အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
Chapter 191
စီနီယာအစ်မနှင့် ဂျူနီယာမောင်လေး
ထိုအခိုက်အတန့်တွင် တစ်ယောက်က ခုခံမှုကို စွန့်လွှတ်လိုက်ပြီး မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ်သို့ ပျော့ခွေလဲကျသွားသည်။ အခြားတစ်ယောက်ကမူ သူ၏လက်အင်္ကျီထဲမှ ဓားမြှောင်တိုတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်ကာ အနီးနားရှိ တာအိုဆရာမတစ်ဦး၏ လည်ပင်းကို ထိုးစိုက်ရန် ကြိုးပမ်းလိုက်သည်။
ရွှစ်၊၊
သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် တောက်ပသော ငွေရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားသည်။ ဓားမြှောင်တိုကို ကိုင်ထားသည့် လက်ကောက်ဝတ်မှာ ပြတ်တောက်သွားပြီး လေထဲသို့ လွင့်စင်သွားကာ သွေးများ ပန်းထွက်လာလေ၏။
အော်ဟစ်သံများကြားမှ တုံ့ပြန်မှုမြန်သော တပည့်အချို့ ရှေ့သို့ ပြေးဝင်သွားပြီး သစ္စာဖောက်ကို ဖိချုပ်လိုက်ကြသည်။ တာအိုဆရာငါးဦးလည်း ထိုလူနှစ်ဦးထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လူအများ၏ အကြည့်များသည် ငွေရောင်အလင်းတန်း၏ လမ်းကြောင်းအတိုင်း လိုက်ကြည့်မိရာ ဝမ်ရှန်း ထိုင်နေသည့် ထောင့်ဆီသို့ ရောက်ရှိသွားကြသည်။ ရွှေရောင်သန်းနေသော ငွေရောင်ဓားရှည်တစ်စင်းသည် သူ့ကို ဖြည်းညှင်းစွာ ဝဲပျံရံပတ်နေခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူသည် တစ်ချက်မျှ ထမရပ်ခဲ့ပေ။ ထိုလူနှစ်ဦးကို အရှင်ဖမ်းမိသွားသည်ကို မြင်သောအခါ သူသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မျက်လုံးများကို ပြန်လည်မှိတ်လိုက်သည်။
ဒေါသထွက်နေသော တာအိုဆရာအချို့သည် သစ္စာဖောက်များကို ထိုးကြိတ်ကန်ကျောက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ကို မသေစေရန် စိတ်ကို ထိန်းချုပ်နိုင်ခဲ့ကြသည်။
သူလျှိုနှစ်ဦးကို ဖမ်းဆီးရမိပြီးနောက် ဝူတန်းတောင်မှ တာအိုဆရာအချို့သည် ချက်ချင်းပင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြ၏။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်မစွက်ဖက်မီမှာပင် ၎င်းတို့သည် ဖြစ်စဉ်တစ်ခုလုံးကို အကြမ်းဖျင်းဖော်ထုတ်နိုင်ခဲ့ကြသည်။
ထိုလူငယ်တပည့်နှစ်ဦးသည် ဝူတန်းတောင်သို့ လွန်ခဲ့သော ၁၉လနှင့် ၁၆လက အသီးသီးဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ယခင်က တစ်ယောက်နှင့်တစ်ယောက်မသိကြပေ။
၎င်းတို့တစ်ဦးစီတွင် မိစ္ဆာကျင့်ကြံသူများ၏ ပြန်ပေးဆွဲခြင်းကို ခံထားရသော မိသားစုဝင်များရှိနေကြသည်။ ထို့ကြောင့် ဝူတန်းတောင်အတွင်း ခိုအောင်းကာ ကျင့်ကြံနေခဲ့ရပြီး မကြာသေးမီကမှ ယနေ့ညစစ်ဆင်ရေးတွင် ပါဝင်ရန် အမိန့်အသစ်ကို ရရှိခဲ့ကြခြင်း ဖြစ်သည်။
တစ်ယောက်က ကင်းလှည့်တပည့်များ သတိမထားမိစေဘဲ လူများကို ဝူတန်းတောင်ထဲသို့ ခေါ်ဆောင်လာရန် တာဝန်ယူရပြီး အခြားတစ်ယောက်ကမူ တာအိုကျမ်းစာတိုက်သို့ အဆိပ်ခတ်ထားသော လက်ဖက်ရည်ပို့ဆောင်ပေးရန် တာဝန်ယူရသည်။ ကျမ်းစာများကို ရရှိသည်နှင့် သူသည် လျှို့ဝှက်ကျမ်းစာလိပ်များကို သယ်ဆောင်ကာ တောအုပ်အနီးရှိ လမ်းကြောင်းငယ်အတိုင်း ချက်ချင်းဆုတ်ခွာရမည်ဖြစ်သည်။
