← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

Chapter 326

အခြားတစ်ဖက်၏ ပြောကြားချက်အရ အခြေအနေများ တည်ငြိမ်သွားပြီး ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ စတင်သည်နှင့်တစ်ပြိုင်နက် ဘီတာလုံခြုံရေးကုမ္ပဏီအနေဖြင့် ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပေသည်။

သို့သော် ဤအမည်ကို တိုက်ရိုက်အသုံးပြု၍မရဘဲ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ အမည်ခံဖြင့်သာ မှတ်ပုံတင်ရမည် ဖြစ်သည်။

ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများမှာ နှစ်အနည်းငယ်မျှ ကြာမြင့်မည်ဖြစ်သော်လည်း ပြီးစီးသွားခဲ့မည်ဆိုပါက ဆန်းတို့စ်အတွက် ရိက္ခာများနှင့် ရန်ပုံငွေများကို အဆက်မပြတ် ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။

အနည်းဆုံး တွက်ချက်မှုများအရ ဤရှယ်ယာ ၂၀ ရာခိုင်နှုန်းသည် တစ်နှစ်လျှင် ယွမ် ၁ ဘီလီယံမှ ၁.၅ ဘီလီယံခန့်အထိ အမြတ်အစွန်းများ ဖန်တီးပေးနိုင်မည် ဖြစ်ပေသည်။

ထို့အပြင် တရားဝင်မှု ရှိစေရန်အတွက် သူသည် ဆိပ်ကမ်းငှားရမ်းခအဖြစ်လည်း တစ်နှစ်လျှင် ယွမ် သန်း ၂၀၀ ကို ရဦးမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဤနေရာမှာ ဟေးလုံကျန်း ဖြစ်ပေရာ ၎င်းတို့အနေဖြင့် ဆိပ်ကမ်းအသုံးပြုခကို မပေးဆောင်ဘဲ နေမည်ဆိုပါက ၎င်းမှာ တကယ့်ကို ကိုလိုနီနယ်မြေတစ်ခုကဲ့သို့ ဖြစ်သွားလိမ့်မည်။

အချို့သော နိုင်ငံများ၏ ဝေဖန်ပုတ်ခတ်မှုများကို ရှောင်ရှားနိုင်ရန်အတွက် ဤပိုက်ဆံကို သေချာပေါက် ပေးဆောင်ရမည် ဖြစ်သည်။

၎င်းအပြင် ဆိပ်ကမ်း စတင်လည်ပတ်သွားခဲ့မည်ဆိုပါက ပြည်တွင်းဖြစ် ထုတ်ကုန်အမြောက်အမြားကိုလည်း ဤဒေသသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။

ဆိပ်ကမ်း တည်ဆောက်ပြီးစီးသွားသည့်အခါ သူ၏ တစ်နှစ်တာ အသားတင်အမြတ်အစွန်းမှာ ယွမ် ၂ ဘီလီယံထက် မနည်းနိုင်ကြောင်း ကျိုးထျန်း အနည်းဆုံး တွက်ချက်မိထားသည်။

ထို့အပြင် ဤဝင်ငွေများသည် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ပိုမို၍ တိုးပွားလာဦးမည် ဖြစ်ရာ သူ ဆိပ်ကမ်းကို ထိန်းချုပ်ထားနိုင်သရွေ့ ဤပိုက်ဆံများကို နေ့စဉ်နှင့်အမျှ ရှာဖွေနိုင်မည် ဖြစ်ပေသည်။

ဤကဲ့သို့ တစ်နှစ်လျှင် ဘီလီယံနှင့်ချီသော ဝင်ငွေများ ရနေခြင်းမှာ အရေးကြီးဆုံးအချက် မဟုတ်ချေ။

