← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

Chapter 195

ဧည့်ကြိုတာဝန်

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် အတော်ကြာအောင် လျှောက်လည်ခဲ့ကြပြီး နေ့လယ်စာစားချိန်နီးမှ တစ်ခုခုကူညီနိုင်မလားဟု ကြည့်ရန် သုတ်သီးသုတ်ပျာပြန်လာခဲ့ကြသည်။

အင်မော်တယ်တာအိုညီလာခံအတွက် ကျင့်ကြံသူအတော်များများသည် စန်းချင်းတောင်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ညီလာခံကျင်းပမည့် ရက်အတိအကျကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း လွန်ခဲ့သောလဝက်ကျော်က စန်းချင်းတောင်တွင် ပြင်ဆင်မှုများစတင်ကတည်းက ကျင့်ကြံရေးလောကအတွင်း ကောလာဟလမျိုးစုံပျံ့နှံ့သွားခဲ့သည်။ ခရီးလှည့်လည်နေကြသည့် ကျင့်ကြံသူအများစုမှာ အခြေအနေကို လေ့လာစုံစမ်းရန်အတွက် ချက်ချင်းပင် အပြေးအလွှားရောက်ရှိလာကြ၏။

ကျင့်ကြံခြင်းဟူသည် အေးချမ်းတည်ငြိမ်ခြင်းနှင့် ဘာမျှမလုပ်ဘဲ သဘာဝအတိုင်းနေထိုင်ခြင်းကို အလေးထားသည်ဆိုသော်လည်း မိမိတို့၏ တာအိုအမွေအနှစ်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကျင့်ကြံသူများက လုံးဝဂရုမစိုက်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် အများစုမှာ မိမိတို့ဂိုဏ်းနှင့် တောက်အမွေအနှစ်၏ သြဇာအာဏာကို ချဲ့ထွင်လိုစိတ်ပြင်းပြကြ၏။ အင်မော်တယ်တာအိုညီလာခံတွင် မိမိတို့ဂိုဏ်းသားများ သို့မဟုတ် တပည့်များ နာမည်ကျော်ကြားလာအောင် လုပ်ဆောင်နိုင်ခြင်းသည် ကျင့်ကြံရေးလောကအတွင်း မိမိတို့၏ တာအိုအမွေအနှစ်ကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အင်မော်တယ်တာအိုညီလာခံကို စီစဉ်သူသည် ယုံကြည်စိတ်ချရမှုအပြည့်ရှိပြီး ကျင့်ကြံရေးလောကက အသိအမှတ်ပြုလောက်သည့် အတိုင်းအတာအထိ ကြီးကျယ်ခမ်းနားမည်ဆိုလျှင် ကျင့်ကြံသူများ၏ ပါဝင်ဆင်နွှဲလိုစိတ်မှာ အလွန်အမင်းထက်သန်နေမည်ဖြစ်သည်။ ထို့အပြင် ယခုပွဲသည် ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီးနောက်ပိုင်း ကျင့်ကြံရေးလောကတစ်ခုလုံးရှိ လမ်းမှန်ကျင့်ကြံသူများစုစည်းမည့် ပထမဆုံးသောမဟာပွဲတော်ကြီးလည်း ဖြစ်သည်။

ညနေပိုင်းတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ထမင်းဘူးများရရှိပြီးခါစတွင်ပင် အစည်းအဝေးတက်ရန်အခေါ်ခံရပြီး ၎င်းတို့၏ တတာဝန်များကို တရားဝင်စတင်ရတော့သည်။ ထိုအချိန်မှစ၍ ထမင်းဘူးကိစ္စများကို မုဝမ်ရွှမ်းက တာဝန်ယူလိုက်ရသည်။

မုရွှယ်က အလှည့်ကျအစည်းအဝေးကို ဦးဆောင်ကျင်းပသည်။ လူငယ်တစ်စုသည် အဖွဲ့တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စနစ်တကျအစီရင်ခံတင်ပြနေကြပြီး ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကတော့ ဘေးတွင် တိတ်တဆိတ်ထိုင်ကာ စားသောက်နေကြသည်။ ဂိုဏ်းစည်းကမ်းအရ ဝက်သားကြွပ်ကြော်၊ ဝက်သားနီချက်နှင့် ကြက်ဥများမှာ မုဝမ်ရွှမ်း၏ ဝေစုဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် မုန်ညင်းချဉ်များမှာ ဝမ်ရှန်း၏ ဝေစုဖြစ်သည်။

“ဖိတ်စာတွေကို မနက်ဖြန်ကျရင် တာအိုအမွေအနှစ်ဂိုဏ်းတွေဆီ အရောက်ပို့ရပါမယ်။ တောင်တံခါးအသီးသီးဆီကို ပြိုင်တူနီးပါးရောက်သွားအောင် ခရီးသွားချိန်တွေကို သေချာတွက်ချက်ထားပါတယ်။ ဖိတ်စာတွေ ရောက်သွားတာနဲ့ ပွဲတက်ရောက်မယ့် အစီအစဉ်ကို အတည်ပြုဖို့ နောက်ဆက်တွဲဖုန်းဆက်ရပါမယ်။ ပွဲခင်းကတော့ မနက်ဖြန်ပြီးစီးပါလိမ့်မယ်။ အခုလောလောဆယ်မသေချာသေးတာက ပွဲခင်းပတ်ပတ်လည်မှာ ပန်းခွေတွေ စီရမလား… စီရမယ်ဆိုရင်ရော ဘာအရောင် သုံးရမလဲဆိုတာပါပဲ”

