အခန်း ၈၄၂
Vol. 44 Ch. 842
အပိုင်း (၈၄၂) တောက်ယွမ် လက်ရှိ အိမ်ခြံမြေအခြေအနေ။
မြို့တော်၏ အပြင်ဘက်တွင်။
သူတို့၏ရှေ့ရှိ ခန့်ညားထည်ဝါသော မြို့တော်ကြီးကို ကြည့်ရင်း လူတိုင်းနီးပါး၏ မျက်လုံးများအတွင်း၌ ပျော်ရွှင်သော အရိပ်အယောင်များ တလက်လက် တောက်ပနေခဲ့ကြသည်။
များပြားလှသော လူအင်အား... ပစ္စည်းအင်အားနှင့် အချိန်များကို အသုံးပြုကာ မိုင်ပေါင်းထောင်ချီ ချီတက် တိုက်ခိုက်ခဲ့ရပြီးနောက် အောင်ပွဲခံကာ ပြန်လည် ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
ဤစစ်ပွဲ အနိုင်ရရှိမှုကြီးက သမိုင်းမှတ်တမ်းများတွင် ရေးထိုးနိုင်ပြီး ဘိုးဘေးများကိုပါ ဂုဏ်ယူ ဝင့်ကြွားစေနိုင်သော စစ်ပွဲကြီး ဖြစ်သည်။
ထိုနေရာတွင် ရှိနေကြသော သူများ တစ်ယောက်ချင်းစီတိုင်းသည် ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်း ကြုံတွေ့ခဲ့ရသူများချည်းပဲ ဖြစ်၏။
ဖန်ကျန်းရီ တစ်ယောက်တည်းကသာ စိတ်ဓာတ်များ တက်ကြွမနေခဲ့ချေ။ အမြန်ရထားများနှင့် ညီညာ ပြန့်ပြူးသော ကတ္တရာလမ်းများ မရှိဘဲ ဤမျှလောက် ဝေးကွာလှသော အကွာအဝေးကို ခရီးနှင်ခဲ့ရရာ အိမ်ပြန်လမ်း ၏ အလယ်လောက်သို့ ရောက်ရှိချိန်မှာပင် နှိပ်စက်ခံနေရသည်နှင့် သိပ်ပြီး မကွာခြားတော့ပေ။
ထို သေးငယ်လှသော စစ်ရေးစွမ်းဆောင်မှုလောက်ကိုတော့ သူ၏ အဆင့်အတန်းအရ မျက်စိထဲတောင် ထည့်မည်မဟုတ်ချေ။
တီထွင်သူ ဘုရင်ကြီး ဆိုသည့် ဂုဏ်ပုဒ် တစ်ခုတည်းနှင့်ပင် အရာအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်၏။
မြို့တော်သို့ ပြန်မရောက်မီမှာပင် ကျင်းဘုရင်က လူလွှတ်ကာ မြင်းကိုနှင်၍ မြို့တော်ဆီသို့ သတင်းပို့စေခဲ့ပြီးဖြစ်ရာ မြို့တံခါးပြင်ပတွင် မှူးမတ်အပေါင်းတို့က စောစောစီးစီး လာရောက် တန်းစီ ကြိုဆိုနေကြပြီ ဖြစ်သည်။
ကျင်းဘုရင် ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် ကော်ထျန်းယန်က လက်ချောင်းများကို ကွေးထားလျက် အရှေ့သို့ လျင်မြန်စွာ တိုးထွက်လာခဲ့၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုးက အရှင်မင်းကြီး အောင်ပွဲခံပြီး ပြန်လည် ရောက်ရှိလာတာကို ဂုဏ်ပြုပါတယ်။ "
မှူးမတ်အပေါင်းတို့က ဒူးထောက် ခစားလိုက်ကြပြီး တစ်ပြိုင်နက် ချီးကျူး ဂုဏ်ပြုလိုက်ကြသည်။
