အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
Chapter 193
စန်းချင်းတောင်
ဝမ်ရှန်းလည်း အခုမှ သက်ပြင်းချနိုင်တော့သည်၊၊ စီနီယာအစ်မက တခြားအရာတစ်ခုခု တောင်းဆိုတော့မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်၊၊ ယခုမူ သူက မပြုံးဘဲ မနေနိုင်တော့ဘဲ ဖုန်းဘူးကို သေချာသိမ်းဆည်းလိုက်ပြီး ဖုန်းအသစ်ကို စတင်စမ်းသပ်ကြည့်နေတော့သည်၊၊
မုဝမ်ရွှမ်း၏ ပထမဆုံး စမတ်ဖုန်းကိုမူ ဝမ်ရှန်းက ဝူတန်တောင်မှ တာအိုဆရာများနောက်သို့ လိုက်လံကာ အခမ်းအနားများ လုပ်ဆောင်ပေးခြင်းဖြင့် ရရှိလာသော အခကြေးငွေများဖြင့် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်
ယခုအခါ စီနီယာအစ်မသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ကိုယ်ပိုင်လစာရရှိနေပြီဖြစ်ရာ ဖုန်းကောင်းကောင်းသုံးချင်သည့် ဆန္ဒများရှိလာခဲ့ပြီဖြစ်သည်၊၊ သူမ ဖုန်းလဲလှယ်သည့်အခါ ဝမ်ရှန်းအတွက်ပါ တစ်ပါတည်း ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်၊၊
ချင်ယန်ဇီနှင့် ချီဝမ်တို့၏ ဖုန်းများအတွက်မူ သူမ စိတ်ပူစရာမလိုပေ၊၊ ထိုအလုပ်မှာ ချီလင်း၏ တာဝန်သာ ဖြစ်သည်၊၊
“ကျေးဇူးအများကြီးတင်ပါတယ်” ဝမ်ရှန်းက မြောက်ပိုင်း လေယူလေသိမ်းဖြင့် အော်ပြောလိုက်သည်၊၊
မုဝမ်ရွှမ်းက ချက်ချင်းပင် ပါးစပ်ကို ပိတ်ကာ သဘောကျစွာ ရယ်မောလိုက်လေသည်၊၊ ၎င်းတို့နှစ်ဦးသည် ကားနောက်ခန်းတွင် ပျော်ရွှင်စွာ စနောက်နေကြတော့သည်၊၊
သို့သော်လည်း စီနီယာအစ်မနှင့်အတူ ရှိနေရသဖြင့် အလွန်ပျော်ရွှင်နေသော်လည်း ဝမ်ရှန်းသည် အရေးကြီးသော ကိစ္စရပ်များကိုမူ မေ့လျော့မသွားခဲ့ပေ၊၊ စီနီယာအစ်မက ဖုန်းအဟောင်းထဲမှ ဖိုင်များကို ကူညီကူးပြောင်းပေးနေစဉ် ဝမ်ရှန်းသည် မုရွှယ်နှင့်အတူ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ နောက်ထပ်ပြုလုပ်မည့် ‘မိကျောင်းဖမ်းခြင်း’ အစီအစဉ်အကြောင်းကို ဆွေးနွေးလိုက်သည်၊၊
ဤအစီအစဉ်၏ အခြေခံမှာ ယင်ယန်ဂိုဏ်းအနေဖြင့် ရှေးဟောင်းကျောက်စာချပ်အပေါ် စိတ်ဝင်စားလိမ့်မည်ဟူသော အချက်အပေါ်တွင် အခြေခံထားခြင်းဖြစ်သည်၊၊
ပြိုင်ပွဲအကြိုပွဲစဉ်များ မစတင်မီတွင် ကောင်းကင်ကျောက်စာချပ်များအကြောင်းကို အကျယ်တဝင့်ကြော်ငြာသွားမည်ဖြစ်သည်၊၊ ၎င်းတို့သည် ရဟတ်ယာဉ်တစ်စီးဖြင့် စန်းချင်းတောင်၏ အဓိကပြိုင်ပွဲကွင်းနောက်ဘက်သို့ ကျောက်စာချပ်ကို လူမြင်အောင်သယ်ယူပို့ဆောင်လာမည်ဖြစ်ပြီး လူများကိုလည်း သေချာစွာ စောင့်ကြပ်ခိုင်းထားမည်ဖြစ်သည်၊၊
အသုံးပြုမည့် ကောင်းကင်ကျောက်စာချပ်မှာ အတုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်၊၊ သို့သော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အစစ်ဟု ပြောနေသရွေ့ ယင်းကို အစစ်အဖြစ်သာ အလိုလိုသတ်မှတ်ကြပေလိမ့်မည်၊၊
ကျောက်စာချပ်ကို နေရာချပြီးသည်နှင့် အင်မော်တယ်တာအိုညီလာခံ၏ ထိပ်သီး ရှစ်ယောက်စာရင်းဝင်ပြိုင်ပွဲဝင်များကိုသာ ကျောက်စာချပ်အား လေ့လာဆင်ခြင်နိုင်မည့် အရည်အချင်းကို ခွင့်ပြုပေးမည်ဟု ကြေညာမည်ဖြစ်သည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ယင်ယန်ဂိုဏ်းအပေါ် နားလည်မှုအရ ၎င်းတို့အနေဖြင့် ပြင်ဆင်မှုအချို့ ပြုလုပ်လာမည်မှာ သေချာသလောက်ပင်ဖြစ်သည်၊၊ အနည်းဆုံးတော့ ပြိုင်ပွဲအတွင်းသို့ လူတစ်ယောက်အား စိမ့်ဝင်စေပြီး ထိပ်သီး ရှစ်ယောက်စာရင်းထဲ ဝင်ရောက်နိုင်ရန် နည်းလမ်းမျိုးစုံအသုံးပြုပေလိမ့်မည်၊၊ တစ်ချိန်တည်းမှာပင် အကယ်၍ ၎င်းတို့၏ လူ ရှုံးနိမ့်သွားပါက ကျောက်စာချပ်ကို အတင်းလုယူနိုင်ရန်အတွက်လည်း လျှို့ဝှက်ပြင်ဆင်ထားကြပေလိမ့်မည်၊၊
