အခန်း ၈၄၄
Vol. 44 Ch. 844
အပိုင်း (၈၄၄) အိမ်ပြန်၍ ဇနီးသည်များနှင့် တွေ့ဆုံခြင်း။
ကိစ္စရပ်များမှာ အနည်းငယ် ခက်ခဲရှုပ်ထွေးနေမည်ဟု ခံစားရသော်လည်း ဤသည်မှာ ဖန်ကျန်းရီ ကိုယ်တိုင် ကိုယ်ကျ ခိုင်းစေအပ်နှင်းထားသော တာဝန်ဖြစ်သောကြောင့် အောက်ချန်မှာ အံကြိတ်ကာ ခေါင်းညိတ် လက်ခံလိုက်ရတော့သည်။
ဖန်ကျန်းရီက မေးလိုက်၏။ "ဒီလောက်တောင် ပြောနေပြီးမှ ခင်ဗျား ဘာလို့ ကောင်းတဲ့ကိစ္စတွေကိုချည်း ရွေးပြောနေရတာလဲ။ တခြားကိစ္စတွေကရော ဘယ်လိုနေလဲ။"
"တခြားဟာတွေကတော့ ..."
ဖန်ကျန်းရီက ဤအကြောင်းကို မေးမြန်းလာချိန်မှာတော့ အောက်ချန်၏ မျက်နှာမှာ အလွန်တရာ ပြောရခက်နေသည့်ဟန် ပေါ်လာသည်။
သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်၊ မည်သို့ပင်ဖြစ်စေ ဖန်ကျန်းရီ အနေဖြင့် အစောပိုင်းဖြစ်စေ၊ နောက်ကျမှဖြစ်စေ သိလာရမည့် အတူတူဟူသော အတွေးဖြင့် ခက်ခက်ခဲခဲ ပြောလိုက်၏။
"ပြည့်တန်ဆာအိမ်တွေဘက်မှာ ပြဿနာနည်းနည်း တက်နေတယ်။ အခု သူတို့လုပ်ရပ်တွေက နည်းနည်းတော့ လွန်ကဲနေပြီ။ ဒါပေမဲ့ ကျုပ်တို့ဘက်က သွားပြီး ဝင်ရောက်စွက်ဖက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိသလို ဖြစ်နေလို့။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ဘာပြဿနာလဲ။"
အောက်ချန်က ပြန်ဖြေ၏။ "အခု ပြည့်တန်ဆာအိမ်တွေက ဧည့်သည်တွေဆီကို အိမ်တိုင်ရာရောက် မိန်းကလေးတွေ ပို့ဆောင်ပြီး စီးပွားရေးရှာတဲ့ အဆင့်အထိ ရောက်နေပြီ။ ကျုပ်တို့ဘက်က နှစ်ကြိမ်လောက် သွားရောက် သတိပေးပြီးတဲ့နောက် အတော်လေးတော့ ငြိမ်ကျသွားတယ်။ အခုတော့ ဖောက်သည်ဟောင်း တွေကိုပဲ ဝန်ဆောင်မှု ပေးတော့တယ်။"
ဖန်ကျန်းရီက တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ဒီလောက်ကတော့ ဘာဆန်းလို့လဲ။ ကမ္ဘာပေါ်မှာ ဒီလိုကိစ္စမျိုး မလုပ်တဲ့ ပြည့်တန်ဆာအိမ် ဘယ်မှာရှိလို့လဲ။ ခင်ဗျားတို့ လုပ်ဆောင်တာ မဆိုးပါဘူး။ ပြဿနာကို ပိုပြီး မကြီးထွားစေနဲ့။ သူတို့က အိမ်တိုင်ရာရောက် ဧည့်သည်ရှာတဲ့ အလုပ်ကို ဆက်လုပ်နေအုံးမယ်ဆိုရင် ကျုပ်အတွက် အပြင်းအထန် ဒဏ်ရိုက်ပစ်လိုက်။"
အောက်ချန်သည် ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ "တကယ်တော့ ... ကြည့်မကောင်းတဲ့ တခြား အစီအစဉ်တွေလည်း ရှိသေးတယ်။ အပြင်က ကြည့်ရင် အမြင်မတော်ဘူး။"
