အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
Chapter 199
အင်မော်တယ်တာအိုညီလာခံ
ရှီချန်ကျန်းသည် ဝမ်ရှန်းနှင့် ခဏမျှသာ စကားပြောရသေးသော်လည်း တောင်ခြေတွင် တစ်ဖန်ရုန်းရင်းဆန်ခတ်ဖြစ်သွားပြန်သည်။
ရှီချန်ကျန်း မျက်လုံးပြူးသွားကာ “အစ်ကိုရှန်း… အစ်ကို ဒီမှာပဲနေခဲ့တော့… ကျွန်တော်ကတော့ ကယ်တင်ဖို့ လိုအပ်နေတဲ့ မိန်းမလှလေးတွေရှိလား သွားကြည့်ဦးမယ်… တာ့တာ”
ရှီချန်ကျန်း အပြေးအလွှားထွက်ခွာသွားပြီး မကြာမီပျောက်ကွယ်သွားလေသည်၊၊
ဝမ်ရှန်းက ဇဝေဇဝါဖြစ်နေဆဲတွင် တောင်ခြေမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦး၏ အော်သံကို ကြားလိုက်ရသည်၊၊
“မော်ရှန်းတောင်က တာအိုဆရာတွေ ရောက်လာကြပြီ”
ဒါဆို လျှိုယွမ်ကျိ ရောက်လာပြီပေါ့၊ အံ့သြစရာမရှိတော့ပါဘူး…၊၊
လျှိုယွမ်ကျိသည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်တွင်သာရှိသေးသည့် ရှီချန်ကျန်းအနေဖြင့် “ညီမလေးလျှို” ၏ ရိုက်နှက်ခြင်းနှင့် လှောင်ပြောင်ခြင်းကို ရှောင်ရှားရန် ပုန်းကွယ်နေခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ အရိုက်ခံရသည့် ရန်ငြိုးမှာ တစ်သက်လုံးရှိနေမည်မှာ ထင်ရှားပေသည်။
လုံဟူရှန်းတောင်နှင့် ကြိုတင်ချိန်းဆိုထားသကဲ့သို့ မော်ရှန်းတောင်သည်လည်း တာအိုအကြီးအကဲနှစ်ဦးနှင့် တာအိုဆရာ ခုနှစ်ဦးကို စေလွှတ်ခဲ့သည်။
ဝမ်ရှန်းလည်း သူပြင်ဆင်ထားသည့် ဇာတ်ညွှန်းကို နောက်တစ်ကြိမ် ရွတ်ဆိုလိုက်သည်။ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် မုရွှယ်နှင့် အခြားသူများက တာအိုအကြီးအကဲများနှင့် တာအိုဆရာများကို ပြိုင်ပွဲကျင်းပရာနေရာ၏ နောက်ရှိ တာအိုဘုရားကျောင်းသို့ ခေါ်ဆောင်သွားကြသည်။ သို့သော် လျှိုယွမ်ကျိသည် လူငယ်တပည့်အချို့နှင့်အတူ ကျန်ရစ်ခဲ့ပြီး ဝမ်ရှန်းနှင့် ခေတ္တမျှစကားပြောဆိုခဲ့သည်။ သူတို့၏ ဆက်ဆံရေးမှာ မင်းစိုးရာဇာများကဲ့သို့ အလှမ်းကွာသော်လည်း စနစ်တကျရှိလှသည်။
ရုပ်ချောသည့် မော်ရှန်းတောင်တပည့်သည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ အလိုလျောက်ပင် အာရုံစိုက်ခြင်းကို ခံရလေသည်။ မပြည့်စုံသော စာရင်းဇယားများအရ တောင်ခြေမှ ဝမ်ရှန်းနှင့် စကားပြောဆိုသည်အထိ လျှိုယွမ်ကျိသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဓားကျင့်ကြံသူတစ်ဦးထက်ပင် ပိုမို၍ တိတ်တဆိတ် ဓာတ်ပုံရိုက်ခြင်း ခံခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်း၏ ဆရာသည် တတိယမြောက်ကိုယ်စားလှယ်အဖွဲ့မရောက်မီ စန်းချင်းတောင်သို့ ရောက်ရှိလာသည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ဆရာကို ဂါရဝပြုခွင့်ရခဲ့ကြသော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း မည်သို့ရှိခဲ့သည်ကိုပင် မမေးမြန်းနိုင်မီ အသီးသီးဆင့်ခေါ်ခံလိုက်ရသည်။
မုဝမ်ရွှမ်းက နောက်ကွယ်မှ ထောက်ပံ့ရေးလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အလုပ်ရှုပ်နေပြီး ဝမ်ရှန်းက ဒိုင်လူကြီးများ အစည်းအဝေးသို့ တက်ရောက်ရသည်။ ထို့ကြောင့် ဧည့်သည်များကို လက်ခံတွေ့ဆုံရန် တာဝန်မှာ ချင်ယန်ဇီအပေါ်သို့ ကျရောက်သွားတော့သည်။
ဆရာဆိုသည်မှာ အမှန်တကယ်ပင် ဆရာပင် ဖြစ်သည်။ ဝမ်ရှန်း၏ မူလနေရာတွင် ထိုင်နေသော သူသည် ဝမ်ရှန်းတွင်မရှိသည့် အရှိန်အဝါကို ထုတ်လွှင့်နေသည်။ ထိုစဉ်က ဝူတန်းတောင်ရှိ စာအုပ်ဟောင်းဆိုင်လေးတွင် ရှိခဲ့စဉ်ကအတိုင်းပင်၊၊