အကြီးမားဆုံးသော ရလဒ်မှာ သူသည် နိုင်ငံ၏ ရှေ့သို့လှမ်းချီမည့် ဖြစ်စဉ်ကြီးနှင့် ခိုင်ခိုင်မာမာ ဆက်စပ်သွားခဲ့ခြင်းပင် ဖြစ်ပေသည်။

‘ရုပ်ရှင်ကနေ ဝင်ငွေတွေ စပြီးတော့ ရနေပြီပဲ... ငါ့ကိုယ်ငါ ကောင်းကောင်းမွန်မွန် ဆုချဖို့ အချိန်ရောက်ပြီထင်တယ်’

သူသည် မစ္စတာဟူ ပြောကြားခဲ့ဖူးသည့် ရှန်ဟိုင်းရှိ အိမ်ရာစီမံကိန်းအသစ်တစ်ခုကို သတိရမိသွားခဲ့ပြီး ထိုလူကြီးက သူ့ကို လျှော့ဈေးပေးမည်ဟု ပြောထားခဲ့ဖူးသည်။

ဗီလာမှာ ကောင်းမွန်သော်လည်း အနည်းငယ် အလှမ်းဝေးကွာလွန်းသဖြင့် မြို့လယ်ခေါင်သို့ သွားရောက်ရန်အတွက် အချိန်အတော်လေး ပေးရပေသည်။

မစ္စတာဟူ၏ ရှုကျန်းရုပ်ရှင်ထုတ်လုပ်ရေးနှင့် ရှုကျန်းအိမ်ရာလုပ်ငန်းမှာမူ ကမ္ဘာ့အဆင့် ၅၀၀ ဝင် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ၎င်းတို့၏ အိမ်ရာစီမံကိန်းများအားလုံးမှာ မြို့လယ်ခေါင်တွင် ရှိကြသဖြင့် သူ့အတွက် တကယ့်ကို အဆင်ပြေလှပေသည်။

‘ငါ့ရဲ့ မိဘတွေအတွက် တစ်အိမ်၊ ပြီးတော့ ငါ့အတွက် တစ်အိမ် ဝယ်လိုက်ရင် ကောင်းမလား၊ သူတို့လည်း လူနေမှုဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရမယ့် အသက်အရွယ်ကို ရောက်နေကြပြီပဲ’

သူ ဘယ်လောက်အထိ ပိုက်ဆံတွေ ရှာဖွေနိုင်ခဲ့ကြောင်း မိဘများကို တစ်ခါမျှ မပြောပြဖူးခဲ့ချေ။

အထူးသဖြင့် ဤရက်ပိုင်းအတွင်း ၎င်းတို့ကြားတွင် ဆက်သွယ်မှုပင် ပိုမို၍ နည်းပါးနေခဲ့သည်။

တက္ကသိုလ် စတင်တက်ရောက်ကတည်းက သူသည် အိမ်သို့ ပြန်ခဲသည်။

အိမ်နှင့် ကျောင်းမှာ ကားမောင်းလျှင် မိနစ်အနည်းငယ်မျှသာ ဝေးကွာသော အကွာအဝေးတွင် ရှိသော်လည်း ဖြစ်ပေသည်။

မိဘများ ၎င်းတို့၏ စားသောက်ဆိုင်လေးတွင် နေ့စဉ်နှင့်အမျှ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေကြသည်ကို တွေးတောမိလိုက်သောအခါ သူ၏ စိတ်ထဲတွင် နွေးထွေးမှုများနှင့်အတူ စိတ်မကောင်းခြင်းများပါ ရောပြွမ်း၍ ထွက်ပေါ်လာခဲ့သည်။

‘ငါတို့ အဲဒီအိမ်မှာ နေခဲ့တာ ဆယ်နှစ်ကျော်တောင် ရှိနေပြီပဲ... ပြောင်းလဲဖို့ အချိန်တန်ပါပြီ’

‘ငါ ဝယ်ပေးပြီးတဲ့အခါ သူတို့ လာနေချင်တယ်၊ မနေချင်ဘူးဆိုတာက တစ်ပိုင်းပေါ့... ဝယ်ပေးထားဖို့ကတော့ လိုအပ်တာပဲ’

