အခန်း ၃၂၁
Vol. 33 Ch. 321
Chapter 321
ကမ်းဘဲလ် တစ်ကိုယ်လုံး ဒေါသများ အလိပ်လိပ် ထွက်နေခဲ့ရသည်။
သူသည် အမည်ခံ ကိုယ်စားလှယ်တစ်ဦးမျှသာ ဖြစ်ပြီး၊ သူ့နောက်ကွယ်တွင်မူ ဓာတ်ခွဲခန်း အရောင်းအဝယ်မှရမည့် ငွေများကို မျှော်လင့်စောင့်စားနေကြသည့် အကျိုးစီးပွားဆက်နွယ်သူ အမြောက်အမြား ရှိနေခဲ့ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကတင် သူသည် ထိုလူများကို ကိစ္စအဝဝ အဆင်ပြေချောမွေ့နေကြောင်းနှင့် မကြာမီ အချိန်အတွင်း မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း အာမခံထားခဲ့ဖူးသည်။
အထူးသဖြင့် မနေ့က စကူရိုင်းမိသားစုဘက်မှ ထိုမျှအထိ မြင့်မားသော ဈေးနှုန်းကို ကမ်းလှမ်းလာပြီးနောက်တွင် သူသည် မိမိကိုယ်ကို အောင်မြင်သွားပြီဟုပင် ထင်မှတ်ခဲ့မိသည်။
သို့သော် ယခုမူ ချက်ပြီးသား ဘဲကြီးက အနားကနေ ရုတ်တရက် ပျံသန်းထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ၊ သူသည် ဤကိစ္စကို လူတိုင်းအား မည်သို့ ပြန်လည်ရှင်းပြရပါတော့မည်နည်း။
သူ့အနေဖြင့် မျက်နှာပျက်ရရုံမျှမက၊ ကြိုတင်ပြင်ဆင်ထားသည့် အနားယူမည့် အစီအစဉ်ပါ ပျက်ပြားသွားရတော့မည် ဖြစ်ပြီး၊ လုပ်ဆောင်ချက် ညံ့ဖျင်းမှုကြောင့် လက်ရှိ ရာထူးနေရာကိုပါ ဆုံးရှုံးရနိုင်ချေ ရှိသည်။
‘မဟုတ်ဘူး... တစ်ယောက်ယောက်ကတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေတာ သေချာတယ်’
ကမ်းဘဲလ် ပိုမို တွေးတောမိလေလေ စိတ်ထဲတွင် ပို၍ မသက်မသာ ခံစားရလေလေ ဖြစ်သည်။
သူသည် ထောက်လှမ်းရေးဌာနသို့ ဆက်သွယ် စုံစမ်းစစ်ဆေးရန်အတွက် အခန်းထဲရှိ ဖုန်းကို ကောက်ကိုင်လိုက်တော့သည်။
သို့သော် သူ ဖုန်းနံပါတ်များ မနှိပ်ရသေးခင်မှာပင် အခန်းတံခါးဝဆီမှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
"ဖယ်ကြစမ်း... ငါ အဲဒီ ကမ်းဘဲလ် ဆိုတဲ့ကောင်ကို တွေ့ရမယ်"
" လမ်းမဖယ်ပေးရင် အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်ပစ်မယ်"
တံခါးဝဆီမှ ထွက်ပေါ်လာသော အသံများမှာ ကမ်းဘဲလ်အတွက် အလွန်ပင် ရင်းနှီးနေခဲ့သည်။
သူ တံခါးနားသို့ သွားကာ တံခါးကို ဖွင့်၍ ၎င်းတို့အား ခရီးဦးကြိုပြုလိုက်သည်။
"ဆန်းတို့စ်... မိတ်ဆွေကြီး၊ မင်းက ဘာဖြစ်လို့ ငါ့နယ်မြေထဲကို အတင်းအဓမ္မ ဝင်ရောက်လာရတာလဲ"