၎င်းတို့ ဖမ်းမိခဲ့သည့် မိစ္ဆာကျင့်ကြံသူ ၃ဦးမှာ ကျမ်းစာတိုက်ကို စောင့်ကြပ်နေသည့် တပည့်များနှင့် အကြီးအကဲကို သတ်ဖြတ်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် အဆောင်မန္တန်များဖြင့် ကျမ်းစာတိုက်ကို မီးရှို့ပြီး အကူအညီတောင်းကာ တောင်တန်းတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သူများလည်း ဖြစ်သည်။
အချိန်ကို တိကျစွာ တွက်ချက်ပြီး ဆုတ်ခွာသွားသော တပည့်သည် တောအုပ်ထဲမှ ကျမ်းစာတိုက်ဆီသို့ အပြေးအလွှားပြန်လာရမည်ဖြစ်သည်။ သူသည် သတိပေးသံကြားမှ ရောက်လာသည့်ပုံစံ ဖန်တီးကာ မီးငြှိမ်းသတ်ရန် လူအုပ်ထဲသို့ ရောနှောဝင်ရောက်ရမည် ဖြစ်သည်။
အစီအစဥ်တစ်ခုလုံးတွင် ထင်ရှားသောဟာကွက်မရှိပေ။
အကယ်၍ ကောင်းရှီရှင်းသာ မိစ္ဆာကျင့်ကြံသူသုံးဦးကို ရှာမတွေ့ခဲ့လျှင် ထိုသူများသည် မီးအဆောင်များဖြင့် မိမိကိုယ်ကိုယ် မီးရှို့မသေဆုံးမီ လုယူထားသော တာအိုကျမ်းစာ သုံးအုပ်ကို အပြီးတိုင်ဖျက်ဆီးနိုင်ခဲ့လျှင် ဝူတန်းတောင်မှ ကျင့်ကြံသူများသည် မိစ္ဆာကျင့်ကြံသူများသေဆုံးမှုနှင့်အတူ ထိုကျမ်းစာသုံးအုပ်လည်း ပြာဖြစ်သွားပြီဟု ယုံကြည်မိကြပေလိမ့်မည်။
လက်ပြတ်သွားသော သူလျှို၏ အတွင်းခံတွင် အိတ်ကပ်တစ်ခု တွဲချုပ်ထားပြီး ထိုအိတ်ကပ်ထဲ၌ အဝတ်အိတ်ငယ်လေးတစ်ခုဖြစ်သော အကြမ်းထည်သိုလှောင်ပစ္စည်းတစ်ခုကို ဝှက်ထားသည်။ ကျမ်းစာသုံးအုပ်နှင့် မိစ္ဆာကျင့်ကြံသူများကို ဆက်သွယ်သည့် ဖုန်းတစ်လုံးကို ထိုအိတ်ထဲတွင် ဝှက်ထားခြင်း ဖြစ်သည်။
သို့သော်လည်း သဲလွန်စများသည် ထိုသူလျှိုနှစ်ဦးထံ၌ပင် ပြတ်တောက်သွားခဲ့သည်။
မိစ္ဆာကျင့်ကြံသူ သုံးဦး၏ နောက်ခံကိုလည်း ၎င်းတို့မသိကြသလို မိစုသားစုဝင်များကို မည်သူက ပြန်ပေးဆွဲထားသည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်များမျှသာဖြစ်ကြသည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး လွှဲပြောင်းယူသည့်အချိန်တွင် ထိုလူနှစ်ဦးမှာ ဒဏ်ရာဗရပွဖြင့် အသက်နိုင်ရှူရုံမျှသာ ကျန်တော့သော်လည်း အသက်အန္တရာယ်မရှိပေ။
ဝမ်ရှန်းသည် ဖြစ်စဉ်အကြမ်းဖျင်းကို သိရှိပြီးနောက် သူတို့ခြံဝင်းလေးသို့ တိတ်တဆိတ်ပြန်သွားခဲ့သည်ကို မည်သူမျှ သတိမထားမိကြချေ။
ထိုမတိုင်မှီက ကျောက်စာချပ်နှင့် မကြာမီကျင်းပတော့မည့် အင်မော်တယ်တာအိုညီလာခံကြောင့် ဝမ်ရှန်း၏ စိတ်အခြေအနေက အတော်ပင်ကောင်းမွန်နေခဲ့သည်။ သူသည် ဒိုင်လူကြီးတစ်ဦးအနေဖြင့် မည်သည့်အရာများကို ဂရုစိုက်ရမည်ကိုပင် စဉ်းစားနေခဲ့သေးသည်။
ဝူတန်းတောင်တွင် ယခုကဲ့သို့ ဘေးဒုက္ခမျိုးကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဂိုဏ်းသားလေးဦးအသတ်ခံခဲ့ရပြီး ကျိုးရင်လောင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ယခုအချိန်တွင် ဝမ်ရှန်းသည် မပြုံးနိုင်တော့ပေ။