“အစ်မရွှယ်… တာအိုဆရာကြီးတွေအတွက် တည်းခိုရေးအစီအစဉ်လည်း အတော်များများအဆင်ပြေသွားပါပြီ။ တောင်ခြေက မြို့ပြင်ဘက်မှာလည်း ပြင်ဆင်ပြီးပါပြီ။ အခုကျန်တာက ပြိုင်ပွဲမစခင်ရောက်လာမယ့် ကျင့်ကြံသူအရေအတွက်ကို ခန့်မှန်းဖို့ပါပဲ”

“အစ်မရွှယ်...”

မုရွှယ်က အကြောင်းအရာတစ်ခုချင်းစီကို မှတ်တမ်းတင်ပြီး အရေးကြီးသည့်အချက်များကို အခါအားလျော်စွာထောက်ပြနေသည်ကို ဝမ်ရှန်း ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်နေလေသည်။

လူတိုင်း တကယ်ကို အများကြီးရင့်ကျက်လာကြပြီ။

“တာအိုဂိုဏ်းတစ်ခုချင်းစီကတော့ တစ်ရက်ကြိုရောက်ရမယ်၊၊ ဒါပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဘယ်လောက်လာမလဲဆိုတာက ခန့်မှန်းရခက်နေတယ်၊၊ ကြိုတင်ပြင်ဆင်ထားတဲ့နေရာက လောက်ပါ့မလားမသိဘူး” တစ်ယောက်က ပြောသည်။

“အထူးစစ်ဆင်ရေးတပ်ဖွဲ့ကရော” မုရွှယ်က မေးသည်။

“သူတို့ လုံခြုံရေးအစီအမံတွေကို ဒီညအပြီးလုပ်ပါလိမ့်မယ်”

“ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ အကယ်၍ တစ်ကိုယ်တော်ကျင့်ကြံသူတွေ အများကြီးရောက်လာလို့ အတွင်းထဲမှာ နေရာမဆံ့ရင် ပွဲခင်းအပြင်ဘက်မှာ ပြငိဆင်ပေးလို့ရတယ်။ အဲဒီအတွက် ဘတ်ဂျက်ကို ကပ္ပတိန်ဆီ ငါတောင်းလိုက်မယ်”

အစည်းအဝေးက မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားသည်။ မုဝမ်ရွှမ်းသည် နေရာအသီးသီးရှိ ထောက်ပံ့ရေးပစ္စည်းသိုလှောင်မှုကို စစ်ဆေးရန် တာဝန်ပေးအပ်ခြင်းခံရပြီး ဝမ်ရှန်းကတော့ ဒိုင်လူကြီးများ၏ ဝတ်စုံကိစ္စ ဆွေးနွေးပွဲထဲသို့ ဆွဲခေါ်ခြင်းခံရသည်။

အားလုံးက အသေးအဖွဲအလုပ်များဖြစ်သော်လည်း ချင်ယန်ဇီ၏ တပည့်နှစ်ယောက်အနေဖြင့် ပါဝင်ဆောင်ရွက်ရဆဲဖြစ်သည်။ အဆုံးစွန်၌ ဤအင်မော်တယ်တာအိုညီလာခံကို ပုယန်၏ အမည်ဖြင့် စီစဉ်ကျင်းပခြင်းဖြစ်သောကြောင့် ၎င်း၏ တပည့်များအနေဖြင့် အားစိုက်ခွန်စိုက်ကူညီကြရမည်မှာ ပုံမှန်ပင်။

မုဝမ်ရွှမ်းသည် သူမ၏ တာဝန်တွင် လျင်မြန်စွာ အသားကျသွားသည်။ မုရွှယ်ထံမှ နည်းနာယူကာ စာအုပ်အသေးလေးတစ်အုပ်ဆောင်ထားပြီး ဖိတ်ကြားထားသော ကျင့်ကြံသူများနှင့် ကိုယ်စားလှယ်အဖွဲ့များအားလုံး စားသောက်တည်းခိုရေးအဆင်ပြေစေရန် အချက်အလက်မျိုးစုံကို မှတ်တမ်းတင်ထားသည်။ သို့သော် ဝမ်ရှန်းကတော့ သူမသည် ဘယ်ဟင်းက အကောင်းဆုံးလဲနှင့် သူမ ဘယ်လောက်စားနိုင်မလဲဆိုသည်ကိုသာ မှတ်တမ်းတင်နေခြင်းဖြစ်လိမ့်မည်ဟု သံသယဝင်နေလေသည်။