ဟိုတယ်တစ်ခုလုံးတွင် ကမ်းဘဲလ်ကို အကာအကွယ်ပေးရန်အတွက် အမေရိကန်နိုင်ငံမှ စစ်သားများကို ချထားခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင် ဆန်းတို့စ်သည် ရိုင်ဖယ်သေနတ်များကိုယ်စီ ကိုင်ဆောင်ထားသည့် လူပေါင်း ဒါဇင်ချီကို ခေါ်ဆောင်လာခဲ့ပြီး၊ အချို့၏ ရင်ဘတ်တွင်မူ ဖောက်ခွဲရေးပစ္စည်း အထုပ်အပိုးများကိုပါ ပတ်ထားကြရာ ၎င်းတို့မှာ လာရောက်လည်ပတ်သည့် ဧည့်သည်များ မဟုတ်ကြကြောင်း သိသာထင်ရှားလှပေသည်။
"ဟဲဟဲ... ကမ်းဘဲလ်... မင်းက တကယ့်ကို အကြံသမားကြီးပဲပဲ"
ဆန်းတို့စ်၏ မည်းမှောင်နေသော မျက်နှာကြီးမှာ ဒေါသကြောင့် တုန်ရီနေခဲ့သည်။
"ငါတို့တွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားကြတာလေ၊ စကူရိုင်းမိသားစုက ဓာတ်ခွဲခန်းကို ဈေးကြီးကြီးနဲ့ ဝယ်ပြီးရင် ငါက ဝေစုရရမှာ မဟုတ်ဘူးလား"
"စကူရိုင်းမိသားစုက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကမ်းလှမ်းထားတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့လူတွေ အကုန်လုံး ရုတ်တရက် ပျောက်ချက်သားကောင်းသွားခဲ့ပြီ”
“ ပြောစမ်း... မင်းက ငါ့ဝေစုကို မပေးချင်လို့ သူတို့နဲ့ တိတ်တဆိတ် သဘောတူညီမှုတစ်ခုခု လုပ်ပြီး သူတို့ကို ဖုန်းကွယ်ပေးလိုက်တာမလား"
ကမ်းဘဲလ်သည် စကူရိုင်းမိသားစုအပေါ် ဒေါသထွက်နေရသည့် ကြားထဲ ဆန်းတို့စ်၏ အော်ဟစ်ဆဲဆိုမှုကိုပါ ခံလိုက်ရသဖြင့် နားထဲတွင် တစ်ဝီဝီ အသံများ လည်ထွက်သွားခဲ့ရသည်။
"ဆန်းတို့စ်... စိတ်မဆိုးပါနဲ့ဦး၊ မင်းလူတွေကို သေနတ်တွေ အောက်ချခိုင်းလိုက်ပါ၊ ပြီးရင် ငါနဲ့အတူ အထဲဝင်ခဲ့ဦး၊ ငါတို့ သေသေချာချာ တိုင်ပင်ကြတာပေါ့"
သူသည် မိမိ၏ ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်သည်။
သူ့တွင် လူအမြောက်အမြား ရှိသော်လည်း အကယ်၍ ရန်ပွဲသာ ဖြစ်ပွားခဲ့ပါက ကျည်ဆန်များမှာ မျက်စိမပါသဖြင့် လွင့်စင်လာပေလိမ့်မည်။
အကယ်၍ သူသာ ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ပါက လုံးဝ မထိုက်တန်ချေ။
ပညာရှိဟူသည် ရှုံးမည့်ပွဲကို မနွှဲအပ်ပေ၊ ဤကိစ္စကို ညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းသင့်သည်။
လက်ပါလာခြင်းက အဆိုးရွားဆုံး အဖြေရှာနည်း ဖြစ်ပေသည်။
ထို့အပြင် ဤသည်မှာ နားလည်မှုလွဲမှားခြင်းသာ ဖြစ်သဖြင့် ရန်ဖြစ်နေရန် မလိုအပ်ချေ။
ဆန်းတို့စ်ကမူ လျှော့မပေးဘဲ ဇွတ်တရွတ် ပြုမူနေဆဲ ဖြစ်သော်လည်း၊ ကမ်းဘဲလ်က မိမိထံသို့ ချိန်ရွယ်ထားသည့် သေနတ်ပြောင်းဝကို အောက်သို့ ဖိချလိုက်ပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။
"လာပါ... ငါ ဘရန်ဒီတစ်ပုလင်း ဖွင့်ထားတာ ရှိတယ်၊ ငါတို့ အတူတူ သောက်ကြတာပေါ့"
