← Chapters

အခန်း ၈၄၃

Vol. 44 Ch. 843

အခန်း ၈၄၃

Vol. 44 Ch. 843

အပိုင်း (၈၄၃) တောက်ယွမ်ခရိုင်၏ အခြေအနေသစ်။

လျိုကျုံးရွှင်နှင့် နှုတ်ဆက်ပြီးနောက် ဖန်ကျန်းရီသည် လူများကို ခေါ်ဆောင်ကာ မြို့ထဲသို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

လျှောက်သွားရင်းနှင့် အခြေအနေက အနည်းငယ် မမှန်ကန်ကြောင်း ခံစားလိုက်ရ၏။

မြို့တံခါးပေါက်ဆီသို့ ရောက်ရှိတော့မည့် အချိန်တွင် မြို့တံခါးပေါက်မှနေ၍ ထွက်ပေါ်လာသော ပြည်သူများက ပို၍တောင် များပြားလာခဲ့သည်။

တပ်မကြီး မြို့တံခါးပေါက်ဆီသို့ ရောက်ရှိသွားချိန်မှာတော့ ထိုနေရာတွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီဖြစ်ကာ လူအများစုမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ဖန်ကျန်းရီထံသို့ စူးစိုက်ကြည့်နေကြ၏။

တချို့သူများမှာ စောစောစီးစီးတည်းက အောင့်အည်းမထားနိုင်တော့ဘဲ ဖန်ကျန်းရီထံသို့ ကျယ်လောင်စွာ နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

အချိန်မကြာလိုက်မီမှာပင် မြို့တံခါးပေါက် နေရာကြီးမှာ ပျော်ရွှင်မှု ပင်လယ်ပြင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖန်ကျန်းရီသည် အလယ်ဗဟိုတွင် ဝိုင်းရံခံထားရရာ မမျှော်လင့်သည့် ခံစားချက်အပြင် အံ့အားသင့် ဝမ်းသာမှုများလည်း ပါဝင်နေ၏။

သခင်လေး ကျန်းမာပါစေ... သခင်လေး အိမ်ပြန်ရောက်လာတာကို ကြိုဆိုပါတယ် စသည့် စကားသံများက နားထဲတွင် ဆူညံစွာ ပဲ့တင်ထပ်နေခဲ့သည်။

သူ ပြန်လာမည်ကို သတင်းပို့ရန် လူမလွှတ်ခဲ့ဘဲ ခရိုင်ထဲက လူတွေက ဘယ်လိုလုပ် အားလုံး ထွက်လာကြတာလဲ။

ကြည့်ရသည်မှာ စောစောက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လူများ မြို့ထဲသို့ ပြေးဝင်ကာ သတင်းပို့လိုက်ခြင်း ဖြစ်လောက်၏။

ဖန်ကျန်းရီမှာ ပျော်ရွှင်လွန်း၍ မခံနိုင်တော့ဘဲ သူ၏ စိတ်နှလုံးထဲတွင် ကြီးမားလှသော ကျေနပ်သာယာမှုများဖြင့် ပြည့်နှက်သွားကာ ဘယ်ညာသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

ချီးတဲ့မှ ... ဒါမှ တကယ့် ဘုရင်လုပ်ရတဲ့ ခံစားချက်မျိုးပဲ။

အရင်က ရွှေတိုင်းပြည်ထဲတွင် နာမည်သာရှိပြီး အနှစ်သာရမရှိသော ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ခဲ့သော်လည်း ခရိုင်ထဲသို့ ပြန်ရောက်လာသည့် အချိန်ကျမှသာ ကိုယ့်လက်ကို ကိုယ်တိုင် အသုံးပြုနေရသကဲ့သို့ လွတ်လပ်သော ခံစားချက်မျိုးကို ရရှိစေခဲ့သည်။

ပြည်သူများ၏ ပျော်ရွှင်ဖွယ် ရယ်မောသံများက ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပြီး အောက်ချန်က အရာရှိ စစ်သည်တစ်အုပ်ကို ခေါ်ဆောင်ကာ မြို့တံခါးပေါက်မှ ထွက်ပေါ်လာသည့် အချိန်အထိပင် ဖြစ်၏။