တစ်ဖက်တွင်လည်း ဝမ်ရှန်းသည် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူငယ်အချို့နှင့်အတူ ဒိုင်လူကြီးများနှင့် ဝန်ထမ်းများ၏ ဝတ်စုံကိစ္စအတွက် တစ်နေ့ခင်းလုံးဆွေးနွေးခဲ့ရသည်။ တာအိုအကြီးအကဲ ၁၈ယောက်ကို ဒိုင်လူကြီး အလကားလုပ်ခိုင်း၍မရသည်မှာ အမှန်ပင်။ ထို့ကြောင့် ၎င်းတို့တစ်ဦးစီအား သေသပ်လှပစွာ ချုပ်လုပ်ထားသော တာအိုဝတ်ရုံအသစ် နှစ်စုံစီ ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် အသိအမှတ်ပြုမှုရစေရန်အတွက် အကန့်အသတ်ဖြင့် ထုတ်လုပ်ထားသော အင်္ကျီပခုံးသိုင်းနှင့် လက်ပတ်များ၊ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အထိမ်းအမှတ်တံဆိပ်များကိုပါ ထည့်သွင်းပေးထားသည်။

ဤအရာများသည် မိမိကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မျှ အမြတ်ထုတ်လိုစိတ်မရှိပါဟု ဝမ်ရှန်းတစ်ယောက် ကောင်းကင်ကြီးကို တိုင်တည်၍ ကျိန်ဆိုဝံ့ပေသည်။ ခေတ်သစ်ဓားကျင့်ကြံသူ စံပြပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် အများပိုင်ပစ္စည်းကို အလွဲသုံးစားလုပ်သည့် အောက်တန်းကျသော လုပ်ရပ်မျိုးကို သူဘယ်လိုနည်းနဲ့မျှ လုပ်မည်မဟုတ်ပေ။

ထိုညတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ပွဲကြည့်စင်ပေါ်မှနေ၍ ကြယ်ပွင့်များကို ခတ္တမျှ ငေးမောကြည့်ရှုပြီးနောက် တရားထိုင်ခြင်းသို့ ဝင်ရောက်သွားကြသည်။

ပြိုင်ပွဲမစမီ ငါးရက်အလိုတွင် ဝမ်ရှန်းက အလုပ်သိပ်မရှိတော့ဟု ထင်ထားသော်လည်း မနက်မှ ညမိုးချုပ်သည်အထိ အလုပ်ရှုပ်နေဆဲပင်။

ပြောက်ကျားအင်္ကျီများ ဝတ်ဆင်ထားသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၄၀၀သည် စန်းချင်းတောင်တစ်ခုလုံးရှိ နေရာအသီးသီးတွင် တရားဝင်နေရာယူလိုက်ကြပြီ ဖြစ်သည်။ ၎င်းတို့သည် ခြုံခိုတိုက်ခိုက်မည့် တိုက်ခိုက်ရေးအင်အားစုများမဟုတ်ဘဲ တောင်ပေါ်နှင့် ပွဲခင်းအတွင်း အမိန့်နှင့် စနစ်တကျရှိစေရန် ထိန်းသိမ်းရမည့် ပုံမှန်တပ်ဖွဲ့ဝင်များဖြစ်ကြသည်။

ဝမ်ရှန်းတစ်ယောက် တစ်နေ့ခင်းလုံး ဘာတွေအလုပ်ရှုပ်နေမှန်း အတိအကျမသိသော်လည်း ထိုင်နားလိုက်တိုင်း လှပသောမိန်းကလေးတစ်ယောက်က သူ့ကို လှမ်းခေါ်ပြီး အခြားအလုပ်တစ်ခုထဲသို့ ဆွဲသွင်းသွားတတ်သည်။

မုဝမ်ရွှမ်းကတော့ ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်တစ်ခုဖြင့် အလုပ်ရှုပ်နေသည်၊၊ ၎င်းမှာ ထမင်းဘူးများပြင်ဆင်ခြင်းပင်။

ပြိုင်ပွဲမစမီ လေးရက်အလိုတွင် ပွဲခင်းအတွင်းပိုင်း ပြင်ဆင်မှုများ ပြီးစီးသွားကာ စက်ပစ္စည်းအားလုံးကို စမ်းသပ်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက အလှည့်ကျတာဝန်ယူကြသည်။ ယခုအခါ ပွဲခင်းအတွင်းဝင်ရောက်ရန် လုပ်ငန်းခွင်သုံးကတ်ပြား လိုအပ်နေပြီဖြစ်သည်။

တဖြည်းဖြည်းနှင့် လာရောက်စုံစမ်းမေးမြန်းသည့် ကျင့်ကြံသူများ ပိုမိုများပြားလာသည်။

ပုယန်၏ တပည့်ရင်းတစ်ယောက်အနေဖြင့်လည်းကောင်း၊ တရားဝင်အာဏာပိုင်များ ယခင်က မြှင့်တင်ပေးခဲ့ဖူးသော လူငယ်ကျင့်ကြံသူကိုယ်စားလှယ်တစ်ယောက်အနေဖြင့်လည်းကောင်း ဝမ်ရှန်းအနေဖြင့် ရှေ့ထွက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် ပွဲခင်းအဝင်ဝတွင် စားပွဲတစ်လုံးနှင့် UV ထီးတစ်လက် ချထားပြီး လာရောက်မေးမြန်းသော ကျင့်ကြံသူများကို အကြံပေးဝန်ဆောင်မှုပေးနေရသည်။ တစ်မနက်ခင်းလုံးကြာပြီးနောက်တွင် သူ့အာခေါင်များခြောက်ကပ်လာခဲ့ပြီ ဖြစ်သည်။