ဆန်းတို့စ်သည် သူ့ကို မိနစ်ဝက်ခန့် မျက်မှောင်ကြုတ်၍ ကြည့်ရှုလိုက်ပြီးနောက်၊ လက်ကို မြှောက်ကာ အားလုံးကို အပြင်တွင် အသင့်စောင့်ဆိုင်းနေရန် အမိန့်ပေးလိုက်ပြီး ကမ်းဘဲလ်၏ အခန်းထဲသို့ လှမ်းဝင်လိုက်သည်။
၎င်းတို့နှစ်ဦးမှာ ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ဆန်းတို့စ်သည် ကမ်းဘဲလ် ငှဲ့ပေးထားသည့် ကော့ညက်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံတည်းဖြင့် အကုန် မော့ချပစ်လိုက်သည်။
ကမ်းဘဲလ်မှာ နှမြောတသဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး မတတ်သာဘဲ ပြောလိုက်သည်။
"ဒီဝိုင်ကို အဲလိုမျိုး မသောက်ရဘူးလေ၊ အရသာခံပြီး သောက်ရမှာ"
"စကားမရှည်နဲ့တော့... ငါ့ကို သေသေချာချာ ရှင်းပြစမ်း၊ မင်းနဲ့ စကူရိုင်းမိသားစုက ငါ့ကို ပူးပေါင်းပြီး လှည့်စားနေကြတာမလား"
ဆန်းတို့စ်၏ အမူအရာမှာ ပုံမှန်အချိန်များတွင် ပြုံးရွှင်နေတတ်ပြီး ကောက်ကျစ်တတ်သော စီးပွားရေးသမား ပုံစံနှင့် လုံးဝ ကွဲပြားလျက် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
ဤသို့ လူလိမ်မှ အရင်ဦးအောင် တရားစွဲသည့် နည်းဗျူဟာမှာ ကျိုးထျန်းက သူ့အတွက် ကြိုတင်စီစဉ်ပေးထားသည့် ပြဇာတ်တစ်ခု ဖြစ်ပေသည်။
ကမ်းဘဲလ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သေချာပေါက် ခံစားမိနေမည် ဖြစ်ပြီး ဆန်းတို့စ်ကို သံသယအဝင်ဆုံး ဖြစ်နေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအရောင်းအဝယ်တွင် ပါဝင်ပတ်သက်သူ သုံးဦးသာ ရှိသောကြောင့် ဖြစ်သည်။
မိမိကိုယ်တိုင်နှင့် စကူရိုင်းမိသားစုအပြင်၊ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်နေသည့် ဆန်းတို့စ်သာ ရှိသည်။
ဤအချက်ကြောင့်ပင် ကျိုးထျန်းအနေဖြင့် လက်ရှိအဆင့်တွင် ဆန်းတို့စ် ဖော်ကောင်မဖြစ်သွားစေရန် သေချာပေါက် ဆောင်ရွက်ရမည် ဖြစ်ပြီး၊ အကယ်၍ သူသာ ပေါ်သွားခဲ့ပါက မိမိ၏ အစီအစဉ်များအားလုံး ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် တိုက်စစ်ဆင်သည့် ဆက်သွယ်မှုပုံစံကို အသုံးပြုကာ ကမ်းဘဲလ်၏ တံခါးဝသို့ တန်းစီလာရောက်ကာ ဆဲဆိုအော်ဟစ်စေပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်သည်။
ဆန်းတို့စ်အား ကမ်းဘဲလ်နှင့် စကူရိုင်းမိသားစုအပေါ် ဒေါသနှင့် သံသယများကို အပြည့်အဝ ဖော်ပြခိုင်းခြင်းအားဖြင့်၊ သူသည် တိတ်တဆိတ် ကြံစည်နေသည်ဟူသော သံသယများမှ ကင်းဝေးသွားစေနိုင်သည်။
ဤနည်းဗျူဟာက တကယ်ပင် ထိရောက်မှု ရှိခဲ့သည်။
ကမ်းဘဲလ်သည် ဆန်းတို့စ်၏ သရုပ်ဆောင်မှုအောက်တွင် လုံးဝ အရူးလုပ်ခြင်းကို ခံလိုက်ရတော့သည်။