‘တရုတ်လူမျိုးတစ်ယောက်အနေနဲ့ အိမ်ရာအတော်များများ ပိုင်ဆိုင်ထားတာက ပိုပြီးတော့ စိတ်အေးချမ်းမှုကို ရစေတာပေါ့’

သူ သေသေချာချာ စဉ်းစားပြီးနောက် ရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။

မနေ့တုန်းက သူသည် ခုန်းဖန်နှင့် စကားပြောဆိုထားသည့် အသံဖမ်းဖိုင်ကို မာတုန်းလိုင်ထံ လွှဲပြောင်းပေးအပ်ရန်အတွက် ထိုမစ္စတာနှင့် ချိန်းဆိုမှု ပြုလုပ်ခဲ့သည်။

မီးခံသေတ္တာကို ဖွင့်လိုက်ပြီး မိမိအတွက် အသုံးမဝင်တော့ဟု ထင်ရသည့် သက်သေများကို ထုတ်ယူကာ သက်တော်စောင့်အား ရဲစခန်းသို့ သွားရောက်ပေးခိုင်းလိုက်သည်။

ထို့နောက် သူသည် လျိုမုယန်နှင့်အတူ ကျောင်းတက်ရန် ထွက်ခွာခဲ့တော့သည်။

သို့သော်လည်း တစ်ချိန်တည်းသာ ကျောင်းတက်ပြီးနောက် သူသည် စာသင်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး ရှုကျန်းပင်ကျန်း အရောင်းပြခန်းဆီသို့ ကားမောင်း၍ ထွက်ခွာလာခဲ့တော့သည်။

‘ဒီမစ္စတာဟူကတော့ တကယ့်ကို မဆိုးဘူးပဲ... ဒီလို မြေနေရာမျိုးကိုတောင် ရအောင် စီစဉ်နိုင်တာပဲ’

ဤအိမ်ရာဝန်းမှာ ရှန်ဟိုင်းရှိ မြစ်ကမ်းနားဘေးတွင် တည်ရှိခြင်း ဖြစ်သည်။

၎င်းမှာ အကျော်ကြားဆုံးသော အိမ်ရာဝန်းများကဲ့သို့ အကောင်းဆုံးနေရာမျိုး မဟုတ်သော်လည်း ထိပ်တန်း တည်နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အကောင်းဆုံးသော မြေနေရာများကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက တည်ဆောက်ခဲ့ကြခြင်း ဖြစ်ရာ ယခုအခါတွင် ဤကဲ့သို့သော မြစ်ကမ်းနားဘေး မြေနေရာမျိုးမှာ တဖြည်းဖြည်းနှင့် ရှားပါးလာခဲ့ပြီ ဖြစ်သည်။

လုံခြုံရေးဝန်ထမ်း၏ လမ်းညွှန်ချက်များအတိုင်း သူသည် မြေအောက်ကားပါကင်သို့ တိုက်ရိုက်မောင်းနှင်ခဲ့ပြီး ဓာတ်လှေကားစီးကာ အရောင်းပြခန်းဆီသို့ တက်လှမ်းလာခဲ့သည်။

ဤနေရာသို့ မလာရောက်မီကတည်းက မစ္စတာဟူထံသို့ ဖုန်းဆက်ထားခဲ့ခြင်း ဖြစ်သည်။

ထိုမစ္စတာမှာ ရှန်ဟိုင်းတွင် ရှိမနေခဲ့သော်လည်း ကျိုးထျန်း အိမ်ဝယ်ယူမည့်အကြောင်းကို ကြားသိလိုက်ရသည်နှင့် ချက်ချင်းပင် သူ့အား ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးရန်အတွက် လူများကို စီစဉ်ပေးခဲ့သည်။