တောင်ခြေရှိ မြို့လေးမှာလည်း သက်ဝင်လှုပ်ရှားလာခဲ့၏။ အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများစုပြုံရောက်ရှိလာကြသဖြင့် ဒေသခံစားသောက်ကုန်လုပ်ငန်းများ အဆင်ပြေလာကြသည်။

ခြိုးခြံချွေတာသော တာအိုဆရာကြီးအတော်များများကတော့ ၎င်းတို့၏ တပည့်များကို ခေါ်ဆောင်ကာ သစ်ပင်ရိပ်များကြားတွင် တိတ်တဆိတ်တရားထိုင်နေကြသည်။ ဟိုဟိုဒီဒီ လျှောက်သွားခြင်း သို့မဟုတ် ပြဿနာရှာခြင်းမျိုး မပြုဘဲ အင်မော်တယ်တာအိုညီလာခံစတင်မည့်အချိန်ကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

ထိုနေ့တွင်လည်း မုဝမ်ရွှမ်းတစ်ယောက် ထမင်းဘူးများပြင်ဆင်ရင်းနှင့်ပင် တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးစေခဲ့ပြန်သည်။

ညမိုးချုပ်သော် ဝမ်ရှန်းသည် သူမနှင့်အတူ တရားထိုင်ရင်း ကြယ်များကို ကြည့်နေစဉ် သူ့စီနီယာအစ်မကို ခတ္တမျှ စိုက်ကြည့်မိသွားသည်။

“စီနီယာအစ်မ၊ ဒီနှစ်ရက်အတွင်း...”

မုဝမ်ရွှမ်းက မျက်တောင်ခတ်ရင်း “မပင်ပန်းဘူး” “ဆက်ကြိုးစားမယ်” “ငါ တောင့်ခံနိုင်သေးတယ်” စသည့် စာတန်းများပါသော Meme များကို ပြသရန် အဆင်သင့်ဖြစ်နေသည်။

“စီနီယာအစ်မက နည်းနည်းဝလာသလိုပဲနော်”

“အွန်း”

စက္ကန့်ပိုင်းမျှအကြာတွင် ယင်-ယန်ချီများပေါက်ကွဲထွက်လာပြီး လေဆင်နှာမောင်းတစ်ခုအသွင်ပြောင်းလဲကာ တစ်ခုခုကို လွင့်စင်သွားစေလေသည်။

ပြိုင်ပွဲမစမီ သုံးရက်အလိုတွင် တောင်ခြေတစ်ဝိုက်၌ လူများပြည့်နှက်နေပြီ ဖြစ်သည်။ အကြမ်းဖျင်းတွက်ချက်မှုအရ ကျင့်ကြံသူ ၃၀၀၀မှ ၄၀၀၀ခန့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ နာမည်ကျော်တာအိုကျောင်းတော်ကြီးများမှ ကြိုတင်ရောက်ရှိနေကြသော ကျင့်ကြံသူအများအပြားမှာလည်း နေရာတိုင်းတွင် အာရုံစိုက်ခြင်းခံနေရသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခန့်မှန်းချက်အရ ညီလာခံသို့ တက်ရောက်သူ စုစုပေါင်း ၆၀၀၀ထက်မနည်း ရှိနိုင်ပြီး ယင်းမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ကျင့်ကြံရေးလောကက မည်မျှလျင်မြန်စွာတိုးတက်လာသည်ကို ပြသနေသည့် လက္ခဏာပင်။

ဝမ်ရှန်း၏ အဓိကတာဝန်မှာ ပွဲခင်းအဝင်ဝတွင် ထိုင်ပြီး လာရောက်လည်ပတ်သူများကို ပြုံး၍ နှုတ်ဆက်ရန်သာဖြစ်သည်။ ထို့အပြင် ဓာတ်ပုံရိုက်သူများ၏ ဝန်းရံခြင်းကိုလည်း မကြာခဏခံရတတ်သည်။ လူအုပ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် သူ့ကို မိုက်ခရိုဖုန်းတစ်လုံးနှင့် စပီကာတစ်ခုပါသော ကိုယ်ပိုင်ကိရိယာအစုံအလင်ကိုပေးထားသည်။

ပွဲခင်းအပြင်ဘက်တွင် ရုပ်မြင်သံကြားမျက်နှာပြင်ကြီးများကို တပ်ဆင်နေကြသည်။ ဝမ်ရှန်းသည် မကြာခဏဆိုသလို မိုက်ခရိုဖုန်းကို ကိုင်ကာ တာအိုဆရာကြီးများအနေဖြင့် ဆောက်လုပ်ရေးနယ်မြေများသို့ မချဉ်းကပ်ကြရန်၊ လိမ်လည်လှည့်ဖြားမှုများနှင့် တမင်ဖန်တီးထားသောမတော်တဆမှုများကို သတိပြုကြရန် ကြေညာချက်များထုတ်ပြန်ပေးရသည်။

