← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

Chapter 197

ကောင်းရှီရှင်း vs ဖေးလျန်ဇီ

ဖေးလျန်ဇီက ဓားကို ထောင်လျက်ကိုင်ကာ ခတ္တမျှ ငြိမ်သက်စွာ ခံစားကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။

“ဓားကတော့ ကောင်းပါတယ်၊၊ ဒါပေမဲ့ ဖေးယွီ... မင်းနဲ့တော့ မကိုက်ညီဘူး။ ဝူတန်းတောင်က မင်းအတွက် တခြားတစ်လက်ရှာပေးတာ ပိုကောင်းလိမ့်မယ်”

ကောင်းရှီရှင်း မျက်မှောင်ကြုတ်သွားသည်။

“ဘာလို့ မကိုက်ညီရမှာလဲ… ပြီးတော့ မင်းက ဘယ်သူလဲ”

“ငါက ရှုဓားဂိုဏ်းရဲ့ နဝမအကြီးအကဲဖေးလျန်ဇီ ပဲ”

“မင်းက ရှုဓားဂိုဏ်းက ဖြစ်ပြီးတော့ ဓားနဲ့ အသုံးပြုသူမကိုက်ညီဘူးဆိုတဲ့ စကားမျိုးကို ဘာလို့ပြောရတာလဲ” ကောင်းရှီရှင်းက တည်ငြိမ်စွာ ပြောသည်။

“ဓားဆိုတာ လက်နဲ့ နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊၊ ပြင်ပပစ္စည်းတစ်ခုသာ ဖြစ်တယ်ဆိုတာ မင်းသိသင့်တယ်။ အသုံးပြုသူရဲ့ လက်ထဲမှာရှိနေသရွေ့ ထိန်းချုပ်လို့ ရတာပါပဲ”

“မဟုတ်ဘူး မဟုတ်သေးဘူး၊၊ အဲဒါမမှန်ဘူး တာအိုဆရာကြီး” ဖေးလျန်ဇီက ခေါင်းခါလိုက်သည်။

“ဓားက လက်နက်တစ်ခုဖြစ်တာမှန်ပေမဲ့ ဓားတာအိုရဲ့ စစ်မှန်တဲ့အထွတ်အထိပ်ကို ရောက်ဖို့ဆိုရင် အသုံးပြုသူရဲ့ သဘာဝ၊ အသက်ဝိညာဉ်တို့နဲ့ ထပ်တူကျဖို့ လိုအပ်တယ်”

“မင်းရဲ့ ဓားအမြင်ကို ငါ သဘောမတူဘူး။ ဓားတာအိုဆိုတာ လူကိုယ်တိုင်ရဲ့ အနှစ်သာရပဲ ဖြစ်ရမယ်။ မင်းပြောသလိုဆိုရင် ဓားကျိုးသွားတာနဲ့ လူပါဒုက္ခိတဖြစ်သွားမှာလား” ကောင်းရှီရှင်းက ပြန်လည်မေးခွန်းထုတ်သည်။

“ဓားကျိုးသွားရင် နှလုံးသားနဲ့ စိတ်ဝိညာဉ်ထိခိုက်တာမှန်ပေမဲ့ ဓားတာအိုရဲ့ စစ်မှန်တဲ့ အနှစ်သာရကိုတော့ နားလည်နိုင်ဆဲပဲ။ ကောင်းကင်နဲ့ မြေကြီးအပါအဝင် အရာအားလုံးက ဓားထဲမှာရှိနေပြီး ဓားက သူ့သခင်နဲ့ ထပ်တူကျနေတာလေ”

“ဆန့်ကျင်ဘက်အနေနဲ့ ကောင်းကင်နဲ့ မြေကြီးအပါအဝင် အရာအားလုံးက ဓားရဲ့ ပြင်ပမှာပဲ ရှိတယ်။ အဲဒီအရာတွေကတစ်ဆင့် ဓားရဲ့ နှလုံးသားကို ရှာဖွေရမယ်”

ဖျစ် ဖျစ်၊၊

၎င်းတို့ နှစ်ယောက်၏ အကြည့်များ ဆုံမိသည့်နေရာတွင် မီးပွားများထွက်လာတော့မလို ဝမ်ရှန်း ခံစားလိုက်ရသည်။ ထက်ရှသော ဓားဆန္ဒများက နှစ်ယောက်လုံးထံမှ ထွက်ပေါ်လာပြီး တစ်ဦးကိုတစ်ဦးအလျှော့မပေးဘဲ တိုက်ခိုက်နေကြသည်။

“စကားသက်သက်နဲ့တော့ ဘာမှသက်သေမပြနိုင်ဘူး။ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တူတူပဲဆိုတော့ ခဏလောက်လက်ရည်စမ်းကြည့်ကြမလား”

“ငါလည်း အဲဒါကို စဉ်းစားနေတာပဲ။ ဖေးယွီကို ဒုက္ခမပေးမယ့် လူရှင်းတဲ့ နေရာတစ်ခုရှာကြရအောင်။ ကဲ... အရင်ကြွပါ”

ဖေးလျန်ဇီက ခပ်တိုးတိုးအော်လိုက်ပြီး ရေခဲသလင်းဓားကို ဝမ်ရှန်း၏ လက်ထဲသို့ ပြန်ထိုးထည့်ကာ ဖိတ်ခေါ်သည့် အမူအရာပြုလုပ်လိုက်သည်။

“ကောင်းပြီ။ တပည့်တို့... ဒီမှာပဲနေပြီး ပြဿနာမရှာကြနဲ့။ ဖေးယွီရဲ့ အစီအစဉ်အတိုင်း နာခံကြ” ကောင်းရှီရှင်းက မှာကြားပြီးနောက် လှည့်ထွက်သွားတော့သည်။

