အခန်း ၃၂၄
Vol. 33 Ch. 324
Chapter 324
အတန်ကြာ စောင့်ဆိုင်းပြီးနောက် ၎င်းတို့အားလုံးမှာ ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို မရှာဖွေနိုင်ဘဲ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေကြသည်ကို မြင်တွေ့ရသောအခါ ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။
"ကဲ... ဒါဆိုရင်လည်း ဒီလောက်ပါပဲ"
"လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော်တို့တွေ ဈေးနှုန်းအပေါ်မှာ သဘောတူညီမှုမရနိုင်ဘူးဆိုရင်တော့ စဉ်းစားတွေးခေါ်ပုံကို နည်းနည်းလောက် ချဲ့ပြီး ပိုက်ဆံကုန်ကျမှုမရှိတဲ့ နည်းလမ်းမျိုးကို ပြောင်းပြီး ကြိုးစားကြည့်ရင်ကော မကောင်းဘူးလား"
အခြားသူများက သူ့ကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
‘ပိုက်ဆံကုန်ကျမှုမရှိတဲ့ နည်းလမ်း ဟုတ်လား။ မင်းလို ပိုက်ဆံမက်တဲ့ကောင်က ဒီလိုမျိုး အကြံကောင်းတစ်ခုကို တကယ်ပဲ စဉ်းစားမိတာလား’
"ကျွန်တော် အရင်ဦးဆုံး စကားပြောခွင့်ပြုပါအုံး၊ လူကြီးမင်းတို့က နားထောင်ပေးရုံပါပဲ"
"ကောင်းပြီ... ပြောပါဦး"
"ဟေးလုံကျန်းက သယံဇာတ ပေါကြွယ်ဝပြီး သတ္တုတွင်းတွေ အများကြီးရှိတယ်ဆိုတာ လူကြီးမင်းတို့လည်း သိပြီးသားပဲ ဖြစ်မှာပါ"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းမှာ သဘာဝကျစွာပင် သိရှိထားပြီးသား ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
မဟုတ်ပါက နိုင်ငံတော်ဘက်မှ ဤနှစ်များအတွင်း ထိုနေရာတွင် ထိုမျှလောက်အထိ အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံနေလိမ့်မည် မဟုတ်ချေ။
ထိုနေရာသို့ ပိုက်ဆံများ ပုံအောပေးနေခြင်းမှာ တတိယကမ္ဘာမှ ညီအစ်ကိုများကို ထောက်ပံ့ပေးနေရုံသက်သက်မျိုး မဟုတ်ချေ။
အကျိုးအမြတ် ပြန်လည်ရရှိနိုင်သည့် အရာများသာလျှင် ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။
"ဘီတာလုံခြုံရေးကုမ္ပဏီ တည်ရှိတဲ့ ဒေသတစ်ဝိုက်မှာ သတ္တုသယံဇာတ အမြောက်အမြား ရှိနေပါတယ်”
" ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး အဆင်မပြေတာကြောင့်ရယ်၊ ပတ်ဝန်းကျင်က သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို လူဖြူတွေက ထိန်းချုပ်ထားတာကြောင့်ရယ်ကြောင့် ဒီလိုမျိုး အရည်အသွေးမြင့် သယံဇာတတွေကို ဥရောပနဲ့ အမေရိကန်နိုင်ငံတွေကပဲ အမြတ်ထုတ်ပြီး စားသုံးခွင့် ရရှိနေကြတာပါ"
"ဒါပေမဲ့ အကယ်၍ ဘီတာလုံခြုံရေးကုမ္ပဏီကသာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်မယ်”
“ အထူးသဖြင့် ဆိပ်ကမ်းတွေကိုပါ ပိုင်ဆိုင်ခွင့် ရရှိမယ်ဆိုရင်တော့ သတ္တုတွေတင်မကဘဲ ဒီဓာတ်ခွဲခန်းကိုပါ ဖျက်သိမ်းပြီး ဟေးလုံကျန်းကနေ ပိုပြီးတော့ လွယ်လွယ်ကူကူ သယ်ထုတ်သွားနိုင်မှာလေ”
ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူစု၏ မျက်လုံးများ လင်းလက်သွားခဲ့ကြပြီး တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားကြသည့်ပုံ ရပေသည်။
"ဟေးလုံကျန်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နိုင်ငံအတော်များများကလည်း ကုန်သွယ်ရေးဆိပ်ကမ်းတွေနဲ့ ရထားလမ်းတွေ တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြပြီဆိုတာ ကျွန်တော် သိထားပါတယ်”
“ဒါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်ခြား ... အမြော်အမြင်ကြီးမားတဲ့ ကဏ္ဍတွေအတွက် အကျိုးရှိစေမှာပါ"
သူသည် စကားကို အကျယ်ချဲ့၍ မပြောတော့ချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အထက်လူကြီးများ၏ ရေရှည်မဟာဗျူဟာနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်ပြီး၊ မိမိကဲ့သို့ သာမန်လူတစ်ယောက်အနေဖြင့် ဝင်ရောက်မှတ်ချက် မပေးသင့်သောကြောင့် ဖြစ်သည်။
"ဒါကြောင့်မို့လို့... အောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားပြီးသားပဲဆိုတော့ ဒီဒေသမှာလည်း ဘာဖြစ်လို့ အဲဒီပုံစံအတိုင်း ထပ်မံပြီး အကောင်အထည်မဖော်နိုင်ရမှာလဲ"
"ထပ်ပြောရရင် ဆိပ်ကမ်းတွေနဲ့ ရထားလမ်းတွေ တည်ဆောက်ဖို့အတွက် အရေးကြီးဆုံး ကြိုတင်သတ်မှတ်ချက်က ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးပဲ ဖြစ်ပါတယ်”
“ဘီတာလုံခြုံရေးကုမ္ပဏီ ရှိနေတဲ့ ဒေသတွေဟာ ဘေးကင်းလုံခြုံမှု ရှိမရှိနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တည်ငြိမ်မှု ရှိမရှိဆိုတာကို လူကြီးမင်းတို့ စုံစမ်းကြည့်လို့ ရပါတယ်"
မာတုန်းလိုင် နားထောင်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ဤကောင်လေးက တကယ့်ကို ထက်မြက်လှပေသည်၊ အထက်လူကြီးများ လက်ရှိအချိန်တွင် အလေးအနက်ထား စိုးရိမ်ပူပန်နေသည့် ကိစ္စရပ်တစ်ခုကို ချက်ချင်းပင် လှမ်း၍ ဆုပ်ကိုင်မိသွားခြင်း မဟုတ်ပါလား။
အမှန်စင်စစ် ဟေးလုံကျန်းတွင် ဆိပ်ကမ်းများနှင့် ရထားလမ်းများ ရှိနေခဲ့ပြီး ၎င်းတို့အားလုံးမှာ တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်းများမှာ အခမဲ့ ဖြစ်သော်လည်း၊ တည်ဆောက်ပြီးစီးသွားသည့်အခါ ဆိပ်ကမ်းအသုံးပြုခွင့်ကို နှစ်ပေါင်း ၅၀ မှ ၁၀၀ အထိ ရရှိမည် ဖြစ်သဖြင့် ၎င်းမှာ အလွန်အမင်း အကျိုးအမြတ်များပြားလှသော အရောင်းအဝယ်တစ်ခု ဖြစ်ပေသည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများကို အလုပ်သမားများအဖြစ် ပြောင်းလဲပေးနိုင်သည်။