ဤကဲ့သို့သော အလုပ်မျိုးသည် များသောအားဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများထဲရှိ နာမည်မရှိသော ဇာတ်ရံများလုပ်ရသည့်အလုပ်မျိုးဖြစ်သည်။ အကယ်၍ ပျင်းရိသောပန်းချီဆရာတစ်ယောက် ဆွဲသည့် ကာတွန်းဆိုလျှင် သူ့မျက်နှာကိုပင် ထည့်ဆွဲပေးလိမ့်မည် မဟုတ်ပေ။

ထိုအသိကြောင့် ဝမ်ရှန်းတစ်ယောက် အသံတိတ်သက်ပြင်းချမိသည်။ ထို့နောက် ဤအင်မော်တယ်တာအိုညီလာခံကို မိမိ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို မြှင့်တင်ရန် အခွင့်အရေးတစ်ခုအဖြစ် သဘောထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။

Chapter 196

ရေခဲသလင်းဓား

“တာအိုဆရာကြီးများနှင့် မြို့သူမြို့သားများခင်ဗျာ၊ အပြင်ဘက်မှာ စိုက်ပျိုးထားတဲ့ ပန်းခင်းတွေကို မနင်းမိအောင် သတိပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်၊၊ ကျေးဇူးတင်ပါတယ်”

“ပွဲခင်းရဲ့ ဘယ်ဘက်ခြမ်းမှာ ရေနွေးကြမ်းများအလကားသောက်သုံးနိုင်ပါတယ်၊ အကယ်၍ တစ်ယောက်ယောက်နေမကောင်းဖြစ်ပါက တာအိုကျောင်းတော်ဘေးမှာ လူနာတင်ကား ရှိပါတယ်၊၊ ပွဲမစခင်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းရင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပေးကြပါ၊၊ ဒါ့အပြင် တားမြစ်မြို့တော်ရဲ့ အပေါ်ဘက်မှာ သီးသန့်စိန်ခေါ်ပွဲတွေ လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်ပေးကြပါ”

“ကျွန်တော့်ရဲ့ဆရာ ချင်ယန်ဇီက လူတိုင်းကို ဒီနေရာမှာ ကြိုဆိုဖို့ တာဝန်ပေးထားပါတယ်၊၊ ညီလာခံကိုတော့ ဒီနေ့ကစလို့ သုံးရက်မြောက်နေ့ မနက် ၉ နာရီမှာ တရားဝင်စတင်ပါမယ်၊၊ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံပါတယ်၊၊ ကျေးဇူးတင်ပါတယ်”

ဝမ်ရှန်းလည်း အထက်ပါစကားလုံးများကိုသာ ထပ်ခါတလဲလဲကြေညာနေရလေသည်။

တဖြည်းဖြည်းနှင့် ဝမ်ရှန်းကိုယ်တိုင်ပင်လျှင် လည်ပတ်စရာနေရာတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

မိစ္ဆာကျင့်ကြံသူများ သောင်းကျန်းခဲ့သည့် ပင်လယ်ဝါဖြစ်ရပ်အပြီးတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဝမ်ရှန်း၏ အကြောင်းကို မြှင့်တင်ပေးခဲ့သဖြင့် ကျင့်ကြံသူလူထုကြားတွင် အတော်ကြာအောင် ပျံ့နှံ့သွားခဲ့သည်။ ဝမ်ရှန်းသည် နောက်ထပ် နှစ်နှစ်ခန့် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အများပြည်သူအမြင်မှ ပျောက်ကွယ်နေခဲ့၍သာ အကြီးအကျယ်နာမည်မကြီးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ချင်ယန်ဇီ၏ ဒုတိယမြောက်တပည့်ဖြစ်ပြီး၊ အမြုတေဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်းရှိ လူငယ်ကျင့်ကြံသူတစ်ဦးဖြစ်သလို မော်ရှန်းတောင်နှီးနှောဖလှယ်ပွဲတွင် ဓားသိုင်းပညာဖြင့် လူအများကို အံ့အားသင့်စေခဲ့သည့် ဓားသမားတစ်ဦးလည်းဖြစ်ပေသည်။

ဝမ်ရှန်း၏ နောက်ခံဂုဏ်သတင်းများမှာ လူငယ်ကျင့်ကြံသူအများအပြားကို အထင်ကြီးလေးစားမိစေရန် လုံလောက်လှသည်။ အချို့ဆိုလျှင် တိတ်တဆိတ် ဓာတ်ပုံပင် လှမ်းရိုက်ကြသေးသည်။

သဘာဝကျစွာပင် လူမှုဆက်ဆံရေးကောင်းမွန်သော လူငယ်ကျင့်ကြံသူအချို့သည်လည်း ဝမ်ရှန်းနှင့် ရင်းနှီးခွင့်ရရန် ရှေ့တိုးလာကြသည်။ ဝမ်ရှန်းကတော့ မည်သည့် မောက်မာမှုမပြဘဲ နှုတ်ဆက်ခဲ့သည်။ YouChat အကောင့်ချင်းအပ်ကြသည်မှာလည်း အဆန်းမဟုတ်တော့ပေ။ အဆုံး၌ သူ့ဖုန်းအသစ်မှာ လိုင်းကျနေတတ်ခြင်းမရှိချေ။