သေချာတာပေါ့... သူ ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် မန်နေဂျာတစ်ဦးနှင့်တူသော အမျိုးသားတစ်ဦးက သူ့ကို ပြုံးရွှင်စွာဖြင့် လာရောက်ကြိုဆိုခဲ့သည်။

"မစ္စတာက ကျိုးထျန်း လားခင်ဗျာ"

"ဟုတ်ပါတယ်... ကျွန်တော်ပါပဲ"

"မင်္ဂလာပါခင်ဗျာ... ကျွန်တော်က ဒီက မန်နေဂျာဖြစ်ပါတယ်၊ ကျွန်တော့်ကို ရှောင်ဝမ်လို့ပဲ ခေါ်ဆိုနိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌဟူက ကျွန်တော့်ဆီကို ကြိုတင်ပြီး ဆက်သွယ်ထားပါတယ်”

“VIP အခန်းထဲမှာ ခဏလောက် အနားယူပေးပါခင်ဗျာ၊ ကျွန်တော် မစ္စတာအတွက် အခန်းရဲ့ ပုံစံပြမြေပုံကို သွားရောက်ယူဆောင်ပေးပါ့မယ်"

မိမိထက် အသက် ဆယ်နှစ်ခန့် ပိုမိုကြီးမားလှသော်လည်း မိမိရှေ့တွင် ပြုံးရွှင်နေသည့် မန်နေဂျာကို ကြည့်လျက် ကျိုးထျန်း ပြုံးလိုက်ပြီး သူ၏နောက်သို့ လိုက်ပါကာ သီးသန့်အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

မိန်းကလေးအချို့မှာမူ သူ့အတွက် လက်ဖက်ရည်၊ ရေ၊ သစ်သီးများနှင့် မုန့်အချို့ကို ပြင်ဆင်ပေးရန် အလုပ်ရှုပ်နေခဲ့ကြသည်။

"ရပါပြီ... ကျွန်တော် အဲဒီလောက်အထိ အများကြီး မစားနိုင်ပါဘူး၊ အားလုံးပဲ နားလိုက်ကြပါဦး"

မန်နေဂျာက ချက်ချင်းပင် မျက်ရိပ်ပြလိုက်သဖြင့် သက်ဆိုင်ခြင်းမရှိသည့် ကျန်ရှိသော လူများအားလုံး အခန်းထဲမှ ထွက်ခွာသွားခဲ့ကြတော့သည်။

"မစ္စတာကျိုးခင်ဗျာ... ဥက္ကဋ္ဌဟူက မစ္စတာအတွက် သီးသန့်ချန်ထားတဲ့ အခန်းရဲ့ ပြမြေပုံကို ယူလာပေးဖို့ မှာကြားထားပါတယ်၊ မစ္စတာအနေနဲ့ ဘယ်လောက်အထိ ကျယ်ဝန်းတဲ့ အခန်းမျိုးကို လိုချင်လဲဆိုတာ ကြည့်ရှုပေးပါဦး"

မန်နေဂျာဝမ်သည် ဈေးနှုန်းအကြောင်းကို လုံးဝ ထည့်သွင်းပြောကြားခြင်း မရှိချေ။

သူသည် မိမိတို့၏ ဥက္ကဋ္ဌကြီး၏ မိတ်ဆွေတစ်ဦး ဖြစ်သဖြင့် ပိုက်ဆံချို့တဲ့မည့်သူ မဟုတ်ကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။

"ဒီမှာ အကောင်းဆုံးနဲ့ အဖိုးတန်ဆုံး အခန်းက ဘယ်တစ်ခုလဲ"

မန်နေဂျာက လက်မထောင်ပြလိုက်ရင်း...