ကျင်းဘုရင်က ရထားလုံးပေါ်မှ ဆင်းလာခဲ့ပြီး သူ၏ မျက်နှာတစ်ခုလုံးတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ "မှူးမတ်အပေါင်းတို့ မတ်တတ်ရပ်ကြတော့... ကျန်တဲ့ကိစ္စတွေကိုတော့ ကိုယ်တော်နဲ့အတူ နန်းတော်ထဲဝင်ပြီးမှ ဆက်ပြောကြတာပေါ့... ဒီနေရာမှာ အများကြီး ဆက်မနေကြနဲ့... ပြည်သူတွေကို မနှောင့်ယှက်မိစေနဲ့။ "
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ "
မှူးမတ်အပေါင်းတို့က တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး နှစ်တန်း တန်းစီကာ အရှင်မင်းကြီးအား ရိုသေစွာ ကြိုဆိုလိုက်ကြ၏။
ဖန်ကျန်းရီသည် ကျင်းဘုရင်၏အနီးသို့ ကပ်သွားကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။ "သားတော် ... လိုက်ခဲ့ရမလား။ "
ကျင်းဘုရင်က ခံစားချက်မဲ့သော လေယူလေသိမ်းဖြင့် မိန့်ကြားလိုက်၏။ "ဘာကို လိုက်ခဲ့ရမှာလဲ... မင်းရဲ့အိမ်ကို ပြန်စမ်းပါ။"
"ဒါဆိုရင် သားတော် တောက်ယွမ်ခရိုင်ကို အရင်ပြန်ပြီး မနက်ဖြန်ကျမှ မြောင်ဟန်နဲ့အတူ ခမည်းတော်ကို လာရောက် ဖူးမြော်ပါ့မယ်။ "
ကျင်းဘုရင်က နှာခေါင်းရှုံ့လျက် မိန့်ကြားလိုက်သည်။ "ဟမ့် ... မလာခဲ့နဲ့... ကိုယ်တော် မင်းကို မြင်ရတာ တခြားသူတွေထက် ပိုပြီး မျက်စိနောက်တယ်။"
ထိုသို့ မိန့်ကြားပြီးနောက် ကျင်းဘုရင်သည် ခြေလှမ်းများကို ရွှေ့ကာ အရှေ့သို့ လျှောက်သွားခဲ့၏။
ဖန်ကျန်းရီ၏ မျက်နှာသွင်ပြင်က ရှုံ့မဲ့သွားခဲ့သည်။
ဤလမ်းတစ်လျှောက်လုံးတွင် ယောက္ခထီးအိုကြီးက အပြုံးမျက်နှာ တစ်ချက်မျှ မပြခဲ့ဘဲ အနည်းငယ် ဖားယား၍ပင် မရနိုင်တော့ချေ။
အခုတော့ ကောင်းသွားပြီ... နန်းတော်ထဲကိုတောင် ဝင်ခွင့်မပြုတော့ဘူး။
ခွင့်ပြုချက်ကို စောင့်ဆိုင်းရဦးမည်ဖြစ်ပြီး ဇနီးဖြစ်သူ၏ မျက်နှာကို ကြည့်ကာမှသာ နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့် ရနိုင်တော့မည်။
သို့ပေမည့် တောက်ယွမ်ခရိုင်ဆီ စောစောစီးစီး ပြန်ရတာကလည်း ကောင်းမွန်သည်။... လက်ရှိတွင် သူသည်လည်း အလွန်အမင်း စိတ်ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
နန်းတော်သို့ သတင်းပို့ရန် ပြေးလွှားနေသော မြင်းများနှင့်အတူ သူကလည်း မင်းသမီး အိမ်တော်ဆီသို့ သွားရောက် သတင်းပို့ရန် လူတစ်ယောက်ကို ရှာဖွေ စေလွှတ်ခဲ့၏။
အခုချိန်တွင် မိသားစုဝင်များ အားလုံးက တောက်ယွမ်ခရိုင်ထဲတွင် ရှိနေလောက်ပြီ ဖြစ်သည်။
လီယွမ်ကျောက်က ပြောလိုက်၏။ "ဖန်ကြီး... ကျုပ် သွားပြီနော်။ ခင်ဗျား အနားယူလို့ ဝသွားရင် နန်းတော်ထဲကို လာခဲ့ပါ။"
"အိမ်ရှေ့စံမင်းသားဖြည်းဖြည်းကြွပါ ..."