ဤကဲ့သို့သော အလွန်အမင်း နောက်ကျကျန်ရစ်နေသည့် ဒေသများသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အထက်လူကြီးများ မျှော်မှန်းထားသည့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး ဟူသော အယူအဆနှင့်လည်း ကွက်တိကျ ရောသွားခဲ့သည်။
ဤ အကြောင်းရင်းများကြောင့်ပင် ရန်လိုသော အချို့သော နိုင်ငံများက အကျိုးရှိလှသော စီမံကိန်းများကို ကိုလိုနီစနစ်အသစ်ဟူ၍ ၎င်းတို့၏ စံနှုန်းများဖြင့်သာ တိုင်းတာပြီး အပုပ်ချ စွပ်စွဲနေကြခြင်း ဖြစ်ပေသည်။
၎င်းမှာ အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် အခြေအနေတစ်ခု ဖြစ်ပေသည်။
တရုတ်နိုင်ငံအနေဖြင့် ဟေးလုံကျန်းရှိ ပြည်သူများ ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်ပြီး အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရခြင်းမျိုး မရှိစေရန် မျှော်လင့်ထားသည်။
သို့သော် ထိုထောင်လွှားစော်ကားတတ်သော လူဖြူများကမူ မိမိတို့မှတစ်ပါး အခြားသော လူမျိုးစုအားလုံးကို ရွှံ့နွံထဲသို့ ဆွဲနှစ်ထားပြီး မိမိတို့၏ အကျိုးအမြတ်အတွက် ကျွန်ပြုရန်သာ လိုလားကြသည်။
ထို့ကြောင့် ဤသို့သော မဟာဗျူဟာမြောက် စီမံကိန်းကြီးမှာ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အမင်း အရေးပါလှပေသည်။
နိုင်ငံငယ်လေးအတော်များများမှာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြပြီး ဤကဲ့သို့သော ပူးတွဲတည်ဆောက်ရေး ပုံစံမျိုးကို လုပ်ဆောင်နိုင်မည့် အလားအလာများကို ရှာဖွေနေကြသည်။
ကျိုးထျန်း၏ အကြံပြုချက်က သူသည်လည်း ဤကဏ္ဍအပေါ် စိတ်ဝင်စားမှု ရှိနေကြောင်း ပြသနေခဲ့သည်။
ထို့အပြင် သူ သိရှိထားသလောက်ဆိုလျှင် ထိုဘီတာလုံခြုံရေးကုမ္ပဏီကို တာဝန်ယူကိုင်တွယ်နေသူမှာ ဆန်းတို့စ်ဟု အမည်ရသည့် ဒေသခံ စစ်ဘုရင်တစ်ဦး ဖြစ်ပြီး၊ ထိုစစ်ဘုရင်သည် ကျိုးထျန်းနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ရှိနေကြောင်း အရိပ်အယောင်အားလုံးက ပြသနေခဲ့သည်။
၎င်းတို့နှစ်ဦး မည်သို့ မိတ်ဆွေဖြစ်သွားခဲ့ကြသည်ကို သေသေချာချာ မသိရှိကြသော်လည်း၊ ၎င်းတို့ ရှင်းရှင်းလင်းလင်း သိရှိထားသည့် အချက်တစ်ချက်မှာမူ...
ဆန်းတို့စ်ဟု အမည်ရသည့် ထိုလူသည် ယနေ့ကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိလာနိုင်ခြင်းမှာ ကျိုးထျန်း၏ ငွေကြေးထောက်ပံ့မှုကြောင့်သာ ဖြစ်ပေသည်။
မာတုန်းလိုင် မိမိဘေးရှိ လူများကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ငါ အပြင်ထွက်ပြီး ဖုန်းတစ်ချက်လောက် ဆက်လိုက်ဦးမယ်"
သူသည် မိမိ၏ ဖုန်းကို ကောက်ကိုင်လိုက်ပြီး မှန်အိမ်လေးထဲမှ ထွက်ခွာသွားခဲ့တော့သည်။