မုရွှယ်က ဒိုင်လူကြီးများ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်းမှာ အလွန်အရေးကြီးသည်။ မတူညီသော တာအိုအမွေအနှစ်များကို ကိုယ်စားပြုသည့် တာအိုဆရာ ၁၈ဦးသည် ပြိုင်ပွဲစည်းမျဉ်းများကို မည်သို့သတ်မှတ်ရမည်ကို ဆွေးနွေးရန် စုရုံးခဲ့ကြသည်။
ဝမ်ရှန်း ရောက်ရှိလာသောအခါ တာအိုဆရာများက အားလုံးကို ပြင်ဆင်ထားပြီးဖြစ်သဖြင့် ဂျူနီယာဖြစ်သည့်သူလည်း အနည်းငယ်အားနာမိသွားသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ထောင့်စွန်းရှိ တာအိုဆရာနှစ်ဦးက သူ့ကို အာရုံစိုက်မိစေသည်။ ဖေးလျန်ဇီ၏ လက်မောင်းတွင် ပတ်တီးစည်းထားပြီး သူ၏ ဘယ်ဘက်ပါးပြင်တွင် ပိတ်စဖြင့် ဖုံးအုပ်ထားသည်။ ကောင်းရှီရှင်း၏ ပုခုံးတွင် ပိတ်စတစ်ခုပေါ်နေပြီး သူ၏ ညာဘက်ပါးပြင်ကိုလည်း ပတ်တီးစည်းထားသည်။
ဝမ်ရှန်း ဆွံ့အသွားသည်။ ဒါကို ခင်မင်ရင်းနှီးစွာ စမ်းသပ်တိုက်ခိုက်တာလို့ ခေါ်တာလား…။
သူတို့ အားကုန်ထုတ်ပြီး အချင်းချင်းစမ်းသပ်ခဲ့ကြပုံရသည်။
“ခင်ဗျားတို့ နှစ်ယောက်ကတော့...”
ဖေးလျန်ဇီက အသာယာချောင်းဆိုးလိုက်ပြီး ကောင်းရှီရှင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် နှစ်ဦးသားက ဝမ်ရှန်းကို ကြည့်ကာ ပြုံးပြလိုက်ကြသည်။
ဖေးလျန်ဇီက ရယ်မောရင်း “ငါတို့က တိုက်ခိုက်ရင်းနဲ့မှ အချင်းချင်းသိကျွမ်းလာတာပါ… လာ လာ… အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးကြရအောင်”
သူတို့၏ သွေးကြောများ ဖောင်းကြွနေသည့် လက်များကို ကြည့်ပြီး ဝမ်ရှန်းက သူတို့ကြားရှိ ကုလားထိုင်တစ်လုံးကို တိတ်တဆိတ်ဆွဲယူကာ ထိုင်လိုက်သည်။ သူ ရုတ်တရက် အကြံဉာဏ်ကောင်းတစ်ခုရရှိသွားသည်။
“ပြိုင်ပွဲကြီးမစတင်ခင်မှာ သွေးပူလေ့ကျင့်ခန်းပွဲတစ်ပွဲ ကျင်းပရင် ဘယ်လိုလဲ”
ဝမ်ရှန်းက မေးလိုက်သည်။
မူလက ဝမ်ရှန်းသည် ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့ကို အင်မော်တယ်တာအိုညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ခေတ္တမျှ သွေးပူလေ့ကျင့်ခန်းအဖြစ် စမ်းသပ်တိုက်ခိုက်ခိုင်းပြီး အခြေအနေကို အရှိန်မြှင့်တင်ပြီး ဆွဲဆောင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆွေးနွေးပွဲတစ်ကြိမ်အပြီးတွင် ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့က သူ့ကိုပါ ဆွဲထည့်လိုက်ကြတော့သည်။
“ငါတို့နှစ်ယောက်တည်း ယှဉ်ပြိုင်နေရင် ပျင်းစရာကောင်းလိမ့်မယ်”
ကောင်းရှီရှင်းက “ဖေးယွီ… မင်းပါ ငါတို့နဲ့အတူ မပူးပေါင်းဘူးလား”
ဖေးလျန်ဇီကလည်း ချက်ချင်းပင် လိုက်ပြောသည်၊၊
“ဟုတ်တယ်… အခု တက်ရောက်လာတဲ့သူအများစုက လူငယ်တပည့်တွေပဲ၊၊ ငါတို့နှစ်ယောက်တည်း တက်သွားရင် သိပ်ပြီးစိတ်လှုပ်ရှားစရာကောင်းမှာမဟုတ်ဘူး၊၊ ဖေးယွီ… မင်းလည်းပါသင့်တယ်”
ဝမ်ရှန်းလည်း ဒိုင်လူကြီးကော်မတီ၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ့၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ငြင်းပယ်ရန်ပြင်ဆင်နေစဉ် အခြားတာအိုဆရာများကလည်း ၎င်းမှာ အကြံကောင်းတစ်ခုဖြစ်ကြောင်း ထောက်ခံအားပေးခဲ့ကြသည်။
တာအိုဆရာတစ်ဦးက အထူးသဖြင့် ဆီလျော်သော အကြောင်းပြချက်တစ်ခုကိုပင် တင်ပြခဲ့သည်..