ဖန်ကျန်းရီက လက်ကို ဆန့်ထုတ်ကာ ဆုပ်ကိုင်ပြလိုက်ရာ ကွင်းပြင်ကြီး တစ်ခုလုံးရှိ အသံများမှာ ချက်ချင်း ရပ်တန့်သွားခဲ့သည်။

ထို့နောက် သူက အော်ဟစ်လိုက်၏။ "တော်လောက်ပါပြီ... အားလုံး လူစုခွဲကြတော့... ကိုယ့်အိမ်ကို ကိုယ်ပြန်ကြပါ။ သခင်လေးဖြစ်တဲ့ ကျုပ်က ဒီတစ်ခေါက် ရာထူးကနေ နှုတ်ထွက်လိုက်ပြီ၊ ဆက်မလုပ်တော့ဘူး... ခရိုင်ထဲမှာပဲ နေထိုင်တော့မှာဆိုတော့ နောက်ပိုင်း တွေ့ဆုံဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။"

ချီးတဲ့မှ။ သခင်လေး ရာထူးက နှုတ်ထွက်လိုက်ပြီလား။

"နှုတ်ထွက်လိုက်တာ အရမ်း ကောင်းပါတယ်။"

"သခင်လေး ထွက်မသွားတော့ဘူးဟေ့။ "

ပြည်သူတစ်စုက တစ်ခဲနက် အော်ဟစ် အောင်ပွဲခံလိုက်ကြပြီး ကွင်းပြင်ကြီး တစ်ခုလုံးတွင် လက်ခုပ်သံများက မိုးချိန်းသံကဲ့သို့ ဆူညံသွားခဲ့သည်။

ချူချင်ဟန် ညီအစ်မနှစ်ဦးမှာ ကြောင်အမ်းအမ်းဖြစ်ကာ ကြည့်နေမိကြပြီး ဖန်ကျန်းရီ၏ ကျောပြင်ကို ငေးမော ကြည့်ရှုနေကြ၏။

ဤအရာက အရာရှိတစ်ဦးထံတွင် ရှိနိုင်သော ဩဇာလွှမ်းမိုးနိုင်စွမ်းမျိုးနှင့် မတူဘဲ ... ကိုးကွယ်ယုံကြည်မှု တစ်မျိုးနှင့် ပို၍တောင် တူနေသည်။

ဖန်ကျန်းရီမှာမူ ငိုရမလား... ရယ်ရမလား ဆိုသည်ကိုပင် မသိတော့ချေ။ သူ ရာထူးမှ နှုတ်ထွက်လိုက်သည်ကို အောက်ကလူတွေက ဝိုင်းဝန်း ဂုဏ်ပြုနေကြ၏။

သို့ပေမည့် ဤမြင်ကွင်းက ဘာဖြစ်လို့ အရင်က မြင်ဖူးခဲ့သလိုမျိုး ခံစားနေရသနည်း။

မျက်စိမှိတ်ကာ အတန်ကြာ နက်နက်နဲနဲ တွေးတောပြီးနောက် ဖန်ကျန်းရီသည် သတိရသွားခဲ့၏။

ချီးတဲ့မှ ... ဒါက စွန်းဝူခုန်းက နတ်မြင်းထိန်း ရာထူးကနေ နှုတ်ထွက်ပြီး ပန်းသီးတောင်ဆီ ပြန်သွားတဲ့ ပုံစံမျိုးပဲ မဟုတ်လား ...

ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "တော်ကြတော့။ လူစုခွဲကြတော့လေ... ဆူညံလွန်းလို့ သခင်လေး ကျုပ် နားတွေတောင် နာလာပြီ။ "

ပြည်သူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် နှမြောတသစွာဖြင့်သာ လူစုခွဲသွားကြပြီး ခြေသုံးလှမ်းလျှောက် တစ်ခါလှည့်ကြည့်ကာ ခရိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြ၏။