မိစ္ဆာကျင့်ကြံသူများကို အမြစ်ပြတ်ချေမှုန်းရမည်။ ယင်ယန်ဂိုဏ်းကို ဖျက်ဆီးပစ်ရမည်။
အကယ်၍ သူသည် ယင်ယန်ဂိုဏ်းကို ဖျက်ဆီးရာတွင် ပါဝင်ခွင့်ရခဲ့လျှင် ယနေ့ သေဆုံးသွားခဲ့ရသည့် ကျင့်ကြံဖော်များအတွက် တရားမျှတမှုကို သေချာပေါက်တောင်းဆိုပေးမည်ဖြစ်သည်။
အိတ်များကို ပြင်ဆင်ပြီးနောက် ဝမ်ရှန်းသည် သူ၏ဓားရှည်ကို ကောက်ကိုင်ကာ ခရီးဆောင်အိတ်ကို ဆွဲယူလိုက်သည်။ သူသည် ခြံဝင်းလေးမှ ထွက်ခွာပြီး တောင်အောက်သို့ တိတ်တဆိတ်ပင် ဆင်းလာခဲ့တော့သည်။
ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းဘေးမှ ဖြတ်သွားစဉ် ကောင်းရှီရှင်းနှင့် တာအိုဆရာအချို့ကို တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရသည်။ ၎င်းတို့သည် သေဆုံးသွားသောတပည့်များ၏ မိသားစုဝင်များကို ရှာဖွေရန် တောင်အောက်သို့ ဆင်းကြတော့မည်ဖြစ်သဖြင့် အတူတူသွားရန် ဆုံးဖြတ်လိုက်ကြသည်။
“ဖေးယွီ… မနေ့ညက မိစ္ဆာကျင့်ကြံသူ သုံးယောက်ရဲ့ ဂိုဏ်းက ဘယ်မှာလဲဆိုတာ မင်းသိလား” ကောင်းရှီရှင်းက မေးလိုက်သည်။
“အကယ်၍ ကျွန်တော်သိရင် သူတို့ကို အခုလိုလုပ်ခွင့်ပေးမှာမဟုတ်ပါဘူး”
ဝမ်ရှန်းက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြန်ပြောလိုက်သည်။ ကောင်းရှီရှင်းနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သူသည် ယင်ယန်ဂိုဏ်းအကြောင်းကို အများကြီးထုတ်မပြောခဲ့ပေ။
“ဒါနဲ့ သေဆုံးသွားတဲ့ ဒါမှမဟုတ် ဒဏ်ရာရသွားတဲ့ တပည့်တွေရဲ့ မိသားစုတွေအတွက် ဘယ်လိုစီစဉ်ပေးမလဲ”
တာအိုဆရာတစ်ဦးက သက်ပြင်းချလိုက်သည်။
“အကယ်၍ သူတို့က အိမ်မှာ တစ်ဦးတည်းသောသားဆိုရင် သူတို့မိသားစုရဲ့ စားဝတ်နေရေးကို ပုံမှန်ကြည့်ရှုစောင့်ရှောက်ဖို့ တပည့်တွေကို တာဝန်ပေးမှာပါ။ အကယ်၍ သူတို့မှာ မောင်နှမတွေရှိတယ်ဆိုရင်တော့ ငါတို့ တတ်နိုင်သလောက် နစ်နာကြေးတွေ ပေးသွားမှာပါ။ ပိုက်ဆံဆိုတာ ငါတို့အတွက် ပြင်ပပစ္စည်းတွေပဲလေ ကပ်စေးနှဲမနေသင့်ပါဘူး”
ဝမ်ရှန်း ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။
တောင်ခြေတွင် ကောင်းရှီရှင်းနှင့် တာအိုဆရာများကို နှုတ်ဆက်ပြီးနောက် တာအိုဆရာများကို ကားများက လာကြိုကြသော်လည်း ဝမ်ရှန်းကမူ မိမိဘာသာတက္ကစီငှားလိုက်သည်။
သူသည် အင်မော်တယ်တာအိုညီလာခံအတွက် ပြင်ဆင်ရန် စန်းချင်းတောင်သို့ သွားနေခြင်းဖြစ်သည်။ သူသည် ဒိုင်လူကြီး ၁၈ဦးနှင့်သာ ညှိနှိုင်းရမည်ဖြစ်ပြီး အခြားပူပန်စရာမရှိသော်လည်း ဝမ်ရှန်းသည် ယခုအချိန်တွင် ပို၍တတ်ကြွနေမိသည်။ ယင်ယန်ဂိုဏ်းသည် သူတို့ကိုအကြိမ်ကြိမ်လုပ်ကြံခဲ့ပြီးပြီဖြစ်ရာ သူကလည်း ပြန်လည်တုံ့ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။
စန်းချင်းတောင်သို့မသွားမီ သူသည် ကျိုးရင်လောင်ရှိနေသည့် ဆေးရုံသို့ တက္ကစီဖြင့် သွားခဲ့သည်။ သီးသန့်လူနာဆောင်ထဲတွင် မျက်နှာပျက်စီးသွားသော ကျိုးရင်လောင်ကို မြင်လိုက်ရသည့်အခါ ဝမ်ရှန်းလည်း အကျီလက်ထဲမှ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိသွားသည်။ သူ၏ရင်ထဲရှိ အမုန်းတရားကို ဖိနှိပ်ရန် ခက်ခဲနေခဲ့သည်။