ဝမ်ရှန်းက စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။

“ဆရာဦးလေးကောင်း… စီနီယာဖေးလျန်ဇီ—”

“စိတ်မပူပါနဲ့” ဖေးလျန်ဇီက ကျယ်လောင်စွာ ပြန်ပြောသည်။

“ငါတို့ တပည့်တွေ ဒီမှာပဲနေမှာပါ၊၊ ဘာပြဿနာမှ မရှိစေရဘူး”

ထို့နောက် သူသည် ဓားပျံကို ချက်ချင်းဆင့်ခေါ်လိုက်ပြီး တာအိုဝတ်ရုံကို ခါကာ ဓားပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ပြီး အလွန်စတိုင်ကျစွာဖြင့် ကောင်းကင်သို့ ပျံသန်းသွားလေသည်။

“မိတ်ဆွေအဖြစ်ပဲ လက်ရည်စမ်းကြပါ၊၊ အလွန်အကျွံမလုပ်ကြပါနဲ့”

ဝမ်ရှန်းလည်း သုတ်သီးသုတ်ပျာလှမ်းအော်လိုက်သည်။

“ငါတို့ မိတ်ဆွေအဖြစ်ပဲ လက်ရည်စမ်းမှာပါ”

ကောင်းရှီရှင်းက အဝေးမှ ပြန်အော်သည်။ ဖေးလျန်ဇီက ဓားရှည်ပေါ်တွင် ထိုင်လျက် သူ့ဘေးမှ ပျံသန်းသွားသည်ကို မြင်သောအခါ ကောင်းရှီရှင်းသည်လည်း သူ့ဓားကို ချက်ချင်း ဝှေ့ယမ်းကာ နောက်မှ အပြေးအလွှားလိုက်ပါသွားတော့သည်။

ကူညီရန် ရောက်လာကြသော တာအိုဆရာကြီးနှစ်ယောက်က ၎င်းတို့၏ တပည့်များကို အချင်းချင်းစိုက်ကြည့်ခိုင်းထားခဲ့ပြီး တိုက်ခိုက်ရန် နေရာသွားရှာကြချေပြီ။

ဝမ်ရှန်းသည် သူ့နဖူးကို ရိုက်လိုက်မိပြီး ဝူတန်းတောင်မှ ညီအစ်ကိုများကိုသာ စုစည်းလိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် တပည့်များမှာ တစ်ဦးနှင့်တစ်ဦးရန်မဖြစ်ကြချေ။

ဝူတန်းတောင်သည် ကျင့်ကြံခြင်းအဆင့်နှင့် ကိုယ်နှုတ်အမူအရာကောင်းသော တပည့်အချို့ကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် ပွဲခင်းအဝင်ဝတွင် နေရာယူကာ အရှိန်အဝါမြှင့်တင်ရန်အတွက် စောင့်ကြပ်နေကြပြီး၊ ရှုဓားဂိုဏ်းတပည့်များကတော့ အခြားတစ်ဖက်တွင် နေရာယူထားကြသည်။

ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့အနက် မည်သူက ပိုမိုသန်မာလဲဆိုသည်ကိုတော့ ပြောရန် အမှန်ပင် ခက်လှသည်။

ကောင်းရှီရှင်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဓားတာအိုတွင် ပိုမိုတိုးတက်လာခဲ့သည်။ ဝမ်ရှန်းနှင့် လက်ရည်စမ်းပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းဝင်ခဲ့ကာ ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိခဲ့သည်။

မူလက ဖေးလျန်ဇီ၏ ဓားတာအိုနားလည်မှုမှာ ကောင်းရှီရှင်းထက် အားနည်းခဲ့သော်လည်း နှစ်နှစ်နီးပါး ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်ပြီးနောက် သူ့ကျင့်ကြံခြင်းမှာလည်း ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဓားထိန်းချုပ်ခြင်းပညာကို လေ့ကျင့်ဖူးသဖြင့် ဝမ်ရှန်းအနေဖြင့် ထိုစွမ်းအားက မည်မျှကြီးမားကြောင်း နားလည်ထားသည်။ သို့သော်လည်း ဖေးလျန်ဇီနှင့် ကောင်းရှီရှင်းတို့၏ တိုက်ပွဲရလဒ်ကိုတော့ ခန့်မှန်းရန် အမှန်ပင်မဖြစ်နိုင်ချေ။

၎င်းတို့သည် တားမြစ်မြို့တော်ပေါ်တွင် စိန်ခေါ်ပွဲနွှဲနေကြသည့်အတိုင်း ခံစားနေရသည်။

“စီနီယာအစ်ကိုဝမ်” ဝူတန်းတပည့်တစ်ဦးက တိုးတိုးလေးခေါ်လိုက်သည်။

“ဆရာဦးလေးက အဆင်ပြေပါ့မလား”

ဝမ်ရှန်းက “စိတ်မပူပါနဲ့။ သူတို့နှစ်ယောက်လုံးက ဓားတာအိုရဲ့ ကျွမ်းကျင်သူတွေပါ။ ဓားသိုင်းပညာအပေါ် နားလည်မှုချင်းမတူလို့ လက်ရည်စမ်းရုံတင်ပါပဲ၊၊ သေကျေပျက်စီးတဲ့အထိ တိုက်ခိုက်မှာ မဟုတ်ပါဘူး”