မိကျောင်းဖမ်းသည့်အခါ ငါးစာက ကြီးရမည်ဖြစ်ပြီး ငါးမျှားကြိုးကလည်း ခိုင်ခံ့ရမည်ဖြစ်သည်၊၊
ပြိုင်ပွဲတစ်ခုလုံးတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယင်ယန်ဂိုဏ်းနှင့် ဉာဏ်စမ်းကစားပွဲကို အမြဲဆင်နွှဲနေရမည်ဖြစ်၏၊၊ ရန်သူ့ဘက်မှ စေလွှတ်ထားသော ပြိုင်ပွဲဝင်များ ထိပ်သီး ရှစ်ယောက်စာရင်းထဲ မဝင်ရောက်နိုင်စေရန် သေချာစေရမည်ဖြစ်သကဲ့သို့ ယင်ယန်ဂိုဏ်းအနေဖြင့် နောက်တစ်ကြိမ် ထပ်မံပုန်းအောင်းမသွားဘဲ လှုပ်ရှားလာစေရန်လည်း ဖိအားပေးရမည်ဖြစ်သည်၊၊
“ကျွန်မတို့ ကပ္ပတိန်ကိုယ်တိုင် ယင်ယန်ဂိုဏ်းကို နှိမ်နင်းမယ့် စစ်ဆင်ရေးကို ကိုင်တွယ်နေတယ်” မုရွှယ်က ပြောလိုက်သည်၊၊
“ကျွန်မတို့ရဲ့ အဓိကတာဝန်ကတော့ အင်မော်တယ်တာအိုညီလာခံကြီး အောင်အောင်မြင်မြင်ပြီးဆုံးဖို့ သေချာစေရမယ်”
ဝမ်ရှန်းက လက်ပိုက်ကာ ခေတ္တစဉ်းစားလိုက်သည်၊၊ သူသည် မိစ္ဆာကျင့်ကြံသူများကို ထိပ်တိုက်ရင်ဆိုင်ပြီး သူ၏ စိတ်ထဲတွင် ပိတ်လှောင်နေသော ဒေါသများကို ဖောက်ထုတ်ပစ်ချင်နေဆဲဖြစ်သည်၊၊
လွန်ခဲ့သော နှစ်နှစ်ကထက် ပို၍တိုးတတ်လာသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးနှောက်သုံးရမည့်အပိုင်းများကို ကိုင်တွယ်သွားမည်ဖြစ်သည်၊၊ အကယ်၍ ယင်ယန်ဂိုဏ်းမှ ပညာရှင်အများအပြားပေါ်ထွက်လာပါက ချင်ယန်ဇီနှင့် အထူးစစ်ဆင်ရေးအဖွဲ့တို့က လှုပ်ရှားသွားမည်ဖြစ်ရာ သူက ဝင်ရောက်စွက်ဖက်ရန် မလိုပေ၊၊
ဝမ်ရှန်းက မမေးဘဲ မနေနိုင်တော့ပေ၊၊
“ဒါဆို ယင်ယန်ဂိုဏ်းကို ကိုင်တွယ်မယ့် ဒီအစီအစဉ်မှာ ကျွန်တော်က ဘာလုပ်ပေးနိုင်မလဲ”
မုရွှယ်က ရယ်မောလိုက်ပြီး တည်ကြည်သော လေသံဖြင့် ပြန်လည်ဖြေကြားသည်၊၊
“အရေးကြီးတဲ့ အချိန်ကျရင် အမှန်တရားကိုမျက်ကွယ်ပြုပြီး အပြောင်းလဲလုပ်ပေးရမယ်၊၊ ရှင်က ပြိုင်ပွဲရဲ့ ဒိုင်လူကြီးကော်မတီ ဥက္ကဋ္ဌလေ… ယင်ယန်ဂိုဏ်းက စီစဉ်ထားတဲ့ ပြိုင်ပွဲဝင်တွေကို ရှာတွေ့တဲ့အခါ သူတို့ကို သေချာပေါက်ပြုတ်သွားအောင် လုပ်ရမယ်၊၊ သူတို့ကို ထိပ်သီး ရှစ်ယောက်စာရင်းထဲ ပေးမဝင်ရဘူး၊ မဟုတ်ရင် ကျွန်မတို့ရဲ့ ကျန်တဲ့ အစီအစဉ်တွေ ဆက်လုပ်လို့မရတော့ဘူး”
ဘူဒိုဇာက “သိသိသာသာကြီးလား… အဲ့ဒါက ပြိုင်ပွဲစည်းကမ်းနဲ့ မကိုက်ညီဘူးမဟုတ်လား”
ဘူဒိုဇာက တိုးတိုးလေး ကန့်ကွက်လိုက်သည်၊၊
“မိစ္ဆာကျင့်ကြံသူတွေနဲ့ ဘာပြိုင်ပွဲစည်းကမ်းကို စောင့်ထိန်းနေရမှာလဲ” မုရွှယ်က မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်၊၊
“ယင်ယန်ဂိုဏ်းကို မျှားခေါ်ဖို့အတွက် အရင်းမြစ်တွေနဲ့ လူအင်အားဘယ်လောက်တောင်သုံးထားရလဲ၊၊ ငါတို့ ဘယ်လောက်တောင် စွန့်စားရလဲဆိုတာကော သိရဲ့လား… တာအိုဆရာဝမ်… ရှင့်မှာ တာဝန်အကြီးကြီးရှိတယ်နော်”
ဝမ်ရှန်းကမူ သူ၏ နဖူးကိုသာ လက်ဖြင့် ဖိထားမိတော့သည်၊၊
အမှန်တရားကိုမျက်ကွယ်ပြုရမည်တဲ့လား...၊၊