"မစ္စတာကျိုးက တကယ့်ကို သူဌေးကြီးတစ်ဦးပါပဲ၊ အရာရာတိုင်းကို အကောင်းဆုံးပဲ လိုချင်တာဆိုတော့ တကယ့်ကို လိုက်ဖက်လှပါတယ်"

ထို့နောက် တိုက်ခန်းအဆောက်အအုံပုံစံ ပါဝင်သည့် ရွှေရောင်စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်သည်။

"ဒါက ဒီမှာ အကောင်းဆုံး တိုက်ခန်းအမျိုးအစား ဖြစ်ပါတယ်၊ ဒီလိုမျိုး အမျိုးအစားက နှစ်ခန်းပဲ ရှိတာပါ၊ ကျန်တဲ့တစ်ခန်းကိုတော့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌဟူရဲ့ မိတ်ဆွေတစ်ဦးက ကြိုတင်ပြီး ယူထားတာ ဖြစ်ပါတယ်"

" စုစုပေါင်း စတုရန်းမီတာ ၇၈၀ ကျယ်ဝန်းပြီး အထပ်နှစ်ထပ် ပါဝင်ပါတယ်၊ ပြီးတော့ မစ္စတာတစ်ဦးတည်းသာ အသုံးပြုနိုင်မယ့် သီးသန့်ဓာတ်လှေကားလည်း ပါပါတယ်၊ အဆောက်အအုံထဲက တခြားလူတွေကတော့ ၎င်းကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး"

"အဆောက်အအုံဝန်းရဲ့ မြောက်ဘက်အစွန်းဆုံးမှာ တည်ရှိပြီး မြစ်နဲ့ အနီးဆုံး ဖြစ်ပါတယ်၊ အပေါ်ဆုံး အထပ်နှစ်ထပ် ဖြစ်ပြီးတော့ အမိုးဖွင့် ဝရန်တာနဲ့ ရေကူးကန်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်"

"အိမ်အကူတွေအတွက် သီးသန့်လမ်းကြောင်းနဲ့ ဓာတ်လှေကား ပါဝင်တဲ့ အခန်းနှစ်ခန်း ရှိနေမှာ ဖြစ်ပါတယ်၊ အိမ်ရှင်ကတော့ မိမိရဲ့ သီးသန့်ဓာတ်လှေကားကို အသုံးပြုနိုင်မှာ ဖြစ်လို့ ဘာနှောင့်ယှက်မှုမျိုးမှ ရှိစေရမှာ မဟုတ်ပါဘူး"

"မြစ်ဘက်ကို မျက်နှာမူထားတဲ့ ဧည့်ခန်းမှာတော့ ၁၅ မီတာ ရှည်လျားပြီး ၅.၉ မီတာ မြင့်မားတဲ့ မှန်ပြတင်းပေါက်ကြီး ပါဝင်နေမှာ ဖြစ်လို့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ရှုခင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်"

"တိုက်ခန်းတစ်ခုလုံးကို အီတလီပရိဘောဂတွေနဲ့ ပြင်ဆင်ပေးထားတာ ဖြစ်လို့ မစ္စတာအနေနဲ့ ချက်ချင်းပင် တက်ရောက်နေထိုင်နိုင်ပါတယ်"

"ကြမ်းပြင်အပူပေးစနစ်၊ ရေ သန့်စင်စနစ်နဲ့ လေထုသန့်စင်စနစ်တွေကတော့ အခြေခံအဆင့် အနေနဲ့တင် ပါဝင်ပြီးသား ဖြစ်ပါတယ်"

ကျိုးထျန်း ပုံစံပြမြေပုံကို ကြည့်ရှုရင်း နားထောင်နေခဲ့သည်။

တိုက်ခန်း၏ ပြင်ဆင်ထားမှုများမှာ သူ ထင်မှတ်ထားသည်ထက်ပင် ပိုမို၍ ကျော်လွန်နေခဲ့သည်။