အနီးနားရှိ တာအိုဆရာတစ်ဦးက တိုးတိုးလေးပြောလိုက်သည်။
“ဖေးယွီ… ငါတို့ ဆေးနတ်ဘုရားချိုင့်ဝှမ်းကို ဆက်သွယ်ထားပြီးပြီ၊၊ ငါ့ရဲ့စီနီယာအစ်ကို နှစ်ယောက်က ရင်လောင်ကို ကုသပေးဖို့ ပညာရှင်တစ်ယောက်ကို သွားပင့်နေကြပြီ မင်း သိပ်စိတ်မပူပါနဲ့”
ဝမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
ဆေးနတ်ဘုရားကျမ်းစာသုံးစောင်ထဲတွင် အပူလောင်ဒဏ်ရာများကို ကုသရန်အတွက် အထူးပြုလုပ်ထားသော ကျောက်စိမ်းဆီဟုခေါ်သည့် ဆေးဝါးတစ်မျိုးရှိသည်။ ဝူတန်းတောင်၏ အရှိန်အဝါဖြင့်ဆိုလျှင် ဆေးနတ်ဘုရားချိုင့်ဝှမ်းသည် ၎င်းတို့အား ထိုဆေးကိုပေးရန် ကပ်စေးနှဲနေမည်မဟုတ်ပေ။ ထိုဆေးသည် အရမ်းကြီးရှားပါးလှသည်တော့ မဟုတ်ပေ။
ဆေးရုံမှ ထွက်လာသောအခါ မုရွှယ်နှင့် ဘူဒိုဇာတို့သည် ကားတစ်စီးဘေးတွင် စောင့်ဆိုင်းနေကြသည်ကို မြင်လိုက်ရသည်။
နှစ်နှစ်ကြာသွားခဲ့ပြီ။ ဘူဒိုဇာသည် ပို၍သန်မာထွားကျိုင်းလာခဲ့သည်။ ထိုအတောအတွင်း ဆံပင်အရှည်ကောက်လေးနှင့် လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် မုရွှယ်သည် ဗီဒီယိုကောလ်ထဲကထက် ပို၍ အမျိုးသမီးဆန်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။ သူသည် လှပသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည်။
ဝမ်ရှန်းက ပြုံးပြပြီး လျှောက်သွားခဲ့သည်။ ဘူဒိုဇာက ရှေ့သို့ လှမ်းလာပြီး ခရီးဆောင်အိတ်ကို ကူသယ်ပေးသည်။
မုရွှယ်က ဝမ်ရှန်းကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။ သူ့ စိတ်အခြေအနေမကောင်းသည်ကို ရိပ်မိသဖြင့် သူမလည်း သိပ်မပြုံးတော့ပေ။
“တာအိုဆရာဝမ် ကျွန်မတို့ အခုပဲ စန်းချင်းတောင်ကို သွားကြမလား”
“အင်း… ငါတို့ ပြင်ဆင်ထားတာ ပိုကောင်းတယ်”
“ကောင်းပါပြီ” မုရွှယ်က ကားတံခါးကို ဖွင့်ပေးရင်း ပြောလိုက်သည်။
ဝမ်ရှန်း ကားထဲသို့ ငုံ့ဝင်ကာ ဆိုဖာထိုင်ခုံတွင် ထိုင်လိုက်ပြီး သူ့နဖူးကို လက်ဖမိုးဖြင့်အုပ်ထားလိုက်သည်။ သို့သော် မုရွှယ်သည် ကားတံခါးကို ပိတ်မပစ်ဘဲ ရှေ့ခန်းခရီးသည်ထိုင်ခုံတွင် ချက်ချင်း ဝင်ထိုင်လိုက်သည်။
ဝမ်ရှန်းသည် ကားတံခါးကို ဆွဲပိတ်ရန် ရှေ့သို့ကိုင်းလိုက်စဉ်မှာပင် အပြာနုရောင်ပုံရိပ်တစ်ခုသည် အပြင်ဘက်မှ ဖြတ်ခနဲဝင်ရောက်လာပြီး သူ့ဘေးတွင် တိုက်ရိုက်ဝင်ထိုင်လိုက်သဖြင့် သူလည်း ထိုနေရာတင် ကြောင်အမ်းသွားခဲ့ရသည်။
ဝမ်းသာအားရဖြစ်မှုနှင့် လွမ်းဆွတ်မှုများပြည့်နှက်နေသော မျက်ဝန်းတစ်စုံသည် သူ၏ရှေ့တည့်တည့်တွင် ရှိနေခဲ့သည်။ သူမ၏ ရင်းနှီးနေသော မျက်နှာလေးသည် လုံးဝပြောင်းလဲမသွားသော်လည်း နှုတ်ခမ်းထောင့်စွန်းမှ အပြုံးလေးမှာမူ ပို၍နူးညံ့သိမ်မွေ့ပြီး နွေးထွေးလာခဲ့သည်။ သူမ၏ ချောမွေ့သော ဆံပင်ရှည်များသည် တစ်မျှင်ချင်းစီဝဲကျနေပြီး နှင်းအလားဖြူစင်ဝင်းပသောအသားအရေမှာ ယခင်ကအတိုင်း အပြစ်ပြောဖွယ်မရှိအောင် လှပနေဆဲပင်။
“စီနီယာအစ်မ”