လူများ ထွက်ခွာသွားသည်မှာ ကုန်သလောက် ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီက လှည့်ကာ ကျင်းယီဝေတပ်ဖွဲ့ဝင် နှစ်ရာထံသို့ မိန့်ကြားလိုက်သည်။ "မင်းတို့လည်း အိမ်ပြန်ချင်ရင် ပြန်ကြတော့... သုံးရက်လောက် အနားယူပြီးမှ မြို့တော်ဆီ ပြန်လည် တာဝန်ထမ်းဆောင်ကြ။ "

"နားလည်ပါပြီ။ သခင်လေးကို ကျေးဇူးတင်ပါတယ်။ "

ကျင်းယီဝေတပ်ဖွဲ့ဝင်များက တစ်ပြိုင်နက် ကျေးဇူးတင်စကား ဆိုလိုက်ကြပြီးနောက် ကိုယ့်မြင်းကိုကိုယ်နှင်ကာ မြို့ထဲသို့ ဝင်ရောက်သွားကြ၏။

မြို့တံခါး အပြင်ဘက်တွင် အောက်ချန် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ဖန်ကျန်းရီက မြင်းပေါ်မှဆင်းကာ ခြေလျင် လျှောက်သွားသည်။ အောက်ချန်က အရှေ့သို့ လာရောက် ကြိုဆိုကာ စိုးရိမ်တကြီး မေးလိုက်၏။ "သခင်လေး ... ရွှေတိုင်းပြည်ထဲမှာ ဘာဒဏ်ရာမှ မရခဲ့ဘူး မဟုတ်လား။ "

ဖန်ကျန်းရီ၏ကိုယ်ပေါ်တွင် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း ဆိုသည်ကို ပြည်သူများက မသိကြသော်လည်း တောက်ယွမ်ခရိုင် ကို အုပ်ချုပ်နေသော အောက်ချန်သည် ရှောင်ထောင်၏ ပါးစပ်မှတစ်ဆင့် အတွင်းရေးများကို စောစောစီးစီးတည်းက ကြားသိထားပြီး ဖြစ်သည်။

လအတော်ကြာ ရင်တဖိုဖိုနှင့် စိုးရိမ်ပူပန်နေခဲ့ရပြီးနောက် ယခု ဖန်ကျန်းရီ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်ကျမှသာ သူ၏ စိတ်နှလုံးကို လျှော့ချလိုက်နိုင်၏။

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ "ဘာမှမဖြစ်ပါဘူး... မင်းသမီးတို့ အားလုံး ခရိုင်ထဲမှာ ရှိနေကြရဲ့လား။ "

အောက်ချန်က ပြန်ဖြေ၏။ "အားလုံး ရှိနေကြပါတယ်... ကျုပ် စောစောကမှ ပြည်သူတွေဆီကနေ သတင်းကြားရလို့ သခင်လေး ခရိုင်ကို ပြန်ရောက်နေမှန်း သိလိုက်ရတာပါ။ မင်းသမီးနဲ့ ရှောင်ထောင်တို့အတွက်တော့ ... လူတွေများပြီး ရှုပ်ထွေးနေမှာစိုးလို့ သူတို့ကို အိမ်တော်ထဲမှာပဲ စောင့်ဆိုင်းနေဖို့ မေတ္တာရပ်ခံထားပါတယ်။"

အောက်ချန်က မြင်းပေါ်တွင် စီးနင်းနေဆဲဖြစ်သော ချူချင်ဟန် ညီအစ်မနှစ်ဦးအား ကြည့်လိုက်သည်။ "သခင်လေး ... ဒီနှစ်ယောက်ကတော့ ..."

"ကျုပ်ရဲ့ ဇနီးသစ်တွေလေ... ခဏနေရင် ကျုပ်နဲ့အတူ အိမ်ပြန်လိုက်လာကြမှာ။ "

အောက်ချန်က လက်မ ထောင်ပြလိုက်ပြီး အလွန်အမင်း လေးစားသွားကာ တိုးတိုးလေး မေးလိုက်၏။ "သခင်လေး ... တကယ် လေးစားပါတယ်ဗျာ။ ဒါပေမဲ့ အရှင်မင်းကြီးဘက်ကကော ... သခင်လေးရဲ့ ဒီကိစ္စက ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား။ "