ယခုအခါတွင် သူသည် ဆန်းတို့စ်ကို လုံးဝ သံသယမဝင်တော့ရုံမျှမက၊ တစ်ဖက်လူက ရုတ်တရက် ဒေါသပေါက်ကွဲပြီး မိမိအား ရန်ပြုလာမှာကို စိုးရိမ်သဖြင့် အတင်းအကျပ် ပြန်လည်နှစ်သိမ့်ပေးနေရသည်။
ဆန်းတို့စ်သည် ဒေသခံဘာသာစကားဖြင့် ကျိန်ဆဲရင်း ဝိုင်ကို တရစပ် သောက်နေသည်။
ကမ်းဘဲလ် ရှင်းပြ၍ ပြီးဆုံးသွားသည့် အခါတွင်မူ ဘရန်ဒီတစ်ပုလင်းနီးပါးမှာ သူ့ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ကမ်းဘဲလ်... မင်း ပြောတာ တကယ်ပဲလား၊ မင်းက စကူရိုင်းမိသားစုနဲ့ပေါင်းပြီး ငါ့ကို ကစားနေတာ မဟုတ်ဘူးလို့ သေချာလား"
ဆန်းတို့စ်မှ ခေါင်းကို စောင်းလျက် သူ့ကို စိုက်ကြည့်လိုက်သည်။
"လုံးဝ မဟုတ်ပါဘူး၊ ငါက ဓာတ်ခွဲခန်းကို မင်းထက်တောင် ပိုပြီးတော့ အမြန်ဆုံး ရောင်းချချင်နေတာ"
သူသည် ယခုအခါတွင် အလွန် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အစီအစဉ်က ပျက်ပြားသွားခဲ့ပြီ ဖြစ်ပြီး အလားအလာရှိသော ဝယ်ယူမည့်သူလည်း လုံးဝ မရှိတော့ချေ။
‘နေဦး... ဒါက မဟုတ်သေးပါဘူး။ ဆန်းတို့စ်က အရင်ကတည်းက ဓာတ်ခွဲခန်းကို ဝယ်ယူချင်နေခဲ့တာ မဟုတ်ဘူးလား’
‘ပြီးတော့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခင်တုန်းကလည်း တစ်ကယ်လို့ စကူရိုင်းမိသားစုကို ဈေးကြီးကြီးနဲ့ ရောင်းချမယ့် အစီအစဉ် ပျက်သွားခဲ့ရင် သူကိုယ်တိုင် ဓာတ်ခွဲခန်းကို လွှဲပြောင်းယူဖို့ အသင့်ရှိပါတယ်လို့ ပြောခဲ့ဖူးသေးတယ်’
ကမ်းဘဲလ်၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားခဲ့ပြီး၊ ဒေါသနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် မှုန်မှိုင်းနေမှုများမှာလည်း ကွယ်ပျောက်သွားခဲ့ရသည်။
‘ဟုတ်သားပဲ... သူ့ကိုလည်း ရောင်းလို့ရတာပဲ’
‘ငါတို့တွေ ဓာတ်ခွဲခန်းကို သူ့ဆီ ရောင်းချနိုင်ရင် ရင်းနှီးမြှုပ်နှံမှုကို အမြန်ဆုံး ပြန်ရနိုင်ပြီး၊ အနည်းဆုံးတော့ အထက်လူကြီးတွေကို စိတ်ကျေနပ်မှု ပေးနိုင်လိမ့်မယ်’
‘ရမယ့် အကျိုးအမြတ်က နည်းသွားမှာ ဆိုပေမဲ့ ငါတို့ရဲ့ တာဝန်ကိုတော့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဦးမှာပဲ’
သူသည် ဆန်းတို့စ်ကို ပြုံးပြလိုက်ပြီး အခြေအနေကို ရှင်းပြလိုက်တော့သည်။
မျှော်လင့်မထားဘဲ ဆန်းတို့စ်က ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။
"ဟင့်အင်း... ငါ မဝယ်ဘူး" သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဒါက အရင်က သဘောတူထားတာလေ" ကမ်းဘဲလ်လည်း ပျာယာခတ်သွားခဲ့ရသည်။