“ရော့” မုဝမ်ရွှမ်းက ရွှင်လန်းစွာ ဖြတ်ပြောလိုက်ပြီး ကားတံခါးအပြင်ဘက်တွင် ကိုင်ထားသည့် ပလတ်စတစ်အိတ်အကြီးကြီးအနည်းငယ်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲသွင်းလိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ အိတ်များ ပွင့်ထွက်သွားပြီး ဝမ်ရှန်းသည် မုန့်ထုတ်များအောက်တွင် နစ်မြုပ်သွားခဲ့တော့သည်။
Chapter 192
ဖုန်းအသစ်
မုဝမ်ရွှမ်းသည် စန်းချင်းတောင်သို့ တိုက်ရိုက်ဦးတည်ရမည့် မုရွှယ်နှင့် ဘူဒိုဇာတို့ကို ဝမ်ရှန်းအား ဝင်ခေါ်ရန် ဇွတ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်၊၊ ဝူတန်းတောင် တိုက်ခိုက်ခံရမှုနှင့် ကျိုးရင်လောင် ပြင်းထန်စွာ ဒဏ်ရာရရှိမှုတို့ကြောင့် ဝမ်ရှန်း စိတ်မကောင်းဖြစ်နေမည်ကို သူမ သိရှိနေ၍လည်း ဖြစ်နိုင်သည်၊၊
နှစ်နှစ်ကျော်ကြာ မတွေ့ဖြစ်ကြသဖြင့် ဝမ်ရှန်းအနေဖြင့် ၎င်း၏ စီနီယာအစ်မနှင့် အနည်းငယ်စိမ်းသက်သလိုခံစားရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမ၏ ကြည်လင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည့် ခဏ၌ပင် သူ၏ စိတ်နှလုံးသည် ချက်ချင်း တည်ငြိမ်လန်းဆန်းသွားခဲ့လေ၏၊၊
အာရုံနောက်စရာ ကိစ္စအဝ၀သည်လည်း မုန့်ပုံကြီးထဲသို့ ပျော်ဝင်ကွယ်ပျောက်သွားခဲ့၏၊၊
“စီနီယာအစ်မက ဒါတွေအားလုံးကို ပြိုင်ပွဲမှာ နိုင်တဲ့သူတွေကို ဆုပေးဖို့ ပြင်ဆင်ထားတာလား”
မုဝမ်ရွှမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သဘောကျစွာ ပြုံးလိုက်သည်၊၊
သူမသည် အာလူးကြော်ထုတ်တစ်ထုတ်ကို လှမ်းယူကာ ဖောက်လိုက်ပြီး လက်ညှိုးကို ခပ်ဖွဖွလှုပ်ခါလိုက်ရာ အာလူးကြော်များက သူမ ပတ်လည်တွင်ဝဲပျံနေကြတော့သည်၊၊ သူမ ပါးစပ်ဟလိုက်သည်နှင့် အာလူးကြော်များက ပါးစပ်ထဲသို့ အလိုအလျောက် ပျံသန်းဝင်ရောက်သွားကြ၏၊၊
လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း စီနီယာအစ်မဖြစ်သူသည် ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိသည်အထိ ကြိုးစားအားထုတ်ကျင့်ကြံခဲ့ခြင်းမှာ အာလူးကြော်၊ ဂျယ်လီနှင့် ရေခဲမုန့်များကို သူမ၏ ချီအရှိန်အဝါဖြင့် ထိန်းချုပ်ကာ လက်အားနေချိန်တွင် ဖုန်းသုံးရင်း စားသောက်နိုင်ရန်အတွက်သာ ဖြစ်နေပေသည်၊၊
ဝမ်ရှန်းသည် မုဝမ်ရွှမ်း လှမ်းယူရလွယ်စေရန် မုန့်များကို တစ်ခုချင်းစီ သေချာစီရီပြီး ကားထိုင်ခုံနောက်ကျောတွင် ဆင့်ထားပေးလိုက်သည်၊၊
ထို့နောက် ရတနာတစ်ခုကို ထုတ်ပြတော့မည့်အလား သူ၏ တာအိုဝတ်စုံအောက်မှ အကျီကို ဆွဲဟလိုက်ရာ ကြွက်သားအဖုအထစ်များဖြင့် ကျစ်လျစ်နေသော ရင်ဘတ်က ပေါ်ထွက်လာသည်၊၊ နှစ်ပေါင်းများစွာ ဓားသိုင်းကျင့်ကြံခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်တွင် အချိုးအစားကျသော ကြွက်သားများ ရှိနေခဲ့ပြီဖြစ်သည်၊၊
မုဝမ်ရွှမ်းက မျက်တောင်ခတ်ရင်း အနီးကပ်သေချာကြည့်ရှုရန် တိုးကပ်လာခဲ့သည်၊၊