သူသည် မူလက အကောင်းဆုံး အခန်းဆိုလျှင်ပင် စတုရန်းမီတာ ၃၀၀ ခန့်သာ ရှိမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ဤအခန်းမှာမူ စတုရန်းမီတာ ၈၀၀ ခန့်အထိ ရှိနေခဲ့ပြီး အမိုးဖွင့်ဝရန်တာကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက စုစုပေါင်း ဧရိယာမှာ စတုရန်းမီတာ ၁၀၀၀ ကျော်အထိ သေချာပေါက် ကျော်လွန်သွားမည် ဖြစ်သည်။

ရှန်ဟိုင်းကဲ့သို့သော နေရာမျိုးတွင်ပင် ဤအိမ်မှာ အလွန် တန်သော အိမ်များထဲမှ တစ်ခု ဖြစ်ပေသည်။

သူ မိမိ၏ အိတ်ကပ်ကို ပုတ်ကြည့်လိုက်မိရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။

‘ဟူး... ငါ ဈေးနှုန်းကိုတောင် မမေးရဲတော့ဘူး၊ ငါ ဒီနေ့တော့ အရှက်ကွဲရတော့မှာလား’

‘ဒီလောက်အထိတော့ ဆိုးရွားမှာ မဟုတ်ပါဘူး၊ ငါ့ရဲ့ အကောင့်ထဲမှာ အိမ်ဝယ်ဖို့အတွက် ပိုက်ဆံအလုံအလောက် ရှိနေတာပဲ’

သူ မိမိကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

ယမန်နေ့တုန်းကတင် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးက သူ့ထံသို့ ယွမ် သန်း ၂၀၀ ကျော်ကို စရန်ငွေအဖြစ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ရာ ယနေ့တွင် ဤပိုက်ဆံအားလုံးကို သုံးစွဲပစ်ရတော့မည့်ပုံ ရပေသည်။

"မန်နေဂျာဝမ်... ဒီတိုက်ခန်းရဲ့ တစ်စတုရန်းမီတာ ဈေးနှုန်းက ဘယ်လောက်လဲဗျာ"

မန်နေဂျာက မိမိ၏ မျက်မှန်ကို အနည်းငယ် ပင့်တင်လိုက်ရင်း ပြုံးလျက် မေးမြန်းလိုက်သည်။

"ဥက္ကဋ္ဌဟူက မစ္စတာကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးပေးဖို့ မှာကြားထားပါတယ်၊ ဒါကြောင့်မို့လို့ လျှော့ဈေးပေးပြီးတဲ့နောက်မှာတော့ တစ်စတုရန်းမီတာကို ယွမ် ၁၇၅,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ"

သူ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ရာ စုစုပေါင်း ယွမ် ၁၄၀ သန်းခန့် ကျသင့်မည် ဖြစ်ပေသည်။

"ကဲ... ကျွန်တော့်ကို အခန်းသွားကြည့်ဖို့ ဦးဆောင်ပေးပါဦး"

မန်နေဂျာက သော့များကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ရာ သူ့အား အဆောက်အအုံ နံပါတ် ၈ ဆီသို့ တိုက်ရိုက်ဦးဆောင်ခေါ်လာခဲ့တော့သည်။

အဖိုးတန်ဆုံး အဆောက်အအုံ ဖြစ်သဖြင့် အဆောက်အအုံ နံပါတ်မှာပင် မင်္ဂလာရှိလှသော ဂဏန်း ဖြစ်ပေသည်။

၃၃ ထပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဓာတ်လှေကားတံခါး ပွင့်သွားခဲ့ရာ ဝင်ပေါက်ခန်းမကြီးကို မြင်တွေ့လိုက်ရသည်။

ပြင်ဆင်မွမ်းမံမှု အဆင့်အတန်း တစ်ခုတည်းဖြင့်တင် သူ လက်ရှိအချိန်တွင် နေထိုင်နေသည့် ဗီလာထက်ပင် ပိုမို၍ ခမ်းနားလှပေသည်။