သူသည် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီး ခေါ်ဆိုလိုက်ရာ အခြားတစ်ဖက်မှ လူမှာမူ သဘာဝကျစွာပင် အစိုးရသက်တော်စောင့်တပ်ဖွဲ့မှ ရာထူးကြီးအရာရှိကြီးတစ်ဦး ဖြစ်ပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် မာတုန်းလိုင်သည် ဖုန်းကို ကိုင်လျက် အခန်းထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
ဖုန်းမှာမူ ဆက်သွယ်ထားဆဲ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"ရော့... ဒီဖုန်းက မင်းအတွက်ပဲ"
ကျိုးထျန်း ခဏမျှ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ အခြားတစ်ဖက်တွင် မည်သူ ရှိနေမည်ကို သူ ကြိုတင်၍ ခန့်မှန်းမိထားသည်။
ထိုလူလတ်ပိုင်းအမျိုးသားမှာ သူ့ကို အတော်လေး ဖိအားပေးနိုင်သူ ဖြစ်သဖြင့် သူနှင့် စကားသိပ်မပြောချင်ပေ။
သူသည် မတတ်သာဘဲ ဖုန်းကို လှမ်းယူလိုက်သောအခါ အခြားတစ်ဖက်မှ တည်ငြိမ်လေးနက်လှသော အမျိုးသား အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရှောင်ကျိုး... မတွေ့ရတာ ကြာပြီပဲ၊ မင်း အခု တက္ကသိုလ်တက်နေပြီ မဟုတ်လား"
"ဟုတ်တယ် ဘော့စ်... ကျွန်တော် မနက်ဖြန်လည်း ကျောင်းတက်ရဦးမှာမလို့ အခုပဲ ဖုန်းချပြီး သွားအိပ်လိုက်ရမလား"
သူက ထိုကဲ့သို့သော အရေးပါလှသည့် ပုဂ္ဂိုလ်ကြီးကို ဤသို့သော လေသံမျိုးဖြင့် စကားပြောဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ အခြားသူများအားလုံးမှာ ကျောရိုးထဲအထိ စိမ့်သွားခဲ့ရပြီး ၎င်းတို့၏ ကျောပြင်များတွင် ချွေးစေးများပင် ထွက်ပေါ်လာခဲ့တော့သည်။
ဤသည်မှာ ကျားအမြီးကို သွားပြီး ဆွဲလိုက်သလိုမျိုး မဟုတ်ပါလော။
သို့သော် ထိုလူကြီးမှာမူ လုံးဝ ဒေါသ ထွက်ခြင်းမရှိသည့်အပြင် အော်ဟစ်၍ပင် ရယ်မောလိုက်တော့သည်။
"ဟာဟား... မင်းကတော့လား... ကောင်လေး၊ မစိုးရိမ်ပါနဲ့၊ ငါက လူသားစားတဲ့ ကျားကြီး မဟုတ်ပါဘူး၊ ငါတို့တွေ သေသေချာချာ ဆွေးနွေးကြတာပေါ့"
"ဒါနဲ့ ကျောင်းအကြောင်း ပြောရဦးမယ်၊ မင်းရဲ့ ကျောင်းမှာ ဒီရက်ပိုင်းအတွင်း ကိစ္စတွေ အတော်လေး များနေခဲ့တယ်နော်”
“ပထမဆုံး အစားအစာ အဆိပ်သင့်တဲ့ ကိစ္စ၊ ပြီးတော့ ကျောင်းသားတွေက လုံခြုံရေးဝန်ထမ်းတွေနဲ့ ရန်ဖြစ်တဲ့ ကိစ္စ၊ အခုကျတော့ ဒုကျောင်းအုပ်ကြီး ခုန့်က ငွေကြေးဆိုင်ရာ ပြဿနာတွေ ရှိနေပြန်ရော၊ မင်းအနေနဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဘာများ တွေးမိလဲ"
ကျိုးထျန်း တည်ငြိမ်စွာဖြင့်ပင်
"ဒီလို ကိစ္စတွေ အများကြီး ဖြစ်သွားတာလား၊ ကျွန်တော် ဘာဖြစ်လို့ မသိရတာလဲ"
"ကဲပါ... မင်းရဲ့ ကျောင်းအုပ်ကြီး ရှုက ဤကိစ္စရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို စုံစမ်းဖို့အတွက် လူအတော်များများကို စုံစမ်းခိုင်းထားပြီးပြီ”
“ငါသာ ဒီဘက်ကနေ စောင့်ကြည့်မပေးထားဘူးဆိုရင် မင်း အဖမ်းခံရပြီး စစ်ဆေးမေးမြန်း ခံနေရတာ ကြာလှပြီ"
"ငါ အရင်တုန်းက မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား”