ဤအရာက အတော်လေး ဂွကျသောအလုပ်ဖြစ်သည်၊၊ အကယ်၍ သေချာမလုပ်ဆောင်နိုင်ပါက သူ၏ ဂုဏ်သတင်း ပျက်ပြားသွားနိုင်ပြီး အဆိုးဆုံးက ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ ရှုတ်ချခြင်းကိုပါ ခံရနိုင်ပေသည်၊၊
…
ရှင်းမြစ်ဖျားခံရာ စန်းချင်းတောင်သည် လုံဟူရှန်းတောင်တန်းနှင့် မိုင်တစ်ရာ၊ နှစ်ရာခန့်သာ ကွာဝေးသည်၊၊ တောင်ထိပ်ပေါ်တွင် သူတော်စင်သုံးပါး စံမြန်းနေသည့်အလားပုံသဏ္ဌာန်နှင့် ဆန်းကြယ်သောတောင်ထိပ်သုံးခုရှိနေခြင်းကို အစွဲပြု၍ ‘စန်းချင်း’ ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်၊၊
အကွာအဝေးနီးကပ်လွန်းသဖြင့် စန်းချင်းတောင်၏ တာအိုအစဉ်အလာသည် လုံဟူရှန်းတောင်တန်း၏ ကောင်းကင်သခင်ဂိုဏ်းနှင့် အမြဲတစေနီးကပ်စွာဆက်နွှဲနေခဲ့သည်၊၊
ဝမ်ရှန်းတို့အဖွဲ့ စန်းချင်းတောင်အနီးသို့ ချဉ်းကပ်လာချိန်တွင် ၎င်းတို့၏ SUV ကားသည် အမြင်အာရုံကို ပိတ်ဆို့ထားသော သစ်တောအုပ်ကြီးကို ဖြတ်ကျော်လိုက်ရာ အဝေးဆီတွင် မတ်စောက်စွာ ထိုးထွက်နေသည့် ချွန်ထက်သော တောင်ထိပ်အချို့ကို လှမ်းမြင်လိုက်ရသည်၊၊ ဓားကျင့်ကြံသူတစ်ဦး၏ မျက်လုံးထဲတွင်မူ ထိုတောင်ထိပ်များသည် ကောင်းကင်ယံသို့ ထိုးချိန်ထားသည့် ဓားသုံးစင်းနှင့် ပို၍ တူညီနေလေသည်၊၊
“ပြိုင်ပွဲကွင်းကို တောင်ထိပ်ပေါ်မှာ လုပ်ထားတာလား” ဝမ်ရှန်းက ပေါ့ပေါ့ပါးပါးမေးလိုက်သည်၊၊
“ကံမကောင်းစွာနဲ့ပဲ အဲ့လိုလုပ်ဖို့ မဖြစ်နိုင်ခဲ့ဘူး” ဘူဒိုဇာက တိုးတိုးလေး ပြောသည်၊၊
“တောင်က မတ်စောက်လွန်းလို့ တောင်ထိပ်ပေါ်မှာ ဆောက်လုပ်ရေးလုပ်ဖို့ အရမ်းခက်ခဲတယ်၊၊ ပြိုင်ပွဲကွင်းကို တောင်လယ်က တာအိုကျောင်းတော်အရှေ့မှာပဲ လုပ်ထားတယ်၊၊ လွန်ခဲ့တဲ့ လဝက်ကတည်းက ပြင်ဆင်ခဲ့တာဆိုတော့ အခုဆို ပြီးသလောက်ဖြစ်နေပြီ”
ရှေ့ခန်းတွင်မူ မုရွှယ်သည် ဘူဒိုဇာ၏ ဂျာကင်အင်္ကျီကို ခြုံကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်၊၊ တစ်ချိန်တည်းမှာပင် မုဝမ်ရွှမ်းသည် ဝမ်ရှန်း၏ ဘေးနားတွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေပြီး သူမ၏ သွယ်လျသော ခြေတံလေးများသည် အလှတရားတစ်ခုကို ဖော်ဆောင်နေ၏၊၊
၎င်းတို့သည် တောင်ခြေသို့ မောင်းနှင်လာခဲ့ပြီးနောက် ထူထပ်သော သစ်တောအုပ်အတွင်းရှိ ကျဉ်းမြောင်းသော လမ်းကလေးအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ရာ နောက်ဆုံးတွင် အလုပ်ရှုပ်နေသော ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့ကြသည်၊၊
အင်မော်တယ်တာအိုညီလာခံကို သုံးနှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် မတူညီသော နေရာများ၌ ကျင်းပရန် ယာယီသတ်မှတ်ထားခြင်းဖြစ်သည်၊၊ ထို့ကြောင့် ပြိုင်ပွဲကွင်းတစ်ခုချင်းစီအတွက် ရင်းနှီးမြှုပ်နှံမှု အလွန်အကျွံမပြုလုပ်နိုင်သဖြင့် ပြင်ဆင်မှုအပိုင်းက အနည်းငယ်ရိုးရှင်းနေသည်မှာ ရှောင်လွှဲ၍မရပေ၊၊
ဤနေရာသည် မူလကတည်းက ခပ်ပြေပြေကုန်းစောင်းတစ်ခုဖြစ်သည်၊၊ မြေပြင်အနေအထားကို အများကြီးမပြောင်းလဲဘဲ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အချို့နေရာများကိုသာ အနည်းငယ်ပြုပြင်မွမ်းမံထားခြင်းဖြစ်သည်၊၊ အမှန်တော့ တာအိုဆရာအများစုမှာ ထိုကဲ့သို့ အသေးအမွှားကိစ္စရပ်များကို အရမ်းဂရုစိုက်လေ့မရှိကြချေ၊၊