ကြည့်မကောင်းဘူး ဟုတ်လား။ ဖန်ကျန်းရီ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။ သူက အံ့ဩတကြီး မေးလိုက်သည်။ "ဘာတွေလဲ။"
အောက်ချန်က ချောင်းတစ်ချက် ဟန့်လိုက်၏။ "နှင်းလမင်းစံအိမ်က လေပူဖောင်းကြီးတွေ ငှားပြီးတော့လေ ... ကောင်းကင်ပေါ်မှာ အဟမ်း ... အဲဒါကို သူတို့က တစ်ရက်အတွင်း မိုင်တစ်ထောင် ခရီးပေါက်တယ်လို့ နာမည် ပေးထားကြတယ်။"
ဖန်ကျန်းရီမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ "ချီးတဲ့မှပဲ ... ဘယ်ကောင်က ဒီလို စိတ်ကူးမျိုး ရသွားတာလဲ။"
ယခင်ဘဝက လေယာဉ်ပေါ်တွင် ဤသို့သော ကိစ္စမျိုးများ ရှိတတ်ကြောင်း ကြားဖူးခဲ့သော်လည်း၊ လေပူဖောင်းကြီးပေါ်တွင် လုပ်ဆောင်သည်ဟု လုံးဝ မကြားဖူးခဲ့ချေ။ ဤမျှအထိ ကဲလွန်းလှသော တောက်ယွမ်ခရိုင်မှ ပြည်သူပြည်သားများမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းသွားကြပြီ ဖြစ်၏။
အောက်ချန်က ခေါင်းငိုက်စိုက်ကျကာ ပြန်ဖြေသည်။ "ဒီလို စိတ်ကူးမျိုး ရနိုင်တာကတော့ ... သေချာပေါက် ဆရာဝူရှန်းပဲပေါ့။"
ဖန်ကျန်းရီမှာ စကားပင် မပြောနိုင်တော့ဘဲ ငေးမောသွား၏။
"ဝူရှန်း ဟုတ်လား။ ဒီခွေးမသားကြီးက အနုပညာ ဖန်တီးမှုတွေ လုပ်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြည့်တန်ဆာအိမ်တွေနဲ့ သွားပတ်သက်နေရပြန်တာလဲ။"
အောက်ချန်က သက်ပြင်းချလိုက်သည်။ "နှင်းလမင်းစံအိမ်က သူ့ကို ငွေကြေး အမြောက်အမြားပေးပြီး အကြံဉာဏ် တောင်းခံခဲ့တာလေ။ ခင်ဗျားပဲ စဉ်းစားကြည့် ... ဒီအကြံဉာဏ်က တကယ်ကို အလုပ်ဖြစ်နေတယ်။ နှင်းလမင်းစံအိမ်ကနေ ခရိုင်အတွက် ဝင်ငွေ အများကြီး ရှာပေးနေတာ။"
အောက်ချန်က ဆက်ပြော၏။ "ဒီအစီအစဉ်ကို ရပ်တန့်ပစ်ဖို့ ကျုပ်တို့ ဆွေးနွေးခဲ့ကြသေးတယ်။ ဒါပေမဲ့ တစ်ဖက်မှာက ယဉ်ကျေးမှု ထိခိုက်စေတယ် ဆိုပေမဲ့... နောက်တစ်ဖက်မှာက ခရိုင်ရဲ့ ဝင်ငွေဖြစ်နေတော့ ရွေးချယ်ရ အရမ်းခက်နေတယ်။"
ပြည့်တန်ဆာအိမ် စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဟုတ်လား။
စိတ်ကူးကတော့ မဆိုးလှချေ။ သို့သော်ငြား လွန်ကဲလွန်းလှ၏။ သူတို့ကို ဤအတိုင်း ဆက်လက် ကဲခွင့် ပေးထားမည် ဆိုပါက ကောင်းကင်ပေါ်တွင် ကာမပွဲတော်ကြီး ကျင်းပတော့မည်။ အမှန်တကယ်ပင် ဤကဲ့သို့သော ကိစ္စရပ်များတွင် လူသားတို့၏ ဖန်တီးနိုင်စွမ်းမှာ အကန့်အသတ်မရှိ အဆုံးအစမဲ့လှသည်။ အကယ်၍ ထပ်မံ မထိန်းချုပ်ဘဲ လွှတ်ထားလိုက်ပါက... ဤလူတစ်စု တီထွင်ဖန်တီးမည့် ကစားနည်းများကို ဂြိုဟ်သားများပင်လျှင် အံ့ဩမှင်တက်သွားရပေလိမ့်မည်။