ဖန်ကျန်းရီက ဘဝင်မြင့်စွာ ပြန်ပြောသည်။ "ဟမ့် ... ဘာပြဿနာ ရှိနိုင်မှာမလို့လဲ... လက်ရှိ ကျုပ်ရဲ့ နေရာအဆင့်အတန်းအရ နောက်ထပ် အနည်းငယ်လောက် ထပ်ယူလိုက်တော့ ဘာဖြစ်သွားလဲ။ ဘယ်သူကများ သဘောမတူဝံ့လို့လဲ။ "

"မြို့ထဲ ဝင်ကြစို့... ကျုပ် မပြန်လာဖြစ်တာ ဒီလောက်တောင် ကြာနေပြီဆိုတော့ ခရိုင်ထဲမှာ ဘာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ရှိနေသလဲ ဆိုတာကို တစ်ခုချင်းစီ ပြောပြစမ်းပါ။"

"နားလည်ပါပြီ သခင်လေး။ "

……

ခရိုင်အတွင်း၌ အောက်ချန်နှင့် ဖန်ကျန်းရီတို့ ယှဉ်တွဲ လျှောက်သွားနေကြပြီး မြို့ထဲတွင် ဖြစ်ပျက်ခဲ့သော အကြီးအငယ် ကိစ္စရပ်များကို အကုန်အစင် သေချာ လျှောက်တင်နေ၏။

လမ်းဘေးနှစ်ဖက်ရှိ ပြည်သူများသည် ဖန်ကျန်းရီ လျှောက်လာသည်ကို မြင်လိုက်ရသောကြောင့် လေးစားစွာ ငေးမော ကြည့်ရှုနေကြသည်။

ဖန်ကျန်းရီကလည်း စိတ်မရှည်ခြင်း လုံးဝမရှိဘဲ အပြုံးဖြင့် တုံ့ပြန် နှုတ်ဆက်နေခဲ့ပေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို ပြောရလျှင် တကယ့်ကို သာယာလွန်းလှ၏။

ထို့အပြင် ပါးစပ်ဖြင့်သာ လေလုံးထွားပြီး ပြည်သူများကို လှည့်စားကာ ရရှိလာသော အာလီပိုင်၏ ချစ်ခင်မြတ်နိုးမှုမျိုးနှင့် မတူညီပေ။

တောက်ယွမ်ခရိုင် ပြည်သူများ၏ နက်ရှိုင်းလှသော သံယောဇဉ်နှင့် အကျိုးစီးပွား ဆက်စပ်နေမှု၏ ကြီးမားလှပုံက ဖန်ထိုက်မြို့ရှိ ပြည်သူများ လုံးဝ ယှဉ်ပြိုင်နိုင်မည့် အရာမျိုး မဟုတ်ချေ။

အောက်ချန်က ဆက်လက် တင်ပြနေဆဲ ဖြစ်သည်။ "အိမ်ရှေ့စံမင်းသား မထွက်ခွာမီတုန်းက ခရိုင်ထဲကို တစ်ခေါက် ရောက်လာပြီး သေနတ်လက်နက် စက်ရုံက ပစ္စည်းအတော်များများကို ယူဆောင်သွားခဲ့ပါတယ်... အဲဒီအထဲမှာ လက်ပစ်ဗုံးတွေက ..."

"အဲဒါကို ကျုပ် သိပြီးသားပါ... အများကြီး ထပ်ပြောနေစရာ မလိုတော့ဘူး... နောက်တစ်ချက် ဆက်ပြောစမ်းပါ။"

"အိမ်ရှေ့မင်းသားနဲ့ သက်ဆိုင်နေဆဲပါပဲ ... အိမ်ရှေ့စံမင်းသား ခရိုင်ထဲမှာ ရှိနေချိန်တုန်းက ခရိုင်ထဲမှာ မီးပုံးပျံတွေ လွှတ်တင်ခွင့် ပြုနိုင်မလား ဆိုတာကို မင်းသားထံ လျှောက်တင် တောင်းဆိုတော့ မင်းသားက ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ခရိုင်ကနေ ခရိုင်ထဲက ပြည်သူတွေအတွက် မီးပုံးပျံ စီးနင်းခွင့်ကို ဖွင့်လှစ်ပေးလိုက်တယ်။ တစ်ခါစီးရင် ငွေ တစ်မတ် ပေးရပါတယ်... လူအတော်များများက တန်းစီပြီး စီးနင်းချင်နေကြတော့ ဒီအပိုင်းကနေ ဝင်ငွေ အတော်လေး ကောင်းမွန်နေပါတယ်။ "