“ဒီအင်မော်တယ်တာအိုညီလာခံဟာ မြင့်မြတ်တောင်တွေရဲ့ တာအိုအမွေအနှစ်တွေအတွက် ကြီးကျယ်တဲ့ ပွဲတော်တစ်ခုဖြစ်ရုံတင်မကဘူး၊၊ လူငယ်တပည့်တွေအတွက် အမြင်ကျယ်စေဖို့ အခွင့်ကောင်းတစ်ခုလည်းဖြစ်တယ်၊၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျင့်ကြံသူတွေ အလွန်နည်းပါးခဲ့ပြီး ဂိုဏ်းတွေရဲ့ ဒုတိယမျိုးဆက်အဖွဲ့ဝင်အရေအတွက်ကလည်း အလွန်နည်းပါးခဲ့တယ်၊၊ ကမ္ဘာဦးချီစွမ်းအင်တွေ ပြန်လည်နိုးထလာပြီးနောက် တာအိုအမွေအနှစ်တိုင်းရဲ့ လူနေမှုဘဝတွေ တိုးတက်လာပြီး လူငယ်တပည့်တွေရဲ့ အရေအတွက်ကလည်း အများကြီးတိုးပွားလာခဲ့ပါတယ်၊၊ သူတို့ဟာ အခုအချိန်မှာ ကျင့်ကြံခြင်းလောကရဲ့ အဓိကအင်အားစုဖြစ်နေပါပြီ၊၊ ဒါပေမဲ့ ကျင့်ကြံခြင်းမှာ အောင်မြင်မှုအချို့ ရရှိထားတဲ့ လူငယ်တပည့်အများစုဟာ မာနထောင်လွှားမေကြတယ်၊၊ သူတို့ရဲ့ တာအိုစိတ်နှလုံးသားတွေက မတည်ငြိမ်ကြဘူး၊၊ ဒါဟာ သူတို့ရဲ့ မျက်စိကို ဖွင့်ပေးဖို့နဲ့ လူငယ်မျိုးဆက်တွေကလည်း လူကြီးမျိုးဆက်တွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သင်ခန်းစာပေးဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ၊၊ ဒါမှ သူတို့ဟာ သူတို့ပတ်ဝန်းကျင်က လူတိုင်းက ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှာပဲ ပိတ်မိနေတာကို မြင်ပြီး တိုးတက်ဖို့ စိတ်အားထက်သန်မှုတွေ မပျောက်ဆုံးသွားမှာဖြစ်ပါတယ်”
မုရွှယ်က ဝမ်ရှန်းအား အားပေးသည့်အနေဖြင့် ဆက်တိုက်မျက်စိမှိတ်ပြနေသည်။ ဝမ်ရှန်းကိုယ်တိုင်ပင် ယခုအခါ သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။
“ကောင်းပါပြီ၊၊ ကျွန်တော်လည်း ပါဝင်ပါ့မယ်၊၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက တာအိုဆရာတို့လောက် မနက်နဲပါဘူး၊၊ စီနီယာတို့အနေနဲ့ သက်ညှာပေးကြဖို့နဲ့ ကျွန်တော့်ကို အများကြီးအရှက်မခွဲကြဖို့ တောင်းပန်ပါတယ်”
ဖေးလျန်ဇီက ရယ်မောလိုက်သည်၊၊
“အဲဒါကတော့ အတပ်ပြောလို့မရပါဘူး၊၊ မင်းက ဓား၇၂လက် စမ်းသပ်ချက်ထဲမဝင်ခင်က နားလည်ခဲ့တဲ့ ဓားအစီအရင်ကို ငါတောင် အခုထိ အပြည့်အဝနားမလည်နိုင်သေးဘူး၊၊ အကယ်၍ ငါတို့ သုံးယောက်စလုံး ဓားနဲ့ တိုက်ခိုက်ကြမယ်ဆိုရင် ရလဒ်က တကယ်ပဲ ခန့်မှန်းရခက်လိမ့်မယ်”
ကောင်းရှီရှင်းကမူ မျက်မှောင်ကြုတ်လိုက်ပြီး “ငါတို့ ပေါ့ပေါ့ပါးပါးပဲ တိုက်ခိုက်ကြတာပေါ့”
ဖေးလျန်ဇီက လှမ်းကြည့်လိုက်ပြီး “ဒါပေါ့”
၎င်းတို့နှစ်ဦး ထပ်မံ၍ အငြင်းပွားလုနီးပါး ဖြစ်နေသည်ကို မြင်လျှင် ဝမ်ရှန်းက အကြောင်းအရာကို အလျင်အမြန်ပြောင်းလဲလိုက်ပြီး ရုံးလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးရန် လွှဲပြောင်းလိုက်သည်။ သူတို့သည် ပြိုင်ပွဲ၏ စည်းမျဉ်းများနှင့် ပွဲစဉ်များ၏ အသေးစိတ်ဖွဲ့စည်းပုံများကို ဆွေးနွေးရန် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
မွန်းလွဲပိုင်းတစ်ခုလုံး ဆွေးနွေးပြီးနောက် ဒိုင်လူကြီး ၁၈ဦးသည် စုစုပေါင်းပြိုင်ပွဲစည်းမျဉ်း (၁၀) ခုကို ချမှတ်ခဲ့ကြပြီး ၎င်းတို့အားလုံးမှာ တာအိုအမွေအနှစ်တိုင်းနှင့် ကျင့်ကြံခြင်းနည်းလမ်းတိုင်းအတွက် တတ်နိုင်သမျှ တရားမျှတမှုရှိစေရန် ရည်ရွယ်ပေသည်။