ဝမ်ရှန်းက သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ဓားလက်ဟန်ပြုလုပ်ပြီး လက်လှုပ်လိုက်ရာ သူ၏ ဘယ်ဘက်ရင်ဘတ်ထက်တွင် လှိုင်းတွန့်လေးတစ်ခုဖြတ်ပြေးသွားပြီး အရေပြားထဲမှ ဓားသွားဖျားတစ်ခုထွက်ပေါ်လာကာ အသက်ရှိသကဲ့သို့ ပျော်ရွှင်စွာ လှုပ်ခါနေခဲ့သည်၊၊
အကယ်၍ ရှုတောင်မှ ဓားဝိညဥ်သာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက တောင်ပေါ်မှ ဝုန်းဒိုင်းကြဲဆင်းလာပြီး ဝမ်ရှန်းနောက်သို့ ခုနစ်ရက် ခုနစ်ညတိုင်တိုင် လိုက်လံတိုက်ခိုက်ပေလိမ့်မည်၊၊
ပထမတွင် မုဝမ်ရွှမ်းက အလွန်ထိတ်လန့်သွားပြီး ဓားက ရင်ဘတ်ကို ဖောက်ထွက်သွားခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဝမ်ရှန်း၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်၊၊ သို့သော် မကြာမီမှာပင် သူ အဆင်ပြေကြောင်းသိရှိသွားပြီးနောက် ဘယ်ပြန်ညာပြန်ကြည့်ကာ စိတ်ဝင်တစားလေ့လာနေလေသည်၊၊
ဝမ်ရှန်းသည် ဗီဒီယိုကောလ်ပြုလုပ်စဉ်ကတည်းက ဤသက်ရှိဓားမျက်လှည့်အားပြသရန်အတွက် ဓားခန္ဓာကိုယ်ပိုင်ဆိုင်ထားမှုကို အချိန်အတော်ကြာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်၊၊ သူ၏ ရင်ဘတ်မှ ရောင်စုံအလင်းတန်းများရေစီးကြောင်းပမာ စီးဆင်းလာပြီး အေးစက်သောအလင်းတန်းများဖြာထွက်နေသည့် ဓားပျံတစ်စင်းအဖြစ် တဖြည်းဖြည်းပေါင်းစည်းသွားချိန်တွင် ကားမောင်းနေသော ဘူဒိုဇာပင်လျှင် မျက်လုံးအပြူးသားဖြင့် နောက်သို့ မကြာခဏလှည့်ကြည့်နေမိသည်၊၊
မုဝမ်ရွှမ်း၏ ပါးစပ်လေး အနည်းငယ်ဟသွားပြီး တောက်ပသော မျက်ဝန်းများဖြင့် ဓားပျံ၏ ဓားသွားကို ညင်သာစွာတို့ထိကာ ၎င်း၏ ထက်မြက်မှုကို ခံစားကြည့်နေခဲ့သည်၊၊
“ဘယ်လိုလဲ” ဝမ်ရှန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးရင်း မေးလိုက်သည်၊၊
မုဝမ်ရွှမ်းက နှုတ်ခမ်းစူလိုက်ပြီးနောက် သူ့ကို လျှာထုတ်ပြလိုက်သည်၊၊ ထို့နောက် ဖုန်းကို ခဏမျှနှိပ်နေပြီးနောက် သူ့ရှေ့တွင် မြှောက်ပြလာခဲ့သည်၊၊
“ငါ့အတွက်လည်း တစ်လက်လောက်လုပ်ပေးဦး”
ဝမ်ရှန်း စိတ်ရှုပ်သွားခဲ့ရသည်၊၊ ရှုဓားဂိုဏ်းမှမဟုတ်သူ မည်သူ့ကိုမျှ ဓားထိန်းချုပ်ခြင်းပညာကို မသင်ကြားပေးရန် ကတိပြုထားသည့်အချက်ကို ခဏဖယ်ထားဦးတော့၊ ဤနတ်ဘုရားအဆင့်ဓားပျံကို တစ်နှစ်ကျော်တိုင်တိုင် မွေးမြူခဲ့ရခြင်းဖြစ်သဖြင့် အလွယ်တကူပေးကမ်း၍မရနိုင်ပေ၊၊
မုဝမ်ရွှမ်းသည် လွန်ခဲ့သော နှစ်နှစ်ကထက် ပို၍ အခြားသူများကို စာနာတတ်လာပြီဖြစ်ရာ ဝမ်ရှန်း စိတ်ကျဥ်းကျပ်သွားသည်ကို မြင်သည်နှင့် ဖုန်းမျက်နှာပြင်ကို ချက်ချင်းကွယ်လိုက်သည်၊၊ သူမက သူ့ကို မျက်တောင်ခတ်ပြရင်း ပါးကို ဖွဖွလေးဆွဲလိမ်လိုက်သည်၊၊ သူက စနောက်လိုက်ခြင်းသာဖြစ်ပြီး စိတ်ထဲမထားရန် သူမ၏ အမူယာဖြင့် ပြောလိုက်ခြင်းဖြစ်သည်၊၊
သို့သော်လည်း ဝမ်ရှန်းက သူမ၏ တောင်းဆိုချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်၊၊ သူက သူမအား ဓားထိန်းချုပ်ခြင်းပညာကို မသင်ကြားပေးနိုင်သော်လည်း သူမ ဆော့ကစားနိုင်ရန်အတွက် ဓားအမြုတေတစ်ခုသွန်းလုပ်ပေးဖို့ ရတနာပစ္စည်းများ ရှာဖွေခြင်းမှာမူ သိပ်မခက်ခဲလှပေ၊၊