၎င်းတို့သည် မြေကြီးများကို သယ်ယူကာ ကျစ်လျစ်အောင် ဖိသိပ်ပြီး တြိဂံပုံစံ ကုန်းလျောနှစ်ခုပြုလုပ်ထားသည်၊၊ ထို့နောက် ထိုကုန်းလျောများအပေါ်တွင် သံဘောင်များ တပ်ဆင်ကာ လူပေါင်းထောင်ချီ ထိုင်နိုင်မည့် ပွဲကြည့်စင်များကို တည်ဆောက်ထားခြင်းဖြစ်သည်၊၊
တောင်ဘက်သို့ ကျောမှီထားသော ဘက်ခြမ်းကိုမူ အနည်းငယ် ပိုမိုသပ်ရပ်အောင် ပြုလုပ်ထားသော်လည်း ဝမ်ရှန်းအတွက်မူ ဈေးဝယ်စင်တာအပြင်ဘက်တွင် အလျင်အမြန် ဆောက်လုပ်ထားသော စင်မြင့်တစ်ခုကဲ့သို့သာ ခံစားရစေသည်၊၊
ကြီးမားသော နောက်ခံကားချပ်ကြီးကို တပ်ဆင်ထားပြီး ဖြစ်ကာ ၎င်းအပေါ်တွင် ‘အင်မော်တယ်တာအိုပြိုင်ပွဲကြီး’ နှင့် ‘စည်းလုံးခြင်းဖြင့် စည်ပင်ဝပြောခြင်း’ ဟူသော ထင်ရှားပြတ်သားသည့် စာလုံးကြီးကိုးလုံးကို ရေးသားထားသည်၊၊
နောက်ခံကားချပ်အရှေ့တွင် ခုံဝိုင်းနှစ်တန်းရှိနေပြီး ခိုင်ခံ့မှုရှိစေရန်နှင့် ခုံများ အခိုးမခံရစေရန် သံဘောင်များနှင့် တိုက်ရိုက်ဂဟေဆော်ထားသည်၊၊ ပြိုင်ပွဲကွင်းတစ်ခုလုံးတွင် အဖိုးတန်ဆုံးအရာမှာ ဗဟိုရှိ ဧရာမမော်နီတာကြီးလေးခုနှင့် အသံစနစ်တို့ဖြစ်သည်၊၊ သို့သော်လည်း ယင်းတို့ကို ပြန်လည်အသုံးပြုနိုင်သဖြင့် ဖြုန်းတီးရာမကျလှပေ၊၊
ပြိုင်ပွဲကွင်း၏ မလှမ်းမကမ်းနောက်ဘက်တွင် တာအိုကျောင်းတော်တစ်ခုရှိပြီး ၎င်း၏ ပတ်ပတ်လည်တွင် ယာယီတဲများစွာ ဆောက်လုပ်ထားသည်၊၊
ဘူဒိုဇာက သက်ပြင်းချလိုက်သည်၊၊
“လဝက်အတွင်းမှာ ဒီအဆင့်အထိ ပြီးစီးအောင် လုပ်နိုင်တာကတင် အတော်လေးအထင်ကြီးစရာပဲ”
ဝမ်ရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်၊၊ သူသည် စိမ်းလန်းစိုပြည်နေသော အဓိကပြိုင်ပွဲကွင်းထဲသို့ လှမ်းဝင်လိုက်ပြီး ဤနေရာတွင် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေမည့် မြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်မိသည်၊၊ သို့သော်လည်း ပန်းစည်းများနှင့် လက်ခုပ်သံများသည် ဝန်ထမ်းတစ်ဦးမျှသာဖြစ်သော သူနှင့် ဘာမှမသက်ဆိုင်ပေ၊၊
မုဝမ်ရွှမ်းကမူ အလွန်စိတ်အားထက်သန်နေပြီး ပတ်ပတ်လည်သို့ လျှောက်သွားရင်း သူမ၏ ချီးကျူးစကားကို တိုးတိုးလေး ရေရွတ်နေသည်၊၊ သူမ သွားလေရာရာ၌ လူအများက ရိုသေစွာ နှုတ်ဆက်ကြပြီး “တာအိုဆရာမ ပုယွီ” ဟု ခေါ်ကြသည်၊၊
Chapter 194
မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး
ဝမ်ရှန်းသည် ၎င်း၏ ဓားကို ကိုင်ဆောင်ကာ ကွင်းအတွင်း လှည့်လည်ကြည့်ရှုနေသည်မှာ Site ကို လာရောက်စစ်ဆေးသော ကြီးကြပ်ရေးမှူးတစ်ဦးနှင့် တူနေသည်၊၊ သိပ်မကြာမီမှာပင် သူသည် သူ့ကို သေချာမသိကြသေးသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်သစ်အချို့၏ အာရုံစိုက်မှုကို ခံလိုက်ရသည်၊၊ သူသည် လူ့လောကကြီးထဲတွင် လှုပ်ရှားမှုသိပ်မရှိသဖြင့် လူအများသည်လည်း သူ့အကြောင်း ဒဏ္ဍာရီများကို များများစားစားမသိရှိကြသေးပုံရသည်၊၊
—သံသယဖြစ်ဖွယ် တာအိုဆရာတစ်ယောက် ကွင်းထဲကို ဝင်လာနေတယ်၊၊ သတိထားပါ… သူ အခု ဇုန် (၃) ထဲမှာ ရှိနေတယ်၊၊
—ပစ်မှတ်ကို တွေ့ပြီ၊၊ ခိုးဝင်လာတဲ့ မိစ္ဆာကျင့်ကြံသူဖြစ်နိုင်တယ်၊၊ ဂရုစိုက်ကြပါ၊၊
—တိုက်ခိုက်ရေးအဖွဲ့တွေကို ချက်ချင်းအကြောင်းကြားလိုက်၊၊
ထိုစဉ် မုရွှယ်၏ ဒေါသတကြီးအသံက ရေဒီယိုထဲမှ ထွက်ပေါ်လာခဲ့သည်၊၊