တခြားသူများကို ပို့ဆောင်ပြီးစီးသွားချိန်မှာတော့ ထိုနေရာတွင် ကျင်းယီဝေတပ်ဖွဲ့ဝင် နှစ်ရာသာ ကျန်ရစ်တော့ပြီး ၎င်းတို့က မူလကတည်းက တောက်ယွမ်ခရိုင်မှ လူများချည်းပဲ ဖြစ်သည်။
ဖန်ကျန်းရီသည် လက်ရှိတွင် ရာထူးမှ တရားဝင် မနှုတ်ထွက်ရသေးသောကြောင့် သဘာဝကျကျ သူတို့ကို ခွင့်ရက် အနည်းငယ် ပေးလိုက်၏။
ထို့အပြင် ချူချင်ဟန် ညီအစ်မနှစ်ဦးလည်း ရှိနေသေးသည်။
မိန်းကလေး နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ကပ်ရပ်လျက် လက်ကို ဆုပ်ကိုင်ထားကြပြီး ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေကြ၏။
ဖန်ကျန်းရီက လမ်းတစ်လျှောက်လုံး ဖျောင်းဖျ ပြောဆိုလာခဲ့သောကြောင့် သိပ်ပြီး မကြောက်ရွံ့တော့သော်လည်း လူဆိုးဂိုဏ်းထဲသို့ ချက်ချင်း ဝင်ရောက်ရတော့မည်ကို တွေးမိလိုက်ချိန်တွင် စိတ်နှလုံးထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခြင်းကို ရှောင်လွှဲ၍မရနိုင်ချေ။
ဖန်ကျန်းရီက မိန်းကလေး နှစ်ဦးအား တစ်ချက်ကြည့်လိုက်ပြီး မြင်းပေါ်သို့ ပြန်တက်ကာ လက်ကို ဝှေ့ယမ်းလျက် အော်ဟစ်လိုက်သည်။ "ခရိုင်ကို ပြန်ကြစို့။ "
……
တောက်ယွမ်ခရိုင် မြို့တော်၏ အပြင်ဘက်တွင် ရေတွက်၍မရနိုင်သော အဆောက်အအုံငယ်များက မြေပြင်မှနေ၍ မြင့်မားစွာ ထွက်ပေါ်နေပြီး ပန်းခြံအမျိုးမျိုးကလည်း လည်းကောင်းတို့၏အကြားတွင် တန်ဆာဆင်ထားရာ ရှုခင်းများက အလွန်အမင်း လှပလွန်းလှပေသည်။
ဖန်ကျန်းရီက အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ပြီး မခံနိုင်တော့ဘဲ အနည်းငယ် သက်ပြင်းချလိုက်မိ၏။
တောက်ယွမ်ခရိုင်၏ ဤတစ်ဦးတည်းသော အိမ်ခြံမြေ သူဌေးကြီး ဖြစ်လာရေးက အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ပင်မ မြို့တံခါးကြီး၏ အရှေ့ဘက်ရှိ နယ်မြေ တည်ဆောက်ရေး စီမံကိန်းများ လုပ်ဆောင်ပြီးစီးသွားပုံ ပေါက်ပြီး အတော်လေး သပ်ရပ်ကောင်းမွန်နေ၏။
အိမ်များ၏ ရောင်းအား မည်သို့ရှိမည်နတည်းကို မသိရသေးပေ ... အချိန်အတော်ကြာ မပြန်ဖြစ်ခဲ့သောကြောင့် သူကလည်း မမေးမြန်းဖြစ်ခဲ့ချေ။
သို့ပေမည့် လမ်းသွားလမ်းလာများ၏ အခြေအနေကို ကြည့်ရှုရသလောက်တော့ လူများများစားစား ရှိနေပုံ မပေါ်ပေ။
အရှေ့ဘက် ခပ်လှမ်းလှမ်းတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ရှိနေသေးပြီး အလွန်အမင်း အလုပ်ရှုပ်နေကြကာ ဘာတွေ လုပ်ဆောင်နေကြမှန်းကို မသိရချေ။
လူများကို ခေါ်ဆောင်ကာ အနီးသို့ လျှောက်သွားချိန်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများသည် လူတစ်အုပ်ကြီး ဆူဆူညံညံဖြင့် ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် လန့်ဖျပ်သွားကြ၏။
ထို့နောက် ဖန်ကျန်းရီကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း ဝမ်းသာသွားကြပြီး သူငယ်ချင်း မိတ်ဆွေများကိုပါ အော်ဟစ်ခေါ်ဆောင်ကာ ကုန်းရုန်း ပြေးလွှားလာခဲ့ကြသည်။
"သခင်လေး ပြန်လာပြီ... သခင်လေး ပြန်လာပြီဟေ့။ "