ဖန်ကျန်းရီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ "ဖျက်သိမ်းလိုက် .. အခုချက်ချင်း ဖျက်သိမ်းပစ်လိုက်။ ငွေရှာဖို့က အရေးကြီးတယ် ဆိုပေမဲ့ ... စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲမှုကိုလည်း ခင်ဗျားတို့ဘက်က အမီလိုက်နိုင်ဖို့ လိုတယ်။ လူကြီးတွေက ကိစ္စမရှိပေမဲ့... ခရိုင်ထဲက ကလေးတွေကိုပါ လမ်းမှားရောက်သွားစေရင် ဘယ်လိုလုပ်မလဲ။"
သူက ဒေါသတကြီး ဆက်ပြောသည်။ "ဒီလိုကိစ္စမျိုးကိုတောင် ကျုပ် ကိုယ်တိုင် ဆုံးဖြတ်ပေးနေရသေးတယ်။ ခင်ဗျားတို့တွေ အလုပ်ကို ဘယ်လို လုပ်နေကြတာလဲ။"
ဖန်ကျန်းရီက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ "ဒီကနေ့ကစပြီး ပြည့်တန်ဆာအိမ်တွေရဲ့ လှုပ်ရှားမှု အသစ်တိုင်းကို ကျုပ်ကိုယ်တိုင် စစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးမယ်။"
အောက်ချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ... အခုချက်ချင်း ပြုပြင်ပြောင်းလဲလိုက်ပါ့မယ်။"
ကြည့်ရသည်မှာ သခင်လေးအား အပြည့်အဝ စိတ်ကျေနပ်မှု မပေးနိုင်ခဲ့သေးချေ။
ဖန်ကျန်းရီက မေးလိုက်၏။ "ဆက်ပြောစမ်းပါအုံး ... တခြား ဘာတွေကျန်သေးလဲ။"
အောက်ချန်မှာ အလွန်အမင်း စိုးရိမ်တကြီးဖြင့် ဖြေသည်။ "ရှိသေးတယ် ... ကျုပ်တို့ ခရိုင်ထဲက လျန်ကွေ့ဆိုတဲ့ တစ်ယောက်လေ။ သူက ယောကျာ်းလေးတွေကို သဘောကျတာ။ ခရိုင် ရေချိုးခန်းထဲကို ဘယ်လို ခိုးဝင်သွားမှန်း မသိဘူး။ အရှက်ကွဲစရာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်။"
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့၏။ "ဘယ်လို ကိစ္စမျိုးတွေလဲ။"
အောက်ချန်က ရှင်းပြသည်။ "သူက ရေချိုးခန်းထဲမှာ တခြားယောကျာ်းလေးတွေကို သွားပြီး မြူဆွယ်တာလေ။ အဲဒါကို တစ်ဖက်လူရဲ့ မိသားစုက မိသွားပြီး ခရိုင်ရုံးတော်အထိ ပြဿနာ တက်လာကြတယ်။ ကံကောင်းချင်တော့ ပြင်းထန်တဲ့ အမှားမျိုး မကျူးလွန်မိသေးတာကြောင့်... ငွေဒဏ်လောက်ပဲ ရိုက်ပြီး ပြီးသွားခဲ့တယ်။"
ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။
အောက်ချန်က နဖူးမှ ချွေးအေးများကို သုတ်ရင်း ဆက်ပြောသည်။ "ဒါပေမဲ့ ဒီကောင်က အိမ်ပြန်ရောက်ပြီးတဲ့နောက် ထပ်ပြီး ပြဿနာ ရှာပြန်တယ်။ ဧည့်သည်တွေကို ချေးတွန်းပေးရင်းနဲ့ ခံစားမှုတွေ ဖြစ်လာအောင် လုပ်ပေးလိုက်လို့ ..."