—အကြောင်းကြားဖို့ပဲ စဉ်းစားမနေနဲ့… သောက်တုံးတွေရဲ့… ငါတို့ ပေးထားတဲ့ အချက်အလက်တွေကို သေချာအလွတ်မကျက်ထားဘူးလား… အဲ့ဒါ တာအိုဆရာ ဝမ်ဖေးယွီလေ… နတ်သမီးပုယွီရဲ့ ဂျူနီယာ… တာအိုဆရာပုယန်ရဲ့ ဒုတိယမြောက်တပည့်၊ ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ပထမဆုံးအကြံပေးပဲ၊၊
အဖွဲ့ဝင်သစ်များအားလုံး ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် နောက်ဆုတ်သွားကြတော့သည်၊၊ မကြာမီ ဝမ်ရှန်း၏ အနီးအနားရှိ လူများက သူ့ကို စိတ်ဝင်တစားဖြင့် ဝိုင်းဝန်းကြည့်ရှုလာကြသည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပုံမှန်အားဖြင့် အလွန်အလုပ်ရှုပ်သော်လည်း ဝမ်ရှန်းနှင့်ပတ်သက်သော ကောလာဟလအချို့ကမူ ပျံ့နှံ့နေဆဲဖြစ်သည်၊၊ အမှန်တော့ အတင်းအဖျင်းစကားများထဲတွင် နတ်သမီးပုယွီပါဝင်လာပါက သူမ၏ ဖုန်းနောက်ခံမျက်နှာပြင်တွင် ပါရှိသော တာအိုဝတ်စုံဝတ်ဆင်ကာ ဓားကွက်ဖော်နေသည့် တာအိုဆရာလေးအကြောင်းက လွဲချော်၍မရနိုင်ပေ၊၊
အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသော်လည်း သူသည် ရွှေအမြုတေအဆင့်ရှိ ဆရာတစ်ဦးထံတွင် တပည့်ခံခဲ့ပြီးဖြစ်သည်၊၊ နတ်ဘုရားငါးပါးဂိုဏ်း၏ မဟာခေါင်းဆောင်ငါးဦးအနက် တစ်ဦးဖြစ်သော သစ်သားယင်နတ်ဘုရားကို သုတ်သင်ခဲ့သည်၊၊ ထို့အပြင် ပင်လယ်ဝါတွင် မိစ္ဆာကျင့်ကြံသူများ၏ ပုန်ကန်မှုကို နှိမ်နင်းရာတွင် ကူညီပေးခဲ့ပြီး နတ်သမီးပုယွီနှင့် ဖေးလျန်ဇီတို့ ပူးပေါင်းကာ မိစ္ဆာကျင့်ကြံသူရာပေါင်းများစွာ၏ ရူးသွပ်စွာ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့ကြသည်၊၊
ပွဲကြည့်စင်တွင် ခေတ္တမျှ ထိုင်ကာ အခြေအနေကို လေ့လာပြီးနောက် ဝမ်ရှန်းက ထရပ်လိုက်သည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သူ့ကို တာဝန်များမပေးအပ်ရသေးသည့် အခွင့်အရေးကို အသုံးချကာ စန်းချင်းတောင်ကို လှည့်လည်ကြည့်ရှုရန် သူ၏ စီနီယာအစ်မကို ခေါ်ယူလိုက်သည်၊၊
တောင်ပေါ်တွင် ရေတံခွန်များနှင့် စမ်းရေတွင်းများ ပေါများလှပြီး ကြည်လင်သော စမ်းချောင်းလေးများဖြင့် ပြည့်နှက်နေသည်၊၊ ပြိုင်ပွဲကွင်းနှင့် မလှမ်းမကမ်းတွင် ၎င်းတို့သည် သန့်စင်ကြည်လင်သော ရေအိုင်ငယ်လေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်၊၊
မုဝမ်ရွှမ်းသည် စိတ်အခြေအနေအထူးကောင်းမွန်နေသဖြင့် ဝမ်ရှန်းကို ရေအိုင်ထဲသို့ ဆွဲခေါ်ကာ ခြေထောက်ဆေးကြသည်၊၊ သူမ၏ နုနယ်လှပသော ခြေဖဝါးလေးများကို ရေထဲတွင် ညင်သာစွာ လွှဲယမ်းနေခဲ့သည်၊၊
စမ်းရေတွင်းကလေးက ညင်သာစွာ စီးဆင်းနေပြီး ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီသော တေးသွားတစ်ခုကို ဖန်တီးနေသည်၊၊ ဆိတ်ငြိမ်သော တောင်ကုန်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း ဝမ်ရှန်း၏ တာအိုစိတ်နှလုံးသည် ပေါ့ပါးကြည်လင်လာခဲ့ရသည်၊၊ သူက မျက်လုံးများကို ဖြည်းညင်းစွာမှိတ်လိုက်ပြီး စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်လိုက်သည်၊၊ သူက တရားထိုင်ရန် ပြင်ဆင်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကာ မိမိ၏ ချီများကို စုစည်းလိုက်သည်၊၊
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ မုဝမ်ရွှမ်းက လျှို့ဝှက်စွာ ဓာတ်ပုံအချို့ ရိုက်ယူပြီး ဆရာထံသို့ ပေးပို့လိုက်သည်၊၊ ဝမ်ရှန်းက ကြိုးစားပမ်းစားကျင့်ကြံနေကြောင်း ပြသလို၍ဖြစ်ပြီး သို့မှသာ ဆရာဖြစ်သူက သူ့ကို နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်ခိုင်းတော့ရန် ဖြစ်သည်၊၊