ဇိမ်ခံဝတ်ရုံများကို ဝတ်ဆင်ထားသော လူနှစ်ယောက်သည်လည်း အလျင်စလို ပြေးလာခဲ့ကြပြီး အလွန်အမင်း အံ့အားသင့် ဝမ်းသာစွာဖြင့် ပြောလိုက်ကြ၏။ "သခင်လေး မင်္ဂလာပါ။ သခင်လေးက ဘာဖြစ်လို့ ခရိုင်ထဲကို မပြန်လာဖြစ်တာ ဒီလောက် ကြာနေရတာလဲ။ "
ဖန်ကျန်းရီက သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။
အိမ်ခြံမြေ သူဌေးက ဒီနေရာမှာ ရှိနေတာပဲ မဟုတ်လား။ သူ၏နာမည်က လျိုကျုံးရွှင်ဖြစ်ကြောင်းကို မှတ်မိနေသေးပြီး ဘေးနားတွင် ရှောင်ချန်ဟုခေါ်သော အခြွေအရံလေး တစ်ယောက်လည်း ရှိနေသေး၏။
လျိုကျုံးရွှင်၏ စိတ်ထဲတွင် အနည်းငယ် တင်းကျပ်သွားခဲ့သည်။ သူက ခရိုင်၏ မြေရိုင်းများကို ဝယ်ယူကာ အိမ်ဆောက်ရောင်းနေခြင်းဖြစ်ပြီး ယနေ့ သခင်လေးက ရုတ်တရက် ပေါ်လာခြင်းမှာ သူ၏ စွမ်းဆောင်ရည် ရလဒ်များကို လာရောက် ကြည့်ရှုစစ်ဆေးခြင်းပဲ ဖြစ်ပေမည်။
သို့သော်ငြား ကံကောင်းစွာဖြင့် သူသည် မကြာသေးမီက ငွေအမြောက်အမြား အမြတ်ရရှိထားခဲ့သောကြောင့် ခရိုင်မှ ငွေတောင်းခံလာလျှင်တောင် ကောင်းစွာ ဖြေရှင်းပေးနိုင်လိမ့်မည်။
ဖန်ကျန်းရီက မေးလိုက်သည်။ "လျိုကျုံးရွှင် ... ခင်ဗျားရဲ့အိမ်တွေ ရောင်းရတာ အခြေအနေ ဘယ်လိုရှိလဲ။ "
လျိုကျုံးရွှင်က အားတင်းလျက် ပြုံးပြလိုက်၏။ "သခင်လေး ... တကယ်တော့ ရောင်းရတာ သိပ်မကောင်းပါဘူး... အစကတော့ ရောင်းရတာ အဆင်ပြေသားပဲ ... ဒါပေမဲ့ နောက်ပိုင်းကျတော့ တောက်ယွမ်ခရိုင်ထဲက ပြည်သူတွေက ကြားထဲကနေ နှောင့်ယှက်ကြလို့ အိမ်တွေရဲ့ ဈေးကွက်က သိပ်မကောင်းတော့တာပါ။"
ဖန်ကျန်းရီ၏ ခေါင်းပေါ်တွင် မေးခွန်းထုတ်စရာ အမှတ်အသားတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
"ဟင် ... ဘာအဓိပ္ပာယ်လဲ... ခင်ဗျား ခရိုင်ရဲ့ အပြင်ဘက်မှာ အိမ်ရောင်းနေတာကို ခရိုင်ထဲက ပြည်သူတွေက ကြားထဲကနေ နှောင့်ယှက်ကြတယ် ဟုတ်လား။ "
လျိုကျုံးရွှင်မှာ ချွေးပြန်သွားခဲ့၏။ "ဟုတ်ပါတယ် သခင်လေး... ကျုပ်တို့ရဲ့ အပြင်ဘက် အိမ်တွေက ခရိုင်ထဲက အိမ်တွေရဲ့ သုံးပုံတစ်ပုံ ဈေးနှုန်းလောက်ပဲ ရှိတာကို၊ ဒါကြောင့် နောက်ပိုင်း ကျုပ်တို့ ခရိုင်ထဲကလူတွေ သိသွားတော့ သဘောမကျကြတော့ဘူးလေ။
သူတို့ပြောတာက ... အိမ်တွေကို ဒီလောက် ဈေးပေါပေါနဲ့ ရောင်းနေရင် မြို့တော်က ဆင်းရဲသားတွေကို ဆွဲဆောင်မိသလို ဖြစ်သွားမယ်တဲ့... ပြီးတော့ မြို့ရိုး တစ်ခုတည်းပဲ ခြားထားတာဆိုတော့ ဒါက ခရိုင်ထဲက အိမ်ခြံမြေ ဈေးနှုန်းတွေကို ဆွဲချချင်နေတာ မဟုတ်ဘူးလားတဲ့။ "
ချီးတဲ့မှ ... အဲဒီလောက်အထိ ဖြစ်သွားရသလား... ဒီ ပြဿနာရှာတဲ့ ပြည်သူတစ်စုကတော့။
ဖန်ကျန်းရီက ဒေါသတကြီး မေးလိုက်၏။ "ပြည်သူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြဿနာ လာရှာနေကြတာကို မင်းက ဘာဖြစ်လို့ ရုံးတော်ဆီ တိုင်ကြားတာမျိုး မလုပ်တာလဲ။ "
လျိုကျုံးရွှင်မှာ အလွန်အမင်း စိတ်ညစ်နေခဲ့သည်။ "နေ့တိုင်း လာပြီး ပြဿနာရှာကြတာ၊ သုံးယောက်တစ်စု ငါးယောက်တစ်စုနဲ့ လာပြီး ဆူပူကြတာဗျာ။ ကျုပ် တကယ်ကို မခံနိုင်တော့ဘူး... ရုံးတော်ဆီ တိုင်ကြားရင်လည်း ဘာမှ မဖြေရှင်းပေးနိုင်ဘူးလေ။ "