ပထမဆုံးစည်းမျဉ်းမှာ ပြိုင်ပွဲအားလုံးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှုမဖြစ်ပွားမီ ရပ်တန့်ရမည် ဖြစ်သည်။ မတော်တဆထိခိုက်မှုများကို ခွင့်ပြုသော်လည်း ရည်ရွယ်ချက်ရှိရှိထိခိုက်နစ်နာအောင် ပြုလုပ်ပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရမည်ဖြစ်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို ခံရမည်ဖြစ်သည်။
ဒုတိယစည်းမျဉ်းမှာ ပွဲစဉ်တစ်ခုချင်းစီသည် ၁၅မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။ ထိုအချိန်အတွင်း အနိုင်အရှုံးမပေါ်ပါက သရေပွဲအဖြစ် သတ်မှတ်မည်ဖြစ်သည်။
တတိယအချက်မှာ ပြိုင်ဘက်၏ ဂိုဏ်း သို့မဟုတ် သိက္ခာကို စော်ကားသည့် မည်သည့်အပြုအမူကိုမဆို တားမြစ်သည်။ နှုတ်ဖြင့် ဆဲရေးတိုင်းထွာခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်သည်။
အင်း… ဒီအချက်က ရှီချန်ကျန်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီးလျော့သွားစေတာပဲ…၊၊
စတုတ္ထအချက်မှာ အာဏာပိုင်များကို စော်ကားသည့် မည်သည့်အပြုအမူကိုမဆို တားမြစ်သည်။ ဤစည်းမျဉ်းကို ချိုးဖောက်သူများသည် ပြိုင်ပွဲမှ ချက်ချင်းထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။
ပဉ္စမအချက်မှာ ရည်ရွယ်ချက်ရှိရှိအလျှော့ပေးခြင်း၊ ပူးပေါင်းကြံစည်ခြင်းနှင့် မရိုးမသားပြုလုပ်ခြင်းများသည်လည်း ပြိုင်ပွဲမှ ချက်ချင်းထုတ်ပယ်ခြင်းခံရမည် ဖြစ်သည်။
ဆဋ္ဌမမြောက် စည်းမျဉ်းမှာ...
စည်းမျဉ်းဆယ်ခုသည် ဖြစ်နိုင်ခြေရှိသော အခြေအနေအားလုံးနီးပါးကို လွှမ်းခြုံထားသော်လည်း ကွင်းအတွင်းရှိ ဒိုင်လူကြီးများ၏ လိုက်လျောညီထွေရှိမှုနှင့် ဆုံးဖြတ်ချက်များက အလွန်အရေးကြီးနေဆဲပင်ဖြစ်သည်၊၊
တစ်ချိန်တည်းမှာပင် ပြိုင်ပွဲဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့သည်။ ၎င်းမှာ သုံးရက်ကြာမြင့်မည်ဟု ခန့်မှန်းရပြီး ပထမနေ့တွင် ပဏာမပွဲစဉ်များကို ကျင်းပမည်ဖြစ်သည်။ အဓိက ပြိုင်ပွဲကျင်းပရာနေရာကို မူလတွင် ကွမ်၊ ကျန်း၊ ကန်၊ ကန်း၊ ကွန်၊ ရှန်၊ လီ၊ သွေ့… ကွင်းငယ် ၈ခု ခွဲခြားထားမည် ဖြစ်သည်။ ကွင်းတစ်ခုစီတွင် ဒိုင်လူကြီး နှစ်ဦးစီ တာဝန်ချထားမည် ဖြစ်သည်။
ဂိုဏ်းကြီးတစ်ခုတည်းမှ တပည့်များ စောစီးစွာ ဆုံတွေ့ပြီး အတွင်းပဋိပက္ခများမဖြစ်ပွားစေရန်အတွက် ကွင်း၈ခုစလုံးတွင် သီးခြားစီမဲနှိုက်ခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ပါဝင်သည့်တပည့်များကို ကွင်းများအတွင်း မျှတစွာခွဲဝေပေးမည်ဖြစ်သည်။ ဂိုဏ်းမရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် မိသားစုပုံစံတာအိုအမွေအနှစ်များကိုလည်း ထိုနည်းဖြင့် စီစဉ်ပေးမည် ဖြစ်သည်။
Chapter 200
ဓားသုံးလက်
ပဏာမပွဲစဉ်များသည် ဒုတိယနေ့၏ အဆင့်သတ်မှတ်ပွဲစဉ်များသို့ တက်ရောက်ရန် ပြိုင်ပွဲဝင် ၁၀၈ဦးကို ရွေးချယ်မည်ဖြစ်ပြီး ၎င်းတို့သည် ရမှတ်စနစ်ကို ကျင့်သုံးကာ ကွင်းလေးခုတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးစီသည် ပွဲစဉ် ၁၀ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နိုင်ပါက ၂ မှတ်၊ သရေကျပါက ၁ မှတ်နှင့် ရှုံးပါက သုညမှတ်ဖြစ်သည်။ ရမှတ်အများဆုံး ရရှိသည့် ပြိုင်ပွဲဝင် ၁၆ဦးသည် တတိယနေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