သူက မျက်လုံးမှိတ်ထားလျက် တရားထိုင်နေရင်း “အစ်မ… လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မိစ္ဆာကျင့်ကြံသူတွေနဲ့ ခဏခဏတိုက်ခိုက်ခဲ့ရလား”
မုဝမ်ရွှမ်းက အသံတိတ်ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်၊၊ သူမသည် ခရီးသွားရခြင်းနှင့် လူ့လောက၏ အလှတရားများကို ခံစားရခြင်းကို နှစ်သက်သော်လည်း တိုက်ခိုက်ရခြင်းကိုမူ မနှစ်သက်ပေ၊၊ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ ရှောင်လွှဲ၍မရနိုင်ပေ၊၊
ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာအချို့ ပြောရန် ပြင်ဆင်နေစဉ် နောက်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်၊၊ သူ၏ ဝိညာဉ်အသိစိတ်က လူသုံးယောက် ချဉ်းကပ်လာနေကြောင်း သိရှိလိုက်သည်၊၊ နှစ်ယောက်မှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်းတွင် ရှိနေပြီး တစ်ယောက်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်အစောပိုင်းတွင် ရှိနေသည်၊၊ ၎င်းတို့အားလုံးမှာ ကျင့်ကြံသူလူငယ်များဖြစ်ပုံရသည်၊၊
ညီလာခံအတွက် ကျင့်ကြံသူတွေ ရောက်ရှိလာကြပြီလား၊၊ အဲ့ဒါက မဖြစ်နိုင်ဘူး၊၊ ဖိတ်စာတွေကိုတောင် မပို့ရသေးဘူးလေ…၊၊
ရုတ်တရက် လူတစ်ယောက်က လှမ်းခေါ်လိုက်သည်၊၊ “တာအိုဆရာမ ပုယွီ မဟုတ်လား၊၊ ဒီမှာ ဆုံရတာ တကယ်ကိုတိုက်ဆိုင်တာပဲ”
ဝမ်ရှန်းက စိတ်ဝင်တစားဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ကျင့်ကြံသူလူငယ် သုံးယောက်ကို မြင်လိုက်ရသည်၊၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်၊၊
ရှေ့ဆုံးမှ လျှောက်လာပြီး သူ၏ စီနီယာအစ်မကို လှမ်းခေါ်လိုက်သော လူငယ်မှာ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများ၊ ကြယ်များကဲ့သို့ တောက်ပသောမျက်ဝန်းများနှင့် သင့်တင့်သော ဟန်ပန်ရှိသဖြင့် ခန့်ညားသော အမျိုးသားတစ်ဦးဟု သတ်မှတ်နိုင်သည်၊၊
နောက်ကွယ်မှ လိုက်ပါလာသော နှစ်ဦးမှာမူ ချစ်သူများဖြစ်ကြောင်း ထင်ရှားလှပေသည်၊၊ ၎င်းတို့သည် လက်ချင်းချိတ်ထားကြပြီး ၎င်းတို့၏ အရှိန်အဝါများကလည်း လိုက်ဖက်ညီနေသဖြင့် ဂိုဏ်းတူချင်းချစ်ကြိုက်သွားကြသူများဖြစ်ပုံရသည်၊၊
တိုက်ဆိုင်တာတဲ့လား၊၊ အဲ့ဒါက ဒီလောက်မရိုးရှင်းတာ သေချာတယ်…၊၊
ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က ရှေ့ဆုံးမှ အမျိုးသား၏ အင်္ကျီလက်အတွင်း၌ ဝှက်ထားသော အာရုံခံသည့် ကမ္ဘာဦးချီလှုပ်ရှားမှုကို ဖမ်းမိလိုက်သည်၊၊ ထိုချီလှိုင်းက သူ၏ စီနီယာအစ်မထံသို့ အတိအကျဦးတည်နေခြင်းဖြစ်သည်၊၊
စီနီယာအစ်မကို ပိုးပန်းတဲ့သူလား၊၊ အဟက်… အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းပဲရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က ပုံရိပ်ယောင်အမြုတေအဆင့်ရောက်နေတဲ့ သူကို ပိုးပန်းရဲတယ်ပေါ့…၊၊
ဝမ်ရှန်းက အသာယာပြုံးလိုက်သော်လည်း ထိုအရာက အံ့ဩစရာမဟုတ်ကြောင်း မကြာမီစဉ်းစားမိသွားသည်၊၊ သူ၏ စီနီယာအစ်မသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အလုပ်လုပ်ရင်း နေရာအနှံ့ခရီးသွားနေခဲ့ရခြင်းဖြစ်သည်၊၊ မည်သူမျှ စိတ်မဝင်စားပါကမှ ပို၍အံ့ဩစရာကောင်းပေလိမ့်မည်၊၊