မူလက မိမိကိုယ်ကိုယ် အလွန် ကောင်းမွန်သော အကြံဉာဏ်တစ်ခုကို စဉ်းစားမိခဲ့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း အလုပ်လုပ်ရခြင်း၏ ခက်ခဲမှုက အသေးစိတ် အချက်အလက်များအပေါ်တွင် တည်ရှိနေပြီး လုံးဝ မစဉ်းစားမိနိုင်သော မမျှော်လင့်သည့် ကိစ္စရပ်များအပေါ်တွင် တည်ရှိနေခြင်း ဖြစ်၏။
သို့ပေမည့် သူသည် ဒေဝါလီခံရမှု နှစ်ကြိမ်ကို ဖြတ်သန်း ကြုံတွေ့ခဲ့ဖူးပြီးဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က အလွန် အားကောင်းနေသောကြောင့် ထိခိုက်မှု သိပ်ပြီး ကြီးမားလှသည်တော့ မဟုတ်ပေ။
"သူတို့ လူအင်အားက များပြားတော့ ဥပဒေကလည်း အားလုံးကို အပြစ်မပေးနိုင်ဘူးလေ။ ခရိုင်ကနေ သူတို့ကို နှင်ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့က မြို့တော်ဆီ ပြေးသွားပြီး ကောလာဟလတွေ ဖြန့်ကြတော့တာပဲ။ တစ်ခါတစ်လေကျရင် ကျုပ်ရဲ့ ဒီနေရာက ဖုန်းရွှေ မကောင်းဘူး၊ လူသေဖူးတယ်လို့ ပြောကြတယ်... တစ်ခါတစ်လေကျရင်လည်း အိမ်တွေရဲ့ အရည်အသွေးက ညံ့ဖျင်းလွန်းလို့ သုံးနှစ်၊ ငါးနှစ်လောက်ဆိုရင် ပြိုကျတော့မယ်လို့ ပြောကြတယ်... အားလုံးက ဒီလိုလုပ်နေကြတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ "
လျိုကျုံးရွှင်က သက်ပြင်းချလျက် သူ၏ အနောက်ဘက်ကို လှမ်းညွှန်ပြလိုက်၏။ "ကြည့်လိုက် .. သခင်လေး... ဒါက တခြား နည်းလမ်းမရှိလို့ လုပ်ရတာပဲ မဟုတ်လား။ အခုတော့ ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အခမဲ့ စာသင်ကျောင်း တစ်ကျောင်းကိုပါ ထပ်မံ ဖွင့်လှစ်ပေးထားရတယ်။ အိမ်ဝယ်ရင် စက်ဘီး တစ်စီး လက်ဆောင်ပေးပြီး စက်ဘီးထားတဲ့ ဂိုဒေါင်ကိုပါ အခမဲ့ သုံးစွဲခွင့် ပြုထားတယ်။"
သူ၏ အလွန်အမင်း မတရားခံရပြီး ဝမ်းနည်းနေသော ပုံစံကို ကြည့်ပြီးနောက် ဖန်ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် ရယ်မောချင်စိတ် ပေါက်သွားရသည်။
သူ မရှိသော ဤကာလအတွင်းမှာ ခရိုင်ထဲတွင် အတော်လေးကို ဆန်းဆန်းပြားပြား ကစားနေကြခြင်းပင်။
ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်လျက် မေးလိုက်သည်။ "ဒါဖြင့်ရင် ... ခင်ဗျား တကယ်ပဲ အမြတ်ရခဲ့သလား... မရခဲ့ဘူးလား။ "
လျိုကျုံးရွှင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး ဘေးနားရှိ အခြွေအရံ ရှောင်ချန်ကလည်း လိုက်ပါ ခေါင်းညိတ်ပြ၏။ "အမြတ်မရခဲ့ပါဘူး သခင်လေး... ဒါပေမဲ့ သခင်လေး စိတ်ချလက်ချသာ နေပါ... ကျုပ် ခရိုင်ဆီမှာ အကြွေးတင်နေတဲ့ ငွေတွေကိုတော့ သေချာပေါက် ပြန်ဆပ်နိုင်ပါတယ်။"
"ခင်ဗျား ဘယ်လို ပြန်ဆပ်မှာလဲ။ လက်ကို ခါထုတ်ပြီး ဒီ ရှုပ်ပွနေတဲ့ ကိစ္စကြီးကို ခရိုင်ဆီ ပစ်ပေး၊ ဖြေရှင်းခိုင်းမလို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ "
လျိုကျုံးရွှင်က ပြန်ပြော၏။ "မဖြစ်နိုင်ပါဘူး။ လုံးဝကို မဖြစ်နိုင်ပါဘူး။ သခင်လေး စိတ်ချလက်ချသာ နေပါ... လက်ရှိမှာ အိမ်ရောင်းရမှုက တိုးတက်လာနေဆဲဖြစ်ပြီး နောင်တစ်ချိန်ကျရင် သေချာပေါက် အုံခဲပြီး ရောင်းကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ခရိုင်ရဲ့ ငွေတွေကိုလည်း ... ကျုပ် ပြန်ဆပ်နိုင်ပါတယ်။"
"အို ..."