ဘယ်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်က နောက်ပြောင်လိုက်သည်မသိပဲ သူ့စားပွဲရှေ့တွင် စာလုံးကြီးကြီးများဖြင့် ရေးထားသော A4 စာရွက်တစ်ရွက်ကို တိတ်တဆိတ် လာကပ်ထားသည်။

“ယဉ်ကျေးသိမ်မွေ့စွာ ဓားအလှရှုစားခြင်း”

ထိုအချိန်မှစ၍ ထိုနေရာသည် အလွန်ပင် စနစ်တကျရှိသွားတော့သည်။

မွန်းလွဲပိုင်းတွင် ဝမ်ရှန်းသည် ရံဖန်ရံခါရရှိသော အနားယူချိန်လေးတွင် စီနီယာအစ်မ လာပို့ပေးသည့် သစ်သီးဖျော်ရည်ကို သောက်နေစဉ် တောင်အောက်ဘက်မှ အံ့သြတကြီးအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထိုဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဝမ်ရှန်းတစ်ယောက် သောက်လက်စ သစ်သီးဖျော်ရည်ပင် သီးမတတ်ဖြစ်သွားရသည်။ မျက်နှာဝိုင်းဝိုင်းနှင့် တာအိုဆရာတစ်ဦးက လေထဲတွင် ဓားပျံတစ်စင်းကို ထိန်းချုပ်လာပြီး သူ့နောက်တွင် ဓားလွယ်ထားသည့် တပည့်ပေါင်းများစွာက အပြေးအလွှား လိုက်ပါလာကြသည်ကို မြင်လိုက်ရသည်။

ရှုဓားဂိုဏ်းသည် ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာခဲ့လေပြီ။

၎င်းတို့သည် နာမည်ကျော် တာအိုဂိုဏ်းကြီးများထဲမှ ပထမဆုံးစောစောစီးစီးရောက်လာသူများ ဖြစ်ကြပြီး ချင်ယန်ဇီနှင့် သူ့တပည့်များအတွက် မျက်နှာပန်းလှစေခဲ့သည်။

“အကြီးအကဲဖေးယွီ”

ဖေးလျန်ဇီက လှမ်းအော်ခေါ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား အားကျစိတ်ဖြင့် ကြည့်ရှုဓာတ်ပုံရိုက်ခွင့်ပေးထားလိုက်သည်။ သူ့ပိုးသားတာအိုဝတ်ရုံမှာ နေရောင်အောက်တွင် တောက်ပနေသည်။

ဝမ်ရှန်းက မတ်တတ်ရပ်ပြီး ရှေ့သို့ တက်လှမ်းလိုက်သည်။ ဖေးလျန်ဇီက ပျံသန်းနိုင်သော ဓားပေါ်မှ ခုန်ဆင်းကာ စတိုင်ကျကျလှည့်လိုက်ရာ ဓားက သူ့ကျောပေါ်ရှိ ဓားအိမ်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားသည်။

ဝမ်ရှန်း စကားပင် မပြောရသေးခင် ရှုဓားဂိုဏ်းတပည့်များအားလုံးက သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။

“အကြီးအကဲ ဖေးယွီကို ဂါရဝပြုပါတယ်”

“အားလုံးပဲ မင်္ဂလာပါ၊၊ ကျေးဇူးတင်ပါတယ်”

ဖေးလျန်ဇီက ပြုံးလိုက်ပြီး “ငါတို့က ပြိုင်ပွဲဝင်ဖို့ လာတာမဟုတ်ဘူး၊ ပြိုင်ပွဲဝင်မယ့် ကိုယ်စားလှယ်အဖွဲ့ကတော့ မနက်ဖြန်မှ ရောက်လိမ့်မယ်၊၊ ငါတို့က ကူညီပေးဖို့ လာတာပါ၊ ကူညီစရာအလုပ်တစ်ခုခုရှိလား၊၊ အမိန့်နဲ့ စနစ်တကျရှိအောင် ထိန်းသိမ်းပေးရမလား… ခိုင်းစရာရှိတာ ခိုင်းမလား… အကုန်လုပ်ပေးမယ်”

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က အားလုံးကို ထိန်းချုပ်ထားပြီးပါပြီ”

ဝမ်ရှန်းက စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သွားကာ ပြုံး၍ ပြန်ပြောလိုက်သည်။

အနည်းဆုံးတော့ ရှုဓားဂိုဏ်းသည် ဤညီလာခံကို ချင်ယန်ဇီက ဖိတ်ခေါ်ကျင်းပခြင်းဖြစ်သည်ကို မှတ်မိကြသေးသည်။ သူ့မျိုးဆက်တွင် လူသုံးယောက်သာရှိသဖြင့် ၎င်းတို့က ကူညီရန် စောစောစီးစီးရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်းသည် မုရွှယ်ကို ချက်ချင်း လှမ်းခေါ်ပြီး တာအိုဂိုဏ်းများ၏ ကိုယ်စားလှယ်အဖွဲ့များအတွက် သတ်မှတ်ထားသော စံနှုန်းအတိုင်း ဧည့်ခံကျွေးမွေးရန် စီစဉ်ပေးလိုက်သည်။