အမှန်စင်စစ် ပေးရသည့် တန်ဖိုးနှင့် ညီမျှသော အရည်အသွေးကို ရရှိခြင်းပင် ဖြစ်ပေသည်။

"ကျွန်တော်တို့ ဒီတိုက်ခန်းအတွက် ပြင်ဆင်မွမ်းမံမှု စံနှုန်းက တစ်စတုရန်းမီတာကို ယွမ် ၅၀,၀၀၀ ဖြစ်ပါတယ်၊ ဒါက ပြည်ပကနေ တင်သွင်းထားတဲ့ ပရိဘောဂတွေရဲ့ တန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါဘူးခင်ဗျာ"

မန်နေဂျာသည် သားရေဆိုဖာကြီး ညစ်ပတ်သွားမည်ကို စိုးရိမ်သဖြင့် အခန်းထဲတွင် ဂရုတစိုက်ဖြင့် လှုပ်ရှားသွားလာနေခဲ့သည်။

ရှန်ဟိုင်းမြို့ကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်မည့် စတုရန်းမီတာ ၁၀၀ နီးပါး ကျယ်ဝန်းလှသော မှန်ပြတင်းပေါက်ကြီး၏ ရှေ့တွင် ရပ်တန့်လိုက်သောအခါ တကယ့်ကို တိမ်တိုက်များပေါ်တွင် ရပ်နေရသကဲ့သို့ ခံစားချက်မျိုးကို ရစေသည်။

ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက်တွင်မူ ပိုက်ဆံသာ အဆင်ပြေခဲ့မည်ဆိုပါက မည်သည့်အရာကိုမျှ ပြစ်တင်ဝေဖန်စရာ မရှိကြောင်း ထင်ရှားလှပေသည်။

အထူးသဖြင့် အမိုးဖွင့်ရေကူးကန်ကြီး ဖြစ်ပြီး ၎င်းမှာ ကောင်းကင်ယံထက်တွင် ကူးခတ်နေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သဖြင့် ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာ ရှားပါးလှပေသည်။

ထိပ်တန်း ဟိုတယ်တစ်ချို့မှတစ်ပါး သီးသန့်လူနေအိမ်များတွင် ဤကဲ့သို့သော စနစ်မျိုး ပါဝင်ခြင်းမှာ တကယ့်ကို ရှားပါးလှပေသည်။

"ကောင်းပါပြီ... ကျွန်တော် ဒီတစ်ခုကို အရမ်း သဘောကျပါတယ်၊ ဒါပေမဲ့ ဒီနေရာအပြင် တခြား ပိုပြီးတော့ သာမန်ကျတဲ့ အခန်းအမျိုးအစားမျိုး ရှိဦးမလားဗျာ၊ ဒီလောက်အထိ မကျယ်ဝန်းတဲ့ အခန်းမျိုးပေါ့"

သူ၏ မိဘများသည် အိမ်အကူတစ်ဦးကို ငှားရမ်းရန် သေချာပေါက် လိုလားကြမည်မဟုတ်ချေ။

ထို့ကြောင့် အခန်းက အလွန်အမင်း ကျယ်ဝန်းနေမည်ဆိုပါက သန့်ရှင်းရေးလုပ်ရန်အတွက် ခက်ခဲလိမ့်မည်။

"ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ... ကျွန်တော်တို့ဆီမှာ ပိုပြီးတော့ သေးငယ်တဲ့ တိုက်ခန်းအမျိုးအစား ရှိပါသေးတယ်၊ စတုရန်းမီတာ ၃၂၀ ကျယ်ဝန်းပါတယ်ခင်ဗျာ"

ကျိုးထျန်း စိတ်ထဲတွင် ကျိန်ဆဲလိုက်မိတော့သည်။

‘စတုရန်းမီတာ ၃၂၀ ကျယ်ဝန်းတဲ့ အခန်းကို ဘယ်သူကများ သေးငယ်တဲ့ တိုက်ခန်းလို့ သတ်မှတ်မှာလဲ’

All Chapters