ထိုအခါမှသာ ဘေးနားရှိ ဝူတန်းတပည့်များလည်း စိတ်သက်သာရာရသွားကြသည်။ တကယ်တော့ ဖေးလျန်ဇီက ဓားပျံဖြင့် ကောင်းကင်သို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသဖြင့် ၎င်းတို့အားလုံး အံ့အားသင့်သွားခဲ့ရခြင်းဖြစ်သည်။

ဝမ်ရှန်းသည် ရေခဲသလင်းဓားကို ကိုင်ဆောင်ကာ သူ့နေရာသို့ ပြန်လာပြီး ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့ နောက်သို့လိုက်သွားကြသော အဝေးမှ လူအုပ်ကြီးကို ကြည့်နေလိုက်သည်။ ထို့နောက် အင်မော်တယ်တာအိုညီလာခံပွဲစီစဉ်မှုအဖွဲ့ထံသို့ အသံလှိုင်းဖြင့် သတင်းပို့ကာ ထိုနေရာရှိအခြေအနေကို ထိန်းသိမ်းရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူများကို စေလွှတ်ခိုင်းလိုက်သည်။

ဘာလို့ စီနီယာဖေးလျန်ဇီက ရေခဲသလင်းဓားက ငါနဲ့ မကိုက်ညီဘူးလို့ ပြောရတာလဲ…၊၊

ဓားကို သေချာစစ်ဆေးကြည့်ပြီးနောက် ဝမ်ရှန်း ချက်ချင်းပင် နားလည်သွားခဲ့သည်။

ရေခဲသလင်းဓားသည် ရတနာလက်နက်အဆင့်ရှိသော ဓားဖြစ်သည်မှာ အမှန်ပင်ဖြစ်ပြီး သာမန်ရတနာများထက် များစွာ သာလွန်လှသည်။ ၎င်း၏ အဆင့်အတန်းမှာ ဝမ်ရှန်း အသုံးပြုခဲ့ဖူးသော အနက်ရှိုင်းဆုံးနားစွင့်သူနှင့် လက်ရှိ အမည်မသိဓားရှည်တို့ထက် များစွာမြင့်မားသဖြင့် ၎င်း၏ တန်ဖိုးကို ထပ်ပြောစရာမလိုတော့ချေ။

ယင်းကို ဝူတန်း၏ တာအိုအမွေအနှစ်ထဲမှ စစ်မှန်သောလျှို့ဝှက်ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

သို့သော်လည်း ဝမ်ရှန်းကိုယ်တိုင်အတွက်မူ ထိုဓားက သိပ်ပြီးအသုံးမဝင်လှချေ။

ရေခဲသလင်းဓား၏ ဓားသွားမှာ ထက်ရှသော်လည်း နတ်ဘုရားလက်နက်တစ်ခုဟုတော့ မခေါ်ဆိုနိုင်ချေ။ ၎င်း၏ အဓိကစွမ်းရည်မှာ အစစ်မှန်ချီကို တိုးမြှင့်ပေးရန်နှင့် တိုက်ခိုက်မှုတိုင်းတွင် ရေခဲစွမ်းအားကို ပေါင်းစပ်ပေးကာ ဓားချက်တိုင်းတွင် အေးစက်သောလေလှိုင်းများကို ထွက်ပေါ်စေခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားအစီအရင်နှင့် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်တို့မှာ ဓားရှည်၏ သန့်စင်သော ထက်ရှမှုကိုသာ တောင်းဆိုသည့် အလွန်ပြင်းထန်သော ဓားအစီအရင်များဖြစ်ကြသည်။

သူ့လက်ထဲတွင်မူ ရေခဲသလင်းဓားသည် အစွန်းနှစ်ဖက်ဓားဆန္ဒကို အသုံးပြုချိန်တွင်သာ အနည်းငယ်အထောက်အကူပြုနိုင်လိမ့်မည်။ သူ့တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက်မူ သူ၏ စီနီယာအစ်မထံ အပ်နှံထားသော ဝိညာဥ်မဲ့ဓားနှင့် နှိုင်းယှဉ်ပါက များစွာအားနည်းလှသည်။

သို့သော်လည်း ဝူတန်းတောင်က သူ့ကို ပေးအပ်ခဲ့ခြင်းဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် ငြင်းပယ်၍ မရပေ။ သူသည် ဓားကို ကြည့်ကာ ပြုံးလိုက်သည်၊၊

“မင်းရဲ့ နာမည်က အရမ်းနားထောင်လို့ ကောင်းတာပဲ၊၊ မင်းအတွက် သင့်တော်တဲ့ သခင်တစ်ယောက်ရှာပေးရမလား”

ရေခဲသလင်းဓားကတော့ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ဤရတနာဓားတွင် ဝိညာဉ်အသိအချို့ရှိနေသော်လည်း ဓားဝိညာဉ်အဖြစ် ဖွဲ့စည်းရန်အတွက်မူ အလှမ်းကွာဝေးနေသေးကာ ၎င်း၏ စရိုက်မှာလည်း အေးစက်ခက်ထန်လှသည်။

ထိုညတွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ထုံးစံအတိုင်း အမြင့်ဆုံးပွဲကြည့်စင်ပေါ်တွင် အတူထိုင်ကာ တရားထိုင်ရင်း ကြယ်များကို ငေးမောကြည့်ရှုနေကြသည်။

ဝမ်ရှန်းက ရေခဲသလင်းဓားကို သူမထံ ကမ်းပေးလိုက်သည်။

“စီနီယာအစ်မ… ဒီဓားကို သုံးပါ”

မုဝမ်ရွှမ်းက ချက်ချင်းပင် ခေါင်းခါပြပြီး ဓားကို ပြန်တွန်းလွှတ်လိုက်သည်။

“ကျွန်တော့်အတွက် ဒါက သိပ်အသုံးမဝင်ဘူး”