သို့သော် ဖေးလျန်ဇီက ၎င်းတို့အား ဒုက္ခမပေးလိုပါဟု အတင်းအကျပ်ငြင်းဆန်နေသည်။ သူသည် သူ့တပည့်များကို သုံးဖွဲ့ခွဲကာ ပွဲခင်းအဝင်ဝတွင် အလှည့်ကျတာဝန်ချထားပြီး ရှေ့တန်းမှနေ၍ ကူညီထိန်းသိမ်းပေးစေခဲ့သည်။

မကြာမီ ဝမ်ရှန်း၏ စားပွဲနောက်တွင် မဏ္ဍပ်တစ်ခု ဆောက်လုပ်လိုက်သည်။ သူနှင့် ဖေးလျန်ဇီတို့သည် ထိုနေရာတွင် အတူထိုင်ကာ ဧည့်သည်များကို ဧည့်ခံကြသည်။ ဖေးလျန်ဇီနှင့် ဓားအကြောင်း၊ ကျင့်စဉ်အကြောင်း ဆွေးနွေးရသဖြင့် ဝမ်ရှန်းအတွက် ပျင်းစရာမကောင်းတော့ဘဲ အချိန်များကုန်လွန်သွားခဲ့သည်။

ရှုဓားဂိုဏ်းသားများနေရာတကျရှိသွားသည်နှင့်တပြိုင်နက် တောင်ခြေတွင် အခြားကျင့်ကြံသူအုပ်စုတစ်စုက အစီအစဉ်တကျနေရာယူကာ ပွဲခင်းဆီသို့ ဦးတည်လျှောက်လှမ်းလာကြပြန်သည်။

မကြာသေးမီက မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် အထိအခိုက်အကျအဆုံးများရှိခဲ့သော်လည်း တရားဝင်မှတ်ပုံတင်ထားသည့် ဝူတန်းတောင်မှ တပည့်ပေါင်း ၁၀၀ကျော်ကို စေလွှတ်ခဲ့သည်။ ကောင်းရှီရှင်းအပါအဝင် တာအိုဆရာကြီးအတော်များများက အဖွဲ့ကို ဦးဆောင်လာကြသည်။

၎င်းတို့သည်လည်း ပြိုင်ပွဲဝင်အဖွဲ့ မဟုတ်ကြပေ၊၊ ချင်ယန်ဇီကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြသရန်နှင့် ကူညီရန်အတွက်သာရောက်ရှိလာကြခြင်း ဖြစ်သည်။

ရှုဓားဂိုဏ်းနှင့် ဝူတန်းတောင်တို့ ရှေ့ထွက်လာကြပြီး ချင်ယန်ဇီကဲ့သို့သော ရွှေအမြုတေအဆင့် တာအိုဆရာကြီးရှိနေခြင်းကြောင့် အင်မော်တယ်တာအိုပြိုင်ပွဲကြီးသည် တရားဝင်အာဏာပိုင်ဆန်သောအသွင်သဏ္ဌာန်များ တဖြည်းဖြည်းလျော့ပါးသွားကာ ပိုမို၍ စစ်မှန်ပြီး ရိုးရာပွဲတော်ကြီးတစ်ခုဖြစ်လာခဲ့တော့သည်။

…

“ဆရာဦလေးကောင်း… စီနီယာအစ်ကိုကျိုး ဘယ်လိုနေသေးလဲ”

“ဆေးနတ်ဘုရားချိုင့်ဝှမ်းက အကြီးအကဲတစ်ယောက်က သူ့ကို ကုသပေးဖို့ ခေါ်သွားပြီ။ မထွက်သွားခင်မှာပဲ သူ သတိပြန်ရလာတယ်။ ဂိုဏ်းချုပ်က အဲဒီအသက်ကယ်ဆေးလုံးအတွက် မင်းကို အထူးကျေးဇူးတင်စကားပါးလိုက်ပါတယ်”

ကောင်းရှီရှင်းက ဝမ်ရှန်းကို ဦးညွှတ်လိုက်ရာ ဝမ်ရှန်းလည်း ပျာပျာသလဲပြန်လည်ဦးညွှတ်လိုက်သည်။

“အဲ့ဒါက ဘာမှမဟုတ်ပါဘူး… စီနီယာအစ်ကိုကျိုး ပြန်ကောင်းလာတာနဲ့တင် ဝမ်းသာလှပါပြီ။ ဒါပေမဲ့ တခြားစီနီယာအစ်ကိုတွေနဲ့ ဆရာဦးလေးတွေအတွက်တော့... ဟူး”

ဘေးတွင် ရပ်နေသော ဖေးလျန်ဇီက ကျိန်ဆဲလိုက်သည်၊၊

“သူများတွေကို ဒုက္ခပေးတဲ့ မိစ္ဆာကျင့်ကြံသူတွေကို လုံးဝခွင့်မလွှတ်နိုင်ဘူး။ ငါတို့ဂိုဏ်းကတော့ သူတို့ကိုပြတ်ပြတ်သားသားဆန့်ကျင်တယ်”