တာအိုဆရာများ၏ ခန့်မှန်းချက်အရ ထိပ်တန်း ၁၆ဦးတွင် အသက်သုံးဆယ့်ငါးနှစ်အောက် ဒုတိယမျိုးဆက်ဂိုဏ်းသားများ အများစုပါဝင်လိမ့်မည် ဖြစ်သည်။ ထိပ်တန်းအယောက် ၅၀အတွင်း ဝင်ရောက်နိုင်သည့် လူငယ်တပည့်များသည်ပင် အလွန်ထူးချွန်သူများအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။
ဤအရာအားလုံးကို အခြေချပြီးနောက် ဒိုင်လူကြီးကော်မတီသည် နောက်ထပ် ပြဿနာမရှိနိုင်တော့ဟု မူလက ထင်မှတ်ခဲ့ကြသည်။ သို့သော် အင်မော်တယ်တာအိုညီလာခံ မကျင်းပမီ ညနေပိုင်းတွင် စည်းမျဉ်းများကို ထပ်မံပြင်ဆင်ခဲ့ရသည်၊၊အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကျင့်ကြံသူအမြောက်အမြားလည်း ရောက်ရှိလာကြသောကြောင့်ဖြစ်သည်။
အင်မော်တယ်တာအိုညီလာခံကို ကနဦးတွင် တာအိုပွဲတစ်ခုအဖြစ်သာ ရည်ရွယ်ခဲ့ပြီး ဗုဒ္ဓဂိုဏ်းများနှင့် သက်ဆိုင်ခြင်းမရှိပေ။ သို့သော် သမာဓိလမ်းစဉ်၏ ညီညွတ်မှုနှင့် ဗုဒ္ဓဂိုဏ်းများ၏ နက်ရှိုင်းသော အမြစ်တွယ်မှုများကို ထည့်သွင်းစဉ်းစားကာ ယုံကြည်ကိုးကွယ်မှုများကို အချင်းချင်းလေးစားရန်ဟူသည့် စည်းမျဉ်းအသစ်တစ်ခုကို ထပ်မံဖြည့်စွက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ချေ။
အင်မော်တယ်တာအိုညီလာခံဖွင့်ပွဲအခမ်းအနားမကျင်းပမီ နှစ်ဆယ့်လေးနာရီအလိုတွင် စန်းချင်းတောင်သည် ကျင့်ကြံသူများဖြင့် စည်ကားလျက်ရှိသည်။ ဤကြီးကျယ်သောပွဲတော်ကြီးသို့ ကျင့်ကြံသူပေါင်း ၇၀၀၀ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့အနက်အများစုမှာ လာရောက်ကြည့်ရှုရန်၊ အဆက်အသွယ် ပြုလုပ်ရန်နှင့် မိတ်ဆွေဖွဲ့ရန် လာရောက်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနက် တာအိုမြင့်မြတ်တောင်များမှ တက်ရောက်လာသူများသည် စုပေါင်း အရေအတွက်၏ ၈ပုံ ၁ပုံသာရှိပြီး ဂိုဏ်းမရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူ အရေအတွက်မှာလည်း အံ့ဩစရာကောင်းလောက်အောင် များပြားလှသည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တက်ရောက်လာသူများထဲတွင် မိစ္ဆာကျင့်ကြံသူများ၏ သဲလွန်စများကို တွေ့ရှိထားပြီးဖြစ်သော်လည်း ယခုအချိန်အထိ တွေ့ရှိရသူများသည် သာမန်အဆင့်များသာဖြစ်ကြသည်။ သူတို့သည် မိစ္ဆာကျင့်ကြံသူများကို သီးသန့်ပစ်မှတ်ထားခြင်းမဟုတ်ကြောင်းပြသရန်အတွက် အချို့ကို ကျပန်းဖမ်းဆီးခဲ့ကြသည်။
ငါးစာကို ချထားပြီး ဖြစ်သည်။ မိကျောင်းကြီး ကိုက်၊ မကိုက်ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဝမ်ရှန်းကို ရှုပ်ထွေးစေသည်မှာ နောက်ကွယ်မှ အရာအားလုံးကို ကြိုးကိုင်နေသည့် အမျိုးသမီး(ကပ္ပတိန်-ချီလင်း) သည် ယခုအချိန်အထိ ပေါ်မလာသေးခြင်းပင်ဖြစ်သည်။
စန်းချင်းတောင်ပတ်လည်တွင် ဧရိယာကို ပိတ်ဆို့ထားသည့် လက်နက်ကိုင ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေသည့် အထူးစစ်ဆင်ရေးအဖွဲ့ဝင် ရာဂဏန်းလောက်မှလွဲ၍ ပုန်းအောင်းနေသည့် အခြားကြီးမားသော အင်အားစုများ၏ လက္ခဏာကို မတွေ့ရပေ။
ဝမ်ရှန်းသည် အသေးစိတ်အစီအစဉ်များကို စုံစမ်းမေးမြန်းခြင်းမပြုခဲ့ပေ။ သူသည် မိမိ၏ တာဝန်ဝတ္တရားများကိုသာ အာရုံစိုက်ရန်လိုအပ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ စီနီယာအစ်မအား ပြိုင်ပွဲအပြီးတွင် အသုံးဝင်လာနိုင်သည့် ဝိညာဥ်မဲ့ဓားကို ပြင်ဆင်ခိုင်းထားလိုက်သည်။