ဝမ်ရှန်းက အတင်းအကျပ်ပြောသည်။

“အစ်မကြီး အမြဲခရီးသွားနေရတာဆိုတော့ ဒီဓားကို ဆောင်ထားရင် တစ်ခုခုဆိုအသုံးဝင်မှာပါ။ ဒါ့အပြင် စီနီယာအစ်မက ယင်-ယန်ပါကွသိုင်းကို အဓိကကျင့်ကြံတာဆိုတော့ တကယ်လို့ နားလည်မှုအပိုင်းမှာ အခက်အခဲရှိရင် ထိုက်ကျိနဲ့ ပါကွဓားသိုင်းကနေတစ်ဆင့် အသိဉာဏ်တွေ ရနိုင်ပါတယ်။ စီနီယာအစ်မအတွက် အကျိုးရှိမှာ သေချာပါတယ်”

မုဝမ်ရွှမ်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဝမ်ရှန်းက သူမကို ချော့နေခြင်းလားဟု မေးမြန်းသည့် အမူအရာပြုလုပ်လိုက်သည်။

ဝမ်ရှန်းက ရေခဲသလင်းဓားကို သူမ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။

“ကျွန်တော့်မှာ ဓားပျံရှိတယ်၊၊ ပြီးတော့ စီနီယာအစ်မဆီမှာ အပ်ထားတဲ့ ဝိညာဥ်မဲ့ဓားလည်းရှိသေးတယ်ဆိုတာ မမေ့နဲ့လေ”

နောက်ဆုံးတွင် မုဝမ်ရွှမ်းသည် ရေခဲသလင်းဓားကို ပျော်ရွှင်စွာလက်ခံလိုက်လေ၏။ သူမသည် ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်ကာ သဘောကျကာ ငေးကြည့်နေမိသည်။

ထို့နောက် သူမသည် ဝမ်ရှန်း၏ ရင်ဘတ်ကို တစ်ချက်ကြည့်ပြီး သူမ၏ရင်ဘတ်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ပါးပြင်လေးများ အကြောင်းပြချက်မရှိဘဲ နီမြန်းသွားခဲ့ရသည်။ အမျိုးသမီးတစ်ဦးအနေဖြင့် ဝမ်ရှန်းပြောခဲ့သော ဓားမွေးမြူခြင်းနည်းစနစ်ကို လေ့ကျင့်ရန်မှာ သူမအတွက် အနည်းငယ်မသင့်တော်သလို ခံစားလိုက်ရသည်၊၊

ပြိုင်ပွဲစတင်ရန်အတွက် နောက်ထပ် နာရီ ၄၀ကျော် အချိန်လိုသေးသည်။

အင်မော်တယ်တာအိုညီလာခံ နီးကပ်လာလေလေ ဝမ်ရှန်း ပို၍အလုပ်ရှုပ်လာလေလေပင်။ အထူးသဖြင့် ဝူတန်းတောင်နှင့် ရှုဓားဂိုဏ်းတို့က ၎င်းတို့၏ ရပ်တည်ချက်ကို ပြသပြီးနောက်တွင် တာအိုအမွေအနှစ်ဂိုဏ်းအသီးသီးသည် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များကို ပြန်လည်ပြင်ဆင်ကြပြန်၏။ မူလက အနည်းငယ်တွန့်ဆုတ်နေကြသော လမ်းမှန်ဂိုဏ်းများအားလုံးသည် ယခုအခါ အသက် ၃၅ နှစ်အောက် အသန်မာဆုံးသောတပည့်များကို ရွေးချယ်စေလွှတ်ကြတော့သည်။

ထို့အပြင် မူလက တစ်ရက်ကြိုတင်ရောက်ရှိရန် သတ်မှတ်ထားသော ကျင့်ကြံသူများသည်လည်း ပို၍စောစီးစွာ ရောက်ရှိလာကြသည်။ ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လှပသောမိန်းကလေးအချို့သည် ယခုအခါ ဝမ်ရှန်း၏ ဘေးတွင် ထိုင်နေကြရပြီ ဖြစ်သည်။ ၎င်းတို့သည် ညီလာခံက မည်သည့်အချိန်တွင် စတင်မည်နှင့် ပွဲစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားပေးရန် တာဝန်ယူထားကြသည်။

မနေ့ကတည်းက ဒိုင်လူကြီး ၁၈ယောက်သည်လည်း တဖြည်းဖြည်းရောက်ရှိလာကြပြီ ဖြစ်သည်။ ယနေ့မွန်းလွဲပိုင်းတွင် ၁၈ယောက်လုံး ပွဲခင်းသို့ ရောက်ရှိလာကြမည်ဖြစ်ပြီး ပြိုင်ပွဲစည်းကမ်းများကို စတင်ဆွေးနွေးကြရမည်ဖြစ်သည်။

ယခုပွဲသည် ပထမဆုံးအကြိမ် ကျင်းပမည့် အင်မော်တယ်တာအိုညီလာခံဖြစ်သောကြောင့် စည်းကမ်းချက်အားလုံးကို စတင်သတ်မှတ်ရမည်ဖြစ်သည်။ ဒိုင်လူကြီးကော်မတီ၏ ဥက္ကဋ္ဌအနေဖြင့် ဝမ်ရှန်းသည် ဆွေးနွေးပွဲသို့ တက်ရောက်ကာ အသေးစိတ်မှတ်တမ်းတင်ရပေမည်၊၊ သူသည် ဥက္ကဠရာထူးကို ရယူထားသော်လည်း သူ့၏ဝါစဥ်အားနည်းချက်ကြောင့် အဓိကအားဖြင့် တာအိုဆရာကြီးများကြားတွင် စေ့စပ်ညှိနှိုင်းပေးသူအဖြစ်သာဆောင်ရွက်ရမည်ဖြစ်သည်၊၊