ကောင်းရှီရှင်း၏ မျက်လုံးများထဲတွင်လည်း ထက်ရှသောအရိပ်အယောင်များဖြတ်ပြေးသွားသော်လည်း မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားပြီး သူ့ထုံးစံအတိုင်း ဖျော့တော့သောအပြုံးဖြင့် ဝမ်ရှန်းကို ကြည့်လိုက်သည်။

“ဖေးယွီ၊၊ ဒါက ဆရာက မင်းကိုပေးဖို့ ကတိထားခဲ့တဲ့အရာပဲ”

ကောင်းရှီရှင်းက လက်ကို မှောက်ရက်မှ လှန်လိုက်ပြီး ဓားအိမ်အတွင်း ထည့်ထားသော ဓားရှည်တစ်စင်းကို ဝမ်ရှန်းထံ ကမ်းပေးလိုက်သည်။ ဝမ်ရှန်း လက်လှမ်း၍ မယူရသေးခင်မှာပင် ဓားအိမ်အတွင်းမှ စိမ့်ထွက်လာသော အေးစက်မှုကို ခံစားလိုက်ရသည်။

ဓားကောင်းကို မြတ်နိုးလှသော ဖေးလျန်ဇီကတော့ ထိုဓားကိုမြင်လိုက်သည်နှင့် မျက်လုံးများတောက်ပသွားတော့သည်။

ဝမ်ရှန်းသည် ထိုရတနာဓားကို လှမ်းယူလိုက်သည်။ ဓားက သူ့လက်ထဲသို့ ရောက်ရှိသွားချိန်တွင် ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေမည့် အအေးဓာတ်က သူ့လက်ဖဝါးထဲသို့ တိုးဝင်လာခဲ့သည်။

ရွှမ်း၊၊

ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်ရာ နေရောင်အောက်တွင် ဓားသွားထံမှ အဖြူရောင်မြူခိုးများထွက်ပေါ်လာပြီး ၁၀မီတာပတ်လည်အတွင်း အေးစက်သောလေပြေများ ဖြတ်သန်းတိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ ဝမ်ရှန်းက ဓားရိုးကို ဆုပ်ကိုင်ကာ ဝိဉာဥ်အသိစိတ်ဖြင့် ဓားသွားကို သပ်ကြည့်လိုက်ရာ ဓားထံမှ အနည်းငယ်ခုခံတွန်းကန်လိုမှုကို ခံစားလိုက်ရသည်။

ဘေးနားရှိ ကျင့်ကြံသူများလည်း ချက်ချင်းလှမ်းကြည့်လာကြသည်။

“ဒီဓားကို ရေခဲသလင်းဓားလို့ ခေါ်တယ်၊၊ နှစ်ပေါင်း ၁၀၀၀ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းဓားတစ်လက်ပဲ။ မင်းအနေနဲ့ ဒီဓားရဲ့ သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်” ကောင်းရှီရှင်းက ပြောသည်။

ဝမ်ရှန်းက သဘောကျစွာ ပြုံးလိုက်ပြီးနောက် ဓားပေါ်သို့သာ အာရုံအပြည့်စိုက်လိုက်တော့သည်။ သူ့လက်ထိပ်များက ဓားသွားပေါ်သို့ ပွတ်သပ်သွားချိန်တွင် သူ့ရင်ဘတ်ထဲမှ တိုးညင်းသော ဓားမြည်သံတစ်ခု ပဲ့တင်ထွက်ပေါ်လာသည်။

သူ့ကိုယ်ထဲရှိ ဓားပျံသည်လည်း ရေခဲသလင်းဓား၏ အေးစက်သောစွမ်းအင်ကြောင့် လှုပ်ရှားတုံ့ပြန်လာခဲ့သည်။

“အဲဒီဓားက...” ဖေးလျန်ဇီက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။

“ရှေးဟောင်းလက်နက်မှတ်တမ်းထဲမှာ ပါတဲ့ ဆန်းကြယ်သံမဏိနဲ့ လုပ်ထားတဲ့ ရေခဲသလင်းဓားများလား”

“ငါလည်း အသေအချာမသိဘူး။ ဆရာက ဒါကို ယူသွားပေးဖို့ပဲ မှာလိုက်တာ” ကောင်းရှီရှင်းက ရိုးရိုးသားသားပြန်ပြောသည်။

ဖေးလျန်ဇီက တောင့်တင်းစွာ အသက်ရှူလိုက်သည်။

“ဟူး... ဖေးယွီ… ငါ့ကို ခဏလောက်ပေးကြည့်ဦး”

“ကြည့်ပါ စီနီယာ”

ဝမ်ရှန်းက ရိုရိုသေသေဖြင့် ဓားရှည်ကို ကမ်းပေးလိုက်သည်။

ဖေးလျန်ဇီက ထိုသို့လေးစားမှုကို သဘောမကျစွာ မျက်လုံးလှန်ကြည့်လိုက်သည်။

လူအတော်များများကတော့ ဝိုင်းအုံလာကြပြီ ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများက ရေခဲသလင်းဓားပေါ်သို့ ကျရောက်နေပြီး ယင်းမှာ ရတနာလက်နက်တစ်ခုဟုခေါ်ဆိုရန် ထိုက်တန်သောဓားတစ်လက်ဖြစ်ကြောင်း အားလုံးသိကြလေသည်။

All Chapters