ဖန်ကျန်းရီမှာ ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားပြီး မေးလိုက်၏။ "ချီးတဲ့မှပဲ ... သူက ဘယ်လိုပုံစံနဲ့ ချေးတွန်းပေးလိုက်တာလဲ။ "
အောက်ချန်က ခေါင်းကို ငုံ့ထားလိုက်သည်။ "ကြားတာကတော့ ... စက်ဝိုင်းပုံစံ လှည့်ပြီး တွန်းပေးတာတဲ့။ အင်း ... အဲဒီလိုပဲ ဖြစ်ရမယ်။ "
အောက်ချန်သည် ပုံမှန်အားဖြင့် အလွန်တည်ကြည်လေးနက်သူ တစ်ဦးဖြစ်ရာ... ဤအကြောင်းအရာကို ပြောပြနေချိန်မှာတော့ ပြောရခက်လွန်းသဖြင့် ဦးခေါင်းကို အောက်သို့ ငုံ့ချထားမိတော့၏။
ဖန်ကျန်းရီက ညည်းတွားလိုက်သည်။ "အင်း ..."
အောက်ချန်က ဆက်ပြော၏။ "နောက်ပိုင်းကျတော့ သူနဲ့ ဧည့်သည်က ရေချိုးခန်းထဲမှာတင် ရန်ဖြစ်ပြီး နပန်းလုံးကြတော့တာပဲ။ အဲဒီအချိန်မှာ လူတွေအများကြီးက ဝိုင်းကြည့်နေကြတယ်။ အပြင်ဘက်ကို သတင်းပျံ့သွားတော့ အတော်လေးကို အကျည်းတန်သွားတယ်။ ရန်ဖြစ်ပွဲတွေ ဖြစ်တယ်... သာမန်ပြည်သူတွေကို နှောင့်ယှက်တယ် ဆိုတဲ့ ပြစ်မှုတွေကြောင့် အပြင်းအထန် အပြစ်ပေးလိုက်ရတယ်။ အခုတော့ သူ့ကို တောင်နောက်ဘက်မှာ ကျောက်မီးသွေး တူးဖို့ ပို့ထားလိုက်ပြီ။ တစ်နှစ်ပြည့်မှ ပြန်လွတ်လာလိမ့်မယ်။ "
ဖန်ကျန်းရီသည် သူ၏ လက်မောင်းများကို ပွတ်သပ်လိုက်ရာ... ကြက်သီးမွေးညင်းများပင် ထသွားခဲ့ပြီးနောက်... နောက်ကျမှ ကြောက်လန့်လာသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ အလွန်တရာ ကြောက်စရာ ကောင်းလှပေသည်။ ဤသို့ဆိုလျှင် ခရိုင်ရေချိုးခန်း၏ ဂုဏ်သိက္ခာမှာ ရေစုန်မျောသွားပြီ မဟုတ်ပါလား။
အောက်ချန်က သတိထားကာ မေးလိုက်၏။ "သခင်ကြီး ... ယောကျာ်းလေးချင်း သဘောကျတာက ရောဂါ တစ်မျိုးများလား။ ခရိုင်ထဲက သမားတော်တွေကို စမ်းသပ်လေ့လာခိုင်းကြည့်ရမလား။ ရောဂါရှိနေရင်လည်း ကုသမှ ရမှာပေါ့။ "
ဖန်ကျန်းရီက အားလျော့စွာဖြင့် ပြန်ဖြေသည်။ "ယောကျာ်းလေးချင်း သဘောကျတာက ရောဂါမဟုတ်ဘူး။ လျန်ကွေ့မှာ ရောဂါရှိနေတာ။ ကုန်ပြီ မဟုတ်လား။ ထပ်ပြီး ရှိနေသေးရင်တော့ ကျုပ်နှလုံးက တကယ်ကို ခံနိုင်တော့မှာ မဟုတ်ဘူး။ "
တကယ်ကို တစ္ဆေခြောက်နေခြင်းပင် ဖြစ်၏။ တောက်ယွမ်ခရိုင်မှာ အင်တာနက်ကွန်ရက်ကြီးထက်ပင် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းနေချေသည်။ အသေးအဖွဲ ပြဿနာပေါင်းစုံကို သူကိုယ်တိုင် လိုက်လံ ဖြေရှင်းပေးနေရခြင်းက လူကို အလွန်အမင်း စိတ်ပင်ပန်းဆင်းရဲစေ၏။
အောက်ချန်က ပြန်ဖြေသည်။ "မရှိတော့ပါဘူး သခင်ကြီး။ "