မွန်းတည့်ချိန်တွင် ဝမ်ရှန်းသည် အဆိုပြုမည့်စည်းကမ်းချက်အချို့ကို ရေးဆွဲရန် အားလပ်ချိန်အနည်းငယ်ရရှိခဲ့သည်။ ထိုသို့ပြုလုပ်ထားမှသာ နောက်ပိုင်းတွင် တာအိုဆရာကြီးတစ်ဦးဦးက သူ့ကို မေးမြန်းလာပါက မဖြေနိုင်ဘဲ ဆရာဖြစ်သူ၏ မျက်နှာကို အိုးမည်းသုတ်မိမည်မဟုတ်ပေ။

သူသည် စာလုံးအချို့ကို အာရုံစိုက်၍ ရေးသားနေစဉ် တောင်အောက်ဘက်ရှိ သစ်တောထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရသည်။ ခေါင်းပင် မော့မကြည့်ရသေးခင်မှာပင် ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရတော့သည်။

“အစ်ကိုရှန်း... အစ်ကိုရှန်း… ခဗျားက တကယ့်ကို နှလုံးသားမရှိတဲ့ လူပဲ။ ကျွန်တော် ဒီလောက်အပြင်းအထန်ဒဏ်ရာရခဲ့တာတောင် ကျွန်တော့်ကို လာတောင်မကြည့်ဘူးနော်”

စန်းချင်းတောင်နှင့် အနီးဆုံးဖြစ်သော လုံဟူရှန်းတောင်မှ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့ချေပြီ။

Chapter 198

ရှီချန်ကျန်း၏ လက်ဆောင်

လုံဟူရှန်းတောင်မှ လူပေါင်းသုံးဆယ်ကျော် စေလွှတ်ခဲ့သဖြင့် ၎င်းတို့သည် ပြိုင်ပွဲကျင်းပရာနေရာသို့ ပထမဆုံးရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့ ဖြစ်လာခဲ့၏။

တာအိုအကြီးအကဲနှစ်ဦးက ရှေ့မှ ဦးဆောင်လာပြီး တာအိုဆရာ ၇ဦးနှင့် လူငယ်တပည့်ပေါင်း နှစ်ဆယ်ကျော်က နောက်မှ လိုက်ပါလာကြသည်။ သူတို့၏ လူအင်အားစုဖွဲ့မှုကို ကြည့်ရုံဖြင့် ဤအင်မော်တယ်တာအိုညီလာခံကို မည်မျှအလေးထားကြောင်း ထင်ရှားနေသည်။

ဝမ်ရှန်းက Group Chat ထဲတွင် ဖုန်းခေါ်ဆိုမှုပင် မလုပ်ရသေးမီ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ငယ်ခေါင်းဆောင် ခုနှစ်ဦး၊ ရှစ်ဦးခန့်က အပြေးအလွှား ရောက်ရှိလာကြပြီ ဖြစ်သည်။ ထမင်းဘူးများလိုက်လံဝေငှရင်း အလုပ်ရှုပ်နေသည့် မုဝမ်ရွှမ်းလည်း ဧည့်ခံကျွေးမွေးရေးတွင် ကူညီရန်ဆင့်ခေါ်ခံလိုက်ရသည်။

ဤညီလာခံကို အမည်ခံခေါ်ယူသူဖြစ်သည့် ချင်ယန်ဇီက လူလုံးမပြသေးသဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ဂိုဏ်းတူမောင်နှမနှစ်ယောက်ကသာ ရှေ့ထွက်၍ ဧည့်ခံပွဲကို တာဝန်ယူကိုင်တွယ်ရတော့သည်။

တာအိုအကြီးအကဲနှစ်ဦးက တောင်ပေါ်သို့ အေးအေးလူလူတက်လာကြစဉ် ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို လက်ဖြင့်တို့လိုက်ပြီး သူ့ရှေ့နားတွင် အနည်းငယ်တိုးရပ်ရန် အချက်ပြလိုက်သည်။

ဝါစဉ်နှင့် စည်းစနစ်ကို ထိန်းသိမ်းရပေမည်… သို့မဟုတ်ပါက သူတစ်ပါး လှောင်ပြောင်စရာဖြစ်သွားနိုင်သည်။

“အစ်ကိုရှန်း…”

တာအိုအကြီးအကဲနှစ်ဦး၏ နောက်ကွယ်မှ ရှီချန်ကျန်းက လက်ဝှေ့ယမ်းပြနေသည်။ သူ့ဘေးနားရှိ တာအိုဆရာအချို့က ချက်ချင်းပင် မျက်နှာပျက်သွားကာ သူ့ကို ဖိနှိပ်ရန် လှုပ်ရှားလိုက်ကြသည်။

တာအိုဆရာတစ်ဦးက အဆောင်တစ်ခုကို အသုံးပြု၍ သံကြိုးတစ်ချောင်းဖန်တီးကာ ရှီချန်ကျန်းကို ချည်နှောင်လိုက်ပြီး ပါးစပ်ကိုပါ ပိတ်ပစ်လိုက်သည်။

