲ့ ကံမကောင်းမှုပါပဲ။ "

ဖန်ကျန်းရီက ဖါးပါး၏ ပခုံးကို ပုတ်လိုက်သည်။ "နိုင်ငံတော်ဆရာကြီး ... စစ်ပွဲက ပြီးဆုံးသွားပါပြီ... ကျုပ်တို့ ရန်သူတွေ ဖြစ်နေစရာ မလိုတော့ပါဘူး။ တကယ်တော့ အိမ်ရှေ့စံမင်းသားရောက်လာပြီးတဲ့နောက် ကျုပ်က အခွင့်အရေးရှာပြီး သူ့ကို တိတ်တဆိတ် သတ်ပစ်မယ်။ ပြီးတော့ သံတမန်အဖွဲ့ကို ခေါ်ပြီး မြို့ပြင်ထွက်သွားလို့ ရသားပဲ။

ဒါပေမဲ့ အာလီပိုင် ရုတ်တရက် သေသွားရင် ရွှေတိုင်းပြည်က သေချာပေါက် ကမောက်ကမ ဖြစ်သွားလိမ့်မယ်... ပြည်သူတွေအတွက်တော့ နောက်ထပ် ဘေးအန္တရာယ်ကြီး တစ်ခုနဲ့ ကြုံတွေ့ရတာပဲ။ သူ အသက်ရှင်နေမှသာ စည်းကမ်းကျနမှုကို ထိန်းသိမ်းထားနိုင်လိမ့်မယ်... ခင်ဗျားတို့ဆီမှာလည်း ဖြည်းဖြည်းချင်း အကြံအစည် ထုတ်ဖို့ အချိန်ရသေးတာပေါ့။ ကိစ္စတွေက ဒီအဆင့်အထိ ရောက်နေပြီပဲ... ကျုပ်တို့ အစွဲအလမ်းတွေကို စွန့်လွှတ်သင့်ပြီ။ "

ဖါးပါး၏ စိတ်ထဲတွင် အလွန်အမင်း လေးစားသွားမိပြီး လက်သီးဆုပ်လျက် ပြောလိုက်၏။ "ညီလေးဖန်ရဲ့ စိတ်နေသဘောထားကို ကျုပ် တကယ် လေးစားမိပါတယ်။"

ဖန်ကျန်းရီက လက်ကို အဆက်မပြတ် ကာပြလိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး... အားလုံးက မိသားစု အမွေအနှစ် ပညာရပ်တွေချည်းပါပဲ... ကျုပ်ရဲ့ ဘိုးဘေး တစ်ယောက်ချင်းစီတိုင်းက အသက်ကို ပဓာနမထားဘဲ လူသားတွေရဲ့ သုခချမ်းသာအတွက် ကြိုးပမ်း အားထုတ်ခဲ့ကြတာလေ... ကျုပ်ကလည်း သဘာဝကျကျ အဲဒီအတိုင်း လုပ်ဆောင်ရမှာပေါ့။ နိုင်ငံတော်ဆရာကြီး ... အကယ်၍ အာလီပိုင် ဖျားနာပြီး တိုင်းပြည်ထဲမှာ မတည်မငြိမ် ဖြစ်လာခဲ့ရင် ကျုပ်ဆီ အချိန်မီ စာရေးဖို့ မမေ့နဲ့နော်... ကျုပ်က နန်းတော်ဆီ လျှောက်တင်ပြီး လူတွေ ခေါ်ပြီး ပုန်ကန်မှုတွေကို နှိမ်နင်းပေးပါ့မယ်။ "

ဖါးပါးက လက်သီးဆုပ်ကာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ညီလေးဖန်... ဒါဆိုရင် ဒီနေရာမှာပဲ နှုတ်ဆက်ပါတယ်။"

"ဒီနေရာမှာပဲ နှုတ်ဆက်ပါတယ်... အချိန်ရရင် နောက်တစ်ခေါက် ပြန်တွေ့ပြီး စကားပြောကြတာပေါ့။ "

ဖန်ကျန်းရီက စကားပြောအပြီးတွင် ပြန်လည် ဂါရဝပြုလိုက်ပြီး လှည့်ကာ မြင်းပေါ်သို့ တက်လိုက်သည်။

……

တပ်မကြီးက မြို့တော်ဆီသို့ ပြန်လည် ထွက်ခွာသွားကြသည်။

ကျင်းဘုရင်က အလယ်ဗဟိုတွင် လိုက်ပါသွားပြီး လီယွမ်ကျောက်က သူ၏ဘေးတွင် ယှဉ်တွဲ လိုက်ပါသွား၏။ ထူးဆန်းစွာပင် ဖန်ကျန်းရီသည် အရှေ့သို့ တိုးမသွားဘဲ စစ်ကြောင်း၏ အဆုံးပိုင်းတွင် ကျန်ရစ်ခဲ့ကာ သူ၏ရှေ့ရှိ လှပသော ပုံရိပ်နှစ်ခုကို စူးစိုက်ကြည့်နေသည်။

ချူချင်ဟန် ညီအစ်မနှစ်ဦးမှာ မြင်းတစ်ကောင်စီ စီးနင်းထားကြပြီး မြင်းပေါ်တွင် စိတ်ဓာတ်များ အနည်းငယ် ကျဆင်းနေပုံ ပေါက်နေ၏။

ဖန်ကျန်းရီသည် နက်နက်နဲနဲ တွေးတောမှုထဲသို့ ကျရောက်သွားခဲ့သည်။

ယောက္ခထီ’အိုကြီးနှင့် အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြီးသွားပြီဖြစ်ရာ ဤဘက်ကိုပါ တစ်ပါတည်း ဖွင့်ပြောလိုက်လျှင် ကောင်းမည်ထင်သည်... မဟုတ်လျှင် ဖြေရှင်းချက် တစ်ခုမှ မရှိဖြစ်နေလိမ့်မည်။

ညီအစ်မနှစ်ဦး၏ ဂုဏ်သတင်းက ယူတိန့်မြို့မှာတည်းက သူ၏ ဖျက်ဆီးမှုကို ခံခဲ့ရပြီး ယခု ဖန်ထိုက်မြို့တွင်လည်း နောက်တစ်ကြိမ် ထပ်မံ ဆူညံသွားခဲ့ပြန်၏။ တကယ့် လင်မယား အရာမြောက်ဖို့ပဲ ကျန်တော့၏။

ကိုယ်တိုင်က ရာထူးကိုတောင် စွန့်လွှတ်လိုက်ပြီဆိုတော့ စိုးရိမ်စရာ ဘာတစ်ခုမှ မရှိတော့ဘူးလို့ ခံစားရတယ်... ဘာပဲဖြစ်ဖြစ် သူတို့ကလည်း ထပ်ပြီး အိမ်ထောင်ပြုလို့မှ မရနိုင်တော့တာ။

အကယ်၍များ ငါသာ မယူဘူးဆိုရင် ညီအစ်မနှစ်ယောက်ရဲ့ တစ်သက်တာလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား။

မဖြစ်ဘူး ... ငါ ကယ်တင်မှ ရမယ်။

All Chapters