သို့သော်လည်း သူက မည်သည့် ထိတ်လန့်မှုကိုမျှ ပြသခြင်းမရှိပေ၊၊
ထိုအမျိုးသားက ရှေ့သို့ အလျင်အမြန် တိုးကပ်လာပြီး မုဝမ်ရွှမ်းအား ရိုသေစွာ ဂါရဝပြုလိုက်သည်၊၊ သူ၏ မျက်နှာတွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ဝမ်ရှန်းကိုမူ တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ၊၊
မုဝမ်ရွှမ်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်၊၊ ထို့နောက် ဘေးနားတွင် လူတစ်ယောက် ရပ်နေသည်ကို ဂရုမစိုက်သည့်အလား ဖုန်းကို ဆက်လက်ကြည့်ရှုရင်း သူမ၏ ခြေဖဝါးဗလာလေးများကို ရေထဲတွင် ဆက်လက်လွှဲယမ်းနေခဲ့သည်၊၊
ဝမ်ရှန်းက သူ၏ စီနီယာအစ်မ၏ သဘောထားကို ချက်ချင်းနားလည်လိုက်သည်၊၊ သူက ထိုအမျိုးသား၏ အာရုံစိုက်မှုကို ရရှိရန် ချောင်းတစ်ချက် ဟန့်လိုက်သည်၊၊
“အဟမ်း… မင်္ဂလာပါ တာအိုဆရာ… ငါ့ရဲ့ စီနီယာအစ်မက စကားပြောသိပ်မကျွမ်းကျင်လို့ပါ၊၊ သူမကိုယ်စား ငါပဲ ပြန်ဖြေပေးပါ့မယ်”
ထိုအမျိုးသားက ဝမ်ရှန်းကို အနည်းငယ် မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ရန်လိုမှုအချို့ပါဝင်နေသည်၊၊ ယင်းက သူ၏ တည်ငြိမ်မှုကင်းမဲ့ခြင်းကို ပြသနေခြင်းဖြစ်သည်၊၊ သို့သော်လည်း သူက မကြာမီမှာပင် အတင်းအကြပ်ပြုံးလိုက်ပြီး ဝမ်ရှန်းအား လက်သီးဆုပ်ကာ ရယ်မောလိုက်သည်၊၊
“စောစောက တာအိုဆရာကို သတိမထားမိလိုက်လို့ပါ၊၊ ဘယ်လိုခေါ်ရမလဲဆိုတာ မေးပါရစေ”
ဝမ်ရှန်းက ပြန်ဖြေသည်၊၊
“အခြားသူကို မမေးခင် ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ရတာ ထုံးစံပါ”
“ကျွန်တော်က ဟွာရှန်းတောင်က ကျင့်ကြံသူ လီလဲ့ကျန်းပါ၊၊ တာအိုဘွဲ့က ချင်ဝမ်ပါ၊၊ တာအိုဆရာကို ဘယ်လိုခေါ်ရမလဲ မသိဘူး”
ဝမ်ရှန်းက သူ၏ ခြေထောက်များကို ပေါ့ပေါ့ပါးပါးသုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်၊၊
“ဝမ်ရှန်း၊၊ တာအိုဘွဲ့က ဖေးယွီပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”
ဘေးနားရှိ အမျိုးသမီးကျင့်ကြံသူက အာမေဋိတ်သံဖြင့် “ရှင်က တာအိုဆရာ ပုယန်ရဲ့ ဒုတိယမြောက် တပည့်လား… နတ်ဘုရားငါးပါးဂိုဏ်းရဲ့ သစ်သားယင်နတ်ဘုရားကို ကွပ်မျက်ခဲ့တဲ့ ဓားကျင့်ကြံသူလူငယ်ပေါ့”
“ငါကံကောင်းသွားတာပါ”
ဝမ်ရှန်းက နှိမ့်ချစွာဖြင့် ဂါရဝပြုရင်း ပြန်ပြောလိုက်သည်၊၊ သူ၏ အဝတ်ဖိနပ်ကို ဝတ်ဆင်ပြီးနောက် တာအိုစုံတွဲကို နွေးထွေးစွာ ပြုံးပြလိုက်သည်၊၊
“မင်းတို့နှစ်ယောက်ကိုကော ဘယ်လိုခေါ်ရမလဲ”
ထိုစုံတွဲသည် လက်ချင်းချိတ်ထားရာမှ ချက်ချင်းလွှတ်လိုက်ပြီး အလျင်အမြန် ဂါရဝပြုကာ ၎င်းတို့မှာ စန်းချင်းတောင်မှ ကျင့်ကြံသူများဖြစ်ကြောင်း မိတ်ဆက်ကြသည်၊၊
လမ်းခရီးတွင်လည်း ၎င်းတို့က လီချင်ဝမ်သည် ဟွာရှန်းတောင်မှ တာအိုဆရာအချို့နှင့်အတူ စန်းချင်းတောင်သို့ လာရောက်လည်ပတ်ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် လမ်းပြပေးရန်သာ အမိန့်ပေးခံရခြင်းဖြစ်ကာ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုမရှိကြောင်း ပါးပါးနပ်နပ်ရှင်းပြခဲ့ကြသည်၊၊