တာအိုအကြီးအကဲနှစ်ဦး နီးကပ်လာသောအခါ မုဝမ်ရွှမ်းနှင့် ဝမ်ရှန်းတို့က ရှေ့သို့ လှမ်းလာပြီး လက်သီးဆုပ်ကာ ဂါရဝပြုနှုတ်ဆက်လိုက်ကြ၏။ မုရွှယ်နှင့် အခြားသူများကလည်း လက်သီးဆုပ်ကာ စနစ်တကျဂါရဝပြုကြသည်။

“လေးစားရပါသော အကြီးအကဲတွေကို ကြိုဆိုပါတယ်… ကျွန်တော်က ဖေးယွီပါ… ဒါကတော့ ကျွန်တော့်စီနီယာအစ်မ ပုယွီပါ”

“အခုလို အားနာနေဖို့ မလိုပါဘူး”

လုံဟူရှန်းတောင်မှ အကြီးအကဲနှစ်ဦးက မုတ်ဆိတ်မွေးကိုသပ်ရင်း ရယ်မောလိုက်ကြသည်။ တာအိုဆရာများက ပြန်လည်၍ လက်သီးဆုပ်နှုတ်ဆက်ကြပြီး လူငယ်တပည့်များကလည်း ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို ဦးညွှတ်ဂါရဝပြုကြသည်။

ထို့နောက် ဝမ်ရှန်းက သူ ကြိုတင်ကျက်မှတ်ထားသည့် စကားများကို အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလိုက်သည်။

“ကောင်းကင်နဲ့ မြေကမ္ဘာပေါ်ထွက်လာပြီး ယုတ်ညံ့တဲ့ကျင့်ကြံသူတွေက ဆူပူသောင်းကျန်းနေကြပါတယ်၊၊ တိုးပွားလာတဲ့ ခြိမ်းခြောက်မှုတွေအတွက် စိုးရိမ်ပူပန်မိတာကြောင့် ကျွန်တော့်ရဲ့ ဆရာက အာဏာပိုင်တွေကို ကူညီခဲ့ပါတယ်၊၊ ဒီလိုခြိမ်းခြောက်မှုတွေကို တစ်ယောက်တည်းရင်ဆိုင်ဖို့ မဖြစ်နိုင်မှန်းသိလာရတဲ့အတွက် ဆရာက လမ်းမှန်ဂိုဏ်းအသီးသီးကို ဖိတ်ခေါ်ပြီး ဒီအရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဘယ်သူမှ နားမထောင်မှာကို စိုးရိမ်တာကြောင့် ဒီအစည်းအဝေးကို အင်မော်တယ်တာအိုညီလာခံလို့ ရဲရဲဝံ့ဝံ့အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်၊၊ လုံဟူရှန်းတောင်၏ ယုံကြည်မှုကြောင့် လေးစားရတဲ့ အကြီးအကဲတွေနဲ့ တာအိုဆရာများကိုယ်တိုင်တက်ရောက်ပေးကြတဲ့အတွက် ဒီညီလာခံက အခု သူ့ရဲ့နာမည်အတိုင်း အမှန်တကယ်ကို ထိုက်တန်သွားပါပြီ၊၊ ကျွန်တော့်ဆရာသည် ရုံးလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နေဆဲဖြစ်ပေမယ့် လမ်းမှာ ရောက်ရှိနေပါပြီ၊၊ ကျွန်တော်နဲ့ စီနီယာအစ်မရဲ့ ဧည့်ခံမှုမှာ လိုအပ်ချက်တွေရှိပါက အကြီးအကဲများအနေဖြင့် ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်”

လုံဟူရှန်းတောင်မှ အကြီးအကဲများနှင့် တာအိုဆရာများက ပြုံးလိုက်ကြသည်။

ဇာတ်ညွှန်းအတိုင်း ဖတ်နေသကဲ့သို့ တာအိုဆရာတစ်ဦးက “ရောင်းရင်းချင်ယန်ဇီရဲ့ ဖြောင့်မတ်မှုကို လေးစားမိပါတယ်၊၊ ကျွန်တော်တို့အားလုံးလည်း သူ့ကို အတုယူရမှာပါ၊၊ အခုအချိန်မှာ မိစ္ဆာကျင့်ကြံသူတွေရဲ့ ခြိမ်းခြောက်မှုက ပိုဆိုးလာတဲ့အတွက် ကျွန်တော်တို့ဂိုဏ်းဟာ ကောင်းကင်သခင်ရဲ့ သွန်သင်ချက်အတိုင်း တာအိုလမ်းစဉ်ကို ထိန်းသိမ်းစောင့်ရှောက်သွားမှာပါ၊၊ ကျွန်တော်တို့က လက်ပိုက်ကြည့်မနေပါဘူး”

ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် မုရွှယ်နှင့် အခြားသူများက ဧည့်ခံမှုကို လွှဲပြောင်းရယူလိုက်ကြသဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း တာဝန်ကျေသွားကြသည်။

တစ်ခါတရံတွင် ယခုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို လိုက်နာရတတ်သည်။ အမှန်တော့ သမာဓိလမ်းစဉ်မှ ကျင့်ကြံသူများသည် ၎င်းတို့၏ သိက္ခာနှင့် မျက်နှာပန်းကို အလွန်အလေးထားကြသည်။

လုံဟူရှန်းတောင်မှ လူများအတွက် တည်းခိုရန်နေရာကို တာအိုဘုရားကျောင်းပတ်လည်တွင် စီစဉ်ပေးထားပြီး သုံးဖက်စလုံးတွင် ယာယီတည်းခိုဆောင်များဆောက်လုပ်ထားသည်။ ထိုနေရာတွင် တည်းခိုနေသည့် ဆောက်လုပ်ရေးအဖွဲ့သားများက ဖယ်ပေးထားပြီးဖြစ်သဖြင့် လူတစ်ထောင် သို့မဟုတ် ထိုထက်မက နေထိုင်ရန် လုံလောက်သောအိမ်ရာများ ရှိနေသည်။