နေရာအနှံ့တွင် ပြင်ဆင်မှုများပြုလုပ်နေကြစဉ် အင်မော်တယ်တာအိုညီလာခံ၏ ကျင်းပရန် ဆယ်နာရီသာလိုတော့သည်၊၊ ဝမ်ရှန်းနှင့် ဒိုင်လူကြီးများသည် ၎င်းတို့၏ စိတ်ကြိုက်ချုပ်လုပ်ထားသော တာအိုဝတ်စုံများ၊ ပုခုံးတံဆိပ်များ၊ လက်မောင်းတံဆိပ်များနှင့် ရွှေစင်အထိမ်းအမှတ်တံဆိပ်များကို ရရှိခဲ့ကြသည်။
အဟမ်း… ဒါတွေက သိပ်ပြီး အရေးမကြီးပါဘူး။
ကောင်းရှီရှင်းနှင့် ဖေးလျန်ဇီတို့သည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့၏ ဓားတာအိုကို သက်သေပြရန် စိတ်ပိုင်းဖြတ်ထားကြပုံရပြီး တိုက်ခိုက်လိုစိတ်များပြည့်နှက်နေသည်မှာ ထင်ရှားလှသည်။ ဝမ်ရှန်းကမူ တိတ်တဆိတ်သာ ခေါင်းခါမိတော့သည်။
နံနက် ခြောက်နာရီတွင် ပြိုင်ပွဲကျင်းပရာနေရာကို အပြည့်အဝဖွင့်လှစ်လိုက်သည်။ ဝင်ပေါက် ရှစ်ခုစလုံးတွင် လက်မှတ်များကို တစ်ချိန်တည်း စစ်ဆေးခဲ့ကြသည်။ ဖိတ်စာရရှိထားသူများကို အရင်ဝင်ရောက်ခွင့်ပြုပြီး ပိုမိုကောင်းမွန်သော ကြည့်ရှုမှုနေရာများကို ရယူခွင့်ပြုခဲ့သည်၊၊ တာအိုအကြီးအကဲများနှင့် အဆင့်မြင့်တာအိုဆရာများကိုမူ ထုံးစံအတိုင်း အဓိကစင်မြင့်ထက်သို့ ဖိတ်ကြားခဲ့သည်။
ဖိတ်စာမရှိသူများသည် အနည်းငယ် ပိုစောင့်ဆိုင်းခဲ့ရသည်။ သို့သော် တစ်နာရီခန့်အကြာတွင် သူတို့လည်း ကွင်းထဲသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် နောက်ဘက်တွင် ထိုင်ခဲ့ကြသော်လည်း အမြင့်ပိုင်းတွင် ရှိပေသည်။ ကျင့်ကြံသူအများစုမှာ အမြင်အာရုံကောင်းမွန်ကြသဖြင့် သူတို့၏ ကြည့်ရှုမှုကို အနှောင့်အယှက်မဖြစ်စေခဲ့ပေ။
စောင့်ကြည့်လေ့လာရန် ရောက်ရှိနေသည့် အထူးစစ်ဆင်ရေးအဖွဲ့မှ အရာရှိအချို့နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်အချို့သည် ရှေ့စင်မြင့်ရှိ အခြားသူများနှင့် ပူးပေါင်းခဲ့ကြသည်။ အထူးဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့သည် မလိုအပ်ဘဲ အာရုံစိုက်မခံရစေရန် ထောင့်စွန်းများတွင် တိတ်တဆိတ်ထိုင်နေခဲ့ကြသည်။
မြင့်မြတ်တောင်များမှ တာအိုဂိုဏ်းနှင့် တာအိုအမွေအနှစ်စုစုပေါင်း ၂၈ခုတို့က ကိုယ်စားလှယ်များစေလွှတ်ခဲ့ကြသည်။ အဓိကစင်မြင့်ထက်တွင် တာအိုအကြီးအကဲ ၄၀ကျော်နှင့် ပုံရိပ်ယောင်အမြုတေအဆင့်ရှိ တာအိုဆရာသုံးဆယ်ကျော်ရှိနေပြီး ၎င်းတို့အနက် အများစုမှာ မြင့်မြတ်တောင်များမှ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓဂိုဏ်းမှ ကျွမ်းကျင်သူများသည် စင်မြင့်၏ ဘေးဘက်တွင် ထိုင်နေခဲ့ကြပြီး ပွဲစဉ်များကို စောင့်ကြည့်လေ့လာရန် ပိုမိုအာရုံစိုက်နေခဲ့ကြသည်။
ယခုကဲ့သို့ ကျွမ်းကျင်သူများ စုရုံးနေသည်ကို မြင်တွေ့ရသဖြင့် ယင်ယန်ဂိုဏ်းအနေဖြင့် နတ်ဘုရားကျောက်စာချပ်ကို လုယူရဲပါဦးမလားဟူသည့် စိုးရိမ်ပူပန်မှုများရှိနေကြသည်။
နံနက် ခုနစ်နာရီတွင် ဝေးလံသောနေရာမှ ရဟတ်ယာဉ်တစ်စီး ပျံသန်းလာပြီး ၎င်း၏အောက်တွင် သံမဏိသေတ္တာတစ်လုံးကို ချိတ်ဆွဲထားသည်။ ၎င်းမှာ ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့လေသည်။
သံမဏိသေတ္တာကို အဓိကစင်မြင့်၏ နောက်ကွယ်တွင် ထားရှိခဲ့ပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ၁၀ယောက်က စောင့်ကြပ်ထားသည်။ ရဟတ်ယာဉ်နှင့်အတူ ရောက်ရှိလာသည့် သုတေသနအဖွဲ့မှ သက်ကြီးပညာရှင်နှစ်ဦးလည်း သူတို့နှင့်အတူလိုက်ပါလာခဲ့သည်။