ဖန်ကျန်းရီက ခေါင်းညိတ်ပြလိုက်၏။ "အင်း ... သဘောပေါက်ပါပြီ။ "

မူလက မီးပုံးပျံများသည် လျှို့ဝှက်ချက် အနည်းငယ် ရှိနေခဲ့သော်လည်း လက်ရှိတွင် မြောက်ဘက်ရှိ အကြီးမားဆုံး ပြိုင်ဘက်ကြီးလည်း နည်းပညာကို ပိုင်ဆိုင်နေပြီဖြစ်ရာ လွှတ်တင်ခွင့် ပြုလိုက်ခြင်းကလည်း ဘာမှမဖြစ်တော့ဘဲ စီးပွားရေးအတွက် ကောင်းမွန်သော ကိစ္စတစ်ခုပင် ဖြစ်ပေလိမ့်မည်။

"သခင်လေး မရှိတဲ့ ဒီကာလအတွင်းမှာ ခရိုင်ကနေ လက်မှုပညာရှင်တွေကို အမြောက်အမြား အဆက်မပြတ် ခေါ်ယူနေခဲ့ပြီး အိတ်ဆောင်နာရီ ဖန်တီးနိုင်မဲ့ ကျွမ်းကျင်သူ အတော်များများကို လေ့ကျင့် မွေးမြူနိုင်ခဲ့ပါပြီ။ အခုဆိုရင် မြို့တော်ထဲမှာ အမြောက်အမြား စတင် ရောင်းချနေပြီဖြစ်ပြီး ခရိုင်အပြင်ဘက် ဈေးနှုန်းကိုတော့ တစ်လုံးကို ငွေ တစ်ထောင် သတ်မှတ်ထားပါတယ်။ "

ဖန်ကျန်းရီက စဉ်းစားလျက် ပြောလိုက်၏။ "ဈေးနှုန်းကို ဒီလောက်အထိ ဆွဲတင်ထားစရာ မလိုပါဘူး... ဘာပဲဖြစ်ဖြစ် ပြည်သူအတော်များများ သုံးစွဲရအုံးမှာပဲလေ... ပြီးတော့ အချိန်မကြာလိုက်ဘဲ တခြား ကုန်သည်တွေ က သေချာပေါက် အတုခိုး ဖန်တီးကြတော့မှာ။ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ တခြား ကုန်အမှတ်တံဆိပ် တစ်ခုကိုပါ ထပ်မံ တည်ထောင်လိုက်ပါ... အရင်းဈေးနဲ့ နီးစပ်တဲ့ ဈေးနှုန်းလောက်နဲ့ ရောင်းချပေးလိုက်။ အဆင့်မြင့် ပစ္စည်းတွေကိုတော့ မြင့်မားတဲ့ ဈေးနှုန်းအတိုင်း ဆက်ထားပြီး အဆင့်အတန်းကို ဆွဲတင်ထားလိုက်... နာရီ မျက်နှာပြင်ထဲမှာ ဖန် ... စိန်တွေကို များများ ထည့်သွင်း တန်ဆာဆင်လိုက်ပြီး နာရီကြိုးကိုလည်း ရွှေစစ်စစ်နဲ့ အစားထိုးလဲလှယ်ပေးလိုက်။

နာရီနဲ့ ပတ်သက်တဲ့ ဒီအပိုင်းက ခရိုင်ရဲ့ အရေးကြီးတဲ့ ဝင်ငွေ ရင်းမြစ်ဖြစ်လို့ အဆင့်မြင့်တာရော... အဆင့်နိမ့်တာကိုပါ ကိုယ့်လက်ထဲမှာ အကုန်အစင် ဆုပ်ကိုင်ထားရမယ်။ "