ဤလူက ဘာဖြစ်လို့ ကတိဖျက်ချင်နေရပါသနည်း။
ကတိဖျက်ခြင်းဟူသည် အမေရိကန်နိုင်ငံသာ လုပ်ဆောင်လေ့ရှိသည့် အရာ ဖြစ်ပြီး၊ ယခုအခါတွင် ဤလူမည်းကြီးပါ လိုက်၍ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
"မင်းက မရောင်းရတော့မှ ငါ့ကို လာပြီး လွှဲပေးချင်တာလား၊ လုံးဝ မဖြစ်နိုင်ဘူး" ဆန်းတို့စ်က သူ့ကို အထာနပ်ဟန်ဖြင့် ကြည့်လိုက်သည်။
"ငါ မင်းကို ပိုပြီးတော့ ကောင်းတဲ့ ဈေးနှုန်းတစ်ခု ပေးနိုင်ပါတယ်၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆိုရင်ကော ဘယ်လိုလဲ၊ ဒါက စကူရိုင်းမိသားစုရဲ့ သန်း ၅၀၀ ထက်စာရင် အများကြီး ပိုပြီးတော့ သက်သာတယ်"
"မင်းက ငါ့ကို အရူးလို့ ထင်နေတာလား၊ အဲဒီဈေးနှုန်းကို မြှင့်တင်ပေးခဲ့တာ ငါကိုယ်တိုင်လေ၊ မင်းက အဲဒါကိုတောင် လာပြောရဲသေးတယ်"
ဆန်းတို့စ်က သူ့ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
မိမိ သတ်မှတ်ပေးထားသည့် ဈေးနှုန်းကို အသုံးပြုပြီး မိမိအား ပြန်လည် ဈေးခေါ်နေခြင်းလော။
သူ ရူးနေသည်မှာ သေချာသည်။
"ငါ အခုဝယ်လိုက်ရင်တောင် အဲဒါကို ပြန်ရောင်းပြီး အကျိုးအမြတ်ရဖို့က အတော်လေး ခက်ခဲသွားပြီ၊ ငါ ဆက်သွယ်လို့ရတဲ့ ဝယ်မယ့်သူ အများစုက စိတ်ဝင်စားမှု မရှိကြတော့ဘူး"
"ဒါတွေအကုန်လုံးက အဲဒီ ဂျပန်တွေကြောင့်ပဲ"
ဆန်းတို့စ်၏ အမူအရာမှာ သန်းပေါင်းများစွာ ဆုံးရှုံးသွားရသည့်အလား သွားများကို တင်းတင်းကြိတ်ထားခဲ့သည်။
ကမ်းဘဲလ်သည် အပြည့်အဝ စာနာမိသော်လည်း ယခုအချိန်မှာ ထိုအကြောင်းကို ပြောနေရမည့် အချိန် မဟုတ်ချေ။
"ဒါဆို မင်းရဲ့ ဆိုလိုရင်းက ဘာလဲ"
"အကယ်၍ မင်းက ငါ့ကို ဝယ်စေချင်တယ်ဆိုရင် သန်း ၂၀ ပဲ ပေးနိုင်မယ်၊ ဒါထက် ပိုမယ်ဆိုရင်တော့ တခြားလူကိုသာ ရှာလိုက်တော့"
ဆန်းတို့စ်သည် အစပိုင်းတွင် မတန်တဆ ဈေးနှုန်းတစ်ခုကို တောင်းဆိုလိုက်ပြီး၊ ထို့နောက်တွင် တစ်ဖက်လူ လုံးဝ လက်မခံနိုင်မည့် ဈေးနှုန်းအထိ လျှော့ချလိုက်ခြင်းအားဖြင့် ၎င်းတို့၏ အနိမ့်ဆုံး စံနှုန်းကို လျှော့ချရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ... အိမ်မက်မက်နေတာပဲ" ကမ်းဘဲလ် စားပွဲကို ပြင်းထန်စွာ ထုလိုက်တော့သည်။
"ကောင်းပြီ... ဒါဆိုရင်တော့ နောက်မှပဲ ဆုံကြတာပေါ့" ဆန်းတို့စ် မတ်တပ်ရပ်၍ ထွက်ခွာရန် ပြင်လိုက်သည်။
သူ တံခါးဝသို့ ရောက်ရှိလုနီးအချိန်တွင်မှ ကမ်းဘဲလ်၏ အနောက်ကနေ လှမ်း၍ ခေါ်သံကို ကြားလိုက်ရသည်။
"ပြန်လာခဲ့... ငါတို့ ထပ်ပြီးတော့ ဆွေးနွေးကြသေးတာပေါ့"