တာအိုဆရာများက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ထွက်ခွာသွားပြီးနောက် မုဝမ်ရွှမ်းလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ သူမ မြည်းစမ်းကြည့်ရန် ကျန်သေးသည့် ဟင်းလျာများစွာ ရှိနေသည်ကို သတိရကာ လေပြင်းတစ်ချက်ဝေ့သကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။

ရှီချန်ကျန်းသည် သူ၏ ဆရာဦးလေးများ၏ ဆွဲခေါ်ခြင်းကို ခံခဲ့ရသော်လည်း မကြာမီမှာပင် တိတ်တဆိတ်ပြန်လည်ရောက်ရှိလာသည်။ ဝမ်ရှန်းကို မြင်သောအခါ သူက အရွှန်းဖောက်ကာ ပြုံးပြလိုက်သည်။

ဝမ်ရှန်းက စာရေးခုံတွင် စာရေးနေပြီး သူ့ကို လုံးဝဂရုမစိုက်ပေ။

ဝမ်ရှန်းအနေဖြင့် ရှီချန်ကျန်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် အခက်အခဲများစွာ ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ထင်သည့်အတိုင်းပင် ရှီချန်ကျန်း၏ ကျင့်ကြံမှုမှာ ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်တွင်သာရှိနေသေးသည်။ အဆင့်တက်လုနီးပါး လက္ခဏာများပြသနေသော်လည်း သူသည် နာမည်ကြီးဂိုဏ်းများမှ ထိပ်တန်းတပည့်များစာရင်းမှ ပြုတ်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျင့်ကြံခြင်းသက်သက်ဖြင့်ဆိုရလျှင် သူသည် သူ၏ စီနီယာအစ်မကို လိုက်လံပိုးပန်းရန် ကြိုးစားခဲ့ဖူးသည့် ဟွာရှန်းတောင်မှ ဖြူဖျော့ဖျော့ ခပ်ချောချောကောင်လောက်ပင် မသန်မာချေ။

ရှီချန်ကျန်းက ခေါင်းကို ကုတ်ရင်း စပ်ဖြဲဖြဲဖြင့် တိုးကပ်လာကာ “အစ်ကိုရှန်း… အလုပ်များနေပုံပဲနော်”

ဝမ်ရှန်းက ခေါင်းပင်မမော့ဘဲ တည်ငြိမ်စွာ မေးလိုက်သည်၊၊

“ပြီးခဲ့တဲ့အကြိမ်က မင်းဆီလာမလည်လို့ ငါ့ကို အပြစ်တင်မလို့လား”

“ကျွန်တော်က ဒီတိုင်းညည်းညူရုံသက်သက်ပါ”

ရှီချန်ကျန်းက ရယ်မောလိုက်သည်၊၊

“ဒါ့အပြင် ပြီးခဲ့တဲ့အကြိမ်က ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သေချာကျေးဇူးမတင်ရသေးဘူး”

ဝမ်ရှန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ ရှီချန်ကျန်းသာ ထိုအကြောင်းကို မပြောခဲ့လျှင် သူ မေ့ပစ်လိုက်ချင်သည်။ ထိုအကြောင်းကို တွေးမိတိုင်း သူ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ရသည်။ အမှန်တော့ ဤကောင်စုတ်ကို ကယ်တင်ခြင်းမပြုခဲ့လျှင် သူ၏ဆရာက သူ့ကို ဆူပူကြိမ်းမောင်းလိမ့်မည် မဟုတ်သလို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကြားတွင် ဒုက္ခိတဖြစ်နေသော်လည်း ဓားရေးတွင် ကြံ့ကြံ့ခံနိုင်သူဟူသည့် နာမည်ဆိုးလည်း ရလာလိမ့်မည် မဟုတ်ပေ။

“ရော့၊ အစ်ကိုရှန်း”

ရှီချန်ကျန်းက ရောင်စုံအဆောင်အထပ်လိုက်ကို ဝမ်ရှန်း၏ ရှေ့တွင် တလေးတစားချထားလိုက်သည်၊၊

“အဆောင်စာရွက်တွေကလွဲရင် ကျွန်တော့်မှာ ပေးစရာကောင်းကောင်းကန်းကန်းမရှိပါဘူး၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း အစ်ကို့ကို ဆေးလုံးတွေ အလုံလောက်ပေးထားတာဆိုတော့ အစ်ကိုရှန်းမှာ ဘာမှလိုမယ်မထင်ဘူး၊၊ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော် ဒီအဆောင်တွေကို စမ်းသပ်နေခဲ့တာလေ… အစ်ကိုရှန်း စိတ်မဆိုးပါနဲ့… အဲဒီနေ့က အစ်ကိုရှန်းကို ဒီလောက်အထိ ဒုက္ခရောက်စေမယ်လို့ ကျွန်တော် တကယ်မသိခဲ့ဘူး”

ဝမ်ရှန်းက စိတ်ထဲတွင်သာ သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတွင် သူ မည်မျှပင် ကြိုးစားခဲ့ပါစေ ဤကောင်စုတ်နှင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်၍ မရနိုင်ခဲ့ချေ။