ကျောက်စာချပ်ခြောက်ခုအနက် တစ်ခုရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သတင်းများပြန့်နှံ့သွားပြီး ကွင်းအတွင်းရှိ ကျင့်ကြံသူများမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ လကမ္ဘာမှ နတ်ဘုရားကျောက်စာချပ်၊ အမြင့်မြတ်ဆုံး အင်မော်တယ်ကျမ်းစာနှင့် ကောလာဟလများအရ ကမ္ဘာဦးချီစွမ်းအင်များ ပြန်လည်နိုးထလာခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များသည်လည်း ထိုသေတ္တာထဲတွင် ရှိနေသည်။
သို့သော် အင်မော်တယ်တာအိုညီလာခံ၏ ထိပ်တန်းပြိုင်ပွဲဝင် ၈ဦးသာလျှင် နတ်ဘုရားဘုံကျောက်စာချပ်ကို နားလည်သဘောပေါက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။
သံမဏိသေတ္တာကို စနစ်တကျထားရှိပြီးနောက် ကွင်းအတွင်းရှိ စက်ပစ္စည်းများကို အပြည့်အဝအသက်သွင်းလိုက်ပြီး တေးဂီတတူရိယာသံများသည် လေထုထဲတွင် လွင့်မျောလာခဲ့သည်။ ကြိုတင်စာရင်းပေးသွင်းထားသည့် ကျင့်ကြံသူများကို ၎င်းတို့၏ ပြိုင်ပွဲဝင်နံပါတ်များကို လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီသို့ ပြန်လည်ရွှေ့ဆိုင်းခဲ့သည်။ နံနက် ၈ နာရီ မိနစ် ၅၀ တွင် နောက်ဆုံးကျင့်ကြံသူအုပ်စုများသည် ကွင်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ကွင်းထဲသို့ ပထမဆုံးလှမ်းဝင်လာသူမှာ ချင်ယန်ဇီဖြစ်သည်။ အပြာရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုသက်လတ်ပိုင်းအရွယ်ပညာရှင်သည် လူ့လောကသို့ ဆင်းသက်လာသည့် အင်မော်တယ်တစ်ဦးကဲ့သို့ တိမ်တိုက်များပေါ်တွင် လျှောက်လှမ်းလာခဲ့သည်။
သူ၏ ရွှေအမြုတေအလယ်အဆင့်် ကျင့်ကြံခြင်းအရှိန်အဝါသည် ကွင်းတစ်ခုလုံးကို လွှမ်းမိုးထားပြီး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားစေခဲ့သည်။
ချင်ယန်ဇီက အရပ်လေးမျက်နှာသို့လှည့်ကာ ဂါရဝပြုခဲ့ပြီး အဖွင့်စကားအချို့ကို ပြောကြားခဲ့သည်။ သာမန်စကားလုံးများဖြင့် ပြန်ဆိုရလျှင် သူက ယနေ့ ရာသီဥတုကောင်းမွန်ကြောင်း၊ လူတိုင်းလာရောက်နိုင်သည့်အတွက် အလွန်ဝမ်းမြောက်ကြောင်းနှင့် သမာဓိလမ်းစဉ် ထွန်းကားလာပြီး လူတိုင်း၏ ကျင့်ကြံခြင်းများဆက်လက်တိုးတက်ပါစေကြောင်း၊ ထို့မှသာ အင်မော်တယ်ဖြစ်ခြင်း၏ ပိုမိုနက်နဲသော လမ်းစဉ်များကို အတူတကွရှာဖွေနိုင်မည်ဖြစ်ကြောင်း… စသည်တို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူက “ဒီနေ့မှာ စီနီယာအချို့ကလည်း ဒီပြိုင်ပွဲကို သဘာပတိအဖြစ်ဆောင်ရွက်ပေးပါလိမ့်မယ်၊၊ သူတို့ကို ကြိုဆိုလိုက်ကြရအောင်”
လေထဲတွင် ရပ်နေရင်း ချင်ယန်ဇီက ဘေးဘက်သို့ လက်သီးဆုပ်လိုက်သည်။
နောက်ထပ် ရွှေအမြုတေအဆင့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။ ဆံပင်ဖြူနှင့် သက်ကြီးရွယ်အိုတစ်ဦးသည် နူးညံ့သိမ်မွေ့သော အပြုံးဖြင့် အဝါရောင်အဆောင်ပေါ်တွင် စီးနင်းလျက် ရှေ့သို့ လှမ်းလာခဲ့သည်။
လုံဟူရှန်းတောင် ကောင်းကင်သခင်ဂိုဏ်း၏ ကောင်းကင်သခင်က စင်မြင့်ထက်သို့ တက်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို့နောက် အခြားဘက်မှ ရွှေအမြုတေအဆင့် အရှိန်အဝါနှစ်ခုပေါ်ထွက်လာခဲ့သည်။ ဆံပင်ဖြူနှင့် အဘိုးကြီးနှစ်ဦးသည် ဓားပျံများပေါ်တွင် အသီးသီးပေါ်လာခဲ့ကြသည်။