ဖန်ကျန်းရီသည် စိတ်ဝင်စားသွားခဲ့၏။ "ဘယ်လို ပြန်ဆပ်မှာလဲ။ "
လျိုကျုံးရွှင်က ရင်ဘတ်ကို ကော့လိုက်ပြီး ရင်ခွင်ထဲမှ စာအုပ်နှစ်အုပ်ကို ဆွဲထုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "သခင်လေး ရယ်မောမှာကို မကြောက်ပါဘူး... ကျုပ်တို့ရဲ့အိမ်တွေ သိပ်ပြီး ရောင်းမထွက်ခဲ့ဘူး ဆိုပေမည့်လည်း နာမည်ကတော့ အပြည့်အဝ ထွက်သွားခဲ့ပါပြီ။ "
"ကျုပ် စာအုပ်နှစ်အုပ် ရေးသားခဲ့ပါတယ်... လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စာအုပ်ထုတ်ဝေသူတွေကို ရှာဖွေပြီး အမြောက်အမြား ပုံနှိပ်ထုတ်ဝေခဲ့တာဆိုတော့ အခုချိန်မှာ ဈေးကွက်ထဲမှာ အရမ်း ရောင်းကောင်းနေခဲ့ပါပြီ။ စာအုပ်တစ်အုပ် ဝယ်ယူဖို့တောင် ခက်ခဲလှတဲ့ အနေအထားမျိုး ရောက်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ မြို့တော်ထဲမှာ လက်မှတ်ထိုးပြီး စာအုပ်ရောင်းချမယ့် ပွဲတစ်ပွဲလည်း ရှိနေသေးတယ်။ အချိန်မကြာလိုက်ဘဲ ခရိုင်ဆီက ချေးငွေတွေကို ပြန်ဆပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ "
"ဟာ ... ပေးစမ်းပါ၊ ကျုပ် တစ်ချက်လောက် ကြည့်ရအောင်... ဘယ်လိုများ အရမ်း ရောင်းကောင်းနေသလဲ ဆိုတာကို ကြည့်ကြည့်မယ်။ "
ဖန်ကျန်းရီက လျိုကျုံးရွှင် လှမ်းပေးသော စာအုပ်နှစ်အုပ်ကို လှမ်းယူလိုက်ပြီး သေသေချာချာ စူးစိုက်ကြည့်လိုက်၏။
(တောက်ယွမ်တွင် အနိုင်ရရှိခြင်း)
(ငွေတစ်သောင်း တန်ကြေးရှိ သူဌေးတစ်ယောက် လျင်လျင်မြန်မြန် ဘယ်လို ဖြစ်လာမလဲ)
လက်မှတ်ရေးထိုးသူ... တောက်ယွမ်ခရိုင်၏ အချမ်းသာဆုံး သူဌေး လျိုကျုံးရွှင်။
စာအုပ်နှစ်အုပ်စလုံးက အလွန်အမင်း ဆွဲဆောင်မှုရှိနေပြီး အထူးသဖြင့် ထို "တောက်ယွမ်တွင် အနိုင်ရရှိခြင်း" ဆိုသည့် စာအုပ်ပင် ဖြစ်သည်။ မျက်နှာဖုံးပေါ်တွင် အလွန် ကြီးမားလှသော "နိုင်" ဆိုသည့် စာလုံးကြီးကို အပြည့်အဝ ပုံနှိပ်ထားရာ ကြည့်ရှုရသည်မှာ အတော်လေး ချဲ့ကားလွန်းနေပုံ ပေါက်၏။
ဤ စီးပွားရေး ဦးနှောက်မျိုးက မိမိနှင့်အတူ ဆရာလုပ်သင့်သည့် သူမျိုး ဖြစ်ပေသည်။
ဖန်ကျန်းရီက လေကို ပြင်းပြင်းရှူသွင်းလိုက်၏။ "ခင်ဗျား ဘယ်တုန်းက အချမ်းသာဆုံး သူဌေး ဖြစ်သွားရတာလဲ။ "
လျိုကျုံးရွှင်၏ မျက်နှာပေါ်တွင် နီမြန်းသော အရိပ်အယောင် အနည်းငယ် ထပ်တိုးလာခဲ့သည်။ "ကိုယ့်ဘာသာ တင်မြှောက်ထားတာပါ။"