ဖန်ကျန်းရီက ပြောလိုက်၏။ "ဒါဆိုလည်း ပြီးတာပဲ။ ကျုပ် အရင်ဆုံး အိမ်ပြန်တော့မယ်။ ခင်ဗျားကို မှာထားတဲ့ ကိစ္စတွေကို သေချာ ဂရုစိုက်ပြီး လုပ်ဆောင်ဖို့ မမေ့နဲ့။ တခြား အရေးကြီးတဲ့ အခြေအနေတွေ ရှိလာရင်လည်း ကျုပ်ဆီကို အချိန်မီ သတင်းပို့ပေး။ "
သူက ဆက်ပြောသည်။ "ဒါနဲ့ ... မင်း မြင်းအားတိုးဆေး နည်းနည်းလောက် ရှာပြီး ကျုပ်ဆီ ပို့ပေးစမ်းပါ။ ဟိုလေ ... ကျန်းပြောင် လက်ထဲမှာရှိတဲ့ ဆေးတွေက သက်တမ်းကုန်နေပြီတဲ့။ သူက ဆေးအသစ်တစ်သုတ် လဲချင်တယ်လို့ ပြောနေတယ်။ အမြန်ဆုံး လုပ်ပေး။ ခင်ဗျား အရင် သွားတော့။ "
ဖန်ကျန်းရီသည် စကားပြောဆိုပြီးသည်နှင့်... သူ့အနောက် မလှမ်းမကမ်းတွင် ရပ်နေကြသော ချူချင်ဟန် ညီအစ်မနှစ်ဦးထံသို့ လှည့်ကြည့်လိုက်၏။ ညီအစ်မနှစ်ဦးမှာ ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ဖက်ထားလိုက်ကြပြီး... တီးတိုး စကားပြောဆိုနေကြသည်။
ချူယိုယီက ပြောလိုက်၏။ "အစ်မ ... ညီမလေး ကြောက်တယ်။"
ချူချင်ဟန်ကလည်း ပြန်ဖြေသည်။ "အစ်မလည်း ကြောက်နေတာပါပဲ ..."
……..
ခရိုင်ရုံးတော်၏ နောက်ဖေးခြံဝန်းအတွင်းတွင်...
အမျိုးသမီးအချို့သည် စားပွဲတစ်လုံးကို ဝိုင်းရံထိုင်နေကြ၏။ စားပွဲပေါ်တွင် အရသာရှိလှသော မုန့်ပဲသရေစာ အမျိုးမျိုးကို တည်ခင်းထားသော်လည်း... မည်သူကမျှ လက်လှမ်းယူဆောင်လိုခြင်း မရှိကြချေ။ ဖန်ကျန်းရီ အိမ်ပြန်ရောက်လာပြီဟူသော သတင်းကို ကြားသိရချိန်မှစ၍... ထိုအမျိုးသမီးများ၏ စိတ်နှလုံးမှာ ဝါယာကြိုးများကဲ့သို့ ရှုပ်ထွေး ပွေလီနေခဲ့သည်။ အချိန်အတော်ကြာ အသက်ကို ဖိရှူကာ စိုးရိမ်ပူပန်နေခဲ့ရပြီး... ဖန်ကျန်းရီ တစ်ယောက် အသက်အန္တရာယ် ကြုံတွေ့မည်ကိုဖြစ်စေ... ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းသွားမည်ကိုဖြစ်စေ အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြ၏။
ယခု ပြန်လည်ရောက်ရှိလာချိန်မှာလည်း ချက်ချင်း တွေ့ဆုံခွင့် မရနိုင်သေးချေ။ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
တိတ်ဆိတ် ငြိမ်သက်နေသော လေထုမှာ အချိန်အတော်ကြာ လွှမ်းမိုးထားခဲ့သည်။ ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုတိတ်ဆိတ်မှုကို ခွဲထုတ်ပစ်လိုက်၏။
"မိန်းမတို့ ... ကျုပ် ပြန်ရောက်လာပြီ။ "