“တစ်ချို့အရာတွေကို လုပ်လို့ရပေမဲ့ အလွန်အကျွံတော့ မလုပ်ပါနဲ့လို့ မှာထားခဲ့တယ်မလား၊ မင်း ဒီတစ်ကြိမ်မှာတော့ နည်းနည်း အလွန်အကျွံ ဖြစ်သွားခဲ့ပြီ"
ကျိုးထျန်း ထိုလူကြီး ကျောင်းအကြောင်းကို စတင်၍ ထည့်သွင်းပြောကြားလိုက်ကတည်းက မိမိ၏ ကိစ္စရပ်များမှာ ထိုလူကြီးရှေ့တွင် ဖုံးကွယ်ထား၍ မရတော့ကြောင်း သိရှိလိုက်ရသည်။
"လူကြီးမင်းခင်ဗျာ... အဲဒီဒုကျောင်းအုပ်ကြီးက ကျွန်တော် ကျောင်းကို စရောက်ကတည်းက သန်းနဲ့ချီတဲ့ ပိုက်ဆံတွေကို အတင်းအဓမ္မ ငွေညှစ်ဖို့ ကြံနေခဲ့တာလေ”
“ကျွန်တော့်ဘက်ကနေ ဘာမှ ပြန်မလုပ်ဘဲ နေရမှာလား"
အခြားတစ်ဖက်မှ လူမှာ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့ရသည်။
"မင်းမှာ သက်သေ ရှိလား"
"ကျွန်တော့်မှာ အသံဖမ်းထားတာ ရှိပါတယ်"
"ကောင်းပြီ... အဲဒီအသံဖမ်းထားတာကို တုန်းလိုင်ဆီ လွှဲပေးလိုက်၊ ငါ စစ်ဆေးရေးဌာနကို အကြောင်းကြားလိုက်မယ်”
“အကယ်၍ အခြေအနေတွေက မင်းပြောသလို တကယ်ပဲ ဖြစ်နေမယ်ဆိုရင်တော့ ငါ ဘာမှ မမြင်ခဲ့သလိုပဲ နေပေးလိုက်မယ်"
"ကဲ... အခု အရေးကြီးတဲ့ ကိစ္စကို ပြန်သွားကြရအောင်၊ မင်းမှာ ဟေးလုံကျန်းကို တည်ဆောက်ဖို့အတွက် အကြံဉာဏ်တွေ ရှိနေတာပေါ့"
ထိုလူကြီးက ထပ်မံ၍ ပြုံးလိုက်ပြီး သူ၏ လေသံမှာလည်း ပိုမို၍ ရင်းနှီးကျွမ်းဝင်မှု ရှိလာခဲ့သည်။
"သေချာတာပေါ့... ကျွန်တော်က ကမ္ဘာကြီးကို ဂရုစိုက်တတ်ပြီး နိုင်ငံတော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီထမ်းရွက်ချင်တဲ့ တိုးတက်တဲ့ လူငယ်တစ်ယောက်ပဲ မဟုတ်ဘူးလား"
"စကားကို သေသေချာချာ ပြောစမ်း... အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"
ထိုလူကြီး၏ လေသံမှာ အတော်လေး သက်သောင့်သက်သာ ရှိလှပြီး သူ့ကို မိမိ၏ မျိုးဆက်သစ် လူငယ်တစ်ယောက်ကဲ့သို့ သဘောထားပြီး ဆက်ဆံနေခဲ့သည်။
"မင်းပြောတဲ့ အစီအစဉ်ကို ငါတို့တွေ ထည့်သွင်းစဉ်းစားလို့ ရပါတယ်၊ ဒါပေမဲ့ ဆိပ်ကမ်းဒေသက ဘီတာလုံခြုံရေးကုမ္ပဏီရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်ထဲမှာ ရှိမနေဘူး၊ အတော်လေးလည်း ဝေးလွန်းတယ်"
"အခုလောလောဆယ်တော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့မှာ အချိန်အလုံအလောက်နဲ့ စက်ပစ္စည်းကိရိယာတွေ ရှိနေသရွေ့တော့ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်"
ကျိုးထျန်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ကောင်းပြီ... ဒါဆို မင်း ဘာလိုချင်လဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်"
ဤကောင်လေးသည် အကျိုးအမြတ်မရှိဘဲ မည်သည့်အရာကိုမျှ အလကား လုပ်ဆောင်ပေးမည့်သူ မဟုတ်ကြောင်း ကောင်းကောင်း သိရှိထားပေသည်။