သူ၏ဘေးတွင် အမြဲတမ်း တိတ်ဆိတ်နေခဲ့သော အခြွေအရံ ရှောင်ချန်ကလည်း စာအုပ်နှစ်အုပ်ကို ထုတ်ယူကာ လှမ်းပေးလိုက်ပြီး ရတနာတစ်ခုကို ဆက်သသကဲ့သို့ ပြောလိုက်၏။ "သခင်လေး ... ကျုပ်လည်း ရေးထားပါတယ်။"
(အခြွေအရံ ဘဝမှ ဆိုင်ရှင်တစ်ဦးဆီသို့)
(မိမိ ချစ်မြတ်နိုးရသော မိန်းကလေးကို မှန်ကန်စွာ ဘယ်လို ပြန်လည် သိမ်းပိုက်မလဲ)
ဖန်ကျန်းရီသည် တစ်ချက်မျှသာ မျက်စောင်းထိုးကြည့်လိုက်သော်လည်း သူ၏ စိတ်နှလုံးထဲတွင် လှိုင်းကြီးလေကြီးများ ရိုက်ခတ်သွားခဲ့၏။
ဤလူနှစ်ယောက်၏ သင်ယူနိုင်စွမ်းက တကယ်ကို သာမန်မဟုတ်ချေ... ကြည့်ရသည်မှာ ခေါင်းစဉ်ဖြင့် ဆွဲဆောင်သည့် အဖွဲ့များ ပျံ့နှံ့လာမည့် အခြေအနေကို လုံးဝ ပြန်လည် ကုစား၍မရနိုင်တော့ပုံ ပေါက်သည်။
ဤအတိုင်း ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် တာ့ကျင်း၏ စာအုပ်ထုတ်ဝေရေး လောကကြီးက ... အကြီးအကျယ် ပြောင်းလဲသွားတော့မည်။
"မဟုတ်သေးဘူးလေ... ဒါက ဘာဖြစ်လို့ မိန်းမတွေကို သိမ်းပိုက်တဲ့ စာအုပ်တွေပါ ပါလာရတာလဲ။ "
ရှောင်ချန်က ပြန်ဖြေ၏။ "သခင်လေးကို လျှောက်တင်ပါတယ်... ကျုပ် အရင် ဒေဝါလီခံရချိန်မှာ ငယ်ချစ်ဦး ကောင်မလေးက တခြားသူနောက်ကို လိုက်ပြေးသွားခဲ့တာပါ... ဒါပေမဲ့ နောက်ပိုင်းကျမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပါ။"
"ဘယ်လို ပြန်သိမ်းပိုက်ခဲ့တာလဲ။ "
"ပိုက်ဆံသုံးပြီး ပြန်ဝယ်လာခဲ့တာပါ။"
ဖန်ကျန်းရီမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ ဤမျှလောက် အရည်အချင်းလေးနှင့်များ အပြင်ထုတ် ရောင်းဝံ့ပြီး အရမ်း ရောင်းကောင်းနေသေးသည်လား။
"မင်းရဲ့ ဒါက ဘာကျွမ်းကျင်မှု နည်းလမ်းမှ မရှိဘူးပဲဟာကို။ "
ရှောင်ချန်၏ မျက်နှာပေါ်တွင် ဖျော့တော့သော ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ "ကျွမ်းကျင်မှု နည်းလမ်းတွေ ရှိပါတယ် သခင်လေး... အဲဒီ ဂုဏ်ပကာသနကို မက်မောတဲ့ မိန်းမက ကျုပ်နဲ့ အတူရှိနေတာ ကျုပ်ရဲ့ ငွေတွေကို လိုချင်လို့ဆိုတာကို သိလိုက်ရတော့ သူ့အပေါ်ကို စိတ်ကုန်သွားခဲ့ပါတယ်။ ကျုပ် သူ့အတွက် အိမ်ကြီးတစ်လုံးကို အရင်ဝယ်ပေးလိုက်ပြီး စီးပွားရေး အတူတူ လုပ်ခဲ့တယ် ... နောက်ပိုင်းကျတော့ သူ့ကို ကန်ထုတ်ပစ်လိုက်ပြီး တရားဝင် နည်းလမ်းတချို့ကို အသုံးပြုလိုက်တော့ အိမ်ကြီးက ကျုပ်အပိုင် ဖြစ်လာတဲ့အပြင် သူက ကျုပ်ကို ငွေ ကိုးရာတောင် အကြွေး ပြန်တင်သွားခဲ့တယ် ... အခုတော့ အကြွေးဆပ်ဖို့ ကျုပ်အိမ်မှာ အစေခံမလေး လုပ်နေရပါတယ်။"