လီမြောင်ဟန် ဦးဆောင်သော အမျိုးသမီးများမှာ တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြပြီး... လခြမ်းပုံ တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် ပြုံးဖြီးဖြီး လုပ်နေသော ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ လီမြောင်ဟန်နှင့် တခြားသူများ၏ ရင်ထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး... ရှေ့သို့ လှမ်းတက်သွားကြ၏။ ဖန်ကျန်းရီ တစ်ယောက် သူတို့ကို သေသေချာချာပင် မမြင်လိုက်ရသေးခင်မှာပဲ... မိမိ၏ ရင်ခွင်ထဲသို့ နူးညံ့မွှေးပျံ့သော အထိအတွေ့တစ်ခု တိုးဝင်လာကြောင်း ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ... လီမြောင်ဟန်သည် အသိုက်သို့ ပြန်လာသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေပြီ ဖြစ်၏။
ဖန်ကျန်းရီ၏ မျက်လုံးများမှာ ချက်ချင်းပင် နူးညံ့သွားခဲ့ပြီး... အလားတူ စိုးရိမ်ပူပန်နေကြသော ရှောင်ထောင်နှင့် တခြားသူများကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "ကျုပ် ဘာမှမဖြစ်ပါဘူး။ မင်းတို့ကို စိတ်ပူစေမိပြီ။ "
လီမြောင်ဟန်သည် သူမ၏ ဦးခေါင်းကို ဖန်ကျန်းရီ၏ ရင်ခွင်ထဲတွင် အပ်ထားရင်း... အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏၊ သို့ပေမည့် နောက်တစ်စက္ကန့်တွင်တော့ အသက်ကို အမြန်အောင့်ထားလိုက်ပြီး ခေါင်းမော့လာသည်။ အမှိုက်ပုံကြီးတစ်ခု၏ အနံ့အသက်မျိုး ရနေချေ၏။ ဖန်ကျန်းရီ တစ်ယောက် ခရီးစဉ် တစ်လျှောက်လုံးတွင် ရေကောင်းကောင်း မချိုးခဲ့ရသဖြင့်... အနံ့အသက်ဆိုးများ ထွက်နေခြင်းမှာ သဘာဝပင် ဖြစ်သည်။
လီမြောင်ဟန်၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ တောက်ပနေပြီး မေးလိုက်၏။ "ရှင် ဘာမှမဖြစ်ရင် တော်ပါပြီ။ ခမည်းတော်နဲ့ နောင်တော်ရော ဘယ်လိုနေကြလဲ။ "
ဖန်ကျန်းရီသည် လီမြောင်ဟန်၏ ဆံကေသာကို သပ်တင်ပေးရင်း ပြောလိုက်သည်။ "ခမည်းတော်ရော … မင်းသားပါ ဘေးကင်းကြပါတယ်။ စိတ်မပူပါနဲ့။ "
လီမြောင်ဟန်က မေးလိုက်၏။ "ဟိုမိန်းကလေးနှစ်ယောက်က ဘယ်သူတွေလဲ။ "
ဖန်ကျန်းရီ၏ ဦးရေပြားမှာ အနည်းငယ် ထုံကျဉ်သွားခဲ့၏။ "ဒီအကြောင်းက ပြောရရင် အရှည်ကြီးပဲ။ ရှောင်ထောင် ... မင်း အရင်ဆုံး သူတို့နှစ်ယောက်အတွက် နေစရာနေရာ တစ်ခုလောက် ရှာပေးလိုက်ပါ။ အမြန်ဆုံး နေရာချထားပေးလိုက်။ ကျန်တဲ့ကိစ္စတွေကိုတော့ မင်းတို့ကို ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။ "
ဖန်ကျန်းရီ၏ မျက်နှာအမူအရာမှာ သိပ်မမှန်ကန်လှကြောင်းကို အမျိုးသမီးများ၏ ထက်မြက်လှသော အလိုအလျောက် သိစိတ်က ပထမဆုံး အချိန်မှာပင် ရိပ်မိသွားခဲ့ကြ၏။ သူတို့၏ မျက်လုံးများမှာ တဖြည်းဖြည်း စူးရှထက်မြက်လာကြသည်။
ဖန်ကျန်းရီမှာ ကြက်သီးမွေးညင်းများပင် ထသွားခဲ့ပြီး... အသံတစ်ချက်မျှ မထွက်ရဲတော့ချေ။