ရှုတောင်တန်းမှ ပေးအပ်ထားသော လက်ဆောင်များထဲတွင် ဓားပျံများသွန်းလုပ်ရန် အဖိုးတန်ရတနာပစ္စည်းများစွာ ပါဝင်နေသည်၊၊ ဝမ်ရှန်းသည် နတ်ဘုရားအဆင့် ဓားပျံကို ရရှိပြီးကတည်းက ထိုပစ္စည်းများကို တစ်ခါမျှမသုံးစွဲရသေးပေ၊၊
“အင်မော်တယ်တာအိုညီလာခံပြီးသွားရင် ဝူတန်းတောင်ကို ပြန်ပြီး အဲ့ဒါလုပ်ပေးမယ်”
ဝမ်ရှန်းက တိုးတိုးလေး ပြောလိုက်သည်၊၊
“ဒီဓားပျံကိုတော့ စီနီယာတစ်ယောက်က ကျွန်တော့်ကို ပေးခဲ့တာ… ကျွန်တော်ကိုယ်တိုင်တော့ ဒီလောက်အဆင့်ရှိတဲ့ ဓားမျိုးကို မသွန်းလုပ်နိုင်သေးဘူး”
“အွန်း”
မုဝမ်ရွှမ်းက တောက်ပစွာ ပြုံးလိုက်ပြီး နတ်ဘုရားအဆင့်ဓားပျံကို ၎င်း၏ လက်ချောင်းလေးဖြင့် ဆက်လက်တို့ထိဆော့ကစားနေသည်၊၊ ကစားစရာတစ်စင်းရှိနေခြင်းကပင် သူမအတွက် လုံလောက်နေပြီဖြစ်သည်၊၊
ဝမ်ရှန်းက မုရွှယ်ဘက်သို့ လှည့်ကာ “အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဝူတန်းတောင်က ကိစ္စကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ”
“အရင်က အခိုးခံရတဲ့ ကျမ်းစာငါးစောင်တုန်းကလိုပဲ ကိုင်တွယ်မှာပါ၊၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဒဏ်ရာရတဲ့သူနဲ့ သေဆုံးတဲ့ ကျင့်ကြံသူတွေရှိနေပြီး ဝူတန်းတောင်က အကျအဆုံးပိုများတာကြောင့် သေချာစုံစမ်းစစ်ဆေးသွားမှာပါ၊၊ အရာအားလုံးက သက်သေအပေါ်မှာပဲ အခြေခံရမှာဖြစ်လို့ ယင်ယန်ဂိုဏ်းရဲ့ လက်ချက်လို့ ချက်ချင်းကောက်ချက်ချလို့မရသေးဘူး၊၊ အဲ့လိုလုပ်လိုက်ရင် တခြားမိစ္ဆာကျင့်ကြံသူတွေ လွတ်မြောက်သွားနိုင်လို့ပါ”
သူမက သက်ပြင်းတစ်ချက်ချပြီးနောက် ဆက်ပြောသည်၊၊ “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မိစ္ဆာကျင့်ကြံသူတွေ အရေအတွက်တိုးလာတယ်၊၊ ကျွန်မတို့ တတ်နိုင်သလောက် ဖမ်းဆီးနေပေမဲ့ ကုန်သွားတယ်လို့ကိုမရှိဘူး”
“အဲ့ဒါက ရှောင်လွှဲလို့မရတဲ့ အမှန်တရားပဲ၊၊ အခုက အင်တာနက်ကတစ်ဆင့် ကျင့်ကြံခြင်းက လျှို့ဝှက်ချက်မဟုတ်တော့ဘူး၊၊ မူလကတည်းက လူအများစုမှာ ရာဇဝတ်မှုကျူးလွန်ချင်တဲ့ စိတ်ရှိပေမဲ့ သတ္တိမရှိကြဘူး၊၊ အင်တာနက်ကျင့်ကြံခြင်းက သူတို့ရဲ့ အဲ့ဒီစိတ်ရိုင်းတွေကို နှိုးဆွပေးလိုက်သလိုဖြစ်သွားတာပဲ” ဘူဒိုဇာက ဝင်ရောက်မှတ်ချက်ပြုသည်၊၊
“ငါတို့ သတ်မှတ်ထားတဲ့ မိစ္ဆာပျက်ကျင့်ကြံသူဆိုတဲ့ အဓိပ္ပာယ်က တော်တော်လေးကျယ်ပြန့်တယ်၊၊ အမှန်တော့ အဆင့်နိမ့်ကျင့်ကြံသူတွေပါဝင်တဲ့ အမှုအသေးအမွှားတွေကို ဒေသခံရဲစခန်းတွေကိုပဲ ကိုင်တွယ်ခိုင်းရင် အဆင်ပြေပါတယ်”
မုရွှယ်က မျက်စောင်းထိုးကြည့်ကာ “အဲ့ဒါကို ကပ္ပတိန်ကို သွားပြောလေ၊၊ ငါ့ကို လာပြောနေလို့ ဘာမှထူးမှာမဟုတ်ဘူး”
ဘူဒိုဇာက ကိုးရိုးကားရားရယ်မောလိုက်ပြီး ကားမောင်းခြင်းအပေါ်သာ အာရုံစိုက်လိုက်တော့သည်၊၊
ဝမ်ရှန်းသည် ပြတင်းပေါက်ပြင်ပမှ ဖြတ်သန်းသွားသော မြို့ပြရှုခင်းများကို ကြည့်ရှုနေမိသည်၊၊ အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့ရသဖြင့် ဤလူ့လောကကြီးနှင့် အနည်းငယ်အံဝင်ခွင်ကျမဖြစ်သလို ခံစားနေရသည်၊၊
ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက် ပထမဆုံးဆယ်စုနှစ်အတွင်းတွင် နှစ်စဉ်နှစ်တိုင်း ပြောင်းလဲမှုအသစ်များဖြစ်ပေါ်နေခဲ့သည်၊၊ ကျင့်ကြံသူများ၏ စွမ်းအားက ဆက်တိုက်တိုးတက်နေသကဲ့သို့ လူ့အဖွဲ့အစည်းအတွင်းရှိ မတည်ငြိမ်သောအကြောင်းအရင်းများကလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေခဲ့သည်၊၊
မိမိတို့၏ ကိုယ်ပိုင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုသော ကျင့်ကြံသူများကို မိစ္ဆာကျင့်ကြံသူများအဖြစ် သတ်မှတ်ခြင်းခံရသည်၊၊ ဟွာသမ္မတနိုင်ငံ၏ အစိုးရအနေဖြင့် မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းရာတွင် မည်သည့်အခါမျှ ညှာတာပေးခဲ့ခြင်းမရှိပေ၊၊
“တာအိုဆရာဝမ်၊ တာအိုဆရာကျိုးရဲ့ ဒဏ်ရာတွေအတွက် သိပ်ပြီး စိတ်ပူမနေပါနဲ့” မုရွှယ်က ပြောလိုက်သည်၊၊
“ကျွန်မတို့က ဝူတန်တောင်ကိုယ်စား ဆေးနတ်ဘုရားချိုင့်ဝှမ်းက ပညာရှင်တွေကို အကူအညီတောင်းထားပြီးပါပြီ၊၊ တာအိုဆရာကျိုးက အနည်းဆုံး နှစ်လအတွင်းမှာ ပြန်ကောင်းလာမှာပါ”
“အင်း” ဝမ်ရှန်းက ပြန်ဖြေလိုက်သည်၊၊
“ကျွန်တော် ဒီကို ရောက်နေတဲ့အချိန်မှာ ယင်ယန်ဂိုဏ်းကို နှိမ်နင်းတဲ့ကိစ္စမှာ ပိုပြီးကူညီပေးချင်တယ်”
မုရွှယ်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မှတ်စုစာအုပ်ထဲတွင် အချက်အချို့ကို ချရေးလိုက်သည်၊၊
“အင်း...” ဘေးတွင် ထိုင်နေသော မုဝမ်ရွှမ်းက သူမ၏ ဂျူနီယာမောင်လေးကို လက်ကုတ်လိုက်သည်၊၊ ဝမ်ရှန်း လှည့်ကြည့်လိုက်သောအခါ သူမက ဖုန်းကို ညင်သာစွာ လှုပ်ခါပြနေသည်ကို မြင်လိုက်ရသည်၊၊ မျက်နှာပြင်ထက်တွင်မူ မစရသေးသော တရုတ်စစ်တုရင်ကစားပွဲတစ်ခု ရှိနေခဲ့သည်၊၊
ဝမ်ရှန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းထဲတွင် စီနီယာအစ်မနှင့် စတင် ကစားတော့သည်၊၊
နှစ်နှစ်ကျော်ကြာ ကွဲကွာနေခဲ့သော်လည်း မုဝမ်ရွှမ်း၏ စစ်တုရင်ကျွမ်းကျင်မှုမှာမူ သိပ်ပြီး တိုးတက်မလာခဲ့ကြောင်း သိသာလှပေသည်၊၊
ဝမ်ရှန်းက စီနီယာအစ်မ၏ ရထားကို စားရမလား သို့မဟုတ် သူမ၏ မြင်းနှစ်ကောင်လုံးကို ဖမ်းရန် ထောင်ချောက်ဆင်ရမလားဟု စဉ်းစားနေစဉ် မုရွှယ်က လှည့်ကြည့်ကာ မုဝမ်ရွှမ်းကို မျက်စိမှိတ်ပြလိုက်ရာ မုဝမ်ရွှမ်းက နှုတ်ခမ်းလေး စူလိုက်သည်၊၊
နောက်ဆုံးတွင် သုံးပွဲကစားပြီးနောက် ဝမ်ရှန်းက “စီနီယာအစ်မ… ဘယ်တုန်းက ဖုန်းအသစ်ဝယ်လိုက်တာလဲ”
“ဒန် ဒန်”
မုဝမ်ရွှမ်းသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်၊၊ သူမက လက်တစ်ဖက်ကို ဝမ်ရှန်း၏ ပခုံးပေါ်သို့ တင်လိုက်ပြီး သူမ၏ သိုလှောင်အိတ်ထဲမှ ဘူးတစ်ခုကို ထုတ်ကာ ဝမ်ရှန်းထံသို့ ကမ်းပေးလိုက်သည်၊၊
ယင်းက သူမ ကိုင်ဆောင်ထားသည့် ဖုန်းနှင့် မော်ဒယ်တူ စမတ်ဖုန်းအသစ်စက်စက်တစ်လုံးဖြစ်သည်၊၊ ဘူး၏ ရှေ့မျက်နှာစာတွင် သပ်ရပ်လှပသော လက်ရေးလှဖြင့် ‘တံခါးပိတ်ကျင့်ကြံရာမှ အပြင်ထွက်ခြင်းအထိမ်းအမှတ် ပျော်ရွှင်ပါစေ’ ဟု ရေးသားထားသည်၊၊