ဖန်ကျန်းရီက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်၏။
ချီးတဲ့မှ ... မင်းကမှ တကယ့် လူကြမ်းကြီး အစစ်အမှန် ဖြစ်နေခဲ့တာကိုး။
ဒင်း ချစ်မြတ်နိုးသော မိန်းမဖြစ်ရသည်က တကယ့်ကို ကံဆိုးလွန်းလှသည်။
ချူချင်ဟန် ညီအစ်မနှစ်ဦးမှာ ကြောင်တောင်တောင် ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ထိတ်လန့်နေမိ၏။
တောက်ယွမ်ခရိုင်က လူတွေက တကယ်ပဲ ဘယ်လို လူတွေချည်းပါလိမ့် ...
ဖန်ကျန်းရီက စိတ်ကို အနည်းငယ် ပြန်လည် တည်ငြိမ်စေလိုက်ပြီး ဆက်ပြောသည်။ "ကောင်းတယ်... ကောင်းတယ်။ တစ်ယောက်ချင်းစီတိုင်းက ပါရမီရှင်တွေချည်းပဲ။ ဒါပေမဲ့ နောက်ပိုင်း အိမ်တွေကိုတော့ ခင်ဗျားတို့ ထပ်ပြီး ဆောက်လုပ်နေစရာ မလိုတော့ဘူး... သခင်လေးဖြစ်တဲ့ ကျုပ် ဆောက်လုပ်ခိုင်းတဲ့ အချိန်ကျမှ ခင်ဗျားတို့ ပြန်လည် စတင်ကြပါ... စာအုပ်ရောင်းတဲ့ ကိစ္စကိုပဲ သေချာ အာရုံစိုက် လုပ်ဆောင်ကြ။ "
"အဲဒါက ဘာဖြစ်လို့လဲ။ " လျိုကျုံးရွှင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ဘာဖြစ်လို့လဲ ဟုတ်လား။
လက်ရှိအချိန်တွင် ရောင်းချခြင်းက တကယ်ကို အနည်းငယ် ရှုံးနေကြောင်း ခံစားရသည်။ ရွှေတိုင်းပြည် အကြီးအကျယ် ရှုံးနိမ့်သွားပြီဖြစ်ရာ တာ့ကျင်း၏ နောင်လာမည့် အနာဂတ်က အကန့်အသတ်မရှိ တိုးတက်လာတော့မည်။
အရေးအကြီးဆုံးမှာ နောင်တစ်ချိန် မီးရထားလမ်းကြီး တည်ဆောက်ပြီးစီးသွားပါက သူသည် တောက်ယွမ်ခရိုင် နှင့် မြို့တော်ကို သေချာပေါက် ချိတ်ဆက်မည်။
ထိုအချိန်သို့ ရောက်ရှိလာပါက တောက်ယွမ်ခရိုင်၏ တခြားသူများနှင့်မတူ ကွဲပြားလှသော ပတ်ဝန်းကျင်နှင့် ကုန်ပစ္စည်း အမျိုးမျိုးက ရေတွက်၍မရနိုင်သော သူဌေးများကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျမှသာ အကျိုးအမြတ်က အများဆုံး ဖြစ်လာမည် မဟုတ်ပါလား။
လက်ရှိအချိန်တွင် အိမ်ဆောက်လုပ်နေခြင်းက သိပ်ပြီး တွက်ခြေမကိုက်လှပေ။
ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "လောလောဆယ် ဂရုစိုက်နေစရာ မလိုသေးဘူး... ကျုပ်ပြောတာကိုပဲ နားထောင်လိုက်။ ခင်ဗျားတို့ အလုပ်ဆက်လုပ်ကြ .. သခင်လေးဖြစ်တဲ့ ကျုပ် မြို့ထဲဝင်တော့မယ် ..."