နှစ်နှစ်တာကာလအတွင်း ရှီချန်ကျန်းသည် အနည်းငယ်တည်ငြိမ်လာသော်လည်း သူ၏ ပုံမှန်စရိုက်မှာ မဆင်မခြင်နှင့် စည်းကမ်းမဲ့နေဆဲဖြစ်သည်။ သူ့အသက်အရွယ်နှင့် ယှဉ်လျှင် သူသည် အနည်းငယ် ရင့်ကျက်မှုနည်းပါးနေသေးသည်။ ကောင်းချန်ရှင်း သေဆုံးသွားကတည်းက သူ့တွင် သူငယ်ချင်းဟူ၍ မရှိသလောက်ဖြစ်နေပုံရသည်။

ဝမ်ရှန်းက သူရေးထားသည့် စည်းမျဉ်းမူကြမ်းကို သိမ်းဆည်းလိုက်ပြီး ပလတ်စတစ်ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ရှီချန်ကျန်းကို ထိုင်ရန် အချက်ပြလိုက်ရင်း “ဒါတွေက ဘာအဆောင်တွေလဲ”

ရှီချန်ကျန်းလည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ “ဒီတစ်ခုကို အရင်ကြည့်… ဒါက လွန်ခဲ့တဲ့ ခြောက်လအတွင်း ကျွန်တော့်ရဲ့ ဂုဏ်ယူစရာအကောင်းဆုံးလက်ရာပဲ၊၊ မိုးပျံအဆောင်ပဲ… ဒါက အစ်ကိုရှန်းကို ပျံသန်းနိုင်အောင် လုပ်ပေးလိမ့်မယ်”

ဝမ်ရှန်း အံ့သြသွားပြီး “မိုးပျံအဆောင်လား”

“စမ်းကြည့်မလား အစ်ကိုရှန်း… မီတာသုံးဆယ်ကျော်အထိမြင့်အောင် ပျံနိုင်တယ်၊၊ ကျွန်တော် တွက်ချက်ထားပြီးသား၊ အဆောင်က အလုပ်မလုပ်ရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ပြုတ်ကျလို့ သေမှာမဟုတ်ဘူး၊၊ အလွန်ဆုံးရှိလှ ခြေထောက်တစ်ဖက် ကျိုးရုံပဲ”

ဝမ်ရှန်း၏ မျက်နှာညိုမည်းသွားပြီး ဓားကို ဆွဲထုတ်မည့်ဟန်ပြုလုပ်လိုက်သည်။ ရှီချန်ကျန်းက ရယ်မောကာ ရှောင်တိမ်းသွားပြီး အခြားအဆောင်များကို ဆက်လက်မိတ်ဆက်ပေးသည်။ ရှီချန်ကျန်းသည် အဆောင်များကို လေ့လာရာတွင် အမှန်တကယ်ပင် ပါရမီရှိလှသည်။ သူ တီထွင်ထားသည့် အဆောင်များသည် တိုက်ပွဲတွင် သိသိသာသာထိရောက်မှုရှိပေသည်။

မိုးပျံအဆောင်သည် ကျင့်ကြံသူတစ်ဦးအား အစစ်မှန်ချီကို မကုန်ဆုံးစေဘဲ အထက်သို့ တက်လှမ်းနိုင်စေသော်လည်း အားနည်းချက်မှာ နှေးကွေးခြင်းပင် ဖြစ်သည်။ ရှီချန်ကျန်းကဲ့သို့ အဆောင်များကို တိုက်စစ်အတွက် အသုံးပြုသူတစ်ဦးအတွက်မူ မိုးပျံအဆောင်သည် သူ့အား အမြင့်ပိုင်းတွင် အသာစီးရစေပြီး ပြိုင်ဘက်ကို အထက်မှနေ၍ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ လေဆင့်ခေါ်ခြင်းအဆောင်နှင့် ကျွမ်းကျင်စွာ တွဲဖက်အသုံးပြုပါက လေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

ရှီချန်ကျန်းက ဝမ်ရှန်းအား ဗုံးကြဲတိုက်ခိုက်နိုင်ရန် မိုးကြိုးအဆောင်၊ မီးငါးပါးအဆောင်၊ လေပြင်းအဆောင်၊ အစွန်းရောက်အေးခဲခြင်းအဆောင်၊ မြေငလျင်အဆောင်၊ မြားမိုးရွာခြင်း… အဆောင်တစ်စုံလုံးကိုလည်း ပေးခဲ့သည်။

မိုးပျံအဆောင်နှင့် ပေါင်းစပ်လိုက်ပါက ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အံ့မခန်းဖြစ်လာလိမ့်မည်။

ရှီချန်ကျန်းက အဆောင်များအကြောင်းကို ရှင်းပြပြီးနောက် ဝမ်ရှန်းက သူ့ကို ကြည့်ကာ အနည်းငယ်စိတ်ပျက်မိသွားသည်။ ရှီချန်ကျန်းက အင်မော်တာအိုညီလာခံမှာများ ထိပ်တန်းသုံးနေရာကို ရည်မှန်းထားတာများလား…၊၊

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သူ၏ အဆောင်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပါ့မလား။

မိုးပျံအဆောင်များကို ကန့်သတ်ရန် စည်းမျဉ်းတစ်ခု သီးသန့်ချမှတ်သင့်လား။

သေချာစဉ်းစားပြီးနောက် ဒိုင်လူကြီးတစ်ဦးအနေဖြင့် ရှီချန်ကျန်းသည် ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်တွင်သာ ရှိသေးသဖြင့် ဝေးဝေးရောက်နိုင်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ့ကို အထူးစည်းမျဉ်းများဖြင့် ကန့်သတ်ရန်မလိုအပ်ပေ။

လူတိုင်းက မတရားစီရင်ခြင်းကို ခံယူရန် မထိုက်တန်ပေ။

All Chapters