အောက်ချန်က စိတ်ထဲတွင် သေချာ မှတ်သားထားလိုက်ပြီး ထပ်မံ လျှောက်တင်သည်။ "ပြီးတော့ ခရိုင်ထဲက ကုန်သည်တွေကို ဖျင်ဝမ်ခရိုင်ဆီသွားပြီး စီးပွားရေးလုပ်ဖို့ အားပေး တိုက်။ အကျိုးအမြတ် အတော်လေး ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ ဖျင်ဝမ်ခရိုင်ရဲ့ အိမ်နီးချင်း ခရိုင်ဖြစ်တဲ့ ရှင်းကျန်းခရိုင်ဆီကို ခရိုင်ဝန်အသစ် တစ်ယောက် ထပ်မံ ရောက်ရှိလာပြီး အကြီးအကျယ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်လို့ ကြားသိရတယ်... ပြီးတော့ ဖျင်ဝမ်ခရိုင်ရဲ့ ပြည်သူ့နီတိတွေက ပရမ်းပတာ ဖြစ်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်နေတယ်၊ ကြားရသလောက်တော့ အဲဒီ အရာရှိသစ်က ဟန်လင်အကယ်ဒမီကနေ ထွက်လာတာပါတဲ့။ "

"ဖျင်ဝမ်ခရိုင်ကို အောက်ရောက်သွားအောင် ဖိနှိပ်ချင်နေတဲ့ အခြေအနေမျိုး ရှိနေပုံ ပေါက်တယ်... သခင်လေး ဆီမှာကော ဘာသတင်းများ ရှိနေသေးသလဲ ဆိုတာကိုတော့ မသိဘူး။ "

ဖန်ကျန်းရီက မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါလိုက်၏။

အခုမှ ပြန်ရောက်လာခြင်းဖြစ်ရာ ဤကိစ္စမျိုး ရှိနေကြောင်းကို သူ တကယ်ပင် မသိခဲ့ပေ... ကြည့်ရသည်မှာ နန်းတော်ထဲမှ ကုန်သွယ်ရေးကို ဆန့်ကျင်သူများက သတိထားမိသွားကြပြီး မိမိနှင့် ယန်ဖုန်းဖန်တို့ ဆက်သွယ်မှုရှိကာ ယန်ဖုန်းဖန်အား အမှောင်ထုထဲမှနေ၍ တိတ်တဆိတ် ထောက်ခံပေးနေကြောင်း သိရှိသွားကြပုံ ပေါက်သည်။

ထို့ကြောင့် လူသစ်တစ်ယောက်ကို ထုတ်ဖော်လာပြီး ဖျင်ဝမ်ခရိုင်ကို ဖိနှိပ်ကာ ကုန်သွယ်ရေး ဖြေလျှော့ပေးမည့် ကိစ္စကို တားဆီးချင်နေခြင်း ဖြစ်၏။ ဤ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပြီး ကြည့်ရသည်မှာ ကိစ္စရပ်များက စဉ်းစားထားသလောက် ချောမွေ့နေမည် မဟုတ်တော့ကြောင်း ခန့်မှန်းရသည်။

"ဘာသတင်းမှ မရှိဘူး... ဒါပေမဲ့ ဒါက သေချာပေါက် ကျုပ်ဆီကို ဦးတည်လာတာပဲ။ ဒီရက်ပိုင်းအတွင်းမှာ နန်းတော်ကနေ ကျုပ်ရဲ့ အရာရှိ အဆင့်အတန်းကို ရုပ်သိမ်းမယ့် အမိန့်စာ ကျလာလိမ့်မယ်လို့ ခန့်မှန်းရတယ်... အရာရှိ အဆင့်အတန်း မရှိတော့ရင် ကျုပ်လည်း အများကြီး ဝင်ပါလို့ မရနိုင်တော့ဘူး... အောက်ကလူတွေကို ပုံမှန်အတိုင်း စီးပွားရေး လုပ်ခိုင်းပြီး ကိုယ့်တာဝန်ကို အကောင်းဆုံး ဖြစ်အောင်သာ ဆောင်ရွက်ခိုင်းလိုက်... ရှင်းကျန်းခရိုင်ကို အများကြီး သွားပြီး ဂရုစိုက်မနေနဲ့။