ဝမ်ရှန်း၏ မိတ်ဆက်မှုကို ကြားရပြီးနောက် လီချင်ဝမ်သည် ဝမ်ရှန်းကို သတိထား၍ စူးစမ်းလာခဲ့သည်၊၊ ခဏမျှကြာသော် တစ်ခုခုကို သိမြင်သွားသည့်အလား သူ၏ မျက်နှာတွင် ယုံကြည်ချက်ရှိသောအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်၊၊
“တာအိုဆရာ ဖေးယွီရဲ့ အကြောင်းကို ကြားနေရတာကြာပါပြီ၊၊ ဒီနေ့ ဆုံတွေ့ရတာ တကယ်ကို ထူးခြားတဲ့ ရေစက်ပဲ၊၊ တာအိုဆရာရဲ့ ဓားတာအိုကျွမ်းကျင်မှုက လောကထက် ကျော်လွန်နေတယ်လို့ ကြားဖူးပါတယ်၊၊ ကျွန်တော်လည်း ဟွာရှန်းတောင်က ဆရာဦးလေးအချို့ဆီကနေ ဓားတာအိုလမ်းညွှန်မှုအချို့ ရရှိထားတာရှိတော့ ဒီအခွင့်အရေးမှာ ကျွန်တော်တို့နှစ်ယောက် ပညာချင်းဖလှယ်ကြည့်ကြရင် ဘယ်လိုလဲ”
ထူးခြားတဲ့ ရေစက်တဲ့လား၊၊ သူက ‘ဘာမှမဟုတ်ပါဘူး’ လို့ ပြောတော့မယ့်အတိုင်းပဲ မဟုတ်လား…၊၊
“မလိုပါဘူး”
ဝမ်ရှန်းက ခေါင်းခါလိုက်ပြီး အသေးအမွှားကိစ္စတစ်ခုကိုပြောနေသည့်အလား ခပ်အေးအေးပင် ဆိုလိုက်သည်၊၊
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး”
သူ၏ စကားလုံးများက တည့်တိုးဆန်လွန်းသဖြင့် အနီးနားရှိ လူတိုင်း ဆွံ့အသွားခဲ့ရသည်၊၊ မုဝမ်ရွှမ်း၏ ပခုံးလေးများမှာမူ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် တုန်ခါနေလေ၏၊၊
လီချင်ဝမ်က မျက်မှောင်ကုတ်ကာ ဝမ်ရှန်းကို ကြည့်လိုက်ပြီး သိသိသာသာပင် မကျေမနပ်ဖြစ်သွားခဲ့လေသည်၊၊
ဝမ်ရှန်းက ထိုသုံးဦးအား လက်သီးဆုပ်ပြုလိုက်သည်၊၊
“ငါ့ရဲ့ စီနီယာအစ်မက ဆိတ်ငြိမ်တာကို သဘောကျလို့ပါ၊၊ ကျွန်တော်တို့ တခြားနေရာကိုပဲ သွားပါတော့မယ်၊၊ မင်းတို့ ဘယ်ဘက်ကို သွားမလဲဆိုတာပြောပြရင် ငါတို့ ရှောင်သွားပေးပါ့မယ်”
သူသည် ဟွာရှန်းတောင်တပည့်၏ မျက်နှာအမူအရာကိုပင် ဂရုမစိုက်တော့ပေ၊၊
“သွားကြစို့ စီနီယာအစ်မ”
“အွန်း”
မုဝမ်ရွှမ်းက နာခံစွာ ပြန်ထူးလိုက်သည်၊၊ သူမ၏ ဂါဝန်လေးက ဝဲပျံသွားပြီး ကောင်းကင်ယံသို့ ပေါ့ပါးစွာ မြောက်တက်သွားခဲ့သည်၊၊ လက်တစ်ဖက်တွင် ဖိနပ်ကို ကိုင်ဆောင်ကာ ခြေဗလာဖြင့် ဝမ်ရှန်း၏ ဘေးနားမှနေ၍ ရေအိုင်၏ အနောက်ဘက်ဆီသို့ လိုက်ပါသွားတော့သည်၊၊
“တာအိုဆရာမ ပုယွီ” လီချင်ဝမ်က မျက်မှောင်ကုတ်ကာ လှမ်းခေါ်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ၊၊
စန်းချင်းတောင်မှ တာအိုဆရာမက မပြောဘဲမနေနိုင်တော့ပဲ “တာအိုမိတ်ဆွေလီ… အခုထိ သဘောမပေါက်သေးဘူးလား၊၊ သူတို့ရဲ့ ရည်ရွယ်ချက်က တော်တော်လေး ရှင်းနေပြီပဲကို...”
ဘေးနားရှိ ကျင့်ကြံသူအမျိုးသားက သူ့ချစ်သူ၏ လက်အင်္ကျီကို ဆွဲလိုက်သဖြင့် တာအိုဆရာမလေးက နှုတ်ခမ်းစူလိုက်သော်လည်း ဆက်မပြောတော့ပေ၊၊
သစ်တောအုပ်အနက်ပိုင်းသို့ ရောက်ရှိပြီးနောက် မည်သူမျှလိုက်မလာတော့ကြောင်း သေချာသွားချိန်တွင် ဝမ်ရှန်းက ပြုံးလိုက်သည်၊၊
“စီနီယာအစ်မကို ပိုးပန်းတဲ့သူတွေထဲမှာ ပုံရိပ်ယောင်အမြုတေအဆင့်ရှိတဲ့သူ ရှိလား… စောစောကတော့ ကျွန်တော် လေထွားပြီးပြောလိုက်တာ… နောက်မှ အရိုက်ခံရရင် မကောင်းဘူးလေ”
အချိန်အတော်ကြာ အောင့်ထားခဲ့ရသော မုဝမ်ရွှမ်းသည် ချက်ချင်းပင် ထ၍ရယ်မောလေသည်၊၊ ဝမ်ရှန်း ပဟေဠိဖြစ်နေဆဲမှာပင် မုဝမ်ရွှမ်းက ဖိနပ်ကို ကိုင်ထားလျက်ဖြင့် ရှေ့သို့ ခုန်လာပြီး ဝမ်ရှန်း၏ လည်ပင်းကို ဖက်ကာ ရူးသွပ်စွာ လှုပ်ခါလိုက်သည်၊၊ ထို့နောက် ထိုက်ကျိသိုင်းဖြင့် ညင်သာစွာတွန်းထုတ်လိုက်ရာ သူ ကောင်းကင်သို့ လွင့်ပျံလုနီးပါးပင်ဖြစ်သွားခဲ့ရသည်၊၊