သို့ပေမည့် ရှောင်ထောင်ကတော့ ထွေထွေထူးထူး မပြောတော့ဘဲ... ရှေ့သို့ တိုက်ရိုက် လှမ်းတက်သွား၏။ "ဧည့်သည်နှစ်ဦး ... ကျွန်မနောက်ကို လိုက်ခဲ့ကြပါ။"
ချူချင်ဟန်သည် ခြံဝန်းအတွင်းရှိ လေထုအခြေအနေကို သေသေချာချာ အကဲခတ်နေမိရာမှ... ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အနည်းငယ် ပေါ့ပါးသွားခဲ့၏။ တကယ်ကိုပဲ အမျိုးသမီး အတော်များများ ရှိနေခဲ့သည်။ စောစောက ဖန်ကျန်းရီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားသူမှာ မင်းသမီး ဖြစ်ဟန်တူ၏။ သူမ စိတ်ကူးထားခဲ့သည့် ပုံစံနှင့် သိပ်မတူညီလှချေ။
ရှောင်ထောင် သူမတို့ရှေ့သို့ ရောက်လာသည်ကို မြင်သောအခါ... ယဉ်ကျေးမှုအရ အပြုံးတစ်ပွင့်ကိုသာ ဖော်ပြလိုက်ပြီး... ချူယိုယီ၏ လက်ကိုဆွဲကာ အတူတကွ ထွက်ခွာသွားသည်။
ကျန်ရှိနေသေးသော အမျိုးသမီးသုံးဦးက မိမိအား ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို မြင်သောအခါ... ဖန်ကျန်းရီက ပြုံးယောင်ယောင်ဖြင့် ပြောလိုက်၏။ "ရှောင်ပိုင်... နင်ရှင်း ... မင်းတို့နှစ်ယောက် အရင် ပြန်နှင့်ကြပါ။ နောက်မှ မင်းတို့ဆီ လာခဲ့မယ်။ "
မိန်းကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်... နှုတ်ခမ်းကို မဲ့ကာ လက်ချင်းချိတ်၍ ထွက်သွားကြသည်။
ရှင်းလင်းရေး လုပ်ဆောင်ပြီးစီးသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရချိန်မှာတော့ ဖန်ကျန်းရီသည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး... လီမြောင်ဟန်အား ပွေ့ချီလိုက်၏။ "မိန်းမ ... ခဏတာ ခွဲခွာရခြင်းက လက်ထပ်ပြီးခါစ အချိန်ထက်တောင် ပိုပြီး ချိုမြိန်သေးတယ်တဲ့။ သွားကြစို့။ "
သူခိုးကို ဖမ်းလိုလျှင် ခေါင်းဆောင်ကို အရင်ဖမ်းရမည်ဟူသော စကားအတိုင်း... သူ၏ ယောကျာ်းပီသသော ဆွဲဆောင်မှုကို ပြသရမည့် အချိန်ရောက်လာပြီ ဖြစ်၏။ တစ်ယောက်ချင်းစီကို အရင်ဆုံး အောင်နိုင်အောင် ထိန်းချုပ်ပြီးမှ... ကျိုးကြောင်းဆင်ခြင် တရားပြရပေမည်။
လီမြောင်ဟန်မှာ ရုတ်တရက် ပွေ့ချီခံလိုက်ရခြင်းကြောင့် ချက်ချင်းပင် အလန့်တကြား အော်ဟစ်လိုက်မိ၏။ ရှက်သွေးဖြာစွာဖြင့် ဖန်ကျန်းရီ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး နေနေမိသော်လည်း... နှစ်စက္ကန့်မျှပင် မကြာလိုက်ချေ။ သူမက ရုန်းကန်ရင်း ပျို့အန်မတတ် အော်ပြောလိုက်သည်။ "ရှင် ရေသွားချိုးလို့ မရဘူးလား။ "
ဖန်ကျန်းရီမှာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ "ဟင် ..."