ပြီးတော့ အခု ရွှေတိုင်းပြည် အကြီးအကျယ် ရှုံးနိမ့်သွားပြီဆိုတော့ နိုင်ငံနှစ်ခု ကုန်သွယ်ရေး စတင်ဖို့က နီးကပ်နေပြီ... အဲဒီဘက်မှာ ချမ်းသာနိုင်မယ့် အခွင့်အရေးတွေ အများကြီး ရှိနေတော့ အောက်ကလူတွေကို သေချာ ဝါဒဖြန့် ပြောဆိုပေးလိုက်... စိတ်ကူးရှိတဲ့ ကုန်သည်တွေကို နယ်စပ်မြို့လေးတွေဆီသွားပြီး စီးပွားရေး လုပ်ခိုင်းလိုက်။ "

အောက်ချန်က တုံ့ဆိုင်းလျက် လျှောက်တင်၏။ "ဒါက သိပ်ပြီး လွယ်ကူလိမ့်မယ် မထင်ဘူးနော်။ ရွှေတိုင်းပြည်က အရမ်း ဝေးကွာပြီး အန္တရာယ်လည်း အရမ်း များတော့ ကျုပ်တို့ ခရိုင်ထဲက ပြည်သူတွေက သွားချင်မှ သွားကြလိမ့်မယ်။ "

ဖန်ကျန်းရီက မျက်နှာကို တင်းထားလျက် ပြောလိုက်သည်။ "လမ်းမှာ အန္တရာယ် အနည်းငယ် ရှိနိုင်တယ် ဆိုပေမဲ့လည်း ပိုက်ဆံရှာနိုင်မယ့် အခွင့်အရေးကတော့ အများကြီး ပိုပြီး သေချာနေတယ်။ ရွှေတိုင်းပြည်က ကုန်ပစ္စည်း အတော်များများက ကျုပ်တို့ တာ့ကျင်းမှာ အရမ်းကို လုဝယ်ရတဲ့ အရာတွေချည်းပဲ... ဒီလောက် ကြီးမားတဲ့ အကျိုးအမြတ်ကြီးကို တခြားသူတွေဆီ အလကားသတ်သတ် ထိုးအပ်လိုက်တော့မလို့လား။

ပြီးတော့ ဘယ်လောက်တောင် အန္တရာယ် များနိုင်အုံးမှာမလို့လဲ... ကျုပ်တို့တွေက အောင်ပွဲခံပြီး ပြန်လာခဲ့ကြတာလေ... ရွှေတိုင်းပြည်က ရေတိုအတွင်းမှာ ပြန်လည် တန်ခိုးထွားလာနိုင်မယ့် ဖြစ်နိုင်ခြေ လုံးဝ မရှိတော့ဘူးဆိုတော့ လက်ရှိ အခြေအနေက အကောင်းဆုံးပဲ။ ပြီးတော့ မြို့တော်ထဲမှာ ကျုပ်ကို ကူညီပေးမဲ့ အိမ်ရှေ့မင်းသားလည်း ရှိနေသေးတော့ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းတချို့ လုပ်ချင်ရင်တောင် အရမ်း လွယ်ကူ အဆင်ပြေနေတာချည်းပဲ။

တာ့ကျင်းရဲ့ မျက်နှာတစ်ခွင်... တာ့ကျင်းရဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်း တစ်စောင်ဆိုတာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နယ်မြေဆီသွားမယ့် ခွင့်ပြုချက် လက်မှတ်ပဲ။

ဘာကို ကြောက်စရာ လိုနေသေးလို့လဲ။ ကျုပ်တို့တွေ အပြင်ထွက်ပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ သောင်းကျန်းလို့ ရနေတာကို... ဒီကိစ္စကို ခင်ဗျား သေသေချာချာ အာရုံစိုက် ဆောင်ရွက်ရမယ်... အတတ်နိုင်ဆုံး လူတွေကို လှုံ့ဆော် စုစည်းပေးလိုက်... အောက်ကလူတွေ အကူအညီ လိုအပ်ရင် ကူညီပေးသင့်တာကို အကုန်အစင် ကူညီပေးလိုက်ကြ။ "

All Chapters