"ကျွန်တော့်ဘက်ကနေ လူတွေကို စီစဉ်ပြီး ဓာတ်ခွဲခန်းကို ဖျက်သိမ်းပေးမယ်၊ လူကြီးမင်းတို့ဘက်ကတော့ သင်္ဘောတွေကို စီစဉ်ပြီး သယ်ထုတ်သွားရုံပါပဲ”
“ ဒါပေမဲ့ သင်္ဘောအလွတ်ကြီးတွေကို စေလွှတ်လိုက်မယ်ဆိုရင်တော့ လောင်စာဆီတွေ ဖြုန်းတီးရာ ရောက်နေမှာ မဟုတ်ဘူးလား၊ ဒါကြောင့်မို့လို့ လမ်းကြုံတုန်းမှာပဲ မီးရှူးမီးပန်းတွေ ဘာတွေ ထည့်ပေးလိုက်ရင်ကော မကောင်းဘူးလား"
ဆန်းတို့စ် လက်ရှိအချိန်တွင် အလိုအပ်ဆုံးအရာမှာ စက်ပစ္စည်းကိရိယာများ၊ အထူးသဖြင့် အရည်အသွေးမြင့် စက်ပစ္စည်းကိရိယာများ ဖြစ်ပေသည်။
"ပြီးတော့ အကယ်၍ ကျွန်တော်တို့တွေ အပန်းဖြေ ရဟတ်ယာဉ်အချို့ကိုပါ ရရှိနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်သွားမှာပါ”
“ ဟေးလုံကျန်းရဲ့ ရှုခင်းတွေက အရမ်းလှတယ်ဆိုတာ လူကြီးမင်းလည်း သိတာပဲ တစ်ကယ်လို့ ကျွန်တော်တို့တွေ ရဟတ်ယာဉ်စီးရင်းနဲ့ မီးရှူးမီးပန်းတွေ ပစ်ဖောက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာပါ"
အခြားတစ်ဖက်မှ လူကြီး၏ မျက်နှာ အနည်းငယ် ပျက်သွားခဲ့ရသည်။
မီးရှူးမီးပန်းများ တောင်းဆိုသည်မှာ တစ်မျိုးဖြစ်သော်လည်း ဤကောင်လေး၏ လောဘမှာ တကယ့်ကို ကြီးမားလှပေသည်၊ ရဟတ်ယာဉ်ကိုပင် တောင်းဆိုရန် ကြံစည်နေခြင်း မဟုတ်ပါလော။
"မင်းရဲ့ တောင်းဆိုချက်ကို ငါတို့တွေ ထည့်သွင်းစဉ်းစားပေးပါ့မယ်"
"ဒါနဲ့... လုံခြုံရေးကုမ္ပဏီက အဲဒီဓာတ်ခွဲခန်းကို ဝယ်ယူဖို့အတွက် အတော်လေး အားစိုက်ခဲ့ရတာပါ၊”
“ ဆက်လက် လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ပိုက်ဆံနည်းနည်း လိုအပ်နေပါသေးတယ်၊ မဟုတ်ရင် ဒီလူတွေအားလုံး ငတ်ပြတ်ကုန်ကြပါလိမ့်မယ်"
"ကဲပါ... လာပြီး ဆင်းရဲကြောင်း ညဉ်းပြမနေနဲ့တော့၊ မင်းဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ငါတို့ အကုန် သိထားပြီးသားပဲ"
"ငါ အထက်ကို ရန်ပုံငွေအတွက် တင်ပြပေးပါ့မယ်၊ မင်းအနေနဲ့ နစ်နာတာမျိုးတော့ သေချာပေါက် မဖြစ်စေရဘူး"
ထိုလူကြီးက ရယ်မောလိုက်ပြီး သူ့ကို အနည်းငယ် ဆူပူကြိမ်းမောင်းလိုက်တော့သည်။
"ပြီးတော့... အဲဒီချောင်မိသားစုက တတိယမြောက်ကောင်လေးနဲ့လည်း အမြဲတမ်း လျှောက်ပြီး ဆော့ကစားမနေနဲ့ဦး၊ မင်းက ဘယ်တော့မှ အတည်အတံ့ မရှိဘူး"
မိမိ၏ မိဘတစ်ဦးကဲ့သို့ ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသည်ကို ကြားလိုက်ရသောအခါ ကျိုးထျန်း၏ စိတ်ထဲတွင် လူကြီးမိဘတစ်ဦးထံမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။
၎င်းတို့၏ အမူအရာကို ကြည့်ရုံမျှဖြင့်ပင် ဤလူကြီးမင်းများ ရှိနေသရွေ့ မိမိအနေဖြင့် မည်သည့် နစ်နာဆုံးရှုံးမှုမျိုးကိုမျှ ခံစားရမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိလိုက်ရသည်။