ရှုဓားဂိုဏ်း၏ ဂိုဏ်းချုပ်… တာအိုဆရာချင်လုံ၊၊
ဝူတန်းတောင်၏ ဂိုဏ်းချုပ်ဟောင်း… ယွမ်ဖူကျန်းရန်၊၊
ရွှေအမြုတေအဆင့်ကျင့်ကြံသူ လေးဦးတို့သည် လေထဲတွင် အပြန်အလှန်နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့သည် မထိုင်မီ စကားအနည်းငယ်စီပြောကြားခဲ့ကြသည်။
ပြိုင်ပွဲကို စီစဉ်သူအနေဖြင့် ချင်ယန်ဇီသည် အထင်ရှားဆုံးနေရာတွင် ထိုင်ခဲ့ပြီး သိုင်းလောက၏ မဟာမိတ်ခေါင်းဆောင်တစ်ဦးကဲ့သို့ ကြီးမားသောပုံရိပ်ကို ပေးစွမ်းနေလေသည်။
နောက်တွင် ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းတာအိုဆရာမတစ်ဦးသည် စင်မြင့်ထက်သို့ ဖြည်းညှင်းစွာ တက်ရောက်လာခဲ့သည်။ သူမကို ကွင်းအတွင်းနှင့် ကွင်းပြင်ပရှိ ကြီးမားသော ဖန်သားပြင်ခြောက်ခုတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသခဲ့သည်။
သူမသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖိတ်ကြားထားသည့် အစီအစဉ်တင်ဆက်သူဖြစ်ပြီး သူမ၏ ခိုင်မာသော တင်ဆက်မှုစွမ်းရည်များကြောင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သူမ၏ တာဝန်မှာ ရိုးရှင်းပေသည်၊၊ အဓိကပွဲစဉ်မစတင်မီ တစ်ခုတည်းသော ဖျော်ဖြေမှုကို မိတ်ဆက်ပေးရန် ဖြစ်သည်။
အထူးစစ်ဆင်ရေးအဖွဲ့ဝင် ၂၀၀ကျော်သည် စည်ကြီး ၅၀ကို သယ်ဆောင်ကာ ကွင်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ သူတို့သည် မိနစ်အနည်းငယ်မျှ ပြင်းထန်သော စည်တီးခတ်မှုများကို ဖျော်ဖြေခဲ့ကြပြီး ကြီးကျယ်ခမ်းနားကာ အံ့ဩချီးကျူးဖွယ်ရာလေထုကို ဖန်တီးခဲ့ကြသည်။ ထို့နောက် ဖျော်ဖြေသူများသည် စီးဆင်းနေသော ရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားကြကာ တူရိယာများကို ချန်ထားခဲ့သည်၊၊
ကျင့်ကြံသူများသည် နောက်ထပ်ဖျော်ဖြေမှုများ ရှိဦးမလားဟု တွေးတောနေကြစဉ် မျက်နှာဝိုင်းဝိုင်းနှင့် တာအိုဆရာတစ်ဦးသည် သူ၏ ဓားပျံဖြင့် စည်ကြီးတစ်လုံး၏ အပေါ်ထက်သို့ ပေါ့ပါးစွာ ဆင်းသက်ခဲ့သည်။ ဓားပျံနှစ်လက်သည် သူ၏ပတ်လည်တွင် ဖြည်းညှင်းစွာ ဝဲပျံနေခဲ့ကြသည်။
သူ တည်ငြိမ်စွာ ရပ်နေပြီးနောက် အခြားထောင့်စွန်းမှ ပိန်ပိန်ညိုညို တာအိုဆရာတစ်ဦးသည် ခုန်တက်လာခဲ့သည်။ သူသည် လေထဲတွင် အကြိမ်အနည်းငယ်လှည့်ပတ်ပြီးနောက် စည်အစီအရင်၏ အခြားထောင့်စွန်းသို့ ဆင်းသက်ခဲ့သည်။
အခု ငါ့အလှည့်ပဲ…၊၊
ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသည့် ဝမ်ရှန်းသည် သက်ပြင်းချလိုက်သည်။ သူသည် သူ၏ အမည်မဲ့ဓားရှည်ကို ညာလက်ဖြင့် ကိုင်ထားသည်။ ဘယ်လက်ဖြင့် ဓားလက်ညှိုးပုံစံပြုလုပ်ပြီး လေထဲတွင် အသာယာပွတ်ဆွဲလိုက်သည်။ သူ၏ နတ်ဘုရားအဆင့်ဓားပျံသည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပစ်လွှတ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် သူသည် ရှေ့သို့ ခုန်တက်လိုက်သည်။ ဓားပျံပေါ်သို့ ခြေဖျားဖြင့် နင်းကာ သူသည် လေထဲတွင် မီတာအနည်းငယ်မျှ ထပ်မံပျံသန်းပြီးနောက် စည်အစီအရင်၏ တတိယမြောက်ထောင့်စွန်းသို့ တည်ငြိမ်စွာ ဆင်းသက်ခဲ့သည်။
သုံးဦးလုံး အစီအရင်အတိုင်းရပ်နေကြပြီး သူတို့၏ အကြည့်များဆုံစည်းသွားခဲ့ကြသည်။ ထက်ရှသော ဓားမြည်သံ သုံးချက်ထွက်ပေါ်လာခဲ့ပြီး ဓားဆန္ဒ ၃ခုသည် ကောင်းကင်ဘုံကို ထိုးဖောက်သွားမည့်ဟန်ရှိနေလေသည်။